← Chapters

အခန်း (၃၉၇)

Vol. 27 Ch. 397

အခန်း (၃၉၇)

Vol. 27 Ch. 397

ယခုတစ်ကြိမ် ကျင်းပသော ရင်မြို့၏သိုင်းပညာပြသပွဲက အချိုးအကွေ့များစွာ ဖြစ်ပေါ်လာပြီးနောက် ယပ်တောင် (၆) လက်ကျောင်း၏ လေ့ကျင့်ရေးကွင်းတွင် ကျင်းပမည်ဟု နောက်ဆုံး ဆုံးဖြတ်ခဲ့ကြသည်။

ပထမဦးဆုံး တည်နေရာက ကြည့်ရှုပြီး မှတ်ချက်ပေးရန် သင့်တော်သော နေရာမျိုး ဖြစ်ရန် လိုအပ်သလို မြို့ထဲသို့ ရောက်လာသော သိုင်းလောက သူရဲကောင်းများအတွက် သင့်တော်သည့် အကျယ်အဝန်းရှိရန်လည်း လိုအပ်သည်။

ဒုတိယတစ်ချက်ကတော့ ကျင်းပရာနေရာက ယွဲ့ဟွာဂိုဏ်းနှင့် လုစာအုပ်ကျောင်းတော်ကဲ့သို့ အထက်တန်းလွှာမိသားစုများ ကြားထဲတွင် ပြဿနာမတက်နိုင်သည့် နေရာမျိုးလည်း ဖြစ်သင့်သည်။ သူတို့အားလုံးက နာမည်ဂုဏ်သတင်း ကျော်ကြားစေရန်အတွက် ပြိုင်ပွဲကို သူတို့၏ကိုယ်ပိုင် ပိုင်နက်ထဲတွင် ကျင်းပချင်ခဲ့သည်။

မည်သူကမျှ လက်မလွှတ်ချင်သည့်အတွက် ထိုပြိုင်ပွဲကို ကြားနေဖြစ်သော ယပ်တောင် (၆)လက်ကျောင်းက ကျင်းပပေးရ၏။ ယခုတစ်ကြိမ်တော့ လူငယ်ပြိုင်ပွဲဝင်များသာ ပါဝင်သည့်အတွက် မည်သည့်ဝေ့ကျင်းအဆင့် ပညာရှင်ကမှ စိန်ခေါ်မှုကို ပါဝင်၍ မရနိုင်ပေ။

သို့သော် သူတို့က ထိုပြိုင်ပွဲကို အလေးထားနေကြသေး၏။ သူတို့၏အဖိုးတန် တပည့်များက အမှားလုပ်မိလိုက်မယ်ဆိုလျှင် ဆိုးကျိုးများ ရရှိနိုင်ပြီး သူတို့ကိုယ်တိုင် ပျက်စီးသွားနိုင်သည်။

ထို့ကြောင့် မုန့်ချီက အတော်လေးကို တည်ငြိမ်နေခဲ့ပြီး ကူရှောင်စန်း၏ သတိပေးချက်ကိုလည်း စိုးရိမ်နေခြင်း မရှိပေ။ သူ့ကို မည်သူက ပစ်မှတ်ထားနေစေကာမူ သူ့ကို ထိခိုက်အောင် လုပ်သွားသူက သေချာပေါက် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က လုပ်ကြံရာတွင် ကျွမ်းကျင်သူတစ်ယောက် သို့မဟုတ် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဆိုလျှင်ပင် မလွယ်နိုင်ပေ။

သို့သော် ထိုကဲ့သို့ ပညာရှင်များကလည်း မြစ်အရှေ့ပိုင်း ဝမ်မိသားစုအတွက်တော့ အဖိုးတန်သည်ဟု သတ်မှတ်နိုင်သည်။ သူတို့က မုန့်ချီကဲ့သို့ လူတစ်ယောက်အတွက် သူတို့၏ ပညာရှင်များကို စတေးလိမ့်မည် မဟုတ်ချေ။

လေ့ကျင့်ရေးကွင်းသို့ ရောက်လာခဲ့သည့်အချိန်တွင် စင်မြင့်များအားလုံးပေါ်၌ သိုင်းလောကသားများ ပြည့်နှက်နေခဲ့သည်။ လူငယ် လူကြီး အစုံဖြစ်၏။ အများစုကတော့ ပျော်ပွဲရွှင်ပွဲတစ်ခုကို လာရောက်ကြည့်ရှုသလိုဖြစ်နေပြီး တချို့ကတော့ နောက်ပိုင်းတွင် နှီးနှောဖလှယ်၍ ရစေရန် ဖြစ်သည်။

စင်မြင့်တစ်ခု၏ အလယ်တွင် အနက်ရောင် ထိုင်ခုံ (၄) ခုက လွတ်နေပြီး သူတို့၏ရှေ့တွင်တော့ စားပွဲများ ရှိနေသည်။ စားပွဲပေါ်တွင်တော့ ရေနွေအိုးများ ၊ ရေနွေးခွက်များနှင့် စားစရာများ ရှိနေ၏။

"ငါက ဘယ်ထိုင်ခုံမှာ ထိုင်ရမှာလဲ…"

မုန့်ချီက တစ်ယောက်တည်း တွေဝေစွာ စဉ်းစားနေမိ၏။ သူ့ဘေးတွင် ရှိနေသော ဝမ်ကိုက်ကိုလည်း သူ့အတွေးကို မပြောနိုင်ခဲ့ပေ။

"ငါတို့ (၄) ယောက်က အဲဒီနေရာမှာ ထိုင်ရမှာ။ ပြီးတော့ ငါတို့က ပြိုင်ပွဲကို ညွှန်ကြားဖို့အတွက် တာဝန်ရှိတယ်။ မိ မိသားစုကတော့ ကျန်တာတွေကို တာဝန်ယူပါလိမ့်မယ်…"

ဝမ်ကိုက်က တာဝန်ရှိရှိ ရှင်းပြလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ဝမ်ကိုက်နှင့်အတူ ရပ်နေခဲ့၏။ ထိုအချိန်တွင် စင်မြင့်ပေါ်၌ ရှိနေသော သိုင်းလောကသားများက သူတို့ (၂) ယောက်ကိုကြည့်ပြီး အသည်းအသန် ဆွေးနွေးနေကြသည်။

လူတစ်ယောက်၏ ဂုဏ်သတင်းက သစ်ပင်ကြီးတစ်ပင်၏ အရိပ်ကဲ့သို့ ဖြစ်သည်။ ယခု မုန့်ချီက လောကတစ်ခွင်လုံးတွင် နာမည်ကျော်ကြားသော လူတစ်ယောက်ဟု သတ်မှတ်နိုင်၏။ မည်သို့ဖြစ်စေကာမူ တောင်ထိပ်ကျောင်းဆောင်၏ရှေ့တွင် ဖြစ်ပျက်ခဲ့သော တိုက်ပွဲအကြောင်းကို မည်သူကရော မကြားဖူးဘဲ နေမည်နည်း။

"ကြိုက်တဲ့ထိုင်ခုံမှာ ထိုင်လို့ရတယ်…"

ဝမ်ကိုက်က ထိုင်ခုံများကို လက်ညှိုးထိုးပြပြီး ပြုံးလိုက်သည်။ သူ့ပုံစံက တည်ငြိမ်အေးချမ်းနေပုံရ၏။

မုန့်ချီက ထိုင်ခုံကိုကြည့်ပြီး ပြုံးလိုက်သည်။

"ကျွန်တော်က ဘယ်ဘက်ကိုပဲ ရွေးမယ်…"

ထို့နောက် သူက ဘယ်ဘက်မှ ဒုတိယထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။ သူ့ဆီမှနေ၍ ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်လာနေခဲ့၏။

ဝမ်ကိုက်ကတော့ သူ့ဘေးတွင် ထိုင်လိုက်ပြီး ဘယ်ဘက်အစွန်ထိုင်ခုံကို ထိုင်လိုက်ခြင်း ဖြစ်သည်။ သူတို့က စောစောရောက်နေသည့်အတွက် မုန့်ချီနှင့် စကားပြောနေကြ၏။ အဆုံးမဲ့ဓား ရန်ချုံနှင့် ကြယ်လလှုပ်ရှားသူ ချူးယွင်ယုတို့က ယခုအချိန်ထိ မရောက်သေးသလို မိ မိသားစုကလည်း မရောက်ကြသေးပေ။

ခဏကြာပြီးနောက် အရပ်ရှည်ရှည် လူငယ်လေးတစ်ယောက်က လူ (၂) ယောက်ကို စင်မြင့်ပေါ်သို့ ဦးဆောင်ခေါ်လာခဲ့သည်။ သူတို့ထဲမှ တစ်ယောက်ကတော့ မုန့်ချီနှင့် တွေ့ခဲ့ဖူးသော ရန်ချုံ ဖြစ်သည်။ တခြားတစ်ယောက်ကတော့ သရဖူတစ်ခုကို ဆောင်းထား၏။ သူ၏မျက်ခုံးက တိုတိုနှင့်ထူပြီး မျက်နှာက ရှည်သည်။ သူ၏လက်(၂)ဖက်က ဘေး (၂) ဖက်တွင် ကျနေပြီး အသားအရေကတော့ ကျောက်စိမ်းကဲ့သို့ ကြည်လင်ရိုးရှင်းသော အသားအရေမျိုး ဖြစ်သည်။

ဝမ်ကိုက်က မတ်တပ်ရပ်ပြီး မိတ်ဆက်ပေးလိုက်၏။

"ဒါကတော့ မိ မိသားစုက မိကျိကျင်းလို့ခေါ်တယ်။ သူက ငါ့မိတ်ဆွေတစ်ယောက်ပါ။ ဒါကတော့ သတ်ဖြတ်ရေးဓားစုမုန့်။ သူ့အကြောင်းကိုတော့ ပြောပြဖို့ မလိုတော့ဘူးမလား…."

မိကျိကျင်းက အပြစ်ပြောစရာမရှိအောင် ဝတ်ဆင်ထားခြင်းဖြစ်ပြီး အဆင့်အတန်းမြင့်သော အမူအရာမျိုး ရှိသည်။ သူ၏ရုပ်ရည်က အထက်တန်းလွှာမိသားစုမှ သခင်လေးများထဲတွင် ထူးခြားသော အဆင့်အတန်းမျိုး မရှိဘဲ ပုံမှန်သာ ဖြစ်၏။

ဝမ်ကိုက်၏စကားကို ကြားသည့်အခါ သူက အပြုံးနှင့် တလေးတစား နှုတ်ဆက်လိုက်၏။

"သခင်လေးစု …

သခင်လေးရဲ့နာမည်ကတော့ သိုင်းလောကတစ်ခွင်လုံး ပျံ့နေတာပဲ။ ကျွန်တော်က သခင်လေးကို မသိဘဲ နေပါ့မလား။ ကျွန်တော်က သခင်လေးရဲ့အစွမ်းကို တော်တော်လေး သဘောကျတယ်။ ကျွန်တော်လည်း ကျွန်တော်အပေါ် မကောင်းတာလုပ်တဲ့သူတွေကို လက်တုံ့ပြန်တတ်တယ်။ ကူညီခဲ့တဲ့သူတွေကို ပြန်ပေးဆပ်ပြီး လမ်းမှာရှိတဲ့ အတားအဆီးတွေကို ဝမ်းမြောက်ဝမ်းသာရှင်းပစ်ဖို့လည်း စိတ်ကူးထားတယ်.."

သူပြန်ဖြေသည်ကို စောင့်မနေတော့ပဲ သူက ရန်ချုံနှင့် တခြားတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါကတော့ အဆုံးမဲ့ဓားရန်ချုံ အစ်ကိုရန်နဲ့ ကြယ်လလှုပ်ရှားသူ ချူးယွင်ယု အစ်ကိုယုတို့လေ…"

သူက အပြုံးနှင့် ပြောလိုက်၏။

"ငါတို့က အချင်းချင်းမိတ်ဆက်စရာ မလိုတော့ဘူး မဟုတ်လား "

သူတို့အားလုံးက လူငယ်မှတ်တမ်းထဲတွင် အဆင့် (၂၀) အတွင်း ရှိနေသော ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ သိုင်းပညာများ ၊ တိုက်ပွဲမှတ်တမ်းများကလည်း အကြိမ်ထောင်ပေါင်းများစွာ သိထားပြီးသား ဖြစ်၏။

"ငါတို့က လုံးဝမတွေ့ဖူးပေမယ့် ကြားဖူးတာတော့ ကြာပါပြီ…"

မုန့်ချီက အပြုံးနှင့် နှုတ်ဆက်လိုက်၏။

ရန်ချုံကလည်း သူ့ကို ပြန်ပြုံးပြလိုက်သည်။

"ငါက မင်းနဲ့တွေ့ချင်နေတာကြာပြီ သတ်ဖြတ်ရေး …"

ချူးယွင်ယုကလည်း ရယ်လိုက်၏။

"မင်းတို့ (၂) ယောက်လုံးက ထိပ်ဆုံး (၁၀) ယောက်ထဲမှာ ဓားမောက်ပညာကို ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲ။ ငါတို့က ဓားမောက်ပညာနဲ့ ပတ်သက်ပြီး သိပ်မကြာခင် မင်းတို့ (၂) ယောက်ရဲ့ ကြားထဲမှာ ကြောက်စရာကောင်းတဲ့ တိုက်ပွဲမျိုးကို မြင်ချင်နေပြီ။ ဒါက တော်တော်လေးကို ထူးခြားတယ်မဟုတ်လား…"

ကြီးကျယ်ခန်းနားသော ဓားမောက်ပညာရှင် (၂) ယောက်အကြောင်း ပြောသည့် အချိန်တွင် မုန့်ချီနှင့် ရန်ချုံတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့၏ မျက်လုံးထဲတွင်လည်း ကိုယ်စီ ကိုယ်စီ တိုက်ခိုက်ရေး ဝိညာဉ်များကို မြင်နေရ၏။

သူတို့၏အကြည့်များက ဓားချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး အချင်းချင်း စမ်းသပ်ရန် ကြိုးစားလိုက်ပုံရသည်။ သို့သော် သူတို့ (၂) ယောက်လုံးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားပြီး သူတို့၏တိုက်ပွဲကွင်းပြင်က ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲဖြစ်ကြောင်း နားလည်နေကြ၏။ အကယ်၍ သူတို့ကသာ ယခု တိုက်ခိုက်လိုက်မည်ဆိုလျှင် ပြိုင်ပွဲ၏အာရုံကို သူတို့ဆီသို့ ဆွဲခေါ်လိုက်သလို ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် သူတို့က ပြုံးပြလိုက်ပြီး ထိုင်ခုံအသီးသီးတွင် ပြန်ထိုင်လိုက်၏။

"သခင်လေးစု …

မင်းက အသက် (၂၀) တောင် မရှိသေးဘူးဆိုတော့ ငါက ညီလေးစုလို့ပဲ ခေါ်တော့မယ်။ ကျောင်းဆောင်ထဲမှာ မင်းရဲ့တိုက်ပွဲအကြောင်းကို ပြောလိုက်တဲ့ အချိန်တိုင်း ငါက ထိတ်လန့်ကြောက်ရွံ့သွားမိတယ်။ ငါကိုယ်တိုင် မင်းရဲ့နေရာမှာ တိုက်ခိုက်ချင်စိတ်တောင် ပေါ်လာခဲ့တယ်…"

ရန်ချုံကို ကျော်ပြီး ချူးယွင်ယုက ရင်းနှီးဖော်ရွေသောပုံစံနှင့် ပြောလိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်ပြီး ဆက်ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင်တော့ ငါသာ မင်းနေရာမှာဆိုရင် စာရင်းထဲကနေ ပျောက်သွားလောက်ပြီ…"

ချူးယွင်ယုက လက်ရှိစာရင်းထဲတွင် အဆင့် (၁၉) ဖြစ်သည်။ သူက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကို တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင်ပင် သူ့အတွက် ခက်ခဲ၏။ ပို၍အစွမ်းထက်သော ရေခဲလက်ဝါးနှင့် ဝိညာဉ်ဖျောက်ပုလွေတို့၏ အကူအညီရှိနေလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထိပ်ဆုံး (၁၀) ယောက်ထဲတွင်ရှိနေသော ပညာရှင်များကပင် ထိုအစုအဖွဲ့ကို ယုံကြည်ချက်ရှိရှိ အနိုင်ရမည်ဟု ပြောရန် ခက်ခဲလှသည်။ မည်သို့ဖြစ်စေကာမူ လူတိုင်း၏ သိုင်းပညာက အဖွဲ့လိုက်တိုက်ခိုက်မှုအတွက် သင့်တော်နေခြင်း မရှိချေ။

မုန့်ချီက ရယ်လိုက်ပြီး တလေးတစား ပြန်ဖြေလိုက်၏။

"အစ်ကိုချူးက ဘယ်လိုနောက်ရမလဲဆိုတာ သိနေတာပဲ။ ကြယ်လလှုပ်ရှားခြင်း သိုင်းကွက်က ရန်သူတွေရဲ့စွမ်းအားကို သုံးပြီး တိုက်ခိုက်မှုကို လွှဲပြောင်းတဲ့နေရာမှာ နာမည်ကျော်တယ်။ တကယ်လို့ အစ်ကိုချူးက ပြိုင်ဘက်ကို မတိုက်ခိုက်နိုင်ဘူး ဆိုရင်တောင် ထွက်ပြေးလို့ ရနိုင်ပါသေးတယ်…"

ချူးယွင်ယုက သူ၏စကားကို လက်ခံပြီး ထောက်ခံလိုက်သည်။

"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ညီလေးစု။ ဒါက ပြောပြလောက်စရာမရှိတဲ့ လှည့်ကွက်လေးတွေပါပဲ…"

သူတို့၏စကားကို ကြားသည့်အခါ စင်မြင့်ပေါ်တွင် ရှိနေသော တခြား သိုင်းလောကသားများကလည်း ခေါင်းညိတ်လိုက်မိကြသည်။ တိုက်ပွဲအောင်မြင်မှုက လူတစ်ယောက်၏ အစွမ်းတစ်ခုတည်းကိုသာ မူတည်နေခြင်း မရှိချေ။ ပြိုင်ဘက်ကို ထိပ်တိုက် ရင်ဆိုင်သင့်မသင့် ဆုံးဖြတ်ရခြင်းကလည်း အရေးကြီးသည်။

"ကြယ်လလှုပ်ရှားသူက ကြားရတာထက် ပိုပြီးတော့ အစွမ်းထက်နေတာပဲ။ ငါက လေးစားမှုကြောင့်သာ ပြောလိုက်တာ သူ့ရဲ့အရှက်မဲ့မှုကလည်း ငါ့ကိုတောင် ယှဉ်နိုင်တယ်…"

မုန့်ချီက တစ်ယောက်တည်း တွေးနေမိသည်။

ချူးယွင်ယုက စကားဆက်ပြောတော့မည့်အချိန်တွင် မိကျိကျင်းက လက်ခုပ်တီးလိုက်၏။ ထိုအသံက အလွန်ကျယ်လောင်ပြီး အဝေးသို့ပင် ရောက်သွားခဲ့သည်။ ထိုအသံကို စင်မြင့်ပေါ်၌ ရှိနေသော သိုင်းလောကသားများက ကြားလိုက်ရ၏။ ထိုအသံကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏ ဆွေးနွေးမှုများအားလုံး တိတ်ဆိတ်သွားခဲ့သည်။

"သူက တော်တော်လေး အစွမ်းထက်တာပဲ…"

မုန့်ချီက မှင်တက်သွားခဲ့၏။ အကယ်၍ မိကျိကျင်းကသာ သိုင်းလောကသို့ ဝင်ရောက်လာမည်ဆိုလျှင် သူလည်း လူငယ်မှတ်တမ်းတွင် သေချာပေါက် နေရာရနိုင်သည်။ ကြည့်ရသည်မှာ သူ့ဆီတွင်တော့ ထိုကဲ့သို့ အတွေးမျိုး ရှိပုံမရချေ။

မိကျိကျင်းက ဖွင့်လှစ်ကြောင်းကြေညာပြီး အဆုံးသတ်တွင် စကားပြောခဲ့၏။

"ဒီတစ်ကြိမ်တော့ ငါတို့က လူငယ်မှတ်တမ်းမှာ အဆင့် (၆) သတ်ဖြတ်ရေးဓား သခင်လေးစု ၊ အဆင့် (၇) အဆုံးမဲ့ဓား သခင်လေးရန် ၊ အဆင့် (၁၅) အမှန်တရားဓား သခင်လေးဝမ်နဲ့ အဆင့် (၁၉) ကြယ်လလှုပ်ရှားသူ သခင်လေးချူးတို့ကို ဖိတ်ခေါ်ထားတယ်။ လူတိုင်းက အချင်းချင်း လွတ်လပ်စွာ စိန်ခေါ်နိုင်သလို မင်းတို့ရဲ့ သိုင်းပညာကိုလည်း ပြသနိုင်တယ်။ သခင်လေး (၄) ယောက်က မင်းတို့ကို မှတ်ချက်ပေးကြလိမ့်မယ်…"

သူပြောပြီးသွားသည့်အချိန်တွင် လူတစ်ယောက်က စင်မြင့်ပေါ်သို့ ခုန်တက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"ကျွန်တော်က ဓားကျမ်းစာစံအိမ်က မိုကျင်းအန်ပါ။ ဘယ်သူက ကျွန်တော့်ရဲ့စိန်ခေါ်မှုကို လက်ခံမလဲ…"

တစ်ဖက်မှနေ၍ ဓားသမားတစ်ယောက် ခုန်တက်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ကျွန်တော်က နင်စီရင်စုက တောင်ခွဲတိုက်ခိုက်သူ ထန်ချီကျောင်းပါ။ ငါက မင်းရဲ့စိန်ခေါ်မှုကို လက်ခံမယ်…"

သူတို့က ဒိုင်လူကြီးများကို ဦးညွှတ်လိုက်ကြပြီး အချင်းချင်း ဦးညွှတ်လိုက်ကြသည်။ ထို့နောက် သူတို့၏ဓားနှင့်ဓားမောက်တို့ကို ဆွဲထုတ်လိုက်ပြီး ကြောက်စရာကောင်းစွာ စတင် တိုက်ခိုက်နေကြ၏။

တစ်ခါတစ်ရံ ဓားအလင်းတန်းများက တောက်ပစွာ ထွက်ပေါ်လာပြီး တခြားအချိန်များတွင်တော့ လေထဲတွင် နှင်းပွင့်လေးများသာ လှုပ်ရှားနေသည်။ လူအုပ်ကြီးကလည်း သူတို့၏တိုက်ပွဲကို စိတ်ဝင်တစား စိုက်ကြည့်နေကြ၏။

"တံခါး (၆) ပေါက်အဆင့်နဲ့ ဒီလိုကြမ်းတမ်းတဲ့ ဓားသိုင်းပညာမျိုး…."

တိုက်ပွဲကို ကြည့်လိုက်ပြီးနောက် မုန့်ချီက စိတ်လှုပ်ရှားမှုကို မခံစားရပေ။ သူက ရန်ချုံကို ကြည့်လိုက်ရာ သူလည်း အကြည့်လွှဲသွားသည်ကို မြင်လိုက်ရ၏။

ရန်ချုံကတော့ စိတ်လွတ်နေသလို ထင်မှတ်ရသည်။ တိုက်ပွဲက အချိန်တော်တော်ကြာသွားပြီး နောက်ဆုံးတွင် အနိုင်ရသူ ထွက်လာခဲ့၏။ ဓားကျမ်းစာစံအိမ်မှ မိုကျင်းအန်က အဆုံးသတ်တွင် အနိုင်ရခဲ့သည်။

သူက ဒိုင်လူကြီးများကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အကြံပေးပါဦး သခင်လေးတို့ "

ခဏရပ်ပြီးနောက် ဝမ်ကိုက်က ပြောလိုက်သည်။

"သခင်လေးထန်ရဲ့ဓားအစွမ်းက ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်မှုကို အသားပေးတယ်။ သခင်လေးမိုရဲ့လှုပ်ရှားမှုကတော့ ထူးခြားပြီး ချောမွေ့နေတယ်။ အဲဒါက စုတ်တံတစ်ချောင်းကို ဆွဲလိုက်သလိုမျိုးပဲ။ သခင်လေးမိုက အခြေခံအချက်တွေကို ကောင်းကောင်းကြီးနားလည်နေတယ်။ အစောပိုင်းမှာ သူက အနိုင်ရဖို့အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပေမယ့် သူ့ရဲ့စွမ်းအားတွေအားလုံးကို မသုံးခဲ့ဘူး။ ဘာလို့ အဲဒီလို ဓားသိုင်းပညာမျိုးကို တိုက်ခိုက်ရမယ့်အစား ခုခံဖို့ပဲ သုံးနေရတာလဲ…"

သူ၏မှတ်ချက်က အဓိကအချက်ကို ကျရောက်သွားခဲ့သည်။ ထို့ကြောင့် မိုကျင်းအန်က ပြုံးလိုက်မိ၏။ ကျယ်လောင်သော လက်ခုပ်သံများကိုလည်း ကြားလိုက်ရသည်။

"အစ်ကိုဝမ်ကိုက် ထင်ထားတဲ့အတိုင်းပါပဲ…"

မုန့်ချီက ချောင်းဟန့်ပြီး ပြောလိုက်၏။

"အစ်ကိုဝမ် …

အစ်ကိုဝမ်က ကျွန်တော့်ရဲ့စကားတွေအားလုံးကို ခိုးသွားပြီ။ ကျွန်တော်ထပ်ပြောစရာ မရှိတော့ဘူး…"

"ငါက သူ့ရဲ့အားနည်းချက်ကို ပထမဆုံး ထောက်ပြဖို့ မဖြစ်နိုင်တော့ဘူး။ ဒုတိယတိုက်ပွဲကျမှပဲ အမှားကို ထောက်ပြတော့မယ်။ သူက အရှက်ခွဲခံရတယ်ဆိုပြီး ဒေါသထွက်မထွက် ဘယ်သူက သိနိုင်မှာလဲ…"

အဆင့် (၆) တွင်ရှိနေသော သတ်ဖြတ်ရေးဓားက နောက်ထပ် မှတ်ချက်မပေးသည်ကို မြင်သည့်အခါ မိုကျင်းအန်က အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ထို့နောက် ရန်ချုံနှင့် ချူးယွင်ယုတို့ကလည်း ဝမ်ကိုက်၏မှတ်ချက်ကို အနည်းငယ်ပြောင်းလဲပြီး သူတို့၏အမြင်နှင့် ပြောခဲ့သည်။

"သခင်လေးမို …

မင်းက အခုလေးပဲ အနိုင်ရခဲ့တယ်ဆိုတော့ အရင်ဆုံးအနားယူပြီးမှ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ကြည့်ပေါ့ …"

မိကျိကျင်းက ပြောလိုက်သည်။

ထိုအချိန်တွင် စင်မြင့်ပေါ်၌ ဓားသမားတစ်ယောက် ပေါ်လာခဲ့သည်။

"ကျွန်တော်ကတော့ စုန့်ကျွယ်လို့ခေါ်တယ်။ ကျွန်တော်က သခင်လေး (၄)ယောက်ရဲ့ရှေ့မှာ ကျွန်တော်ရဲ့သိုင်းလောကနာမည်ကို မပြောရဲပါဘူး။ အခု ကျွန်တော့်ရဲ့ ဓားမောက်သိုင်းပညာကို ပြသပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကြံပေးပါဦး…"

သူပြောလိုက်ပြီးနောက် ရန်ချုံနှင့် မုန့်ချီတို့က စိုက်ကြည့်နေခဲ့သည်။ သူတို့က ထူးထူးခြားခြားကို အာရုံစိုက်နေပြီး ဉာဏ်အလင်းပွင့်မှုအဆင့် ဓားမောက်တာအို သိုင်းပညာများကို စိတ်ဝင်စားနေပုံရသည်။

သူက သူ၏ဓားသိုင်းပညာကို ပြသနေပြီး အလွန်အံ့သြစရာကောင်းသော သိုင်းကွက်များကို ပြသနေခဲ့သည်။ ရံဖန်ရံခါ သူ၏လှုပ်ရှားမှုများက လှည့်စားမှုများအဖြစ် ပြောင်းလဲသွားနိုင်ပြီး ပူးပေါင်းမှုကလည်း ထူးဆန်းစွာ ဖြစ်နေသည်။ သူက သတ်ဖြတ်ချင်စိတ်များကို လုံးဝပြသခဲ့၏။

အစောပိုင်းတွင် တိုက်ခိုက်ခဲ့သော ဓားသမား (၂) ယောက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူက ထူးထူးခြားခြားကို အစွမ်းထက်လွန်းလှသည်။ မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အံ့သြနေသော်လည်း သိပ်မကြာခင် မျက်မှောင်ကြုတ်လိုက်မိ၏။

"စုန့်ကျွယ်ရဲ့ ဓားမောက်သိုင်းပညာမှာ ပြဿနာတစ်ခုရှိတယ်။ အဲဒါက သူကိုယ်တိုင်တောင် မသိတဲ့ ပြဿနာကြီးတစ်ခုပဲ…"

ဓားမောက်သိုင်းပညာကို ပြသလိုက်ပြီးနောက် စုန့်ကျွယ်က သူ့ဓားကို ဓားအိမ်ထဲသို့ သိမ်းလိုက်ပြီး မှတ်ချက်များကို စောင့်နေခဲ့သည်။ မုန့်ချီက မပြောရသေးခင် ရန်ချုံက ပြောလိုက်၏။

"သခင်လေးစုန့် …

မင်းရဲ့ဆရာ ဒါမှမဟုတ် မင်းနဲ့လေ့ကျင့်တဲ့ပြိုင်ဘက်က ဘယ်လက်မရှိတဲ့ ဓားသမားလား.."

စုန့်ကျွယ်က အံ့သြသွားခဲ့၏။

"သခင်လေးရန် …

ကျွန်တော့်ဆရာကို ဘယ်လိုဖြစ်ပြီး သိတာလဲ…"

ရန်ချုံက ခေါင်းခါပြလိုက်သည်။

"မသိပါဘူး။ ဒါပေမယ့် မင်းရဲ့ဓားမောက်သိုင်းပညာက ဘယ်လက် ဓားသိုင်းပညာရဲ့ လွှမ်းမိုးမှုတွေကို ခံနေရတယ်ဆိုတာ သိသာတယ်။ မင်းကိုယ်တိုင် သတိမထားမိဘဲ မင်းရဲ့လှုပ်ရှားမှုတွေက ညာလက်ဆီကို ရောက်နေပြီး ဘယ်ဘက်အခြမ်းကိုတော့ လျစ်လျူရှုထားတယ်။ ဒါက အမူအကျင့်တစ်ခုလို ဖြစ်နေပြီ။ တကယ်လို့ မင်းကသာ အဆင့်တူပြိုင်ဘက်မျိုးနဲ့ တွေ့ရမယ်ဆိုရင် ဒီအမူအကျင့်က မင်းကို သေသွားစေနိုင်တယ်…"

စုန့်ကျွယ်က ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေမိပြီး သူ၏တိုက်ပွဲများအားလုံးကို ပြန်လည် စဉ်းစားကြည့်နေခဲ့သည်။ သူ၏ နောက်ကျောတွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာသလို ခံစားလိုက်ရ၏။ နောက်ဆုံးတွင်တော့ သူက ရန်ချုံကို ဦးညွှတ်ပြီး ပြောလိုက်သည်။

"သခင်လေးရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီကျေးဇူးကို လုံးဝမမေ့ပါဘူး…"

သူက လှိုက်လှိုက်လဲလဲ ပြောလိုက်သည်။ ထိုအကြံပေးချက်က သူ့အသက်ကို ကယ်တင်လိုက်ခြင်းနှင့် တူညီနေ၏။

"သူက ဒီလိုလှုပ်ရှားမှုတွေကိုကြည့်ရုံနဲ့ ပြောနိုင်တာလား။ ရန်ချုံက တကယ့်ကို ဓားသမားကောင်းတစ်ယောက်ပဲ…"

လူအုပ်ကြီးကတော့ နောက်တစ်ကြိမ် ဆူဆူညံညံဖြစ်သွားပြီး သူ့ကို ချီးကျူးနေကြ၏။

ရန်ချုံက မုန့်ချီကိုကြည့်ပြီး မေးလိုက်သည်။

"မင်းရော ထပ်ပြောစရာရှိသေးလား သခင်လေးစု…"

"ငါပြောချင်တဲ့စကားတွေကို မင်းက ပြောပြီးသွားပြီလေ…"

မုန့်ချီကတော့ စိတ်ပျက်သွားသလို ခံစားလိုက်ရပြီး ခေါင်းခါပြလိုက်သည်။

စုန့်ကျွယ် ထွက်သွားပြီးနောက် စင်ပေါ်သို့ လူတစ်ယောက် ခုန်တက်လာပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ ရောက်လာသည်။ သူကတော့ မိုကျင်းအန်ကို စိန်ခေါ်ရန် အခွင့်အရေး မပေးခဲ့ပေ။

"ကျွန်တော်ကတော့ ချန်းဟွေပါ။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ သိုင်းလောကနာမည်ကို မပြောရဲပါဘူး။ ကျွန်တော်က ကျွန်တော့်ရဲ့ ဓားမောက်ပညာကို ပြသပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်လို အညတရလေးက ပညာရှင်တွေရဲ့ရှေ့မှာ ပြသရတဲ့အတွက် ဗွေမယူပါနဲ့…"

သူ၏ဓားမောက်သိုင်းပညာတွင် ပြောင်းလဲမှုများစွာ ရှိနေသည်။ သူက ပိုက်ကွန်တစ်ခုကဲ့သို့ ဓားမောက်အရှိန်အဝါကို ဖြန့်ကျက်နိုင်ပြီး သူ၏ပြသမှုကို အမြင့်ဆုံးထိ တွန်းပို့နိုင်ခဲ့၏။

မုန့်ချီက သူ၏ပြသမှု ပြီးသွားခဲ့သည့်အချိန်တွင် ရန်ချုံနှင့် တခြားသူများကို စကားပြောခွင့် မပေးတော့ပဲ ချက်ချင်း ဝင်ပြောလိုက်သည်။

"သခင်လေးချန်း ..

မင်းရဲ့ (၇)ကွက်မြောက် ၊(၁၁)ကွက်မြောက်၊ အကွက် (၂၀) မြောက်နဲ့ တခြားသိုင်းကွက်တွေမှာ အားနည်းချက်တွေ ရှိတယ်…"

တစ်ကြိမ်တည်းနှင့် သူက သိုင်းကွက် (၅) ကွက်၏ အမှားများကို ထောက်ပြလိုက်သည်။ ထိုအရာက သေချာပေါက် ပြဿနာများဖြစ်ကြောင်း ရန်ချုံက ခေါင်းညိတ်ပြလိုက်၏။

"အဲဒီသိုင်းကွက် (၅) ကွက်က တခြားအရာတွေနဲ့ တစ်သားတည်း ဖြစ်နေတယ်လို့ ထင်ရပေမယ့် ပြောင်းလဲမှု လုပ်တဲ့အချိန်မှာ နောက်ကျကျန်နေခဲ့တယ်။ ဒါကြောင့် လှုပ်ရှားမှုက မသေမသပ်ဖြစ်နေတာ။ ဒါက နောက်ပိုင်းမှပြန်ပြီး မွမ်းမံထားတဲ့ မပြည့်စုံတဲ့ ဓားမောက်သိုင်းပညာမျိုးလား…"

မုန့်ချီက ဖြည်းညင်းစွာ ပြောလိုက်သည်။

"သူက ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ…"

ချန်း‌ဟွေက အံ့ဩမှင်တက်စွာ ရေရွတ်လိုက်မိသည်။

"ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့မိသားစုက ဒီသိုင်းကွက် (၅) ကွက်ကို အဓိကထားပြီး ဒီဓားသိုင်းပညာကို ရဖို့ (၁၀) နှစ်လောက် ကြိုးစားခဲ့ရတာ…"

ပတ်ပတ်လည်မှနေ၍ အာမေဍိတ်သံများ ထွက်လာခဲ့၏။ မုန့်ချီက ချန်းဟွေ၏အမှားများ နောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်ကို ပြောပြနိုင်လိမ့်မည်ဟု လူအုပ်ကြီးက မယုံကြည်နိုင်ခဲ့ကြပေ။

ရန်ချုံ၏ အမူအရာကလည်း တည်ငြိမ်နေ၏။

"သတ်ဖြတ်ရေးဓားရဲ့အမြင်အာရုံက တကယ့်ကို ထူးခြားတာပဲ "

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"မင်းရဲ့ (၇) ခုမြောက်သိုင်းကွက်မှာ ဒီလိုပြောင်းလဲဖို့ ကြိုးစားကြည့်ပါ…"

သူက လက်မြှောက်လိုက်ပြီး သူ့ဓားနှင့် ပြသလိုက်သည်။ သူက အကြံပေးနေရင်း ချန်းဟွေ၏ (၇) ခုမြောက်သိုင်းကွက်ကို စတင် လုပ်ဆောင်ပြလိုက်၏။ မည်သူကမှ သတိမထားမိသော်လည်း ရန်ချုံကတော့ တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

မုန့်ချီက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို လေ့ကျင့်ခဲ့ပြီးနောက် သူ၏ ဓားမောက်တာအိုက နောက်တစ်ကြိမ် မြင့်တက်လာပုံရ၏။ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် မမြင်နိုင်သောအဆင့်၏ ပူးပေါင်းစွမ်းအားများကြောင့် ချန်းဟွေ၏ ဓားမောက်သိုင်းပညာ ပြောင်းလဲမှုများ ၊ ချီစွမ်းအင်စီးဆင်းမှုများနှင့် သူ၏အနှစ်သာရများအားလုံးက မုန့်ချီ၏ အာရုံခံနိုင်စွမ်းကို အရူးလုပ်နိုင်ခြင်း မရှိချေ။

ယခု သူက ချန်းဟွေ၏ အသုံးပြုခဲ့သော လှုပ်ရှားမှုများကို တုပပြီး အသေးစိတ် ပြန်ပြနေခဲ့သည်။ ထိုကဲ့သို့ နားလည်မှုများနှင့် အလွန်မြင့်မားသော ဓားမောက်တာအို ကျင့်ကြံမှုများကြောင့် မုန့်ချီက ထိုသိုင်းကွက် (၅) ကွက်ကို မူလသိုင်းကွက်များအတိုင်း သေချာပေါက် ပြောင်းလဲနိုင်သည်။

မုန့်ချီက ဘာကြောင့် သူ၏သိုင်းကွက်များကို မှတ်မိနေပြီး ပြန်လည်ပြသနိုင်ကြောင်း ချန်းဟွေက နားမလည်နိုင်ခဲ့ပေ။ ယခုတစ်ကြိမ်တော့ သူ၏လှုပ်ရှားမှုများက အဆုံးမဲ့ချီစွမ်းအင်များ ပြည့်နှက်နေပြီး နေရာတိုင်းတွင် ကမ္ဘာမြေကြီး၏ စွမ်းအားများ ပြည့်နှက်နေသလို ခံစားရသည်။ အလွန်သိပ်သည်းသော ဓားမောက်ချီစွမ်းအင်များကလည်း သူ့ကို လွှမ်းခြုံနေခဲ့၏။

မုန့်ချီ၏ ပြောင်းလဲမှုများအပေါ် အနည်းငယ်လေးသာ နားလည်နေသောလည်း သူ၏သိုင်းကွက် အရည်အသွေးက မြင့်မားလာကြောင်း ကြည့်နေသူများက ပြောပြနိုင်သည်။ လှုပ်ရှားမှုကို ပြသလေလေ ပို၍ အံ့ဩလာလေလေ ဖြစ်သည်။

"ဒါက မူလဓားသိုင်းပညာကိုတောင် ယှဉ်နိုင်တယ်။ သတ်ဖြတ်ရေးဓားစုမုန့်ရဲ့ ဓားမောက်သိုင်းပညာက ဒီအဆင့်ထိ ရောက်နေပြီလား။ သူက ဓားသိုင်းပညာအသစ် တစ်ခုကို ဒီလိုမျိုးပဲ အလွယ်တကူ တီထွင်နိုင်ခဲ့တယ်…"

ချန်းဟွေက သူ့ကို ကြည့်နေသည့်အချိန်တွင် မုန့်ချီကတော့ ရုတ်တရက် ဝမ်းသာသွားခဲ့သည်။ အဝေးမှနေ၍ သူ့ကို လေးစားသည့်အမူအရာနှင့် ကြည့်နေသော မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရ၏။ သူမ၏အနားတွင်တော့ အလွန်ရင်းနှီးနေသော လူငယ်လေးတစ်ယောက် ရှိသည်။

"ကူရှောင်စန်း …

အစ်ကိုချီက သူ့ဘေးမှာရှိနေတာပဲ…"

Translated by Hein Htet.

All Chapters