← Chapters

အခန်း (၄၀၄)

Vol. 27 Ch. 404

အခန်း (၄၀၄)

Vol. 27 Ch. 404

အိတ် (၆)လုံး သူတောင်းစားက သူတို့ကိုယ်သူတို့ တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးနိုင်သည်ဟု ထင်ထားသော လူငယ်ပေါင်း မြောက်များစွာကို မြင်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင်တော့ သူတို့ကသာ နာနာကျင်ကျင် ထိခိုက်ခဲ့ကြရသည်။

အကယ်၍ ထိုလူများက အထက်တန်းလွှာ မိသားစုများ သို့မဟုတ် သူတို့ ပြဿနာရှာ၍ မရနိုင်သော နာမည်ကျော်ဂိုဏ်းများမှ ဆိုလျှင်တော့ သူတို့ကို ရိုက်နှက်လိုက်ပြီးနောက် သူတို့ဂိုဏ်း သို့မဟုတ် မိသားစုထဲတွင် ရှိနေသော အကြီးအကဲများကို လာခေါ်ရန် တောင်းဆိုတတ်သည်။

အကယ်၍ အမည်မသိ လူတစ်ယောက်ဆိုရင်တော့ သူတို့ကို တခြားလူများဆီသို့ ပြန်လည်ရောင်းချတတ်ကြသည်။ မည်သို့ဖြစ်စေကာမူ ကမ္ဘာကြီးက အလွန်ကြီးမား၏။ သူတို့မည်သည့်နေရာတွင် ပျောက်ကွယ်သွားကြောင်း မည်သူက သိနိုင်မည်နည်း။

သို့သော် မုန့်ချီကတော့ တစ်စုံတစ်ခု ထူးခြားနေသည်ဟု သူက ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် အရိုးအဆစ်က ထူးခြားပြီး သူ၏ ဓားမောက်ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ လှုပ်ရှားနေသည်။ ထိုအရာက သာမန်ဓားတစ်လက် မဟုတ်ကြောင်း ကြည့်နေသူတိုင်းက ပြောပြနိုင်၏။

ထို့ကြောင့် သူက ဒေါသမထွက်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားပြီး လေးလေးနက်နက် ပြောလိုက်သည်။

"မင်းက ဘယ်ဂိုဏ်းကလဲ…။ ကျေးဇူးပြုပြီး တခြားလူရဲ့ကိစ္စကို ဝင်မပါပါနဲ့။ ငါတို့ သူတောင်းစားဂိုဏ်းက အမုန်းတရား မရှိဘဲ ဘာမှမလုပ်ချင်ဘူး။ ကလေးဖမ်းထားတဲ့ သူတောင်းစားက ဒီခြံဝန်းထဲကို ဝင်သွားတယ်လို့ မင်းက မြင်ခဲ့တာလား ။ ခြေရာတွေက လှည့်စားနိုင်တယ်ဆိုတာ မင်းလည်း သိနေတာပဲလေ…"

မုန့်ချီက ထိုသူတောင်းစား၏ နောက်မှနေ၍ နီးကပ်စွာ လိုက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဆိုလျှင်ပင် သူ၏ အာရုံများကို လှည့်စား၍ မရနိုင်ပေ။

အကယ်၍ ဤနေရာ၌ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ရှိနေမည်ဆိုလျှင် သူ လိုဏ်ခေါင်းထဲသို့ ဝင်လာသည်နှင့် ထိုလူက သူ့ကို ချက်ချင်းတိုက်ခိုက်နိုင်သည်။ ယခုလို အချိန်ဆွဲနေရန် လုံးဝ မဖြစ်‌နိုင်ပေ။

"ငါက ဘာနာမည်မှ မရှိပါဘူး။ ငါက ဂိုဏ်းမရှိတဲ့ သာမန် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ပါပဲ။ ကလေးထမ်းထားတဲ့ သူတောင်းစားက ဒီနေရာကို ဝင်သွားတယ်ဆိုတာ ငါ့မျက်လုံးနဲ့ သေချာမြင်ခဲ့တယ်…"

မုန့်ချီက သူ့ဓားကို မြှောက်လိုက်ပြီး သူ့နာမည်ကို ပြောပြခဲ့ခြင်း မရှိပေ။ သူကတော့ ကျိုးနိုင်ငံ ဝမ်မိသားစု သို့မဟုတ် ကျိကျန်းဓားစံအိမ်၏ နာမည်များကို သုံးပြီး အကျိုးမဲ့ ခြောက်လှန့်လိုခြင်း မရှိသည်မှာ အကြောင်းပြချက်နှစ်ခု ရှိသည်။

ပထမဆုံး အကြောင်းပြချက်ကတော့ သူက ထိုကဲ့သို့ ဆိုးသွမ်းသော လုပ်ရပ်များကို အဆုံးသတ်လိုခြင်းဖြစ်သည်။ နာမည်ကျော်ဂိုဏ်းများ၏ နာမည်နှင့် သူတို့ကို ခြောက်လှန့်လိုက်မည်ဆိုလျှင် သူတို့က အပြစ်မဲ့သော လူများကို ပြန်ပေးဆွဲခြင်းမှ ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။ ဒုတိယတစ်ချက်ကတော့ သူတောင်းစားဂိုဏ်းမှ မကောင်းဆိုးဝါးများက မည်မျှဆိုးရွားကြောင်း သူလည်း သိချင်နေသည်။

အိတ်(၆)လုံး သူတောင်းစားက သူ့စကားကို ကြားသည့်အခါ ရက်စက်ကြမ်းကြုတ်စွာ လှောင်ပြောင်သရော်လိုက်သည်။

"ဒါဆိုရင် မင်းက ဒီနေရာကို ရှာဖို့ လက်မလျှော့နိုင်ဘူးပေါ့။ အဲဒါက မင်းရဲ့မျက်စိရှေ့မှာ ဖြစ်ခဲ့တဲ့ အရာတွေကို မြင်ခဲ့တဲ့ အတွက်ကြောင့်လား။ မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ အမြင်မရှိတာ တော်တော်ဆိုးတာပဲ…"

တုတ်များ ၊ ဓားမောက်များ ၊ ဓားရှည်များကို ကိုင်ထားသည့် တခြားသူတောင်းစားများကလည်း သူတို့၏အနားတွင် တဖြည်းဖြည်း စုရုံးပြီး အော်ဟစ်နေကြသည်။

" မင်းမှာ ဘာသက်သေမှ မရှိဘူး။ မင်းက ငါတို့ကို လူမှားပြီး စွပ်စွဲနေတာ။ "

“အစောပိုင်းတုန်းက သူတောင်းစားက ဒီခြံဝန်းရဲ့ဝင်ပေါက်ဆီကို ပြေးလာတယ်ဆိုရင် လူတိုင်းမြင်မှာပဲ။ မင်းက သေချာပေါက် မျက်လုံးကန်းနေတာပဲ ဖြစ်နိုင်တယ်…"

"တကယ်လို့ မင်းက ဆန္ဒရှိတယ်ဆိုရင် ငါတို့ကို ယပ်တောင် (၆)လက်ကျောင်းမှာ တိုင်လို့ရတယ်။ ငါတို့က မင်းထက်ပိုပြီး မျက်လုံးများတယ်…”

“မင်းရဲ့သက်သေတွေက မခိုင်မာဘူး။ မင်းကို ကြည့်ရတာလည်း မဆိုးပါဘူး။ ကြည့်ရတာ ချမ်းသာတဲ့ သခင်လေးတစ်ယောက်ဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ယောကျ်ားမရှိတဲ့ မိန်းမတစ်ယောက်က မင်းကို သဘောကျနေတဲ့အတွက် မင်းက ဒီလိုမျိုးတွေ လိုက်လုပ်နေတာလား…”

“မင်းလို လူတစ်ယောက်က ငါတို့ သူတောင်းစားဂိုဏ်းနဲ့များ လာပြီးရှုပ်ရဲသေးတယ်။ မင်းလို လူတစ်ယောက်ကို တောင်ပိုင်းနယ်မြေထဲကို ပစ်ထုတ်လိုက်မယ်ဆိုရင် မင်းက ဆိုးဆိုးရွားရွား အရိုက်ခံရပြီး မတ်တပ်တောင် ရပ်နိုင်မှာ မဟုတ်ဘူး…"

သူတောင်းစားများက လှောင်ပြောင်သရော်နေကြပြီး မုန့်ချီကို ကျိန်ဆဲနေကြသည်။ သူတို့က သူ ထွက်ပြေးမည့် လမ်းကြောင်းကိုလည်း လုံးဝ ပိတ်ထားခဲ့၏။

မုန့်ချီက ထွက်ပြေးရန် ဆန္ဒ မရှိကြောင်း မြင်လိုက်ရသည့်အခါ အိတ် (၆)လုံး သူတောင်းစားက ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

"ကြည့်ရတာ ငါက မင်းကို သင်ခန်းစာပေးမှ ရတော့မယ်ထင်တယ်။ ညီအစ်ကိုတို့ … သူ့ရဲ့တင်ပါးကို ‌နာနာလေး ရိုက်ပေးလိုက်ကြစမ်း…"

သူ့နောက်ကျောတွင် ရှိနေသော အိတ် (၆)လုံးကြောင့် သူ့ကို အာဏာရှိသူ တစ်ယောက်ယောက်က ထောက်ပံ့ပေးထားပြီး ထူးခြားသည့် စွမ်းရည်များ ရှိကြောင်း ပြသနေသည်။ ခန့်မှန်း၍ မရနိုင်သော လက်ဝါးချက်များ ရှိနေသည့်အတွက် သူက တံခါး (၉)ပေါက်အဆင့် ပညာရှင်များထဲတွင်ပင် သူ့အစွမ်းသူ ယုံကြည်ချက်ရှိသည်။

သူ တိုက်ခိုက်လိုက်သည့် အချိန်တွင် သူ၏ လက်ဝါးထဲမှနေ၍ အလွန်များပြားသော စွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး နဂါးနှစ်ကောင် သမုဒ္ဒရာထဲမှ ထွက်ပေါ်လာသလို ထင်ရသည်။ တခြားလူများကလည်း ပတ်ပတ်လည်မှနေ၍ မုန့်ချီကို တိုက်ခိုက် ထိုးနှက်လိုက်သည်။ ကြည့်ရသည်မှာ သူ့ဆီ၌ အတောင်ပံတစ်စုံ ပေါက်လာမည် ဆိုလျှင်ပင် လွတ်မြောက်နိုင်ခြင်း ရှိပုံမရချေ။

မုန့်ချီကတော့ ဒေါသထွက်ရမည့်အစား ပြုံးလိုက်မိ၏။ ထိုသူတောင်းစားများက သူ့လို ကျော်ကြားသော လူတစ်ယောက်ကို အမှန်တကယ် မမှတ်မိသည်မှာ ကံဆိုးသွားသည်။ လူငယ်မှတ်တမ်းတွင် ပါသော ပန်းချီကားနှင့် မျက်နှာပုံသဏ္ဌာန်များအရ ပထမဆုံး မြင်သည့် လူတစ်ယောက်က မုန့်ချီကို မှတ်မိရန် ခက်ခဲသည်။ သို့သော် ထိပ်တန်းပညာရှင် တစ်ယောက်သာဆိုလျှင် မုန့်ချီ၏ချီစွမ်းအင်များကို စစ်ဆေးပြီး သူ့ကို ချက်ချင်း သိနိုင်သည်။

"ဒါပေမဲ့လည်း သူတို့ ငါ့ကို မမှတ်မိတာ ပိုကောင်းပါတယ်…"

သူက ပြုံးနေရာမှ ဓားကို တစ်ကြိမ်ပြီး တစ်ကြိမ် လွှဲရမ်းလိုက်သည်။ ထိုဓားက ဧရာမစက်ဝိုင်းကြီးတစ်ခုသဖွယ် လက်ဝါးတိုက်ခိုက်ချက်များကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

စွမ်းအားနှစ်ခု ရင်ဆိုင်လိုက်မိသည့်အချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ဓားရှည်က အိတ် (၆)လုံး သူတောင်းစား၏ လက်ဝါးလှုပ်ရှားမှုများကို ကြိုတင် ခန့်မှန်းမိပုံရပြီး လက်ဝါးအလယ်တည့်တည့်ကို ခုတ်လိုက်ခြင်းဖြစ်သည့်အတွက် တစ်ဖက်လူက ရင်ဆိုင်ရန် အခက်တွေ့သွားသည်။

တစ်ချိန်တည်းတွင် မုန့်ချီက တုတ်ရှည်များ ၊ ဓားများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။

"အား … … "

အိတ် (၆)လုံး သူတောင်းစားက နောက်သို့ ဆုတ်သွားလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အကာအကွယ်ချီစွမ်းအင်များက မုန့်ချီ၏ ဓားချက်ကြောင့် ပျက်စီးသွားခဲ့ရပြီး သူ၏ ညာလက်လက်ဝါး တစ်ခြမ်းက မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။

သူက အဖိုးတန်လက်နက်ကို တားဆီးနိုင်သော ဒေါ်လေးပိုင်ကဲ့သို့ အစွမ်းထက်သော ခန္ဓာကိုယ် မရှိချေ။ ထို့ကြောင့် သူ့လက်ဝါး တစ်ဝက်က မုန့်ချီ၏ ဓားမောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားလိုက်သည့်အချိန်တွင် ပြတ်ကျသွားခဲ့သည်။

မုန့်ချီ၏ မျက်နှာပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသည်နှင့် သူက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သူ့ဆီသို့ ပြေးဝင်လာသော သူတောင်းစားများကို တွန်းချလိုက်သည်။

သူတို့၏ နှုတ်ခမ်းထောင့်မှ နေ၍ သွေးများ စီးကျလာနေကြ၏။ သူတို့က မုန့်ချီ၏ စွမ်းအင်များကြောင့် သေလုမြောပါး ဖြစ်သွားခဲ့သည်။ ထိုအရာက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်တို့မှ ထွက်ပေါ်လာသော စွမ်းအားများလည်း ဖြစ်၏။ သူက ရထားလုံးကြီး တစ်စီးကဲ့သို့ ပြိုင်ဘက်များကို တိုက်ချသွားခဲ့သည်။

ထိုလူများ၏ တိုက်ခိုက်မှုများ ၊ ဓားချက်များက မုန့်ချီ၏ အားနည်းချက်ကိုသာ မထိသရွေ့ ကိစ္စ မရှိချေ။ ထို့နောက် မုန့်ချီက အိတ် (၆)လုံး သူတောင်းစားကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သူက အသက်ရှူရန် အခွင့်အရေးပေးရန်ပင် ဆန္ဒ မရှိခဲ့ပေ။

အိတ် (၆)လုံး သူတောင်းစား၏ မျက်နှာက နီရဲနေပြီး အလွန်ပြင်းထန်သော ဖိအားကြောင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်ဆင်လိုက်၏။ ပြိုင်ဘက်၏ အစွမ်းနှင့် ဓားရှည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ မည်သူနှင့် ရင်ဆိုင်ရနေကြောင်း တဖြည်းဖြည်း နားလည်သွားခဲ့သည်။

"သေစမ်း… စောစောကတည်းက မင်းသာ ဘယ်သူလဲ ပြောခဲ့မယ်ဆိုရင် ငါတို့က မင်းကို လေးစားသမှုနဲ့ သေချာပေါက် လွှတ်ပေးဦးမှာ။ ငါက မင်းကို လွှတ်ပေး … "

အိတ်(၆)လုံး သူတောင်းစား၏ စကား မဆုံးသေးခင် မုန့်ချီ၏ ဓားက သူ့ဆီသို့ ရောက်လာခဲ့၏။ တိုက်ခိုက်မှုက အလွန်ရက်စက်ကြမ်းကြုတ်ပြီး မိုးကြိုးတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ အိတ် (၆)လုံး သူတောင်းစားက ရွေးချယ်ခွင့် မရှိတော့သည့်အတွက် သူ၏ဘယ်လက်ဝါးနှင့် တုံ့ပြန်တိုက်ခိုက်လိုက်ရ၏။

လက်ဝါးလှုပ်ရှားမှုများက လျင်မြန်သွက်လက်ပြီး ပင်လယ်ထဲတွင် ကူးခတ်နေသော ငါးများ ကဲ့သို့ ဖြစ်နေသည်။ ပြောင်းလဲမှုများစွာကို သုံးလိုက်ခြင်းဖြင့် သူက ထိုတိုက်ခိုက်မှုကို ခုခံနိုင်မည်ဟု မျှော်လင့်နေခဲ့၏။

"ဗုန်း … "

သူက နောက်တစ်ကြိမ် နောက်သို့ လွင့်သွားခဲ့ပြီး ယခုတစ်ကြိမ်တော့ နှုတ်ခမ်းထောင့်မှနေ၍ သွေးများစီးကျလာခဲ့သည်။ ထိုတိုက်ခိုက်မှုအစွမ်းက သူ ထိန်းချုပ်နိုင်သည့်အရာထက် ကျော်လွန်နေ၏။

မုန့်ချီက တိုက်ခိုက်မှုကို ပြောင်းလဲခဲ့သည့်အတွက် သူ၏ ဘယ်လက်ဝါးက အဖြတ်မခံရသည်မှာ ကံကောင်းသွားသည်။

"မင်းတို့က အပြစ်မဲ့တဲ့ ကလေးတွေကို ပြန်ပေးဆွဲနေတာ…"

မုန့်ချီက သူ့ဓားနှင့် နောက်တစ်ကြိမ်ခုတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည့်အတွက် အိတ် (၆)လုံး သူတောင်းစားက သူ့ကိုယ်သူ ခုခံလိုက်ရ၏။

သူလည်း နောက်သို့ ထပ်မံဆုတ်သွားလိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူတောင်းစား အနည်းငယ်ကလည်း မုန့်ချီဆီမှ ထွက်ပေါ်လာသော အလင်းတန်းများကြောင့် လေထဲသို့ လွင့်သွားခဲ့ကြသည်။

"မိန်းကလေးငယ်လေးတွေကိုလည်း ပြန်ပေးဆွဲတယ်…"

သူ့အသံက မိုးကြိုးမုန်တိုင်းပမာ နားထဲတွင် ပျံ့နှံ့လာသည်။

အိတ် (၆)လုံး သူတောင်းစား၏ ဘယ်ဘက်လက်ဖဝါးက သူ့ဓားကြောင့် လွင့်သွားခဲ့ပြီး ရင်ဘတ်ရှေ့ကို ပိုင်းဖြတ်လိုက်သည်။ သူ၏အကာအကွယ်ချီစွမ်းအင်များကိုလည်း လုံးဝ ဖျက်ဆီးပစ်လိုက်၏။

တခြားသူတောင်းစားများကတော့ အံ့ဩမှင်တက်နေကြပြီး ထွက်ပြေးချင်နေသော်လည်း ထွက်ပြေးနိုင်စွမ်း မရှိကြပေ။

"မင်းတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် မင်းတို့ကို သနားညှာတာပေးဖို့ မဖြစ်နိုင်ဘူး…"

မုန့်ချီ၏အသံက မိုးကြိုးမုန်တိုင်းပမာ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အိတ် (၆)လုံး သူတောင်းစား၏ မြင်ကွင်းများက ဝေဝါးသွားခဲ့ပြီး အမှောင်ထုကြီး ဖုံးလွှမ်းသွားခဲ့၏။ သူကတော့ တိုက်ခိုက်မှုကို ခုခံလိုသော မသိစိတ်တစ်ခုသာ ကျန်နေတော့သည်။

"မင်းတို့က သေသင့်တယ်…"

မုန့်ချီက သူ့ဓားနှင့် တိုက်ခိုက်လိုက်၏။ ယခုတစ်ကြိမ်လည်း သူက အသွားမပါသော ဓားကျောဘက်ကိုသာ အသုံးပြုနေသေးသည်။

"ဘုန်း … "

အိတ် (၆)လုံး သူတောင်းစားက နံရံနှင့် တိုက်မိသွားခဲ့သည်။ သူ၏ တံခါး (၇)ပေါက်ဆီမှ သွေးများ တစိမ့်စိမ့် စီးကျလာနေပြီး ဖြည်းညင်းစွာ လဲကျသွားခဲ့၏။ သူက ပြင်းထန်သော လှိုင်းလုံးများကြောင့် အသတ်ခံရမည်ဟု မည်သူကရော ယုံကြည်ပေးနိုင်မည်နည်း။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျန်ရှိနေသော သူတောင်းစားများက ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။ တချို့ကတော့ မြေပေါ်တွင် ဒူးထောက်လိုက်ကြပြီး အသက်ရှင်ခွင့်ပေးရန် တောင်းပန်လိုကြ၏။

"သခင်လေး . . …ကျေးဇူးပြုပြီး ဒီတစ်ကြိမ် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့က ဒုခေါင်းဆောင်ရဲ့ အမိန့်ကြောင့်သာ အဲဒီအရာတွေကို လုပ်ဆောင်ခဲ့ရတာ။ ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ သခင်လေး … "

မုန့်ချီက အရိပ်တစ်ခုကဲ့သို့ ထိုသူတောင်းစားများ၏ အားနည်းချက်ကို တိုက်ခိုက်လိုက်သည်။ ကျန်ရှိနေသော သူတောင်းစားများက တစ်ယောက်ပြီး တစ်ယောက် လဲကျသွားခဲ့၏။

နောက်ဆုံး ကျန်နေသည့် သူတောင်းစား အနည်းငယ်က မုန့်ချီကို တောင်းပန်ကြတော့မည့်အချိန် တောင်းပန်ခြင်းက အသုံးမဝင်ကြောင်း နားလည်သွားကြသည်။ သို့သော် သူတို့ကလည်း မုန့်ချီကို မယှဉ်နိုင်သည့်အတွက် စက္ကန့်ပိုင်းလေးအတွင်း အသတ်ခံလိုက်ရ၏။

နောက်ဆုံးတွင်တော့ မြေပေါ်တွင် လဲကျနေသော အလောင်းများကို ကြည့်ပြီး မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

"မင်းတို့က အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်နေသေးတယ်။ ဒါဆိုရင် သူတောင်းစားဂိုဏ်းကို လက်တုံ့ပြန်ဖို့ အခွင့်အရေး ပေးသလို ဖြစ်သွားမှာပေါ့။ မင်းတို့လို မကောင်းတာလုပ်တဲ့ လူတွေက စောစောသေတာ ပိုပြီးကောင်းတယ်။ မင်းတို့လို ရက်စက်ကြမ်းကြုတ်တဲ့လူတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ တရားမျှတမှုအစား ပိုပြီး ရက်စက်ကြမ်းကြုတ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် အပြစ်မဲ့တဲ့ လူတွေရဲ့ အလောင်းတွေက ကမ္ဘာပေါ်မှာ ပြန့်ကျဲနေလိမ့်မယ်…”

“သူတို့က ဒုခေါင်းဆောင် အကြောင်းပြောခဲ့တယ်ဆိုတော့ ဒီနေရာမှာ ဂိုဏ်းခွဲမှူးတစ်ယောက်လည်း ရှိနေနိုင်တယ်…"

မုန့်ချီက စဉ်းစားနေရင်း ခြံဝန်းတံခါးကို ဖွင့်၍ မြေအောက်ခန်းကို ရှာဖွေလိုက်သည်။ ထို့နောက် သူက ကျောက်တုံးတံခါးကို တွန်းဖွင့်လိုက်၏။ တံခါးကို တွန်းဖွင့်လိုက်သည့် အချိန်တွင် ကလေးငယ်များ၏ ငိုသံများ ၊ မိန်းကလေးများ၏ အော်ဟစ်သံများ ၊ လူငယ်များ၏ အော်သံများကို ကြားနေရသည်။

စောင့်ကြပ်နေသော သူတောင်းစား အနည်းငယ်က မုန့်ချီ ဝင်လာကြောင်း သတိထားမိသည့်အတွက် သူ့ကို တားဆီးတော့မည့်အချိန်တွင် သူတို့ထဲ၌ ကလေးငယ်လေးကို ပြန်ပေးဆွဲသွားသော သူတောင်းစားလည်း ပါဝင်နေကြောင်း တွေ့လိုက်ရသည်။

"သူ … သူ ဒီကိုရောက်လာပြီ…"

ထိုသူတောင်းစားက ဒယီးဒယိုင်ဖြစ်သွားပြီး ဓားပျံအနည်းငယ်နှင့် လှမ်းပစ်လိုက်၏။

ထိုဓားပျံများက မုန့်ချီကို ထိလိုက်သည်နှင့် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ထိုအရာများက သတ္တုတစ်ခုကို ရင်ဆိုင်လိုက်ရသည့်အလား မြေပေါ်သို့ ပြုတ်ကျသွားခြင်းဖြစ်သည်။

သူတောင်းစားများ အားလုံးကတော့ သူတို့မြင်သည့်အရာကြောင့် အလွန်ထိတ်လန့်သွားကြသည်။ လူငယ်မှတ်တမ်းထဲတွင် ရှိနေသော ထိပ်တန်းပညာရှင်များကပင် ဉာဏ်အလင်းပွင့်မှုအဆင့်၌ လက်နက်ပုန်းများ ထိခိုက်တတ်ကြသည်။

သို့သော် လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်တွင်တော့ သူတို့က ချီစွမ်းအင် စီးဆင်းမှုများကို အာရုံခံပြီး လျှို့ဝှက်လက်နက်များကို ရှောင်တိမ်းနိုင်ကြသည်။ ထို့ပြင် လျှို့ဝှက်လက်နက်များအပေါ် မူတည်ပြီး သူတို့၏အသုံးဝင်မှုကိုလည်း ခန့်မှန်းကြည့်ရန် ခက်ခဲနေ၏။

အကယ်၍ လက်နက်ကသာ အကာအကွယ် ချီစွမ်းအင်များကို ဖျက်ဆီးနိုင်သည့် အစွမ်းမျိုး ရှိနေလျှင် သူတို့ကို ထိခိုက်နိုင်သေးသည်။ သို့သော် မုန့်ချီ လေ့ကျင့်ထားသော ကျင့်စဉ်များကြောင့် သူ၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဖြစ်နေပြီး လက်နက်များက သူ၏အားနည်းချက်ကိုသာ မထိသရွေ့ ရှောင်တိမ်းရန် မလိုအပ်ချေ။

သူက ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ဓားကို စိတ်ကြိုက်ဝှေ့ယမ်းပြီး တိုက်ခိုက်နေသည်။ မုန့်ချီ၏ တိုက်ခိုက်မှုကို ခုခံရမည့်အစား သူတောင်းစားများ အားလုံးက တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့၏။

မြေအောက်အကျဉ်းခန်းထဲတွင် ဖမ်းဆီးခံရသော လူများကလည်း ငိုကြွေးနေခြင်းများ ၊ အော်ဟစ်နေခြင်းများ ရပ်တန့်သွားခဲ့ပြီး မုန့်ချီ၏ လုပ်ရပ်ကြောင့် အံ့ဩမှင်တက်နေကြသည်။ လက်ရှိအချိန်အထိ မည်သည့်အရာများ ဖြစ်နေကြောင်း သူတို့လည်း နားမလည်နိုင်သေးပေ။

ဤနေရာတွင် သူတောင်းစား တစ်ယောက်တည်းသာ ရပ်နေကြောင်း မြင်လိုက်ရသည့် အချိန်တွင် မုန့်ချီက သူ့ကို မေးလိုက်၏။

"မင်းတို့ရဲ့ ဂိုဏ်းခွဲမှူးက ဘယ်မှာလဲ…"

"သူ …သူက မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့ပါတယ်။ တန်ဖိုးရှိတဲ့ အရာတွေ အားလုံးလည်း သူနဲ့အတူ ပါသွားတယ်။ ကျေး …ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ…"

ထိုသူတောင်းစားက မုန့်ချီ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

"ဘယ်မိတ်ဆွေလဲ …”

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်၏။

မုန့်ချီ၏ အစွမ်းကို ကြောက်သည့်အတွက် သူတောင်းစားက သူသိထားသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

"ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိဘူး။ အဲဒါက ဒဏ်ရာရနေတဲ့ လူတစ်ယောက်ဖြစ်မယ် ထင်တယ်။ သူ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက်နဲ့ ရင်မြို့ထဲကနေ ထွက်သွားလို့ရအောင် ကူညီပေးဖို့အတွက် ကျွန်တော်တို့ရဲ့ ဂိုဏ်းခွဲမှူးကို တောင်းဆိုထားတာ…"

"ရင်မြို့ထဲကနေ ထွက်သွားဖို့ လိုအပ်နေတဲ့ ဒဏ်ရာရ မိတ်ဆွေတစ်ယောက် … မြေခွေးဘုရင်များ ဖြစ်နိုင်မလား …"

မုန့်ချီက ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

“သူက ဒီအချိန်မှာ ကိုယ်တိုင်ထွက်သွားဖို့ အရမ်းအားနည်းနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် သူက အကူအညီတချို့ လိုချင်နေတာလား…”

သူက အေးစက်သော လေသံနှင့် မေးခွန်းအနည်းငယ် ဆက်မေးနေပြီး သူတောင်းစား၏ အသက်ကို သတ်ပစ်လိုက်သည်။

“မကောင်းဆိုးဝါးတွေကို သနားညှာတာပေးလိုက်တာက သာမန်လူတွေအပေါ် ပြစ်မှုကျူးလွန်တာနဲ့ အတူတူပဲ…”

သူက အကျဉ်းထောင်၏ တံခါးတွင် ရှိနေသော သံသော့ကြီးကို ကိုင်ပြီး အားနှင့်ဆွဲဖြုတ်လိုက်သည်။ ထိုအခါ တံခါးက ပွင့်သွားခဲ့၏။ ထိုအချိန်ကျမှသာ ပြန်ပေးဆွဲခံထားရသူများက မည်သည့်အရာများဖြစ်နေကြောင်း နားလည်သွားသည်။

သူတို့အားလုံးက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်ကြပြီး မျက်ရည်များ စီးကျလာကြ၏။ သူတို့က အကြောက်တရားများကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားရပုံ ပေါ်သည်။

မုန့်ချီက သူတို့တိတ်သွားသည့်အချိန်ထိ စောင့်နေပြီး သိမ်မွေ့စွာ ပြောလိုက်၏။

"အခုအဆင်ပြေသွားပြီ။ ကျေးဇူးပြုပြီး ငါနဲ့အပြင်ဘက်ကို လိုက်ခဲ့ပါ …"

"ကျွန်မတို့တွေက သခင်လေးရဲ့ ကယ်တင်ပေးမှုကို လုံးဝ မမေ့ပါဘူး…"

ပညာတတ်တစ်ယောက်က မုန့်ချီကို ကျေးဇူးတင် စကားပြောလိုက်ပြီး တခြားသူများလည်း အတူတူသာဖြစ်သည်။

မုန့်ချီက တည်ငြိမ်သွားပြီး သူတို့ကို အကျဉ်းထောင်ထဲမှ အပြင်သို့ ထုတ်လာခဲ့၏။ သူက ခြံဝန်းထဲသို့ ရောက်သည့်အချိန်တွင် အဝါရောင်ဝတ်စုံဝတ်ထားသော ဘုန်းတော်ကြီးတစ်ပါးက အလောင်းများ ကြားထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။

သူက ငယ်ရွယ်ပြီး မျက်လွှာချထားသည့်အတွက် အတော်လေးကို တည်ငြိမ်လှသည်။ ရှောင်လင်ကျောင်းတော်မှ ပုတီးတစ်ကုံးကိုတော့ လည်ပင်းတွင် ဆွဲထား၏။ သူ၏ ပတ်ပတ်လည်တွင် အသွေးအသားများ ၊ သွေးစများ ပြည့်နှက်နေသော်လည်း သူ၏ ဘေးပတ်လည်တွင်တော့ ကြည်လင်သန့်ရှင်းနေသလို ထင်မှတ်ရသည်။

"အော်မီတော်ဖော် …

သူတို့ကို ဒကာလေး ရင်ဆိုင်တဲ့ နည်းလမ်းက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ်…"

ထိုကိုယ်တော်က ပြောလိုက်သည်။

မုန့်ချီက ထိုကိုယ်တော်ကို လုံးဝ မ‌တွေ့ဖူးသော်လည်း သူ့လို တည်ငြိမ်ရင့်ကျက်သော ကိုယ်တော် အနည်းငယ်သာ ရှိကြောင်း သိနေသည်။ ထို့နောက် သူက အပြုံးနှင့် ပြောလိုက်၏။

"ဆရာဦးလေးငယ် …

ကျွန်တော်တို့က မကောင်းဆိုးဝါးတွေကို သနားမနေသင့်ဘူး။ သူတို့ကို သတ်ပစ်လိုက်မှပဲ ကမ္ဘာကြီးက တည်ငြိမ်အေးချမ်းမှုကို ရနိုင်တယ်…"

ထိုကိုယ်တော်က သက်ပြင်းချပြီး ပြောလိုက်၏။

"တကယ်လို့ မင်းသာ သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်မယ်ဆိုရင် ဗုဒ္ဓသားတော် တစ်ပါး ချက်ချင်းဖြစ်လာနိုင်တယ်…"

မုန့်ချီက သူ့ကို ခေါ်လိုက်သည့်အတွက် သူက ဗုဒ္ဓလက်ဝါး ရွှမ်ကျန်းဖြစ်ကြောင်း သိသာနေသည်။

"ဆရာဦးလေးငယ် .…

ဆရာဦးလေးငယ်က ကျွန်တော်ရဲ့လုပ်ရပ်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ထားတာလား"

မုန့်ချီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

ရွှမ်ကျန်းက သူ့နောက်တွင် ရှိနေသော မိန်းကလေးနှင့်ကလေးငယ်များကို ကြည့်ပြီးပြောလိုက်၏။

"ဗုဒ္ဓကို ဆည်းကပ်ရိုသေတယ်ဆိုတာကလည်း လောကကြီးထဲကနေ လွတ်မြောက်ဖို့အတွက် ကျင့်စဉ်ပုံစံတစ်မျိုးပါပဲ။ ဒါပေမဲ့ ငါက တခြားလူတွေရဲ့ ဆန္ဒကိုလည်း မဆန့်ကျင်ပါဘူး။ မင်းကသာ ဒီလောကကြီးရဲ့ စည်းမျဉ်းတွေကို မဖောက်ဖျက်ဘူးဆိုရင် ၊ အပြစ်မဲ့သူတွေကို မနှိပ်စက်ဘူးဆိုရင် ငါက မင်းရဲ့လုပ်ရပ်တွေကို တားဆီးမှာ မဟုတ်ဘူး…"

မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။

"ရှောင်လင်ကျောင်းတော်ထဲမှာ ကျွန်တော် သဘောကျတဲ့ ကိုယ်တော် များများမရှိဘူး။ ဒါပေမဲ့ ဆရာဦးလေးငယ်ကတော့ အဲဒီကိုယ်တော်တွေထဲက တစ်ပါး အပါအဝင်ပဲ..”

“သူတောင်းစားဂိုဏ်းက လက်တုံ့ပြန်တာကို ကာကွယ်ဖို့အတွက် ကျွန်တော်က သူတို့ကို ယပ်တောင် (၆)လက်ကျောင်းဆီ ခေါ်သွားဖို့ စဉ်းစားထားတာ။ အခု ဆရာဦးလေးငယ်က ဒီကိုရောက်လာပြီဆိုမှတော့ ကျွန်တော့်ရဲ့ကိုယ်စား ဒီကိစ္စကို တာဝန်ယူပေးနိုင်မလား…။ ရှောင်လင်ကျောင်းတော်က နာမည်ဂုဏ်သတင်း ကျော်ကြားတယ်။ ဒီတော့ ဒီကိစ္စမှာ ကျွန်တော်လုပ်တာထက် ဆရာဦးလေးငယ် လုပ်တာက ပိုပြီးတော့ အဆင်ပြေနိုင်ပါလိမ့်မယ်…"

"အော်မီတော်ဖော် …

အသက်ကယ်တာက စေတီတစ်ဆူ တည်ထားတာထက် ပိုပြီးတော့ ကောင်းပါတယ်…"

ရွှမ်ကျန်းက မုန့်ချီ၏ အကြံပေးချက်ကို ငြင်းဆန်ခဲ့ခြင်း မရှိချေ။

Translated by Hein Htet

All Chapters