အခန်း (၄၀၀)
Vol. 27 Ch. 400
ဝမ်ကိုက်က မုန့်ချီ ၊ ရန်ချုံနှင့် ချူးယွင်ယုတို့ကို အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဒေါ်လေးပိုင်က ပိုင်မိသားစုသခင်ကြီးရဲ့ ညီမလေ …။ သူ့ရဲ့နာမည် အစစ်အမှန်က ပိုင်လျန်ရှန့်လို့ခေါ်တယ်။ ဒါပေမဲ့ သူက နံပါတ် (၇)ဆိုတဲ့ နာမည်ကိုပဲ ရခဲ့တယ်။ သူ ငယ်ငယ်တုန်းကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ နေခဲ့ပြီး နာမည်မကျော်ဘူး…”
“ဒါပေမဲ့ အသက်(၃၀)အရွယ်ကို ရောက်လာတဲ့ အချိန်ကတည်းကစပြီး သူ့ရဲ့ဘဝတစ်လျှောက်လုံး အချိန်ဖြုန်းနေမိခဲ့တယ် ဆိုတာကို ရုတ်တရက် နားလည်သွားတဲ့အတွက် နှစ်ပေါင်းများစွာ လျစ်လျူရှုလာခဲ့တဲ့ သိုင်းပညာကို စပြီး လေ့လာခဲ့တယ်။ သူက သူ့ရဲ့မူလနာမည်ကို မသုံးဘဲ သူ့ကိုယ်သူ ဒေါ်လေး (၇)လို့ ခေါ်ခိုင်းခဲ့တယ်။ သူက သိုင်းပညာနဲ့ ပတ်သက်ပြီး ပါရမီပါတဲ့အတွက် နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့တာကို မြန်မြန်ဆန်ဆန် ဖြည့်ဆည်းနိုင်ခဲ့တယ်။ ပြီးတော့ အသက် (၄၀)ကျော်လေးမှာပဲ လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ခဲ့တယ်..”
“သူ့ရဲ့အောင်မြင်မှု မှတ်တမ်းတွေက အခုချိန်ထိ ရင်မြို့ထဲမှာ လှုပ်ခတ်နေတုန်းပဲ။ ပိုင်မိသားစုနဲ့ မိ မိသားစုက လက်ထပ်ထိမ်းမြားပွဲနဲ့ မဟာမိတ်ဖွဲ့ဖို့ စီစဉ်ခဲ့ကြတယ်။ ဒါကြောင့် ကျိကျင်းရဲ့အမေက ဒေါ်လေးပိုင်ရဲ့ အစ်မကြီးပဲ။ ဒါကြောင့်လည်း သူက သူ့ရဲ့ရှေ့မှာ အတော်လေး မသက်မသာ ခံစားနေရတာ… "
ဝမ်ကိုက်က တခြားလူများကို ထိုကဲ့သို့ နောက်ပြောင်သည်မှာ အလွန်ရှားပါးသည်။ ရန်ချုံနှင့် ချူးယွင်ယုတို့က မြစ်အရှေ့ပိုင်းတွင် ရံဖန်ရံခါ ရှိတတ်သော်လည်း သူတို့က ဒေါ်လေးပိုင် အကြောင်းကို လုံးဝ မကြားဖူးချေ။ သူတို့က အမြဲလိုလို တံခါးပိတ် လေ့ကျင့်နေတတ်ပြီး အများဆုံး ရင်မြို့အနားတွင် ရှိနေသော လူများနှင့်သာ လက်ရည်စမ်းတတ်သည်။
ယခုတော့ ရင်မြို့ထဲတွင် ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များနှင့် အထက်အဆင့် ပညာရှင်များအပြင် ထိုကဲ့သို့ ပညာရှင်တစ်ယောက်လည်း ပုန်းနေကြောင်း သူတို့က သိသွားကြ၏။
မုန့်ချီလည်း ဒေါ်လေးပိုင်၏ အကြောင်းကို လုံးဝ မကြားဖူးချေ။ သို့သော် ပိုင်မိသားစုနှင့် ပတ်သက်ပြီး မရင်းနှီးခြင်းတော့ မဟုတ်ပေ။ ရင်မြို့ထဲတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်း၏ သတင်းအချက်အလက်များအရ ပိုင်မိသားစုက အထက်တန်းလွှာ မိသားစုများ အားလုံးထဲတွင် နံပါတ်(၁)ဖြစ်ကြောင်း သိနေသည်။
ဒေါ်လေးပိုင်၏ ဦးလေး ဆရာကြီး ပိုင်ပါရှန်းက သိုင်းပညာကို စိတ်နှစ်ထားသော ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ သူက လုံးဝ လက်ထပ်ခဲ့ခြင်း မရှိသည့်အတွက် မိသားစုခေါင်းဆောင်နေရာက သူ့တူဆီသို့ အလိုလို ရောက်လာခဲ့သည်။
ထို့ပြင် ပိုင်မိသားစုက ရင်မြို့၏နယ်မြေခံလည်း မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်တွင် တောင်ဘက်ပိုင်းမှ ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ သူတို့က တောင်ဘက်ပိုင်းတွင် အရှင်သခင်ဟု နာမည်ကျော်ကြားသော သွေးဝတ်ရုံ အဖွဲ့အစည်းကို ရန်စမိသည့်အတွက် အလယ်ပိုင်းနယ်မြေတွင် ခိုလှုံရန် ရောက်လာသည်ဟု ပြောကြသည်။
မျိုးဆက်ပေါင်းများစွာ ကြိုးစားအားထုတ်လာပြီးနောက် သူတို့က ရင်မြို့ထဲတွင် အခြေခိုင်လာပြီး နာမည်ကျော်ကြားသော အထက်တန်းလွှာ မိသားစုတစ်ခု ဖြစ်လာခဲ့သည်။ သွေးဝတ်ရုံ အဖွဲ့အစည်းဟူသည်မှာ မကောင်းဆိုးဝါး လမ်းစဉ် (၉)သွယ်ထဲမှ တစ်ခုဖြစ်၏။
ပိုင်မိသားစုကို ဦးဆောင်ပြီး ခိုလှုံခဲ့သော အကြီးအကဲက ယခုအချိန်အထိ အသက်ရှိနေသေးသည်ဟူသော ကောလာဟလများလည်း ကြားရသည်။ သို့သော် သက်သေပြနိုင်ခြင်း မရှိချေ။
ဒေါ်လေးပိုင်၏ တုံ့ပြန်ပြောဆိုမှုကြောင့် မိကျိကျင်းက အတော်လေး ကြောက်လန့်သွားခဲ့၏။ သူက အကြီးအကဲများ၏ ရှေ့တွင် မလေးမစား လုပ်မိကြောင်း သိနေသော်လည်း သူမ၏ဒေါသကို ကျေနပ်စေရန် အပြုံးနှင့် ပြောလိုက်သည်။
"ဒေါ်လေး (၇) …
ဒေါ်လေးက ဘာလုပ်ချင်နေလို့ တိုက်ပွဲစင်မြင့်ပေါ်ကို ခုန်တက်လာတာလဲ…"
"ငါက သူတို့နဲ့ စိန်ခေါ်ဖို့ ရောက်လာတာပေါ့…"
ဒေါ်လေးပိုင်က အော်ပြောလိုက်သည်။
သူမက မိကျိကျင်းကို ကျော်ပြီး ရန်ချုံနှင့် မုန့်ချီတို့ကို စိုက်ကြည့်နေခဲ့၏။
"ဒါပေမဲ့ ဒါက အနိုင်ကျင့်တာ မဟုတ်ဘူးလား။ ဒေါ်လေး(၇)က သူတို့ထက် ပိုပြီးအစွမ်းထက်သလို ပိုပြီးအသက်ကြီးတယ်လေ…"
သူမ၏စကားကို ကြားသည့်အခါ မိကျိကျင်းက အတော်လေး ခေါင်းကိုက်သွားခဲ့သည်။ သူ၏ဒေါ်လေး (၇)က အမြဲလိုလို အစွမ်းထက်ပြီး သူမ၏ဒေါသများကလည်း ငယ်စဉ်ကတည်းက ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ တစ်ခုကွဲပြားသွားသည်မှာ ယခု သူမက အတော်လေး အစွမ်းထက်လာခဲ့၏။ မဟုတ်လျှင် သူက အကြမ်းနည်းကို သုံးပြီး သူမကို ရပ်တန့်မိပါလိမ့်မည်။
ဒေါ်လေးပိုင်က မိကျိကျင်း၏ နားကို စိုက်ကြည့်လိုက်သည့်အတွက် သူ ကလေးဘဝတွင် သူမက သူ့နားကို ဆွဲလိုက်သည့်အချိန်တိုင်း မည်မျှနာကျင်ရကြောင်း သူက မှတ်မိသွားခဲ့သည်။ သူက နောက်တစ်ကြိမ် အဆွဲခံရမှာ စိုးသည့်အတွက် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး အနောက်ကို တစ်လှမ်းဆုတ်သွားခဲ့၏။
"ဘယ်အချိန်တုန်းကများ ငါက အသက်ကြီးပြီလို့ သတ်မှတ်နိုင်တာလဲ။ သိုင်းလောကမှာ အသက် (၃၀)ကို မျိုးဆက်တစ်ခုလို့ သတ်မှတ်နိုင်တယ်။ ဒါကြောင့် ငါတို့က မျိုးဆက်တစ်ခုရဲ့ အစနဲ့ မျိုးဆက်တစ်ခုရဲ့ အဆုံးလို့ပဲ သတ်မှတ်နိုင်တယ်…"
ဒေါ်လေးပိုင်က ပြန်လည်တုံ့ပြန်လိုက်သည်။
မိကျိကျင်းကတော့ လူအုပ်ကြီးရှေ့တွင် အရှက်ရမှာ ကြောက်သည့်အတွက် ခေါင်းညိတ်ပြလိုက်ပြီး ဝမ်ကိုက် ၊ မုန့်ချီနှင့် တခြားလူများ၏ သဘောထားကို လှည့်ကြည့်လိုက်သည်။
"တကယ်လို့ လက်ရည်စမ်းရုံ သက်သက်ပဲဆိုရင်တော့ ငါလည်း ကန့်ကွက်စရာ မရှိပါဘူး…"
ရန်ချုံက ဓားလက်ကိုင်ကို ပုတ်လိုက်သည်။ သူနှင့် အဆင့်တူ ရှိနေသော ပြိုင်ဘက် တစ်ယောက်ကို ရင်ဆိုင်ရသည့် အချိန်တွင် သူ၏စိတ်ဝင်စားမှုများ မြင့်တက်လာပြီး သူလည်း စမ်းသပ်ကြည့်ချင်နေခဲ့သည်။
မုန့်ချီကလည်း အေးအေးဆေးဆေး အခြေအနေမျိုး မဟုတ်တော့ပေ။ သူက ညာလက်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ဓားကို သပ်လိုက်၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါလည်း ပြဿနာ မရှိပါဘူး…"
ရန်ချုံနှင့် မုန့်ချီတို့က စိန်ခေါ်မှုကို သဘောတူကြောင်း မြင်လိုက်ရသည့်အခါ ဝမ်ကိုက်နှင့် ချူးယွမ်ယုတို့က အချင်းချင်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ဖြစ်စေကာမူ ဒေါ်လေးပိုင်၏ အဆင့်အရ သူမက သူတို့ကို စိန်ခေါ်ခြင်းက ပိုကောင်းသော အရာတစ်ခုဖြစ်သည်။
"တွေ့လား … ကျိကျင်း ...
သူတို့အားလုံးက တကယ့်ကို လူငယ် ပါရမီရှင်တွေပဲ…"
ဒေါ်လေးပိုင်က တောက်ပစွာ ပြုံးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်လာသည်။
မိကျိကျင်း၏ မျက်နှာက အလွန်နီရဲနေပြီး သူ၏နားထိပ်ဖျားထိအောင် ရောက်နေခဲ့၏။ သူက လျှို့ဝှက်အသံ ပို့ဆောင်မှုကို သုံးပြီး သူ့ဒေါ်လေးကို ပြောလိုက်သည်။
"ဒေါ်လေး (၇) ကျွန်တော့်ကို ဒီလိုမျိုးထပ်ပြီး မခေါ်ပါနဲ့…"
ဒေါ်လေးပိုင် ပြန်ဖြေသည်ကို စောင့်မနေတော့ဘဲ သူက လျင်မြန်စွာ မေးလိုက်သည်။
"ဒေါ်လေး (၇) … ဘယ်သူ့ကို စိန်ခေါ်ချင်တာလဲ…"
ဒေါ်လေးပိုင်၏ အာရုံစိုက်မှုက ပြောင်းလဲသွားခဲ့သည်။ သူမက ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"ငါက အဆုံးမဲ့ဓားနဲ့ ရင်ဆိုင်ချင်တယ်။ သူ့ရဲ့အဆင့်က လုံလောက်တယ်။ ပြီးတော့ ဒါက သူသေကိုယ်သေ တိုက်ပွဲတစ်ခု မဟုတ်ဘူး။ ဒါကြောင့် သူက ငါ့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်နိုင်တယ်…"
ရန်ချုံက စကားမပြောခဲ့ဘဲ အပြုအမူနှင့် တုံ့ပြန်လိုက်၏။ သူက ဓားကို ဆွဲထုတ်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထိုင်ခုံပေါ်တွင် ထားခဲ့သော ဝတ်ရုံအောက်မှ အနက်ရောင်အဝတ်များ ပေါ်လာခဲ့၏။
သူက စင်မြင့်၏အစွန်သို့ လျှောက်လာပြီး သူ၏ လှုပ်ရှားမှုတိုင်းက တစ်ထပ်တည်း ဖြစ်သည်။ ထို့နောက် သူက လေထဲသို့ ခုန်တက်လိုက်သည်။ သူက ချက်ချင်း ဆင်းမလာခဲ့ဘဲ လေထဲတွင် လှေကားထစ်များ ရှိနေသည့်အလား တစ်လှမ်းချင်းဆီ လျှောက်လာခဲ့၏။
ထိုအရာက မုန့်ချီ၏ သစ်ရွက်ပုံစံ လွင့်မျောမှုထက်ပင် ပို၍ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ ထိုအရာကို မြင်လိုက်ရုံနှင့် လူအုပ်ကြီးကတော့ ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။
"ဒါက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ် …"
ဒေါ်လေးပိုင်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏စကားလုံးများက တစ်စတစ်စ ပို၍ကျယ်လောင်လာပြီး စိတ်ဝင်စားစရာကောင်းသည်ဟူသော စကားလုံးကို ရောက်သည့်အချိန်တွင် သူမ၏အသံက လူအုပ်ကြီး၏ နားထဲသို့ ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်တည်းတွင် သူမ၏ အငွေ့အသက်များကလည်း ပြောင်းလဲသွားခဲ့၏။ အရိုင်းဆန်သော ခံစားချက်များက သူတို့ဆီကို ရိုက်ခတ်လာပြီး သူမက လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါး တစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ သူမ၏ ခြေထောက်က နေရာတွင် ဆွဲမြဲနေသည့်အလား ထိုနေရာမှ စွမ်းအားကို စုစည်းနေခဲ့၏။
မုန့်ချီက ခါးကို မတ်မတ်ထိုင်လိုက်ပြီး သူတို့နှစ်ယောက်ကို သေချာစောင့်ကြည့်နေသည်။ သူတို့က ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရှားပါးသော ပညာရှင်များဖြစ်သည်။
ရန်ချုံ၏ ခြေလှမ်းက ရပ်တန့်ခဲ့ခြင်း မရှိပေ။ သူက အတော်လေးကို လျင်မြန်ပြီး (၁၀)ပေခန့် အကွာတွင် ရပ်သွားခဲ့၏။ သူက ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ဒေါ်လေးပိုင်ကို တိုက်ခိုက်ခဲ့သည်။
သူ့ဆီမှ ဓားမောက်အရှိန်အဝါများ ထွက်ပေါ်လာပြီး ဓားချီစွမ်းအင်များက လေထုကြီးကို ပိုင်းဖြတ်လိုက်သည်။ ရှည်လျားသော ဓားမောက်က အလွန်ကြီးမားသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး (၁၀)ပေဟူသော အကွာအဝေးကို တခဏအတွင်း ဖြတ်ကျော်သွား၍ ဒေါ်လေးပိုင်၏ ရှေ့တွင်ပေါ်လာခဲ့၏။
ဒေါ်လေးပိုင်က နေရာတွင် ရပ်နေသေးသည်။ ထို့နောက် ရှေ့ကို လက်သီးနှင့် ထိုးလိုက်သည် ။ ထိုအရာက အလွန်လေးလံပြီး ကြောက်စရာကောင်းသော လက်သီးချက်ဖြစ်ပြီး မကောင်းဆိုးဝါးများကိုပင် တစ်စဆီ ပျက်စီးသွားစေနိုင်သည်။ အဝေးမှကြည့်လိုက်မည်ဆိုလျှင်ပင် ထိုလက်သီးထဲရှိ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ခံစားမိနိုင်၏။
"တော်တော်ကြောက်စရာကောင်းတဲ့ ခွန်အားပဲ…"
မုန့်ချီက အတော်လေးကို အံ့ဩသွားခဲ့သည်။ သူက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို လေ့ကျင့်ထားသော်လည်း ထိုကဲ့သို့ ခွန်အားမျိုးကို ပိုင်ဆိုင်ရန် တံခါး (၉)ပေါက်အဆင့် ပွင့်ရန် လိုအပ်သည် ။ အကယ်၍ သူက လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်မည်ဆိုလျှင်တော့ သူ့ခွန်အား သက်သက်နှင့် ဒေါ်လေးပိုင်ကို တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း သေချာသည်။
“ဒါပေမဲ့ ဒါက ဂုဏ်ယူရမဲ့ အရာတစ်ခုမှ မဟုတ်တာ…။ ပြီးတော့ ငါက ခွန်အားသက်သက်ကို အားကိုးတဲ့ လူတစ်ယောက် မဟုတ်ဘူး…”
အနားစင်မြင့်ပေါ်တွင် ရှိနေသော ရင်ရှောင်ကျိုးက သူ့ကြောင့် ဖြစ်ပေါ်ခဲ့သော နက်ရှိုင်းသည့် ခြေရာကြီးများကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူက ဒေါ်လေးပိုင်၏ လက်ရှိစွမ်းဆောင်ရည်ကို စစ်ဆေးခဲ့ပြီး သူမ၏ခွန်အားနှင့် ယှဉ်လိုက်လျှင် သူ၏ စွမ်းအင်များက အသုံးမဝင်ကြောင်း ခံစားမိလိုက်သည်။
"ချွင် … "
ဓားနှင့် လက်သီးက ထိပ်တိုက်ရင်ဆိုင်လိုက်မိသည်။ ဒေါ်လေးပိုင်၏ အစွမ်းကတော့ လှုပ်ရှားသွားခဲ့ခြင်း မရှိပေ။
ရန်ချုံကတော့ အခွင့်အရေးကို အရယူပြီး ကိုယ်ဖော့ပညာကို အသုံးပြုလိုက်သည်။ ဓားသိုင်းကွက်များကလည်း ပတ်ပတ်လည်မှနေ၍ မုန်တိုင်းများကဲ့သို့ ဒေါ်လေးပိုင်ကို တိုက်ခိုက်နေခဲ့၏။
သူ၏ဓားမောက်သိုင်းကွက်များက စတင်ပြောင်းလဲလာသည်။ တစ်ခါတစ်ရံ အဆုံးမဲ့ ပြောင်းလဲနေပြီး တစ်ခါတစ်ရံ ကြောက်စရာကောင်းသည်။ တစ်ခါတစ်ရံ ဖုံးကွယ်မှုများ ရှိနေပြီး တစ်ခါတစ်ရံ နူးညံ့သိမ်မွေ့သော်လည်း ခန့်မှန်း၍ မရနိုင်ပေ။ ထိုအရာက အားနည်းချက်များကို တိုက်ခိုက်နိုင်ပြီး သေမင်းတမန် ထောင်ချောက်တစ်ခု ဖန်တီးနိုင်သည်။
ထိုအရာများက သူ၏လက်ချောင်းလေးများပေါ်သို့ ရောက်လာပြီး သူ၏စိတ်ဆန္ဒများ အတိုင်း စီးဆင်းလှုပ်ရှားနေသည်။ သာမန်အမြင်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော် အတူတကွ ပေါင်းစည်းလိုက်မည်ဆိုလျှင် မိုးကြိုးမုန်တိုင်းကဲ့သို့ မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။
မုန့်ချီက အံ့အားမှင်တက်စွာ ကြည့်နေမိသည်။ ရန်ချုံက လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁၀)ယောက်ထဲမှ ဓားမောက်ပညာရှင်တစ်ယောက်ဟု အမှန်တကယ် ခေါ်ထိုက်သည်။ သူ့အဆင့်က မုန့်ချီထက် အနည်းငယ်လေးသာ ပိုသာပြီး တံခါး (၉)ပေါက် မပွင့်ခင် ကျန်းကျိဝေ၏ အစွမ်းကို ယှဉ်နိုင်သည်။
တစ်ဖက်တွင်တော့ ဒေါ်လေးပိုင်က တခြားသော အခြေအနေတစ်ရပ်ဖြစ်သည်။ လက်သီးချက်တိုင်း ၊ ကန်ချက်တိုင်းက နဂါးများ သို့မဟုတ် ဆင်များ၏ အစွမ်းကို ပိုင်ဆိုင်ထား၏။ သူတို့က လေးလံပြီး ကြီးကျယ်ခမ်းနားသည်။ တိုက်ပွဲကွင်းပြင်ကြီး တစ်ခုလုံးကို ရှင်းပစ်နိုင်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
သူမဆီမှ လှုပ်ရှားမှု အနည်းငယ်ကပင် ပြီးပြည့်စုံနေပြီး ရန်ချုံ၏ ဓားသိုင်းကွက်များ အားလုံးကို တားဆီးနိုင်သည်။ ထို့ကြောင့် သူက ဓားသိုင်းကွက်များကို ပြောင်းလဲပစ်နေရ၏။ အကယ်၍ သူ့ဓားနှင့်သာ သူမ၏ လက်သီးနှင့် တိုက်ခိုက်နေရမည်ဆိုလျှင် သူက သေချာပေါက် ရှုံးနိမ့်သွားနိုင်သည်။ ဤကဲ့သို့ ဆက်သွားမည်ဆိုလျှင်လည်း သူက ရှုံးနိမ့်ရမည်သာ ဖြစ်၏။
ကောင်းကင်ကြီးက အပြာရောင်မှနေ၍ မီးခိုးရောင် ပြောင်းလဲလာပြီး တဖြည်းဖြည်း မည်းနက်လာသည်။ အတွင်းထဲတွင် ငွေရောင်တိမ်တိုက်များလည်း ထွက်ပေါ်လာခဲ့၏။ လေလှိုင်းများက စိုစွတ်လာပြီး ရန်ချုံ၏ ပတ်ပတ်လည်တွင် ရေစီးကြောင်းများကဲ့သို့ ဖြစ်ပေါ်လာသည်။
အကယ်၍ လူတစ်ယောက်ကသာ မျက်လုံးမှိတ်ပြီး စိတ်စွမ်းအား သုံး၍ ပတ်ဝန်းကျင်ကို ခံစားကြည့်လိုက်မည်ဆိုလျှင် လေထုထဲ၌ မိုးရေစက်ပေါင်းများစွာ စုစည်းနေကြောင်း သတိထားမိပါလိမ့်မည်။ ရန်ချုံ၏ ဓားအရှိန်အဝါများနှင့်အတူ ထိုနယ်မြေတစ်ခုလုံးက လှိုင်းလုံးများ ကြမ်းတမ်းစွာ တိုက်ခတ်နေသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့၏။
"ဘုန်း … "
အဖြူရောင်အလင်းတန်းများ ဖြတ်ကျော်သွားပြီး မိုးကြိုးများ ထွက်ပေါ်လာသည်။
မိုးရေစက်များကလည်း လေ့ကျင့်ရေးကွင်းထဲသို့ စတင်ကျဆင်းလာပြီး တဖြည်းဖြည်းပို၍ လေးလံလာခဲ့၏။ ထိုရေများက သူတို့ရပ်နေသည့် နယ်မြေတွင်တော့ နက်မှောင်နေခဲ့သည်။ နောက်ဘက်တွင် ရှိနေသော မိုးကြိုးမုန်တိုင်းများ ၊ လျှပ်စီးကြောင်းများကို နောက်ခံထားလိုက်မည်ဆိုလျှင် ထိုအရာက မုန်တိုင်းထန်သော သမုဒ္ဒရာကြီး တစ်ခုသဖွယ် ဖြစ်နေသည်။
သူတို့တွေ တစ်ယောက်မျှ သဘာဝဖြစ်စဉ်များကို တမင်တကာ ဖန်တီးထားခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ ထိုအရာမှ သူတို့ရရှိနိုင်သော အရာ မရှိသေးပေ။ သို့သော် လေလှိုင်းများကို ဆွဲယူလိုက်သည့်အတွက် ရာသီဥတုကလည်း ပြောင်းလဲသွားခဲ့၏။
မုန့်ချီ၏ မျက်လုံးထဲတွင်တော့ ဒေါ်လေးပိုင်၏ လူရိုင်းအငွေ့အသက်များက ပို၍ အစွမ်းထက်နေသည်။ လူသားမျိုးနွယ်စုက ကျောက်တုံးများ၊ တုတ်များကိုသုံးပြီး မှော်သားရဲများကို သတ်ပစ်ခဲ့သည့်အချိန်ကို ပြန်ရောက်သွားသလိုပင် ခံစားနေရ၏။
သူမ၏လှုပ်ရှားမှုက ကြီးကြီးကျယ်ကျယ် ပြောင်းလဲမှုမရှိသော်လည်း သူမက ပြောပြ၍ မရနိုင်လောက်အောင် အစွမ်းထက်လွန်းလှသည်။ ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေး သိုင်းကွက်များကပင် သူမကို ထိခိုက်အောင် မလုပ်နိုင်ပေ။
တိုက်ပွဲက အချိန်ကြာလာသည်နှင့်အမျှ ဒေါ်လေးပိုင်က တဖြည်းဖြည်းပို၍ ကြမ်းတမ်းလာသည်။ ရန်ချုံက ရှုံးနိမ့်နိုင်ခြင်း မရှိသေးသော်လည်း သူက အရေးနိမ့်နေကြောင်း တဖြည်းဖြည်း သိသာလာ၏။ သူက အစွမ်းထက်ဆုံး သိုင်းကွက်ကို သုံးရန် အခွင့်အရေးပင် မရခဲ့ပေ။
တိုက်ပွဲထဲ၌ အချိန်ကြာသည့်အချိန်တွင် ဒေါ်လေးပိုင်က ရန်ချုံကို လက်သီးနှင့် နောက်ပြန် တွန်းပို့လိုက်သည်။ ထို့နောက် သူမက မုန့်ချီ ရှိနေသော စင်မြင့်ပေါ်ကို လှမ်းကြည့်လိုက်၏။
သူမက သူ့ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"မင်းလည်း ဆင်းလာခဲ့ … "
မုန့်ချီက ငြင်းဆန်ရန် ပြင်ဆင်ထားသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရမည့်အစား တစ်ယောက်ချင်း တိုက်ပွဲကိုသာ ပို၍ လိုချင်နေ၏။ သို့သော် သူက ဒေါ်လေးပိုင်၏ အကြည့်ထဲတွင် ဆာလောင်မှုများကို ခံစားမိနေသည်။ သူက တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။
သူက သက်ပြင်းချလိုက်မိသည်။
"ဒါဆိုရင်လည်း ငါက ကောင်းကျိုးရအောင် လုပ်ပေးရတော့မှာပေါ့… "
"ချွင် … "
သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး လေထဲသို့ ခုတ်လိုက်သည်။ သူက တောင်တန်းကြီးကို ထက်ခြမ်းခွဲပစ်လိုက်သည့်အလား လေထဲမှ ဆင်းသက်လာခဲ့၏။
ကောင်းကင်ပြစ်ဒဏ်ဓားကို လွှဲခုတ်လိုက်သည့်အချိန်တွင် အရာအားလုံးက တုန်လှုပ်သွားခဲ့သည်။ တုန်လှုပ်မှု တစ်ခုချင်းဆီတိုင်းက လေးလံသော စွမ်းအားများ စုစည်းထားသလို ဖြစ်နေပြီး မိုးကြိုးများ ၊ ငွေရောင်လျှပ်စီးကြောင်းများကလည်း အနီးအနားတွင် ပေါ်ပေါက်လာသည်။
"ဗုန်း … "
မိုးကြိုးများက နေရာတိုင်းတွင် ထွက်ပေါ်လာခဲ့၏။ ဓားရှည်က ဒေါ်လေးပိုင်၏ ခေါင်းပေါ်သို့ ကြောက်စရာကောင်းစွာ ရောက်လာခဲ့သည်။
ဒေါ်လေးပိုင်က မည်မျှအစွမ်းထက်စေကာမူ ထိုတိုက်ခိုက်မှုကို လျော့တွက်၍ မရနိုင်ကြောင်း ကောင်းကောင်းကြီး သိနေခဲ့၏။ သူမက ညာလက်သီးနှင့် လှမ်းထိုးလိုက်သည်။
မုန့်ချီ၏ ဓားမောက်ဝင်လာမှုက အချိန် တိကျသည်။ ထိုအရာက တခဏအတွင်း တိုက်ပွဲကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်ချုံကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်ခဲ့သည်။
သူ၏ဓားရှည်က အထက်မှအောက်သို့ ကျဆင်းလာခဲ့၏။ သူ၏ ဓားမောက် အရှိန်အဝါနှင့် ဓားဆန္ဒများကလည်း ကြောက်စရာကောင်းစွာ လှုပ်ရှားနေသည်။ ထိုအရာက အဖျက်စွမ်းအား ကြီးမားသော ဆူနာမီ လှိုင်းလုံးကြီး ထွက်ပေါ်လာသလို ထင်မှတ်ရ၏။
အနီးအနားတွင် ရှိနေသော ရေလှိုင်းများက တစ်စုံတစ်ခုကို ခံစားမိသည့်အလား အနက်ရောင် ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ရန်ချုံ၏ နောက်ဘက်တွင် စွမ်းအားများ ထွက်ပေါ်လာသည်။ ဆူနာမီလှိုင်းလုံးကြီးများလည်း ထွက်ပေါ်လာပြီး အရာအားလုံးကို ဝါးမြိုသွားခဲ့၏။ ထိုအချိန်တွင် မိုးကြိုးများက နတ်ဘုရားအဖြစ်ပင် ကျဆင်းလာသည့်အလား ထွက်ပေါ်လာခဲ့သည်။
ဒေါ်လေးပိုင်က သူတို့နှစ်ယောက်ကို ရင်ဆိုင်နေရသည့်အတွက် အတော်လေး ခက်ခဲလာသည်။ သို့သော် သူမက လက်မလျှော့သေးပေ။တစ်ဖက်တွင်တော့ သူမ၏ အငွေ့အသက်များ ပေါက်ကွဲလာပြီး ဆက်တိုက်ကို ပို၍ အစွမ်းထက်လာခဲ့၏။ သူမ၏ ခြေထောက်ကလည်း မြေပြင်ကြီးနှင့် တစ်သားတည်းဖြစ်သွားသလို ထင်မှတ်ရသည်။ သူမက ဘေးဘက်နှင့် အပေါ်ဘက်သို့ လက်သီးနှင့် ကြောက်စရာကောင်းစွာ ထိုးလိုက်၏။
"ဗုန်း … "
လက်သီးချက်နှင့် ဓားနှစ်လက် ရင်ဆိုင်မိလိုက်သည်။ လျှပ်စီးကြောင်းများ ၊ ရေစက်များက နေရာတိုင်းကို ပျံ့နှံ့သွားခဲ့၏။
ဒေါ်လေးပိုင်၏ အငွေ့အသက်များက ဖိနှိပ်ခံလိုက်ရပြီး သူမ၏လက်သီးမှ သွေးများ ထွက်လာသည်။ ရုတ်တရက်ဆိုသလို သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မြင့်တက်လာသော အငွေ့အသက်များက အဆင့်တက်သွားခဲ့သည်။
သူမ၏ မျက်ခုံးကြားထဲတွင် စုစည်းနေသော မုန်တိုင်းတိမ်တိုက်များကလည်း အနက်ရောင်တွင်းပေါက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ ကောင်းကင်ကြီးက ရုတ်တရက် တောက်ပလာသည်။
တိမ်တိုက်များက ပြန့်ကျဲသွားပြီး မြူခိုးများက ပျောက်ကွယ်သွား၏။ ကမ္ဘာမြေကြီးက ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်။ ပတ်ပတ်လည်တွင် ရှိနေသော စင်မြင့်ကြီးများ အားလုံးကလည်း မြေကြီးထဲသို့ တစ်လက်မခန့် နိမ့်ဝင်သွားခဲ့၏။ လေလှိုင်းများနှင့် တိမ်တိုက်များက ကြီးမားလာပြီး သူတို့၏ ခန္ဓာကိုယ်က ပို၍ လေးလံလာသည်။
မုန့်ချီက အရှိန်အဝါများကို အသုံးပြုပြီး မြေပေါ်သို့ ဆင်းသက်လိုက်၏။ ထိုအချိန်တွင် ဒေါ်လေးပိုင်က ပြုံးလိုက်ကြောင်း မြင်လိုက်ရသည်။ ထို့နောက် သူမက သူတို့ကို စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားခဲ့၏။
"ငါက ဒီကျေးဇူးကို မမေ့ပါဘူး။ မင်းတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်…"
မိကျိကျင်းက အလျင်အမြန် ရှေ့ထွက်လာပြီး ဒေါ်လေးပိုင်၏ ကိုယ်စား ပြုံးပြလိုက်သည်။
"ငါ့ရဲ့ဒေါ်လေး(၇)က ဒီလိုမျိုးပဲ။ သူက အသက်ကြီးပေမဲ့ မဆင်မခြင်လုပ်နေတုန်းပဲ…"
မုန့်ချီနှင့် ရန်ချုံတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့မျက်လုံးထဲတွင် သဲလွန်စများ တွေ့နေရသည်။ တစ်ဖက်လူက မည်သည့်အရာကို လုပ်ချင်နေခြင်း ဖြစ်ကြောင်း သူတို့နှစ်ယောက်စလုံးက နားလည်နေကြ၏။
"ဟယ်ကျူးရဲ့ ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲကလည်း ဒီလိုမျိုးပဲလား … သူက တစ်ယောက်တည်းနဲ့ လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင် (၁၀)ယောက်ကို တိုက်ခိုက်မှာလား … အဲဒါက ချဲ့ကားလွန်းနေတာ မဟုတ်လား .… "
အကယ်၍ ဝမ်စစ်ယွမ်နှင့် ကျန်းကျိဝေတို့ကို ဖယ်ထုတ်လိုက်မည်ဆိုလျှင်တော့ ထိုအရာက အမှန်တကယ် ဖြစ်နိုင်ချေရှိသည်။
Translated by Hein Htet.