← Chapters

အခန်း (၃၉၁)

Vol. 27 Ch. 391

အခန်း (၃၉၁)

Vol. 27 Ch. 391

ကျင်းလီ၏ခန္ဓာကိုယ်က ဇောက်ထိုးဖြစ်နေရာမှ ကျောရိုးမကြီးကို အားပြု၍ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ပစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လေမုန်တိုင်းကြီး တစ်ခု ပြောင်းလဲသွားသလို ထင်မှတ်လိုက်ရ၏။ သူက လှည့်ပတ်မှုကို အသားပေးထားပြီး အတားအဆီးများအားလုံးကို ချိုးဖောက်၍ ရန်သူအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။

သူ၏ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်များထဲမှ တစ်ခုဖြစ်သည့်အတွက် သူက လူသားနှင့် ကောင်းကင်ဆက်သွယ်မှု အခြေအနေတွင်ပင် အလွန်မာကျောသော မြေပြင်ပေါ်တွင် (၈) ပေခန့်ရှိသော တွင်းနက်ကြီးတစ်ခု တူးဖော်နိုင်သည်။ တံခါး(၉)ပေါက်အဆင့် ခန္ဓာကိုယ် အကာအကွယ် ရှိနေသော ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်ရသည့်အချိန်တွင် သူ၏ခုခံမှုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

ယခုတော့ သူက ဝေ့ကျင်းတစ်ဝက်အဆင့် ရောက်နေသည့်အတွက် သူ့အစွမ်းက ကြောက်စရာကောင်းစွာ အစွမ်းထက်နေခဲ့၏။ လေလှိုင်းများက တစ်လွှားပြီးတစ်လွှာ မြင့်တက်လာပြီး သူ၏လှည့်ပတ်မှုကလည်း သဘာဝကပ်ဘေးကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားပုံရသည်။

သူက စိုးရိမ်နေခြင်း မရှိသလို ဒေါသထွက်နေခြင်း မရှိချေ။ သူ့ရင်ထဲတွင် ပျော်ရွှင်မှုတစ်ခုသာ ရှိ၏။ သူ၏မျက်လုံးထဲတွင်လည်း ကောင်းကင်ဘိုးဘေး မျက်နှာဖုံး ဝတ်ဆင်ထားသော အလွန်လျှို့ဝှက်ဆန်းကြယ်သည့်လူ၏ ပုံရိပ်သာ ရှိနေခဲ့သည်။

မုန့်ချီက လက်ဝါးကို ရိုက်ထုတ်လိုက်ပြီး လက်ချောင်းလေး (၁၀) ချောင်းကို လှုပ်ရှားနေသည့်အချိန်တွင် သူ၏ခံစားချက်များက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူ့ရှေ့တွင် ရွှေရောင်ကြာပန်းပွင့်လေးများ ပွင့်လန်းလာသလို ထင်မှတ်ရ၏။

သူ၏မျက်လုံးထဲတွင်တော့ မုန့်ချီ၏ အရှိန်အဝါက ကန့်သတ်ချက်မရှိဘဲ အလွန်ကြီးကျယ်ခမ်းနားလွန်းလှသည်။ သူ၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုကိုပင် တားဆီးနိုင်သော မြေသားထုကြီးကဲ့သို့ ထင်မှတ်ရ၏။

ယခုအချိန်တွင် မုန့်ချီက ကောင်းကင်ဘိုးဘေးအဖြစ် ပြောင်းလဲနေခဲ့ပြီး သူကလည်း အမှန်တကယ် တုပထားခြင်း ဖြစ်သည်။ လက်ဝါးချက်များ ရောက်မလာခင် လေလှိုင်းများက မုန့်ချီဆီကို ကျရောက်လာခဲ့၏။ ထိုအရာများက မြေပြင်ပေါ်တွင် တံလျပ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး အဝတ်အစားများကိုသာ အနည်းငယ် သက်ရောက်သွားခဲ့သည်။

"ဗုန်း... "

လည်ပတ်နေသော လက်ဖဝါး (၂) ခုက မုန့်ချီ၏လက်နှင့် ရင်ဆိုင်လိုက်ရသည့် အချိန်တွင် ကျင်းလီ၏ စွမ်းအားများက မုန့်ချီ ဖန်တီးထားခဲ့သော ရွှေကြာပန်းများထဲတွင် ပျံ့သွားကြောင်း ခံစားလိုက်ရသည်။

သူ့စွမ်းအားများကို ကြမ်းပြင်ဆီသို့ ပို့ဆောင်လိုက်ပြီး မြေကြီးထဲသို့ ရောက်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် မြေကြီးထဲတွင် အားနည်းသွားပြီး မြေငလျင်တစ်ခုပင် လှုပ်ရှားစေနိုင်ခြင်း မရှိချေ။

မုန့်ချီ၏အကာအကွယ် လှုပ်ရှားမှုက အမှန်တကယ်ကို အစွမ်းထက်လွန်းလှ၏။ ကျင်းလီ၏ တိုက်ခိုက်မှုက မြေပြင်ကြီးတစ်ခုလုံးကို တိုက်ခိုက်လိုက်သလို ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကလည်း ကျင်းလီ၏မျက်လုံးနှင့် နှလုံးသားထဲတွင် တဖြည်းဖြည်း ပို၍ ကြီးမားလာခဲ့၏။ မုန့်ချီက ကောင်းကင်ဘိုးဘေး ကိုယ်ပွားတစ်ခုဟုပင် သူက ယူဆမိလာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင်တော့ မုန့်ချီက ထိုသို့ မလုပ်နိုင်ပေ။ သူ၏ခန္ဓာကိုယ်ထဲတွင် သွေးများ လှုပ်ရှားနေပြီး အတွင်းဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်၏။ အခြေအနေအများစုတွင် ဝေ့ကျင်းအဆင့် သိုင်းကွက်ကို သုံးလိုက်သော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်က အစစ်အမှန် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်နှင့် တူညီနေသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် မုန့်ချီက သူ၏အဖိုးတန်လက်နက်နှင့် သိုင်းကွက်များကိုသာ သုံးပြီး ခုခံနိုင်၏။ ကျင်းလီကတော့ ဝေကျင်းတစ်ဝက်အဆင့်ကို ရောက်သည်မှာ အချိန်ခဏသာ ရှိနေသေးသည်။ ထို့ကြောင့် ဝူကျိတံဆိပ်မှ ဆင်းသက်လာခဲ့သော တည်ငြိမ်ခြင်းတံဆိပ်က သူ့ကို ခုခံရာတွင် အစွမ်းထက်သည်။ မဟုတ်လျှင် သူက တိုက်ခိုက်မှုကို တားဆီးနိုင်ခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်၏။

မုန့်ချီက ကျင်းလီ၏ တိုက်ခိုက်မှု အသေးစိတ်ကို မှတ်မိနေသည်။ ထို့ကြောင့် သူက ကျင်းလီ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့၏။ ကျင်းလီက လူသားနှင့် ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ခဲ့သည့်အချိန် လွန်ခဲ့သော (၃) နှစ်တွင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူက သံသရာခရီးသွားတစ်ယောက်ဆိုလျှင်ပင် သူ့အဆင့်က လျင်မြန်စွာ အဆင့်တက်နိုင်ခြင်း မရှိချေ။ သူက တစ်နှစ်အတွင်း စွမ်းအားများ တိုးတက်လာကြောင်း ခန့်မှန်းမိသည့်အတွက် ကနဦးအဆင့်သာ ရှိနေသေးသည်ဟု ဆိုလိုနေသည်။ အကယ်၍ သူသာ မြွေဘုရင်ကဲ့သို့ ဝေကျင်းတစ်ဝက်အဆင့်ကို တက်လှမ်းထားမည်ဆိုလျှင် မုန့်ချီက သူ့ကို လုံးဝမကြောက်ပေ။

ထိုတွက်ချက်မှုကြောင့် မုန့်ချီက ဟန်ဆောင်မှု မပျက်စေရန် ကျင်းလီ၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို တည်ငြိမ်ခြင်းတံဆိပ်သုံး၍ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မုန့်ချီ၏တိုက်ခိုက်မှုကြောင့် ကျင်းလီက လေထဲသို့ မြောက်တက်သွားပြီး ချီစွမ်းအင် လှည့်ပတ်မှုနှင့် ကြွက်သားတုံ့ပြန်မှုကို အာရုံခံရန် ကြိုးစားနေခဲ့သည်။ သို့သော် သူက မည်သည့်အရာကိုမျှ ခံစားမိခဲ့ခြင်း မရှိချေ။

"သူက တကယ်ပဲ ကောင်းကင်ရွှေကျင့်စဉ်ကို လေ့ကျင့်ထားတာလား…"

အထက်တန်းလွှာမိသားစုတစ်ခုတွင် မွေးဖွားလာသည့်အတွက် ကျင်းလီက ကျောက်စိမ်းပုံရိပ်ယောင် လက်ဝါးသိုင်းကို ထူးဆန်းနေခြင်း မရှိချေ။

မုန့်ချီက လှုပ်ရှားနေသော သွေးများကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ ထို့နောက် သူက ကိုယ်ဖော့ပညာကို သုံးလိုက်၏။ သူက နတ်ဘုရားခြေလှမ်း (၈)သွယ်ကို သုံးလိုက်ပြီး (၉) ချက်တိတိ ရိုက်ချလိုက်သည်။

သူ၏လက်ဖဝါးက တစ်စုံတစ်ခုကို ဖမ်းဆီးရိုက်နှက်တော့မလို ထင်မှတ်ရ၏။ သူ၏လုပ်ရပ်များအားလုံးက ရိုးရှင်းသော်လည်း အဓိပ္ပာယ်ရှိသည်။ ယခု သူက ကျင်းလီနှင့် အပူတပြင်း တိုက်ခိုက်နေရပြီး သူ၏ဝေ့ကျင်းတစ်ဝက်အဆင့်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း နိမ့်ကျသော အခြေအနေကို မရောက်သေးပေ။

ကျင်းလီကတော့ အတော်လေးကို အံ့သြသွားပြီး တွေးနေခဲ့၏။

"ဒီလိုပညာရှင်တစ်ယောက်က ဘယ်နေရာကနေ ရောက်လာတာလဲ။ ကောင်းကင်ဘိုးဘေးမှာ ဆက်ခံသူရှိတယ်လို့လည်း ငါ လုံးဝ မကြားဖူးသေးဘူး…"

သူကတော့ အထင်သေးနေခြင်း မရှိဘဲ သူ၏စွမ်းအားများကို လက်ဖဝါးထဲသို့ ပို့လိုက်ပြီး အစွမ်းထက်သော လေလှိုင်းတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် မုန့်ချီက ကိုယ်ဖော့ပညာကိုသုံးပြီး သူ၏လက်ဖဝါးများကို ရှောင်တိမ်းရန် တွန်းအားပေးလိုက်သည်။

သူ စိတ်ပျက်သွားသည်မှာ အလွန်ထက်မြက်သော လေလှိုင်းများနှင့် တိုက်ခိုက်မှုက သူ့ကို အနည်းငယ်လေးသာ ထိခိုက်စေနိုင်ခဲ့သည်။ ကိုယ်ဖော့ပညာ (၂) မျိုးနှင့် လှုပ်ရှားမှုများက နေရာငယ်လေးထဲတွင် ရှိနေသည့်အတွက် အတော်လေးကို လျင်မြန်လှသည်။

တံခါး (၇) ပေါက်အဆင့်ပညာရှင် တစ်ယောက်ဖြစ်သော ရှန်းလောရွှမ်ကတော့ မည်သည့်အရာမျှ လုပ်နိုင်ခြင်းမရှိဘဲ ကယ်တင်ရန်အတွက် အဆင်သင့် ပြင်ထားခဲ့သည်။ သူမက အကူအညီ ခေါ်သင့်မခေါ်သင့် အနည်းငယ် တွေဝေနေခဲ့၏။

ယခု ကလေးငယ်က ဆူညံသံများကြောင့် နိုးလာခဲ့ပြီ ဖြစ်သည်။ သူက မျက်လုံးဖွင့်ပြီး အော်ဟစ်ငိုကြွေးနေခဲ့သည်။ သူ၏လျှာ (၂) ခွကလည်း မြွေကောင်ကဲ့သို့ ဖြစ်နေသည်။

"နတ်ဆိုးလား ဒါမှမဟုတ် နတ်ဆိုးတစ်ဝက်လား "

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက အခြေအနေ တရပ်လုံးကို နားလည်သွားခဲ့သည်။ ထို့ကြောင့်လည်း ရှန်းမိသားစုက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး သီးခြားနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့က လူကုန်ကူးမှုကို လုပ်ဆောင်ခဲ့သည့်အပြင် နတ်ဆိုးများနှင့်လည်း ပတ်သက်နေခဲ့၏။

ရှန်းလောရွှမ်က မြွေဝိညာဉ်ဖြစ်ကြောင်း ကျင်းလီက သိနေခဲ့သည်။ ထို့ကြောင့် လုကျန်းကိုပင် ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး မပြောနိုင်ခဲ့ပေ။ ထို့ပြင် ရှန်းလောရွှမ်အတွက် သူက လူသားတစ်ယောက်ဖြစ်သော သူ၏နောက်ကြောင်းကို စွန့်လွှတ်ခဲ့ပြီး သေခြင်းတရားကို အတုလုပ်၍ လူသားတစ်ယောက်အဖြစ်ကို စွန့်ပစ်ကာ နတ်ဆိုးတစ်ယောက် ဖြစ်လာခဲ့သည်။

သူ့မိသားစုက သူ့အတွက် စိုးရိမ်နေခြင်း မရှိစေရန် သူနှင့် ရှန်းလောရွှမ်တို့က ခန္ဓာကိုယ်အတုတစ်ခု ဖန်တီးထားခဲ့ပြီး ချန်းချန်းကန်၏ တံခါးအရှေ့တွင် သွားထားခဲ့သည်။ ချန်းချန်းကန်က အလွန်ကြောက်လန့်နေသည့် လူတစ်ယောက် ဖြစ်သည့်အတွက် ထိုအလောင်းကို မြေမြုပ်ပစ်ခဲ့၏။

သူတောင်းစားက အိပ်နေသည့်အချိန်တွင် သူတို့က ထိုအရာကို တူးဖော်ခဲ့ပြီး လမ်းဘေးခွေးများ ကိုက်ဖျက်ပစ်သယောင် ပုံမှားရိုက်ခဲ့သည်။ ထို့နောက် ကျင်းလီ၏ သွေးများစိမ်ထားသော အရိုးပေါင်းများစွာကို ချန်ထားခဲ့၏။

ထိုအခြေအနေမျိုးတွင် ကျင်းမိသားစုက ဝမ်အန်းမြို့ဆီ ဦးတည်နေသော သဲလွန်စများ ရခဲ့မည်ဆိုလျှင်ပင် လုကျန်း၏ အကူအညီနှင့် ကျင်းလီသေဆုံးကြောင်း တွေ့သွားကြပါလိမ့်မည်။ အဆိုးဆုံး အခြေအနေကတော့ လူသတ်သမားက မည်သည့် ခြေရာလက်ရာကိုမှ မချန်ထားခဲ့ပေ။

“ကျားမိသားစုရော ..၊ မင်္ဂလာကိစ္စနှင့် ရှန်းမိသားစုကို ပူးပေါင်းရန် အမှန်တကယ် စီစဉ်ထားခြင်းပေလော…”

ထို့ကြောင့်လည်း သူက ခန္ဓာကိုယ်ကောက်ကြောင်း အလွန်လှသော မိန်းမပျိုကို ရင်းနှီးနေခဲ့ခြင်း ဖြစ်သည်။ သူမက သေမင်းပင်လယ်ကန္တာရထဲတွင် တွေ့ခဲ့ဖူးသော မြေခွေးမလေး ဖြစ်၏။ သူက ကောင်းကင်ပင်လယ်အရင်းအမြစ်၏ သခင်မလေး တစ်ယောက်လည်းဖြစ်ပြီး အနတ္တကျိန်စာဖျက်ဓားပညာ လေ့ကျင့်ထားသူတိုင်းကို သတ်ပစ်ရမည်ဟု ပြောခဲ့ဖူး၏။

ဘာကြောင့် သူက ကောင်းကင်ပင်လယ်အရင်းအမြစ်ကနေ ထွက်လာပြီး မြစ်အရှေ့ပိုင်းကို ရောက်လာရသနည်း။ တံခါး (၇) ပေါက်သာ ပွင့်သေးသော ရှန်းလောရွှမ်က သူ၏နတ်ဆိုးရနံ့များကို မည်ကဲ့သို့ ဖုံးကွယ်ထားသနည်း။ သူမနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့ရသည့်အချိန်တွင်ပင် သူက ထိုအရာကို ခံစားမိခဲ့ခြင်း မရှိချေ။

သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့၏။ သို့သော် အတွေးတစ်ခုက တခြားအတွေးများကို မှေးမှိန်သွားစေသည့်အတွက် သူ၏ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းက လျော့ကျသွားခဲ့သည်။

"သေစမ်း…"

သူက နှုတ်ပိတ်ခံရတော့မည် ဖြစ်၏။ ရှန်းမိသားစုက သူ့ကို အလွတ်ပေးတော့မည် မဟုတ်ချေ။

အကယ်၍ သူကသာ ထိုအချက်အလက်ကို ဖွင့်ထုတ်လိုက်မည်ဆိုလျှင် ယပ်တောင် (၆) လက်ကျောင်းနှင့် မြစ်အရှေ့ပိုင်းတွင် ရှိနေသော အထက်တန်းလွှာ မိသားစုအားလုံးက ဝေ့ကျင်းအဆင့် ပညာရှင်များစွာကို လူလွှတ်ပြီး သူတို့ကို ရှင်းပစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ နတ်ဆိုးမျိုးနွယ်စုက လူသားမျိုးနွယ်စု၏ ပိုင်နက်ထဲသို့ ခိုးဝင်နေပြီး လူကုန်ကူးမှု လုပ်ဆောင်နေသည်မှာ အတော်လေး ဆိုးရွားလှသည်။

ကလေးငိုသံ ကြားသည့်အချိန်တွင် ရှန်းလောရွှမ်က သူ့ကို စိုက်ကြည့်လိုက်ပြီး သူမ၏ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။ သူမက ကလေးဆီသို့ ပြေးသွားရင်း သူမ၏အဖေနှင့် မိသားစုအကြီးအကဲများကို အော်ဟစ်အကူအညီတောင်းရန် ကြိုးစားလိုက်သည်။ သူက ကျင်းလီ၏ဆွေမျိုး သို့မဟုတ် မိတ်ဆွေဖြစ်နေလျှင်ပင် သူမက အလေးမထားနိုင်တော့ပေ။

သူ၏အရှိန်အဝါက တဖြည်းဖြည်း ပို၍ အစွမ်းထက်လာသည်နှင့်အမျှ ကျင်းလီ၏ တိုက်ခိုက်မှုကလည်း တဖြည်းဖြည်း ပို၍ ထက်မြက်လာသည်။ အစွမ်းထက်သော လေလှိုင်းများကလည်း အမြင့်ဆုံးအခြေအနေကို ရောက်နေပြီး အိမ်တစ်ခုလုံး ပြိုလဲလုမတတ် ဖြစ်နေခဲ့၏။

သူက မုန်တိုင်းကြီးတစ်ခုကဲ့သို့ လက်ဝါးနှင့် မရပ်မနား တိုက်ခိုက်နေပြီး ရှန်းလောရွှမ်က အကူအညီတောင်းနေသည့်အချိန်တွင် မုန့်ချီကို တားဆီးထားသည်။ သူက နောက်ဆုတ်သွားရမည့်အစား ရှေ့သို့ လာနေကြောင်း ကျင်းလီက သတိထားမိခဲ့၏။

မုန့်ချီက ညာလက်သီးနှင့် လှမ်းထိုးလိုက်သည်။ သူက သူ၏အတွင်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများကို ပေါင်းစည်းထားခဲ့ပြီး ရွှေရောင်အလင်းတန်းများ တောက်ပနေသော လက်သီးနှင့် ကျင်းလီကို ထိုးလိုက်၏။ ထိုလက်သီးချက်ကို ရပ်တန့်၍ မရနိုင်ပေ။

ကျင်းလီကတော့ အံ့သြသွားရမည့်အစား အတော်လေး ပျော်ရွှင်သွားသလို ခံစားလိုက်ရ၏။ ယခုလို အခြေအနေမျိုးတွင် ထိပ်တိုက်ရင်ဆိုင်ခြင်းက သူ့သေတွင်း သူ တူးနေခြင်းဖြစ်ကြောင်း သူလည်း သိနေ၏။

သူက တခြားတစ်ဖက်သို့ ပြန်ဆုတ်လိုက်သည့်အချိန်တွင် ကျယ်လောင်သော အသံကြီးတစ်ခု ကြားလိုက်ရသည်။ ဆုတောင်း (၃) မျိုး လက်သီးသိုင်းက ဖြတ်ကျော်သွားပြီးနောက် သူက မုန့်ချီ၏ဘယ်ဘက်ရင်ဘတ်ကို တိုက်ခိုက်လိုက်သည်။

သူက လက်ဖဝါးကို လေပွေလှိုင်းအဖြစ် ပြောင်းလဲလိုက်သည့်အချိန်တွင် ကောင်းကင်ဘိုးဘေးက သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး တိုက်ခိုက်သည့် ဦးတည်ချက်ကို ပြောင်းလဲ၍ ရှန်းလောရွှမ်ကို တိုက်ခိုက်လိုက်သည်။

"လှည့်စားထားတာလား။ ဒါဆိုရင် အစွမ်းထက်တဲ့လက်သီးချက်က လှည့်စားလိုက်တဲ့ သိုင်းကွက်လား…"

ရှန်းလောရွှမ်က အကူအညီတောင်းရန် အော်ဟစ်တော့မည့်အချိန်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဘိုးဘေးက သူမဆီကို ပြေးဝင်လာကြောင်း တွေ့လိုက်ရသည်။

သူမက ဘယ်လက်ကို မြှောက်လိုက်ပြီး လက် (၅) ချောင်းကို ဖြန့်ထုတ်လိုက်သည်။ ထို့နောက် အပေါ်ဘက်မှနေ၍ လက်ဝါးနှင့် ဖိချလိုက်၏။ သူမ၏ရှေ့တွင် ရှိနေသော အရာအားလုံးက မည်းမှောင်သွားခဲ့ပြီး အနီးအနားတွင် ရှိနေသော လေစီးကြောင်းများက စုစည်းလာသည်။

သွယ်လျလှပသော သူမ၏လက် (၅) ချောင်းက ကောင်းကင်ကြီးတစ်ခုလုံးကို အုပ်မိုးထားသလို ထင်မှတ်ရ၏။ ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ရှန်းလောရွှမ်က ထွက်ပြေးရန် နေရာမရှိတော့သလို ခံစားလိုက်ရသည်။ သူမ၏ ရင်ထဲတွင်လည်း ဖိအားများကို ခံစားလိုက်ရပြီး ထိုလက်က သူမ၏နဖူးဆီကို ရောက်လာကြောင်းသာ မြင်လိုက်ရသည်။

ကျင်းလီက အလွန်စိုးရိမ်သွားခဲ့၏။ မုန့်ချီကို ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ပတ်ပတ်လည်ရှိ လေစီးကြောင်းများကို စုပ်ယူလိုက်သည်။

"ခွပ်…"

မည်သည့်နေရာက ထွက်လာမှန်း မသိရသော လေစီးကြောင်းများ ပြည့်နှက်လာပြီး လေမုန်တိုင်းများ ထွက်ပေါ်လာသည်။ ထို့ကြောင့် တိုင်လုံးကြီးများ ပျက်စီးသွားခဲ့ပြီး ရှန်းလောရွှမ်က ဒယိမ်းဒယိုင် ဖြစ်သွားခဲ့၏။

သူ၏ချီစွမ်းအင်များ မြင့်တက်လာသည့်အချိန်တွင် ကျင်းလီက လက်ချောင်းလေးများနှင့် ရှန်းလောရွှမ်၏အင်္ကျီကိုဆွဲပြီး သူ့အနားသို့ ဆွဲခေါ်လိုက်သည်။ ထို့ကြောင့် မုန့်ချီ၏ ကောင်းကင်ဖျက်လက်ဝါးကို ရှောင်တိမ်းနိုင်ခဲ့၏။

ထိုအချိန်တွင် မုန့်ချီ၏ဘယ်လက်က ရှေ့ကို တွန်းထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကလည်း ပြတင်းပေါက်မှနေ၍ ခုန်ထွက်သွားခဲ့၏။ ထို့နောက် သူက အနောက်ဘက် ဥယျာဉ်ထဲသို့ ဆင်းသက်လိုက်ပြီး အနောက်ဘက် တံခါးဆီသို့ ပြေးသွားခဲ့သည်။

ဤနေရာက အလွန်စွန့်စားရသည်။ နတ်ဆိုးမျိုးနွယ်စု၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည့်အတွက် သူက ဤနေရာမှ ထွက်သွားရန် အကောင်းဆုံး ကြိုးစားရမည် ဖြစ်၏။

"နောက်တစ်ကြိမ် လှည့်စားမှုလား…"

ကျင်းလီက အနည်းငယ် မှင်တက်သွားခဲ့ပြန်သည်။

ရှန်းလောရွှမ်လည်း အတူတူသာ ဖြစ်၏။ အဆုံးတွင်တော့ သူမက အော်ပြောလိုက်သည်။

"လုပ်ကြံသူတစ်ယောက်က ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီ…"

လမင်းစံအိမ်က အနောက်တံခါးနှင့် မလှမ်းမကမ်းတွင် ရှိနေ၏။ ထို့ကြောင့် မုန့်ချီက နံရံကို ခုန်ကျော်သွားခဲ့ပြီး အနားတွင် ရှိနေသော သစ်တောကြီးထဲကို ဝင်သွားနိုင်ခဲ့သည်။ ထို့နောက် အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်ကိုသုံးပြီး လေနတ်ဘုရားခြေလှမ်းသိုင်းကို သုံးလိုက်၏။

ရုတ်တရက်ဆိုသလို သူက သစ်တောထဲသို့ ရောက်သွားပြီးနောက် တစ်စုံတစ်ခု လွဲမှားနေသလို ခံစားလိုက်ရသည်။ အမှောင်ထဲတွင် ပုန်းနေသော မြွေဟောက်များက သူ့ကို ပစ်မှတ်ထားနေကြောင်း ခံစားလိုက်ရ၏။

ကျောက်စိမ်းပုံရိပ်ယောင်ခြေလှမ်းသိုင်းအပြင် သူက ကိုယ်ဖော့ပညာများကိုလည်း အသုံးပြုထားခဲ့သည်။ သူကတော့ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ လမ်းကြောင်းကို ဦးတည်ချက် ဆက်တိုက်ပြောင်းလဲနေပြီး ကောင်းကင်ကံကြမ္မာကျောင်းဆောင်ဆီသို့ ပြေးသွားခဲ့၏။

ဝမ်အန်းက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်နှင့် ဝေ့ကျင်းအဆင့် ပညာရှင်များစွာ ရှိနေသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ သို့သော် သူသိသလောက် ပြောရမယ်ဆိုလျှင် ကောင်းကင်ကံကြမ္မာကျင့်ကြံသူက အစွမ်းထက်ဆုံး ဖြစ်၏။ ကောင်းကင်ကံကြမ္မာကျောင်းဆောင်ကလည်း အနားတွင် ရှိနေသည်။

ရန်သူများကို မမြင်ရသော်လည်း မုန့်ချီကတော့ သတိထားနေခဲ့၏။ သူ၏နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ စီးကျလာနေပြီး သစ်တောထဲတွင် မြွေလိမ်မြွေကောက် ပြေးနေသည့်အတွက် နောက်တွင် ကျန်နေသော နတ်ဆိုးများက သူ့ကိုသတ်ရန် အခွင့်အရေး မရှိချေ။

ဤနေရာက လူသားနယ်မြေ ဖြစ်သည့်အတွက် ကန့်သတ်ချက်များစွာကို ရင်ဆိုင်နေရသည်မှာ ကံကောင်းသွားသည်။ ဆူညံသံလေး အနည်းငယ် ဖြစ်သွားလိုက်ရုံနှင့် ကောင်းကင်ကံကြမ္မာ ကျင့်ကြံသူကဲ့သို့ ပညာရှင်များကို သတိထားမိစေနိုင်သည်။

မုန့်ချီက အမြင်အာရုံနှောင့်ယှက်ခြင်း သစ်ရွက်ကိုမသုံးနိုင်သလို သူ့လက်ထဲတွင် ရှိနေသော သံသရာတံဆိပ်ကိုလည်း မရှိပေ။ ထို့ပြင် ခုန်ချရန် မြစ်တစ်စင်းလည်း မရှိချေ။

ထိုသို့ဆိုရာတွင် သူကတော့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်သော ဆရာကြီးကျိယွဲ့လို ပညာရှင်တစ်ယောက်၏ လက်ထဲမှပင် လွတ်မြောက်ခဲ့သည့်အတွက် အလွန်အမင်း အန္တရာယ်များသည်ဟု မခံစားခဲ့ရပေ။

ဆောင်းရာသီ ဖြစ်သည့်အတွက် သစ်ရွက်များအားလုံး ညှိုးခြောက်နေ၏။ သူကတော့ အလွန်ဆိုးရွားသော အန္တရာယ်ထဲမှ လွတ်မြောက်လာသလို ခံစားနေရသည်။ သူ၏မျက်လုံးထဲတွင်ပင် အံ့ဩမှုများ ရှိနေ၏။ သူက အလားတူ အခြေအနေများစွာကို ကြုံဖူးထားသည်မှာ ကံကောင်းသွားသည်။

သူ့နောက်ကို ဝေ့ကျင်းအဆင့် နတ်ဆိုးများက လိုက်လာခဲ့၏။ ထို့ကြောင့် သူက ချီစွမ်းအင်ကို အမြင့်ဆုံးသုံးထားပြီး လမ်းကြောင်းကို ဆက်တိုက် ပြောင်းလဲနေခဲ့သည်။ ထိုသို့ဆိုလျှင် နတ်ဆိုးများက ပစ်မှတ်ကို ခြေရာခံရန် ခက်ခဲသွားနိုင်၏။

မုန့်ချီက ကျင်းလီနှင့် တိုက်ခိုက်ခဲ့သည့်အတွက် ဦးတည်ချက် ဆက်တိုက် ပြောင်းလဲလာခဲ့ပြီးနောက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထိန်းမထားနိုင်တော့ပေ။ သူ့ကို မြွေဟောက်တစ်ကောင်၏ ပစ်မှတ်ထားခံရသော ခံစားမှုကလည်း ရုတ်တရက် ပျောက်ကွယ်သွား၏။

သူက အံ့သြသွားသည့်အချိန်တွင် ကောင်းကင်ကံကြမ္မာကျောင်းဆောင်၏ ပိုင်နက်ထဲကို ရောက်လာကြောင်း တွေ့လိုက်ရသည်။ သူက ရှုပ်ထွေးနေသော စကားသံတချို့ကိုလည်း ကြားလိုက်ရ၏။

"ဘာလို့ သူ့ဆီမှာ ကံကြမ္မာ (၅) မျိုး ရှိနေရတာလဲ…"

ထိုအသံနှင့်အတူ ကောင်းကင်ကံကြမ္မာကျင့်ကြံသူက နံရံပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူက လေ့ကျင့်နေပြီး မုန့်ချီ ရောက်လာခြင်းကို သတိမထားမိခဲ့ချေ။ သူက မုတ်ဆိတ်မွှေးကိုသပ်ပြီး မုန့်ချီအကြောင်းကို မည်မျှ စဉ်းစားနေမှန်း မသိရပေ။

မုန့်ချီက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ ထို့နောက် သူ၏မျက်နှာဖုံးကို ချွတ်လိုက်ပြီး အနောက်ဘက်မှနေ၍ ကျောင်းဆောင်ထဲကို ဝင်သွားခဲ့လေသည်။

Translated by Hein Htet.

All Chapters