အခန်း (၄၀၇)
Vol. 28 Ch. 407
တောင်ထိပ်ပေါ်တွင် လေလှိုင်းများ တိုက်ခတ်နေပြီး သစ်တောကြီးကလည်း ရွှေရောင်အလင်းတန်းများ ပတ်ဖြန်းထားသလို ထင်မှတ်ရသည်။ မုန့်ချီက နဂါး ၊ ဆင်၊ ကျား ၊ ကျားသစ်နှင့်ငှက်ကြီး ကိုယ်တော်များကို ကြည့်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်၏။
"အိမ်ရှေ့မင်းသား …
ကျွန်တော်က အလောင်းအစား မလုပ်ရင် ဘာဖြစ်မှာလဲ…"
သူကတော့ အရေးမကြီးသော အရာတစ်ခုကို ပြောနေသည့်အလား ထင်မှတ်ရသည်။
ကျိုးချမ်၏ရှေ့တွင် ရှိနေသော မိန်းမစိုးက အပြုံးနှင့် ပြောလိုက်၏။
"မင်းက မင်းရဲ့အဆင့်နဲ့ သိပ်မကွာတဲ့ စိန်ခေါ်မှုကို လက်ခံဖို့ အရမ်းကြောက်နေတယ် ဆိုရင်တော့ သတ်ဖြတ်ရေးဓားဆိုတဲ့ နာမည်နဲ့ မထိုက်တန်ဘူး။ လောကတစ်ခွင်လုံးမှာ ရှိတဲ့လူတွေကလည်း မင်းကို လှောင်ပြောင်ကြလိမ့်မယ်။ ဒီသတင်းသာ ပြန့်သွားမယ်ဆိုရင် လူငယ်မှတ်တမ်းရဲ့ အဆင့် (၆)မှာ ရှိနေတဲ့ မင်းက သတ်ဖြတ်ရေးဓား မဟုတ်တော့ဘဲ ကြွက်သတ်ဓားလို့ ဝိုင်းပြောကြလိမ့်မယ်။ မင်းက ယုန်တစ်ကောင်လို ကြောက်နေပြီး မင်းရဲ့ဓားကတော့ သံချေးတက်နေတယ် ထင်တယ်။ ပြီးတော့ မင်းက စိန်ခေါ်မှုကို ဘာများကြောက်စရာလိုလို့လဲ။ ဒါက ဘာမှထိခိုက်မှာမှ မဟုတ်တာ .… "
သူက သူ၏စွမ်းရည်ကို အဓိက ရည်ညွှန်းပြီး မုန့်ချီကို ရန်စနေခြင်းဖြစ်သည်။
မုန့်ချီကတော့ တည်ငြိမ်နေသေး၏။ သူက တခြားလူများ၏ ရှေ့တွင် သူ၏ စွမ်းရည်ကို ပြသလိုပြီး သူ့နာမည်ကို ထိန်းသိမ်းထားချင်သော်လည်း မလိုအပ်သော အရာများကိုတော့ မလုပ်ချင်ပေ။ ထိုကဲ့သို့ ရန်စမှုက ဘာလုပ်နိုင်မည်နည်း။
သူက ဒေါသထွက်နေခြင်း မရှိဘဲ အပြုံးနှင့် ပြောလိုက်၏။
"ကျုပ်ရဲ့ စိတ်သဘောထားက မကောင်းဘူး။ တိုက်ခိုက်မယ် မတိုက်ခိုက်ဘူးဆိုတာကို ကျုပ်ခံစားချက် အတိုင်းပဲ ဆုံးဖြတ်တာ။ တခြားလူတွေ ကောလာဟလတွေကိုလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်သာ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင်လည်း ဘယ်သူကမှ ကျုပ်ကို မတားနိုင်ဘူး။ အစွမ်းထက်ဆုံး ပြိုင်ဘက် တစ်ယောက်ကတောင် ကျုပ်ကို မခြိမ်းခြောက်နိုင်ဘူး။ တကယ်လို့ ကျုပ် မတိုက်ခိုက်ချင်ဘူးဆိုရင်တော့ ခင်ဗျားတို့ ပြောနေတဲ့ စကားတွေက ကျုပ်အတွက်တော့ ပါးပြင်ပေါ်ကို ရိုက်ခတ်လာတဲ့ လေပြည်လေညင်းကလေးတွေလိုပဲ။ ဘာမှထူးခြားသွားမှာ မဟုတ်ဘူး…"
သူကတော့ သူ့ကိုယ်သူ ကျုပ်ဟု ပြောနေပြီး တလေးတစား ပြောနေခြင်း မရှိပေ။ မုန့်ချ၏ သဘောထားနှင့်ပတ်သက်ပြီး ကျန်းကျိဝေကလည်း ခေါင်းညိတ် ထောက်ခံလိုက်၏။ ထိုအရာက သိုင်းပညာရှင်တစ်ယောက်၏ အစစ်အမှန် စိတ်သဘောထား ဖြစ်သည်။
"ကြည့်ရတာ သတ်ဖြတ်ရေးဓားက စိတ်ရှိတိုင်း သတ်ဖြတ်တာ မဟုတ်ဘူးပဲ…။ ငါ့ရဲ့ ကတိတစ်ခုက အကြောင်းအရာတွေ အများကြီးကို ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် လောကကြီးပေါ်မှာ ရှိတဲ့ လူပေါင်းများစွာက လိုချင်နေကြတာ…"
ကျိုးချမ်က သက်ပြင်းချလိုက်သည်။ ခြိမ်းခြောက်ခြင်းက အလုပ်မဖြစ်သည့်အတွက် ကျိုးချမ်က အကျိုးအမြတ်များနှင့် သူ့ကို ဆွဲဆောင်လိုက်ပြန်၏။
မုန့်ချီက ကျယ်လောင်စွာ ရယ်ပြီး ပြောလိုက်သည်။
"ကျွန်တော်က အိမ်ရှေ့မင်းသားရဲ့ ကတိမရှိဘဲ နှစ်ပေါင်းများစွာ နေလာခဲ့တာ အဆင်ပြေပါတယ်။ ဒီတော့ အိမ်ရှေ့မင်းသားက ဘာတွေ စဉ်းစားနေတာလဲ။ ကျွန်တော်က လူငယ်မှတ်တမ်းထဲမှာ အဆင့်(၆) ရှိနေပြီး နာမည်ကျော် လူတစ်ယောက်ပဲလေ။ ကျွန်တော် လောင်းမယ် မလောင်းဘူးဆိုတာကို ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်လို့ မရဘူးလား။ ကျွန်တော်က အခုမှ အသက် (၁၈)ထဲကို ရောက်လာရုံပဲ ရှိသေးတယ်။ လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး (၁၀)ယောက်ထဲကို ရောက်နေပြီ။ ကျွန်တော်က ဓမ္မကာရ အဆင့်ကိုတောင် ရောက်နိုင်တဲ့အတွက် ကျွန်တော့်ရဲ့ကတိစကားကလည်း အိမ်ရှေ့မင်းသားရဲ့ကတိလို အသုံးဝင်တာပဲလေ…"
သူကတော့ သူကိုယ်သူ ယုံကြည်ချက် ရှိနေသည့်အတွက် ကျိုးချမ်က အနည်းငယ် မျက်မှောင်ကြုတ်နေမိသည်။
သူ့စကားကို နားထောင်လိုက်ပြီးနောက် မိန်းမစိုး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။
"သူက အိမ်ရှေ့မင်းသားရဲ့ရှေ့မှာတောင် သူ့ကိုယ်သူ နှိုင်းယှဉ်ရဲသေးတယ်။ ဓမ္မကာရ ဖြစ်ဖို့ မျှော်လင့်နေတာလား။ လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တဲ့ မျိုးဆက် ဘယ်လောက်များများ ဓမ္မကာရအဆင့်ကို ရောက်ခဲ့လို့လဲ…"
ပတ်ပတ်လည်တွင် ရှိနေသော အစောင့်များ၏ မျက်နှာအမူအရာကလည်း ပြောင်းလဲ သွားကြသည်။ အဘယ်ကြောင့်ဆိုသော် စုမုန့်က ထိုမျှ မောက်မာလိမ့်မည်ဟု သူတို့လည်း လုံးဝ မတွေးမိခဲ့ကြပေ။
"နင်ကမှ သတ်ဖြတ်ရေးဓားဆိုတဲ့ နာမည်နဲ့ ထိုက်တန်တာ…"
ကျန်းကျိဝေက ပြုံးလိုက်ပြီး မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် စနောက်လိုက်သည်။
သူက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို လေ့ကျင့်ထားပြီး ကောင်းကင် ရွှေကျင့်စဉ်ကိုလည်း လေ့ကျင့်ထားသည်။ ဗုဒ္ဓလက်ဝါး၏ ပထမသိုင်းကွက် ၊ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်၏ ပထမသိုင်းကွက် ကောင်းကင်မိုးကြိုး(၅)ချက်ကိုလည်း လေ့ကျင့်ထား၏။ ထို့ကြောင့် သူက သူ၏ စွမ်းရည်များကို ယုံကြည်ချက် မရှိလျှင် သိုင်းလောက၌ ခြေချနိုင်မည် မဟုတ်ချေ။
မုန့်ချီက ကျိုးချမ်ကို ပြတ်သားစွာ စိုက်ကြည့်လိုက်၏။ ကျိုးချမ်က လက်ခုပ်တီးပြီး ရယ်လိုက်သည်။
"မင်းက တခြားသူတွေရဲ့စကားကြောင့် လမ်းပျောက်မသွားဘူး။ ဒါကြောင့် သခင်လေးစု … မင်းမှာ ဗုဒ္ဓသဘာဝ ရှိနေတာပဲ။ ငါကတော့ အပေါ်ယံကိုပဲ အာရုံစိုက်နေမိတယ်။ မင်းက အလောင်းအစား မလုပ်ချင်ဘူး ဆိုမှတော့ ငါလည်း အတင်းမလုပ်ခိုင်းတော့ပါဘူး…"
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"
မုန့်ချီက ရင်ဘတ်ပေါ်တွင် လက်တင်လိုက်သည်။ ထို့နောက် သူက လေးလေးနက်နက် ပြောလိုက်၏။
"ဆရာတော် (၅)ပါး.…
ကျွန်တော်က စိန်ခေါ်မှုကို လက်ခံချင်တယ်…"
"ဟမ် … "
အခြေအနေ အလှည့်အပြောင်းက လူတိုင်း ထင်ထားသည်ထက် ကျော်လွန်နေခဲ့၏။ ကျောင်းထိုင်ကိုယ်တော် ဟွာရန်ကပင် အံ့ဩမှင်တက်သွားခဲ့၏။ အလွန်ပျော်ရွှင်နေသော သူ၏မျက်နှာအမူအရာက ရုတ်တရက် ပျောက်ကွယ်သွားပြီး မုန့်ချီ၏ အတွေးကို နားမလည်နိုင်ကြောင်း သိသာနေသည်။
ကျန်းကျိဝေ တစ်ယောက်တည်းကသာ ပြုံးလိုက်မိ၏။ ထိုကိုရင်လေး၏ အကျင့်စရိုက်က ထိုနေရာတွင်တော့ သူမနှင့် အတော်လေးကို တူညီနေသည်။
"စုမုန့် …
မင်းက အလောင်းအစား မလုပ်ချင်ဘူး မဟုတ်လား…"
မိန်းမစိုးက ရှေ့ကို တစ်လှမ်းတက်လာပြီး ဒေါသတကြီး ပြောလိုက်သည်။ သူ့အသံက အနက်ရောင် သစ်သားပြားကြီးကို လက်သည်းနှင့်ကုတ်နေသလို အသံမျိုး ဖြစ်သည်။
ထိုအသံက မုန့်ချီဆီသို့ ရောက်လာခဲ့သည့်အချိန်တွင် ဝေဝါးသွားသလို ခံစားချက်မျိုး ခံစားနေရ၏။ တစ်ချိန်တည်းတွင် ဓားနှင့် အပ်များကဲ့သို့ အေးစက်သော လေလှိုင်းများလည်း ရောက်လာခဲ့သည်။ မုန့်ချီကပင် အနည်းငယ် တုန်ယင်သွားခဲ့၏။
မုန့်ချီကတော့ သူ့အပြုံးကို ပြောင်းလဲခဲ့ခြင်း မရှိဘဲ အေးချမ်းစွာ ပြောလိုက်သည်။
"ကျွန်တော်က အလောင်းအစား မလုပ်ချင်ဘူး။ ဒါပေမဲ့ တိုက်ခိုက်ချင်သေးတယ်။ တကယ်လို့ အလောင်းအစားကြောင့် တိုက်ခိုက်ရမယ်ဆိုရင် ဝမ်းသာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က အလောင်းအစား မလုပ်ဘူး။ ဒါပေမဲ့ အလောင်းအစား မရှိဘူးဆိုရင်တော့ စိတ်ချမ်းသာပြီး သက်သောင့်သက်သာရှိတယ်။ ဒီတော့ ဆရာတော်တွေကို ကျွန်တော့်ရဲ့ဓားနဲ့ တိုက်ခိုက်ချင်တယ်။ ဒီဆရာတော် (၅)ပါးက ပူးပေါင်းလိုက်မယ်ဆိုရင် လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး (၁၀)ယောက်ထဲမှာရှိတဲ့ လူတိုင်းထက် နိမ့်ကျမှာ မဟုတ်ဘူးလို့ အိမ်ရှေ့မင်းသားက ပြောတယ်။ ဒီတော့ သူတို့ကို ဝမ်းမြောက်ဝမ်းသာ ရင်ဆိုင်ချင်တယ်…."
သူ့အသံက ကျယ်လောင်ခြင်း မရှိသော်လည်း စူးရှလွန်းလှသည်။ အစောင့်ပေါင်းများစွာ၏ ခေါင်းထဲတွင်လည်း တူညီသော အတွေးတစ်ခု ပေါ်လာကြ၏။
“သူက အစစ်အမှန် သိုင်းပညာရှင်တစ်ယောက်ပဲ…”
“အဲဒါကမှ အစစ်အမှန်ပဲ … "
ကျန်းကျိဝေက တီးတိုးပြောလိုက်သည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကျိုးချမ်က အပြုံးနှင့် ပြောလိုက်၏။
"စိန်ခေါ်မှုကို လက်ခံမလား လက်မခံဘူးလားဆိုတာကတော့ ဆရာတော် (၅)ပါးရဲ့ ဆုံးဖြတ်ချက်ပါ။ ငါက ဆုံးဖြတ်ပေးလို့ မရဘူး…"
မိန်းမစိုးက နဂါး ၊ ဆင် ၊ ကျား ၊ ကျားသစ်နှင့် ငှက်ကြီး ဆရာတော်တို့ကို လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"ငါ့အတွက် သူ့ကို တိုက်ခိုက်ပေးပါ။ သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက် ။ သူက အိမ်ရှေ့မင်းသားနဲ့ ငါ့ရှေ့မှာတောင် လှည့်ကွက်တွေ လုပ်ရဲတယ် ။ သူက ဒီတောင်းဆိုမှုကို တမင်တကာ လုပ်တာပဲဖြစ်မယ်…"
နဂါးဆရာတော်က လက်အုပ်ချီပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ဒကာလေးစုက စိန်ခေါ်ချင်နေမှတော့ ငါ့ရဲ့ဆရာတူ အစ်ကိုကြီးတွေ ညီလေးတွေနဲ့အတူ ဒကာလေးရဲ့စိန်ခေါ်မှုကို လက်ခံပါ့မယ်…"
"ကောင်းပါပြီ … "
မုန့်ချီက ပြန်လှည့်လာပြီး သူ့ဓားနှင့်အတူ စံအိမ်အပြင်ဘက်တွင် ရှိသော ကွင်းပြင်ဆီသို့ လျှောက်လာခဲ့သည်။ သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့် အချိန်တွင် အလွန်ကြောက်စရာကောင်းသော အစွမ်းများ ထွက်လာခဲ့၏။
သူ ခြေလှမ်းလိုက်သည့်အချိန်တိုင်း သူ့ခန္ဓာကိုယ်က အနည်းငယ်ဆီ ကြီးထွားလာသလို ခံစားရသည်။ အဆုံးတွင်တော့ သူက ကောင်းကင်ကြီးကိုပင် ထိနေသော ဧရာမ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ထင်လိုက်ရ၏။
ကျန်းကျိဝေက မျက်လုံးပြူးသွားခဲ့သည်။ ကြည့်ရသည်မှာ ကိုရင်လေးက ကောင်းကင်မိုးကြိုး(၅)ချက်၏ လှုပ်ရှားမှုများ အားလုံး ပြည့်စုံသွားသည့်အပြင် အခြေခံနားလည်မှုများလည်း ရသွားပုံပေါ်သည်။ လက်ရှိအချိန်တွင် အရိုးကြွက်သား အားဖြည့်ကျင့်စဉ်၏ အကျိုးသက်ရောက်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏တိုက်ခိုက်မှုပုံစံက ကောင်းကင်ကြီး၏ အပြစ်ပေးမှုကဲ့သို့ ထင်မှတ်ရသည် ။
ဆရာတော် နဂါး ၊ ဆင် ၊ ကျား ၊ ကျားသစ်နှင့် ဧရာမ ငှက်ကြီးတို့က သူ့နောက်မှ လိုက်ထွက်လာကြပြီး စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် နေရာယူလိုက်ကြသည်။ သူတို့၏ ပုံသဏ္ဌာန်က မြွေတစ်ကောင် ခွေနေသကဲ့သို့ ထင်မှတ်ရ၏။
"အော်မီတော်ဖော် … "
ဆရာတော် (၅)ပါးက တပြိုင်နက်တည်း ရေရွတ်လိုက်သည်။
ထိုအရာက လျှို့ဝှက်တံခါး တချို့ကို ဖွင့်လိုက်သလို ထင်မှတ်ရပြီး သူတို့၏ အရှိန်အဝါကလည်း သိသိသာသာ ပြောင်းလဲသွားကြသည်။ သူတို့က အချင်းချင်း ချိတ်ဆက်သွားခဲ့၏။ ပတ်ပတ်လည်တွင် တည်ငြိမ်အေးချမ်းနေပြီး တရားဓမ္မများနှင့် ပြည့်နှက်နေသည်။ တစ်နေရာရာတွင် အငွေ့အသက်များ ၊ ချီစွမ်းအင်များ ရှိနေပုံရ၏။
ပေါင်းစပ်မှုများကြောင့် သူတို့၏ချီစွမ်းအင်များ တရိပ်ရိပ် မြင့်တက်လာသည်ကို မုန့်ချီက ခံစားမိနေသည်။ သူတို့က ဉာဏ်အလင်းပွင့်မှုအဆင့် ကန့်သတ်ချက်များကို လျင်မြန်စွာ ချိုးဖျက်သွားခဲ့ပြီး ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့၏။ သူတို့၏ ပုံသဏ္ဌာန်က ပုံရိပ်ယောင် ဖြစ်သွားပုံရပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ပေါင်းစပ်နေသည်။
မျက်လုံးမှိတ်ထားလျှင် သူတို့ (၅)ယောက်၏ တည်ရှိမှုကို မည်သူကမျှ ခန့်မှန်းနိုင်ခြင်း မရှိချေ။ ထို့ပြင် သူတို့၏ ချီစွမ်းအင်များနှင့် အငွေ့အသက်များကလည်း အချင်းချင်း ပေါင်းစပ်နေပြီး သူတို့၏ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲနေခဲ့၏။ သူတို့၏ချီစွမ်းအင်နှင့် အငွေ့အသက်များ အားလုံးက ကွဲပြားမှု မရှိဘဲ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို သုံး၍ ပူးပေါင်းတိုက်ခိုက်သူများနှင့် ကွဲပြားသည်။
သူတို့က လူတစ်ယောက်တည်း၏ ခေါင်းနှင့် လက် (၄)ဖက်ကဲ့သို့ ဖြစ်နေ၏။ သူတို့ထဲမှ တစ်ယောက်က လူသားနှင့် ကောင်းကင် တစ်သားတည်း အဆင့်ကို ရောက်သွားသည်နှင့် တခြား (၄)ယောက်လည်း အတူတူသာဖြစ်၏။ အကယ်၍ မုန့်ချီ၏ခေါင်းက လူသားနှင့်ကောင်းကင် တစ်သားတည်း အဆင့်ကို ရောက်နေပြီး သူ၏လက်နှစ်ဖက်ကတော့ မရောက်လျှင် အဓိပ္ပါယ်မရှိတော့ပေ။
"ဒါက တော်တော်ထူးခြားတာပဲ…."
မုန့်ချီက မျက်လုံးတစ်ဖက် ဖွင့်ထားပြီး ညာလက်ထဲတွင် ဓားကို ကိုင်ထားသည်။ သူက ကျော်ကြားပြီး တောင်ထိပ်ပေါ်ရှိ ကျောင်းဆောင်ထဲတွင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြောင့် သိုင်းလောကတွင် နာမည်ကျော်နေခဲ့၏။ သူက အဖွဲ့လိုက် ပြိုင်ဘက်များနှင့် တိုက်ခိုက်ရာတွင် တော်သည်ဟုလည်း နာမည်ကျော်ကြားသည်။
ကျိုးချမ်တို့ကလည်း ထိုအရာကို သိနေ၏။ သူတို့ (၅)ယောက်က ပူးပေါင်းပြီး တိုက်ခိုက်နေသည့်အတွက် သူတို့ဆီတွင် အားကိုးစရာ တစ်စုံတစ်ခု ရှိနေနိုင်သည်။ သူတို့က မုန့်ချီ၏ရှေ့၌ ပေါ်လာသည့် အချိန်တွင်တော့ ထင်ထားသည့်အတိုင်း အံ့ဩစရာ ကောင်းနေခဲ့၏။
"အော်မီတော်ဖော် .… "
ဘုန်းတော်ကြီး (၅)ပါးက နောက်တစ်ကြိမ် ရေရွတ်လိုက်ကြပြန်သည်။ ထိုအချိန်တွင် တောင်တန်းတစ်ဝက် စံအိမ်၏ အပြင်ဘက်တွင် ရှိနေသော နေရာက တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး မြေပြင်ပေါ်တွင် မြေသားများ၏ အညစ်အကြေးများ ရှိပုံမရပေ။ တိုက်ခိုက်ချင်စိတ်များကလည်း နှလုံးသားထဲတွင် အရည်ပျော်ကျသွားသလို ထင်မှတ်ရပြီး ဓားကို ထုတ်ရန် အတွေးမျိုးကိုပင် လက်လျှော့လိုက်နိုင်၏။
"တကယ် အံ့ဩစရာကောင်းတဲ့ သိုင်းပညာပဲ…"
မုန့်ချီက သူ့စိတ်ကို ထိန်းချုပ်ထားပြီး တိတ်ဆိတ်ငြိမ်သက်သော အခြေအနေကို ချိုးဖျက်နေသည်။ ထို့နောက် သူက ညာလက်ထဲသို့ စွမ်းအားများ ပို့ဆောင်လိုက်ပြီး ဓားမောက်ကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။
သူတို့၏ မျက်လုံးထဲတွင် ငွေရောင်အလင်းတန်းများ တောက်ပလာပြီး ကောင်းကင်ပြစ်ဒဏ်ဓား ထွက်ပေါ်လာသည့် အချိန်တွင် မိုးကြိုးအလင်းတန်းများလည်း ပေါ်လာခဲ့သည်။ မုန့်ချီက ယခင်တုန်းကထက် ပို၍ ကြီးမားပြီး အစွမ်းထက်လာသလို ထင်မှတ်ရ၏။ သူက ဓားတစ်လက်နှင့် ပြေးဝင်သွားပြီး မိုးကြိုးစပါးအုံးမြွေကြီး တစ်ကောင်ကဲ့သို့ တိုက်ခိုက်လိုက်သည်။
သူ၏ ဓားအရှိန်အဝါက တောင်တန်းကြီးတစ်ခုကဲ့သို့ အလွန်လေးလံပြီး လေထဲမှ ဖိနှိပ်လိုက်၏။ ထိုအချိန်တွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုကိုလည်း ကြားလိုက်ရသည်။ သူ့ရှေ့တွင် ရှိနေသော လူများကတော့ လည်ချောင်းနှင့် ဗိုက်ထဲမှနေ၍ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲသွားနိုင်သည်။
ဆရာတော် ကျားက လက်တစ်ဖက်တွင် ပုတီးကို ကိုင်ထားပြီး တခြားလက်တစ်ဖက်နှင့် အပြင်သို့ တွန်းထုတ်လိုက်၏။ သူတို့ဆီတွင် စုစည်းနေသော အရှိန်အဝါ အများစုကလည်း ဆရာတော် ကျားဆီတွင် စုစည်းသွားခဲ့ပြီး သူ၏ လက်ဖဝါးက ရွှေရောင်တောက်ပလာခဲ့၏။ သူ၏ လက်ဖဝါးက အစွမ်းထက်လာပြီး ရွှေတုံးများကိုပင် အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်နိုင်ပုံရသည်။
"ဗုန်း … "
လက်ဖဝါးက ဓားသွားကို ရင်ဆိုင်လိုက်မိပြီး မုန့်ချီက ထိုအရာကို ထိန်းသိမ်းထားရန် အလွန်ခက်ခဲသည်ဟု ခံစားနေရ၏။ လက်ဖဝါးက အလွန်အစွမ်းထက်သည့်အတွက် မနည်းရင်ဆိုင်လိုက်သည်။ သူက ရင်မြို့ထဲတွင် ရှိနေသော ယပ်တောင် (၆)လက်ကျောင်းထဲရှိ လေ့ကျင့်ရေးကွင်းပြင်ထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။
သူက ရန်ချုံဖြစ်လာပြီး ဘုန်းတော်ကြီး (၅)ပါးက ဒေါ်လေးပိုင် ဖြစ်လာသလို ခံစားလာရသည်။ သူကတော့ အတင်းအကြပ် ခုခံနေခြင်း မရှိဘဲ တခြားတစ်ဖက်သို့ ပြောင်းပြီး ဆရာတော် ဆင် ဆီသို့ ခုန်ဝင်သွားပြန်၏။ ထို့နောက် လေးလံသော မိုးကြိုး အရှိန်အဝါကို သုံးပြီး သူတို့၏ အရှိန်အဝါ တစ်ဝက်ခန့်ကို ဖြတ်တောက်ပစ်ရန် ကြိုးစားလိုက်သည်။
သူ၏လှုပ်ရှားမှုက ရုတ်တရက် အရှိန်မြန်လာသလို လက်ထဲတွင် ရှိနေသော ဓားကလည်း မြန်လာသည်မှာ ဆောင်းရာသီ လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေသလို ထင်မှတ်ရ၏။
သို့သော် ဆရာတော် (၅)ပါး၏ စွမ်းအားလွှဲပြောင်းမှုက မုန့်ချီ ထင်ထားသည်ထက်ပင် ပို၍လျင်မြန်လွန်းလှသည်။ လွှဲပြောင်းမှုက ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များ လွှဲပြောင်းသကဲ့သို့ အတားအဆီး မရှိချေ။ အရှိန်အဝါက သူတို့တွေးလိုက်သည့် နေရာတိုင်းကို ရောက်လာနိုင်၏။
မုန့်ချီ၏ ဓားက အလွန်လျင်မြန်စွာ လှုပ်ရှားသွားသော်လည်း ဆရာတော် ဆင်က သူ့လက်ဖဝါးနှင့် အလွန်လျင်မြန်စွာ ရင်ဆိုင်နိုင်ခဲ့သည်။ သူက မျက်လွှာချထားပြီး လက်ဖဝါးကို တွန်းထုတ်လိုက်သည့်အချိန်တွင် အလွန်ထူးခြားသော စွမ်းရည်များကို ပြသနိုင်သည်။
တစ်ချိန်တည်းတွင် တူညီသော အငွေ့အသက် ရှိနေသည့် တခြားဘုန်းတော်ကြီး (၄)ပါးကလည်း မတူညီသောနေရာမှနေ၍ မုန့်ချီကို ရိုက်လိုက်ကြသည်။ သူတို့က ရှောင်တိမ်းရန် နေရာကိုပင် ပိတ်ဆို့ထားကြ၏။ ထို့ကြောင့် သူက ထိုအခြေအနေမှ လွတ်မြောက်ရန် ခက်ခဲလာသည်ဟု ခံစားနေရသည်။
မုန့်ချီ၏ ဓားမောက်လှုပ်ရှားမှုများက သူ့ကို လမ်းညွှန်ပေးလာသည်။ သူက စက်ဝိုင်းသဖွယ် လှည့်ပတ်လိုက်ပြီး ထိုအရှိန်အဝါ၏ အစွမ်းကို သုံး၍ ဆရာတော် (၅)ပါး၏ အစွမ်းကို ပြန့်သွားအောင် လုပ်ဆောင်လိုက်၏။ ထို့နောက် သူက ဓားနှင့်ခုတ်လိုက်ပြီး လက်ဝါး (၅)ခု၏ ဝန်းရံတိုက်ခိုက်မှုမှ တစ္ဆေတစ်ကောင်ကဲ့သို့ လွတ်မြောက်သွားခဲ့သည်။
"သူက စွမ်းအားတွေကို ငှားယူပြီး ပျံ့သွားအောင် လုပ်နိုင်တဲ့ အရည်အချင်းတောင် ရှိတာပဲ။ ဒါကြောင့်လည်း သူက အဖွဲ့လိုက် တိုက်ခိုက်မှုတွေကို မကြောက်တာ … "
ကျိုးချမ်က သက်ပြင်းချလိုက်မိသည်။
မိန်းမစိုးက အေးစက်စွာ ပြောလိုက်၏။
"သူက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို သုံးလိုက်တာ ဖြစ်မယ်။ သူက ဆရာတော် (၅)ပါးရဲ့ စွမ်းအားကို ဘယ်လိုများ ရင်ဆိုင်မလဲဆိုတာ သိချင်သေးတယ် … "
မုန့်ချီက သူ၏ ကိုယ်ဖော့ပညာကို သုံးလိုက်သည့် အချိန်တွင် တချို့က ပုံရိပ်ယောင်ကဲ့သို့ ဖြစ်လာပြီး တချို့က အစစ်အမှန် ကဲ့သို့ ဖြစ်လာသည်။ တချို့က လျင်မြန်နေ၏။ သူကတော့ ဆရာတော် (၅)ပါးက ဝိုင်းတိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။
သူ၏ဓားမောက် စွမ်းအင်များကလည်း ဆက်တိုက်လှုပ်ရှားနေပြီး သူတို့ထဲမှ တစ်ယောက်ကို ခုတ်ချလိုက်၏။ သူ၏လှုပ်ရှားမှုတချို့က ကြောက်စရာကောင်းပြီး တချို့က တည်ငြိမ်သည်။ တချို့က လျင်မြန်ပြီး တချို့က နှေးကွေး၏။ တစ်ခါတစ်ရံ ပုံရိပ်ယောင်ကဲ့သို့ ထင်မှတ်ရပြီး တစ်ခါတစ်ရံ အစစ်အမှန်ကဲ့သို့ ထင်မှတ်ရသည်။
သို့သော် ဆရာတော် (၅)ပါး၏အငွေ့အသက်များကတော့ အလှည့်အပြောင်း မြန်ဆန်လွန်းလှပြီး သူတို့အားလုံးက လူသားနှင့်ကောင်းကင် တစ်သားတည်း အဆင့်ကို ရောက်နေသော သူ့ဓားချက်၏ အစွမ်းကို ခံနိုင်ရည်ရှိကြသည်။
သာမန်လက်ဝါးချက်တစ်ခုကပင် ပြောင်းလဲမှုများစွာ ရှိနေသော မုန့်ချီ၏ ဓားမောက် အရှိန်အဝါကို ဖယ်ရှားပစ်နိုင်၏။ သူတို့က ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက် သို့မဟုတ် သတ်ဖြတ်ရေး သိုင်းကွက်ကို သုံးရန် အခွင့်အရေး မပေးသလို သူတို့၏ ဝိုင်းရံတိုက်ခိုက်မှုမှ လွတ်မြောက်ခွင့်လည်း မပေးပေ။
သူတို့က လှုပ်ရှားမှုများကို တည်တည်ငြိမ်ငြိမ် အသုံးချနေပြီး ရှေ့ကို တစ်လှမ်းချင်းဆီ တက်လာခဲ့၏။ (၅)ကြိမ်တိတိ တိုက်ခိုက်လိုက်ပြီးနောက် မုန့်ချီ ရှောင်တိမ်းနိုင်သော နယ်မြေက တဖြည်းဖြည်း လျင်မြန်စွာ ကျဉ်းမြောင်းလာခဲ့သည်။
အကယ်၍ သူတို့ကသာ နောက်ထပ် သိုင်းကွက် (၅)ကွက် ဆက်လက် တိုက်ခိုက်လိုက်မည်ဆိုလျှင် မုန့်ချီက (၅)ယောက် တစ်ယောက် ထိပ်တိုက် ရင်ဆိုင်ရတော့မည်ဖြစ်၏။
"အော်မီတော်ဖော် … "
ဆရာတော် နဂါးက နောက်တစ်ကြိမ် ရေရွတ်လိုက်ပြန်သည်။ ထို့နောက် သူက လက်ဖဝါးကို လက်သည်းအဖြစ် ပြောင်းလဲလိုက်၏။ လက်ချောင်းများက အလွန်အစွမ်းထက်ပုံရပြီး နဂါးတစ်ကောင်ကို ဖမ်းဆီးတော့ မလိုဖြစ်နေ၏။
တစ်ချိန်တည်းတွင် ဆရာတော် ကျား ၊ ကျားသစ် ၊ ဆင်နှင့် ငှက်ကြီးတို့ကလည်း လိုက်ပါလာခဲ့ကြသည်။ သူတို့ထဲမှ တချို့၏လက်ဖဝါးထဲတွင် စွမ်းအားများ ရှိနေပြီး ကျောက်တုံးများကို ဖျက်ဆီး၍ မြေပြင်ကြီးကို ထက်ဝက်ခြမ်း ခွဲနိုင်သည်။ တချို့ကတော့ အရိပ်ပင် ထွက်မလာဘဲ လက်သီးနှင့်အဝေးမှ တိုက်ခိုက်လိုက်၏။
သူတို့က စတင်တိုက်ခိုက်လိုက်သည့် အချိန်ကတည်းကစပြီး ယခုလို အမြင့်ဆုံး တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ သူတို့က မုန့်ချီကို အရပ်မျက်နှာ (၅)ဖက်မှ တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ရေအိုးထဲတွင် ရောက်နေသော လိပ်တစ်ကောင်ကို ဖမ်းတော့မလို ပုံစံမျိုးလည်း ဖြစ်သည်။
သူတို့၏ အငွေ့အသက်များက အချင်းချင်း လှည့်ပတ်စီးဆင်းနေပြီး သူတို့၏ လက်ချောင်းများ ၊ လက်ဝါး၊ လက်သီးနှင့် လက်သည်းစွမ်းအင်များက အဆုံးမရှိ ပြောင်းလဲနေသည်။ မည်သူ့ဆီတွင် အဓိက စွမ်းအားရှိနေကြောင်း ပြောပြနိုင်ရန်ပင် ခက်ခဲသည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး သူ့အရပ်က ရုတ်တရက် ရှည်လာခဲ့၏။ တိုက်ခိုက်မှု (၅)ခု ရောက်လာသည့် အချိန်တွင် သူ့ခန္ဓာကိုယ်၏ ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ သူက သူ့အစွမ်းကို သုံးရန် နေရာ မရှိသည့်အတွက် ဆရာတော် (၅)ပါးက သူ့ကို ဖမ်းခွင့်မပေးနိုင်ပေ။
အခွင့်အရေးကို အရယူပြီး သူက အောက်ဘက်သို့ ခုတ်ချလိုက်သည်။ သူ၏ ဓားမောက်က ဆရာတော် ကျားသစ်ဆီသို့ ရောက်သွားခဲ့၏။ ဓားမောက်စွမ်းအင်များက ဝေဝါးနေပြီး အနီရောင်ဖုန်မှုန့်များအဖြစ် ပြောင်းလဲ၍ သူတို့၏ တည်ငြိမ်နေသော စိတ်ကို နှောင့်ယှက်လိုက်သည်။
"ထင်ထားတဲ့ အတိုင်းပါပဲ…"
ပြောင်းလဲမှုကို ကြည့်လိုက်ပြီးနောက် ကျောင်းထိုင်ကိုယ်တော် ဟွာရန်က နားလည်စွာ ပြုံးလိုက်သည်။
ကျိုးချမ်ကတော့ လက်နောက်ပစ်၍ ရပ်နေခဲ့၏။ သူ၏ အပြုံးကတော့ ပြောင်းလဲနေခြင်း မရှိချေ။ ဆရာတော် ကျား ၊ ဆင် ၊ နဂါး ၊ ကျားသစ်နှင့်ငှက်ကြီးတို့က ထိုကဲ့သို့ ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရန် အခက်အခဲ မရှိကြောင်း သူက ယုံကြည်နေပုံရသည်။
Translated by Hein Htet