← Chapters

အခန်း (၃၉၈)

Vol. 27 Ch. 398

အခန်း (၃၉၈)

Vol. 27 Ch. 398

ချီကျန်းရန်က သူ၏ရုပ်ရည်ကို ပြောင်းလဲထားသည့်အတွက် သူ၏မျက်နှာက အိုးဖင်တွင် ရှိနေသော အိုးမည်းများကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏ နောက်ကျောက အနည်းငယ် ခါးကုန်းနေပြီး လက်နှစ်ဖက်က ချိုင်းထောက်ကို အားပြုနေရသည်။ သူ့ပုံစံက အထူးလက်နက်များ ဖန်တီးသော သာမန်သိုင်းလောကသား တစ်ယောက်နှင့် တူ‌ညီနေသည်။

မုန့်ချီကသာ သူနှင့် မရင်းနှီးလျှင် သူ့ကို လုံးဝ မှတ်မိလိမ့်မည် မဟုတ်ချေ။ ထိုအရာနှင့် ပတ်သက်ပြီး ကူရှောင်စန်း၏ အစွမ်းက အမှန်တကယ်ကို ချီးကျူးစရာ ကောင်းလွန်းလှသည်။ သူမကတော့ အနီရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျစ်ဆံမြီးနှစ်ခု စည်းနှောင်ထားသည်။ အလွန်နူးညံ့သိမ်မွေ့သော သူမ၏ ပုံစံက လော်နတ်ဘုရားမ ဟူသော ပုံစံနှင့် လုံးဝကို ကိုက်ညီခြင်း မရှိချေ။

"ပြန်မဖြေနဲ့ ..။ လျှို့ဝှက်အသံ ပို့ဆောင်မှုကိုပဲ တိုက်ရိုက်သုံးလိုက် ။ ဝေ့ကျင်းအဆင့် ပညာရှင်တွေသာ အလေးထားပြီး နားထောင်နေမယ်ဆိုရင် ငါတို့ရဲ့စကားတွေကို ကြားနိုင်ပေမဲ့ ငါက ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။ အခုအချိန် ငါတို့ရဲ့ ပတ်ပတ်လည်မှာ ဆူညံနေတယ်။ ပြီးတော့ လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးနေတာလည်း နေရာတိုင်းပဲ။ အလယ်မှာ ထိုင်နေတဲ့ သတ်ဖြတ်ရေးဓား စုမုန့်က အနားမှာ ထိုင်နေတဲ့သူနဲ့ ဆက်သွယ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ…"

ကူရှောင်စန်းက သူမ၏ အလှတရားများကို ဖုံးကွယ်ထားလိုခြင်း မရှိသည့်အလား တီးတိုးပြောလိုက်သည်။ သူမက ထိုအရာကို တစ်ဆက်တည်း ပြောလိုက်ခြင်းဖြစ်သော်လည်း သူမ၏ အသံကို ကြည်ကြည်လင်လင် ကြားနေရသေး၏။

မုန့်ချီက ရှေ့ဘက်ကို ကြည့်ပြီး ချန်းဟွေ၏ ဓားသိုင်းပညာ သရုပ်ပြမှုကို ကြည့်နေခဲ့သည်။ သူက ကူရှောင်စန်းကို လျစ်လျူရှုထားပြီး ချီကျန်းရန်ကို လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် ပြောလိုက်၏။

"အစ်ကိုချီ … ဘယ်လိုအန္တရာယ်မျိုး တွေ့ခဲ့တာလဲ။ ဘယ်လိုဖြစ်ပြီး ဒဏ်ရာတွေ ရခဲ့တာလဲ…"

ချီကျန်းရန်က လေ့ကျင့်ရေးကွင်း၏ အလယ်ကိုကြည့်ပြီး အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။

"ငါ့ကို ဒဏ္ဍာရီတွေက ပစ်မှတ်ထားနေကြတာ … "

"သူတို့က ကျွန်တော်တို့နောက်ကြောင်းကို ရှာတွေ့သွားပြီလား … "

မုန့်ချီက ထူးထူးခြားခြား အံ့ဩနေခြင်း မရှိပေ။

သူတို့၏ တာဝန်မပြီးဆုံးသေးခင် တိမ်တိုက်ပြာဘိုးဘေးနှင့် တခြားလူများက သူတို့(၄)ယောက်စလုံးကို အနည်းနှင့်အများ ခန့်မှန်းမိထားပြီးသားဖြစ်သည်။ အနောက်ပိုင်းသခင်မနှင့် ရင်ဆိုင်သည့်အချိန်တွင် ဓားကို မသုံးခဲ့သော်လည်း ကျန်းကျိဝေ၏ အနန္တဓားသိုင်းက အလွန်သိသာလွန်းလှ၏။

သူတို့က ထိုလူများ၏ သုံးသပ်မှုကို ဖုံးကွယ်ရန် တခြား ဓမ္မကာရအဆင့် သိုင်းကွက်များကို မသုံးနိုင်ခဲ့ပေ။ ထို့ကြောင့် သူမကို မှတ်မိသွားနိုင်၏။ သူမ သိထားသည့် လူများထဲတွင် တော်တော်များများက ဓားတစ်လက်တည်းကိုသာ အသုံးပြုကြပြီး အနည်းစုကသာ ထိုကဲ့သို့ အစွမ်းမျိုးရှိသည်။

သူက သူမ၏ အဆင့်အတန်းနှင့် ရင်းနှီးနေသည့်အတွက် သူ့အခြေအနေကလည်း သံသယ ဝင်စရာရှိသည်။ သံသရာခရီးသွားများက သူတို့ကိုယ် သူတို့ မည်သူမျှ မသိနိုင်အောင် ထိန်းသိမ်းထားလိုသည့်အတွက် ပင်မကမ္ဘာကြီးထဲတွင် နာမည်ကျော်ကြားအောင် မနေကြပေ။

ထို့ကြောင့် မုန့်ချီကလည်း တခြားလူများ၏ သံသယဝင်ခြင်းမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။ ထိုအရာကို တွေးလိုက်မိသည့်အတွက် ကောင်းကင်ဖျက်နတ်ဆိုးဟူသော ဂုဏ်ပုဒ်ကို ရခဲ့သည့် ချီကျန်းရန်ကလည်း အလားတူ တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်။ ထို့ကြောင့် စောင်းနှလုံးသားနှင့် မွေးဖွားလာခဲ့သော ရွမ်ယုရှုကတော့ ပို၍ပင် သိသာနိုင်သည်။

သိုင်းလောကကို လုံးဝခြေမချဖူးသော ကျိုးဟမ်တစ်ယောက်တည်းကသာ အစစ်အမှန် ကမ္ဘာကြီးနှင့် မထိတွေ့ဖူးသည့်အတွက် ဒဏ္ဍာရီများက ခြေရာခံရန် ခက်ခဲနိုင်သည်။ ကြည့်ရသည်မှာ သူတို့က ပင်မကမ္ဘာကြီးထဲတွင် ဖိတ်ဆွေဖွဲ့သည့်အချိန်၌ အနည်းငယ် အလျင်လိုသွားပုံရ၏။

သို့သော် လက်ရှိအချိန်တွင်တော့ သေမင်းတမန် တာဝန်ပြီးဆုံးသွားပြီးနောက် သူတို့က အချင်းချင်း မသိလျှင်ပင် တခြားသော သံသရာ ခရီးသွားများနှင့် ကြုံတွေ့ရနိုင်သည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ် "

ချီကျန်းရန်က သေချာစွာ ပြန်ဖြေလိုက်၏။

"ငါက တုန်းရန်စံအိမ်ကိစ္စမှာ အချိန်မီရောက်မလာခဲ့တဲ့အတွက် ဒဏ္ဍာရီတွေနဲ့ ပြဿနာမရှိဘူး။ ကောင်းကျိုးလိုလား ကောင်းကင်အဖွဲ့သားရဲ့ သနားညှာတာမှုကင်းတဲ့ တိုက်ခိုက်မှုကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဆီမှာ ငါနဲ့ပတ်သက်ပြီး သဲလွန်စ မရှိနိုင်ဘူး…"

"သူတို့က တိုက်ရိုက် တိုက်ခိုက်ခဲ့တာလား… အစ်ကိုချီရဲ့ဒဏ်ရာကရော ဘယ်လိုနေလဲ။ ကောင်းကျိုးလိုလား ကောင်းကင်အဖွဲ့သားရဲ့ အစွမ်းကရော ဘယ်လိုရှိလဲ…"

မုန့်ချီက တပြိုင်နက်တည်း မေးလိုက်ပြန်သည်။

ရွမ်ယုရှုက လန်းယာ့တွင် နေထိုင်ပြီး ယခုအချိန်အထိ သိုင်းလောကကို မရောက်သေးပေ။ ကျန်းကျိဝေကတော့ အလွန်နက်ရှိုင်းသော နောက်ခံအင်အား ရှိနေပြီး သူမ၏ဆရာက မြေပြင်မှတ်တမ်းတွင် နံပါတ်(၁)ဖြစ်သည်။ သူက ဒဏ္ဍာရီများထဲတွင် အစွမ်းထက်ဆုံး အဖွဲ့သားတစ်ယောက်ဖြစ်သော အရှေ့ပိုင်းသခင်ကို သတ်ပစ်ခဲ့ပြီး ဘေးမသီရန်မခ ထွက်လာနိုင်ခဲ့သည်။ ထို့ကြောင့် ဒဏ္ဍာရီများက သူ့ကို လက်တုံ့ပြန်ရန် ရွေးချယ်လိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်စေကာမူ အင်မော်တယ်များက ဗုဒ္ဓလက်ဝါးသိုင်းကွက်ကို ရယူရန်အတွက် ဒုက္ခများခဲ့၏။ ဒဏ္ဍာရီများက သူနှင့် တခြားလူများကို ဒေါသအလျောက် တုန့်ပြန်ရန်သာ သေချာပေါက် ဦးတည်လာနိုင်သည်။ သူတို့က ထိုသို့လုပ်ဆောင်သည့်အတွက် မည်သည့်အကျိုးအမြတ်မျှ မရပေ။ ထို့ကြောင့် စွန့်စားလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူတို့က ဟွမ်ဟွာဓားဂိုဏ်း၏ သာမန်တပည့်တစ်ယောက်ဖြစ်သော အစ်ကိုချီနှင့် ရှောင်လင်ကျောင်းတော်၏ တပည့်ဟောင်းတစ်ယောက်ဖြစ်ခဲ့သော သူ့ကို ပစ်မှတ်ထားနေပုံရသည်။

"ဟုတ်တယ်။ ငါက မြစ်အရှေ့ပိုင်းကို ခရီးထွက်လာခဲ့တဲ့ အချိန်မှာ ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲ အကြောင်းကို ကြားခဲ့တယ်။ မင်းနဲ့ ညီမလေးကျန်းတို့ကလည်း သေချာပေါက် ဖိတ်ခေါ်ခံရမယ်ဆိုတာ တွေးမိတဲ့အတွက် ငါလည်း လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။ လမ်းမှာတော့ ဒဏ္ဍာရီအဖွဲ့ရဲ့ အထူးလေ့ကျင့်ထားတဲ့ လူတစ်ယောက်က အလစ်ချောင်းတိုက်ခိုက်လိမ့်မယ်လို့ မထင်ထားဘူး…”

“ကောင်းကျိုးလိုလား ကောင်းကင် အဖွဲ့သားရဲ့အစွမ်းက သာမန် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ရဲ့အစွမ်းမျိုးပဲ။ ငါက သူ့ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပြီး ဒဏ်ရာတွေနဲ့ လွတ်မြောက်နိုင်ခဲ့တယ်။ သူက ငါ့နောက်ကို မိုင်ပေါင်းတစ်ရာကျော် လိုက်ပြီးတော့ တိုက်ခိုက်ခဲ့တာ။ ငါက ဒဏ်ရာတွေ ပြင်းထန်လာတဲ့အချိန်မှာ မိန်းကလေး ရှောင်စန်းက ဝင်ကယ်ပြီး ကောင်းကျိုးလိုလား ကောင်းကင်အဖွဲ့သားကို ခြောက်လှန့်နိုင်ခဲ့တယ်…"

ချီကျန်းရန်က ဖြစ်ခဲ့သည့် အရာများကို အသေးစိတ် ပြောပြခဲ့သည်။

"ငါက သူ့ရဲ့လက်ဝါးချက်ကို မိခဲ့ပေမဲ့ နေဝင်ဆည်းဆာ ဓားသိုင်းကို သုံးပြီး ခုခံနိုင်ခဲ့တယ်။ ဒါကြောင့် ငါက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်။ အခုတော့ တော်တော်လေး သက်သာနေပါပြီ…"

ချီကျန်းရန်က တံခါး (၈)ပေါက်အဆင့်ကို ရောက်လုနီးပါး ဖြစ်နေသည်။ သို့သော် သူက ယခုအချိန်ထိ ခရမ်းကြယ်မြစ်သိုင်းကွက်ကို မလေ့ကျင့်ရသေးပေ။ သူ၏ ကျင့်စဉ်အဆင့်ကလည်း မြင့်မားမှု မရှိသေးပေ။ သူက မုန့်ချီထက် အနည်းငယ် နိမ့်ကျနေသေး၏။

သာမန်ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ ဖရိုဖရဲကျင့်စဉ်က အဝေးမှ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားနိုင်ပြီး သေချာပေါက် အရေးနိမ့်နိုင်၏။ ထို့ကြောင့် သူလည်း ရွေးချယ်စရာ မရှိတော့ဘဲ အသက်လု ကြိုးစားခဲ့ရခြင်းဖြစ်သည်။

"အစ်ကိုချီ …

ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ရဲ့ လက်ထဲကနေတောင် လွတ်လာခဲ့တယ်…"

မုန့်ချီက လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။

သူက လူငယ်မှတ်တမ်းတွင် အဆင့် (၆)ဖြစ်ပြီး အစွမ်းကုန် သုံးလိုက်မည်ဆိုလျှင် သာမန်ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ပစ်နိုင်သော်လည်း သူ့အဆင့်က လုံလောက်အောင် ထူးခြားမှု မရှိသေးပေ။

အကယ်၍ သူသာ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်နှင့် ကြုံတွေ့ရပြီး တစ်ဖက်လူ၏ လုပ်ကြံခံရမည်ဆိုလျှင် အလွယ်တကူ အသက်ဆုံးရှုံးသွားနိုင်၏။ အစ်ကိုချီကတော့ အသက်ရှင်လွတ်မြောက်နိုင်သည့်အတွက် သူ့အစွမ်းကို ပြသနေသည်။ သူက မုန့်ချီ ထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်နိုင်၏။

သူက အံကြိတ်ပြီး ဆက်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ နတ်ဆိုးမကူကို ကျေးဇူးတင်ရတော့မယ်။ သူ့မှာ တခြားရည်ရွယ်ချက်တွေ ရှိနေရင်တောင် အစ်ကို့ရဲ့ အသက်ကိုတော့ တကယ် ကယ်တင်ပေးခဲ့တာပဲ…"

မုန့်ချီ၏ မျက်လုံးထဲတွင်တော့ နတ်ဆိုးမကူက သူမအတွက် အကျိုးမရှိဘဲ မည်သည့်အရာကိုမျှ မလုပ်တတ်ပေ။

"ယောကျ်ား …

ကျွန်မတို့က မိသားစုတွေပဲလေ။ ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး…"

သူတို့စကားပြော‌နေရင်း ရုတ်တရက်ဆိုသလို နားထဲတွင် ကူရှောင်စန်း၏ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

မုန့်ချီကတော့ မျက်နှာပျက်သွားခဲ့၏။

"နင် … နင်… ငါတို့ရဲ့စကားကို ကြားနိုင်တာလား…"

ချီကျန်းရန် ကိုယ်တိုင်လည်း မှင်တက်သွားပုံရ၏။

ကူရှောင်စန်းက အပြုံးနှင့်ပြန်ဖြေလိုက်သည်။

"စောနလေးကပဲ ငါ ပြောခဲ့တယ်လေ။ သေချာအာရုံစိုက်ပြီး နားထောင်မယ်ဆိုရင် ဝေ့ကျင်းအဆင့် ပညာရှင်တွေကတော့ နင်တို့ပြောတဲ့ စကားကို ကြားနိုင်တယ်။ ဒါပေမဲ့ ဝေ့ကျင်းအဆင့် အောက်မှာရှိတဲ့ လူတွေကတော့ မကြာနိုင်ဘူးလို့…"

မုန့်ချီက ပြောစရာ စကားလုံး မရှိတော့ပေ။

ကူရှောင်စန်းက ပြုံးလိုက်၏။

"အစ်ကိုချီနဲ့ ရင်ဆိုင်ဖို့အတွက် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်က လုံလောက်တာထက် ပိုတယ်။ ဒါပေမဲ့ အစိမ်းရောင်ကျင့်ကြံသူ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက် ပုလွေတို့ကို သတ်ပစ်နိုင်တဲ့ နင့်အတွက်တော့ ဒဏ္ဍာရီအဖွဲ့က အနိမ့်ဆုံး ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကို လွှတ်နိုင်တယ်။ တကယ်လို့ သူတို့က ဒေါသကြောင့် တိုက်ခိုက်တာ ဆိုရင်တောင် မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်တိမ်းဖို့အတွက် သေသေသပ်သပ် လုပ်ဆောင်ကြမှာပဲ…"

“ဒါကြောင့်လည်း သူက ငါ့ကို ပျော်ရွှင်ခြင်း တိမ်တိုက်တောင်တန်းဆီကို မြန်မြန်သွားစေချင်နေတာပဲ…"

မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့သည်။

ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းက အရှေ့ပင်လယ် ဓားရွာထဲရှိ ခြံဝန်းတစ်ခုဖြစ်ပြီး ထိုနေရာကို ဝေ့ကျင်းအဆင့် အကြီးအကဲများစွာ စောင့်ရှောက်နေသည်။ ယခု တောင်တန်းသခင် ဟယ်ကျူးကလည်း ထိုနေရာတွင် မရှိသည့်အတွက် သူတို့က ခုခံမှုကို သေချာပေါက် လျစ်လျူရှုထားလိမ့်မည် မဟုတ်ချေ။ သူတို့က မြေခွေးဘုရင်ကို လျစ်လျူရှုခဲ့မိသည့်အတွက် တောင်တန်းသခင်၏ မကျေနပ်မှုကို ပြေလျော့စေရန် အကောင်းဆုံး ကြိုးစားကြမည်ဖြစ်သည်။

"ခဏနေဦး … ဘာလို့ နင်က သူ့ကို အစ်ကိုချီလို့ ခေါ်ရတာလဲ…"

ကူရှောင်စန်းကလည်း ချီကျန်းရန်ကို ထူးဆန်းစွာ ခေါ်နေကြောင်း နားလည်သွားသည်။

"ယောကျ်ား …

ငါက နင့်ရဲ့မိန်းမ ဖြစ်ပြီး ကလေးရဲ့အမေဆိုမှတော့ သူ့ကိုလည်း နင့်လိုပဲ ခေါ်သင့်တယ် မဟုတ်လား။ ဒါမှမဟုတ် သူ့ကို ဦးလေးလို့ တိုက်ရိုက်ခေါ်ခိုင်းသင့်တာလား.."

ကူရှောင်စန်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

“ငါက ဒီလိုမေးခွန်းမျိုးကို မမေးလိုက်သင့်ဘူး…”

မုန့်ချီက မျက်နှာပျက်သွားခဲ့၏။

ကူရှောင်စန်းက သူ့ကို ထိုကဲ့သို့ ခေါ်ခဲ့သည့်အချိန်တွင် အနား၌ မည်သူမျှ မရှိသည်မှာ ကံကောင်းသွားသည်။ သို့သော် အစ်ကိုချီကတော့ သူတို့၏ စကားကို နားထောင်နေခဲ့သည်။ နောက်ပိုင်းတွင် သူ၏ မိတ်ဆွေများကို မည်သို့ရင်ဆိုင်ရတော့မည်နည်း။ သူတို့က သူ့ကို လှောင်ပြောင်သရော်ကြပါလိမ့်မည်။ အစားသရဲလေးကတော့ ထိုကဲ့သို့ အခွင့်အရေးမျိုးကို လုံးဝ လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

"ဟားဟားဟား …ငါက အစိမ်းရောင် ကျင့်ကြံသူကို သတ်ခဲ့တယ်။ ဒါပေမဲ့ နင်က အဲဒါကို ဂရုမစိုက်ဘူးလား …"

မုန့်ချီက ခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလိုက်သည်။

ကူရှောင်စန်းက နောက်တစ်ကြိမ် ပြုံးလိုက်၏။

"သူက သူ့သဘောနဲ့သူ အပြင်လူတွေနဲ့ ပူးပေါင်းတယ်။ ဒီတော့ သူနဲ့ထိုက်တန်တာကို ရတာပဲလေ။ နင်က ငါ့ရဲ့ယောကျ်ားပဲ။ ပြီးတော့ အနာဂတ်မှာ သက္ကတဓမ္မရာဂျ ဖြစ်လာမှာ …။ ဒီတော့ သေသွားတဲ့ ကျင့်ကြံသူတစ်ယောက်က ငါ့အတွက် ဘာလုပ်ပေးနိုင်မှာလဲ.."

မုန့်ချီကတော့ နတ်ဆိုးမနှင့် အပိုစကားများ ပြောမနေတော့ဘဲ ချီကျန်းရန်ကို လှည့်ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် ချီကျန်းရန်၏ မျက်နှာက မည်းနေသည့်အတွက် သူ၏ ခံစားချက်များကို စစ်ဆေးနိုင်ခြင်း မရှိချေ။

"ဘယ်လိုပဲဖြစ်ဖြစ် ငါက ဟွမ်ဟွာဓားဂိုဏ်းက တပည့်တစ်ယောက်ပဲလေ။ ဒီတော့ ငါက ဒီကိစ္စကို မြစ်အရှေ့ပိုင်းမှာရှိတဲ့ အကြီးအကဲတွေဆီကို သတင်းပို့လိုက်မယ်။ သူတို့ကို ခရီးလမ်းမှာ ရခဲ့တဲ့ အရာတွေအကြောင်းလည်း ပြောပြလိုက်မယ်။ တကယ်လို့ အဲဒီအရာက ဒဏ္ဍာရီတွေနဲ့ ပတ်သက်နေမယ်ဆိုရင် သူတို့လည်း သေချာပေါက် စိတ်ဝင်စားမှာပါ…"

"ဒါဆိုရင်တော့ သူတို့နဲ့ ကစားလိုက်ကြတာပေါ့.."

မုန့်ချီ၏ မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့သည်။

သူကိုယ်တိုင်လည်း လျှို့ဝှက်သတင်းပေးဟူသော အဆင့်အတန်းကို သုံးပြီး ထိုသတင်းကို သတင်းပို့ရန် အခွင့်အရေး ရှာဖွေနိုင်သည်။ ရင်မြို့ထဲတွင် ငွေတံဆိပ်လူဆိုးထိန်း ရှိနေပြီး သူတို့က ကွမ်လင်းမြို့နှင့် မလှမ်းမကမ်းတွင် ရှိနေသည်။ သူက မြို့တံခါး၏ ဝင်ပေါက်အနားတွင်လည်း အင်မော်တယ်မှ တခြားအဖွဲ့သားများ ရှိမရှိ လျှို့ဝှက်သ‌င်္ကေတများ ချန်ထားနိုင်သည်။

သို့သော် သူက အင်မော်တယ် အဖွဲ့ဝင်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူက ယခင်သံသရာတာဝန်ထဲတွင် ကောင်းကင်ဖျက်လက်ဝါး၏ အငွေ့အသက်ကို တုပခဲ့သည်။ ဒဏ္ဍာရီအဖွဲ့ထဲတွင် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို လေ့ကျင့်သူ မရှိသည့်အတွက် အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များကို မသိသော်လည်း ထိုအရာက အလွန်အစွမ်းထက်သော စွမ်းရည်တစ်ခုဖြစ်ကြောင်း သူတို့က တွေးနေနိုင်၏။

သူနှင့် တခြားလူများသာ ရှိနေလျှင် သူက အင်မော်တယ်များနှင့် ပူးပေါင်းနေကြောင်း သံသယဝင်လာနိုင်သည်။ သို့သော် အကယ်၍ သူကသာ အင်မော်တယ်များနှင့် ပတ်သက်နေကြောင်း ပေါ်သွားမည်ဆိုလျှင် သူက ကောင်းကင်ဘိုးဘေးဖြစ်ကြောင်း ဒဏ္ဍာရီများက ဖော်ထုတ်သွားနိုင်ပါလိမ့်မည်။

"ရင်မြို့ထဲမှာ လော်အဖွဲ့အစည်းရဲ့ကျင့်ကြံသူတွေလည်း ရှိတယ်…"

ကူရှောင်စန်းက ဖြတ်ပြောလိုက်၏။

သူမက တက်ကြွစွာ ထပ်ဖြည့်ပြောလိုက်သည်။

"ငါက ကောင်းကင်(၉)သွယ် အပျက်အစီးရဲ့ ပထမအဆင့်ကို ဝင်သွားတဲ့အချိန်မှာ တစ်စုံတစ်ယောက်က အရင်ဆုံး ရောက်ခဲ့တာကို နားလည်ခဲ့တယ်။ ဒါကြောင့် ငါက အကျိုးအမြတ် နည်းနည်းပဲ ရခဲ့တယ်။ အခုတော့ အဲဒါက ဒဏ္ဍာရီတွေပဲဆိုတာ ငါလည်း သံသယ ဝင်နေပြီ။ ငါ့မှာ ဒီလိုအခွင့်အရေးရှိနေမှတော့ ငါက သူတို့ကို သေချာပေါက် လက်တုံ့ပြန်ရလိမ့်မယ်။ ပြီးတော့ လော်အဖွဲ့အစည်းရဲ့ သက္ကတ ဓမ္မရာဂျ ၊ နတ်ဆရာတွေနဲ့ ကျင့်ကြံသူတွေကလည်း လျှိူ့ဝှက်ဆန်းကြယ်တဲ့ အဲဒီအဖွဲ့အစည်းကို အရမ်းစိတ်ဝင်စားတယ်…"

နတ်ဆိုးမ၏ စကားများက အမှား အမှန် ရောနှောနေသည့်အတွက် အပြည့်အဝ ယုံကြည်၍ မရနိုင်ပေ။ ကူရှောင်စန်းက လက်တုံ့ပြန်ရန်သက်သက်နှင့် ထိုကဲ့သို့ လုပ်ဆောင်မည် မဟုတ်ကြောင်း မုန့်ချီက ယုံကြည်နေခဲ့၏။ သူမအတွက် အကျိုးအမြတ် မရှိလျှင် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

သူမ၏ အစစ်အမှန် ရည်ရွယ်ချက်က မည်သည့်အရာပေနည်း။

"ညီလေးမုန့် …

ဒီရက်တွေအတွင်း မင်းက သတိထားသင့်တယ်။ ငါက ရင်မြို့ထဲမှာရှိတဲ့ ဟွမ်ဟွာဓားဂိုဏ်းရဲ့ စခန်းထဲမှာ ပုန်းနေပြီး အကြီးအကဲတွေ ရောက်လာမဲ့ အချိန်အထိ စောင့်နေလို့ရတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ မင်းကို ပစ်မှတ်ထားနေတဲ့ လူတွေကို တိတ်တဆိတ် စောင့်ကြည့်နေလို့ရတယ်…”

သူက အလွန်အန္တရာယ်များသော ကူရှောင်စန်း၏ အဖွဲ့အစည်း နေရာတွင် ပုန်းနေလိုခြင်း မရှိပေ။

"အဲဒီလိုပဲ လုပ်လိုက်ပါ။ ဒဏ္ဍာရီတွေက ဒေါသကြောင့် လှုပ်ရှားနေတာပဲဖြစ်နိုင်တယ်။ သူတို့က အကျိုးမရှိတဲ့ အရာမျိုးကို လုပ်မှာမဟုတ်ဘူး။ အဖွဲ့အစည်းတစ်ခုမှာ ဒီလိုလုပ်ရပ်တွေက အကြာကြီး မရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ နင်က သူတို့နဲ့တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသလို ကြီးကြီးမားမား ဆုံးရှုံးမှုလည်း မရှိခဲ့ဘူး။ ပြီးရင်တော့ သူတို့က အလိုလို လက်လျှော့သွားပါလိမ့်မယ်.."

ကူရှောင်စန်းက အပြုံးနှင့် နှစ်သိမ့်လိုက်သည်။

ခဏအကြာ ဆွေးနွေးနေပြီးနောက် သူတို့နှစ်ယောက်က နောက်ဆုတ်သွားခဲ့ပြီး လူပင်လယ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ကူရှောင်စန်းက ချီကျန်းရန်ကို အံ့အားသင့်စွာ ခိုးကြည့်မိ၏။

ချန်းဟွေက သူ၏ ဓားမောက်ပညာကို သရုပ်ပြမှု ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူကတော့ အသက်ကို မနည်းရှူနေရပြီး ခံစားချက်များ ပြည့်နှက်လာခဲ့၏။ သူက ဒူးထောက်ပြီး ဦးညွတ်လိုက်သည်။

"သခင်လေးစုရဲ့ ပြသမှုကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ချန်းမိသားစုတစ်ခုလုံး နှစ်ပေါင်းများစွာ လိုချင်နေတဲ့ ဆန္ဒတစ်ခုပါပဲ…"

မုန့်ချီ ပေးခဲ့သော အကြံက ဆရာတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ သိုင်းပညာရှင်များ ပြည့်နှက်နေသော ကမ္ဘာကြီးတစ်ခုတွင် ချန်းဟွေ၏ လုပ်ရက်များက နိမ့်ကျသည်ဟု မသတ်မှတ်နိုင်ပေ။

မုန့်ချီက ပြန်ပင် ဖြေရသေးခင် ဝမ်ကိုက်၏ အာမေဋိတ်သံကို ကြားလိုက်ရ၏။

"မင်းက ဒီဓားသိုင်းပညာရဲ့ ပြောင်းလဲမှုတွေကို အစကနေ အဆုံးအထိ လိုက်နာပြီး ကြားထဲမှာ လိုနေတဲ့အရာတွေကို ပြန်ဖြည့်လိုက်တယ်။ ဒီလိုဓားမောက်တာအိုမျိုးက တော်တော်လေးကို အံ့ဩစရာကောင်းတယ်။ ညီလေးစု …မင်းက ဒီလိုအဆင့်ထိတောင် ရောက်နေမယ်လို့ မထင်ထားခဲ့ဘူး… "

သူက များများမပြောခဲ့သော်လည်း သိုင်းလောက လူအုပ်ကြီးကတော့ တခဏအတွင်း နားလည်သွားကြသည်။ သူတို့က မုန့်ချီကို အံ့ဩမှင်တက်စွာ ကြည့်နေမိကြ၏။ ထိုအရာကတော့ ကိုယ်ပိုင်ကျောင်းတစ်ခုပင် တည်ထောင်နိုင်သော ထိပ်တန်းပညာရှင်တစ်ယောက်၏ အရည်အချင်းမျိုးဖြစ်သည်။ သူက ကိုယ်ပိုင်သိုင်းကွက်တစ်ခုပင် ဖန်တီးနိုင်ပြီ ဖြစ်သည်။ ထိုအရာက ဂိုဏ်းငယ်လေးတစ်ခုကို တည်ထောင်နိုင်သော အရည်အချင်းမျိုးလည်းဖြစ်၏။

"အစ်ကိုဝမ်ကိုက် ထင်ထားသလိုပဲ ကျွန်တော်က ဒီလိုကောက်ချက်ကို ရှောင်လွှဲဖို့က ခက်ပါတယ်…"

မုန့်ချီကတော့ မျက်လုံးထဲတွင် မျက်ရည်ကျနေသကဲ့သို့ အနည်းငယ် ခံစားလိုက်ရသည်။

သူက ချန်းဟွေကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဘာမှ ဂရုစိုက်နေစရာ မလိုပါဘူး။ ငါကလည်း မင်းရဲ့ဓားမောက် သိုင်းပညာကနေ အသိအမြင်တချို့ ရလိုက်ပါတယ်…"

သူက ကျန်းကျိဝေ ဖန်တီးခဲ့သော ရာမဖိတ်ခေါ်ခြင်းကို ပထမဆုံး မြင်လိုက်ရသည့် အချိန်တွင် သူကိုယ်တိုင်လည်း အံ့ဩသွားခဲ့ရသည်။ ယခုတော့ သူကိုယ်တိုင်လည်း ထိုအဆင့်ကို ရောက်နေပြီဖြစ်၏။

ရန်ချုံက မုန့်ချီကို လေးလေးနက်နက် စိုက်ကြည့်နေပြီး သူ့အပေါ် ယူဆချက်ကလည်း နောက်တစ်ကြိမ် မြင့်တင်လာခဲ့၏။ ချန်းဟွေက မုန့်ချီကို ကျေးဇူးတင်ပြီးနောက် စင်မြင့်ပေါ်မှ ပြန်ဆင်းသွားခဲ့၏။

ထိုအချိန်တွင် လူပေါင်းများစွာ ခုန်တက်လာကြသည်။ သို့သော် သူတို့ထဲမှ တစ်ယောက်ကတော့ တခြားလူများထက် ပို၍ လျင်မြန်နေ၏။ သူက လေလှိုင်းတစ်ခုကဲ့သို့ လေ့ကျင့်ရေးကွင်း၏ အလယ်ကို ရောက်လာခဲ့သည်။

သူက ယဲ့ဟွာဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်တစ်ယောက်ဖြစ်ပြီး သာမန်သာဖြစ်သည်။ သို့သော် သူ့ဆီတွင် ပညာရှင်တစ်ယောက်၏ အရည်အသွေးများ ရှိ၏။ ယဲ့ဟွာဂိုဏ်းမှ တပည့်ပေါင်းများစွာကတော့ ထိုလူငယ်ကို ဤနေရာတွင် မြင်ရမည်ဟု မထင်ထားသည့်အတွက် အံ့ဩနေကြ၏။

ဤနေရာတွင် လူပေါင်းများစွာ စုစည်းနေခြင်းဖြစ်သည့်အတွက် သူက သေချာပေါက် ထိပ်တန်းပညာရှင်တစ်ယောက် မဖြစ်နိုင်ပေ။ ကွင်းပြင်ထဲသို့ အလျင်စလို ဝင်ရောက်သွားခြင်းက သူတို့ဂိုဏ်းကို သိက္ခာကျစေနိုင်၏။

သို့သော် မုန့်ချီနှင့်ရန်ချုံတို့၏ မျက်လုံးထဲတွင်တော့ တံခါး (၈)ပေါက်အဆင့်ကို ရောက်နေသော သာမန်တပည့်များက အလွန်များပြားလှသည်။

"ကျွန်တော်က ယဲ့ဟွာဂိုဏ်းက တပည့် ရင်ရှောင်ကျိုးပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး သခင်လေးတို့ … "

ထိုလူငယ်က လက်နှစ်ဖက်ဆုပ်ပြီး ပြောလိုက်သည်။

သူက မုန့်ချီနှင့် တခြားလူများကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ သိုင်းလောက က ကြီးမား၏။ သို့သော် လူတိုင်းက အစွမ်းထက်နေခြင်း မဟုတ်ပေ။ သူတို့ဆီတွင် ကြီးကြီးမားမား ရွေးချယ်ရန် အခွင့်အရေး မရှိခြင်းသာဖြစ်သည်။

Translated by Hein Htet

All Chapters