← Chapters

အခန်း (၃၉၀)

Vol. 26 Ch. 390

အခန်း (၃၉၀)

Vol. 26 Ch. 390

ရှန်းချီနန်က အပြုံးနှင့် ထိုအဖြူဝတ်မိန်းမပျိုကို ခန်းမကြီးထဲသို့ တလေးတစား ဦးဆောင်ခေါ်သွားခဲ့သည်။ အဖြူဝတ်မိန်းမပျိုက လှပစွာ လျှောက်လှမ်းနေသည်မှာ လေထဲတွင် ပျံသန်းနေသော ဇင်ယော်ငှက်လေး တစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။

သူမ၏ အလှတရားများက နောက်ကျောဘက်မှ ကြည့်နေလျှင်ပင် ထက်မြက်ပြီး ထူးခြားသော အငွေ့အသက်များ ပိုင်ဆိုင်ထားသည်။ ထိုအရာက လူတိုင်း၏ နှလုံးသားကို သိမ်းသွင်းနိုင်၏။

သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲသို့ လျှောက်သွားသည်ကို ကြည့်ပြီး မုန့်ချီက ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။ သို့သော် အဖြူဝတ် မိန်းမပျိုကို လုံးဝ စဉ်းစား၍ မရပေ။ သူမက သူနှင့် အသိအကျွမ်း ဖြစ်ဖူးပုံမရဘဲ တစ်ကြိမ်တစ်ခါခန့်သာ တွေ့ဖူးပုံရသည်။

မည်သို့ဖြစ်စေကာမူ သူမက အလွန်အန္တရာယ်များပြီး ရှန်းမိသားစုက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေသည်။ သူက စဉ်းစားမနေတော့ဘဲ ရှန်းမိသားစု ပညာရှင်များက ခြံအနောက်ဘက်၌ စုစည်းနေသည်ကို အခွင့်ကောင်းယူပြီး သခင်မလေးရှန်းကို ရှာဖွေရန် စဉ်းစားလိုက်၏။

လမင်းကြီးက ကြည်လင်တောက်ပနေပြီး ကြယ်များက ပြန့်ကျဲနေသည်။ သစ်ပင်များပေါ်သို့ ကျဆင်းနေသော ငွေရောင်အလင်းတန်းများက ကန့်လန့်ကာကြီး တစ်ခုကဲ့သို့ ထင်မှတ်ရ၏။

မုန့်ချီကတော့ အဆောက်အဦးများ၏ အမိုးအောက်မှနေ၍ လျှောက်သွားနေခဲ့သည်။ သူ၏အရိပ်က မထင်မရှား ဖြစ်နေသည့်အတွက် ကင်းလှည့်သည့် အဖွဲ့များကပင် သူ့ကို လုံးဝ သတိမထားမိကြပေ။

ခဏကြာပြီးနောက် မုန့်ချီက ခြံအနောက်ဘက်သို့ ခိုးဝင်နိုင်ခဲ့ပြီး သခင်မလေးရှန်း၏ တည်နေရာကို စုံစမ်းရန် တစ်ယောက်တည်း ဖြစ်နေသော အစေခံ သို့မဟုတ် အစောင့်ကို ရှာဖွေလိုက်သည်။

ခဏကြာပြီးနောက် အလွန်လှပသော အစေခံမလေး တစ်ယောက်က စားစရာ သေတ္တာတစ်ခုကို သယ်ပြီး စံအိမ်ထဲမှ ထွက်လာခဲ့သည်။ သူမက ခြံအနောက်ဘက်ဆီသို့ လျှောက်သွားခဲ့၏။

ညအချိန် အလွန်နောက်ကျနေသည့်အတွက် မမြင်ရသောနေရာမှ တစ္ဆေသရဲများ ရောက်လာမှာကို သူမက စိုးရိမ်နေခဲ့သည်။ သူမ၏ ပုံစံက အလွန်ကြောက်လန့်နေပုံရပြီး ခန္ဓာကိုယ်က တုန်ယင်နေခဲ့၏။ သူမက တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီး ကောင်းကင်ဘိုးဘေးနှင့်ဗုဒ္ဓများကို ကူညီပေးရန် တောင်းဆိုနေသည်။

ထိုအချိန်တွင် သူမ၏ရှေ့၌ လူတစ်ယောက် ပေါ်လာသည့်အတွက် မျက်လုံးပြူးသွားခဲ့၏။ ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အင်္ကျီအနောက်ဘက်တွင် လက်နက်တချို့ကို ဖုံးကွယ်ထားပုံရသည်။ သူ၏ မျက်နှာကိုတော့ သာမန်တာအိုကျောင်းဆောင်များတွင်တွေ့ရသော ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ‌

အစေခံက အော်လိုက်မိပြီး သူမ၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်လာ၏။ သူမက အကြိမ်ပေါင်းများစွာ သတိလစ်သွားလုမတတ် ဖြစ်သွားခဲ့သော်လည်း သူမက အော်တော့မည့် အချိန်တွင် သူမ၏ မျက်စိရှေ့တွင် အလွန်လေးနက်သော မျက်လုံးတစ်စုံ ပေါ်လာခဲ့သည်။

တောက်ပသော လမင်းကြီးနှင့် လေတိုက်ခတ်နေသော စြင်္ကံလမ်းက ပျောက်ကွယ်သွားခဲ့၏။ သူမကတော့ အလွန်လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် မျက်လုံးကြီးတစ်စုံကိုသာ မြင်နေရသည်။ ထိုအရာက သူမ၏ အကြောက်တရားများကို ဖယ်ရှားပေးလိုက်ပြီး နွေးထွေးတည်ငြိမ်လာစေ၏။ သူမက မိခင်၏ ရင်ခွင်ထဲကို ပြန်ရောက်သွားသလို ထင်မှတ်ရသည်။

"သခင်မလေး ရှန်းက ဘယ်မှာနေလဲ သိလား … "

မုန့်ချီက လေးနက်စွာ မေးလိုက်သည်။

အစေခံမလေးက ထိတ်လန့်ကြောက်ရွံ့စွာ ပြန်ဖြေလိုက်၏။

"သခင်မလေး ရှန်းလား …။ သူက အနောက်ဘက်မှာ ရှိတဲ့ လမင်းစံအိမ်မှာနေပါတယ်။ အတည့်အတိုင်းသွားပြီး ဘယ်ဘက်ကို ချိုးလိုက်မယ်ဆိုရင် အဲဒီဘက်ကို ရောက်နိုင်တယ်…"

"တော်တယ် … "

မုန့်ချီက သူမ၏အဖြေကို ချီးကျူးလိုက်ပြီး ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်တွင် အစေခံမလေးက ရုတ်တရက် စတင်ငိုကြွေးလာပြီး သူမ၏ မျက်နှာပေါ်မှနေ၍ မျက်ရည်စက်များ စီးကျလာခဲ့၏။ နောက်ဆုံးတွင်တော့ သူမက အားကိုးစရာ တစ်စုံတစ်ယောက် ရှိသွားပုံရသည်။

"ကျေး … ကျေးဇူးပြီး ကျွန်မကို ကူညီပေးပါ။ ကျွန်မ မသေချင်သေးဘူး။ ကျွန်မက အသတ်မခံရချင်ဘူး…"

"မင်းက ဘာလို့ အသတ်ခံရမှာလဲ…"

မုန့်ချီက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။ ရှန်းမိသားစုက အစေခံများ၏ အသက်ကို စိတ်မဝင်စားဘဲ လူကုန်ကူးပြီး သူတို့စိတ်ကြိုက် သတ်ပစ်နေခြင်းပေလော။

"ကျွန်… ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ ကျွန်မရဲ့အဖော်တွေ အများကြီးက တိတ်တဆိတ် ပျောက်ကွယ်သွားကြတယ်။ သခင်ကြီးက ရှိုယောင်ရဲ့ လည်ပင်းကို ညှစ်ပြီး သတ်လိုက်တာကို ကျွန်မက တိတ်တဆိတ် မြင်ခဲ့ရတယ်…"

အ‌စေခံမလေးက ငိုယိုပြီး ပြောနေသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း ကြောက်ရွံ့ထိတ်လန့်နေခဲ့၏။

“ဒါဆိုရင် သူ တစ်ချိန်လုံးကြောက်နေတာက သရဲတစ္ဆေတွေ မဟုတ်ဘဲ ရှန်းမိသားစုရဲ့ သခင်ကြီးတွေ ဖြစ်နေတာပဲ။ ရှန်းမိသားစုက ဒီလောက်တောင် ကြောက်စရာကောင်းတာလား…”

မုန့်ချီက သူ့အတွေးကို ပြောင်းလဲလိုက်ပြီး အစေခံမလေးပေါ်တွင် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကို သုံးလိုက်သည်။ သူ၏ အရှိန်အဝါက မိုးကောင်းကင်သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်လာပြီး သူက လူသားရေးရာ ပြောင်းလဲမှုများစွာကို စောင့်ကြည့်နေသလို ထင်မှတ်ရ၏။

အစေခံမလေး၏ စိတ်ထဲတွင် မှေးမှိန်သွားပြီး သာမန်လူတစ်ယောက်ကဲ့သို့ မှတ်ဉာဏ်အပိုင်းအစများစွာ ပေါ်လာခဲ့သည်။ ထိုအချိန်တွင် ထူးခြားပြီး မေ့ပျောက်၍ မရနိုင်သော မှတ်ဉာဏ်အများစုက မုန့်ချီ၏ မျက်လုံးထဲတွင် ပေါ်လာရ၏။

သူမက ကျေးလက်မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး ချို့တဲ့စွာ ကြီးပြင်းခဲ့ရသည်။ သူမက ကလေးဘဝကတည်းက မိဘများ၏အလုပ်တွင် ကူညီပေးခဲ့ရ၏။ သူမက မီးအိမ်များနှင့် အလှဆင်ထားသော မြို့ထဲသို့ ရောက်လာသည့်အချိန်တွင် မိသားစု ညီအစ်ကို မောင်နှမများနှင့် လူကွဲသွားခဲ့သည်။ ထို့နောက် အတင်းအကြပ် ခေါ်သွားခံခဲ့ရ၏။ အိမ်ခြေရာမဲ့တစ်ယောက်၏ ဘဝမျိုးနှင့် အသက်ရှင် နေထိုင်ခဲ့ရပြီးနောက် သူမက တည်ငြိမ်မှုကို ရှာတွေ့သွားခဲ့ပြီး ရှန်းမိသားစုထဲသို့ ဝင်ရောက်ခဲ့သည်။

ပြတင်းပေါက်က တစ်ဝက် ပွင့်နေပြီး အထဲမှနေ၍ သွေးညှီနံ့များ ထွက်လာနေ၏။ သူမကတော့ ကြောက်ရွံ့နေသော်လည်း အကူအညီတောင်းရန် သခင်ကြီးကို ချက်ချင်း ခေါ်နိုင်ကြောင်း စဉ်းစားမိသည့်အတွက် ခိုးကြည့်ရန် ဆုံးဖြတ်လိုက်၏။

ခုံပေါ်မှနေ၍ လက်တစ်ဖက် တွဲကျနေပြီး အသားစများ ၊ အရိုးများက ကြမ်းပြင်ပေါ်တွင် အလွှာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ရှိုယောင်၏ ခေါင်းပြတ်ကြီးကတော့ စားပွဲပေါ်တွင် ရှိနေ၏။ သခင်ကြီးက အစေခံကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် အသွေးအသားစများ ပြည့်နှက်နေခဲ့၏။ မျက်နှာပေါ်မှ သွေးများ စီးကျလာနေခဲ့သည်။

အစေခံမလေးက မျက်လုံးကို လက်နှင့်ပွတ်ပြီး ထိုင်ချလိုက်မိ၏။ ထိုမြင်ကွင်းက သူမ၏ ရင်ထဲတွင် အိပ်မက်ဆိုးကြီးတစ်ခုသဖွယ် ဖြစ်နေ၏။

“ရှန်းမိသားစုရဲ့သခင်ကြီးက သွေးအေးလူသတ်သမားတစ်ယောက်လား..”

အမှန်တရားက တစ်ချိန်လုံး လွဲချော်နေကြောင်း မုန့်ချီကတော့ ခံစားမိလိုက်သည်။ သူက လူကုန်ကူးမှုကိုလည်း အလွန်မုန်းတီး၏။ ထိုသခင်ကြီး၏ ကောက်ကျစ်မှုကို ပေါင်းလိုက်မည်ဆိုလျှင် သူက ဤကိစ္စကို ဖြေရှင်းရန်အတွက် ယပ်တောင်(၆)လက်ကျောင်းကို သတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။

ရှန်းမိသားစုက မြို့ငယ်လေးတစ်ခုထဲတွင် တည်ရှိနေသည့်အတွက် သူတို့၏ အဖွဲ့သားများက မည်သည့်အရာမျှ မလုပ်နိုင်ပေ။ သူကတော့ ဖြစ်နိုင်လျှင် တခြားလူများဆီမှ သက်သေများ ပို၍ လိုချင်နေ၏။

ရှန်းမိသားစုထဲတွင် လျှို့ဝှက်ချက် မြောက်များစွာ ရှိနေသည်။ ထို့ကြောင့် သူသာ အလျင်စလို လှုပ်ရှားလိုက်မည်ဆိုလျှင် သူ့အတွက် အကျိုးမရှိနိုင်ပေ။ သူမ၏ ခေါင်းထဲသို့ ပို့ထားသော ဝိညာဉ်စွမ်းအားကို ပြန်ထုတ်လိုက်ပြီးနောက် မုန့်ချီက လမင်းစံအိမ်ရှိနေသော ဥယျာဉ်ထဲသို့ လျင်မြန်စွာ ‌ဝင်သွားခဲ့သည်။

အေးစက်သော လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး အစေခံမလေးက သတိပြန်ဝင်လာခဲ့၏။ သူမ၏ ခေါင်းထဲတွင် ထုံကျင်နေပြီး အနားမယူရသေးသလို ခံစားနေရသည်။

"ငါ့ရဲ့ဆုတောင်းက အလုပ်ဖြစ်ခဲ့တာလား။ အဲဒါက ကောင်းကင်ဘိုးဘေး ထင်တယ်.."

အစေခံမလေးက ရှုပ်ထွေးနေပုံရ၏။ သူမက လင်ဗန်းကို သယ်ဆောင်ပြီး ညာဘက်သို့ ချိုးလာခဲ့သည်။ သူမကတော့ ကောင်းကင်ဘိုးဘေးများ ရောက်လာရန် ဆက်လက်ဆုတောင်းနေသေးပြီး ယခုတစ်ကြိမ်တော့ အလျင်စလို မလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

လမင်းစံအိမ်ထဲတွင်တော့ ကြေးနီအိုးလေးများထဲတွင် အနီရောင်မီးသွေးများ ရှိနေသည့်အတွက် တစ်ခန်းလုံးက နွေရာသီအလား နွေးထွေးနေခဲ့သည်။ အပြင်ဘက်တွင် အေးစက်သော လေလှိုင်းများက ရေခဲတောင်တစ်ခုသဖွယ် ဖြစ်နေ၏။

မိန်းမပျိုတစ်ယောက်ကတော့ မေးထောက်ထားပြီး ထိုင်ခုံတစ်ခုံတွင် ထိုင်နေခဲ့သည်။ သူမကတော့ ပျော်ရွှင်စရာ မှတ်ဉာဏ်များကို စဉ်းစားမိနေသည့်အလား ပြုံးနေခဲ့၏။ သူမက မိတ်ကပ်များ မသုံးသော်လည်း အလွန်လှပပြီး ကျက်သရေရှိနေသေးသည်။

သူမ၏ဆံနွယ်များကို လက်ထပ်ထားသော မိန်းမပျိုတစ်ယောက်ကဲ့သို့ ထုံးထားသည့် အတွက် ရင့်ကျက်တည်ငြိမ်မှုကို ပြသနေ၏။ သူမ၏အဝတ်အစားများက သိပ်သည်းမှု မရှိသော်လည်း ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးဖြစ်သည်။ အလွန်ဖြူဖွေးနူးညံ့သော အသားအရည်ပေါ်နေသည့်အတွက် သူမက အလွန်ဆွဲဆောင်မှုရှိ၏။

ရုတ်တရက် ဆိုသလို သူမ၏ စိတ်ဝိညာဉ်က လှုပ်ရှားသွားခဲ့၏။ သူမက မှန်ထဲ၌ ကြည့်နေသည့်အချိန်တွင် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးဝတ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။

သူ၏ အရှိန်အဝါက ကြောက်စရာကောင်းသည်။ ရိုးရှင်းပြီး ခန့်မှန်း၍ မရနိုင်ပေ။ လှည့်စားမှုများစွာ ပြည့်နှက်နေ၏။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသည်။

"မင်းက မအော်တာ ပိုပြီးကောင်းမယ်…"

သူမက အကူအညီ တောင်းရန် အော်တော့မည့်အချိန်တွင် အေးစက်သော အသံကိုကြားလိုက်ရ၏။ သူမ၏ နောက်တွင် ရှိနေသော ထိုလူ၏အရှိန်အဝါနှင့် စွမ်းအားကို ခံစားမိသည့်အခါ သူမက ကောင်းကင်ဘိုးဘေး မျက်နှာဖုံးနှင့် ပတ်သက်သော ကောလာဟလများကို သတိရသွားပုံပေါ်သည်။

ထိုမိန်းမပျိုက မုန့်ချီနှင့်ပူးပေါင်းရန် ရွေးချယ်လိုက်ပြီး အကူအညီခေါ်ခြင်း မရှိသလို တခြားလူများနားလည်မှု လွဲစေသည့် အလုပ်မျိုးကိုလည်း မလုပ်တော့ပေ။

"ရှန်းမိသားစုရဲ့ ဒုတိယသခင်မလေးက စေ့စပ်ပွဲကို ဖျက်ဆီးလိုက်ပြီး အပျိုစင်ဘဝနဲ့ တစ်ယောက်တည်း နေတယ်လို့ကြားထားတယ်။ ဒါပေမဲ့ မင်းနဲ့မတွေ့ရခင် အချိန်အထိ ကမ္ဘာကြီးထဲမှာ သတင်းအမှားတွေ ပြန့်နေတယ်ဆိုတာ နားမလည်ခဲ့ဘူး။ ကြည့်ရတာတော့ မင်းက လက်ထပ်ပြီး ချစ်ခြင်းမေတ္တာတွေ အများကြီးရထားတာပဲ.."

ကောင်းကင်ဘိုးဘေး မုန့်ချီက သူမကို စုံစမ်းနေခြင်း မဟုတ်ဘဲ သူမနှင့်တိုက်ရိုက် စကားပြောနေသလို ထင်မှတ်ရ၏။

သူ့ရှေ့တွင် ရှိနေသော မိန်းမပျိုက ရှန်းမိသား၏ ဒုတိယသခင်မလေး ရှန်းလောရွှမ်ဖြစ်သည်။ သူမ၏အဆင့်အတန်းက လုကျန်း၏ အချက်အလက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ သူမက လက်ထပ်ထားသော မိန်းမပျိုတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် အလွန်ကျေနပ်နေပုံရသည်။ သူမဆီတွင် ချစ်သူတစ်ယောက်ရှိခဲ့ခြင်းပေလော။

မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်နေသည့်အချိန်တွင် ရှန်းလောရွှမ်က ဒေါသတကြီး ပြောလိုက်၏။

"ကျွန်မရဲ့မိသားစုကိစ္စနဲ့ပတ်သက်ပြီး ဘာလို့ ရှင့်ကို ပြောပြရမှာလဲ။ ကျွန်မမှာ ချစ်သူ တစ်ယောက်ရှိတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ ရှင်က ကျားမိသားစုရဲ့ ကိုယ်စား မေးနေတာလား။ သူတို့က တော်တော်လေး မကျေမနပ်ဖြစ်နေတယ်ဆိုတာကို ကျွန်မ သိတယ်…"

ရှန်းလောရွှမ်က နှာခေါင်းရှုံ့လိုက်၏။

"အဲဒီအချိန်ကတည်းက ကျွန်မမှာ ချစ်သူတစ်ယောက် ရှိခဲ့တယ်။ ကျွန်မတို့က တကယ်ပဲ ချစ်ခဲ့ကြတာ။ ကျွန်မတို့ရဲ့အချစ်တွေက သေအတူ ရှင်မကွာပဲ။ ဒါကြောင့် ကျွန်မက ကျားမိသားစုရဲ့ သခင်လေးကို မကြိုက်ဘူး။ ဒါပေမဲ့ အခုတော့ သူ သေသွားတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ကျွန်မကလည်း နာကျင်မှုကနေ ရုန်းထွက်ပြီး ဘဝကို အသစ်ပြန်စနေရတာ…”

သူမ၏ စကားလုံးများကြောင့် လက်ရှိချစ်သူက ယခင်ချစ်သူ မဟုတ်ကြောင်း ငြန်းဆန်နေခြင်းဖြစ်သည်။ ရှန်းလောရွှမ်က စကားပြောနေစဉ် အောက်နှုတ်ခမ်းကို ကိုက်ထားမိ၏။ သူမက အနည်းငယ် စိုးရိမ်နေပုံရသည်။

ထိုတုံ့ပြန်မှုကိုကြည့်ပြီး မုန့်ချီက ပြောလိုက်၏။

"ငါ နားလည်ပါတယ်။ ကျင်းလီက မင်းရဲ့အရင်ချစ်သူ မဟုတ်လား…"

သူ၏ လေသံက ပေါ့ပါးသော်လည်း မိုးခြိမ်းသံပမာဖြစ်သည်။ ရှန်းလောရွှမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခါးသက်သော ချစ်ခြင်းတရားကြောင့်ဖြစ်သည်။

သူမက အံ့ဩစွာ မေးလိုက်၏။

"ရှင်က အဲဒါကို ဘယ်လိုသိတာလဲ.."

"ငါ့ကို ကျင်းမိသားစုဝင် တစ်ယောက်က သူ့ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖော်ထုတ်ခိုင်းလိုက်လို့ ရောက်လာတာ…"

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူ၏ စိတ်ဝိညာဉ်ကတော့ အခန်းတစ်ခုလုံးကို လှည့်ပတ်စစ်ဆေးနေခဲ့၏။ ထိုကိစ္စက အနည်းငယ် ထူးဆန်းနေသည်။

ရှန်းလောရွှမ်က အနည်းငယ် စိတ်အေးသွားပြီး ပြောလိုက်၏။

"သူက ကျွန်မရဲ့ဦးလေး (၃)နဲ့အတူ သေသွားခဲ့တာ.."

"အတူတူ သေသွားတာဟုတ်လား … "

မုန့်ချီက မေးလိုက်သည်။

ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ကြည့်ပြီး ရှန်းလောရွှမ်က ခါးသီးစွာ ရယ်လိုက်၏။

"ကျွန်မတို့ မိသားစုဝင်တွေက ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို လက်မခံဘူးလေ။ သူက ကျွန်မကို ခိုးပြေးဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဦးလေး (၃)က တားဆီးခဲ့တယ်။ ပြီးတော့ သူတို့တွေက အချင်းချင်း တိုက်ခိုက်ပြီး တိုက်ပွဲထဲမှာ နှစ်ယောက်လုံး သေသွားခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ မအောင်မြင်ခဲ့တဲ့အတွက် ဒီအခန်းထဲမှာ (၃)နှစ်တိတိ ငူငူကြီး ထိုင်နေခဲ့ရတယ်။ မကြာသေးခင်ကမှ နာကျင်မှုကနေ သက်သာလာ‌ခဲ့တာ…"

“ရှန်းလောရွှမ်ရဲ့ ဦးလေး (၃)လား…”

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“လုကျန်းရဲ့အချက်အလက်တွေထဲမှာ အဲဒီလူအကြောင်း ပြောထားတာ မရှိဘူး။ သူက အဲဒီလူတွေထဲမှာ လျှို့ဝှက်ပညာရှင် တစ်ယောက်လား။ သူက လူသားနဲ့ကောင်းကင် ဆက်သွယ်မှုအဆင့်မှာ ရှိနေတဲ့ ကျင်းလီနဲ့ အတူတူ သေသွားခဲ့တာလား..”

သူက ထပ်မမေးရသေးခင် ရှန်းလောရွှမ်က ဆက်ပြောလိုက်သည်။

"ကျင်းမိသားစုက လော့ရန်မှာ လွှမ်းမိုးမှု အရမ်းကြီးတယ်။ ဒီကိစ္စကြောင့် ကျွန်မတို့က ပြဿနာတက်မှာ စိုးရိမ်နေတဲ့အတွက် ကျွန်မအဖေက ကြောက်လန့်နေတာ။ ဒါကြောင့် အလောင်းကို ကျွန်မတို့ မိသားစုရဲ့ ရန်သူဖြစ်တဲ့ ချန်းမိသားစု တံခါးအရှေ့မှာ သွားထားခဲ့တယ်။ နောက်တစ်နေ့ကျရင် ချန်းမိသားစုက လူသတ်တရားခံဖြစ်ကြောင်း ယပ်တောင် (၆)လက်ကျောင်းကို သတင်းပို့ဖို့ ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ ချန်းမိသားစုက သတိထားနေတဲ့အတွက် သူ့အလောင်းကို ကျွန်မတို့ မရှာနိုင်တဲ့ နေရာမှာ မြှုပ်ထားလိုက်တယ်…"

ထိုအကြောင်းကို ပြောနေသည့်အချိန်တွင် သူမဆီ၌ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု မရှိသလို ခံစားလိုက်ရသည်။ သူမ၏ခံစားချက် လှုပ်ရှားမှုလည်း မရှိချေ။

"ကြည့်ရတာ မင်းက (၃)နှစ်အတွင်း ကျင်းလီကို မေ့သွားပြီလို့ ထင်တာပဲ…"

သူမက ကောင်းကင်ဘိုးဘေး၏ ခံစားချက် ကင်းမဲ့သော အသံကို ကြားလိုက်ရသည်။

"ကျွန်မက ဒီနေရာမှာ (၃)နှစ်လုံးလုံး ဝမ်းနည်းပူဆွေးနေခဲ့ရတယ်။ ကျွန်မက အနာဂတ်မှာ တစ်ယောက်တည်း ဆက်ပြီး ရှင်သန်ဖို့ကြိုးစားရဦးမယ်။ ကျွန်မက အစာစားနိုင်ဖို့တောင် တော်တော်လေး အချိန်ယူရဦးမယ်…"

ရှန်းလောရွှမ်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် အမူအရာနှင့် ပြောလိုက်သည်။

မုန့်ချီက ထပ်ပြောလိုက်၏။

"ငါ့အမြင်အရ ပြောရမယ်ဆိုရင် မင်းက အဲဒီလို နေစရာမလိုပါဘူး။ မင်းက ဝမ်းမြောက်ဝမ်းသာ နေနိုင်မယ်လို့လဲ မထင်ဘူး…"

"ဘာလို့လဲ … "

ရှန်းလောရွှမ်က မျက်မှောင်ကြုတ်လိုက်မိပြီး သူမ၏ ရှေ့တွင် ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့်လူကို ကြည့်နေခဲ့သည်။

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းဆီမှာ တံခါး (၇)ပေါက် ၊ တံခါး (၈)ပေါက်အဆင့် စွမ်းအားမျိုး ရှိတယ်။ ပြီးတော့ အတွင်းဒဏ်ရာရထားတာလည်း မရှိဘူး။ ဒါပေမဲ့ ဘာလို့ အခန်းထဲမှာ မီးသွေးမီးဖိုတွေ အများကြီး ရှိနေရတာလဲ… "

သူမလို အဆင့်မျိုးတွင် သိုင်းပညာ လေ့ကျင့်ထားသူတစ်ယောက်က အအေးဓာတ်မကို ပူနေစရာ မလိုအပ်ပေ။ မီးသွေးမီးဖိုတစ်ဖိုနဲ့ပင် အခန်းထဲတွင် လုံလောက်သည်။ နေရာတိုင်းတွင် ချထားရန် မလိုအပ်ချေ။ ယခုတော့ တစ်စုံတစ်ယောက်က အအေးမိမှာကို စိုးရိမ်နေသလို ထင်မှတ်ရ၏။

ရှန်းလောရွှမ်၏ မျက်နှာ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမက ရုတ်တရက် မတ်တပ်ရပ်ပြီး ပြောလိုက်၏။

"ရှင်က ဘာကိုဆိုလိုချင်တာလဲ… "

ကောင်းကင်ဘိုးဘေးက လက်ကို မြှောက်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ လက်ဝါးနှင့် ရိုက်ထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။ လေလှိုင်းများက ဖိနှိပ်သွားခဲ့ပြီး အလွန်ပြင်းထန်သော လေလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုအချိန်တွင် အပြင်ဘက်နှင့် အတွင်းဘက်ကို ကာကွယ်ထားသော မျက်နှာပြင်က လေတိုက်ခတ်မှုကြောင့် ပေါက်ကွဲသွားခဲ့ပြီး အတွင်းထဲတွင် ရှိနေသော အိပ်ရာကြီး ပေါ်လာခဲ့သည်။ အိပ်ရာပေါ်တွင်တော့ အိပ်စက်နေသော ကလေးငယ်လေး တစ်ယောက် ရှိနေပြီး အသက် (၇)လ ၊ (၈)လခန့် အရွယ်ရှိသည်။

ထိုကလေးငယ်၏ မျက်နှာလေးက နီရဲပြီး ချစ်စရာကောင်း၏။ ကြည့်ရသည်မှာ ခြုံထားသော စောင်ကလည်း ပြင်ပမှ ရောက်လာသော စိတ်ဝိညာဉ်စွမ်းအားများကို ဖြတ်တောက်နိုင်ပြီး သိသိသာသာ အားနည်းသွားစေနိုင်သော အထူးပစ္စည်းနှင့် ဖန်တီးထားပုံ၏။

"ကျွန် …ကျွန်မ …"

ရှန်းလောရွှမ်က တုန်လှုပ်သွားပုံရသည်။

"ကျွန်မက သူနဲ့ရထားတဲ့ သားတစ်ယောက်ကို လိုချင်ရုံပါပဲ…"

"အဲဒါ အမှန်ပဲလား … "

မုန့်ချီကတော့ အလွန်သေချာနေပုံရပြီး သူ၏ ဘယ်လက်ထဲတွင် ရှိနေသော ‌သွေးနီရောင် ပုလင်းလုံးလေးကို ဖျက်ဆီးလိုက်သည်။ အနီရောင်အလင်းတန်းများက ဖြတ်ကျော်သွားခဲ့ပြီး ကလေးငယ်ကို လွှမ်းခြုံသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ အနီရောင်အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။

"တကယ့်ကို ကျင်းမိသားစုရဲ့ မျိုးဆက်ပဲ။ မိန်းကလေးရှန်း … မင်းက ဒီအတောအတွင်းမှာ တော်တော်လေး သိုသိုသိပ်သိပ်နေခဲ့ရတာပဲ…"

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ သရုပ်ဆောင်ပညာက လုံလောက်အောင် အစွမ်းမထက်သေးပေ။ သေခြင်းတရားကို ရွေးချယ်လိုက်သော ချစ်သူတစ်ယောက်ကို မေ့ပစ်ရန် ခက်ခဲသည်။ အကယ်၍ သူမက နာကျင်မှုမှ လွတ်မြောက်နိုင်မည်ဆိုလျှင်ပင် ချစ်သူတစ်ယောက်ကို ရှာဖွေရမည့်အစား လက်ထပ်လိုက်မည်ဆိုလျှင် မိသားစုက လက်ခံနိုင်သေးသည်။

သူ့စကား မဆုံးသေးခင် ထုတ်တန်းပေါ်မှ လူတစ်ယောက် ခုန်ဆင်းလာခဲ့၏။ သူ၏ ခန္ဓာကိုယ်က လေထဲတွင် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လက်နှစ်ဖက်ကလည်း လေထဲတွင် လေပွေလှိုင်းများအဖြစ် ပြောင်းလဲသွား၏။ ထိုအရာက အလွန်အမင်းကို ကြောက်စရာကောင်းသည်။ ထို့နောက် သူက လေပွေလှိုင်းတစ်ခုကဲ့သို့ မုန့်ချီ၏ ဝင်လမ်း ထွက်လမ်းကို ပိတ်‌ဆို့ထားလိုက်၏။

“ဝေ့ကျင်းတစ်ဝက်အဆင့် …”

သူ့ကို တိုက်ခိုက်သူ၏ ပါးရိုးနှစ်ဖက်က ကြီးမားပြီး သူ၏ညာမျက်ခုံးအောက်တွင် အနက်ရောင်မှဲ့တစ်လုံးရှိသည်။ သူက အမှန်တကယ်ကို ကျင်းလီဖြစ်၏။

မုန့်ချီကတော့ အလစ်ချောင်းတိုက်ခိုက်မှုကို ကြိုတင်တွက်ချက်ထားပုံရသည်။ သူက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ လက်ဆယ်ချောင်းက ပန်းပွင့်များကဲ့သို့ ပြောင်းလဲသွား၏။ သူ့စွမ်းအားနှင့် သွက်လက်ဖျတ်လတ်မှုကိုလည်း တွေ့မြင်နေရသည်။

တိုက်ခိုက်သူ၏ မျက်လုံးထဲတွင်တော့ ကောင်းကင်ဘိုးဘေး၏အစွမ်းက နှိုင်းယှဉ်၍ မရနိုင်ဘဲ ကမ္ဘာမြေကြီးကဲ့သို့ ခိုင်မြဲပုံရလေသည်။

Translated by Hein Htet

All Chapters