အခန်း (၄၀၁)
Vol. 27 Ch. 401
ဟယ်ကျူးက မောက်မာပြီး ယုံကြည်ချက် ရှိနေသည့်အတွက် မုန့်ချီက အံကြိတ်လိုက်မိသည်။ သို့သော် သူက အရူးတစ်ယောက် မဟုတ်ချေ။ သူက သူ့အစွမ်းထက် ကျော်လွန်သော အရာမျိုးကို လုံးဝလုပ်လိမ့်မည် မဟုတ်ချေ။
အကယ်၍ သူတို့ကသာ ဝမ်စစ်ယွမ်နှင့် ကျန်းကျိဝေတို့ကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် အနည်းဆုံး လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင် (၄) ယောက် (၅)ယောက်ခန့်က ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲတွင် ရှိနေနိုင်သည်။ မည်သို့ဖြစ်စေကာမူ မုန့်ချီနှင့် ရန်ချုံတို့ကလည်း ထိုနေရာကို သေချာပေါက် သွားမည်ဖြစ်၏။
အကယ်၍ ဟယ်ကျူးကသာ ဒေါ်လေးပိုင်ကဲ့သို့ မုန့်ချီနှင့် တခြားလူများကို စိန်ခေါ်လိုက်မည်ဆိုလျှင် သူလည်း ပတ်ပတ်လည်မှ ရောက်လာသော ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်များကို ရင်ဆိုင်ရပါလိမ့်မည်။ သူက စက္ကန့်ပိုင်းလေးအတွင်း ရှုံးနိမ့်သွားနိုင်၏။
အကယ်၍ သူက ထိုအရာကို အခွင့်ကောင်းယူပြီး အဆင့်တက်နိုင်မည်ဆိုလျှင်တော့ တခြားသောအရာတစ်ခု ဖြစ်နိုင်သည်။ အနိုင်ရခြင်း ၊ ရှုံးနိမ့်ခြင်းက ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ့အတွက် အရေးမပါတော့ပေ။
ဒေါ်လေးပိုင်နှင့် ဟယ်ကျူးတို့က လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁ဝ) ယောက်အတွင်း ရှိနေသော ပညာရှင်များကို စိန်ခေါ်ရန် ရွေးချယ်လိုက်သည့်အတွက် မုန့်ချီနှင့် ရန်ချုံတို့က အံ့ဩနေကြခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူတို့က အဆင့်တူ ဖြစ်ကြ၏။
အကယ်၍ သူတို့ကသာ တိုက်ရိုက် တိုက်ခိုက်လိုက်မည်ဆိုလျှင် သာမန်ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကပင် ဒေါ်လေးပိုင် သို့မဟုတ် ဟယ်ကျူးတို့ကို အန္တရာယ်မပေးနိုင်ပေ။
ဝေ့ကျင်းတစ်ဝက်အဆင့် ထိပ်သီးပညာရှင်များနှင့် သာမန်ဝေ့ကျင်းအဆင့် ပညာရှင်များ ၊ လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့် ပညာရှင်များ၏ ကြားထဲတွင် ရှိနေသော စွမ်းအားကွာဟမှုက အလွန်ကြီးမားလွန်းလှသည့်အတွက် သူတို့က စိန်ခေါ်ရန် အခွင့်အရေးမရှိသလို သူတို့လုပ်ဆောင်နိုင်သည့် အရာအားလုံးကလည်း အချည်းနှီး ဖြစ်သွားနိုင်သည်။
သူတို့က မိသားစုနှင့် ဂိုဏ်းများထဲတွင် သာမန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များကို ရှာဖွေပြီး တိုက်ခိုက်နိုင်သော်လည်း ဆွေမျိုးများ ဖြစ်သည့်အတွက် သူတို့၏ တိုက်ခိုက်မှုက အစစ်အမှန် တိုက်ပွဲများကဲ့သို့ မဖြစ်နိုင်ပေ။ သူက အလားတူ စွမ်းရည်ရှိသော လူငယ်မှတ်တမ်းမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး စားသောက်ပွဲတစ်ခု ကျင်းပလိုက်သည်မှာ ပိုကောင်းသည်။
အနိုင်ရယူရန်နှင့် သူတို့၏ဂုဏ်သတင်းအတွက် မုန့်ချီတို့ကလည်း သူတို့၏အသက်ကိုပင် စတေးပြီး အကောင်းဆုံး ကြိုးစားကြမည် ဖြစ်သည်။ စာပေပညာတွင် ပထမနေရာ မရှိသလို သိုင်းပညာတွင်လည်း မည်သူကမျှဒုတိယနေရာကို ဂရုမစိုက်ကြပေ။
"ကြည့်ရတာ မိ မိသားစုကလည်း ရင်မြို့ထဲမှာ သိုင်းပြိုင်ပွဲကြီးတစ်ခု ကျင်းပတယ်ဆိုတော့ သူတို့ရဲ့ကိုယ်ပိုင်စိတ်ဝင်စားမှုတွေ ရှိနေနိုင်တယ်။ သူတို့က ဒေါ်လေးပိုင် အဆင့်တက်ဖို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနေတာပဲ။ ငါမှားပါတယ်…"
ဝမ်ကိုက်က လျှို့ဝှက်အသံပို့ဆောင်မှုကိုသုံးပြီး မုန့်ချီကို ပြောလိုက်သည်။
ဝမ်ကိုက်က မုန့်ချီကို ထိုပြိုင်ပွဲဆီသို့ ဖိတ်ခေါ်လာခဲ့ခြင်း ဖြစ်၏။ သို့သော် သူက ဒေါ်လေးပိုင်အတွက် ခြေနင်းကျောက်တုံးတစ်ခု ဖြစ်သွားခဲ့သည်။ ဝမ်ကိုက်ကဲ့သို့ အမှန်တရားကို မြတ်နိုးသော လူတစ်ယောက်အတွက် ထိုအရာက အတော်လေး ဆိုးရွားသည်ဟု ခံစားရသည်။
"ကိစ္စမရှိပါဘူး။ ငါတို့ကလည်း သူ့လို လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေတဲ့ လူတစ်ယောက်နဲ့တွေ့ဖို့ ရှားရှားပါးပါး အခွင့်အရေးပါပဲ…"
မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
မုန့်ချီက အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။ အရှိန်အဝါမြင့်တက်လာခြင်း ၊ ပင်မဝိညာဉ်လှုပ်ရှားသွားခြင်း ၊ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးပွင့်သွားခြင်း ၊ စိတ်ဝိညာဉ် အတွင်းကမ္ဘာကြီးနှင့် အပြင်ကမ္ဘာကြီး၏ နိယာမများ ကြားထဲတွင် သဘာဝလှုပ်ရှားမှုများ အားလုံးက မုန့်ချီကို အတော်လေး တွန်းအားပေးနိုင်ခဲ့သည်။ အထူးသဖြင့် နောက်ပိုင်းအရာများ ဖြစ်၏။
လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့် ပညာရှင်များ အဆင့်တက်နေစဉ် အတောအတွင်း ထူးဆန်းသော ဖြစ်စဉ်များက ပြီးပြည့်စုံသော ပေါင်းစပ်မှုနီးပါး ဖြစ်နေသည့်အတွက် မြင်တွေ့ရန် ခက်ခဲလှသည်။ လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်မှ တိုက်ရိုက် အဆင့်တက်လိုက်မည်ဆိုလျှင်လည်း ထူးဆန်းသော ဖြစ်စဉ်များကို သယ်ဆောင်လာနိုင်သည်။
သို့သော် အများဆုံး လေလှိုင်းများ ထွက်ပေါ်လာခြင်း ၊ တိမ်တိုက်များရွေ့လျားခြင်း ၊ လျှပ်စီးနှင့် မိုးကြိုးများသာ ဖြစ်ပေါ်လာစေနိုင်၏။ သူ့လို ထူးခြားသော လူတစ်ယောက်ကတော့ သူ၏ကိုယ်တွင်းကမ္ဘာကြီးနှင့် သိုင်းပညာများကို အနည်းငယ်သာ ပြောင်းလဲနိုင်ပါလိမ့်မည်။
သူတို့က ခန္ဓာကိုယ်တွင်း စွမ်းအားများကို ဒေါ်လေးပိုင်ကဲ့သို့ ထုတ်သုံးနိုင်ပြီး သဘာဝတရားကြီးကို သက်ရောက်စေနိုင်ခြင်း မရှိချေ။ ထိုအရာက ပေ (၁၀၀) အတွင်း ရှိနေသော မြေပြင်ကြီးကိုပင် တစ်လက်မခန့် နိမ့်ကျသွားစေခဲ့သည်။
ဒေါ်လေးပိုင် အဆင့် တက်သွားသည့်အချိန်တွင် သူမ၏ အရေးအကြောင်းများ ပျောက်ကွယ်သွား၏။ သူမ၏အသားအရေက တောက်ပလာပြီး (၁၀) နှစ်ခန့် ငယ်ရွယ်သွားသလို ဖြစ်လာသည်။
ဝမ်ကိုက်က ခံစားချက်များစွာနှင့် သက်ပြင်းချလိုက်မိ၏။
"လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ အဆင့်တက်မှုက တကယ်ကို ထူးခြားတယ်။ ငါကတော့ အဆင့်မတက်ခင် လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့်ကိုရောက်ဖို့ နောက်ထပ်နှစ်နည်းနည်းလောက် အချိန်ပေးရဦးမယ်…"
လူငယ်မှတ်တမ်းတွင် ထိပ်ဆုံး (၂၀) အတွင်း ရှိနေသော ပညာရှင်တိုင်းက ရည်မှန်းချက်ကြီးကြသည်။ သူတို့တွေ တစ်ယောက်မျှ အားနည်းသော အုတ်မြစ်နှင့် ကြုံရလိမ့်မည် မဟုတ်ချေ။ ဝေ့ကျင်းတစ်ဝက်အဆင့် သို့မဟုတ် ပထမကောင်းကင် ဝေ့ကျင်းအဆင့်က သူတို့၏ရည်မှန်းချက် ဖြစ်သည်။
သို့သော် အကြောင်းအရာများက ခန့်မှန်းကြည့်ရန် ခက်ခဲ၏။ တစ်ခါတစ်ရံ အန္တရာယ်များနှင့် အခက်အခဲများက စိတ်ရှည်သော သခင်လေးများကို လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်သို့ ရောက်ရှိအောင် တွန်းပို့ပေးနိုင်သည်။
လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်ကို ကျေနပ်နေသော သခင်လေးတချို့ကတော့ မကောင်းဆိုးဝါးအတွင်းအားများ၏ ထိန်းချုပ်ခြင်းကို ချုပ်နှောင်ခံလိုက်ရပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားလျှင်ပင် အောင်မြင်နိုင်ခြင်း မရှိချေ။ အဆုံးတွင်တော့ သူတို့က လက်လျှော့လိုက်ကြ၏။
သိုင်းပညာခရီးလမ်းက အခက်အခဲများစွာ ပြည့်နှက်နေပြီး စုဝူမင်ကဲ့သို့ ပါရမီရှင်များကပင် အခက်အခဲများကို (၃) နှစ်ခန့် ရင်ဆိုင်ခဲ့ရသည်။ သူက တံခါးပိတ် လေ့ကျင့်နေစဉ် အတောအတွင်း သေခြင်းတရားကို အမြဲလိုလို တွေးနေမိနိုင်၏။
ဝမ်ကိုက်က လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးခဲ့သည့်အတွက် လူတိုင်းက မကြားခဲ့ပေ။ ရန်ချုံ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ရှိနေတဲ့ ပညာရှင်တွေရဲ့အစွမ်းက ကွဲပြားကြတယ်။ ကိုယ်ပျောက်ဓားနဲ့ အသက်ထိန်းသိမ်းသူတို့က အဲဒီအဆင့်ကို ရောက်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒါပေမယ့် သူတို့က နောက်တစ်ဆင့်ကို တက်လှမ်းဖို့ မရွေးချယ်ရသေးဘူး။ သူတို့က ဘယ်လမ်းကို သွားချင်လဲဆိုတာ အရင်ဆုံး သိချင်နေကြတာ။ ဟူး... ။ လျှို့ဝှက်တံခါးက ဆိုးရွားတဲ့အတွေးတစ်ခုတော့ မဟုတ်ပါဘူး…"
လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်တွင် သူတို့၏စွမ်းအား တိုးတက်မှုရှိမရှိ ဆိုခြင်းထက် သူတို့၏အနာဂတ် တိုးတက်မှုကို အဓိက ရည်မှန်းထားကြသည်။ ပညာရှင် အများစုကတော့ ထိုအဆင့်ကို ဖြတ်ကျော်နိုင်ကြ၏။
ရန်ချုံ၏အသံက အလွန်တိုးသည့်အတွက် အနီးအနားတွင် ရှိနေသူများက မကြားခဲ့ကြပေ။ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် လူတိုင်းအတွက် ပိုပြီးလွယ်ကူသွားနိုင်သည်။
သို့သော် သူတို့၏မိသားစုများ ၊ ဂိုဏ်းများထဲတွင် ရှိနေသော တခြားပညာရှင်များ၏ အတွေ့အကြုံများ ၊ သင်ပြပေးမှုများ မရှိလျှင် လူအများစုက ထိုအရာကို ကိုယ်တိုင်ကြိုးစားရမည်သာ ဖြစ်သည်။ ရန်ချုံက ထိုကဲ့သို့ အတွေ့အကြုံများ မရခဲ့သည့်အတွက် အတော်လေး ထိခိုက်ခဲ့ရ၏။ သူက ထိုအရာကို လူတိုင်း သိခွင့်ပေးနိုင်မည်လော။ နိယာမများ ၊ စည်းမျဉ်းများဟူသည်မှာ အလွယ်တကူ သင်ပြပေး၍ မရသင့်ပေ။
"အစစ်အမှန်ကမ္ဘာကြီးထဲမှာ တံခါး (၉) ပေါက် ပြီးသွားရင် ဝေ့ကျင်းတစ်ဝက်အဆင့် ဆိုတာက တကယ့်ကို ထူးဆန်းတယ်။ သူတို့တွေက အတွေ့အကြုံတွေ အဆက်အသွယ်တွေအပေါ် အခြေခံပြီး ထပ်မံခွဲခြားနိုင်မယ်လို့ မထင်ထားဘူး။ လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့် (၂) မျိုးလုံးကလည်း တံခါး (၉) ပေါက်ပဲ။ တံခါး (၉) ပေါက်အဆင့် ပညာရှင်တွေကြားထဲမှာရှိတဲ့ စွမ်းအားကွာဟမှုကလည်း အရမ်းကြီးတယ်။ ဒါပေမဲ့ ယပ်တောင် (၆) လက်ကျောင်းရဲ့ သတင်းတွေထဲမှာတော့ အသေးစိတ် ဖော်ပြမထားဘူး…"
ချူးယွင်ယု ရယ်ကာမောကာနှင့် ပြောလိုက်သည်။
"ကိုယ်ပျောက်ဓားကရော ဒေါ်လေးပိုင်လိုပဲ ပညာရှင်တွေ အများကြီးကို စိန်ခေါ်မယ်လို့ထင်လား…"
မုန့်ချီက ပြန်ဖြေလိုက်သည်။
"ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဟယ်ကျူးက အဆင့်နိမ့်တဲ့ ပညာရှင်တွေကို အရင်ဆုံး စိန်ခေါ်ပြီး တဖြည်းဖြည်း အရှိန်အဝါတစ်ခုကို ဖန်တီးနိုင်တယ်။ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ပြီးမှပဲ သူက တိုက်ရိုက်အဆင့်တက်ဖို့အတွက် သခင်လေးဝမ်ကို တိုက်ခိုက်နိုင်တယ်…"
ဝမ်ကိုက်က ငြိမ်သက်သွားပြီး တစ်ယောက်တည်း တွေးနေပုံရသည်။ သူက စဉ်းစားနေရင်း ပြောလိုက်၏။
"အသက်ထိန်းသိမ်းသူနဲ့ ပျက်သုဉ်းခြင်းဓားနတ်သမီးကို ဖယ်လိုက်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အရှေ့ပင်လယ် ဓားကျေးရွာရဲ့ ကိုယ်ပျောက်ဓားချီစွမ်းအင်တွေက ထိပ်တန်းစွမ်းရည်(၅)ခုထဲက တစ်ခုလို့ နာမည်ကျော်တယ်။ ဟယ်ကျူးက လူငယ်မှတ်တမ်းထဲမှာ တံခါး (၉)ပေါက်အဆင့် ပညာရှင် (၃) ယောက်ကို သတ်ပစ်နိုင်ခဲ့တယ်…"
"ဟမ်...။ ငါက အဲဒီအကြောင်းကို မသိပါလား…"
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။
သူက အရှေ့ပင်လယ် ဓားကျေးရွာ၏ စွမ်းရည်များအကြောင်း အနည်းငယ်သာ သိနေသည်။ နေရာကန့်သတ်ချက်ကြောင့် လူငယ်မှတ်တမ်းမှ ပညာရှင်များ၏ သတင်းအချက်အလက်ကလည်း အရေးကြီးဆုံး အချက်အလက်များကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဟယ်ကျူး ဝိုင်းရံတိုက်ခိုက်ခံရသော မှတ်တမ်းများ လုံးဝမရှိချေ။ ထိုအစား လူငယ်မှတ်တမ်းမှ ထိပ်တန်းပညာရှင်များကို စိန်ခေါ်ခဲ့သော မှတ်တမ်းများသာ ရှိသည်။
"ငါက ဟယ်ကျူးနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ယပ်တောင် (၆)လက်ကျောင်းဆီ မေးရမယ် "
ရင်မြို့တွင် ရှိနေသော ပြိုင်ပွဲက ခဏကြာ ဆက်၍ ကျင်းပနေသေးသည်။ သို့သော် ဒေါ်လေးပိုင်က မုန့်ချီတို့ကို စိန်ခေါ်လိုက်ပြီးနောက် မည်သူကမျှ သူတို့နှင့်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း မရှိတော့ပေ။
အဆုံးတွင်တော့ မိကျိကျင်းက သူတို့ကို အပြုံးနှင့် ပြောလိုက်၏။
"ငါ့ရဲ့ဒေါ်လေးက သူ့ရဲ့အဆင့်ကို တည်ငြိမ်အောင် လုပ်ဖို့အတွက် အလျင်အမြန် ပြန်သွားတယ်။ ငါတို့ရဲ့ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။ သူ့ရဲ့ကိုယ်စား မင်းတို့ (၂)ယောက်ကို လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်…"
မုန့်ချီနှင့် ရန်ချုံတို့ကတော့ ပြဿနာမရှိသည့်အလား အပြုံးနှင့် ပြောလိုက်သည်။
"မိ မိသားစုနဲ့ ပိုင်မိသားစုရဲ့လက်ထပ်ပွဲက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငါတို့တွေလည်း ဆက်သွယ်နေတာပဲ။ ဒေါ်လေးပိုင်ရဲ့ အဆင့်တက်မှုက မိ မိသားစုအတွက်တော့ အရမ်းကို အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခုပဲ။ ဒီတော့ ငါက မင်းတို့ (၂) ယောက်ကို ဧည့်ခံဖို့အတွက် အိမ်ကို ဖိတ်ခေါ်ချင်ပါတယ်။ ငါ့ရဲ့မိတ်ဆွေကလည်း မင်းတို့ကို တွေ့ချင်နေတယ်…"
"ဘယ်သူလဲ…"
မုန့်ချီက မေးလိုက်သည်။ မိကျိကျင်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"သူနဲ့တွေ့တဲ့အချိန်ကျရင် သိရပါလိမ့်မယ်။ အခုငါပြောလိုက်မယ်ဆိုရင် လျှို့ဝှက်ချက်က ပျောက်သွားမှာပေါ့ "
ကြည့်ရသည်မှာ သူ့ဆီတွင်လည်း လျှို့ဝှက်ချက်များ ရှိနေပုံရသည်။
"ငါက တစ်ကြိမ်လောက် သွားလည်ရုံနဲ့တော့ မသေနိုင်ပါဘူး…"
မိ မိသားစုထဲတွင် ဝေ့ကျင်းအဆင့် ပညာရှင်များ ရှိနေကြောင်း မုန့်ချီက သိနေသည့်အတွက် သူ၏လုံခြုံမှုကို စိုးရိမ်နေခြင်း မရှိချေ။ ဝမ်ကိုက်တို့နှင့် ဆွေးနွေးလိုက်ပြီးနောက် သူတို့က မိ မိသားစု၏ မြင်းလှည်းပေါ်သို့ တက်သွားပြီး ဟွေမြစ်ကမ်းတွင် တည်ရှိသော မိသားစုစံအိမ်ဆီကို ထွက်ခွာသွားကြ၏။
ဟွေမြစ်ကြီးက ကျယ်ပြန့်မှုမရှိဘဲ သေးငယ်သည်။ သို့သော် လှေငယ်လေးများ သွားနိုင်လောက်အောင် ကျယ်ပြန့်၏။ အဖြူရောင်နံရံများ ၊ အနက်ရောင် အုတ်ကျွတ်မိုးများ ၊ အလှဆင်ထားသော တောင်ကုန်းအတုများ ၊ ရေကန်များနှင့် ရဲတိုက်ဟောင်းကြီးက မြစ်အရှေ့ပိုင်းတွင် ဥယျာဉ်ကြီးတစ်ခု ဖြစ်နေသည်။
လမ်းကြောင်းကို ဖြတ်လာပြီးနောက် မိကျိကျင်းက သူတို့ကို ဘေးဘက်ခြံဝန်း တစ်ခုထဲသို့ ခေါ်သွား၏။ အေးစက်သော ဆောင်းရာသီဖြစ်သော်လည်း ထူးခြားသောပန်းပွင့်များ ၊ ရောင်စုံပန်းရနံ့များ မွှေးပျံ့နေသေး၏။
"ငါက မိ မိသားစုရဲ့စံအိမ်မှာနေတာပဲ။ ဒါပေမဲ့ ဒီကိုလုံးဝမလာဖူးဘူး…"
ဝမ်ကိုက်က မုန့်ချီကို တိုးတိုးလေး ပြောလိုက်သည်။
သို့သော် ထိုအရာကလည်း အကျိုးအကြောင်း ဖြစ်နိုင်ချေ ရှိ၏။ ရဲတိုက်ဟောင်းကြီးထဲတွင် အခန်းပေါင်း မြောက်မြားစွာ ရှိနေသည်။ ထို့ပြင် ဝမ်ကိုက်က ဧည့်သည်တစ်ယောက် ဖြစ်သည့်အတွက် နေရာအနှံ့ သွားနေ၍ မရပေ။ ထို့ကြောင့် သူ မရောက်ဖူးသော နေရာများစွာ ရှိနေနိုင်၏။
ဘေးဘက်ခြံဝန်းထဲတွင် ရှိနေသော ပန်းပွင့်ခန်းမထဲသို့ ဝင်လိုက်ပြီးနောက် မုန့်ချီက လူ(၃) ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးခုံတွင် ထိုင်နေသော သူကတော့ အလွန်တည်ငြိမ်သော အမူအရာရှိနေပြီး သူ့ပုံစံက အဆင့်အတန်းမြင့်သော သခင်လေးတစ်ယောက်နှင့် တူညီနေ၏။
အဆင့်မြင့်သောဝတ်စုံ ၊ လက်စွပ်များနှင့် ကျောက်စိမ်းပြားများအားလုံးက သူ၏ကြွယ်ဝချမ်းသာမှုကို ပြသနေ၏။ သူ၏မျက်ခုံးက အနည်းငယ် ကော့နေသည့်အတွက် မုန့်ချီက တစ်စုံတစ်ယောက်ကို အမှတ်ရသွားခဲ့၏။ သို့သော် လက်ရှိအချိန်တွင်တော့ နာမည်ကို မမှတ်မိသေးပေ။
သူ့ဘေးတွင် ရှိနေသော လူကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ပိုးဦးထုပ်ကို ဆောင်းထားသည်။ သူ၏အသားအရေက သာမန်သာဖြစ်ပြီး မုတ်ဆိတ်မွှေး မရှိချေ။ သူ့ပုံစံက ရိုကျိုးသော်လည်း သစ္စာရှိပုံရ၏။ ထို့ပြင် မိန်းမဆန်သည်။ မုန့်ချီနှင့် ရန်ချုံတို့က သူ့ကိုကြည့်လိုက်ရုံနှင့် သတိထားမိသော်လည်း သူတို့၏အစွမ်းကို ခန့်မှန်းနိုင်ခြင်း မရှိချေ။
ရှေ့ဆုံးခုံ၏ ဘယ်ဘက်တွင်တော့ မိန်းမပျိုတစ်ယောက်နှင့် လူတစ်ယောက် ထိုင်နေ၏။ ထိုလူက ထောင်ထောင်မောင်းမောင်းနှင့် ရုပ်ဆိုးမှု မရှိချေ။ သို့သော် ငယ်ရွယ်ပြီး ခန္ဓာကိုယ် ကြီးမား၏။ သူ၏အဝတ်အစားများက လျော့တိလျော့ရဲ ဖြစ်နေသော်လည်း ကြွက်သားများနှင့် ကြည့်ပျော်ရှုပျော် ရှိသည်။ အလွန်လှပသော မျက်လုံး ၊ မျက်ခုံးနှင့် သူ၏နှုတ်ခမ်းကလည်း မိန်းမပျိုများကဲ့သို့ ဖြစ်သည်။
"ဒါကတော့ ငါ့ရဲ့ညီမလေး ကျိတင်လို့ခေါ်တယ် "
မိကျိကျင်းက မိန်းမပျိုကို အရင်ဆုံး မိတ်ဆက်ပေးလိုက်၏။ ထို့နောက် သူက လူသန်ကြီးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"သူကတော့ ပိုင်မိသားစု သခင်ကြီးရဲ့တရားဝင်သား ပိုင်ဝမ်ယွမ်လို့ခေါ်တယ်။ ပြီးတော့ သူက ဒေါ်လေးပိုင်ရဲ့တူပဲလေ…"
"ပိုင်ဝမ်ယွမ်…"
မုန့်ချီက သူ့ကိုကြည့်ပြီး ရယ်ချင်စိတ်ကို ဖိနှိပ်ထားလိုက်ရ၏။
"အခုမှတွေ့တဲ့အတွက် တခြားသူတွေကို မိတ်ဆက်ပေးဖို့ မလိုတော့ပါဘူး.."
မိကျိကျင်းက အပြုံးနှင့် ပြောလိုက်၏။
ပိုင်ဝမ်ယွမ်နှင့် မိကျိတင်တို့က အပြင်ဘက်မှနေ၍ တိုက်ပွဲကို ကြည့်နေခဲ့သည်။ ထို့ကြောင့် သူတို့က မုန့်ချီနှင့် ရန်ချုံတို့ကို ကျေးဇူးတင်စကား ပြောလိုက်၏။
"ဒါက... "
မိကျိကျင်းက သူတို့နှင့် မိတ်ဆက်ရန် ဆင်ခြေတစ်ခု လိုအပ်နေကြောင်း ဝမ်ကိုက်က သိနေသည်။ ထို့ကြောင့် သူက မေးလိုက်၏။
မိကျိကျင်း၏ အမူအရာက လေးနက်သွားသည်။
"ဒါကတော့ ဘုရင်ကြီးရဲ့တတိယသားတော်၊ မင်းသား (၃) ကျင်းကျိုးရီလို့ခေါ်တယ်…"
"ဒါဆိုရင် သူက အစ်ကိုကျိုးရဲ့ညီပေါ့။ ဒါကြောင့်လည်း ငါက သူနဲ့တွေ့ဖူးတယ်လို့ ခံစားနေရတာ။ သူတို့ရဲ့ရုပ်က တကယ်ကို တူတာပဲ…"
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
"ဒါပေမယ့် သူက ဒီနေရာကို ဘာကြောင့်ရောက်လာရတာလဲ….."
တခြားလူများနှင့်မတူဘဲ မုန့်ချီကတော့ အခွင့်အာဏာကို စိတ်မဝင်စားပေ။ သူက ခွန်အားကိုသာ စိတ်ဝင်စား၏။
ကျိုးရီက ကျောက်စိမ်းလက်စွပ်ကိုပွတ်လိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူက ချိုသာသောအပြုံးနှင့် ပြောလိုက်၏။
"ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲက ငါ့ကိုလည်း စိတ်လှုပ်ရှားစေခဲ့တယ်။ ဒါကြောင့် ငါလည်း လာကြည့်ဖို့ စဉ်းစားခဲ့တာ။ ငါက မြို့တော်ကနေ လာခဲ့တာပါ။ မင်းတို့ရဲ့ ဂုဏ်သတင်းကိုလည်း ကြားဖူးတယ်။ ဒီနေ့တော့ မင်းတို့ကို မြင်တဲ့အချိန်မှာ မင်းတို့ရဲ့နာမည်ကျော်ကြားမှုကတောင် နည်းသေးတယ်ဆိုတာ သိသွားတယ် "
"ငါတို့ရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဘုရင်တစ်ယောက်လို ဆက်ဆံနေတယ်။ အစ်ကိုကျိုးကမှ မင်းထက်ပိုပြီးတော့ ပြောလို့ဆိုလို့ကောင်းသေးတယ်…"
မုန့်ချီက သူ့ကို သဘောမကျခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် ကျိုးရီက ရင်းနှီးဖော်ရွေတတ်သည်။ အတိတ်တုန်းကဆိုလျှင်တော့ မုန့်ချီက ထိုသို့တွေးလိမ့်မည် မဟုတ်ချေ။ သို့သော် ဘဝတွင် နှိုင်းယှဉ်ချက်များ ရှိသည်။ ကျိုးဟမ်နှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ကျိုးရီက အတော်လေး မောက်မာလှ၏။
ကျိုးရီ၏ နှုတ်ဆက်မှုကြောင့် ရန်ချုံက ကျေနပ်သွားသည်။ သူက တလေးတစား ပြန်ဖြေလိုက်၏။
"အစစ်အမှန်နဂါးသားတော်တစ်ပါးက ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲကို တက်ရောက်လာလိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားဘူး…"
ရန်ချုံကဲ့သို့ ပညာရှင်တစ်ယောက်၏ အမူအကျင့်ကို မြင်သည့်အခါ ချူးယွင်ယုကလည်း ရိုရိုကျိုးကျိုး ဖြစ်သွားခဲ့၏။ သူက ပြောလိုက်သည်။
"မင်းသားလေးရဲ့ ချီးကျူးမှုကို ခံရတာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်ရဲ့သိုင်းပညာက ပြောပလောက်စရာမရှိပါဘူး…"
"သူတို့တွေက ငါထင်ထားတာထက်တောင် ပိုပြီးတော့ အမြှောက်ကြိုက်သေးတာပဲ "
မုန့်ချီက ချူးယွင်ယုကို လှည့်ကြည့်လိုက်ပြီး သူ၏အပြုအမူကို ရှင်းရှင်းလင်းလင်း သိနေသည်။
ဝမ်ကိုက်ကတော့ တည်ငြိမ်စွာရပ်နေပြီး အေးအေးဆေးဆေးသာ ဖြစ်၏။ သူက မင်းသားကျိုးကို စာသင်သား တစ်ယောက်အဖြစ်သာ မိတ်ဆက်ခဲ့ပြီး နွေးထွေးဖော်ရွေခြင်း မရှိသလို အေးစက်ခြင်းလည်း မရှိချေ။
"မင်းသား(၃) ဒီကိုရောက်လာတာက ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲကြောင့်လား"
မိတ်ဆက်လိုက်ပြီးနောက် မုန့်ချီက မေးလိုက်သည်။
ကျိုးရီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"လက်ရှိ လူငယ်မှတ်တမ်းထဲမှာရှိတဲ့ ပညာရှင်တွေက အရင်မျိုးဆက်ထက် ပိုပြီးတော့ အစွမ်းထက်တယ်။ ထိပ်တန်းပညာရှင် (၁၀) ယောက်လုံးက အနာဂတ်မှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ သေချာပေါက် ဖြစ်လာနိုင်တယ်။ ဒီတော့ ဒီလိုစားသောက်ပွဲတစ်ခုကို သေချာပေါက်လွဲချော်သွားလို့ မရဘူးလေ…"
Translated by Hein Htet.