← Chapters

အခန်း (၄၀၅)

Vol. 27 Ch. 405

အခန်း (၄၀၅)

Vol. 27 Ch. 405

ရွှမ်ကျန်းက တာဝန်ယူရန် သဘောတူလိုက်သည့်အတွက် မုန့်ချီက နောက်ထပ် စိုးရိမ်နေခြင်း မရှိတော့ချေ။ သူက ပျော်ရွှင်ခြင်း တိမ်တိုက် တောင်တန်းကိုသာ ချက်ချင်း ထွက်သွားခဲ့၏။

"ငါက အကျိုးအမြတ် မရဘဲ ကောင်းကျိုးလုပ်ခဲ့တယ်ဆိုတော့ လူကောင်း တစ်ယောက်လို့ တွေးလို့ရပြီ…."

သူက သူ၏အပြုအမူအတွက် တစ်ယောက်တည်း စဉ်းစားနေခဲ့ပြီး ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းဆီသို့ ဝင်သွားခဲ့သည်။

"ဒေါက် … ဒေါက် … "

သူက ပျော်ရွှင်ခြင်းတိမ်တိုက်တံခါးကို ဖြတ်သွားသည့်အချိန်တွင် တံခါးခေါက်သံ တစ်ခုကို ကြားလိုက်ရသည်။ သူက သတိလက်လွတ် ရပ်လိုက်မိပြီး တံခါးဆီကို ပြန်လှည့်ကြည့်လိုက်ရာ တံခါးကို ဆွဲဖွင့်လာသော ရင်းနှီးသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

ရောက်လာသူကို မှတ်မိသွားသည့်အတွက် သူက တံခါးဆီသို့ အပြုံးနှင့် လျှောက်သွားခဲ့၏။

"နင်က နောက်ထပ် နှစ်ရက်လောက်ကြာမှ ရောက်လာမယ်လို့ ထင်ထားတာ။ ဒီလောက်မြန်မြန်ကြီး ရောက်လာတာလား … "

အသစ်ရောက်လာသူကတော့ ကျန်းကျိဝေဖြစ်သည်။ သူမက သဘောအကျဆုံး အဝါရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်များကိုတော့ စည်းနှောင်ထားခဲ့၏။ ဓားရှည်ကို ကိုင်ထားသော သူမ၏ ပုံရိပ်က အလွန်တောက်ပပြီး လွတ်လပ်ပေါ့ပါးသည်ဟု ခံစားရသည်။

ကျန်းကျိဝေက သူတို့၏ နောက်ဆုံးတာဝန် ပြီးဆုံးချိန်တွင် တံခါး (၉)ပေါက် ပွင့်နေခဲ့သည်။ မုန့်ချီက သူမကို နောက်တစ်ကြိမ် မြင်လိုက်ရသည့်အချိန်တွင် သူမက ဓားသိုင်းပညာများတွင် ပို၍ ကျွမ်းကျင်လာသလို ခံစားနေရသည်။ အလွန်ထက်မြက်ပြီး ကြောက်စရာကောင်းသည့် ပုံစံအစား သူမက ပို၍လေးနက်တည်ငြိမ်သွားပုံရ၏။

တခြားလူများက ကြည့်လိုက်ရုံနှင့် သူမကို မမှတ်မိနိုင်သော်လည်း မုန့်ချီကတော့ သူမ၏ ပုံရိပ်ကို မှတ်မိနေသေးသည်။ သူမက ဓားကို သုံးလိုက်သည့်အချိန်တိုင်း အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲလာတတ်၏။

"ငါက ကိုယ်ပျောက်ဓားနဲ့ စိန်ခေါ်ရမယ်ဆိုတာ သိတဲ့အချိန်မှာ တော်တော်လေးကို စိတ်မရှည်နိုင် ဖြစ်နေတာလေ…"

ကျိဝေက မုန့်ချီကို ကြည့်ပြီး အပြုံးနှင့် ဆက်ပြောလိုက်၏။

"နင်က တောင်ဘက်ပိုင်းကနေ ဒီလောက်မြန်မြန် ရောက်လာတာပဲ…"

“ငါက အလုပ်မရှိတဲ့ လူတစ်ယောက် ဖြစ်နေတာပဲလေ…"

မုန့်ချီက စနောက်လိုက်၏။

ကျန်းကျိဝေ၏ ထူးခြားသော အငွေ့အသက်များကို မြင်ပြီး သူတို့နှစ်ယောက်က ရင်းနှီးနေသော မိတ်ဆွေများ ဖြစ်နေသည်ကို မြင်သည့်အခါ တံခါးစောင့်က သူတို့၏ အဆင့်အတန်းကို ခန့်မှန်းမိသည့်အတွက် သူတို့ရောက်လာကြောင်း အထဲကို သွားရောက် သတင်းပို့ခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်တည်းကိုသာ စကားဆက်ပြောရန် ချန်ထားခဲ့၏။

"နင်ကရော ပျော်ရွှင်ခြင်းတိမ်တိုက် တောင်တန်းမှာ နေမှာလား…"

မုန့်ချီက မေးလိုက်သည်။

ကျန်းကျိဝေက ခေါင်းခါပြီး ပြောလိုက်၏။

"ရင်မြို့က လင်းတိုင်းပြည်ရဲ့ မြို့တော်လို့ သတ်မှတ်နိုင်တယ်။ ဒါကြောင့် ငါတို့ဂိုဏ်းရဲ့ လက်အောက်ခံ ဓားစံအိမ်က ငါ့ကို နေရာထိုင်ခင်း စီစဉ်ပေးနိုင်တယ်လေ။ ဒီကိစ္စကိုတော့ ကိုယ်ပျောက်ဓားကို ပြဿနာပေးဖို့ မလိုတော့ပါဘူး…"

သူမက ဟယ်ကျူးကို ဖိအားပေးရန် မကြောက်ချေ။ သို့သော် သူမ၏ ကိုယ်ပိုင်နေရာတစ်ခု ရှိနေမှတော့ တခြားလူတစ်ယောက်၏ နေရာတွင် နေထိုင်ရန် မလိုအပ်ဟု ရိုးရှင်းစွာ ခံစားမိခဲ့၏။

လွန်ခဲ့သော လအနည်းငယ်အတွင်း သူတို့တွေ့ကြုံခဲ့ရသည့် အရာများကို စကားပြောလိုက်ပြီးနောက် မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးပြီး ကျိဝေကို ပြောပြလိုက်သည်။ ဒဏ္ဍာရီများက အစ်ကိုချီနှင့် သူ့ကို ပစ်မှတ်ထားနေကြောင်း ပြောပြခဲ့သော်လည်း သံသရာကမ္ဘာကြီး ၊ နတ်ဆိုးမကူနှင့် ပတ်သက်သော အမုန်းတရားများကိုတော့ မပြောခဲ့ပေ။

အထူးသဖြင့် တုန်းရန်စံအိမ်ကိုသာ အလေးထား၍ ပြောခဲ့ပြီး ပျော်ရွှမ်ခြင်းတိမ်တိုက် တောင်တန်းတွင် ရှိနေသော အရှေ့ပင်လယ် ဓားကျေးရွာမှ ဝေ့ကျင်းအဆင့် ပညာရှင်များ ခိုးနားထောင်မှာကို ကြောက်လန့်နေခဲ့သည်။

အကယ်၍ သံသရာ ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များကိုသာ တခြားလူများ သိသွားမည်ဆိုလျှင် ကျိဝေနှင့် သူက ရှင်းပစ်ခံရနိုင်၏။ ထို့ကြောင့် သူက ကျန်းကျိဝေကို နောက်တစ်ကြိမ်မှသာ အသေးစိတ် ပြောပြရန် စဉ်းစားထားခဲ့သည်။

မုန့်ချီက တစ်စုံတစ်ခုကို တမင်တကာ ဖုံးကွယ်ထားကြောင်း ကျန်းကျိဝေကလည်း ခံစားမိသည်။ ချီကျန်းရန်က သူ၏ကိုယ်ပိုင်စွမ်းရည်နှင့် တစ်ယောက်တည်း လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ကြောင်း သူမကလည်း သိနေခဲ့၏။ တစ်ချိန်တည်းတွင် မုန့်ချီက ထိုအကြောင်းအရာများကို ထိန်းချုပ်ထားသည်မှာ အကြောင်းပြချက် ရှိကြောင်းလည်း နားလည်ထားသည်။

ထို့ကြောင့် သူမက အလေးအနက် ပြောလိုက်၏။

"ငါက ဒီကိစ္စကို ငါ့ဂိုဏ်းဆီ သတင်းပို့လိုက်မယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မြစ်အရှေ့ပိုင်းကို တာဝန်ယူရတဲ့ ငါ့ရဲ့ဆရာဦးလေးတွေဆီကနေ အကူအညီ တောင်းလိုက်မယ်။ အဲဒီအချိန် အတောအတွင်း နင် အပြင်ထွက်တဲ့အချိန် သတိထားပါ.."

"ကောင်းပြီ … "

မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"စကားမစပ် ငါက မြေခွေးဘုရင်ရဲ့ တည်နေရာကိုလည်း သိမယ်ထင်တယ်…"

ထို့နောက် သူက သူတောင်းစားဂိုဏ်းနှင့် တွေ့ကြုံခဲ့ရမှုများကို ပြောပြလိုက်သည်။

"မြေခွေးဘုရင် … "

ကျန်းကျိဝေ၏ မျက်လုံးထဲတွင် အစွမ်းထက်သော ပညာရှင်တစ်ယောက်ကို စိန်ခေါ်လိုသည့် ဆန္ဒပေါ်လာခဲ့သည်။ သို့သော် ထိုဆန္ဒများက သိပ်မကြာခင် သက်ပြင်းချမှုနှင့် အစားထိုးသွားခဲ့၏။

"အခုအချိန်မှာ သူက ဒဏ်ရာရနေတာတော့ ရှက်ဖို့ကောင်းတယ်…."

သူမက မြေခွေးဘုရင်နှင့် တိုက်ခိုက်လိုသည်မှာ သူတို့နှစ်ယောက်၏ အစွမ်းကို မြှင့်တင်လိုခြင်းကြောင့် ဖြစ်သည်။ သို့သော် မြေခွေးဘုရင်က သူမ တိုက်ခိုက်ချင်သော ပုံစံအတိုင်း တိုက်ခိုက်မည် မဟုတ်ကြောင်း သိနေခဲ့၏။ သူက အမှောင်ထဲတွင် ပုန်းနေတတ်ပြီး ပြိုင်ဘက်ရောက်လာသည့်အချိန်တွင် သေစေနိုင်လောက်သော တိုက်ခိုက်မှုကို စောင့်နေတတ်သည်။

"ငါက ဒီနယ်မြေထဲမှာရှိတဲ့ ဂိုဏ်းသားတွေကို အကူအညီတောင်းပြီး ရှာခိုင်းလိုက်မယ်။ သူ့ရဲ့တည်နေရာကို သိရပြီဆိုရင် ငါတို့က တိုက်ခိုက်ကြတာပေါ့…"

မြေခွေးဘုရင်က မုန့်ချီကို အလစ်ချောင်း တိုက်ခိုက်ပြီး သတ်ဖြတ်ရန် ကြံစည်ခဲ့ကြောင်း ကျန်းကျိဝေက သိနေခဲ့၏။ ထို့ကြောင့် သူမက သူနှင့်အတူ ပြန်လည်တိုက်ခိုက်ရန် တွေဝေနေခဲ့ခြင်း မရှိ‌ပေ။ ထိုအရာက မျက်လုံးတစ်လုံးအတွက် မျက်လုံး တစ်လုံး အစားထိုး ပြန်တောင်းခြင်းနှင့် အတူတူသာဖြစ်သည်။

မုန့်ချီက သူမ၏အစီအစဉ်ကို ခေါင်းညိတ်လက်ခံလိုက်ပြီး ချက်ချင်း သတိပေးလိုက်၏။ မည်သို့ဖြစ်စေကာမူ အလစ်ချောင်း တိုက်ခိုက်မှုတစ်ခု ရှိနေနိုင်၏။ သူတို့၏ အစီအစဉ်ကို လူတစ်ယောက် ကူညီပေးနိုင်မည်ဆိုလျှင်တော့ ပို၍လုံခြုံနိုင်သည်။

"ကြည့်ရတာတော့ ကျိုးနိုင်ငံက အစ်ကိုဝမ်ကိုက်က သင့်တော်မယ် ထင်တယ်…။ ဝမ်ကိုက်ရဲ့အဖေက ဝမ်မိသားစုထဲမှာ အသက်အငယ်ဆုံး ထိပ်တန်းပညာရှင် တစ်ယောက်ပဲ။ လက်ရှိ အခွန်ဝန်ကြီးဖြစ်တဲ့အတွက် သူ့မှာ အာဏာနဲ့ အဆင့်အတန်း သေချာပေါက် ရှိတယ်။ တကယ်လို့ သူ့ကို တစ်ယောက်ယောက်က ထိခိုက်အောင် လုပ်ချင်တယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အရင်ဆုံး ပြင်ဆင်ထားရလိမ့်မယ်။ ပြီးတော့ ရပ်တန့်လို့ မရနိုင်တဲ့ တိုက်ခိုက်မှု ၊ လှုပ်ရှားလို့ မရနိုင်တဲ့ တိုက်ခိုက်မှုနဲ့ သူတော်စင် ဓားသိုင်း (၉)သွယ်ကြောင့် သူ့ရဲ့အစွမ်းကိုလည်း လုံးဝ လျှော့မတွက်သင့်ဘူး။ တကယ်လို့ သူက ပိုပြီးအစွမ်းထက်တဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့ရမယ်ဆိုရင် ငါ့ထက်တောင် ပိုပြီးတော့ တိုက်ခိုက်နိုင်သေးတယ်…"

မုန့်ချီက ဝူကျိတံဆိပ်မှ ဆင်းသက်လာသော တည်ငြိမ်ခြင်းတံဆိပ်ကို မသုံးနိုင်ခဲ့သည့် အချိန်တွင် နယ်မြေတစ်ခုအပေါ် သူ၏အာရုံစိုက်မှုက အကာအကွယ် သဘောမျိုးသာ ဖြစ်နိုင်သည်။ ဝမ်ကိုက်၏ အလေးထားမှုကတော့ ခုခံမှုဖြစ်၏။ ကွဲပြားမှုအရ ဝမ်ကိုက်က တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ပြီး သူကတော့ မထိခိုက်အောင် ကာကွယ်နိုင်ခြင်းသာ ဖြစ်သည်။

သူတို့က စကားကို လျင်မြန်စွာ အဆုံးသတ်လိုက်ပြီး အေးအေးဆေးဆေး စကားများကိုသာ ပြောနေကြသည်။ ခဏကြာပြီးနောက် တံခါးစောင့်က ကျန်းကျိဝေကို ဟယ်ကျူးနှင့်တွေ့ရန် ဖိတ်ခေါ်ခဲ့သည်။ မုန့်ချီကလည်း သူမနှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်၏။

ဟယ်ကျူး၏ လည်ပင်းတွင် ရှိနေသော ဒဏ်ရာက ကောင်းလုနီးပါး ဖြစ်နေသည်။ ထိုအရာကို ပတ်တီးစည်းထားခြင်း မရှိသလို ဖုံးကွယ်ထားခြင်းလည်း မရှိချေ။ မုန့်ချီက ကြည့်လိုက်ရုံနှင့် သူ့ဒဏ်ရာက အပေါ်ယံဒဏ်ရာတစ်ခုထက် ပို၍ ဆိုးရွားကြောင်း သိသည်။

အကယ်၍ ဒဏ်ရာကသာ ပို၍နက်ရှိုင်းလာမည်ဆိုလျှင် သူ၏လည်ပင်းတစ်ဝက်ခန့် ပြတ်သွားနိုင်၏။ သို့သော် မြေခွေးဘုရင်၏ ဒဏ်ရာကတော့ ပို၍ ပြင်းထန်မှာ သေချာသည်။ သူ၏ဒဏ်ရာက လှုပ်ရှားမှုကို သက်ရောက်နိုင်သည့်အတွက် သူ့တည်နေရာကို ပေါ်သွားမည်ဆိုလျှင် သူလည်း မနည်းရင်ဆိုင်ရမည်ဖြစ်သည်။

တစ်ဖက်တွင်တော့ ဟယ်ကျူး၏ လှုပ်ရှားမှုများက သူ၏ ဒဏ်ရာကြောင့် သက်ရောက်ခံရပုံ မရချေ။ ထို့ပြင် မြေခွေးဘုရင်က ဒဏ်ရာအတွက် ဆေးရှာရန် သူတောင်းစားဂိုဏ်း၏ အကူအညီကို ယူနေရသည်။ တစ်ဖက်တွင် ဟယ်ကျူး၏ ဒဏ်ရာကတော့ အနားယူလိုက်ရုံနှင့် လျင်မြန်စွာ ပြန်ကောင်းလာနိုင်၏။ မြေခွေးဘုရင်၏ ကုသမှုက အကျိုးသက်ရောက်မှု မရှိနိုင်ဟု မုန့်ချီက ခန့်မှန်းမိနေသည်။ သူက လမ်းလျှောက်ရန်ပင် အခက်အခဲ ရှိနိုင်၏။

ဟယ်ကျူးက တည်ငြိမ်စွာ ထိုင်နေပြီး ဝင်လာသော ကျန်းကျိဝေနှင့် မုန့်ချီတို့ကို စိုက်ကြည့်နေခဲ့သည်။ ကျန်းကျိဝေကို မြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ လေးစားမှုများ ပေါ်လာပြီး မျက်ခုံးက အနည်းငယ် လှုပ်ရှားသွားသည်။

သူက သူမကို ပြောလိုက်၏။

"မိန်းကလေးကျန်း …

တံခါး (၉)ပေါက်အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်…"

ထိတ်လန့်ကြောက်ရွံ့သွားရမည့်အစား သူ၏ စကားလုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ၊ တိုက်ခိုက်လိုစိတ်များ ပို၍ ပြည့်နှက်လာသည်။

ကျန်းကျိဝေကတော့ နှိမ့်ချစွာ ပြောဆိုခဲ့ခြင်း မရှိချေ။ သူမက အပြုံးနှင့်ပြောလိုက်၏။

"နင်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ငါ ရောက်နေတဲ့အဆင့်က နိမ့်ပါသေးတယ်။ တကယ်လို့ ငါတို့ကသာ တိုက်ခိုက်ရမယ်ဆိုရင် ငါ့ဓားနဲ့ အနိုင်ရဖို့ မျှော်လင့်ချက်က နည်းနည်းလေးပဲ ရှိ‌တယ်.."

"နင်က အထွဋ်အထိပ် ဓားသိုင်းပညာကို သုံးပြီး တံခါး (၉)ပေါက်အဆင့်ကို ရောက်သွားပြီ။ ပြီးတော့ အနန္တဓားသိုင်းကိုလည်း နားလည်ထားသေးတယ်။ ဒါကြောင့် နင့်ရဲ့ ဓားနိယာမတွေက တကယ်မြင့်တဲ့ အဆင့်အတန်းကို ရောက်နေလောက်ပြီ။ သန့်စင်တဲ့ ခွန်အားသက်သက်ကို ပြောရမယ်ဆိုရင် နင်က သေချာပေါက် မြေခွေးဘုရင်ထက်တောင် ပိုပြီးတော့ အစွမ်းထက်နိုင်တယ်…"

ဟယ်ကျူးက သူနှင့် ယှဉ်ရမည့်အစား သူမကို မြေခွေးဘုရင်နှင့် နှိုင်းယှဉ်၍ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းကျိဝေက သူ့လောက် အစွမ်းမထက်ကြောင်း သူလည်း ယုံကြည်နေခဲ့၏။

ကျန်းကျိဝေ၏ စွမ်းရည်နှင့် ကြိုးစားအားထုတ်မှုကြောင့် သူမက စုဝူမင်ကို ယှဉ်နိုင်သော်လည်း ဟယ်ကျူးက သူမကို စွမ်းရည်အရ ယှဉ်နိုင်သည်ဟု စဉ်းစားထားနေသေးသည်။

သူတို့နှစ်ယောက်လုံးက ပင်မသိုင်းဂိုဏ်းကြီးများမှ အမွေခံတပည့်များ ဖြစ်ကြသည့်အတွက် သူတို့အချင်းချင်း၏ နတ်ဘုရားစွမ်းရည်များက သိသိသာသာ ကွဲပြားမှု မရှိပေ။ ထို့ပြင် ဟယ်ကျူးက ကျန်းကျိဝေထက် ပို၍အတွေ့အကြုံရှိသည်။ ထို့ကြောင့်လည်း သူက ပိုသာသည်ဟု ဟယ်ကျူးက ယုံကြည်နေခဲ့၏။

"ငါက မြေခွေးဘုရင်နဲ့ အခုထိ မတိုက်ခိုက်ရသေးဘူး ဆိုတော့ ငါ့ရဲ့စွမ်းဆောင်ရည်ကို မြှောက်ပြီး မပြောရဲပါဘူး…"

ဟယ်ကျူး၏ စကားကို ကြားသည့်အခါ ကျန်းကျိဝေက ဂုဏ်ယူနေခဲ့ခြင်း မရှိချေ။

ဟယ်ကျူးက ရယ်လိုက်၏။

"မိန်းကလေးကျန်းက တံခါး (၉)ပေါက် အဆင့်ကို ရောက်သွားပြီဆိုတော့ ဒီတစ်ကြိမ် ပျော်ရွှင်ခြင်း တိမ်တိုက်စားသောက်ပွဲမှာ ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းလာတော့မယ်။ ငါက အခုတော့ နင့်ရဲ့အစွမ်းကို မစမ်းသပ်သင့်ဘူး။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက် အရှိဆုံး ပြိုင်ဘက်က နောက်ဆုံးမှ တိုက်ခိုက်ရမှာလေ…"

မုန့်ချီကတော့ ဟယ်ကျူး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် ရဲစွမ်းသတ္တိကို လေးစားနေမိသည်။ ထို့နောက် ဟယ်ကျူးက သူ လျှောက်လှမ်းခဲ့သော သိုင်းပညာ ခရီးလမ်းတစ်လျှောက် အလွန်အစွမ်းထက်သော ပြိုင်ဘက်ဖြစ်မည်ဟုလည်း နားလည်နေခဲ့၏။

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ မုန့်ချီကတော့ လမ်းမပေါ်တွင် သွားလာနေရမည့်အစား အရိုးကြွက်သားအားဖြည့်ကျင့်စဉ်၊ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့ကို လျင်မြန်စွာ လေ့ကျင့်နေပြီး အနာဂတ်တွင် တံခါး (၉)ပေါက်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်နေခဲ့၏။

ညနေပိုင်းတွင်တော့ ကျန်းကျိဝေက သူ့ဆီကို ရုတ်တရက် ရောက်လာပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

"ငါက သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းခွဲမှူးကို ခြေရာခံပြီး မြေခွေးဘုရင် ပုန်းနေတဲ့ နေရာကို တွေ့ပြီ…"

"ဟုတ်လား … "

မုန့်ချီက မြေခွေးဘုရင်ကို လက်တုံ့ပြန်ရန် အခွင့်အရေး စောင့်နေသည့်အတွက် သတိလက်လွတ် ပြန်မေးလိုက်မိ၏။

မြေခွေးဘုရင်က သူ့ကို အကြောင်းပြချက် မရှိဘဲ နှစ်ကြိမ်တိတိ အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။ သူက ဓားမောက်လက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိပြီး မျက်လုံးထဲတွင် တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်လာ၏။

သူတို့နှစ်ယောက်က ပျော်ရွှင်ခြင်းတိမ်တိုက်မှ ထွက်လာပြီး လမ်းလျှောက်ထွက်မည့်ပမာ ဟန်ဆောင်လာကြသည်။ ထို့နောက် မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး ကူရှောင်စန်းက အစ်ကိုချီကို ကယ်ခဲ့ကြောင်း ပြောပြခဲ့သည်။ သို့သော် ကလေးမလေးက သူ့ကို အဖေဟု ခေါ်သော အကြောင်းအရာကိုတော့ ရှက်စရာကောင်းသည့်အတွက် ပြောမပြခဲ့ပေ။

ထိုစကားကို ကြားသည့်အခါ ကျန်းကျိဝေကလည်း မုန့်ချီကဲ့သို့ ကူရှောင်စန်း၏ ရည်ရွယ်ချက်ကို စဉ်းစားနေခဲ့သည်။ ခဏကြာပြီးနောက် သူတို့က ဝမ်ကိုက်ကို သူ့အိမ်တွင် တွေ့လိုက်ရ၏။

"ငါတို့က မြေခွေးဘုရင်ကို အတူတူသွားပြီး တိုက်ခိုက်ကြမှာလား…"

သူတို့၏ အစီအစဉ်ကို ကြားသည့်အခါ ဝမ်ကိုက်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ပုံစံက ပုံမှန်ရှိရမည့် ပုံစံနှင့်ပင် အတော်လေး ကွဲပြားနေ၏။

အတွေးအခေါ်ဂိုဏ်းတစ်ခုမှ ပညာရှင်တစ်ယောက်ဖြစ်ပြီး အမှန်တရား လမ်းစဉ် ပညာရှင် တစ်ယောက် ဖြစ်သည့်အတွက် ဝမ်ကိုက်က ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားတတ်သည်။ သူကတော့ စလာကတည်းက မြေခွေးဘုရင်ကို အကောင်းမြင် မပေးနိုင်ပေ။

သူ၏ သဘာဝက တည်ငြိမ်အေးချမ်းသော်လည်း သူက အသက် (၂၀) အရွယ် လူငယ်လေး တစ်ယောက်သာ ဖြစ်နေသေး၏။ တစ်ခါတစ်ရံ စိတ်အားတက်ကြွသည်မှာ သာမန်သာ ဖြစ်သည်။ ထို့ပြင် လူငယ်မှတ်တမ်း၏ အဆင့် (၅)တွင် ရှိနေသော မြေခွေးဘုရင်ကို သတ်နိုင်ခြင်းက အားဆေးတစ်ခွက် ထိုးလိုက်သလို ဖြစ်နေသည်။ ဝမ်ကိုက်အတွက်တော့ ဆိုဖွယ်ရာပင် မရှိချေ။

"ဟုတ်တယ် အစ်ကိုဝမ်…။ အစ်ကိုဝမ်က ကျွန်တော်တို့နဲ့ လိုက်ခဲ့ချင်လား … "

မုန့်ချီက ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတော့မည့် လူတစ်ယောက်ကဲ့သို့ အပြုံးနှင့် မေးလိုက်သည်။

ဝမ်ကိုက်က သက်ပြင်းချပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"လိုက်မယ်လေ…"

ကျန်းကျိဝေ၏ ဦးဆောင်မှုနှင့် သူတို့ (၃)ယောက်က ဟွေမြစ်ကို ဖြတ်ကူးထားသော တံတားတစ်ခုပေါ်သို့ ကျော်လာပြီး လမ်းပေါင်းများစွာနှင့် လမ်းကြားလေးပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည်။

တဖြည်းဖြည်းနှင့် သူတို့က တျန်းရွှေမြစ်၏ အပေါ်ပိုင်းသို့ ရောက်လာပြီး မြူခိုးမိုး တောင်တန်းနှင့် နီးလာခဲ့သည်။ တျန်းရွှေမြစ်ကမ်းနားက မြို့အလယ်ခေါင်နှင့် အတော်လေးကို ဝေးသော်လည်း ထိုနေရာက တိတ်ဆိတ်ငြိမ်းချမ်းသည့်အပြင် လူသူစည်ကားနေသည်။

ထိုနေရာက ပုန်းအောင်းရန် အကောင်းဆုံး နေရာတစ်ခုလည်းဖြစ်၏။ ထိုနေရာတွင် ရှုပ်ထွေးသော လှုပ်ရှားမှုများကြောင့် လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန် အခက်အခဲ မရှိသည့် အပြင် လူသူစည်ကားမှုကြောင့် အလွယ်တကူ ပေါ်သွားမှာကိုလည်း စိုးရိမ်စရာ မလိုအပ်ပေ။

သူတို့ (၃)ယောက်က သစ်ပင်ကြီး တစ်ပင်၏ အနောက်တွင် ပုန်းအောင်းနေကြ၏။ ထို့နောက် ကျန်းကျိဝေက မြစ်ကမ်းကို မျက်နှာမူထားသော ခြံဝန်းကို လက်ညှိုးထိုးပြလိုက်သည်။

"သူ အဲဒီခြံဝန်းထဲမှာ ရှိတယ်…"

အတော်လေး နောက်ကျနေပြီဖြစ်သည့်အတွက် ခြံဝန်းနှင့် ပတ်ပတ်လည်က မှောင်လုနီးပါးဖြစ်နေသည်။ မုန့်ချီက ခေါင်းညိတ်ပြီးပြောလိုက်၏။

"ဒီခြံဝန်းက သိပ်ပြီး မသိသာဘူး။ ပြီးတော့ ပတ်ပတ်လည်ကနေ ဝင်လာလို့လည်း ရတယ်။ ဒီတော့ သူ ထွက်ပြေးဖို့အတွက် ပိုပြီး အဆင်ပြေတယ်။ ငါတို့က အဲဒီနေရာကို ရောက်အောင် အရင်ဆုံး သတိထားပြီး ဖြည်းဖြည်းချင်း ကပ်သွားသင့်တယ်…"

မထင်ရှားသော နေရာတစ်ခုမှ တိုက်ခိုက်လိုက်မည်ဆိုလျှင် အမှောင်ထဲတွင် ရှိနေသော မြေခွေးဘုရင်က သိနေနိုင်သည်။ သူက ရောက်လာသော အန္တရာယ်များကို တိတိကျကျ အာရုံခံနိုင်၏။ ထို့ကြောင့် သူတို့က အစီအစဉ်ကို မလုပ်ဆောင်ခင် အလွန်အမင်း သတိထားရန် လိုအပ်သည်။

အကယ်၍ သူတို့၏ အစီအစဉ်ကသာ မှားယွင်းသွားမည်ဆိုလျှင် မြေခွေးဘုရင်က အလွန်အန္တရာယ်များကြောင်း နားလည်သွားနိုင်ပြီး ချက်ချင်း ထွက်ပြေးသွားနိုင်သည့် အတွက် သူတို့၏လုပ်ရပ်များက ကျရှုံးသွားနိုင်သည်။

သူတို့၏ လှုပ်ရှားမှုကို အကျိုးသက်ရောက်မှု ရှိစေရန်အတွက် မုန့်ချီက ပုံရိပ်ယောင် ကိုယ်ဖော့ပညာကိုသုံးပြီး စိတ်ဝိညာဉ်စွမ်းအားကို သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးကွယ်ထားခဲ့သည်။ ထို့နောက် အသံမထွက်စေဘဲ ခြံဝန်းထဲသို့ ဝင်လာခဲ့၏။

ကျန်းကျိဝေနှင့် ဝမ်ကိုက်တို့က မုန့်ချီကဲ့သို့ လှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက် သူတို့က သတိမထားမိစေရန် သူ့နောက်ဘက် အနည်းငယ် ခပ်လှမ်းလှမ်းမှ လိုက်လာခဲ့ကြသည်။ ထိုသို့ဆိုရာတွင် တံခါး (၉)အဆင့် ပညာရှင်များ ဖြစ်နေပြီး မျက်ခုံးကြား ပင်မတံခါး၏ လျှို့ဝှက်ချက်များကို နားလည်နေသည့်အတွက် သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ရာတွင် အတော်လေး အကူအညီ ပေးနိုင်သည်။

အထူးသဖြင့် ကျန်းကျိဝေက ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်ထားခဲ့၏။ သူမ၏ ပုံစံက လျင်မြန်စွာ လှုပ်ရှားနေသော်လည်း အမှောင်ထဲမှ သတိထားမိရန် မဖြစ်နိုင်သော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။

ခြံဝန်းကြီးက ဆောင်းရာသီ ရေခဲများထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပုံရ၏။ ပိုးကောင်များ၏ အသံများပင် မကြားရသလို လေတိုက်ခတ်သံများကိုလည်း မကြားရပေ။ ထိုနေရာတွင် လူနေသည်ဟုပင် လူတိုင်းက သံသယ ဝင်နိုင်၏။

မုန့်ချီက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ခြံဝန်း၏ ဘေးဘက်နံရံ အနားသို့ ကပ်သွားလိုက်၏။ ထို့နောက် တိမ်တိုက်တစ်ခုသဖွယ် နံရံကို ညာလက်နှင့် ထောက်ပြီး ခုန်ကျော်လိုက်သည်။ သူက အရိပ်တစ်ခုကဲ့သို့ တစ်ဖက်တွင် တိတ်တဆိတ် ကျဆင်းသွားခဲ့၏။

သူက မြေခွေးဘုရင် သတိမထားမိအောင် အခန်းတစ်ခုဆီသို့ ကပ်သွားခဲ့သည်။ မုန့်ချီက ရန်သူကို တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ရမည်ဖြစ်ကြောင်း သိနေသည့်အတွက် ချက်ချင်း အရှိန်တင်လိုက်ပြီး မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။ သူ၏ လူရိပ်က အလွန်လျင်မြန်လွန်းလှသည့်အတွက် ရှင်းရှင်းလင်းလင်းပင် မမြင်ခဲ့ရပေ။

နောက်ကွယ်တွင် အရိပ်ပေါင်းများစွာပင် တွေ့နေရ၏။ အလွန်မြင့်မားသော အရှိန်ကြောင့် စွမ်းအင်များ ထွက်လာပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့ဓားကိုလည်း ဆွဲထုတ်လိုက်ပြီး အမှောင်ထဲမှ တိုက်ခိုက်လာသော အရာများကို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။

ကျန်းကျိ‌ဝေနှင့် ဝမ်ကိုက်တို့ကတော့ မုန့်ချီထက် အနည်းငယ် ပို၍ နှေးကွေးနေပြီး ဘေးနှစ်ဖက်မှနေ၍ အခန်းထဲသို့ ဝင်လာခဲ့သည်။ သူတို့ကလည်း မြေခွေးဘုရင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ပြင်ဆင်ထားကြသည်။

လက်ထဲတွင် ဓားကို ကိုင်ထားသော မုန့်ချီ၏ အမူအရာက လေးနက်နေပြီး အခန်းထဲတွင် မည်သူမျှ မရှိကြောင်း တွေ့လိုက်ရသည့်အတွက် အနည်းငယ် အံ့ဩနေခဲ့၏။ သူတို့တွေ့ရသည်မှာ သွေးစများ ကပ်နေသော အဝတ်စ တစ်ခုသာ ဖြစ်သည်။ ထိုအချိန်တွင် မြေခွေးဘုရင်နှင့်သက်ဆိုင်သော အငွေ့အသက်များကိုလည်း ခံစားနေရသေး၏။

ဝမ်ကိုက်က ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"ဒီနေရာမှာ နွေးနေသေးတယ်။ ဒီတော့ သူ ထွက်သွားတာ မိနစ် (၃၀)လောက်ပဲ ရှိဦးမယ်…"

သူတို့ (၃)ယောက်က လူခွဲပြီး ပတ်ပတ်လည်ကို ရှာနေခဲ့သော်လည်း မြေခွေးဘုရင်နှင့် ပတ်သက်သော ခြေရာလက်ရာများကို မတွေ့ရပေ။ သူတို့ နောက်တစ်ကြိမ် ပြန်တွေ့သည့် အချိန်တွင် ကျန်းကျိဝေက ရေရွတ်လိုက်၏။

"ကြည့်ရတာ ငါတို့ တိုက်ခိုက်မဲ့အစီအစဉ်ကို မြေခွေးဘုရင်က သိနေသလိုပဲ…”

“ဒါပေမဲ့ ဒီအကြောင်းကို သိတာ ငါတို့ (၃)ယောက်ပဲ ရှိတယ်လေ…"

သူတို့ထဲမှ တစ်ယောက်ယောက်က အစီအစဉ်ကို မြေခွေးဘုရင်သိအောင် ပြောပြလိမ့်မည်ဟု မုန့်ချီက သံသယ ဝင်နေခြင်း မရှိချေ။ သူက အခြေအနေကိုသာ စဉ်းစားနေခဲ့၏။

"ကြည့်ရတာ သူ့ရဲ့အကျင့်စရိုက်အတိုင်း သူ့ရဲ့တည်နေရာကို ပေါ်သွားမှာ စိုးတဲ့အတွက် ပြောင်းနေတာလည်း ဖြစ်နိုင်ပါတယ်…"

…………

အလင်းရောင်များ မှေးမှိန်နေသော အခန်းတစ်ခုထဲတွင် …

မြေခွေးဘုရင်က ထိုင်ခုံတစ်ခုတွင် ထိုင်နေ၏။ သူက သွေးနှင့် ဖန်တီးထားပုံရသော အနီရောင်ဆေးလုံး တစ်လုံးကို ကိုင်ထားသည်။ ထို့နောက် သူက အက်ရှရှလေသံနှင့် မေးလိုက်၏။

"ဘာကြောင့် မင်းတို့က ငါ့ကို ကယ်ခဲ့ရတာလဲ။ ပြီးတော့ ကိုယ်ပျောက်ဓား ချီစွမ်းအင်တွေကြောင့် ရထားတဲ့ ဒဏ်ရာကို ကုသဖို့တောင် ဆေး ပေးသေးတာလား.."

သူ့ရှေ့တွင်တော့ အလွန်သိမ်မွေ့နူးညံ့ပြီး လှပသော မိန်းမပျိုတစ်ယောက် ရပ်နေသည်။ သူမက နာမည်ကျော် အထက်တန်းလွှာမိသားစုမှ လူတစ်ယောက်ဟု ထင်မှတ်ရ၏။ သူမက ရွှေကြိုးများနှင့် ဖန်တီးထားသော အနက်ရောင် တာအိုသခင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာပေါ်တွင်တော့ ပြဇာတ်များတွင် အသုံးပြုသော အနောက်ပိုင်းသခင်မမျက်နှာဖုံးကို တပ်ဆင်ထား၏။

"ငါက လူတစ်ယောက်နဲ့ ရင်ဆိုင်ဖို့အတွက် နင့်ကို အကူအညီ ပေးခဲ့တာ…"

အနောက်ပိုင်းသခင်မ မျက်နှာဖုံးကို ဝတ်ဆင်ထားသော မိန်းမပျိုက အေးစက်စွာ ပြောလိုက်သည်။

Translated by Hein Htet

All Chapters