← Chapters

အခန်း (၃၉၂)

Vol. 27 Ch. 392

အခန်း (၃၉၂)

Vol. 27 Ch. 392

မုန့်ချီက သတ်ဖြတ်ခြင်း ရပ်တန့်သူ နေထိုင်သော ခြံဝန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ နံရံကို ခုန်ကျော်လိုက်ပြီးနောက် ညီညီညာညာ စီထားသော သစ်တုံးများကို မြင်လိုက်ရသည့် ချိန်မှသာ သူလည်း စိတ်အေးသွားသလို ခံစားလိုက်၏။ ထို့နောက် သူက သစ်တုံးပုံတစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။

ကောင်းကင်ကံကြမ္မာကျင့်ကြံသူကဲ့သို့ ခန့်မှန်း၍ မရနိုင်သော လူကတော့ ကျရောက်လာသော ကံကြမ္မာအပေါ် အကောင်းမြင်စိတ်သာ သတ်မှတ်ထားခဲ့သည်။ မုန့်ချီက နတ်ဆိုးမျိုးနွယ်စု၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရရန် ကံကြမ္မာရှိသည်ဟု တွေးသည့်အတွက် သူက မုန့်ချီ အသတ်ခံရမှာကို ရပ်ကြည့်နေနိုင်သည်။

ထို့ကြောင့် မုန့်ချီက ကျောင်းဆောင်ထဲ၌ ပုန်းနေခဲ့ပြီးနောက် ပို၍ပင် သတိထားနေရသည်။ ရှန်းမိသားစုက ဤနေရာတွင် နှစ်ပေါင်းများစွာ အခြေချနေခဲ့သည့် အတွက် သူတို့က သူနှင့် မုန့်ချီတို့ အကြောင်းကို သိနေနိုင်သည်။ သူတို့က နတ်ဆိုးငယ်လေးများနှင့် စမ်းသပ်ပြီးသွားလျှင် မုန့်ချီကို နှုတ်ပိတ်ရန် အကောင်းဆုံး ကြိုးစားကြမည်ဖြစ်၏။

သူတို့က ထိုတာအိုသခင် နှစ်ယောက်ကို မမြင်နိုင်သော်လည်း သတ်ဖြတ်ခြင်း ရပ်တန့်သူကတော့ သူ့ကို ကူညီပေးနိုင်သည်ဟု ခန့်မှန်းမိခဲ့သည်။ မုန့်ချီကိုယ်တိုင်က မျက်နှာဖုံး တပ်မထားသည့်အတွက် အလွန်ရိုးရှင်းပြီး သာမန်ပုံစံမျိုးသာ ပေါ်နေခဲ့သည်။

ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကသာ မျက်နှာချင်းဆိုင် လာရောက်စစ်ဆေးခြင်း မရှိသရွေ့ သူ၏အစစ်အမှန် ရုပ်ရည်ကို မသိနိုင်ပေ။ သူကတော့ အလွန်လေးနက် တည်ငြိမ်သော အမူအရာနှင့် မျက်လုံးတစ်ဖက် ဖွင့်ပြီး တင်ပျဉ်ခွေထိုင်နေခဲ့သည်။

ထိုအချိန်တွင် အမှောင်ထဲမှနေ၍ အရိပ်ကြီးတစ်ခု ပြေးထွက်လာပြီး အနက်ရောင်အရည်များ ပြည့်နေသော လက်နှင့် မုန့်ချီကို ရိုက်ချလိုက်သည်။ ထိုအရာက လူတစ်ဝက် နတ်ဆိုး တစ်ဝက်ဖြစ်၏။ သူ့အရိုးများက ပျော့ပျောင်းနေပြီး လက်များက သွားများကဲ့သို့ ဖြစ်နေသည်။

မုန့်ချီက အနက်ရောင်မျက်လုံးများကို ဖွင့်လိုက်၏။ ထို့နောက် ညာလက်ကို မြှောက်လိုက်ပြီး လက် (၅)ချောင်းကို ယပ်တောင်ပုံသဏ္ဌာန် ဖြန့်ထုတ်၍ ကမ္ဘာကြီးတစ်ခုလုံး လွှမ်းမိုးနိုင်သည့် အရှိန်အဝါမျိုးဖြင့် ရိုက်ချလိုက်သည်။

ထိုလက်ဝါးက အလွန်လေးလံလွန်းလှသည့်အတွက် အနီးအနားတွင် ရှိနေသော လေဟာနယ်က ကျုံ့လာပြီး သူ့ကို ပိတ်လှောင်ထားသလို နတ်ဆိုးက ခံစားလိုက်ရသည်။ သူက တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ လက်မြှောက်ပြီး တားဆီးရုံသာရှိသည်။

"ဗုန်း … "

သူ၏လက်နှစ်ဖက်က မုန့်ချီ၏ လက်ဝါးကြောင့် နောက်သို့ ဆုတ်သွားလိုက်ရသည်။ ရလဒ်အနေနှင့် သူ့လက်နှင့် မုန့်ချီ၏လက်ဝါး နှစ်ခုပေါင်းပြီး သူ၏ နဖူးတည့်တည့်ကို ရိုက်လိုက်မိသည်။

သူ့ဦးခေါင်း ပေါက်ကွဲသွားသည့်အချိန်တွင် နတ်ဆိုးက မြေပေါ်သို့ လဲကျသွားခဲ့ပြီး ကြမ်းပြင်ပေါ်တွင် သွေးနှင့် ဦးနှောက်များ ပြန့်ကျဲနေခဲ့၏။ ပင်မဝိညာဉ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် အနက်ရောင်ကြေးခွံများ ရှိနေသော မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ခေါင်းကတော့ ပျက်စီးနေပြီး ကြေးခွံများကတော့ အကောင်းအတိုင်း ရှိနေ၏။

သူက ရှန်းမိသားစုထဲရှိ ဝေ့ကျင်းတစ်ဝက်အဆင့်မှနေ၍ ဝေ့ကျင်းအဆင့်အောက်တွင် အစွမ်းထက်သော နတ်ဆိုးတစ်ကောင်ဟု သတ်မှတ်နိုင်သည်။ သူက လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို မရောက်သေးသော်လည်း ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် သဘာဝစွမ်းရည်များကြောင့် အတော်လေးကို အစွမ်းထက်သည်။ သို့သော် မုန့်ချီ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိခဲ့ဘဲ ခေါင်းက ပျက်စီးသွားခဲ့၏။

ရှေးဟောင်း ဓမ္မကာရ သိုင်းကွက်တစ်ခုဖြစ်သည့်အတွက် ကောင်းကင်ဖျက် လက်ဝါးက သူ၏ ဂုဏ်သတင်းနှင့် အမှန်တကယ်ကို ထိုက်တန်လှသည်။ ထိုအရာမှ ဆင်းသက်လာသော ကောင်းကင်ပြောင်းပြန် လက်ဝါးသိုင်းကလည်း ကြောက်စရာကောင်းပြီး အစွမ်းထက်လွန်းလှ၏။

ထိုအချိန်တွင် နောက်ထပ် နတ်ဆိုးတစ်ကောင်က အမှောင်ထဲမှနေ၍ သူ့ဆီကို ခုန်ဝင်လာပြန်သည်။ အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်သန်စွမ်းသော ထိုနတ်ဆိုး၏ လှုပ်ရှားမှုများက ကမ္ဘာမြေကြီးထဲရှိ စည်းမျဉ်းများနှင့် တစ်သားတည်းဖြစ်နေပြီး ပတ်ဝန်းကျင်လေလှိုင်းများကလည်း တစ္ဆေငိုသံများကဲ့သို့ ကျယ်လောင်လာခဲ့သည်။ သူက မကောင်းဆိုးဝါး သလင်းကျောက် မရှိသေးသော်လည်း အနည်းငယ် အံ့ဩစရာကောင်းလှသည်။

မုန့်ချီက ထိုင်နေရင်း ဘယ်လက်သီးထဲတွင် အတွင်းအား ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ် စွမ်းအားတို့ကို စုစည်းပြီး တိုက်ခိုက်လိုက်သည်။ ကြောက်စရာကောင်းသော မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ထိုလက်သီးကတော့ အစိမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ နတ်ဆိုးဆီကို ရောက်သွားခဲ့၏။

ထိုလက်သီးက အောက်ဘက်ကို ဖျက်ဆီးလိုက်ပြီး နတ်ဆိုးလေလှိုင်းများက ပျောက်ကွယ်သွားသည်။ ကျယ်လောင်သော အော်သံများကလည်း ချက်ချင်း ရပ်တန့်သွားခဲ့၏။ နတ်ဆိုး၏ စိတ်ဝိညာဉ်က မှင်တက်သွားသည့်အလား သူ၏ လှုပ်ရှားမှုများက နှေးကွေးသွားပြီး လက်သီးက သူ့နဖူးကို ထိုးလိုက်မိ၏။

"ဗုန်း … "

ဦးခေါင်းက ပေါက်ကွဲသွားခဲ့ပြီး ဦးနှောက်အစများ နေရာတိုင်းတွင် ပြန့်ကျဲသွားသည်။ သိပ်မကြာခင် သူ၏ မူလပုံစံ ပေါ်လာခဲ့၏။ ထိုအရာကတော့ ကျားဝိညာဉ် တစ်ကောင်ဖြစ်သည်။

ထိုအချိန်တွင် တံခါးဖွင့်သံကြားလိုက်ရပြီး သတ်ဖြတ်ခြင်းရပ်တန့်သူက ညာလက်ထဲတွင် ပုဆိန်ကိုကိုင်ပြီး ထွက်လာခဲ့သည်။ သူမဆီတွင် ကော့ညွတ်နေသော မျက်ခုံး ၊ လှပသော မျက်လုံး ၊ ချွန်ထက်သော နှာခေါင်းနှင့် ပါးလျသော နှုတ်ခမ်းတစ်စုံ ရှိသည်။

ကျောက်တုံးသဖွယ် အေးစက်သော သူမက မြေပေါ်တွင် လဲကျနေသော ခန္ဓာကိုယ်များကို ကြည့်ပြီး အကြိမ်ပေါင်းများစွာ လေကို ရှုသွင်း ရှုထုတ် လုပ်ဆောင်လိုက်သည်။ သူမ၏မျက်လုံးထဲတွင်လည်း ရွံရှာမှု ၊ မုန်းတီးမှု အပါအဝင် ခံစားချက်များစွာ ပေါ်လာခဲ့၏။

အသက်ကို ဝဝရှူလိုက်ပြီးနောက် သူမက ပုဆိန်နှင့်အတူ ရှေ့ကို တစ်လှမ်း တိုးလာခဲ့သည်။ သို့သော် သူမ၏ သတ်ဖြတ်ချင်စိတ်ကြောင့် ဆံပင်များ ထောင်လာသည်ကိုပင် မုန့်ချီက ခံစားမိလိုက်၏။ သူမက ကောင်းကင်ကြီးကို ထက်ခြမ်းခွဲပစ်တော့မလို ခံစားနေရသည်။

ကမ္ဘာမြေကြီးမှ ပြောင်းလဲလာသော သန့်စင်သည့် စိတ်ဆန္ဒတစ်ခု…

ပုဆိန်က အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှင်းလင်းနေသော မြေပြင်ကြီးကို ခုတ်ပိုင်းလိုက်သည်။ မြေပြင်ကြီးက လှုပ်ရှားသွားခဲ့ပြီး မို့မောက်လာခဲ့၏။ ထိုအချိန်တွင် မျက်လုံးမှိတ်နေပြီး မျက်နှာတစ်ဝက်ရှိနေသော အရိပ်တစ်ခု ထွက်လာခဲ့သည်။

ခဏကြာ လှိမ့်နေပြီးနောက် သူက အလွန်ကြီးမားသော ဧရာမပိုးကောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ သူ၏ဦးခေါင်းအက်ကွဲကြောင်းမှတစ်ဆင့် အညိုရောင် မကောင်းဆိုးဝါး သလင်းကျောက်တစ်ခုကို မုန့်ချီက ဝိုးတဝါးမြင်လိုက်ရသည်။

သူက အလွန်ထိတ်လန့်အံ့ဩစွာ တွေးလိုက်မိ၏။

“သူက ဝေ့ကျင်း တစ်ဝက်အဆင့် မကောင်းဆိုးဝါးကိုတောင် သိုင်းကွက် တစ်ကွက်တည်းနဲ့ သတ်နိုင်ခဲ့တယ်။ သူက ချက်ချင်းကို သေသွားခဲ့တာလား..”

အကယ်၍ သူက ကောင်းကင်ကံကြမ္မာကျင့်ကြံသူကဲ့သို့ အစွမ်းမထက်လျှင်ပင် သူမ၏ အစွမ်းက အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ သူမဆီမှ ဝမ်းသာနေသော ကလေး တစ်ယောက်၏ အငွေ့အသက်မျိုး ထွက်ပေါ်လာနေပြီး အေးတိအေးစက် မျက်နှာလေးပေါ်တွင် အလှတရားတစ်ခု ထပ်ပေါင်းပေးနေသည်။

သို့သော် သူမကတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသလို ခံစားနေရ၏။ သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် သစ်တုံးပုံကြီးဆီသို့ လျှောက်သွားပြီး သစ်တုံးများကို အကြိမ်ပေါင်းများစွာ ခွဲနေခဲ့သည်။ တစ်ကြိမ်ပြီး တစ်ကြိမ်ခွဲလိုက်ပြီးနောက် သူမက နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့၏။

သူမက နတ်ဆိုးတစ်ကောင်ကို ရှင်းပစ်လိုက်သည့်အတွက် မည်သူကမျှ ဝင်မလာရဲတော့ပေ။ သူမက အလွန်အစွမ်းထက်ခြင်းကြောင့်လည်း ဖြစ်နိုင်၏။ အရေးကြီးဆုံးအရာကတော့ သူမက ကောင်းကင်ကံကြမ္မာကျောင်းဆောင်ထဲမှာ ဖြစ်ပြီး သူမ၏သဘောထားက ကျောင်းဆောင်ကို ကိုယ်စားပြုနေသည်။

အကယ်၍ နတ်ဆိုးမျိုးနွယ်စုများကသာ မမောနိုင် မပန်းနိုင် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ကောင်းကင်ကံကြမ္မာကျင့်ကြံသူက နတ်ဆိုးများ၏ ကံကြမ္မာကို ရှင်းပစ်သင့်သည်ဟု ယူဆလာပါလိမ့်မည်။ အလွန်ခေါင်းမာသော တာအိုသခင်တစ်ယောက်က အခြေအနေတစ်ရပ်လုံးကိုတော့ ကံကြမ္မာဟု သတ်မှတ်ထားလိမ့်မည် မဟုတ်ချေ။

မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်ကံကြမ္မာကျင့်ကြံသူ ရှိနေသော နေရာသို့ ပြေးသွားခဲ့ပြီး သူနှင့် စကားပြောချင်နေခဲ့၏။ ထို့နောက် အလွန်ကြောက်စရာကောင်းသော သတင်းကို ယပ်တောင် (၆)လက်ကျောင်းဆီသို့ သတင်းပို့ချင်နေခဲ့၏။

မည်သို့ဖြစ်စေကာမူ သူ၏လက်ရှိအဆင့်အတန်းက ကောင်းကင်ဘိုးဘေးကိုသာ အကျိုးရှိစေနိုင်သည်။ ထို့ပြင် သူက သတ်ဖြတ်ရေးဓား စုမုန့်ဖြစ်ကြောင်း မည်သူကမျှ မသိပေ။

နံရံနားသို့ ချဉ်းကပ်လာသည့်အချိန်တွင် မုန့်ချီက ကောင်းကင်ကံကြမ္မာကျင့်ကြံသူကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ပေ။ ရှာဖွေကြည့်လိုက်ပြီးနောက် ဘာမျှမတွေ့ခဲ့သည့်အတွက် သူလည်း ခြံဝန်းထဲမှ ထွက်သွားခဲ့၏။

သူက ညအချိန်တွင် ကျောင်းဆောင်ထဲမှ အပြင်ဘက်ကို မထွက်ရဲပေ။ အကယ်၍ ရှန်းမိသားစုမှ ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးများ အပြင်ဘက်၌ ရောက်လာလျှင် ဘာလုပ်ရမည်နည်း။

သူတို့က နေ့ခင်းကြောင်တောင်တွင် ဤနေရာ၌ လူသားများ ရှိနေသည့်အတွက် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူက ဝမ်အန်းမြို့သို့ ဘေးကင်းလုံခြုံစွာ ရောက်နိုင်ပြီး ထိုသတင်းကို ယပ်တောင် (၆)လက်ကျောင်းသို့ ပို့ဆောင်နိုင်သည်။

နတ်ဆိုးအလောင်း (၃)ခုကတော့ သတ်ဖြတ်ခြင်း ရပ်တန့်သူ၏ ခြံဝန်းထဲတွင် ရှိနေခဲ့၏။ မုန့်ချီက အနည်းငယ် တွေဝေနေပြီး သူ၏ ပုံရိပ်ကို ထိန်းသိမ်းရမလား ၊ ကံကြမ္မာအမှတ်များအတွက် ထိုပစ္စည်းများကို ယူဆောင်ရမလား စဉ်းစားနေခဲ့သည်။ သူက ထိုတာအိုသခင်နှစ်ယောက်ကို အန္တရာယ်မပေးနိုင်ကြောင်း သိနေသည့်အတွက် သူ့ပုံရိပ်ကို ထိန်းသိမ်းထားရန် လက်လျှော့လိုက်သည်။

သူက အင်္ကျီလက်ကို မြှောက်လိုက်ပြီး မြွေအရေခွံကို ခွာယူပြီး အသုံးဝင်သော ပစ္စည်းများကို ဖြတ်တောက်ယူလိုက်သည်။ သူက အတော်လေးကို သွက်လက်ဖျက်လတ်နေ၏။

ထိုပစ္စည်းများကို ဝါးဗူး‌လေးထဲတွင် ထည့်လိုက်ပြီးနောက် သူက သေဆုံးနေသော ပိုးကောင်ဝိညာဉ်ကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။

"တာအိုသခင် …

ဒီမှာ တာအိုသခင်ရဲ့ မကောင်းဆိုးဝါးသလင်းကျောက်ပါ..”

သူက ထိုအရာကို သတ်ဖြတ်ခြင်း ရပ်တန့်သူဆီသို့ ပစ်ပေးလိုက်သည်။

သူမက သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်း၍ ပြန်တွန်းလွှတ်လိုက်၏။

"ငါက ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်လိုက်တယ်လို့ မင်းက ငါ့ကို သတိပေးချင်နေတာလား…"

"မဟုတ်ပါဘူး…"

မုန့်ချီက ပထမတွင် အံ့ဩသွားခဲ့သော်လည်း ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။ မကောင်းဆိုးဝါး သလင်းကျောက်ကလည်း သူ့အတွက် ဖြစ်သွားခဲ့၏။

သူက ပိုးကောင်ဝိညာဉ်ဆီမှ အသုံးဝင်နိုင်သော ပစ္စည်းများကို ခွာယူလိုက်ပြီး လက်နှစ်ဖက်ကို ဆေးလိုက်သည်။ ထို့နောက် သူက သစ်သားပုံကြီးပေါ်တွင် သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး တင်ပျဉ်ခွေ ထိုင်နေလိုက်၏။ သူက သူ့အသက်ကို ရင်းပြီး သူမ၏ စကားကို မဖောက်ဖျက်ရဲပေ။ သူက နောက်တစ်နေ့ ရောက်သည့်အချိန်အထိ စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။

အချိန်တော်တော်ကြာပြီးနောက် အာရုံတက်ချိန် ရောက်လာခဲ့သည်။ မုန့်ချီက ခြံဝန်းများနှင့် ခန်းမများကို ဖြတ်ကျော်သွားပြီး တံခါးဆီသို့ ဦးတည်သွားခဲ့၏။ သူက လုကျန်းကို တွေ့ရန် စီစဉ်ထားပြီး သူနှင့်အတူ ယပ်တောင် (၆)လက်ကျောင်းကို သွားရန် တောင်းဆိုချင်နေသည်။

“ရှန်းမိသားစုရဲ့ လျှို့ဝှက်ချက်က ပေါ်လာပြီ။ ဘာလို့ မြေခွေးလေးက ကောင်းကင်ပင်လယ် အရင်းအမြစ်ကနေ မြစ်အရှေ့ပိုင်းကို ထွက်လာရတာလဲ။ ဘာအတွက်လဲ…”

မုန့်ချီက လမ်းလျှောက်နေရင်း တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ သူကတော့ သဲလွန်စများ နည်းပါးမှုကြောင့် မခန့်မှန်းနိုင်ခဲ့ပေ။

“ရှန်းမိသားစုက နတ်ဆိုးတွေ ဖြစ်နေတာပဲ။ ဒါကြောင့်လည်း သူတို့ကို တစ်စုံတစ်ခုက ဖုံးကွယ်ပေးထားတဲ့အတွက် သူတို့ရဲ့ ကံကြမ္မာကို မမြင်ရတာ။ ငါ့ရဲ့စွမ်းရည်တွေက ကျွမ်းကျင်နေပြီလို့ ငါက မထင်ထားခဲ့ဘူး…"

သူ့နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။

မုန့်ချီက စကားပြောသည့် သူကို ပြန်လှည့်ကြည့်လိုက်ပြီး အံ့ဩသွားခဲ့၏။ ထိုအရာကတော့ အဖြူအနက် မုတ်ဆိတ်တစ်ဝက်ဆီ ရှိနေသော ကောင်းကင်ကံကြမ္မာကျင့်ကြံသူဖြစ်သည်။

"တာအိုသခင် …

အဲဒီလိုမျိုး ပြောမနေပါနဲ့။ အဲဒါက အဆင်ပြေလို့လား…"

မုန့်ချီက မသက်မသာ ပြောလိုက်၏။

"မနေ့ညတုန်းက ဘယ်ရောက်နေတာလဲ…."

"ငါက ရှန်းမိသားစုနဲ့ ကျားမိသားစုရဲ့ကံကြမ္မာကို သွားကြည့်နေခဲ့တာ…"

သူက တိတိကျကျ ပြန်ဖြေလိုက်သည်။

ချက်ချင်း ဆိုသလိုပင် မုန့်ချီက စိတ်ဝင်တစား မေးလိုက်၏။

"ဒါဆိုရင် ကျားမိသားစုကလည်း နတ်ဆိုးတွေပဲလား…"

"ကျားမိသားစုထဲမှ ပညာရှင်တစ်ယောက်မှ မရှိဘူး။ ဒါကြောင့် သူတို့က အဲဒီနတ်ဆိုးတွေကို မစစ်ဆေးနိုင်ကြဘူး။ သူတို့ရဲ့ ဂိုဏ်းခွဲတစ်ခုကတောင် နတ်ဆိုးတွေ ရှင်းပစ်တာကို ခံလိုက်ရတယ်။ ပြီးတော့ သူတို့ရဲ့သားတစ်ယောက်ကို နတ်ဆိုး တစ်ယောက်နဲ့ လက်ထပ်ပေးဖို့ တောင်းဆိုခံခဲ့ရတယ်။ သူတို့နှစ်ယောက်ကနေ နတ်ဆိုးတစ်ဝက် ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ အဲဒီကလေးကို ရှန်းလောရွှမ်နဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တာပဲ…"

ကောင်းကင်ကံကြမ္မာကျင့်ကြံသူက ပြောလိုက်သည်။

"မနေ့ညတုန်းက ရှန်းမိသားစုနဲ့ ကျားမိသားစုရဲ့ ဂိုဏ်းခွဲတစ်ခုက သစ်တောကြီးထဲကို ထွက်ပြေးသွားပြီ။ သူတို့ရဲ့ အဆောက်အအုံတွေကလည်း ဘာမှမရှိတော့ဘူး။ အစေခံတွေပဲ အသက်ရှင်လျက် ကျန်ခဲ့တော့တယ်…”

“အပြစ်မဲ့တဲ့ လူတွေ တစ်ယောက်မှ ထပ်မသေတာ ကံကောင်းသွားတယ်…."

မုန့်ချီက စိတ်သက်သာရာရသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

"သူတို့က လူသားတွေ ကြားထဲမှာ သူတို့ရဲ့ နတ်ဆိုးရနံ့ကို ဘယ်လိုနည်းလမ်းနဲ့ ဖုံးကွယ်ထားတာလဲ။ ဝေ့ကျင်းအဆင့် ပညာရှင်တွေလို အစွမ်းထက်တဲ့ လူတွေကတောင် သူတို့ကို မမှတ်မိကြဘူး…"

သူ့ကိုကြည့်ပြီး ကောင်းကင်ကံကြမ္မာကျင့်ကြံသူက အလေးအနက် ပြောလိုက်သည်။

"ငါ မသိဘူး…"

မုန့်ချီက သူ့အဖြေကို မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် ပြန်မေးလိုက်သည်။

"တာအိုသခင် …

ဘာလို့ သူတို့ ထွက်ပြေးတာကို မတားရတာလဲ…"

"သူတို့က ထွက်ပြေးဖို့ ကံပါလာပြီးသားပဲ။ ဒါကြောင့် ငါတားရင်လည်း ဘာမှ ထူးခြားမှာ မဟုတ်ဘူး…"

ကောင်းကင်ကံကြမ္မာကျင့်ကြံသူက နောက်တစ်ကြိမ် ထူးဆန်းသွားပြန်သည်။

မုန့်ချီကတော့ ရှုံ့မဲ့သွားခဲ့၏။ သူက လေးလေးနက်နက် အမူအရာနှင့်ပြောလိုက်သည်။

"တာအိုသခင် …

တာအိုသခင်က ဒီကိစ္စကို ကိုယ်တိုင်ကြုံတွေ့ခဲ့တယ်ဆိုမှတော့ ဒီအဖြစ်အပျက်ကို ယပ်တောင် (၆)လက်ကျောင်းဆီ သတင်းပို့ဖို့ ကံကြမ္မာရှိတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား။ မဟုတ်ရင် ကျွန်တော်က တာအိုသခင်ရဲ့ ကျောင်းဆောင်ထဲကို ထွက်ပြေးခဲ့ပြီး လရောက်အောက်မှာ ဘာလို့ တာအိုသခင်နဲ့ တွေ့ခဲ့ရတာလဲ…"

"ပြောတာ ကောင်းတယ်…"

ကောင်းကင် ကံကြမ္မာကျင့်ကြံသူက ပြန်ပြောလိုက်သည်။ ထို့နောက် သူက လက်ချောင်းလေးများကို ရေတွက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ သူက ချက်ချင်းပင် တောင်အောက်သို့ ဆင်းသွားပြီး မုန့်ချီ၏ ရှေ့မှပျောက်ကွယ်သွားခဲ့သည်။

မုန့်ချီက သူ့အရိပ်ကို စိုက်ကြည့်နေပြီး ပင့်သက်ရှိုက်လိုက်မိ၏။ သူကတော့ တစ်ယောက်တည်း ဟန်ဆောင်ပြီး ယပ်တောင် (၆)လက်ကျောင်းက မည်သို့တုံ့ပြန်မလဲ သိချင်သည့်အတွက် ဝမ်အန်းမြို့ထဲသို့ ခိုးဝင်ချင်နေခဲ့သည်။

ကျောင်းဆောင်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာသည့် အချိန်တွင် သူက တိတ်ဆိတ်သော အခန်းတစ်ခုထဲတွင် ပုန်းနေခဲ့၏။ အပြာရောင် အလင်းတန်းများ ထွက်နေသော်လည်း သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက မည်းမှောင်နေခဲ့သည်။ အလင်းရောင်နှင့် အသံများအားလုံးကလည်း ပျောက်ကွယ်နေခဲ့၏။

သူက မည်သည့်အရာကိုမျှ မမြင်ရသလို မည်သည့်အရာကိုမျှ မကြားနိုင်ပေ။ ထို့နောက် သူက သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ပတ်ပတ်လည်သို့ စစ်ဆေးကြည့်လိုက်၏။ သို့သော် မည်သည့်အရာကိုမျှ မတွေ့ရပေ။

သူ့ပြိုင်ဘက်က အမှောင်ထဲတွင် လုံးဝ ပျောက်ကွယ်နေသလို ထင်မှတ်ရ၏။ သူ့ရင်ထဲ၌ အန္တရာယ် အငွေ့အသက်တစ်ခု ခံစားလိုက်ရသော်လည်း ယမန်နေ့ညထက် ပို၍ဘေးကင်းသလို ခံစားနေရသေးသည်။

သူက တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူ၏စိတ်ဝိညာဉ်နှင့် အခန်းကို စစ်ဆေးကြည့်လိုက်ရာ စားပွဲခုံ ၊ စာအုပ်စင်နှင့် ပန်းချီကား စသည့်အရာများ အသေးစိတ် ပေါ်လာခဲ့သည်။

သူ့မျက်လုံးနှင့် နားများက အလုပ် မလုပ်သော်လည်း မမြင်နိုင်သော နယ်ပယ်သို့ ဝင်ရောက်သွားသည့်အချိန်တွင် တစ်စုံတစ်ခု ထူးဆန်းကြောင်း သိနေသည် ။ အမှောင်ထဲတွင် တစ်စုံတစ်ခုရှိနေပြီး မရေမတွက်နိုင်သော လက်သည်းများက သူ့ဆီကို ရောက်လာနေသလို ထင်မှတ်ရ၏။ မည်သည့်အရာက အစစ်အမှန် ၊ မည်သည့်အရာက အတုဖြစ်ကြောင်း သူလည်း မပြောနိုင်ပေ။

မုန့်ချီက လက်နှစ်ဖက်ကို ထိန်းချုပ်ထားခဲ့ပြီး တည်ငြိမ်အောင် ပေါင်းစပ်ထားလိုက်သည်။ သူက မမြင်နိုင်သော နယ်ပယ်နှင့် တည်ငြိမ်ခြင်း တံဆိပ်တို့ကို အားကိုးပြီး အခြေအနေကို စစ်ဆေးကြည့်နေခဲ့သည်။ သူက တိုက်ခိုက်သူ၏ လှုပ်ရှားမှုများကို မသိသလို မည်သို့ တုံ့ပြန်ရမှန်းလည်း မသိချေ။ သို့သော် တိုက်ခိုက်မှုတိုင်းကို တုံ့ပြန်တိုက်ခိုက်ရမည်ဖြစ်သည်။

တိုက်ခိုက်သည့်အသံများ ဆက်တိုက် ထွက်ပေါ်လာနေပြီး သူက အမှောင်ထဲတွင် ရှိနေသော ရန်သူကို ရင်ဆိုင်နေရသည်။ တိုက်ခိုက်မှုများက ပတ်ပတ်လည်မှ ရောက်လာနေသော်လည်း သူကတော့ မလှုပ်မယှက် ရပ်နေခဲ့၏။ တစ်ချိန်တည်းတွင် သူက တိုက်ခိုက်သူကို စစ်ဆေးကြည့်နိုင်ခဲ့သည်။

“မြေခွေးဘုရင်တိုင်ရှန် …”

သူက မြောင်လင်တွင် ရှိနေစဉ်ကထက် ပို၍ အစွမ်းထက်နေခဲ့၏။ သူ၏ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကလည်း ပွင့်သွားပုံ ရသည်။ အရေးအကြီးဆုံး အရာကတော့ သူက လူသားနှင့်ကောင်းကင်း တစ်သားတည်းအဆင့်ကို သုံးပြီး လျှို့ဝှက်ဆန်းကြယ်မှု တချို့ကို ဖန်တီးနိုင်ပုံရ၏။

သူက မုန့်ချီကို သတိထားမိသည့်အတွက် ဤနေရာကို ရောက်လာခြင်းပေလော။ သို့မဟုတ် သူက မုဆိုးသက်သက်ပေလော။

Translated by Hein Htet

All Chapters