အခန်း (၄၀၃)
Vol. 27 Ch. 403
"အဲဒါဘာလဲ ငါလုပ်ပေးနိုင်တဲ့အရာရှိလား…"
ဝမ်ကိုက်က မေးလိုက်သည်။
မုန့်ချီက ပြောလိုက်၏။
"အဲဒါက သိပ်တော့အရေးမကြီးပါဘူး။ မကြာသေးခင်ကမှ ကျွန်တော်က ရှေးဟောင်းကျမ်းစာတွေ လေ့လာခဲ့ပြီး ထူးဆန်းတဲ့နေရာတွေအကြောင်း နားလည်ခဲ့တယ်။ ကျွန်တော်က အဲဒီနေရာတွေရဲ့ လက်ရှိတည်နေရာကိုသွားပြီး ရှာဖွေကြည့်ချင်တာ၊ အစ်ကိုဝမ် … ကျွန်တော့်လို တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး သိရတာ နည်းတယ်လေ။ ကျွန်တော်က မိ မိသားစုနဲ့ ပိုင်မိသားစုရဲ့ ရှားရှားပါးပါး အခွင့်အရေးကို အသုံးချပြီး မေးလို့ရမလား…"
"အဲဒါက ဘာတွေလဲ…"
မုန့်ချီက ရှေးဟောင်းကျမ်းစာများကို ဘာကြောင့်လေ့လာနေလဲဟု မမေးဘဲ ဝမ်ကိုက်က တလေးတစား ပြောလိုက်သည်။ ပုံမှန်အားဖြင့် ရှေးဟောင်းနေရာများ၏ နာမည်ကို ရှာဖွေခြင်းက အမွေအနှစ်များ၊ လျှို့ဝှက်တည်နေရာများကို ဆိုလိုနေခြင်း ဖြစ်သည်။ အလွန်အကျွံမေးလိုက်မည်ဆိုလျှင် သူတို့၏ရင်းနှီးမှုက ပျက်ဆီးသွားနိုင်၏။ အချိန်ကျလာလျှင် မုန့်ချီက သူ့ကို ပြောပြပါလိမ့်မည်။
ပတ်ပတ်လည်တွင် ရှိနေသော ရှေးဟောင်းအမွေအနှစ်များက နှစ်ပေါင်းများစွာကြာလျှင် ပြောင်းလဲသွားပြီး နာမည်ကျော်ကြားသော နေရာတစ်ချို့ကပင် မူလအတိုင်း မရှိနိုင်တော့ပေ။
"တိုင် (၅)လုံး တောင်တန်း၊ အပူအပင်မဲ့တောင်ကြား၊ ကြယ်ပျံရေကန်…"
မုန့်ချီက နာမည်များကို ရွတ်ပြလိုက်သည်။
သူက အပူအပင်မဲ့တောင်ကြားကို ထိုနာမည်များ၏ အလယ်တွင် ပြောပြလိုက်သည်မှာ သူ၏အစစ်အမှန်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားလိုသောကြောင့် ဖြစ်သည်။ သူက ထိုနာမည်များကို ဦးတည်ရာမဲ့ ပြောခဲ့ခြင်း မဟုတ်ချေ။ အပူအပင်မဲ့တောင်ကြားကို ရှာဖွေရန်အတွက် ကျန်းဝူအင်ပါယာ၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေသည်။
သူက အမှန်တကယ်လည်း ရှေးဟောင်းကျမ်းစာတစ်ချို့ကို ဖတ်ထားခဲ့ပြီး နာမည်များစွာကို မှတ်မိနေခဲ့၏။ သို့သော် အလွယ်တကူ ရနိုင်သော ရှေးဟောင်းကျမ်းစာများက သာမာန်သာ ဖြစ်သည်။ ထို့ကြောင့် အပူအပင်မဲ့တောင်ကြားနှင့် ပတ်သက်သော သဲလွန်စများကို ရှာမတွေ့ခဲ့ပေ။
"တိုင်၅လုံးတောင်တန်းကိုတော့ လုံးဝမကြားဖူးဘူး။ အပူအပင်မဲ့တောင်ကြားကတော့ ရှေးဟောင်းနယ်မြေနဲ့ တူတယ်။ ဒါပေမဲ့ သူ့ရဲ့တည်နေရာကိုလည်း မသိဘူး။ ကြယ်ပျံရေကန်ကတော့ မြောက်ပိုင်းကျိုးအင်ပါယာထဲမှာရှိတဲ့ လုလုံအနားမှာရှိတယ်။ သူ့ရဲ့လက်ရှိနာမည်က လကြေးမုံရေကန်လို့ခေါ်တယ်…"
ဝမ်ကိုက်က နာမည်များကို စဉ်းစားနေရင်း ပြောလိုက်သည်။
“အပူအပင်မဲ့တောင်ကြားက တကယ့်ကို ပင်မကမ္ဘာကြီးထဲမှာ ရှိနေတာပဲ…”
ထိုသို့မေးလိုက်ရုံဖြင့် သတင်းအတိအကျ ရလိမ့်မည်ဟု မုန့်ချီလည်း မထင်ထားခဲ့ပေ။
အဆင့်မြင့်ဝိညာဉ်ကို လေ့ကျင့်ထားသော ဝမ်ကိုက်က သူ့ကို တမင်တကာ လိမ်ပြောမည် မဟုတ်ကြောင်း သူလည်း ယုံကြည်နေခဲ့၏။ အများဆုံး သူက မိသားစု၏ စည်းမျဉ်းများကြောင့် အသေးစိတ် မပြောနိုင်ခြင်းသာ ဖြစ်နိုင်သည်။
ထိုနေရာများကို မှတ်ထားလိုက်ပြီးနောက် ဝမ်ကိုက်က တောင်းပန်လိုက်၏။
"ငါက ရှေးဟောင်းလျှို့ဝှက်ချက်တွေအကြောင်း နည်းနည်းပဲ စိတ်ဝင်စားတယ်။ အဲဒါကြောင့် တစ်ခါတလေမှပဲ စာအုပ်တွေ ဖတ်ဖြစ်တာ။ ဒီတော့ ကျိကျင်းကို သွားမေးတာ ပိုကောင်းတယ်…”
မုန့်ချီက ပြန်လှည့်လာသည်ကို မြင်လိုက်ရသည့်အခါ အကမယ်နှင့် ပတ်သက်ပြီး စုံစမ်းနေသော မိကျိကျင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"သခင်လေးစု …ကိစ္စတစ်ခုခု ရှိသေးလို့လား…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"သခင်လေးမိ …
ပိုင်မိသားစုနဲ့ မိ မိသားစုက ဒေါ်လေးပိုင်ရဲ့ကိစ္စကြောင့် ငါ့အပေါ် အကြွေးတင်နေသေးတယ်ဆိုတာ မှတ်မိသေးတယ်…"
"ဟမ်…"
မိကျိကျင်းက ထိုအရာကို ငြင်းဆန်လိုခြင်း မရှိပေ။ သို့သော် သူက အနည်းငယ် အံ့ဩသွားခဲ့သည်။ အကြွေးဟူသည့် စကားကို ပြော၍ အဆင်မပြေလှပေ။ တစ်စုံတစ်ယောက်က သူတို့ကို တိုက်ရိုက် အကူအညီတောင်းလိုက်ခြင်းဟုသာ ဆိုနိုင်သည်။
မုန့်ချီက ပြုံးလိုက်၏။
"သခင်လေးမိ …
ငါက ကြောင်သူတော်တစ်ယောက် မဟုတ်ဘူး၊ ငါက အမြဲတမ်းထူးဆန်းတဲ့ လူတစ်ယောက်ပဲလေ။ ငါပြောချင်တဲ့စကားကိုပြောပြီး မေးချင်တဲ့အရာကို မေးတတ်တယ်…"
မုန့်ချီက စနောက်နေကြောင်း သိနေသည့်အတွက် မိကျိကျင်းက နဖူးပေါ်မှ စီးကျလာသော ချွေးစေးများကို သုတ်လိုက်၏။ သတ်ဖြတ်ရေးဓားက သာမာန်နည်းလမ်းများဖြင့် မလုပ်တတ်ပေ။
"ဒါဆိုရင် သခင်လေးစုက ဘယ်လိုဆုလာဘ်မျိုးကို လိုချင်လို့လဲ…"
မုန့်ချီက ဝမ်ကိုက်ကို ပြောခဲ့သည့်အတိုင်း ပြန်ပြောလိုက်သည်။ ထိုအချိန်ကျမှသာ မိကျိကျင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ၏စွမ်းဆောင်ရည်အတွင်း ရှိနေသေးသည်။ သူက စုံစမ်းရန် တာဝန်ကို အိမ်တော်ထိန်းဆီ ပေးလိုက်ပြီး မုန့်ချီကို သင်ကြားရေးစံအိမ်ထဲသို့ ခေါ်သွားလိုက်သည်။
မုန့်ချီက အနီးအနားတွင် ရှိနေသော စံအိမ်ကြီးထဲတွင် ခဏကြာ စောင့်နေပြီးနောက် မိကျိကျင်းက စံအိမ်ကို စောင့်ကြပ်နေသော အကြီးအကဲကို မေးမြန်းပြီး ပြန်လှည့်လာခဲ့သည်။
မိကျိကျင်း ပြောပြသော အချက်အလက်များက ဝမ်ကိုက်နှင့်ယှဉ်လိုက်လျှင် ပို၍အသေးစိတ်ကျသည်။ သူတို့က နေရာပေါင်းများစွာ၏ အဖြေကို ရခဲ့သော်လည်း အပူအပင်မဲ့တောင်ကြား အပါအဝင်မသိသော အကြောင်းအရာများစွာ ရှိနေသေး၏။
"ဒီနာမည်တွေနဲ့ ပတ်သက်ပြီး ရှာကြည့်လို့ရတဲ့နေရာများ ရှိသေးလား…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
မပြည့်စုံသော အချက်အလက်များကြောင့် မိကျိကျင်းလည်း အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူက စိတ်လိုလက်ရ ပြောလိုက်သည်။
"ပိုင်မိသားစုကတော့ ရှေးအချိန်ကတည်းက ရှိနေခဲ့တာ၊ သူတို့ဆီမှာ ပိုများတဲ့ ရှေးဟောင်းကျမ်းစာတွေရှိတယ်၊ ဒါပေမဲ့ သူတို့ဆီမှာ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိတယ်။ သူတို့နဲ့ မပတ်သက်ဘူးဆိုရင် တောင်းကြည့်ဖို့ မလွယ်ဘူး။ ဒီကိစ္စကို ငါအရင်ဆုံး စုံစမ်းကြည့်လိုက်မယ်၊ ရက်နည်းနည်းလောက်တော့ ကြာမယ်ထင်တယ်…"
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"သခင်လေးမိ …
အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ သခင်လေးမိက ယပ်တောင်(၆)လက်ကျောင်းနဲ့ ရင်းနှီးမှုရှိလား၊ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ ရှေးဟောင်းကျမ်းစာတွေ အများကြီးရှိတယ်လို့ ငါ ကြားဖူးတယ်…"
ယပ်တောင်(၆)လက်ကျောင်းက နန်းတွင်းအင်အားစုကို ပြည့်ပြည့်ဝဝ ကိုယ်စားပြုထားခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အထက်တန်းလွှာ မိသားစုများစွာ ရောနှောနေခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ထိပ်တန်းအထက်တန်းလွှာ မိသားစုတစ်ခုမှ လူတစ်ယောက်က ယပ်တောင်(၆)လက်ကျောင်းတွင် ခေါင်းဆောင် တစ်ယောက်ဖြစ်လာသည်မှာ ရှားပါးသောအရာ တစ်ခုတော့ မဟုတ်ချေ။
ထို့ပြင် မိ မိသားစုက တော်ဝင်မိသားစုနှင့် ပတ်သက်နေသည့်အတွက် သူတို့က ယပ်တောင်(၆)လက်ကျောင်းနှင့် ပတ်သက်နေသည်မှာ ဖြစ်နိုင်ချေ အလွန်များသည်။
မိကျိကျင်းက ခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ငွေတံဆိပ်ချမ်းနဲ့ အစိမ်းရောင်လက်ပတ်ရှုတို့က ငါတို့မိသားစုရဲ့ မိတ်ဆွေတွေပါ၊ သခင်လေးစုက အဲဒီကျမ်းစာတွေ ဖတ်ချင်နေမှတော့ ငါက မင်းကို သူတို့ဆီ ခေါ်သွားပေးမယ်…"
ဝမ်ကိုက်က သွားစရာကိစ္စရှိနေသည့်အတွက် လိုက်မလာခဲ့ပေ။ ခဏကြာပြီးနောက် မုန့်ချီနှင့် မိကျိကျင်းတို့က လမ်းမများ၊ အဆောက်အဦးများကို ဖြတ်ကျော်သွားခဲ့၏။ ထို့နောက် သူတို့က ရင်မြို့ထဲတွင်ရှိနေသော ယပ်တောင်(၆)လက်ကျောင်းဆီသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် အနည်းငယ် မှောင်နေပြီဖြစ်၏။ စောင့်ကြပ်နေသော အစောင့်က မိကျိကျင်းပြောခဲ့သော အစိမ်းရောင်လက်ပတ်ရှု ရှုချန်းရှောင်ဖြစ်သည်။ ထိုတောင်းဆိုမှုကို ကြားသည့်အခါ သူက အရေးမကြီးသောအရာ တစ်ခုကဲ့သို့ စဉ်းစားထားပုံရသည်။
ထို့ကြောင့် မုန့်ချီကို အထဲသို့ ဝင်သွားခွင့်ပေးလိုက်ပြီး သူ့စိတ်ကြိုက် ရှာခွင့်ပေးခဲ့သည်။ လုပ်ကြံသတ်ဖြတ်မည့် အခြေအနေတွေကို စိုးရိမ်နေသည့်အတွက် မိကျိကျင်းက အရင်ဆုံး ထွက်သွားခဲ့ပြီး အိမ်သို့ပြန်သွားခဲ့သည်။
မုန့်ချီက ရှေးဟောင်းကျမ်းစာအခန်းထဲသို့ ဝင်ရောက်နိုင်သည့်အတွက် စိတ်အေးသွားခဲ့ပြီး စာအုပ်များကို ကြည့်နေခဲ့သည်။ ဒဏ္ဍာရီများက သူ့ကို စောင့်ကြည့်နေခြင်း ရှိမရှိ သေချာမသိသော်လည်း သူတို့က လျှို့ဝှက်ချက်များ ပေါ်သွားမှာစိုးသဖြင့် အလျင်စလို လှုပ်ရှားရဲမည် မဟုတ်ချေ။
ထို့ကြောင့် မိ မိသားစုကို အကူအညီတောင်းပြီး ယပ်တောင်(၆)လက်ကျောင်းထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ ဝေ့ကျင်းအဆင့် ငွေတံဆိပ်လူဆိုးထိန်း တစ်ယောက် စောင့်နေသည့်အတွက် မုန့်ချီက အလစ်ချောင်း တိုက်ခိုက်ခံရမှာကို စိုးရိမ်နေခြင်း မရှိပေ။ သူက စာရွက်နှင့်စုတ်တံကိုယူပြီး တောင့်တစ်နေရာတွင် စတင်ရေးသားနေခဲ့သည်။
သူက တုန်းရန်စံအိမ်ထဲတွင် ဖြစ်ခဲ့သည့်အရာများ၊ ဒဏ္ဍာရီများနှင့် ပတ်သက်သောအရာများကို ရေးသားခဲ့ပြီး သူတို့က မုန့်ချီကို လက်တုံ့ပြန်ရန် ဆန္ဒရှိနေကြောင်း ပြောပြထားခဲ့သည်။ ခဏကြာ စဉ်းစားပြီးနောက် သူက မြေခွေးဘုရင်၏ အချက်အလက်ကိုပါ ချရေးခဲ့ပြီး ယပ်တောင်(၆)လက်ကျောင်းက သူ့ကို ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက ရင်မြို့ထဲတွင် ဆက်ရှိနေရန် ဖြစ်နိုင်ချေ အတော်များ၏။ ပြောလိုက်ပြီးနောက် သူက အင်္ကျီအိတ်ထဲမှနေ၍ အစိမ်းရောင် လက်ပတ်ဝတ်တံဆိပ်ကို ထုတ်လိုက်ပြီး အမှတ်အသား ထုလိုက်သည်။ ထို့နောက် စာရွက်ကို အခေါက်သေးသေးလေး ခေါက်လိုက်ပြီး ခါးပတ်ကြားထဲသို့ ထိုးထည့်လိုက်၏။
ထိုအရာကို လုပ်ဆောင်လိုက်ပြီးနောက် မုန့်ချီက စာအုပ်များကို အေးအေးဆေးဆေး ဖတ်နေခဲ့သည်။ (၄)နာရီကြာပြီးသော်လည်း မုန့်ချီက အပူအပင်မဲ့တောင်ကြားနှင့် ပတ်သက်သော အချက်အလက်များကို ရှာမတွေ့နိုင်သေးပေ။ သို့သော် ထိုအရာက ပင်မကမ္ဘာကြီးထဲတွင်သာ ရှိကြောင်း အသေအချာ သိနေခဲ့၏။
ရှေးဟောင်းကျမ်းစာအခန်းထဲမှ ထွက်လာပြီးနောက် သူက အခန်းတစ်ခုထဲသို့ သွားပြီး ရှုချန်းရှောင်ကို နှုတ်ဆက်စကားပြောလိုက်သည်။
မုန့်ချီ ထွက်သွားသည်ကို မြင်သည့်အခါ ရှုချန်းရှောင်က ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါ စားပွဲပေါ်၌ သပ်သပ်ရပ်ရပ် ခေါက်ထားသော စာရွက်အပိုင်းလေးတစ်ခုကို မြင်လိုက်ရ၏။
………………
ကောင်းကင်ကြီးက နက်မှောင်နေသော်လည်း ရင်မြို့ထဲတွင် ရှိနေသော လမ်းမများကတော့ နေ့အချိန်အလား တောက်ပနေသေးသည်။ မကြာခဏဆိုသလို မီးရှူးမီးပန်းများ ထွက်ပေါ်နေသည့်အတွက် နှစ်သစ်ကူးပွဲကို ကျင်းပနေကြောင်း သိသာနေ၏။
လမ်းမပေါ်တွင် လမ်းသွားလမ်းလာများစွာ ရှိနေသေး၏။ တစ်ချို့ကတော့ နှစ်သစ်ကူးပွဲတော်အတွက် ကုန်ပစ္စည်းများ ဝယ်ယူနေကြပြီး တစ်ချို့ကတော့ အလျင်အမြန် အိမ်ပြန်နေကြသည်။ တစ်ချို့ကတော့ မီးရှူးမီးပန်းပြပွဲကို ကြည့်နေပြီး တစ်ချို့ကတော့ အဝေးသို့ပုလင်းများ ပစ်နေကြသည်။
တျန်းရွှေမြစ်ကြီး၏ အနားတွင် ရှိသော လမ်းမများပေါ်တွင် နေ့အချိန်ထက်ပင် ပို၍စည်ကားနေသေး၏။ အချက်အလက်များကို သတင်းပို့ပြီးနောက် မုန့်ချီက အတော်လေး စိတ်အေးသွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူက ဒဏ္ဍာရီများ၏ လက်တုံ့ပြန်ခြင်းကို စိုးရိမ်နေစရာ မလိုတော့ပေ။ သူက ပျော်ရွှင်ခြင်းတိမ်တိုက် တောင်တန်းသို့ ဖြည်းညင်းစွာ ပြန်လာခဲ့၏။
သူက လမ်းတစ်လျှောက်ရှိ နေအိမ်များ အလှဆင်ထားသည်ကိုကြည့်ပြီး ပျော်ရွှင်နေခဲ့သည်။ ထိုအရာများကိုကြည့်ပြီး ဖိအားများ ပျောက်ကွယ်သွားသလို ခံစားနေရ၏။
"ဒီပန်းချီကားက မဆိုးဘူး…"
မုန့်ချီက ဆိုင်ခန်းတစ်ခုထဲတွင် ရောင်းနေသော ပန်းချီကားကိုကြည့်ပြီး ပြောလိုက်သည်။ ထိုဆိုင်တွင် လူငယ်၊ လူရွယ်၊ လူကြီး၊ မိန်းမပျိုများနှင့် အစေခံများစွာ ဝိုင်းအုံနေကြ၏။
သူက ထိုနေရာသို့သွားတော့မည့်အချိန်တွင် အဖွဲ့တစ်ဖွဲ့က လူအုပ်ထဲသို့ ဝင်လာပြီး သူ့လမ်းကို ပိတ်ထားခဲ့သည်။ ထို့ကြောင့် သူလည်း စောင့်နေခဲ့ရ၏။
လူအုပ်ကြီးထဲတွင် အသက် (၃)နှစ်၊ (၄)နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ချီထားသော အမျိုးသမီးတစ်ယောက်ရှိသည်။ သူမက ဒယိမ်းဒယိုင် လမ်းလျှောက်လာပြီး ကလေးငယ်ကို အောက်သို့ချ၍ သူ့လက်ကို ကိုင်ထားခဲ့သည်။
တုတ်ထိုးသကြားမုန့်များ ရောင်းနေသော ဈေးသည်တစ်ယောက်ကို မြင်သည့်အချိန်တွင် ကောင်လေးက အော်ဟစ်ငိုယိုနေပြီး သူ့အတွက် တစ်ခုဝယ်ပေးရန် တောင်းဆိုနေခဲ့၏။
ရုတ်တရက်ဆိုသလို သူက သူ့အမေ၏ လက်ထဲမှ ရုန်းထွက်သွားခဲ့သည်။ သူက ခြေနှစ်လှမ်းသာ လျှောက်လိုက်ရသည့်အချိန်တွင် မျက်နှာပျက်ပျက်နှင့် ရပ်လိုက်မိ၏။ လူစိမ်းများကို ကြောက်လန့်သွားသည့်အတွက် သူလည်း ကျယ်လောင်စွာ အော်ငိုလိုက်မိသည်။
သူ့အမေက ဒေါသထွက်နေသော်လည်း အနည်းငယ် ရယ်စရာကောင်းကြောင်း တွေ့လိုက်ရသည်။ သူမက သူ့ကို ပြန်ခေါ်တော့မည့်အချိန်တွင် သူတောင်းစားနှစ်ယောက်က သူမ၏အရှေ့မှ ဖြတ်သွားခဲ့၏။ သူမ၏မြင်ကွင်းကိုလည်း သူတို့က ပိတ်သွားခဲ့သည်။
ထိုအချိန်တွင် မျက်နှာဘယ်ဘက်ခြမ်း၌ အသားပိုရှိနေသော သူတောင်းစား တစ်ယောက်က ကောင်လေး၏အနားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူက ကလေးငယ်ကိုချီပြီး ကလေးငယ်၏ပါးစပ်ကို ပိတ်ကာ လမ်းအဆုံးဆီသို့ တစ်ရှိန်ထိုး ထွက်ပြေးသွားခဲ့လေ၏။
မိခင်ဖြစ်သူက ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့နေရသည်။ သူမက သူတို့၏နောက်သို့ လိုက်ရန် ကြိုးစားနေသော်လည်း လူအုပ်ကြီးကြောင့် လဲကျသွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်အကူအညီ တောင်းနေခဲ့သည်။
"ကူညီကြပါဦး ကျွန်မကလေး၊ ကျွန်မကလေးကို ခေါ်သွားပြီ…"
သူ့မျက်စိရှေ့တွင် ပြန်ပေးဆွဲမှုတစ်ခု ဖြစ်လာလိမ့်မယ်ဟု မုန့်ချီလည်း မထင်ထားခဲ့ပေ။ သူတို့က သူ့ဆီကို ရောက်လာခြင်း မဟုတ်သည့်အတွက် သူလည်း အချိန်မီ သတိမထားမိခဲ့ပေ။
“သူ့ကိုကြည့်ရတာ သိုင်းပညာမတတ်သလိုပဲ၊ ဒါဆိုရင်တော့ ဒါကသာမန်ပြန်ပေးဆွဲမှုပါပဲ…”
သူတောင်းစားဂိုဏ်းက လူကောင်းလူဆိုးရောနေကြောင်း သူကြားထားသည်မှာ ကြာခဲ့ပါပြီ။ အဖွဲ့သားအများစုက လိမ်ညာခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် တစ်ခြားသော ပြစ်မှုမျိုးစုံကို ကျူးလွန်နေကြ၏။ ယခုအချိန်ထိ ထိုအရာကို သူက မယုံခဲ့ပေ။ သူကတော့ ဖတ်ခဲ့ဖူးသော ဝတ္ထုများ၏ အရူးလုပ်ခြင်းကို ခံခဲ့ရ၏။
သူတောင်းစားနှစ်ယောက်က ထိုအမျိုးသမီး၏မြင်ကွင်းကို ပိတ်ထားသည့်အချိန်တွင် သူတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့၏အဝတ်အစားများကိုကြည့်ပြီး သူတို့ကသူတောင်းစားဂိုဏ်းမှ အဖွဲ့သားများဖြစ်ကြောင်း မုန့်ချီက မှတ်မိနေ၏။ သို့သော် သူတို့က လူအုပ်ကြီးထဲသို့ ပြေးဝင်သွားသည့်အတွက် သူတို့ကိုရှာရန် ခက်ခဲနိုင်သည်။ ကလေးငယ်ကို ချီသွားသော တစ်ယောက်ကို ဝိုးတဝါး မြင်နေရသေး၏။
အမှန်တရား ဘက်တော်သားတစ်ယောက် ဖြစ်သည့်အတွက် သူက ကိုယ်ဖော့ပညာကိုသုံးပြီး လူအုပ်ကြီးထဲသို့ ငါးတစ်ကောင်ကဲ့သို့ ဝင်သွားခဲ့သည်။ သူက လူအနည်းဆုံးဖြစ်သော နေရာများမှ ဆက်တိုက်တိုးဝင်သွားခဲ့၏။
မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူတောင်းစား၏ ကိုယ်ဖော့ပညာက အတော်လေး နိမ့်ကျပုံရသည်။ မုန့်ချီက လမ်းအဆုံးသို့ ရောက်လာသည့် အချိန်တွင် သူ့ကို မီလုနီးပါး ဖြစ်နေ၏။
ရုတ်တရက်ဆိုသလို သူတောင်းစားများအားလုံး ထွက်လာပြီး လူအုပ်ကြီးက ရှဲသွား၏။ သူတို့က မုန့်ချီကို အချိန်မီ တားဆီးထားသည်။ မုန့်ချီက အံကြိတ်ပြီး ခုန်လိုက်၏။ သူက ထိုလူများ၏ ခေါင်းပေါ်မှကျော်ပြီး ဆက်လိုက်သွားခဲ့သည်။
မုန့်ချီ၏ ခြေထောက်က သူတို့ကို ထိမိသွားသည့်အချိန်တွင် အတော်များများကတော့ ငှက်တစ်ကောင်ဟုပင် တွေးမိကြသည်။ ထိုအချိန်တွင် သူတောင်းစားကတော့ စွန့်ပစ်ထားသော ကွင်းပြင်ကြီးတစ်ခုထဲသို့ ပြေးသွားခဲ့၏။ မုန့်ချီက ထောင်ချောက်တစ်ခုသို့ ကျရောက်သွားမှာ စိုးသည့်အတွက် သတိမလွတ်ရဲပေ။ သူက အလစ်ချောင်း တိုက်ခိုက်ခံရမှာကိုလည်း စိုးရိမ်နေခဲ့၏။
သူ အထဲသို့ ရောက်သွားသည့်အချိန်တွင် သူတောင်းစား၏ အငွေ့အသက်က ပျောက်ကွယ်သွားသည်။ မုန့်ချီက အလားတူ အခြေအနေများစွာကို ကြုံတွေ့ဖူး၏။ ခဏကြာ ရှာဖွေနေပြီးနောက် သူက လိုဏ်ခေါင်း၏ ဝင်ပေါက်ကို တွေ့လိုက်ရသည်။
ထိုလိုဏ်ခေါင်းထဲမှ သူ ထွက်လာခဲ့သည့်အချိန်တွင် သူတောင်းစားအဖွဲ့တစ်ခု နေထိုင်သော စွန့်ပစ်အိမ်တစ်လုံးထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ လမ်းကတော့ အတော်လေးကို တိတ်ဆိတ်ပြီး ရှည်လျားသည်။ မုန့်ချီက ခြေရာလက်ရာများကိုကြည့်ပြီး ရှေ့တည့်တည့်သို့ လျှောက်သွားခဲ့၏။
"မိတ်ဆွေ ..
ဒါက ရင်မြို့ထဲမှာရှိတဲ့ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုပါ၊ ဘာကိစ္စရှိလို့လဲ…"
သူတောင်းစားတစ်ယောက်က သူ့ကို တားထားလိုက်သည်။
သူ့ကို ကြည့်ရသည်မှာ အသက် (၄၀) ဝန်းကျင်သာရှိပြီး အသားအရေ ဖြူဖျော့ဖျော့နှင့် ဖြစ်သည်။ သူ၏အဝတ်အစားတွင် အကွက်များစွာ ရှိနေသော်လည်း သပ်ရပ်သန့်ရှင်းနေ၏။ အိတ် (၆)လုံးကို သယ်ဆောင်ထားသည့်အတွက် သူက ဂိုဏ်းခွဲမှူးဖြစ်ဖို့ များသည်။
"ကလေးတစ်ယောက်ကို သယ်ထားတဲ့ သူတောင်းစားက ဒီနေရာကနေ ထွက်ပြေးသွားတာလား…"
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ သူက တလေးတစားမေးလိုက်သည်။
သူတောင်းစားက အေးစက်သောမျက်နှာဖြင့် ပြန်ဖြေလိုက်၏။
"မတွေ့ဘူး။ မင်းက နေရာမှားပြီး ရောက်လာတာ…"
"ဒါပေမဲ့ သူက ဒီလိုဏ်ခေါင်းထဲကနေ ထွက်သွားတာလေ…"
မုန့်ချီက ပြန်ပြောလိုက်သည်။
အိတ် (၆) လုံးသူတောင်းစားက ပြုံးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ လူတစ်ယောက်မှ မတွေ့ဘူး၊ ဒီကမ္ဘာကြီးထဲမှာ သူတောင်းစားတွေ အများကြီးရှိတယ်၊ သူတို့တွေအားလုံး သူတောင်းစားဂိုဏ်းက ဖြစ်နိုင်ပါ့မလား…"
"ငါ သူ့ကိုမြင်လိုက်တယ်…"
မုန့်ချီက တင်းမာစွာ ပြောလိုက်၏။
အိတ်(၆)လုံး သူတောင်းစားက ပြုံးလိုက်ပြီး …
"မိတ်ဆွေ …
မင်းက အနိုင်ကျင့်ချင်တာလား၊ မင်းက အရေးမပါတဲ့ ကလေးတစ်ယောက်အတွက် သူတောင်းစားဂိုဏ်းနဲ့ ပြဿနာဖြစ်ချင်တာလား၊ မင်းတို့လို လူတွေက ငါတို့ သူတောင်းစားတွေကို လျော့မတွက်နဲ့၊ ငါ မင်းကိုပြောလိုက်မယ်။ သိုင်းလောကမှာ ဆက်နေချင်တယ်ဆိုရင် ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမှာ ဝင်မပါတာ ပိုကောင်းမယ်…"
သူက အနည်းငယ် ချိန်းခြောက်လိုက်သည်။
မုန့်ချီက အပြုံးနှင့် ရေရွတ်လိုက်သည်။
"ဒီကောင်ကတော့ "
မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်၏။
"သူ့ကို ငါ ကယ်မှရမယ်…"
Translated by Hein Htet.