← Chapters

အခန်း (၃၉၄)

Vol. 27 Ch. 394

အခန်း (၃၉၄)

Vol. 27 Ch. 394

မြစ်အရှေ့ပိုင်းတွင် ရှိနေသော ရင်မြို့က အလွန်စည်ကားသိုက်မြိုက်သော နေရာတစ်ခုဖြစ်သည်။ မြူခိုးမိုးတောင်တန်းကြီး၏ အဆုံးမရှိ လှပသော အလှတရားများ ၊ ယွဲ့ဟူတွင် ရှိနေသော မိန်းမလှလေးများ၏ အသုံးအဆောင် ပစ္စည်းများ ၊ လမ်းတလျှောက်တွင် ရှိနေသော မိတ်ကပ်ပစ္စည်းများနှင့် ရှည်လျားလွန်းလှသော တျန်းရွှေမြစ်ကြီး၊ စားစရာများ ၊ အရက်များ၏ မွှေးပျံသော ရနံ့များက မြို့တစ်ခြမ်းနီးပါးကို ဖုံးလွှမ်းထားခဲ့သည်။

ထို့နောက် သမ္ပာပဒ ကျောင်းဆောင်ထဲမှ အမွေးတိုင် ရနံ့များ ထွက်ပေါ်လာပြီး နှလုံးတည်ငြိမ်ရေး ကျောင်းဆောင်၏ ခြံဝန်းထဲတွင်တော့ မြက်အိမ်လေးများ ရှိနေသည်။ မြစ်အရှေ့ပိုင်း၏ နာမည်ကျော် လုစာအုပ် ကျောင်းတော်နှင့် သစ္စာရှိပြီး တရားမျှတသော ယွဲ့ဟွာဂိုဏ်း၊ နှစ်ထောင်ပေါင်းများစွာ အမွေအနှစ်ရှိသော အထက်တန်းလွှာမိသားစုများစွာ ရှိနေကြသည်။

ကျန်းစီရင်စုထဲတွင်တော့ ထိုမြို့က ကွမ်လင်းမြို့ ပြီးလျှင် ဒုတိယအကြီးဆုံးလည်း ဖြစ်သည်။ ဝေ့ကျင်းအဆင့် ပညာရှင်အရေအတွက်ချင်း ယှဉ်လိုက်မည်ဆိုလျှင်လည်း မိုးနှင့်မြေ ပမာ ကွာခြားလွန်းလှ၏။

မြစ်အရှေ့ပိုင်းတွင် နာမည်ကျော် မြို့တစ်မြို့ဖြစ်သော ရင်မြို့ကို ရေလမ်းမှလည်း ပတ်ပတ်လည်သို့ ဆက်သွယ်ထားသည်။ ထိုနေရာတွင် အလျားလိုက်နှင့် ဒေါင်လိုက် ဆက်သွယ်ရေး ပုံစံမျိုးရှိနေပြီး လွတ်မြောက်ရန် ခက်ခဲသော ပိုက်ကန်ကြီးတစ်ခုဟုလည်း နာမည်ကျော်ကြားသည်။

မြစ်ထဲတွင် လှေစီးလာမည်ဆိုလျှင် ရေစီးကြောင်းများကို ကြည့်ရှုခံစားနိုင်ပြီး အဖြူရောင်နံရံများ၊ အနက်ရောင်အုတ်များနှင့် ကြေးနီရောင် တံခါးလက်ကိုင်များ ၊ ထိုအရာများအားလုံးကို ပေါင်းစပ်လိုက်မည်ဆိုလျှင် အလွန်များပြားသော အလှတရားများကို တွေ့ရပါလိမ့်မည်။

ဆောင်းရာသီ ရောက်လာသည့်အချိန်တွင်တော့ ထိုကဲ့သို့ ပတ်ဝန်းကျင် အလှတရားများကို ရှာဖွေရန် ခက်ခဲသည်။ သို့သော် နှစ်သစ်ကို ရောက်တော့မည် ဖြစ်သည့်အတွက် ကမ်းနဖူးတွင် မီးအိမ်လေးများ ၊ မီးပုံးလေးများကို တွေ့နေရသည်။ ထိုနေရာတစ်ခုလုံးက အလွန်တောက်ပစွာ လှပနေပြီး ကောင်းကင်ပေါ်သို့ နဂါးငွေ့တန်းများ ကျရောက်လာသည့်အလား ရေမျက်နှာပြင်ပေါ်တွင် အလင်းပြန်နေသည့်အတွက် အလွန်လှပသော မြင်ကွင်းများ ပေါ်လာခဲ့သည်။

မုန့်ချီက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်ကို ချိတ်ထားသည်။ သူက လှေငယ်လေးတစ်စီးပေါ်တွင် ထိုင်နေပြီး သူ့ရှေ့တွင်တော့ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ ဘေးနှစ်ဖက်တွင်တော့ လှေကြီးများ ရှိနေပြီး ရေစုန်ကို ဆင်းလာသည့် လှေကြီးများ ရှိသလို ရေဆန်ကို တက်သွားသော လှေကြီးများလည်း ရှိသည်။

မကြာခဏဆိုသလို ရယ်သံများကို ကြားနေရ၏။ အလွန်ကျယ်လောင်သော တေးဂီတသံများ ၊ သောက်စားပျော်ပါးနေသော အသံများကိုလည်း ကြားနေရ၏။ လေထဲတွင် မွှေးရနံ့များလည်း ပျံ့နှံ့နေပြီး နေ့အချိန်အလား ပတ်ပတ်လည်တွင် လင်းထိန်နေခဲ့သည်။ ထိုအရာက တျန်းရွှေမြစ်ကို နာမည်ကြီးစေသော (၃)မိုင် အင်မော်တယ် နယ်မြေလည်း ဖြစ်သည်။

မုန့်ချီက ပတ်ပတ်လည်ကို စိတ်ဝင်တစားကြည့်နေခဲ့၏။ မကြာခဏဆိုသလို လှေကြီးများက ကမ်းစပ်တွင် ရှိနေသော အိမ်များဆီသို့ ဆိုက်ကပ်သွားကြသည်။ သူကတော့ ရေစီးကြောင်းအတိုင်း စုန်ဆင်းလာပြီး အခြေအနေ တစ်ရပ်လုံးကို သဘောကျနေခဲ့၏။

မကြာခဏဆိုသလို လှေကြီးများက လှေငယ်လေး၏ ဘေးနှစ်ဖက်မှ နေ၍ ဖြတ်ကျော်သွားသည်။ လှေပေါ်တွင် ရှိနေသော သိုင်းလောကသားများကတော့ မိန်းမပျိုများကို ဖက်ထားပြီး အောက်ဘက်တွင် ရှိနေသော အရာများကို ဂရုမစိုက်သည့်အတွက် မုန့်ချီက ပင်လယ်ထဲတွင် ထူးခြားသော တည်ငြိမ်မှုကို ခံစားနေရသည်။

လှေငယ်လေး၏ အလယ်တွင် ထိုင်နေသော မုန့်ချီက အဘိုးအိုကိုကြည့်ပြီး ပြုံးလိုက်၏။

"အဘိုး

ကျွန်တော်က ရင်မြို့ကို ပထမဆုံး ရောက်လာတယ်ဆိုတော့ သေချာပေါက် သွားလည်ရမယ့် နေရာမျိုးရှိလား… "

လှေသမားအဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။

"ဒါကတော့ လူလေးက ဘယ်လိုအရာမျိုးကို ကြိုက်လဲဆိုတဲ့အပေါ် မူတည်တယ်လေ။ တကယ်လို့ ဗုဒ္ဓကို အရိုအသေပေးချင်တယ်ဆိုရင်တော့ သမ္ပာပဒ ကျောင်းဆောင်ကို သွားကြည့်သင့်တယ်။ အဲဒီနေရာမှာ တရားဓမ္မ အဟောကောင်းတဲ့ ဘုန်းကြီးတွေ ရှိတယ်။ တကယ်လို့ မူလအရင်းအမြစ်တွေကို အရိုအသေပေးပြီး လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုရင်တော့ မြောက်ပိုင်းတောင်တန်းကြီးပေါ်ကို တက်ပြီး နှလုံးတည်ငြိမ်ရေးကျောင်းဆောင်မှာ မနက်စောစော ရေနွေးကြမ်းသောက်သင့်တယ်။ အဲဒါက ပျော်စရာကောင်းတယ် မဟုတ်လား … "

မုန့်ချီက ခဏကြာ မှင်တက်သွားခဲ့ပြီး ရယ်လိုက်သည်။

"အဘိုး …

အဘိုးက အဲဒီလိုအရာမျိုးကိုတောင် အကြံပေးနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ မြစ်အရှေ့ပိုင်းက လူတွေက စာပေဗဟုသုတပြည့်စုံတယ်လို့ ကြားဖူးတယ်။ ဒီနေ့တော့ ကျွန်တော်လည်း ယုံလိုက်ရပြီပေါ့…"

အဘိုးအိုက အလွန်နှံ့စပ်ကျွမ်းကျင်သော စာသင်သားတစ်ယောက်၏ အမူအရာမျိုး ရှိသည်။ သူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြောလိုက်၏။

"အဲဒီအရာတွေကတော့ အဘိုး ငယ်ငယ်တုန်းက လုစာအုပ်ကျောင်းတော်မှာ ရက်အနည်းငယ်ကြာ လေ့လာခဲ့ဖူးလို့ပါ။ တကယ်လို့ လူလေးကသာ သူတော်စင်တွေရဲ့ စကားကို အလေးထားမယ်ဆိုရင်တော့ လုစာအုပ်ကျောင်းတော်က သွားလည်ဖို့ မဆိုးတဲ့နေရာတစ်ခုပဲ။ အလယ်ခေတ်လောက်တုန်းက အစေခံတစ်ယောက်က လေးနက်တဲ့ အဓိပ္ပာယ်ရှိတဲ့ ပုံပြင်တွေ မျှဝေခဲ့ဖူးတယ်။ အဲဒီအရာတွေ ပျက်စီးမသွားခင်တုန်းကတော့ သူက ကျိုးနိုင်ငံ ဝမ်မိသားစုနဲ့ တစ်တန်းတည်း ရှိနေတဲ့ အတွေးအခေါ်ဂိုဏ်းတစ်ခု အချိန်အကြာကြီး တည်ထောင်ခဲ့ဖူးတယ်…"

"ကျွန်တော်ကတော့ ဒေသနာတွေအကြောင်း ကြားတဲ့အချိန်တိုင်း ခေါင်းကိုက်တယ်…"

မုန့်ချီက စနောက်သလို ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်က စားစရာတွေကိုပဲ ပိုပြီးစိတ်ဝင်စားတာ.."

"စားစရာလား … ဒါဆိုရင်တော့ မင်းက ကျောင်းဆောင်တွေဆီ သေချာပေါက် သွားလည်ရမယ်။ အဲဒီနေရာမှာ သူတောင်းစား ကြက်သား ၊ ယွဲ့ဟူ ငါးအချိုချက်နဲ့ မြူခိုးမိုးတောင်တန်းရဲ့ အထူးအရက်တစ်ခွက်ကို သောက်သင့်တယ်။ တကယ်လို့ အဲဒီအရသာကို လူလေး မကြိုက်ဘူးဆိုရင်တောင် အနည်းဆုံးတော့ လူလေးရဲ့မိတ်ဆွေတွေကို ပြောပြလို့ရတာပေါ့…"

အဘိုးအိုက မှတ်ချက်ပေးလိုက်သည်။

ထို့နောက် သူက လမ်းမများပေါ်တွင် ရောင်းချသော စားကောင်းသောက်ဖွယ်ရာများ အားလုံးကို ပြောပြနေပြီး သူပြောနေသည့် အရာများအားလုံးကလည်း အတော်လေး စိတ်ဝင်စားစရာကောင်း၏။

အချိန်ခဏကြာပြီးနောက် သူက သတိပြန်ဝင်လာသည်။ မုန့်ချီကတော့ သူ့ကို အပြုံးနှင့် စိုက်ကြည့်နေခဲ့၏။

"လူလေးက သိုင်းလောကသား တစ်ယောက် မဟုတ်လား…"

သူက မုန့်ချီ၏ ခါးတွင် ရှိနေသော ထူးခြားသည့် ဓားရှည်ကို ကြည့်လိုက်သည်။

"အဘိုးက အမြင်စူးရှတာပဲ…"

မုန့်ချီက ချီးကျူးလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဝံ့ကြွားမှု အနည်းငယ်ရှိနေ၏။

အဘိုးအိုက သက်ပြင်းချလိုက်သည်။

"ဒီအဘိုးကြီးကတော့ လူလေးလို သိုင်းလောကသားတစ်ယောက်ကို လုံးဝမတွေ့ဖူးသေးဘူး.."

"ဘာလို့ အဘိုးက အဲဒီလိုစကားမျိုး ပြောရတာလဲ…"

အဘိုးအိုက သူ့ကို အထင်ကြီးနေသည်ဟု သူက ခံစားမိသည်။ တခဏအတွင်း သူက အဘိုးအို၏ ချီးကျူးမှုကို နားထောင်ရန် မတ်မတ်ထိုင်လိုက်၏။ သူ့အပြုံးကတော့ အနည်းငယ် ပွင့်လင်းနေပုံရသည်။

"ဝေ့ကျင်းအဆင့် ပညာရှင်တွေကို ဖယ်လိုက်မယ်ဆိုရင် တခြားသိုင်းလောကသားတွေက မျက်လုံးကို တည့်တည့်စိုက်ကြည့်ဖို့ အရမ်းစိုးရွံ့ကြတယ်။ တချို့ကတော့ ဝိုးတဝါးပဲ အပေါ်ယံပုံစံမျိုးနဲ့ စကားပြောကြတာ။ တချို့ကတော့လည်း အေးတိအေးစက် တုံ့ပြန်ကြတယ်။ သူတို့က ကမ္ဘာကြီးရဲ့ အရေးကိစ္စတွေကို စိတ်မဝင်စားဘူး။ မဟုတ်ရင် သူတို့က ယဉ်ကျေးပျူငှာဖို့ကို သိကြရမှာပေါ့။ ဒီလိုမတူညီတဲ့ ပုံစံတွေ အများကြီးထဲမှာ လူလေးလို လူမျိုးကတော့ အရမ်းရှားတယ်။ တစ်ချိန်လုံး ပြုံးနေတဲ့ သိုင်းလောက သူရဲကောင်းတစ်ယောက်ပေါ့။ ဒီလိုလူမျိုးကို တွေ့ဖို့လည်း အရမ်းခက်တယ်..”

အဘိုးအိုက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

လှေပေါ်သို့ တက်လာသည့် အချိန်ကတည်းကစပြီး ထိုလူငယ်လေးက အပြုံးနှင့် ရှိနေပြီး လှုပ်ရှားနေသော မြင်ကွင်းများ ၊ ဖြတ်ကျော်သွားသော လူအုပ်ကြီးများနှင့် တခြားအရာများကို ကြည့်နေခဲ့သည်။ သူ၏ စကားကလည်း ချိုသာယဉ်ကျေးပြီး ထူးခြားသော အပြုံးတစ်ခုရှိ၏။ သူနှင့်အတူ ရှိနေရခြင်းက အတော်လေးကို ကောင်းမွန်သည်ဟု ခံစားရသည်။

"ကျွန်တော်က ခံစားချက် အရမ်းပြင်းထန်တယ်လို့ ကျွန်တော့်ရဲ့ ဆရာက ပြောခဲ့ဖူးတယ်…"

ချီးကျူးမှုကို ကြားသည့်အခါ မုန့်ချီက ရင်ထဲတွင် ရယ်လိုက်မိ၏။

ထိုအချိန်တွင် သူက အနီးအနားတွင် ရှိနေသော ဆူညံသံများကြောင့် မော့ကြည့်လိုက်ရာ ဖြတ်သွားသော လှေကြီးတစ်စီးကို တွေ့လိုက်ရသည်။ ထိုလှေပေါ်တွင်တော့ မျက်လုံးပိတ်ပြီး ဓားနှင့် ကစားရသော နည်းလမ်းကို သခင်လေးများက ကစားနေကြသည်။

သူတို့၏ စွမ်းရည်ကြောင့် သူတို့က ထိုလူများကို အကြိမ်ပေါင်းများစွာ အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့သည်။ သူတို့၏ ရယ်သံလေးများလည်း ထွက်ပေါ်လာနေခဲ့၏။

"နှစ်သစ်ကူးခါးနီးနေတာကိုတောင် ဒီလောက်ထိ အေးနေတာကတော့ မယုံနိုင်စရာပဲ။ ရင်မြို့ကြီးက သိုင်းလောကသားတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ပိုပြီးပူသင့်တာ.."

မုန့်ချီက ရယ်လိုက်သည်။

လှေသမားအဘိုးအိုက ပြောလိုက်၏။

"အဲဒါက ဒီနှစ်ပါပဲ။ အရင်တုန်းကတော့ ဒီလိုမျိုး မဟုတ်ဘူး။ လူငယ်မှတ်တမ်းမှာ နံပါတ်(၁)ဖြစ်တဲ့ ကိုယ်ပျောက်ဓား ဟယ်ကျူးက ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းမှာ စားသောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက လူငယ်မှတ်တမ်းက ပညာရှင် အနည်းငယ်ကိုလည်း တက်ရောက်ဖို့ ဖိတ်ထားတယ်လေ။ ဒါကြောင့် သိပ်မကြာခင် အတောအတွင်း သိုင်းလောကသားတွေ ရှုပ်ထွေးနေတာ။ သခင်လေးတွေ၊ သခင်မလေးတွေကလည်း အဲဒီပွဲကို ကြည့်ဖို့ရောက်လာကြတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဘေးကနေ ကြည့်ခွင့်ရမယ်ဆိုရင်တောင် တန်တယ်လေ။ အဲဒီလှေတွေကလည်း သူတို့တွေ ငှားထားကြတာပေါ့…"

သူက မေးငေါ့ပြလိုက်သည်။

“ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲက ဒီလောက်ထိ စိတ်ဝင်စားခံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ…”

မုန့်ချီက ပြောလိုက်မိသည်။

“ပုံမှန်အားဖြင့် ဝေ့ကျင်းအဆင့်ဆိုတာက ဟိုမှ ဒီမှ ပျံသန်းနိုင်တဲ့ တခြားကမ္ဘာတစ်ခုလိုပဲလေ။ ဒါကြောင့် သူတို့တွေ အနည်းစုကသာ သိုင်းလောကမှာ ကျင်လည်ဖို့ မြင်းတွေ စီးသွားကြတယ်။ သူတို့က သာမန်လူတွေ မဟုတ်တဲ့အတွက် အဘိုးတို့က သူတို့တွေနဲ့ ဆက်ဆံမှု မရှိဘူးလေ။ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်ကို တွေ့ဖို့အခွင့်အရေးတောင် အရမ်းနည်းတယ်။ ဒါကြောင့် ဒီလူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တွေရဲ့ ပြိုင်ပွဲက သိုင်းလောကထဲမှာတော့ ကြီးမားတဲ့ ကိစ္စကြီးတစ်ခုပဲ။ ဒါကြောင့် သိုင်းလောကသား အများစုကို စိတ်ဝင်စားစေခဲ့တာ…”

သိုင်းပညာများ တိုးတက်ဖွံဖြိုးခဲ့သော ခေတ်တစ်ခုတွင် နေထိုင်ခဲ့သည့်အတွက် အဘိုးအိုကတော့ သူ စိတ်ဝင်စားသည့် အရာများကို ပြောပြခဲ့သည်။ သူက ချောင်းဟန့်ပြီး လှော်တက်နှစ်ခုကို ခတ်နေရင်း ပြောလိုက်၏။

"ဝေ့ကျင်းအဆင့် ပညာရှင်တွေက ပြိုင်ဘက်ကင်းပြီး ကောင်းကင်သိစိတ်တွေတောင် ရှိတယ်လို့ သိကြတယ်။ ဒါပေမဲ့ သူတို့တွေက သာမန်မဟုတ်ဘူးဆိုတာ သိတာတော့ ကြာပါပြီလေ…"

"ဒါဆိုရင် ဒါက ဝေ့ကျင်းအဆင့် ပညာရှင်တွေအပေါ် သာမန်လူတစ်ယောက်ရဲ့ အမြင်လား… "

မုန့်ချီက အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး အနားသို့ ရောက်လာသော လှေကြီးကို စိုက်ကြည့်လိုက်သည်။

လှေပေါ်တွင်တော့ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က လက်ရန်းကို ကိုင်ပြီး ဘေးသို့အန်ချလိုက်သည်။ မုန့်ချီက သူ့ကို ကြည့်နေကြောင်း မြင်သည့်အခါ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ဘာကြည့်နေတာလဲ။ တကယ်လို့ မင်းမှာ ကိုယ်ပိုင်လှေ ငှားဖို့ အရည်အချင်းရှိတယ်ဆိုရင် သွားငှားလိုက်လေ။ အားကျမနေနဲ့… "

မုန့်ချီက ရယ်လိုက်ပြီး တိတ်တဆိတ်သာ နေခဲ့၏။

လှေသမားအဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။

"လူလေး …

လူလေးက သိုင်းလောကသား အများစုနဲ့ မတူဘူး။ တကယ်လို့ လူလေးနေရာမှာသာ သူတို့ဆိုရင် သေချာပေါက် တိုက်ခိုက်နေရလောက်ပြီ.."

"ဟုတ်တယ် … ဒါက သဘာဝပါပဲ…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"လူသားတစ်ယောက်ဖြစ်တဲ့အတွက် ခွေးတစ်ကောင်က လာဟောင်တဲ့ အချိန်မှာ ပြန်ဟောင်သင့်တာလား ဒါမှမဟုတ် ပြန်ကိုက်ရမှာလား… "

"ဒါလည်း ဟုတ်ပါတယ်လေ။ ပညာရှင်တစ်ယောက်ကတော့ ခွေးတစ်ကောင်လို အဆင့်ရှိတဲ့ လူတွေနဲ့ ဖက်ပြီးတော့ ရန်မဖြစ်သင့်ဘူး…"

လှေသမားအဘိုးအိုက ရုတ်တရက် နားလည်သွားခဲ့သည်။ ထိုအပြောင်းအလဲကလည်း အတော်လေး ကောင်းမွန်သည်ဟု ခံစားမိခဲ့သည်။

ထိုစကားကို ကြားသည့်အခါ မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူက အလေးအနက် အမူအရာနှင့်ပြောလိုက်၏။

"ဒါကြောင့်လည်း ကျွန်တော်က ကျောက်ခဲတစ်ခုယူပြီး အဝေးကနေပဲ လှမ်းပစ်ချင်တာ…"

အဘိုးအိုကတော့ နားမလည်နိုင်သလို ခံစားနေရသည်။ ယခုအချိန်တွင် လှေကြီးနှင့် သူတို့၏ လှေငယ်လေးက အတော်လေး အလှမ်းဝေးသွားပြီဖြစ်၏။ ထိုအချိန်တွင် မုန့်ချီက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ သူ့လက်ထဲမှ သစ်သားစငယ်လေး တစ်ခုထွက်သွားသည်ကို မြင်လိုက်ရသည်။ ထိုသစ်သားစငယ်လေးက ခရမ်းဝတ်လူငယ်လေး၏ ရှေ့တည့်တည့်တွင် ကျသွားခဲ့၏။

"ဖြောင်း… "

ခရမ်းဝတ်လူငယ်လေးက နောက်ဘက်သို့ လန်ကျသွားခဲ့ပြီး ကျိန်ဆဲသံများလည်း ရပ်တန့်သွားခဲ့သည်။

"အဲဒီလိုမျိုးလေ … "

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။ လှေသမားအဘိုးအိုကတော့ တစ်စုံတစ်ခု ပြောချင်နေသော်လည်း ပြောစရာ စကားမရှိချေ။

ခရမ်းဝတ် လူငယ်လေးက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး သူ၏ အဖြစ်အပျက်ကို သူ့အဖော်များသိအောင် ပြန်ပြောလိုက်သည်။ အရက်သောက်ထားသော သခင်လေးများ၏ မျက်နှာက အရှက်တရားကြောင့် နီရဲလာပြီး ထိုလှေငယ်လေး၏ နောက်သို့ လိုက်သွားရန် ညွှန်ကြားလိုက်သည်။ မည်သို့ဖြစ်စေကာမူ သူတို့က ထိုလှေငယ်လေးပေါ်တွင် ရှိနေသော လူငယ်ကို သင်ခန်းစာ ပေးရမည်ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ လှေသမား အဘိုးအိုက အလွန်စိုးရိမ်သွားခဲ့၏။ သို့သော် အလွန်တည်ငြိမ်နေသော မုန့်ချီကို မြင်သည့်အခါ သူ၏ ခံစားချက်များကလည်း နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့သည်။

လှေကြီးက ရွက်လွှင့်လာပြီး တခဏအတွင်း လှေငယ်လေးကို မီလာခဲ့၏။ ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သော သခင်လေးများက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး လှေပေါ်သို့ ခုန်တက်ရန် ပြင်ဆင်နေကြသည်။

ထိုအခိုက်တွင် လှေငယ်လေးက ကျောက်တုံးတံတားတစ်ခုကို ကျော်သွားပြီး ထိုတံတားပေါ်တွင်တော့ လူအနည်းငယ် ရှိနေသည်။ တစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်ချောင်းကို သယ်ဆောင်ထား၏။ သူ၏မျက်နှာက လေးထောင့်ဖြစ်ပြီး ထူးခြားသည့် လက္ခဏာမျိုး မရှိချေ။

သို့သော် သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေထုက မာကျောနေပြီး ဓားအိမ်ထဲတွင် ရှိနေသော ဓားကတော့ ထူးခြားနေသည်။ မုန့်ချီက သူ့နောက်တွင် ရှိနေသော သခင်လေးများကို အလေးမထားခဲ့ပေ။ သူက တံတားပေါ်တွင် ရှိနေသော လူများကို စိုက်ကြည့်ပြီး ရုတ်တရက် ငြိမ်သက်သွားခဲ့၏။ ထိုအရာက တိုက်ဆိုင်နေခြင်းလည်း ဖြစ်သည်။

မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲဆောင်မှုကြောင့် ဓားရှည်နှင့် လူငယ်ကလည်း မုန့်ချီကို စိုက်ကြည့်လိုက်၏။ သူတို့က အကြည့်ချင်း ဆုံသွားကြ၏။

"အဆုံးမဲ့ဓား ရန်ချုံ လား..”

“သတ်ဖြတ်ရေးဓား စုမုန့်လား … "

သူတို့၏ အကြည့်ထဲတွင် ဓားချီစွမ်းအင်များ ပါဝင်နေသည်။ မုန့်ချီ၏ နောက်ဘက်တွင် ရှိနေသော မြစ်ကြီးက ဆူညံသံများ ပေါက်ကွဲလာပြီး လှိုင်းလုံးများက လှေကြီးကို ရိုက်ခတ်သွား၏။

မုန့်ချီကတော့ အပြုံးနှင့် ရှိနေပြီး လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။ ရန်ချုံကလည်း ခေါင်းညိတ်ပြလိုက်ပြီး အဆင့်တူ ပြိုင်ဘက်တစ်ယောက်၏ အမူအရာနှင့် ပြောလိုက်၏။

"ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းမှာ တွေ့ကြမယ်…"

ထို့နောက် သူက ပြန်လှည့်ပြီး အံ့ဩမှင်တက်နေသော သူ့အဖော်များကို တစ်စုံတစ်ခု ပြောလိုက်သည်။ သူတို့က ကျောက်တုံးတံတား၏အစွန်သို့ လျှောက်သွားကြ၏။ သူ့အဖော်များထဲတွင် လူငယ်များ ၊ မိန်းမပျိုများ ပြည့်နှက်နေပြီး သူတို့ကတော့ အံ့ဩမှင်တက်နေသော အမူအရာနှင့်စိုက်ကြည့်နေကြသည်။

"အဲဒါက သတ်ဖြတ်ရေးဓား စုမုန့်လား … "

အရက်မူးနေသော သခင်လေးများကလည်း သူတို့ဆီကို ရောက်လာသော လေလှိုင်းများကြောင့် ချက်ချင်းကို မွန်းကြပ်သွားခဲ့ကြသည်။ ရပ်နေသော လူငယ်နှစ်ယောက်၏ အကြောင်းကို တွေးလိုက်မိသည့်အခါ သူတို့က တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားခဲ့၏။ ထို့နောက် သူတို့က လှေသမားကို ပြန်လှည့်ရန် အလျင်အမြန် ညွှန်ကြားလိုက်သည်။

အဘိုးအိုက ရေရွတ်လိုက်၏။

“လူလေးက တကယ့်အစစ်အမှန် ပညာရှင်တစ်ယောက်ပဲ…”

မုန့်ချီက သူ၏ချီးကျူးမှုကို တိတ်တဆိတ် လက်ခံလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိထားမိခဲ့၏။ သူက လှည့်ကြည့်လိုက်ရာ နောက်ထပ် လှေကြီးတစ်စီးက ရေစုန်ကို ဆင်းလာကြောင်း တွေ့လိုက်ရသည်။

ထိုလှေကြီးကတော့ ရိုးရှင်းပြီး ထူးခြားမှုမရှိပေ။ အတွင်းထဲတွင် အလင်းရောင်များ ထွက်ပေါ်နေခဲ့၏။ ထိုလှေ၏ အခန်းတစ်ခုတွင် ရှိနေသော ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည့်အချိန်တွင် အထဲတွင် ရှိနေသောလူက ပေါ်လာခဲ့၏။

သူမကတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများက အလွန်နက်ရှိုင်းလှသည်။ ထိုမျက်လုံးလေးများက ညအချိန်ကောင်းကင်ပေါ်၌ ရှိနေသော ကြယ်များကဲ့သို့ ထင်မှတ်ရ၏။ ထိုမျက်လုံးများထဲတွင် ခံစားချက်များ ၊ ရူးသွပ်စေနိုင်သော အစွမ်းများ သယ်ဆောင်ထားသလို ထင်မှတ်ရသည်။

"နတ်ဆိုးမ … ကူရှောင်စန်း …

သူလည်း ပေါ်လာပြီဆိုတော့ တကယ် အံ့ဩဖို့ ကောင်းသွားပြီ…"

သူမက မုန့်ချီကို ကြည့်ပြီး ပြုံးပြလိုက်သည်။ သူမ၏အနားတွင်တော့ ကလေးမလေး တစ်ယောက်ရှိနေပြီး သူမ၏မျက်နှာလေးက ပန်းရောင် ပြောင်းလဲနေသည်။ သူမကိုတော့ အနီရောင်စောင်နှင့် ပတ်ထား၏။

သူမ၏လှေကြီးက ရေစုန်တွင် စီးဆင်းလာခြင်းဖြစ်သည့်အတွက် မျက်စိတမှိတ်အတွင်း လှေငယ်လေးနှင့် နီးကပ်လာသည်။

မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"နတ်ဆိုးမ ကူရှောင်စန်းက ဒီကို ရောက်လာပြီ…"

ထိုအချိန်တွင် ကူရှောင်စန်းက ကလေးမလေးကို သူမဆီသို့ လှမ်းခေါ်လိုက်၏။ ထိုအချိန်တွင် ကလေးမလေးကလည်း မုန့်ချီကို ကြည့်ပြီး တီတီတာတာနှင့် အော်ခေါ်လိုက်သည်။

"ဖေဖေ … "

မုန့်ချီက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။ သူက မည်သည့်အရာကို အော်လိုက်မိမှန်းပင် မေ့လျော့သွားခဲ့သည်။ လှေကြီးကတော့ တူးမြောင်းထဲသို့ ဝင်သွားခဲ့သည့်အတွက် ပျောက်ကွယ်သွားခဲ့၏။

လှေသမားအဘိုးအိုကလည်း မည်သည့်အရာများ ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။ သူက မေးရန် ပြင်လိုက်စဉ် လူငယ်လေးကတော့ အံ့ဩမှင်တက်နေကြောင်း တွေ့လိုက်ရလေ၏။

Translated by Hein Htet

All Chapters