← Chapters

အခန်း (၃၉၆)

Vol. 27 Ch. 396

အခန်း (၃၉၆)

Vol. 27 Ch. 396

မုန့်ချီ၏ နဖူးပေါ်တွင် ရှိနေသော သွေးကြောများက ဒေါသကြောင့် ဖောင်းတတ်လာခဲ့သည်။ နတ်ဆိုးမကို ပြန်လည်တုံ့ပြန်လိုသော ခံစားချက်များ ရှိနေသော်လည်း သူကတော့ စကားလုံးနှင့် ပြန်လည်မတိုက်ခိုက်သင့်ကြောင်း ကိုယ့်ကိုယ်ကိုယ် အကြိမ်ပေါင်းများစွာ သတိပေးနေရ၏။

"အစ်ကိုချီက သူ့ရဲ့လက်ထဲမှာ ရှိနေသေးတယ်…”

နောက်ဆုံးတွင်တော့ သူက ရှုပ်ထွေးလာသော ခံစားချက်များကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီး ကလေးနှင့် ပတ်သက်သော အရာကို အလေးမထားတော့ပေ။

သူက လေးလေးနက်နက် မေးလိုက်၏။

"မိန်းကလေး ရှောင်စန်း …

အစ်ကိုချီ ဘယ်နေရာမှာလဲ။ ဘာလို့ သူက အန္တရာယ်ကြုံနေရတာလဲ…"

ကူရှောင်စန်းကတော့ နာကျင်သွားသယောင် ဟန်ဆောင်လိုက်သည်။ သူမက နှုတ်ခမ်းဆူ၍ ပြောလိုက်၏။

"ယောင်္ကျား …

ဘာလို့ သူစိမ်းတွေလို ခေါ်နေရတာလဲ။ ငါ့ကို ချစ်ဇနီးလေးလို့ပဲ ခေါ်ရမှာ မဟုတ်ဘူးလား…"

"ပြောရတာ တော်တော်ခက်တာပဲ။ နင်က စိတ်ကစင့်ကလျား ရောဂါ မရရင်တောင် သေချာပေါက် ဇဝေဇဝါဖြစ်နေတာပဲ…."

မုန့်ချီကတော့ စိတ်ထဲတွင် တစ်ယောက်တည်း တွေးနေမိသည်။

သူက သူမကို နောက်တစ်ကြိမ် မေးတော့မည့်အချိန်တွင် သူမ၏ အမူအရာက တည်ငြိမ်သွားခဲ့၏။ သူမက သူ့ကို ကြည့်ပြီး ချစ်စဖွယ် အမူအရာနှင့် ပြောလိုက်သည်။

"အခု ဒီနေရာမှာ စကားပြောဖို့ မလုံခြုံဘူး။ နောက်ထပ် ရက်အနည်းငယ်လောက် နေမှ အခွင့်အရေးရှာပြီး စကားပြောကြတာပေါ့။ တချို့အရာတွေနဲ့ ပတ်သက်လာရင် ယောင်္ကျားက မိန်းမရဲ့ စကားကိုတောင် မယုံဘူး။ ဒါပေမဲ့ အစ်ကိုချီဆိုရင်တော့ သံသယမဝင်ဘူး မဟုတ်လား…."

သူမ၏ အမူအရာက ဝမ်းနည်းသွားသလို ထင်မှတ်ရ၏။

"အစ်ကိုချီ ဆိုတာ ဘာကိုပြောချင်တာလဲ…"

မုန့်ချီက ရှုံ့မဲ့ပြီး တုံ့ပြန်လိုက်သည်။ သူကတော့ ထိုအဖြေကို မရမချင်း မေခွန်းကို အဆုံးသတ်မည့်ပုံ မပေါ်ပေ။

ကူရှောင်စန်းက အလွန်တည်ငြိမ်သော အမူအရာနှင့် သူ့အနားကို ကပ်လာခဲ့သည်။ သူမက တည်ငြိမ်စွာ အကြံပေးလိုက်၏။

“နင်က ရက်အနည်းငယ်အတွင်း အိမ်ထဲမှာပဲ နေတာ ပိုကောင်းတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ဆက်ပြီး မနေနဲ့တော့။ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို ဖြစ်နိုင်သမျှ မြန်မြန်သွားတော့…."

သူမက နောက်ဆုံး စကားများ ပြောလိုက်ပြီးနောက် တံခါးကို ဖွင့်ပြီးထွက်သွားခဲ့သည်။ သူမဆီမှ မွှေးပျံ့သော ရနံ့မျာသာ ကျန်နေတော့၏။

မုန့်ချီက အံ့ဩစွာ ငြိမ်သက်နေခဲ့ပြီး ထွက်ခွာသွားသော ကူရှောင်စန်း၏ အရိပ်ကို စဉ်းစားကြည့်နေခဲ့သည်။ သူ သတိဝင်လာသည့်အချိန်တွင်တော့ သူမနှင ပတ်သက်သောအရာအားလုံးက ပျောက်ကွယ်သွားခဲ့ပါပြီ။

အရုဏ်တက်ချိန်တွင် ရုတ်တရက် တွေ့လိုက်ရခြင်း ဖြစ်သည့်အတွက် သူက ကူရှောင်စန်း၏ အစစ်အမှန် စွမ်းအားကို သတိမထားမိခဲ့ပေ။ သူမ၏ပုံစံက သာမန်သာ ထင်မှတ်ရသော်လည်း လှုပ်ရှားမှုများကတော့ တံခါး (၉)ပေါက်အဆင့် ပညာရှင်များနှင့် လုံးဝကို ကွဲပြားမှု မရှိချေ။

သူမဆီတွင် သဘာဝ အငွေ့အသက်များ ၊ ကမ္ဘာမြေကြီး၏ အနှစ်သာရများ မရှိဘဲ ဝမ်စစ်ယွမ်တို့ကဲ့သို့ အရှိန်အဝါမျိုးကို စစ်ဆေးရန် ခက်ခဲနေသည်။ ထိုအကြောင်းပြချက်ကြောင့်လည်း သူမက အလွန်ကြောက်စရာ ကောင်းနေရခြင်းဖြစ်၏။

သူကိုယ်တိုင်က သိုင်းလောကတွင် လူသစ်တစ်ယောက်အဖြစ် စတင်ခြေချလိုက်သည့် အချိန်တွင် သူမကတော့ တံခါး (၈)ပေါက် ပွင့်နေပြီးသား ဖြစ်သည်။ သူက နောက်ပိုင်း ခရီးလမ်းတွင် အံ့ဩစရာကောင်းသော အရာများကြောင့် ချောမွေ့စွာ တိုးတက်လာခဲ့သော်လည်း သူမ၏တိုးတက်မှုကလည်း နိမ့်ကျနေခြင်း မရှိ‌ပေ။

ကောင်းကင်ခုံရုံး ကွင်းဆက်တာဝန်တွင် သူမက ဆန်းကြယ်နတ်သမီး ဆက်ခံသူကို လိုက်လံရှာဖွေပြီး သတ်ပစ်ခဲ့သည်။ ကောင်းကင် (၉)သွယ် အပျက်အစီးမှ သူမ၏ အတွေ့အကြုံများ ၊ အကျိုးအမြတ်များက သူ့ထက် နည်းပါးလိမ့်မည် မဟုတ်ချေ။

သူမက ထူးချွန်ထက်မြက်သော စွမ်းရည်များ ၊ အရင်းအမြစ်များကြောင့် တံခါး (၈)ပေါက်အဆင့်ကို ရရှိနေခဲ့သည်မှာ ကြာနေပြီဖြစ်သည့်အတွက် သူမက တံခါး (၉)ပေါက်အဆင့် ပညာရှင်တစ်ယောက် လုံးဝ မဖြစ်နိုင်တော့ပေ။ သူမက လူသားနှင့် ကောင်းကင် တစ်သားတည်း အဆင့်ကို ရောက်နေသည်ဟု ပြောမည်ဆိုလျှင်ပင် လက်ခံနိုင်ဖွယ်ရာ ရှိသည်။ သို့မဟုတ် သူမက ဝေ့ကျင်း တစ်ဝက်အဆင့် သို့မဟုတ် ဝေ့ကျင်းအဆင့်ကိုပင် ရောက်နေနိုင်၏။

သူမက တိုးတက်မှုကို လုံးဝ ပြသခဲ့ခြင်း မရှိသည်မှာ အတော်လေး ရူးချင်စရာ ကောင်းလွန်းလှ၏။ သူမဆီတွင် လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်ကို ဖုံးကွယ်နိုင်သော စွမ်းရည်ရှိနေခြင်းပေလော။

သူကတော့ ကူရှောင်စန်းကို ခြေရာခံရန် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို သုံးလိုက်သည်။ သို့သော် မည်သည့်အရာကိုမျှ မတွေ့ရပေ။ ထိုအချိန်တွင် သူ့နားထဲ၌ ဆည်းလည်းသံကဲ့သို့ ရယ်သံလေးကို ကြားလိုက်ရ၏။

"ယောကျ်ား …

နင်က ဒီလိုပုံစံ ဆက်ပြီး ဝတ်နေတဲ့အတွက် ငါ အရမ်းပျော်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက နင့်ရဲ့ရင်ထဲမှာ ရှိနေတဲ့အတွက် နင့်ကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ..”

သူမ၏ အသံက လေထဲတွင် ထွက်ပေါ်လာသည့်အတွက် သူလည်း အလွန်ထိတ်လန့်သွားခဲ့သည်။ သူမက ဝေးဝေးကို မရောက်သေးသော်လည်း သူမ၏ ခြေရာလက်ရာများကို လုံးဝ သတိမထားမိခဲ့ပေ။

သူမ၏စကားလုံး နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသည့် အချိန်တွင် သူက ဝတ်ဆင်ထားသော အနက်ရောင်ဝတ်စုံကို စိုက်ကြည့်လိုက်မိပြီး မျက်နှာပျက်သွားခဲ့၏။ သူက တိတ်တဆိတ် ရေရွတ်လိုက်သည်။

"နင့်ရဲ့ ပုံစံက တော်တော်ဆိုးတာပဲ…"

ကူရှောင်စန်းက သူ့အတွက် စစ်သည်တော်ကဲ့သို့ ပုံစံကို ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ ခံစားချက်များကို ဘေးဖယ်ထားလိုက်ပြီး သူကတော့ နောက်ဆုံး သတိပေးချက်ကို စဉ်းစားနေခဲ့၏။

"အစ်ကိုချီက အန္တရာယ်ရှိနေပြီ။ ပြီးတော့ အိမ်ထဲမှာ နေတာကို သတိထားပြီး ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို အမြန်သွားခိုင်းနေတယ်။ တစ်ယောက်ယောက်က ငါ့ကို ပစ်မှတ်ထားနေတာများ ဖြစ်နိုင်မလား။ ဒီမကောင်းဆိုးဝါးမကများ ကစားနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါက ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို သွားရမှာပဲလေ။ ငါ့အတွက်တော့ အခုသွားတာပဲဖြစ်ဖြစ် နောက်ကျမှ သွားတာပဲဖြစ်ဖြစ် ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ အထူးသဖြင့် မကောင်းဆိုးဝါးတွေရဲ့လက္ခဏာကိုတော့ ဘာမှမတွေ့ဘူး…"

မုန့်ချီက လူတစ်ယောက်၏ ထင်မြင်ချက်အပေါ် ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိချေ။ ထိုအရာက ကူရှောင်စန်းဆီမှ စကားလုံးဖြစ်သော်လည်း အလိမ်အညာတစ်ခုဖြစ်မည်ဟု သူက မယုံနိုင်ပေ။ သူက စကားလုံးတိုင်းကို သေချာစုံစမ်းစစ်ဆေးပြီး အခြေအနေကို သုံးသပ်ကြည့်လိုက်ပြီးနောက် အမှန်တရားကို ဆုံးဖြတ်နိုင်သည်။

သူက ခဏကြာ စဉ်းစားကြည့်လိုက်ပြီး အထုတ်အပိုးများနှင့် ကောင်းကင်ပြစ်ဒဏ်ဓားကို သယ်လိုက်သည်။ ထို့နောက် အခန်းစားပွဲပေါ်တွင် ငွေစအနည်းငယ် ချန်ထားခဲ့ပြီး တည်းခိုခန်းထဲမှ ထွက်၍ ယွဲ့ရေကန် ကမ်းစပ်ဆီကို ဦးတည်သွားခဲ့သည်။

ပျော်ရွှင်ခြင်းတိမ်တိုက် တောင်တန်းဟူသော စကားလုံးဖြစ်နေသော်လည်း အရှေ့ပင်လယ် ဓားကျေးရွာ၏ စံအိမ်က မြို့၏ အပြင်ဘက်တွင် မရှိချေ။ ထိုအရာက ရင်မြို့၏ အနောက်မြောက်ထောင့်တွင် ရှိနေသော ယွဲ့ရေကန်နှင့် မြူခိုးမိုးတောင်တန်း၏ အနားတွင် တည်ရှိနေသည်။ တခြားအရာများနှင့် မတူသည်မှာ ယွဲ့ရေကန်က မြူခိုးမိုးတောင်တန်းနှင့် ရင်မြို့ကြီးကို ဝိုင်းပတ်ထားသည့်အတွက် အလွန်ကျယ်ပြန့်ကြီးမားသော မြို့ကြီးကို ပို၍ ပေါ်လွင်စေနိုင်သည်။

ယပ်တောင် (၆)လက်ကျောင်းဆီမှ သတင်းများအရ မြို့နံရံများတွင် အကာအကွယ် စွမ်းအင်များ ရှိနေသည်ဟု သိထားရသည်။ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းက တစ်ဖက်တွင် တောင်တန်းများ ဝန်းရံနေပြီး တခြားတစ်ဖက်တွင်တော့ ရေများ ဝန်းရံနေသည်။ ထိုအရာက သဘာဝ အရံအတားများကဲ့သို့ ဖြစ်နေ၏။ သာမန်ဥယျာဉ်များ ၊ ပန်းခြံများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုအရာက အတော်လေး အရိုင်းဆန်သည်။

ညပိုင်း အလွန်နောက်ကျနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ မုန့်ချီက တံခါးကို ခေါက်လိုက်သည်။

ခဏကြာပြီးနောက် ပင်မတံခါးကြီး၏ အနားတွင် ရှိနေသော တံခါးလေးက ပွင့်သွားခဲ့၏။ အပြာရင့်ရောင် ဝတ်ဆင်ထားသော အစေခံအိုကြီးတစ်ယောက်က တံခါးထဲမှ ခေါင်းပြူထွက်လာခဲ့၏။

"သခင်လေး …

ဒီလိုအချိန်ကျမှ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို အလျင်စလို ရောက်လာရတဲ့ အကြောင်းအရင်း ရှိလို့လား…"

ထူးခြားသော မုန့်ချီ၏ အခြေအနေကို သတိထားမိသည့်အတွက် သူက တလေးတစား မေးလိုက်သည်။

"ငါက စုမုန့်ပါ။ ငါ့ကို ဖိတ်ခေါ်ထားတာ…"

မုန့်ချီက ဖိတ်ကြားစာကို ထုတ်ပြလိုက်သည်။ အစေခံအိုကြီးက ဖိတ်ကြားစာကို ကြည့်လိုက်ပြီး ချက်ချင်းပင် ပြုံးလိုက်၏။

"ဪ … သခင်လေးစုပါလား။ ကျွန်တော်က တောင်တန်းသခင်ကို သခင်လေး ရောက်လာတဲ့ အကြောင်း ချက်ချင်း သတင်းပို့လိုက်ပါ့မယ်…"

သူက မုန့်ချီကို ဧည့်ကြို ခန်းမထဲသို့ ခေါ်သွားခဲ့ပြီး အတွင်းထဲသို့ဝင်၍ အလျင်အမြန် သတင်းသွားပို့လိုက်သည်။ ထို့နောက် သူက အပြုံးနှင့် ပြန်လှည့်လာခဲ့၏။

"သခင်လေးစု … ကျွန်တော်တို့ရဲ့သခင်လေးကလည်း သိုင်းပညာ မလေ့ကျင့်သေးဘူး။ သူက ကောင်းကင်ဓားချီ ခန်းမထဲကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…"

"ဟယ်ကျူးက တော်တော်လေးကို ယဉ်ကျေးတာပဲ…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အဘိုးအို၏ နောက်မှလိုက်၍ ခန်းမကြီးထဲမှ ထွက်သွားခဲ့သည်။ ထို့နောက် ရေကန်လေး ရှိနေသော ကျောက်တုံးဥယျာဉ်ကို ဖြတ်ကျော်ပြီး အနက်ရောင်သံများနှင့် တည်ဆောက်ထားသော ခန်းမ တစ်ခုထဲသို့ ခေါ်သွားခဲ့၏။

သူက ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ဓားချီစွမ်းအင်များကို ခံစားလိုက်ရသည်။ ထိုနေရာတွင် ဓားပေါင်းတစ်သောင်းကျော် သိမ်းဆည်းထားသလို ထင်မှတ်ရ၏။ သူက သေချာကြည့်လိုက်သည့်အချိန်တွင် ဤနေရာ၌ မည်သည့်အရာမျှ မရှိချေ။ တိုင်လုံးများ ၊ နံရံများ ၊ သာမန်စားပွဲများနှင့် ထိုင်ခုံများသာ ရှိသည်။

ထိုနေရာတွင်တော့ ထိုင်နေသော လူတစ်ယောက်ရှိ၏။ သူက အသက် (၂၄) ၊ (၂၅)အရွယ်သာ ရှိသေးပြီး အရပ်ရှည်ရှည်နှင့် သန်မာထွားကျိုင်းသည်။ သူ့ဆီတွင် ဖြောင့်တန်းသော မျက်ခုံးနှင့် နက်ရှိုင်းသော မျက်လုံးများရှိ၏။ သူ၏ ရုပ်ရည်က ထူးခြားမှု မရှိသော်လည်း အပြုံးနှင့် ထိုင်နေသည့်အချိန်တွင် သူရဲကောင်း တစ်ယောက်၏ အစွမ်းထက်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

သူ့ရှေ့တွင် ရပ်တည်နိုင်သော အရာရှိပုံမရချေ။ မည်သည့်ရန်သူကမျှ သူ့ကို ကြောက်လန့်အောင် မလုပ်နိုင်ပေ။ သူ၏အငွေ့အသက်များကသာ အနည်းငယ် ပို၍ အစွမ်းထက်မည်ဆိုလျှင် သူ့ပုံစံက ရူးသွပ်သွားနိုင်သည်။ သူ့ပုံစံက အနည်းငယ် အားနည်းနေမည်ဆိုလျှင်လည်း သတိထားမိလိမ့်မည် မဟုတ်ချေ။ သူ၏ အငွေ့အသက်များက မှန်ကန်နေ၏။

မုန့်ချီ၏မျက်လုံးထဲတွင်တော့ ဟယ်ကျူးကလည်း ကူရှောင်စန်းကဲ့သို့ သာမန်တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူက မျက်လုံးနှင့်နားကို မှိတ်လိုက်ပြီး တည်ငြိမ်ခြင်း နှလုံးသားကျင့်စဉ်ကိုသုံး၍ မမြင်နိုင်သော နယ်ပယ်သို့ ဝင်ရောက်လိုက်မည်ဆိုလျှင်တော့ ဟယ်ကျူး၏ ရှေ့တွင် ဓားချီစွမ်းအင် အမြောက်အများကို အာရုံခံမိပါလိမ့်မည်။ စွမ်းအင်များကို ရှူသွင်းနေပြီး ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များကို ဆက်တိုက် ဖယ်ထုတ်နေသည်။

ဟယ်ကျူးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လည်ပင်းအနားတွင် ပတ်တီးစီးထားသည်။

"တောင်တန်းသခင်ဟယ် … ဒဏ်ရာရထားတာလား…"

မုန့်ချီက သူ့ကို နှုတ်ဆက်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။

ဟယ်ကျူးက အရှေ့ပင်လယ် ဓားကျေးရွာ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူ့အဖေ ဟယ်ပကတော့ နေရာကို ကိုယ်စားထိန်းသိမ်းထားသူ တစ်ယောက်သာ ဖြစ်သည်။ သူ့အဘိုး ဟယ်ချီကလည်း ပြင်ပရေးရာ ကိစ္စများကို စိတ်မဝင်စားတော့သည်မှာ ကြာခဲ့ပါပြီ။

ဟယ်ကျူးက အားရပါးရရယ်လိုက်ပြီး စိုးရိမ်နေခြင်း မရှိဘဲ ပြန်ဖြေလိုက်၏။

"မနေ့တုန်းက မြေခွေးဘုရင်ရောက်လာပြီး ငါ့ကို သူ့လက်သည်းနဲ့တိုက်ခိုက်ခဲ့တယ်။ ငါက သူ့ကို ဓားနဲ့ (၃)ချက် ပြန်ပြီးတိုက်ခိုက်ခဲ့တယ်…"

“မြေခွေးဘုရင်က ဒီနေရာကို မြန်မြန်ဆန်ဆန် ရောက်လာတာပဲ…”

မုန့်ချီက ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်သည်။ သူက မြောင်လင်ကို ကွေ့ပတ်လာပြီး မြေခွေးဘုရင်နှင့် တွေ့ဆုံရန် အခွင့်ကောင်းကို ရှာဖွေနေခဲ့သည်။

ဟယ်ကျူးက ထိုင်လုံတစ်ခုကို လက်ညှိုးထိုးပြပြီး မုန့်ချီကို ထိုင်ရန်ပြောလိုက်၏။ သူကတော့ သာမန်ကိစ္စတစ်ခုကို ပြောနေသည့်အလား ပြောလိုက်သည်။

"သူက ဒီနေရာကို မြန်မြန်ရောက်လာတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက ငါ ထင်ထားသလောက် မဟုတ်ပါဘူး။ သူက ငါ့ကို ဒဏ်ရာနည်းနည်းပဲ ပေးနိုင်တယ်။ ငါ့ရဲ့တိုက်ခိုက်မှု (၃)ခုကို ရင်ဆိုင်လိုက်ရတယ်ဆိုတော့ သူလည်း ရင်မြို့ထဲမှာ ဒဏ်ရာကို ပြန်ပြီးကုသနေရလောက်တယ်…"

ဟယ်ကျူးက ထိုကိစ္စကို ရိုးရှင်းစွာ ပြောပြနေသည်။ ထိုအရာက လူငယ်မှတ်တမ်းထဲရှိ ထိပ်တန်းစစ်သည်တော်တစ်ယောက်ကို ဖယ်ထုတ်နိုင်သော တိုက်ပွဲမျိုးလည်းဖြစ်၏။

"ငါ နားလည်ပြီ… "

မုန့်ချီက စိတ်ဝင်စားခြင်း မရှိတော့ပေ။ သူက ထိုအခွင့်အရေးကို အရယူပြီး မြေခွေးဘုရင်ကို မြစ်အရှေ့ပိုင်းတွင် ထာဝရ မြှုပ်နှံပစ်ရန် စဉ်းစားခဲ့၏။ သူ့ပြိုင်ဘက်က အားနည်းနေသည့်အချိန်တွင် သတ်ပစ်ရမည်ဖြစ်သည်။

ဟယ်ကျူးက သူ၏အောင်မြင်မှုကို ဝင့်ကြွားနေခြင်း မရှိခဲ့‌ပေ။ အကြမ်းဖျင်း ပြောပြလိုက်ပြီးနောက် သူက အပြုံးနှင့် ပြောလိုက်၏။

"လူအများစုကတော့ ပျော်ရွှင်ခြင်းတိမ်တိုက် တောင်တန်းမှာ နေရတာကို စိတ်ကသိကအောင့် ဖြစ်ကြပြီး နောက်ဆုံးနေ့မရောက်မချင်း ဘယ်သူမှ မလာချင်ကြဘူး။ ဒါပေမဲ့ မင်းကတော့ ပွင့်ပွင့်လင်းလင်း ရောက်လာတယ်။ ငါက မင်းကို တကယ်ပဲ လေးစားသွားပြီ သတ်ဖြတ်ရေးဓား …မင်းက နာမည်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်…"

"ဒီနေရာမှာ နေလိုက်မယ်ဆိုရင် ငါက ငွေကုန်ကြေးကျ သက်သာ‌တယ်လေ…"

မုန့်ချီက သူ့ကိုကြည့်လိုက်ပြီး သူ၏အမူအရာက လေးနက်မှု မရှိပေ။

ဟယ်ကျူးကတော့ ရှုံ့မဲ့သွားခဲ့ပြီး သူ၏ရဲတင်းမှုကိုလည်း သဘောကျသွားခဲ့၏။ သူက စားပွဲခုံကို ပုတ်ပြီး ရယ်လိုက်သည်။

"ရိုးသားပြီး ထူးဆန်းတယ်။ ငါက မင်းနဲ့ လက်ရည်စမ်းဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ အစောကြီး လုပ်လိုက်မယ်ဆိုရင် ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲက ပျက်သွားနိုင်တယ်…"

သူက ရိုးရိုးသားသားပြောလိုက်သည်။

"ဒါကြောင့် မင်းက ဒီရက်တွေအတွင်း ကိုယ့်ကိုယ်ကိုယ် သတိထားနေပြီး မင်းရဲ့ အခြေအနေတွေကို အမြင့်ဆုံး မြှင့်တင်ထားဖို့ မျှော်လင့်ပါတယ်…"

"ဒါဆိုရင် ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲမှာ စိန်ခေါ်မှုတွေ တကယ်ပဲ ရှိလာမှာပေါ့…"

မုန့်ချီက ခေါင်းငုံ့ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

ထို့နောက် သူတို့က သိုင်းပညာများ အကြောင်းကို စတင်ဆွေးနွေးနေကြ၏။ သိုင်းကွက်များ ၊ ချီစွမ်းအင် လှုပ်ရှားမှုများအကြောင်း ခေါင်းစဉ်ပြောင်းလာသည့် အချိန်တွင် သူတို့က အလွန်ဝမ်းသာနေကြပြီး တစ်ယောက်ချင်းဆီ၏ ဂုဏ်သတင်းက ထိုက်တန်သည်ဟု ခံစားမိကြသည်။

ဟယ်ကျူးက မုန့်ချီနေထိုင်ရန် အရည်ပျော်နှင်းကျောင်းဆောင်ထဲ၌ စီစဉ်ပေးခဲ့၏။ ထိုကျောင်းဆောင်က မြစ်နှင့် နီးကပ်နေသည့်အတွက် မြင်ရေပြင်ပေါ်တွင် ကျဆင်းနေသော လမင်းကြီးနှင့် တခြားပုံရိပ်များကို ကြည့်နေနိုင်သည်။ ထိုအရာက မတူညီသော ကမ္ဘာကြီးများကဲ့သို့ ဖြစ်နေ၏။

မုန့်ချီက တံခါးနှင့် ပြတင်းပေါက်များကို စစ်ဆေးလိုက်ပြီးနောက် အိပ်ရာပေါ်တွင် လှဲလိုက်သည်။ သူက အရိုးကြွက်သား အားဖြည့်ကျင့်စဉ်ကို စတင်လေ့ကျင့်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုပြိုင်ဘက်ကင်း သိုင်းပညာက ပို၍ ထူးခြားနေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။ ဓားမောက်ပညာဖြစ်စေ ဓားရှည်ပညာဖြစ်စေ အသစ်သင်ယူထားခဲ့သော လက်ဝါးပညာရပ်များဖြစ်စေ သူက နှစ်ပေါင်းများစွာ လေ့လာထားသည့်အလား ခံစားလာရပြီး ခိုင်မာသော အုတ်မြစ်များ ရရှိခဲ့သည်။

သူ၏ ချီစွမ်းအင်များကလည်း တိုးတက်လာပြီး သန့်စင်မှုအသစ်များ ၊ စွမ်းအားအသစ်များ ရရှိလာ၏။ ကောင်းကင်ဓားကျင့်စဉ်၊ အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကဲ့သို့ ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းပညာများကပင် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့၏။

သူတို့က တဖြည်းဖြည်းပို၍ ကောင်းမွန်လာနေပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ အရေးကြီးဆုံး အရာကတော့ သူ လေ့ကျင့်နေသော သိုင်းပညာများက နှစ်ဆပို၍ မြန်လာခဲ့၏။

ပရမ်းပတာ အစီအစဉ်မကျ ဖြစ်နေရာမှ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး သူနှင့် အပြင်ဘက်ကမ္ဘာကြီးက လုံးဝကို ကွဲကွာသွားခဲ့သည်။ သူကတော့ နွေးထွေးသော ရေလှိုင်းများ လွှမ်းခြုံနေသည့်အလား အလွန်သက်သောင့်သက်သာ ရှိသလို ခံစားနေရ၏။

အရိုးကြွက်သား အားဖြည့်ကျင့်စဉ်ကို လေ့ကျင့်ပြီးသွားသည့်အချိန်တွင် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ မြစ်ထဲတွင် မြစ်ရေများ စီးဆင်းလာသည့်အလား ချီစွမ်းအင်များက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ထဲသို့ ဝင်ရောက်လာပြီး အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့သည်။

"ဒုန်း … "

သူ၏ ချန်းရင်သွေးကြောထဲတွင် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ ထိုသွေးကြောမှတ်က ပွင့်သွားခဲ့သည့်အတွက် သူ၏အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်က လက်ရှိအဆင့်အထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

သူ၏အရေပြားထဲမှနေ၍ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေပြီး သူ့ကို အဆုံးမဲ့ချီစွမ်းအင်များ ထောက်ပံ့ပေးနေသလို ခံစားနေရသည်။ သူ၏ ကောင်းကင်ပြစ်ဒဏ်ဓားကပင် ပို၍ပေါ့ပါးလာသလို ခံစားနေရ၏။ ကျင့်စဉ်တိုးတက်မှုကို စဉ်းစားမိသည့်အခါ သူ၏ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က တံခါး (၉)ပေါက်အဆင့်သို့ ရောက်လာပြီးနောက် အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကိုသာ ဆက်လက်လေ့ကျင့်ရန် စတင် အာရုံစိုက်ထားခဲ့၏။ သူက လေပူများကို မှုတ်ထုတ်လိုက်သည်။ အရိုးကြွက်သား အားဖြည့်ကျင့်စဉ်ကြောင့်သာ သူက ယနေ့ချိန်အထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

မုန့်ချီက မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများက လေးနက်နေ၏။ မျက်လုံးထဲတွင်လည်း ဆက်တိုက်ပြောင်းလဲနေပြီး တောက်ပသော အလင်းရောင်များ တောက်ပနေသည်။

ပျော်ရွှင်ခြင်း တိမ်တိုက်တောင်တန်းတွင် တစ်ရက်အကြာ နေခဲ့ပြီးနောက် ဝမ်ကိုက်က မုန့်ချီဆီကို ရောက်လာပြီး သူ့ကို ပြိုင်ပွဲသို့ ခေါ်သွားခဲ့၏။ ရင်မြို့ထဲတွင် ရှိနေသော သိုင်းပညာပြိုင်ပွဲက စတင်ပါတော့မည်။ ယခုတစ်ကြိမ်တွင်တော့ သူက ပြိုင်ပွဲဝင် အနေနှင့်မဟုတ်ဘဲ ဧည့်သည် ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ရမည်ဖြစ်၏။

ပြောရမည်ဆိုလျှင်တော့ ဧည့်သည်ဖြစ်သည့်အတွက် သူက အကြီးအကဲများ ၊ နယ်မြေခံပညာရှင်များအတူ ထိုင်ရမည်ဖြစ်ပေသည်။

Translated by Hein Htet

All Chapters