← Chapters

အခန်း (၃၉၉)

Vol. 27 Ch. 399

အခန်း (၃၉၉)

Vol. 27 Ch. 399

မိကျိကျင်းက အံ့သြသွားခဲ့ပြီး မုန့်ချီ ၊ ဝမ်ကိုက်နှင့် တခြားသခင်လေးများကို လှည့်ကြည့်ပြီး သူတို့၏သဘောထားကို မေးခဲ့သည်။ သူတို့က ဒိုင်လုပ်ပေးရန်နှင့် ရံဖန်ရံခါ မှတ်ချက်ပေးရန်သာ သဘောတူထားပြီး ပါဝင်ယှဉ်ပြိုင်ရန် သဘောတူထားခြင်း မရှိသော်လည်း ရင်ရှောင်ကျိုး၏ စိန်ခေါ်မှုက သိုင်းလောကသားများ၏ စိတ်ဆန္ဒကို မြင့်တက်လာစေနိုင်သည်။

မည်သို့ဖြစ်စေကာမူ သူတို့အများစုက လူငယ်မှတ်တမ်း၏ ထိပ်ဆုံးအယောက် (၂ဝ)အတွင်းရှိနေသော လူတစ်ယောက်ကို လုံးဝမမြင်ဖူးကြပေ။ သူတို့၏ သိုင်းကွက်များကိုလည်း မြင်တွေ့ချင်နေကြ၏။ အထူးသဖြင့် နာမည်မရှိသော လူတစ်ယောက်က စိန်ခေါ်သည့်အချိန်တွင် လူအုပ်ကြီးက ပို၍ပင် စိတ်လှုပ်ရှားလာကြ၏။ နှစ်ဖက်လုံးကသာ ဆန္ဒရှိမည်ဆိုလျှင် ထိုသိုင်းပြိုင်ပွဲက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းလှသည်။

ဝမ်ကိုက်က မုန့်ချီ ၊ ရန်ချုံ ၊ ချူးယွင်ယုတို့နှင့် အချင်းချင်း ကြည့်လိုက်ကြ၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

"ဒါက သင်ကြားပေးတယ်လို့ မခေါ်နိုင်ပါဘူး။ ဒါပေမဲ့ တစ်ကွက်နှစ်ကွက်လောက် ထောက်ပြတာက ပြဿနာမရှိဘူး။ ဒီနေ့ သိုင်းပညာပြိုင်ပွဲက ငါတို့ကို အဓိကထားတာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့အားလုံးက ငါတို့နဲ့ စိန်ခေါ်ဖို့ ကြိုးစားမယ်ဆိုရင် မူလအခြေအနေက ပျက်စီးသွားနိုင်တယ်။ ငါတို့က သခင်လေးရင်နဲ့ တိုက်ခိုက်ပြီးသွားရင် ငါတို့ကို စိန်ခေါ်ချင်တဲ့သူ‌တွေက အရင်ဆုံး သူ့ကို အနိုင်ရဖို့ ကြိုးစားသင့်တယ်…"

လက်ရှိအချိန်တွင် သူက တံခါး (၉) ပေါက်အဆင့် ရှိနေသည်။ သူက မမြင်နိုင်သော နယ်ပယ်အဆင့်ကို မရောက်သေးသော်လည်း မျက်ခုံးကြားပင်မတံခါးကို စတင် လေ့ကျင့်နေသည့်အတွက် သူ၏အမှန်တရား အငွေ့အသက်များက ဖရိုဖရဲကျင့်စဉ်နှင့် အတော်လေးကို ဆင်တူနေသည်။

သူက ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိသေးသော်လည်း အဆင့်မြင့်ဝိညာဉ်ကို အနည်းငယ် အသုံးပြုနိုင်သည်။ ထိုအရာက အဝေးမှ တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း ရန်သူကို စောင့်ကြည့်နေသည့်အချိန်တွင် သူ၏တိုက်ခိုက်မှုက အဆင့်တူများထက် ကျော်လွန်နိုင်၏။

ရင်ရှောင်ကျိုးဆီတွင် ထူးခြားသောအစွမ်းများ ရှိနေသော်လည်း နာမည်ကျော်ကြားမှု မရှိသေးချေ။ သူ့ကို နမူနာအနေနှင့် တိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့က တခြားသော စိန်ခေါ်သူအများစုကို ခြိမ်းခြောက်နိုင်သည်။

ဝမ်ကိုက်၏ တောင်းဆိုချက်ကို ကြားသည့်အခါ ယွဲ့ဟွာဂိုဏ်းမှ တပည့်များ၏ အမူအရာက ပြောင်းလဲသွားသည်။ မူလတုန်းကတော့ ရင်ရှောင်ကျိုးက ပြဿနာရှာနေသည်ဟု သူတို့က တွေးနေကြ၏။ သူတို့အားလုံးကလည်း မသေချာကြပေ။

"သခင်လေးတို့ကို ကျေးဇူးတင်ပါတယ်…"

ရင်ရှောင်ကျိုးက ရင်ဘတ်ပေါ်သို့ လက်တင်၍ ပြောလိုက်သည်။

ဝမ်ကိုက်က အပြုံးနှင့် ပြောလိုက်၏။

"မင်းက ငါတို့အားလုံးထဲမှာ ဘယ်သူ့ကို စိန်‌ခေါ်ချင်တာလဲ…"

ရင်ရှောင်ကျိုးက သူ၏ပြိုင်ဘက်ကို ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူက မုန့်ချီကို ကြည့်ပြီး ပြန်ဖြေလိုက်၏။

"သခင်လေးက ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်မလား…"

သူက သူ၏ဆရာဆီမှ လမ်းညွှန်ချက်များကို ရရှိထားသည့်အတွက် ရန်ချုံက လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်နေပြီး သူ၏ကိုယ်ပိုင်လမ်းကြောင်းကို စတင်ရှာဖွေနေကြောင်း သိနေသည်။ ရန်ချုံ၏အဆင့်က သူ့ထက် အဆပေါင်းများစွာ ပို၍မြင့်မား၏။ ထိုလူငယ်က သူ့ကို သိုင်းကွက်တစ်ကွက်တည်းနှင့် အနိုင်ယူနိုင်သည်။

ကြယ်လလှုပ်ရှားသူ ချူးယွင်ယုက လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်နေပြီး ပြိုင်ဘက်၏ စွမ်းအားကို ငှားယူ၍ တုံ့ပြန်တိုက်ခိုက်နိုင်သည်။ တိုက်ခိုက်မှုများကိုလည်း လွှဲပြောင်းနိုင်၏။ အဆိုးဆုံးအရာကတော့ သူ၏ဓားမောက်သိုင်းပညာနှင့် ယှဉ်၍မရပေ။

အမှန်တရားဓား ဝမ်ကိုက်က ယခုမှ တံခါး (၉) ပေါက်အဆင့်ပွင့်သော်လည်း ခန္ဓာကိုယ်ထဲတွင် အဆင့်မြင့် အမှန်တရား ဝိညာဉ်တစ်ခု ရှိသည်။ သူက ပို၍အစွမ်းထက်သော ပြိုင်ဘက်နှင့် တွေ့ရသည့်အချိန်တိုင်း တဖြည်းဖြည်း ပို၍အစွမ်းထက်လာပြီး အားနည်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် လုံးဝအားနည်းခြင်း မရှိချေ။ ထို့ကြောင့် သူကလည်း စိန်ခေါ်ရန် မသင့်တော်သော ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။

တစ်ဖက်တွင်တော့ သတ်ဖြတ်ရေးဓားစုမုန့်က အံ့သြစရာကောင်းသော တိုက်ပွဲရလဒ်တစ်ခု ရှိသော်လည်း သူ၏အဆင့်က သူနှင့်တူညီနေသည်။ သူက တံခါး(၇) ပေါက် တံခါး (၈) ပေါက်အဆင့်သာ ရှိနေသေးပြီး အဆင့်အရ အသာစီးရမှု မရှိချေ။ ရွှေခေါင်းလောင်းအကာအကွယ်ကဲ့သို့ သူ၏ကျင့်စဉ်ကလည်း လက်ရည်စမ်းသည့် အချိန်မျိုးတွင် အသုံးပြုရန် ခက်ခဲနိုင်သည်။ သူ၏ဓားသိုင်းပညာနှင့် ကိုယ်ဖော့ပညာများကို အသုံးပြုပြီး အသာစီးယူရန်သာ ဖြစ်နိုင်သည်။

အကယ်၍ ဓား‌မောက်သိုင်းပညာချင်း ယှဉ်ရမည်ဆိုလျှင် သူက အစစ်အမှန် ပညာရှင် တစ်ယောက်ဖြစ်ပြီး ရင်ရှောင်ကျိုးကလည်း အားနည်းခြင်း မရှိချေ။ အကယ်၍ သူကသာ မုန့်ချီကို ဝေ့ကျင်းအဆင့် သိုင်းကွက် သုံးမလာနိုင်အောင် ထိန်းထားနိုင်မည်ဆိုလျှင် ကြည့်နေသူများ၏ မျက်လုံးထဲတွင်တော့ ထိုပြိုင်ပွဲက သရေဟု သတ်မှတ်နိုင်သည်။

အကယ်၍ သူကသာ မုန့်ချီ၏ ဒဏ်ရာများကို ကုသရန် ရွှေခေါင်းလောင်းအကာအကွယ် သုံးလာအောင် တွန်းအားပေးနိုင်မည်ဆိုလျှင်တော့ အနိုင်ရသည်ဟု သတ်မှတ်နိုင်ပြီး ချက်ချင်း နာမည်ကြီးလာနိုင်သည်။

မုန့်ချီက တစ်ဖက်လူ၏ ထင်ပေါ်ကျော်ကြားမှုကို လုယူရန် အခွင့်အရေးတစ်ခု မဟုတ်သည့်အတွက် အတော်လေး စိတ်ပျက်နေခဲ့၏။ သူက ရယ်လိုက်ပြီး သူ့ဓားကို မြှောက်၍ ထိုင်ခုံမှ ထလိုက်သည်။ သူက လေလှိုင်းထဲတွင် ဆင်းသက်လာသော သစ်ရွက်ကလေးတစ်ခုကဲ့သို့ လှုပ်ရှားလိုက်၏။

သူ၏ကိုယ်ဖော့ပညာကြောင့် ပွဲကြည့်စင်မှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့သည်။ မူလတုန်းက တိုက်ခိုက်သူများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ပို၍ပင် ထူးခြားလွန်းလှပြီး သူ၏ကိုယ်ဖော့ပညာက သာမန်အမြင်နှင့် ကွဲပြားနေသည်။

"သခင်လေးရင်က ယွဲ့ဟွာဂိုဏ်းက တပည့်တစ်ယောက် ဆိုမှတော့ ဘာလို့နာမည်မကြီးရတာလဲ။ အသက် (၂၃) ၊ (၂၄) အရွယ်မှာ တံခါး (၈)ပေါက်အဆင့် ရှိနေတဲ့အတွက် သေချာပေါက် အဆင့်အတန်းမြင့်တဲ့နောက်ခံမျိုးရှိပြီး ထိပ်တန်းသိုင်းပညာမျိုးလည်း ရှိနိုင်တယ်လေ…"

မုန့်ချီကတော့ တိုက်ရိုက် တိုက်ခိုက်ခြင်းမရှိဘဲ ထိပ်တန်းပညာရှင် တစ်ယောက်ကဲ့သို့ ပြိုင်ဘက်ကို ပြောပြလိုက်သည်။

"တံခါး (၈) ပေါက်အဆင့်လား…"

ယွဲ့ဟွာဂိုဏ်းမှ တပည့်များက အချင်းချင်း မျက်တောင်မခပ်တမ်း စိုက်ကြည့်နေမိကြသည်။ မည်သည့်အချိန်တွင် ဆေးဥယျာဉ်ထဲ၌ သန့်ရှင်းရေးလုပ်သော သာမန်တပည့်တစ်ယောက်က တံခါး (၈) ပေါက်အဆင့်ကို ရောက်သွားခဲ့သနည်း။ သူက သူတို့မျိုးဆက်တွင် ထိပ်တန်းတပည့် (၁၀)ယောက်ထဲကိုပင် ရောက်နေနိုင်သည်။ ‌

ရင်ရှောင်ကျိုးက သာမန်ဓားတစ်လက်ကိုသာ သယ်ဆောင်ထား၏။ သူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ကျွန်တော်က ဆေးဥယျာဉ်ကို စောင့်ကြပ်နေတဲ့အချိန်မှာ ကံကောင်းပြီး ဂိုဏ်းထဲမှာရှိတဲ့ အကြီးအကဲ သတိထားမိတာကို ခံခဲ့ရတယ်။ သူက ကျွန်တော့်ကို လျှို့ဝှက်ကျင့်စဉ်တွေ တိတ်တဆိတ်သင်ကြားပေးခဲ့ပြီး နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့တဲ့အတွက် ဒီလိုနေ့မျိုး ရောက်လာခဲ့တာ…"

"အကြီးအကဲတွေရဲ့ သတိထားမှုလား။ ဘာဖြစ်လို့ ငါတို့က အဲဒီအကြောင်းကို မသိခဲ့ရတာလဲ…"

ယွဲ့ဟွာဂိုဏ်းမှ တပည့်များက ပို၍ပင် သံသယဝင်နေခဲ့သည်။

"နေဦး.. ဆေးဥယျာဉ်နားမှာ တိတ်တဆိတ်နေတဲ့ အဘိုးကြီးများ ဖြစ်နိုင်မလား။ သူက ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လား…"

မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။

"ငါ နားလည်ပြီ။ သခင်လေးရင်က အရင်ဆုံး တိုက်ခိုက်လိုက်ပါ…"

လူငယ်မှတ်တမ်းထဲတွင် အဆင့် (၆) ဖြစ်သော သခင်လေးတစ်ယောက် ဖြစ်သည့်အတွက် သူက ပြိုင်ဘက်ကို အရင်တိုက်ခိုက်ခွင့် ပေးလိုက်သည်။

ရင်ရှောင်ကျိုးက လက်ခံလိုက်ပြီး သူ့ဓားကို ဆွဲထုတ်လိုက်၏။ သူက ရိုသေလေးစားသောပုံစံနှင့် စတင်တိုက်ခိုက်လိုက်သည်။ ထို့နောက် ကိုယ်ဖော့ပညာကို သုံးလိုက်ပြီး အစိမ်းရောင်တိမ်တိုက်အဖြစ် ပြောင်းလဲသွားခဲ့၏။

သူ့ကို စစ်ဆေးကြည့်ရန် ခက်ခဲသည်။ သူက ရံဖန်ရံခါ ပုံသဏ္ဍာန် ပြောင်းလဲနေပြီး မုန့်ချီက သူ့ကို ပစ်မှတ်ထားရန် အခွင့်အရေး မပေးခဲ့ပေ။ စတင်လှုပ်ရှားလိုက်သည်နှင့် သူတို့က တိုက်ခိုက်နိုင်ခြင်းရှိမရှိ အပြင်လူများက သိနေနိုင်သည်။

ရင်ရှောင်ကျိုးက ကိုယ်ဖော့ပညာကို သုံးလိုက်သည့်အချိန်တွင် အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့၏။ ထိုအရာက အစောပိုင်းတွင် စွမ်းရည်ပြသခဲ့သူများထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေခဲ့သည်။ ယွဲ့ဟွာဂိုဏ်းမှ တပည့်များကတော့ ထိတ်လန့်အံ့ဩနေကြ၏။

အမြဲလိုလို သာမန်အရည်အချင်းသာရှိသည်ဟု သတ်မှတ်ခံထားရသည့်အတွက် ဆေးဥယျာဉ်ထဲသို့ စေလွှတ်ခံထားရသော ရင်ရှောင်ကျိုးက အကြီးအကဲတစ်ယောက်၏ သင်ပြမှုကို ရရှိရုံနှင့် သူ၏စွမ်းရည်က ထိုမျှ မြင့်တက်သွားခဲ့သည်။ သူက ကံကောင်းသောအရာများ တွေ့ရှိခဲ့ပြီး အားနည်းသော ခန္ဓာကိုယ်ကို ပို၍အစွမ်းထက်အောင် လုပ်လာနိုင်သည်ဟုပင် တွေးနေခဲ့သည်။

မုန့်ချီကတော့ ဓားကို ကိုင်ထားရင်း တိတ်တဆိတ် ရပ်နေခဲ့၏။ သူကတော့ မျက်လုံးနှင့် ပတ်ဝန်းကျင်ကို ပေါင်းစပ်ထားခဲ့ပြီးနောက် သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက နှလုံးသားဆီသို့ လျင်မြန်စွာ ရောက်လာနေခဲ့သည်။

သူကတော့ သိုင်းကွက်တစ်ခုကို အလျင်အမြန် ထုတ်သုံးခြင်းမရှိဘဲ သူ့အနားတွင် လျင်မြန်စွာ ပြောင်းလဲနေသော ရင်ရှောင်ကျိုးကို လျစ်လျူရှုထားခဲ့၏။ ရင်ရှောင်ကျိုး၏ တိုက်ခိုက်ရေးပုံစံက ပြဿနာမရှိချေ။

သူက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်‌ယောက်ဖြစ်သော သွေးစိမ်းနဂါးဘုရင်နှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင်လည်း ထိုကဲ့သို့ ရွေးချယ်ခဲ့သည်။ သူက ပြိုင်ဘက်၏ စွမ်းအားကို ရှောင်တိမ်းပြီး သူ၏အားနည်းချက်ကို ကာကွယ်ထားသည်။ တစ်ချိန်တည်းတွင် တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေခဲ့၏။

လေ့ကျင့်ရေးကွင်းပြင်က အဝါရောင်မြေကြီးများ ပြည့်နှက်နေပြီး လေထဲတွင် အေးစက်သော လေလှိုင်းများ တိုက်ခတ်နေသည်။ တိမ်တိုက်တစ်ခုကဲ့သို့ လွင့်မျောနေသော ရင်ရှောင်ကျိုးက ဘယ်လက်တွင် ရှိနေသော လက်ချောင်းလေးများကို လှုပ်ရှားနေပြီး သူ၏ဓားရှည်နှင့် ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲနေသည်။

ချီစွမ်းအင်လှုပ်ရှားမှုနှင့် ကြွက်သားများ တုံ့ပြန်မှုကလည်း ရှင်းရှင်းလင်းလင်း ပေါ်လာနေခဲ့၏။ သူ၏စွမ်းရည်က မုန့်ချီ ယဲ့တူသို့ ပထမဆုံး ရောက်လာသည့်အချိန်က အစွမ်းနှင့် တူညီလုနီးပါး ဖြစ်နေသည်။ ထိုအချိန်တွင် သူက လူငယ်မှတ်တမ်းတွင် အဆင့် (၃၀) ဝန်းကျင်ဖြစ်၏။

ထိုအရာက သိုင်းလောက ဘဝအစဖြစ်ပြီး ထိုအချိန်တွင် မုန့်ချီက လူအုပ်ကြီး၏ ရှေ့၌ သူ၏ပထမဆုံး ပြိုင်ဘက်ကို စိန်ခေါ်ခဲ့ရသည်။ သူတို့၏ အဆင့်ကွဲပြားမှုက အလွန်ကြီးမားလှ၏။ သူက ပထမဆုံးအကြိမ် မကောင်းဆိုးဝါးဝိညာဉ်ကို တိုက်ခိုက်ခဲ့သည့် အချိန်တွင်လည်း မကောင်းဆိုးဝါးသခင်နှင့် ကြုံတွေ့ခဲ့ရသည်။

သူက ယဲ့တူသို့ ပထမဆုံး ရောက်လာခဲ့သည့်အချိန်တွင် သူနှင့် ဝမ်ကိုက်၏ကြားထဲ၌ ကွာဟမှု ရှိနေသေး၏။ သူက နှစ်ဝက်ခန့်ကြာမှသာ လိုက်မီခဲ့သည်။ အကယ်၍ သူသာ ကျန်းဟန်ချွန် ၊ ရန်ချုံနှင့် တခြားသော ထိပ်တန်းပညာရှင်များကို တိုက်ရိုက် စိန်ခေါ်လိုက်မည်ဆိုလျှင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားနိုင်ပြီး လုံးဝကို အရှက်ရနိုင်သည်။ ထိုသို့ဆိုလျှင် သူက လုံးဝကို ယုံကြည်ချက် ပျက်သွားနိုင်သည်။

ထိုအချိန်တွင် နတ်ဆိုးမကူက သူ့အရှေ့၌ အစစ်အမှန်စွမ်းအားကို လုံးဝ ပြသခဲ့ခြင်း မရှိချေ။ သူမက ဆန်းကြယ်နတ်သမီးဆက်ခံသူကို သတ်ဖြတ်သည့်အချိန်တွင်သာ သူမ၏အစွမ်းကို ပြသခဲ့သည်။ သို့သော် သူလည်း မမြင်ခဲ့ရပေ။

ရင်ရှောင်ကျိုးက တဖြည်းဖြည်း နီးကပ်လာသည်ဟု သူက ခံစားနေရပြီး သူ့ကို တိုက်ခိုက်ရန် ဆန္ဒပြင်းပြနေသည်။ ဓားထိပ်ဖျားက လှုပ်ရှားလိုက်ပြီးနောက် သူ၏အားနည်းချက်များ ပေါ်လာခဲ့၏။

သူက အသက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

"သူ့ကို နည်းနည်းလောက် သင်ခန်းစာပေးလိုက်ပြီး ကိုယ့်အခြေအနေ ကိုယ်သိအောင် လုပ်လိုက်တာ ပိုကောင်းမယ်…"

မုန့်ချီက ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူ၏ဓားပေါ်တွင် ငွေရောင်အလင်းတန်းများ တောက်ပလာပြီး ရင်ရှောင်ကျိုးဆီသို့ ရောက်သွားခဲ့၏။

ချီစွမ်းအင်များအောက်တွင် ရင်ရှောင်ကျိုးကလည်း လှုပ်ရှားနေခဲ့သည်။ သူ၏ကိုယ်ဖော့ပညာများက ပြောင်းလဲသွားပြီး သူ၏ဓားရှည်ကို အပြင်ဘက်သို့ ပတ်ထုတ်လိုက်သည်။ သူက မုန့်ချီ၏ဓားကို ရှောင်တိမ်းလိုက်ပြီး ဘယ်ဘက် လက်ကောက်ဝတ်ဆီကို တိုက်ခိုက်လိုက်သည်။

ဓားက လမ်းတစ်ဝက်တွင် ရုတ်တရက် မြန်လာပြီး လေလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ လေစီးကြောင်းများကလည်း အက်ကွဲသွားခဲ့ပြီး နေရာတိုင်းတွင် ပျံ့နှံ့သွားခဲ့၏။ လေဟာနယ်ကြီးကပင် ပျက်စီးသွားသလို ခံစားလိုက်ရသည်။

မုန့်ချီ၏ ဓားမောက်တာအိုအဆင့်တွင် တစ်စုံတစ်ယောက်က သူ၏အနှစ်သာရကို ပြောပြရန် ခက်ခဲ၏။ အရာအားလုံးက သူ၏လက်ချောင်းထဲတွင် ရှိနေပြီး သူ့စိတ်ကြိုက် အသုံးပြုနိုင်သည်။ သူ၏အနှစ်သာရများကို ဓားထဲသို့ အသုံးပြုနိုင်သလို လက်သီး ၊ လက်ဝါးအဖြစ်လည်း အသုံးပြုနိုင်သည်။ တခြားလူများကတော့ သဲလွန်စ အနည်းငယ်ပင် မရှိနိုင်ပေ။

ကျန်းကျိဝေ ဓားသိုင်းပညာများစွာကို လဲလှယ်ခဲ့သလိုမျိုး ဖြစ်သည်။ သို့သော် (၂၃)ချက် ဓားသိုင်းကွက်ကိုတော့ တစ်ခါတစ်လေမှသာ အသုံးပြုတတ်၏။ အဘယ်ကြောင့်ဆိုသော် သူမက ဓားသိုင်းပညာမျိုးစုံ၏ အနှစ်သာရများကို ပေါင်းစပ်ရခြင်းကြောင့် ဖြစ်သည်။ သူမက ထူးခြားသော အခြေအနေမျိုးမဟုတ်ဘဲ ထိုအရာကို အသုံးမပြုနိုင်ပေ။

သူ့ဓားက ပုံမှန်အရှိန်အတိုင်း ရောက်လာပြီး ရင်ရှောင်ကျိုးက ကိုယ်ဖော့ပညာကို သုံးတော့မည့် အချိန်တွင် ရုတ်တရက် အရှိန်မြန်၍ သူ့ရှေ့တည့်တည့်ကို ရောက်လာခဲ့၏။

ရင်ရှောင်ကျိုးက ထိုဓားကို တည့်တည့်ကြီး စိုက်ကြည့်နေခဲ့ရသည်။ လေလှိုင်းများကလည်း သူ့မျက်နှာဆီသို့ ရောက်လာကြောင်း ခံစားလိုက်ရ၏။ အကယ်၍ သူသာ ရှောင်တိမ်းရန် ကြိုးစားလိုက်မယ်ဆိုလျှင် သူ့နောက်ကျော သို့မဟုတ် ဘေးဘက်က သေချာပေါက် တိုက်ခိုက်ခံရပါလိမ့်မည်။

ထို့သေူလည်း အံကြိတ်ပြီး ဓားကို မြှောက်၍ ခုခံလိုက်ရ၏။ သူက ဓားကိုမြှောက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို တားဆီးလိုက်သည်။

"ချွမ်း... "

အသံတစ်ခု ထွက်ပေါ်လာပြီး ဓားရှည်က ကွေးသွားခဲ့သည်။ ရင်ရှောင်ကျိုး၏ ညာလက်က အလိုလို တုန်ယင်လာခဲ့၏။

"တော်တော်လေးတာပဲ… "

မုန့်ချီက သူ၏ဓားရှည်ကို အားနှင့် ဖိလိုက်ရာ ရင်ရှောင်ကျိုး၏မျက်နှာက နီရဲလာခဲ့သည်။ သူက အစွမ်းကုန်သုံးပြီး ဓားကို ခုခံနေသော်လည်း လုံးဝလွတ်မြောက်နိုင်ခြင်း မရှိချေ။

ကောင်းကင်ပြစ်ဒဏ်ဓားက တဖြည်းဖြည်း ပို၍နိမ့်ကျလာပြီး ဓားရှည်က ကျိုးသွားတော့မလို ခံစားနေရ၏။ ရင်ရှောင်ကျိုး၏ ခြေထောက်ကလည်း တစ်လက်မချင်းဆီ မြေကြီးထဲသို့ နစ်ဝင်လာခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော ခွန်အားမျိုးဖြစ်၏။ ထို့နောက် ဓားမောက်က ရုတ်သိမ်းသွားခဲ့သည်။

ရင်ရှောင်ကျိုးက မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ခြေထောက် (၂) ဖက်က တုန်ယင်နေခဲ့၏။ လက် (၂) ဖက်ကလည်း လှုပ်ရှားနေသည့်အတွက် ခြေထောက်ကိုပင် မတ်မတ်မရပ်နိုင်တော့ပေ။

"အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

မုန့်ချီက ဓားရှည်ကို သိမ်းလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

ပွဲကြည့်စင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။ စုမုန့်က အလွန်အစွမ်းထက်သော သခင်လေးရင်ရှောင်ကျိုးကို သိုင်းကွက်တစ်ကွက်တည်းနှင့် အနိုင်ရလိမ့်မည်ဟု မည်သူမျှ မတွေးမိကြပေ။

ဝမ်ကိုက်က မတ်တတ်ရပ်ပြီး ပြောလိုက်၏။

"သခင်လေးရင်ရဲ့ ကိုယ်ဖော့ပညာကြောင့် သူက တိမ်တိုက်တစ်ခုလို သွားလာနိုင်တယ်။ သူက ယွဲ့ဟွာဂိုဏ်းရဲ့ တိမ်တိုက်အရိပ် သိုင်းပညာ အနှစ်သာရတွေကို ရထားတာပဲ။ သူ့ရဲ့ဓားသိုင်းပညာကလည်း ပုံရိပ်ယောင်တွေလို လှုပ်ရှားနိုင်ပြီး ပြိုင်ဘက်ရဲ့အားနည်းချက်တွေကို တိတိကျကျ တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် သူက သတ်ဖြတ်ရေးဓားနဲ့ တွေ့တာ ကံဆိုးသွားတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ဘယ်လိုသိုင်းကွက်တွေပဲရှိရှိ သူ့ရဲ့မျက်စိအောက်ကနေ မလွတ်နိုင်ဘူးလေ။ သာမန်ရိုးရှင်းတဲ့ သိုင်းကွက်တစ်ကွက်တည်းကတောင် သူ့ကို အနိုင်ရနိုင်တယ်။ ဓားသိုင်းအရ ပြောရမယ်ဆိုရင်လည်း ဓားရှည်က ဓားမောက်ကို မယှဉ်နိုင်ဘူး။ သူ့ရဲ့စွမ်းရည်ကြောင့်ပါ…"

လူအုပ်ကြီးက သက်ပြင်းချလိုက်မိကြသည်။ သူတို့က အတော်လေးကို နားလည်သွားကြ၏။ ထိုကဲ့သို့ တိုက်ခိုက်မှုလေးတစ်ခုက သူတို့အတွက် အတော်လေး ပညာရသွားခဲ့သည်။

ပညာရှင်များ၏ တိုက်ပွဲက အတော်လေးကို ထူးခြားလှသည်။ သတ်ဖြတ်ရေးဓားစုမုန့်က သူ၏နာမည် ဂုဏ်သတင်းနှင့် ထိုက်တန်လှပြီး သူက သတ်ဖြတ်ရေးဓား ဟူသောနာမည်နှင့် အမှန်တကယ်ကို လိုက်ဖက်ညီလှသည်။

ရန်ချုံက ခေါင်းညိတ်ပြလိုက်ပြီး လေးလေးနက်နက် စဉ်းစားနေခဲ့၏။ ထိုကဲ့သို့ ပြိုင်ဘက်မျိုးက စောင့်နေရသည်မှာ ထိုက်တန်လှသည်။

ရင်ရှောင်ကျိုးကတော့ ရှက်ရွံ့နေခဲ့၏။ သူက သိုင်းကွက်တစ်ကွက်ပင် ခုခံနိုင်ခြင်းမရှိဟု မထင်ထားခဲ့ပေ။ ဝမ်ကိုက်၏ စကားကို ကြားသည့်အခါ သူလည်း စိတ်အေးသွားခဲ့၏။ ထိုအရာက လူငယ်မှတ်တမ်းထဲမှ ပညာရှင်တစ်ယောက် ဖြစ်သည်။ သတ်ဖြတ်ရေးဓားကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင်ကို သူ ရင်ဆိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

သူက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ထွက်ခွာသွားပြီးနောက် မုန့်ချီ၏ အနိုင်ရမှုအတွက် ကျယ်လောင်သော အော်ဟစ်သံများ ကြားနေရသည်။

မုန့်ချီက ပြုံးပြလိုက်ပြီး ထိုင်ခုံသို့ ပြန်သွားခဲ့၏။ ပြိုင်ပွဲများက ဆက်လက်ဖြစ်ပေါ်နေပြီး သူတို့အားလုံးကတော့ ဆက်၍ မှတ်ချက်ပေးနေကြသည်။ နောက်ဆုံးတွင်တော့ အနိုင်ရသူများက လူငယ်မှတ်တမ်းတွင် နာမည်ကျော် ပညာရှင်များဖြစ်နိုင်ပြီး တချို့ကတော့ နှစ်ပေါင်းများစွာ နာမည်ကျော်ကြားနိုင်သည်။ တချို့ကတော့ ရင်ရှောင်ကျိုးကဲ့သို့ လူမသိသူမသိ ဖြစ်သွားနိုင်၏။

သူတို့က အနိုင်ရသူကို ဆုံးဖြတ်နေသည့်အချိန်တွင် တိုက်ပွဲစင်မြင့်ပေါ်တွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုအရာကတော့ အသက် (၄၀) အရွယ် ဝန်းကျင် ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်၏။

သူက ခရမ်းဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်က သာမန်ထက် အနည်းငယ်ပိုသည်။ သူမ၏ဆီမှ ကျက်သရေရှိသော အငွေ့အသက်များ ထွက်ပေါ်လာ၏။

ထိုအမျိုးသမီးကို မြင်သည့်အချိန်တွင် မိကျိကျင်း၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ခါးသီးစွာ ရယ်လိုက်၏။

"ဒေါ်လေး (၇) …

ဘာလို့ပြိုင်ပွဲကို ရောက်လာရတာလဲ…"

ထိုအမျိုးသမီးက သူ့ကိုကြည့်ပြီး ပြောလိုက်၏။

"ဒေါ်လေးပိုင်က လာပြီးကြည့်လို့မရဘူးလား…"

" ဒါက လူငယ်တွေ ပြိုင်တဲ့ပွဲလေ …"

မိကျိကျင်းက အပြုံးနှင့် ရှင်းပြလိုက်သည်။

ဒေါ်လေးပိုင်က နှာခေါင်းရှုံ့၍ ပြောလိုက်၏။

"ငါကရော မငယ်လို့လား။ ငါက အခုမှ (၄၃) နှစ်ပဲ ရှိသေးတယ်။ ငါ့လို သိုင်းပညာ လေ့ကျင့်တဲ့သူတွေအတွက် ဒါက အကောင်းဆုံးအချိန်ပဲ ရှိသေးတယ်။ တကယ်လို့ ငါသာ ဒီလိုအသက်အရွယ်မျိုးမှာ မျက်ခုံးကြားပင်မတံခါးကို ဖွင့်နိုင်ပြီး ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်မယ်ဆိုရင် ငါက အသက်ငယ်ငယ်လေးနဲ့ ဝေ့ကျင်းအဆင့်ကိုရောက်တယ်လို့ ချီးကျူးကြမှာ မဟုတ်ဘူးလား…"

သူမက ပြဿနာရှာချင်နေပုံ ရသည်။

သို့သော် မုန့်ချီ ၊ ရန်ချုံနှင့် တခြားလူများကတော့ မျက်နှာပျက်နေကြ၏။ သူတို့အတွက်တော့ ဒေါ်လေးပိုင်က ဟယ်ကျူး၏အဆင့်သို့ ရောက်နေသည်ဟု ခံစားနေရသည်။

Translated by Hein Htet

All Chapters