အခန်း (၄၀၂)
Vol. 27 Ch. 402
မုန့်ချီနှင့် တခြားလူများက သူ့စကားကို အလေးအနက် မယူခဲ့ပေ။ မည်သို့ဖြစ်စေကာမူ ယခုမျိုးဆက် လူငယ်မှတ်တမ်းမှ ပညာရှင်အများစုက စုဝူမင်တို့ မျိုးဆက်ကိုပင် ယှဉ်နိုင်လောက်အောင် ထူးချွန်ထက်မြက်သည့် ပညာရှင်များစွာ ရှိနေခဲ့၏။
လွန်ခဲ့သော (၃)နှစ် ၊ (၄)နှစ်ခန့်တွင်တော့ သူတို့က ထိုမျှထူးခြားမှု မရှိသေးပေ။ ယခုတော့ ထိပ်ဆုံး(၁၀)ယောက်တွင် ရှိနေသော ပညာရှင်များ အားလုံးနီးပါးက လူသားနှင့် ကောင်းကင်တစ်သားတည်း အဆင့်ကို ရောက်နေခြင်း သို့မဟုတ် အလားတူ တူညီသော တိုက်ခိုက်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခြင်းမျိုး ဖြစ်သည်။
သူတို့နှင့်အတူ ထိပ်ဆုံး (၁၀)ယောက်ကဲ့သို့ အစွမ်းထက်သော ကြာပန်းသခင်လည်း ရှိနေသေး၏။ သူ့အဆင့်ကတော့ မကြာခဏဆိုသလို လှုပ်ရှားနေသေးသည်။ တစ်နှစ်အတွင်း ထိပ်ဆုံး (၁၀)ယောက်ထဲတွင် ရောက်နိုင်သည်ဟု မျှော်လင့်ရသော ချီယုလည်း ရှိနေသေးသည်။
ထိုကဲ့သို့ အလားအလာ ရှိသော ပညာရှင်များကြောင့် တံခါး (၆)ပေါက်အဆင့်နှင့် ဓမ္မကာရအဆင့် သိုင်းကွက်တစ်ကွက် ပိုင်ဆိုင်ထားသော ရန်ဟယ်ကပင် အဆင့်(၂၀)သာ ရောက်ခဲ့၏။ သူက သိုင်းလောကသို့ ဝင်ရောက်ခဲ့သည့်အချိန်တွင် အဆင့် (၁၀)သို့ ရောက်သွားသော ကျန်းကျိဝေကဲ့သို့ ကံမကောင်းခဲ့ပေ။
ဓမ္မကာရသိုင်းကွက်အပြင် တံခါး(၆)ပေါက်အဆင့် ကျန်းကျိဝေ၏ ဓားနိယာမများက ပညာရှင်အဆင့်ကို ရောက်နေခဲ့သည်။ သူမက ကိုယ်ပိုင်သတ်ဖြတ်ရေး သိုင်းကွက်ကို ဖန်တီးနိုင်ပြီး မုန့်ချီပင် မကြာသေးခင်ကမှ ရောက်ရှိခဲ့သော အဆင့်ဖြစ်သည်။
မိကျိကျင်းက အခြေအနေကို ပြေလျော့သွားစေရန် ရယ်ကာမောကာနှင့် ဝင်ပြောလိုက်၏။
"ဒီမှာ ငါတို့အားလုံးက လူငယ်တွေပဲ။ ဒီတော့ စည်းမျဉ်းတွေကို အလွန်အကျွံ စောင့်ထိန်းနေစရာ မလိုပါဘူး။ ကျေးဇူးပြုပြီး နေရာမှာ ထိုင်ကြပါ…"
သူက ထိုင်ရန် အကြံပေးလိုက်ပြီး အနားတွင် ရှိသော အစေခံကို ရေနွေးနှင့် တည်ခင်း ဧည့်ခံရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက လက်ခုပ်တီးလိုက်၏။ သိပ်မကြာခင် ပန်းပွင့်ခန်းမ၏ ထောင့်မှနေ၍ တီးလုံးသံများ ထွက်ပေါ်လာသည့်အတွက် အခြေအနေက လွတ်လွတ်လပ်လပ် ဖြစ်သွားခဲ့သည်။
"တီးလုံးနှင့်အတူ အကတွေပါပဲ။ ငါက အကုန်လုံးရဲ့ ခံစားချက်တွေ ကောင်းသွားအောင် ရင်မြို့ထဲက နာမည်ကျော် ဓား အကမယ် တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်…"
မိကျိကျင်းက အသေးစိတ်ကို သတိထားခဲ့သည်။
မင်းသား ကျိုးရီက အပြုံးနှင့်ပြောလိုက်၏။
"ငါက ကျိကျင်းနဲ့ ရင်းနှီးနေတာ နှစ်ပေါင်းများစွာ ရှိပြီ။ သူက အရာရာကို သတိထားတတ်တဲ့ လူတစ်ယောက်ပဲ။ သူ့ကို တစ်စုံတစ်ခု တာဝန်အပ်ပေးလိုက်မယ်ဆိုရင် ဘယ်လောက်အသေးအဖွဲ့ကိစ္စမျိုးပဲဖြစ်ဖြစ် အသေးစိတ် လုပ်ဆောင်တတ်တယ်…"
"ချီးကျူးမှုအတွက် ကျေးဇူးပါ အစ်ကိုဝမ်းကွဲ…"
မိကျင်းကျင်းက ပြုံးလိုက်သည်။ သူတို့က ခဏလေးသာ စကားပြောခဲ့သော်လည်း မုန့်ချီတို့က သူတို့ရဲ့ ရင်းနှီးသော ဆက်ဆံရေးကို သတိထားမိခဲ့၏။
ဝမ်မိသားစုထဲတွင် မျှော်လင့်ချက် အရှိဆုံး တပည့်တစ်ယောက်ဖြစ်ပြီး မြေပြင်မှတ်တမ်းမှ ပညာရှင်တစ်ယောက် ဖြစ်သော ဝမ်ဝမ်းရှန်၏ သားတစ်ယောက်ဖြစ်သော ဝမ်ကိုက်က ကျိုးရီနှင့် မိမိသားစု၏ ပတ်သက်မှုကို သေချာသိနေသည်။
သူက မုန့်ချီတို့ကို တိတ်တဆိတ် ရှင်းပြလိုက်၏။
"သူ့အဖေရဲ့ ညီမက ဘုရင်ကြီးရဲ့ကိုယ်လုပ်တော်တွေထဲမှာ အဆင့်မြင့်ဆုံးပဲလေ။ သူ့မှာ ကလေးနှစ်ယောက်ရှိတယ်။ ကောင်လေးကတော့ ကျိုးရီ ၊ မိန်းကလေးရဲ့ နာမည်ကတော့ ရှုကျင်းလို့ ခေါ်တယ်။ သူကတော့ ဘုရင်ကြီး သဘောအကျဆုံး မင်းသမီးလေးပဲ…"
"ဒါဆိုရင် သူက ဘုရင်ရဲ့ ဆွေမျိုးဖြစ်နေတာပဲ…"
တော်ဝင်မိသားစုနှင့် ပတ်သက်လျှင် ယပ်တောင် (၆)လက်ကျောင်းမှ ရရှိသော အချက်အလက်များက အမြဲလိုလို ဝေဝါးနေသည်။ ထို့ကြောင့်လည်း ဝမ်ကိုက်က ထိုအရာကို အံ့ဩနေခြင်း မရှိကြောင်း နားလည်သွားခဲ့၏။
ရန်ချုံကလည်း ခေါင်းညိတ်ပြလိုက်သည်။ ရှင်ဘုရင်နှင့် မှူးမတ်များအကြောင်း ပတ်သက်လာလျှင် သူလည်း မုန့်ချီထက် ပိုသာနေခြင်း မရှိပေ။ မည်သို့ဖြစ်စေကာမူ သူက နာမည်မကြီးသော ဂိုဏ်းငယ်လေးတစ်ခုမှ တပည့်တစ်ယောက်သာ ဖြစ်သည်။
ချူးယွင်ယုကတော့ သူ၏ မြှောက်ပင့်ပြောဆိုတတ်မှုကို ထိန်းချုပ်ထားခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက မြစ်အရှေ့ပိုင်းနဲ့ တိစီရင်စုတို့ကို သွားလာခဲ့ပေမဲ့ လော့ရန်ကို လုံးဝ မရောက်ဖူးသေးဘူး။ နောက်ဆုံးတော့ ဒီနေ့မင်းသားလေးနဲ့ တွေ့ခွင့်ရပြီဆိုတော့ ငါ့ရဲ့ဆန္ဒတွေက ပြည့်သွားပြီပေါ့…"
သူကလည်း တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ့ဆရာက နာမည်ကျော်ကြားပြီး အဆင်မြင့်သော သိုင်းကျမ်းများ ရှိနေသော်လည်း ငယ်ရွယ်စဉ်အချိန်တွင် လမ်းမှားပညာရှင်တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူ့ဆရာ၏ နာမည်ဂုဏ်သတင်းကို အသုံးချရမည့်အစား ချူးယွင်ယုကတော့ လမ်းမှားပညာရှင်များကို ရန်သူတစ်ယောက်အဖြစ် အမြဲလိုလို သတ်မှတ်ထားခဲ့သည်။
ရလဒ်အနေနှင့် သူက သူ့ဆရာနှင့် ဆန့်ကျင်ဘက် ဖြစ်သွားပြီး ခေါင်းရှောင်တတ်သည့်အပြင် သူရဲဘောကြောင်တတ်သည်။ သို့သော် အကျင့်စရိုက်က သိုင်းပညာ ၊ အစွမ်းနှင့် လုံးဝ မပတ်သက်ပေ။ ချူးယွင်ယုကို လျော့တွက်၍ မရနိုင်ပေ။ သူ့ဆီတွင် တိုက်ပွဲမှတ်တမ်း များများမရှိသည်မှာ သူက တိုက်ခိုက်မှုကို သဘောမကျခြင်းကြောင့်သာဖြစ်၏။
“လော့ရန်မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာ အများကြီး မရှိဘူး။ အထက်တန်းလွှာ မိသားစုတွေ ၊ အစွမ်းထက်ပညာရှင်တွေ ၊ စာပေလေ့လာရေးကျောင်းတွေ၊ ပြည့်တန်ဆာရုံတွေကလွဲရင် တခြားဘာမှမရှိပါဘူး…"
ကျိုးရီက သူတို့ကို လော့ရန်နှင့်ပတ်သက်ပြီး ပြောပြလိုက်သည်။
သူ့စကားနှင့်အတူ သူက ခေါင်းစဉ်တစ်ခုကို တဖြည်းဖြည်း ဖန်တီးလာခဲ့၏။ လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များ ၊ အသက် (၃၅) ရောက်သွားသော ပညာရှင်များက မြစ်အရှေ့ပိုင်းတွင် သွားလာခဲ့ကြပြီးသည့်အတွက် အခွင့်အရေးများ ရှာဖွေရန် လော့ရန်သို့ သွားရောက်တတ်ကြသည်။
မင်းသားများနှင့် နန်းတွင်းအရေးအခင်းများ ပတ်သက်လာသည့်အချိန်တွင် မုန့်ချီကတော့ ဝင်ပြောရမည့်အစား တိတ်တဆိတ်သာ နားထောင်နေခဲ့၏။ သူက မြို့တော်နှင့် ပတ်သက်ပြီး ယခင်တုန်းကထက် ပို၍ သိလာခဲ့သည်။
အစွမ်းထက်သော အထက်တန်းလွှာ မိသားစုမှ ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ဝမ်ကိုက်က အကြီးအကဲများ၏ အမိန့်မရှိဘဲ မင်းသားများနှင့် အနီးကပ် ဆက်ဆံခြင်းမျိုး လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် သူ၏စွမ်းရည်ကို ပြသရမည့်အစား တစ်ခါတစ်ရံမှသာ ဝင်၍ ပြောဆိုခဲ့သည်။
ထိုအရာကို မြင်သည့်အခါ မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့၏။ တော်ဝင်မိသားစုက ထိပ်တန်းမိသားစုများကို ရင်ဆိုင်ရန် အထက်တန်းလွှာ မိသားစုများနှင့် မကြာခဏ မဟာမိတ်ဖွဲ့တတ်ပုံရသည်။ သို့သော် တော်ဝင်မိသားစု၏ သဘောထားအရ ကျိုးရီက ဝမ်ကိုက်နှင့် ရင်းနှီးခြင်းကို တားမြစ်ထားပုံ မရချေ။
လော့ရန် အကြောင်းကို ပြောလိုက်ပြီးနောက် ကျိုးရီက ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲအကြောင်း တဖြည်းဖြည်း ခေါင်းစဉ်ပြောင်းသွားခဲ့သည်။ သူက ရေနွေးခွက်ကို ကိုင်ပြီး တလေးတစား ပြောလိုက်၏။
"လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး (၁ဝ)ယောက်ထဲမှ သခင်လေးစုနဲ့ သခင်လေးရန်တို့ကို ငါ အလေးစားဆုံးပဲ။ ကျန်တဲ့သူတွေ အားလုံးက နာမည်ကျော်ဂိုဏ်းတွေ ဒါမှမဟုတ် အထက်တန်းလွှာ မိသားစုတွေက ရောက်လာကြတာ။ သူတို့မှာ နတ်ဘုရားစွမ်းရည် ၊ လက်နက် ၊ လမ်းညွှန်ချက်တွေ ၊ ဆေးရည်တွေ လေ့ကျင့်တဲ့ ပြိုင်ဘက်တွေ လိုအပ်တာမျိုး လုံးဝမရှိဘူး။ မင်းတို့နှစ်ယောက်ထဲမှာတော့ တစ်ယောက်က ပင်လယ်ရေလှိုင်းဂိုဏ်းက တပည့်တစ်ယောက်ဖြစ်ပြီး တစ်ယောက်ကတော့ ရှောင်လင်ရဲ့ စွန့်ပစ်ခံ တပည့်တစ်ယောက်။ မင်းတို့က ကိုယ့်အစွမ်း ကိုယ်အသုံးချပြီး အခွင့်အရေးတိုင်းကို ဆုပ်ကိုင်နိုင်တဲ့အတွက် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ။ မင်းတို့ကမှ ငါတို့ မျိုးဆက်ရဲ့ စံပြတွေ … "
"စကားပြောတာ ကောင်းတယ် … ဒါပေမဲ့ ဝမ်ကိုက်ကရော …"
မုန့်ချီက တိုးတိုးလေး ရယ်လိုက်မိသည်။
ရန်ချုံက ပြုံးလိုက်၏။ သူက သူ့ကိုယ်သူ အနည်းငယ် ဂုဏ်ယူသွားပုံရ၏။ သို့သော် သူကတော့ ဘဝင်မြင့်ခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့က သူတို့ကိုလည်း လျှော့တွက်လို့ မရဘူးလေ။ နာမည်ကျော်ဂိုဏ်းတွေနဲ့ ထိပ်တန်းအထက်တန်းလွှာ မိသားစုတွေနဲ့ ကြားထဲက ပြိုင်ဆိုင်မှုက အပြင်ဘက် ကမ္ဘာကြီးထက်တော့ မနိမ့်နိုင်ဘူး။ ပြီးတော့ သူတို့ရဲ့အရည်အချင်းသာ မရှိရင် သူတို့က ဒီနေ့လို ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ထူးချွန်တဲ့ ပညာရှင်တွေ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး။ ထိပ်ဆုံး (၁၀)ယောက်ထဲမှာရှိတဲ့ လူတိုင်းက အန္တရာယ်တွေ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ပြီး နာမည်ရလာတာပဲ…"
ကျိုးရီက တစ်စုံတစ်ခု ပြောတော့မည့်အချိန်တွင် မိကျိကျင်းက လက်ခုပ်တီးလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးနှင့် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးငယ်လေးများ အားလုံး ထွက်လာကြ၏။
ဓားရှည်များကို ကိုင်ထားသော သူတို့၏ပုံသဏ္ဌာန်က အလွန်ဆွဲဆောင်မှု ရှိပြီး ရဲရင့်မှုလည်း ရှိနေသည်။ ခေါင်းဆောင် မိန်းကလေးက အသက် (၂၀) ဝန်းကျင်သာ ရှိနေသေး၏။ သူမ၏မျက်ခုံးရှည်ကြီးများက လှုပ်ရှားလိုက်သည့် အချိန်တိုင်း အလွန်လှပသော မျက်လုံးအလှကို ပေါ်လွင်စေသည်။ သူမက ရှားပါးသော မိန်းမလှလေး တစ်ယောက်ဖြစ်၏။
သူမနှင့် မိကျိတင်တို့ဆီတွင် ထူးခြားသော အလှတရားများ ရှိနေသော်လည်း သူတို့၏ အရေပြားကတော့ နို့နှစ်ရောင်ကဲ့သို့ ဖြစ်နေပြီး မြစ်အရှေ့ပိုင်းမှ မိန်းကလေးများ၏ အသွင်သဏ္ဌာန်ကို ဖော်ပြနေသည်။
သူတို့က ဗုံများနှင့်အတူ ဓားအကကို စတင် ကပြလိုက်သည်နှင့် ဓားအလင်းရောင်များက ရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ အက က ထိန်းချုပ်ထားခြင်း မရှိဘဲ စည်းချက်ကျကျ လှုပ်ရှားနေခဲ့၏။
အကမယ်များ၏ လှုပ်ရှားမှုနှင့် ဆွဲဆောင်မှုရှိသော ပုံရိပ်များကြောင့် အကအလှက လူတိုင်းကို ကျေနပ်နှစ်သိမ့်မှု ပေးနိုင်ခဲ့သည်။ အကမယ်များ အားလုံးထဲတွင် ခေါင်းဆောင်မိန်းကလေးကတော့ အထူးတလည် လှပလွန်းလှသည်။
တစ်ခါတစ်ရံ သူမက ဓားကို အသံမထွက်ဘဲ လှုပ်ရှားလိုက်သည်မှာ အနောက်ပိုင်း နယ်မြေထဲတွင် မြင်းစီးနေသော မိန်းမပျိုတစ်ယောက်ကဲ့သို့ ထင်ရသည်။ တစ်ခါတစ်ရံ သူမ၏ဓားက အလွန်နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများ လုပ်ဆောင်လိုက်သည့်အတွက် မြစ်အရှေ့ပိုင်းတွင် ရှိနေသော နတ်သမီး မိန်းမပျိုလေးများကဲ့သို့ ထင်မှတ်ရ၏။
ထိုအချိန်အတွင်း ကြည့်နေသူများကတော့ သူမ၏ စိတ်ကူးယဉ်ဆန်သော လှုပ်ရှားမှုများ၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရသည်။ သူမ၏ ဓားအက က စိတ်ဝင်စားစရာ ကောင်းသည့်အပြင် သူမ၏ ဓားပညာအဆင့်ကလည်း အလွန်မြင့်မားပုံရ၏။
"သူ ဓားကိုင်လိုက်တဲ့ အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး အံ့ဩစရာ ကောင်းသွားတယ်… သူက ကြောက်စရာကောင်းတဲ့ မိုးကြိုးတွေလို ရောက်လာပြီး မြစ်ပေါ်မှာ စဆင်းနေတဲ့ အလင်းတန်းတွေလို ထွက်သွားတယ်…."
ဓားအကကို ကျေနပ်နေသည့်အတွက် ကျိုးရီက ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
မုန့်ချီကလည်း ဓားအကကို ကြည့်နေရင်း သူ့စိတ်ထဲတွင် အတွေးများစွာ ပေါ်လာခဲ့၏။ အကယ်၍ ကျိဝေကသာ ဓားအက လုပ်ဆောင်မည်ဆိုလျှင် မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်နည်း။
“တကယ်လို့ ငါသာ သူ့ကို ဓားအက ကခိုင်းမယ့် အကြောင်း တွေးနေမယ်ဆိုရင် ငါနဲ့ သေချာပေါက် တိုက်ခိုက်ရလိမ့်မယ်…”
သူက တစ်ယောက်တည်း တွေးနေခဲ့၏။
မုန့်ချီနှင့် တခြားလူများက သူမ၏ ချီစွမ်းအင်များ လှုပ်ရှားမှုများထဲတွင် အန္တရာယ် အငွေ့အသက်များကို ခံစားမိခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူတို့အားလုံးက စိုးရိမ်နေခြင်း မရှိဘဲ အကအလှကိုသာ ခံစားကြည့်ရှုနေခဲ့ကြသည်။
ဓားအကက တဖြည်းဖြည်း အဆုံးသတ်သွားသည့်အချိန်တွင် ခေါင်းဆောင် မိန်းကလေးက ကနေရင်း ရှေ့သို့ တက်လာခဲ့သည်။ သူမက ဓားကို ကျိုးရီဆီသို့ ပေးပြီး အကကို အဆုံးသတ်ချင်နေပုံရ၏။
ကျိုးရီက သီချင်းညည်းနေခြင်းကို ရပ်လိုက်ပြီး လက်နောက်ပစ်လိုက်သည်။ သူမ၏ အပြုအမူကြောင့် သူလည်း ဝမ်းသာနေပုံရ၏။ မိန်းကလေးများက ရှေ့နှင့်နောက် သွားလာနေသည့်အချိန်တွင် နောက်ဆုံးတွင်တော့ သူမက လှေကားပေါ်သို့ ရောက်လာခဲ့သည်။ သူမက အနည်းငယ် ခါးကုန်းလိုက်ပြီး ဓားရှည်ကို ခေါင်းပေါ်တွင် တင်၍ ကျိုးရီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရုတ်တရက်ဆိုသလို မုန့်ချီက သူမ၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲလာသော ချီစွမ်းအင်များကို သတိထားမိခဲ့သည်။ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များ ထွက်ပေါ်လာသည့် အတွက် သူမက သွေးနှင့် ရေချိုးနေသော နဂါးတစ်ကောင် ၊ ဥခွံထဲမှ ဖောက်ထွက်လာသော လိပ်ပြာတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။
သူမ၏ အရှိန်အဝါက သတ်ဖြတ်ချင်စိတ်များကို စုစည်းထားသည့်အတွက် လုံးဝကို ပြောင်းလဲသွားခဲ့သည်။ သူမ၏ ချီစွမ်းအင် စီးဆင်းမှုကိုလည်း အာရုံခံစား၍ မရနိုင်တော့ပေ။
“သူက လုပ်ကြံသူ တစ်ယောက်လား..”
မုန့်ချီက စဉ်းစားမနေဘဲ သူမဆီသို့ ခုန်လိုက်၏။ လေထဲတွင် သူ့ဓားကို ဆွဲထုတ်လိုက်သည်။ တောက်ပသော ငွေရောင်ဓားအလင်းတန်းများက သူမ၏ ခေါင်းပေါ်သို့ ရောက်လာသည်မှာ မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ လျင်မြန်လှ၏။
သူက လုပ်ကြံသူ၏ လက်ထဲမှ ကျိုးရီကို အရင်ဆုံး ကယ်တင်ရန် ဆန္ဒရှိနေပြီး အနည်းငယ်လေးပင် နှောင့်နှေးခြင်း မရှိချေ။ သူက ကောင်းကင် ပြစ်ဒဏ်ဓားကို အသက်မသွင်းဘဲ အဝေးမှ တိုက်ခိုက်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ကျိုးရီက အကမယ်၏ အနားတွင် ရှိနေသည့်အတွက် သူ့ကို ထိခိုက်မှာ စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။
တစ်ချိန်တည်းတွင် တခြားသော ဓားဆန္ဒတစ်ခုကို ခံစားလိုက်ရ၏။ ရန်ချုံနှင့် မုန့်ချီတို့က အန္တရာယ်ကို အရင်ဆုံး သတိထားမိခြင်းဖြစ်ပြီး သူတို့၏ ဓားများကို တပြိုင်နက်တည်း ဆွဲထုတ်လိုက်သည်။
ထိုမိန်းကလေးကတော့ ရောက်လာသော သူတို့နှစ်ယောက်ကို လျစ်လျူရှုထားခဲ့၏။ သူမက ဓားရှည်ကို လွှဲရမ်းလိုက်ပြီး ကျိုးရီ၏လည်ပင်းကို လှမ်းထိုးလိုက်သည်။ သူမ၏ဓားရှည်ထဲတွင် သတ်ဖြတ်ချင်စိတ်များ ၊ ချီစွမ်းအင်များကို ပေါင်းစပ်ထား၏။ ထိုအရာက လူသတ်ရန် ဓားတစ်လက်ဖြစ်ပြီး သူ၏ပင်မဝိညာဉ်ကို ဖျက်ဆီး၍ သူ့အသက်ကို ယူဆောင်နိုင်သည်။
ကျိုးရီ၏ အနားတွင် ရှိနေသော အစေခံကတော့ ခြေတစ်လှမ်း နောက်ကျနေခဲ့၏။ သူက သူမ၏တိုက်ခိုက်မှုကို တားဆီးရန် အလွန်နောက်ကျသွားသည်။ သို့သော် တပြိုင်နက်တည်း လှုပ်ရှားသွားခဲ့သေးသည်။ သူက နောက်ပြန်လှည့်ကြည့်ခြင်း မရှိဘဲ ကျိုးရီကို လက်နှင့် ဆွဲယူလိုက်သည့်အတွက် ကြောက်စရာကောင်းသော ဓားချက်ကို အောင်အောင်မြင်မြင် ရှောင်တိမ်းနိုင်ခဲ့၏။
မိန်းကလေးက သိုင်းကွက်ပြောင်းတော့မည့် အချိန်တွင် နောက်ကွယ်တွင် ရှိနေသော ဓားနှစ်လက်က ရောက်လာခဲ့သည်။ သူတို့က ကြောက်စရာကောင်းပြီး ကြမ်းတမ်းခက်ထန်သည့်အတွက် သူမအတွက် အခွင့်အရေး မရှိခဲ့ပေ။ သူမလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် ထိုဓားများကို ခုခံလိုက်ရ၏။
ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး သူမက အဝေးသို့ လွင့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူမက တိုက်ခိုက်မှု အရှိန်အဝါကို သုံးပြီး ထွက်ပြေးရန်အတွက် အခွင့်ကောင်း ယူလိုက်၏။
"သူက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်လား ... "
မုန့်ချီတို့က နောက်တစ်ကြိမ် မတိုက်ခိုက်ရသေးခင် သူက ကျယ်လောင်စွာ အော်ပြောလိုက်မိသည်။
ထိုမိန်းကလေးက မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာပြီး သူမ၏ ပင်မဝိညာဉ်နှင့် သွေးကြောများ ပိတ်ဆို့ခံလိုက်ရ၏။ ထိုအချိန်တွင် မင်းသားလေး၏ အစေခံကတော့ သူမကို ခြေထောက်နှင့် ဖိထားကြောင်း မြင်လိုက်ရသည်။
"သူ့ရဲ့တိုက်ခိုက်မှုက တော်တော်မြန်တာပဲ။ သူ လှုပ်ရှားတာကိုတောင် မမြင်လိုက်ဘူး"
မုန့်ချီက အနည်းငယ် ထိတ်လန့်သွားပြီး အစေခံကို ကြည့်လိုက်မိသည်။ ကြည့်ရသည်မှာ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်ပုံရ၏။
"ငါ့ရှေ့မှာတောင် သူ့ကို လုပ်ကြံဖို့ ကြိုးစားရဲတယ်…"
သူက အလွန်ဒေါသထွက်နေသည့်အတွက် ဓား အကမယ်ကို အားနှင့်ဖိထားခဲ့သည်။
“ကြည့်ရတာ သူက တော်ဝင်မိသားစုအတွက် တာဝန်ထမ်းဆောင်နေတဲ့ ပညာရှင် တစ်ယောက် ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း သူက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေနိုင်တာဖြစ်မယ်…”
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
ကျိုးရီက အနည်းငယ် တုန်ရင်နေပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့၏။ သူက မုန့်ချီနှင့် ရန်ချုံတို့ကို ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်ရဲ့ သတိထားမှုကြောင့် ငါက အသတ်မခံခဲ့ရတာ…။ ဒါက ငွေကြေးပမာဏနဲ့တောင် တန်ဖိုးဖြတ်လို့ မရဘူး။ ဒီနေ့ကစပြီး မင်းတို့ရဲ့ စိုးရိမ်မှုတွေက ငါ့ရဲ့ စိုးရိမ်မှုတွေပဲ။ မင်းတို့ရဲ့ အန္တရာယ်က ငါ့ရဲ့ အန္တရာယ်ပဲ…"
ရန်ချုံနှင့် မုန့်ချီတို့က စကားပြန်ပြောတော့မည့် အချိန်တွင် မိကျိကျင်းက ဝင်လာခဲ့သည်။ သူက အိုးတိုးအမ်းတမ်း အမူအရာနှင့် တောင်းပန်လိုက်၏။
"ငါကလည်း ဒီမကောင်းဆိုးဝါးမရဲ့ လှည့်စားတာကို ခံလိုက်ရတာ…။ မင်းသားလေး ငါ့ကို အပြစ်ပေးပါ….."
ကျိုးရီက လက်ကာပြလိုက်သည်။
"ငါလည်း ဒီကိစ္စကို မသိခဲ့ဘူး။ ဒါက မင်းအမှား မဟုတ်ဘူး…”
ထို့နောက် သူက အနက်ရောင် ဦးထုပ်ဝတ် အစေခံကို ပြောလိုက်သည်။
"မိန်းမစိုးဖန်း …
ဒီမိန်းကလေးကို ခေါ်ပြီး သေချာစစ်မေးလိုက်ပါ။ သူ့ကို ဘယ်သူက လွှတ်လိုက်လဲဆိုတာ ကျွန်တော် သိချင်တယ်…"
ထို့နောက် သူက မုန့်ချီနှင့်တခြားလူများကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် ငါက စားသောက်ပွဲ ဆက်လုပ်ဖို့ စိတ်မပါတော့ဘူး။ စားသောက်ပွဲ ပျက်စီးသွားရတဲ့အတွက် တကယ်ပဲ စိတ်မကောင်းပါဘူး။ အိမ်ရှေ့မင်းသားက ကျမ်းစာတွေ ဗုဒ္ဓကျင့်စဉ်တွေကို သဘောကျနေတဲ့အတွက် ခမည်းတော်က သူ့ကို ကြိမ်းမောင်းထားတယ်။ မြို့တော်ထဲမှာ ပြဿနာတက်နေတယ်ဆိုတော့ ငါလည်း စိတ်အေးလက်အေး ဖြစ်အောင်ထွက်လာခဲ့တာ ။ ဒါပေမဲ့ ဒီအရှုပ်အထွေးတွေ ကြားထဲမှာ ပိတ်မိနေသေးတာပဲ…"
မိကျိကျင်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"ငါလည်း ဒီသတင်းကို နေ့လည်တုန်းကမှ ကြားခဲ့ရတာ။ အိမ်ရှေ့မင်းသားလည်း ရင်မြို့ကို ရောက်လာပြီ။ အခု သူက သမ္ပာပဒ ကျောင်းဆောင်မှာ ရှိနေတယ်…"
"ဟုတ်လား … "
ကျိုးရီ၏ မျက်နှာက လေးနက်သွားခဲ့သည်။
မုန့်ချီက သူတို့၏ ပလ္လင်တိုက်ပွဲကို စိတ်မဝင်စားခဲ့ပေ။ အိမ်ရှေ့မင်းသားပင် ရောက်လာသည့်အတွက် သူလည်း အနည်းငယ် ထိတ်လန့်သွားခဲ့၏။
"ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲက တကယ့်ကို ကြီးမားတဲ့ ပွဲတစ်ခုပဲ။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်က အိမ်ရှေ့မင်းသားကိုတောင် ဆွဲဆောင်နိုင်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ…"
စားသောက်ပွဲက အလျင်အမြန် အဆုံးသတ် သွားသော်လည်း ကျိူးရီကတော့ ရန်ချုံ ၊ မုန့်ချီတို့နှင့်ပို၍ ရင်းနှီးသွားခဲ့သည်။
"ညီလေးစု ...
မင်းက ဒီကိစ္စကို ဘယ်လိုမြင်လဲ။ "
ဝမ်ကိုက်က မုန့်ချီကို တံခါးသို့ ခေါ်လာပြီးနောက် လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်သည်။
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"သူ့ရဲ့အစွမ်းက သာမန်ပါပဲ…"
ဝမ်ကိုက်ကလည်း ချက်ချင်း နားလည်သွားသည်။ သူက ခေါင်းညိတ်ပြီးပြောလိုက်၏။
"ငါလည်း အဲဒါကို ထူးဆန်းတယ်ဆိုတာ သိတယ်။ လုပ်ကြံမှုဆိုတာက စက္ကန့်ပိုင်းလေးအတွင်း အကြွင်းမဲ့ စွမ်းအားကို သုံးရတာ။ တကယ်လို့ လုပ်ကြံသူမှာ အဲဒီအစွမ်းမျိုး မရှိရင် မလုပ်တာ အကောင်းဆုံးပဲ။ အဲဒီမိန်းကလေး လုပ်ကြံသူက အစွမ်းထက်ပေမဲ့ သူ့ရဲ့အစွမ်းက ငါ့ကို သတ်ဖို့လောက်ပဲ လုံလောက်တယ်..”
“သူတို့က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို မလွှတ်ဘူးဆိုတာ လုပ်ကြံမှု မအောင်မြင်ရင် မိ မိသားစုနဲ့ ပိုင် မိသားစုက လုပ်ကြံသူကို ထိန်းသိမ်းထားမှာ ကြောက်နေလို့လား ။ အခုအချိန်မှာ မြို့တော်နဲ့ပတ်သက်ပြီး ဘာမှမသိတဲ့အတွက် ဘာမှ မတွေးတာ ပိုကောင်းတယ် "
မုန့်ချီကလည်း သဲလွန်စ မသိပေ။
ရုတ်တရက်ဆိုသလို သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ဝမ်ကိုက်ကို လှည့်မေးလိုက်၏။
"စကားမစပ် ကျွန်တော်က အလျင်စလို သွားစရာ မလိုသေးဘူး။ ကျွန်တော်က သခင်လေးကျိကျင်းကို မေးစရာတစ်ခု ရှိနေသေးတယ်…"
Translated by Hein Htet