အခန်း (၄၀၈)
Vol. 28 Ch. 408
မြူခိုးများနှင့် ဓားချီစွမ်းအင်များက အစစ်အမှန် မဟုတ်ပေ။ ထိုအရာက နှလုံးသား၏ အနက်ရှိုင်းဆုံး အတွင်းပိုင်းထဲတွင် ပုန်းအောင်းနေသော နာကျင်စရာ အကောင်းဆုံး မှတ်ဉာဏ်များကဲ့သို့ ထင်မှတ်ရ၏။ သူက စွန့်ပစ်ကလေးငယ် တစ်ယောက်ကဲ့သို့ ခံစားခဲ့ရသည်။ ကျောင်းတော်ကြီးထဲတွင် တာဝန်အပေးခံရပြီးနောက် တစ်စုံတစ်ယောက်က သူ့အတွက် အမွှေးတိုင် ထွန်းပေးရန် မျှော်လင့်နေခဲ့၏။ သူက ဗုဒ္ဓကျောင်းဆောင်ထဲသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
အချိန်တော်တော်ကြာသည့်တိုင်အောင် ဆရာတော်ကျားသစ်က သူ၏အိပ်မက်များထဲမှ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိချေ။ ထိုဓားက သူ့အနားသို့ ဖြည်းညင်းစွာ ကပ်လာပြီး တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးသွားတော့မလို ထင်မှတ်ရ၏။ လူတိုင်းက တူညီသော သမာဓိရှိနေခြင်း မဟုတ်ချေ။ ဆရာတော်ကျားသစ်က မိန်းမောစွာ ရပ်နေပြီး တဖြည်းဖြည်း နီးကပ်လာသော ဓားမောက်ကို ကြည့်နေခဲ့၏။
ထိုအချိန်တွင် အလွန်ထူးဆန်းသော အရာတစ်ခု ဖြစ်လာခဲ့သည်။ သူ၏အငွေ့အသက်များက ပြီးပြည့်စုံစွာ ဖြစ်ပေါ်နေသော်လည်း သူက မှင်တက်နေသော အခြေအနေနှင့် လက်ဝါးနှစ်ဖက်ကို တွန်းထုတ်လိုက်၏။
သူက ရုပ်သေးတစ်ရုပ်ကဲ့သို့ ဖြစ်နေသော်လည်း တခြားဘုန်းတော်ကြီး (၄) ယောက်၏ လွှမ်းမိုးမှုကြောင့် လက်ဝါး(၂) ဖက်ကို အပြင်သို့ တွန်းထုတ်လိုက်သည်။ သူ့လက်ဝါးထဲတွင် ကြောက်စရာကောင်းသော အစွမ်းများ ပါဝင်နေပြီး လက်မောင်းများကလည်း ကြီးထွားလာသလို ထင်မှတ်ရ၏။ ထိုအရာက ဓားသွားကို ဘေး (၂) ဖက်မှနေ၍ တိုက်ခိုက်လိုက်သည်။
"ဒီလိုမျိုးက ဖြစ်နိုင်လို့လား…"
ဆရာတော် (၄) ပါး တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီက သူ၏သိုင်းကွက်ကို ပြောင်းလဲလိုက်ရသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး ဆရာတော်ကျားသစ်၏ လက်ဝါးတည့်တည့်ကို ခုတ်ချလိုက်၏။
တိုက်ခိုက်မှုကြောင့် လေထဲတွင် သူက နောက်တစ်ကြိမ် လွင့်သွားပြန်သည်။ ထို့နောက် အတောင်ပံဖြန့်ထားသော ငှက်တစ်ကောင်ကဲ့သို့ဖြစ်သွားပြီး လက်ဝါးတိုက်ခိုက်မှုမှနေ၍ သူ့ဓားက လွတ်မြောက်သွားခဲ့ပြီး ဆရာတော်ကျားသစ်၏ ခေါင်းပေါ်သို့ ခုန်လာခဲ့သည်။
ဘုန်းတော်ကြီး (၄) ပါးက သူတို့၏လှုပ်ရှားမှုကို ပြောင်းလဲလိုက်ကြပြီး ဆရာတော်ကျားသစ်၏ ပတ်ပတ်လည်တွင် မုန့်ချီကို နောက်တစ်ကြိမ် ဝိုင်းပတ်လာကြသည်။ သူတို့က အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည့် အခြေအနေသို့ ပြန်ရောက်သွားခဲ့ပြန်သည်။
မုန့်ချီက သူတို့ ဝိုင်းဝန်းတိုက်ခိုက်သည့်နေရာမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။ ဆရာတော်များက သူ့အနားသို့ ကပ်လာနိုင်ခြင်းမရှိသလို သူ့ကို ထိန်းချုပ်နိုင်ခြင်းလည်း မရှိချေ။
သူတို့ထဲမှ တစ်ယောက်က အနတ္တကျိန်စာဖျက် ဓားပညာ၏ စွမ်းရည်ကို သက်ရောက်ခံလိုက်ရမည်ဆိုလျှင် ကျန်ရှိနေသော (၄) ယောက်က ထိုတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သေးသည်။ သူတို့၏ပူပေါင်းမှုက အလွန်ထူးဆန်းနေ၏။ သူတို့က တစ်သားတည်းဖြစ်နေသလို ထင်မှတ်ရသည်။
မုန့်ချီက ရပ်တန့်နေခြင်းမရှိဘဲ ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ ကောင်းကင်ဓားကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကဲ့သို့ သိုင်းပညာအနှစ်သာရများကလည်း သူ့ခေါင်းထဲတွင် ပေါ်လာပြီး ဟာကွက်ကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။
သူက အရိုးကြွက်သား အားဖြည့်ကျင့်စဉ်၏ ပထမတွဲကို အချိန်တော်တော်ကြာ လေ့ကျင့်ထားခဲ့၏။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ကောင်းကင်ဓားကျင့်စဉ်တို့ကို လေ့ကျင့်ခဲ့သည့် အချိန်တွင် သူက အလွန်ကြီးမားသော တံခါးကြီးတစ်ချပ်ကို ရောက်သွားသလို ခံစားခဲ့ရသည်။ ထိုတံခါးကြီးကို ကျော်သွားနိုင်မည်ဆိုလျှင်တော့ အလွန်ကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခု ရှိသည်။
ယခုတစ်ကြိမ် တိုက်ခိုက်မှုကတော့ အစိမ်းရောင်ကျင့်ကြံသူ ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားတို့ကို အနိုင်ရခြင်းနှင့် လုံးဝကို ကွဲပြားနေ၏။ ထိုအချိန်တုန်းကတော့ သူက သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို နားလည်နေသည့်အတွက် သူတို့ထဲမှ တစ်ယောက်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့သည်။
သူက အနတ္တအကျိန်စာဖျက် ဓားပညာကိုသုံးပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့၏။ ထိုအရာက မတူညီသော အချိန်ကွာဟချက်များ ဖန်တီးပေးနိုင်ပြီး သူ့အတွက် အခွင့်သာစေနိုင်သည်။
သို့သော် ထိုဘုန်းတော်ကြီး (၅) ပါးကတော့ ခေါင်းနှင့် ခြေလက်များကို အသုံးပြုနိုင်သော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ တစ်ချိန်တည်း တိုက်ခိုက်နိုင်ကြသည်။ အကယ်၍ သူကသာ သူတို့၏ပင်မဝိညာဉ်နှင့် ထိခိုက်နိုင်သော နည်းလမ်းကို ရှာမတွေ့လျှင် သူတို့ကို ရင်ဆိုင်ရန် မလွယ်တော့ပေ။
သူတို့၏အခြေအနေနှင့် ယှဉ်လိုက်မည်ဆိုလျှင် ဒဏ်ရာများက ပြောပလောက်စရာ မရှိချေ။ သူက တိုက်ခိုက်ခွင့်ရရန်အတွက် မနည်းကြိုးစားရမည် ဖြစ်သည်။
"အဓိကသော့ချက်က ဘယ်နေရာမှာဖြစ်နိုင်မလဲ…"
သူက တိုက်ပွဲကို တိုက်ခိုက်နေရင်း ခေါင်းထဲတွင် မြင်ကွင်းပေါင်းများစွာ ပေါ်လာခဲ့သည်။ အငွေ့အသက်များစွာလည်း ဆက်သွယ်လာပြီး တူညီသော ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့၏။
ဝေ့ကျင်းအဆင့် လှုပ်ရှားမှုများက ကိုယ်တွင်းကမ္ဘာကြီးနှင့် သဘာဝတရားကြီးကို ပေါင်းစပ်ရန် လိုအပ်သည်။ ထိုအရာက အစစ်အမှန်ကို နှောင့်ယှက်နိုင်သော ပြင်ပထိန်းချုပ်ရေး နည်းလမ်းတစ်မျိုးလည်း ဖြစ်၏။ ထိုအရာက ကမ္ဘာမြေကြီး၏ အနှစ်သာရများကို အသုံးချနိုင်သော အရာတစ်ခုလည်း ဖြစ်သည်။
ဝေ့ကျင်းတစ်ဝက်အဆင့် သို့မဟုတ် လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့် ပညာရှင်များက ကမ္ဘာမြေကြီး၏ စွမ်းအားများကို လှုံ့ဆော်ရန် စွမ်းအားအနည်းငယ်သာ လိုအပ်သည်။ ထို့ကြောင့် သူတို့က ကမ္ဘာမြေကြီး၏ အနှစ်သာရများကို ငှားယူရန်သာ အဓိက ကြိုးစားကြ၏။ သူက ကောင်းကင်ဖျက်လက်ဝါးကို တုပဖန်တီးခဲ့သည့် ပုံစံအတိုင်း သူတို့၏ အငွေ့အသက်များကို ဖန်တီးနိုင်သည်။
"ပုံသဏ္ဍာန် ပုံသဏ္ဍာန် …"
သူက တုကူးဓား (၉) ကွက်မှ ဆင်းသက်လာသော ချေဖျက်ရေးသိုင်းကွက်ကို တွေးခဲ့မိဖူးသည်။ သို့သော် ထိုအချိန်တွင် သူ၏ဓားနိယာမများက အလွန်နိမ့်ကျနေသည့်အတွက် မည်သည့်နေရာမှ စရမည်ဖြစ်ကြောင်း မသိနိုင်ခဲ့ပေ။
သူက ကောင်းကင်ဓားကျင့်စဉ်နှင့် ကောင်းကင်နတ်သမီးကျင့်စဉ်တို့ကို လေ့ကျင့်ပြီးမှသာ ဓားနိယာမကို နားလည်လာခဲ့၏။ ထို့နောက် သူ၏အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကြောင့် တုကူးဓား (၉) ကွက်က အဆင့်မြင့်လာပြီး အတွေးနှင့် တစ်သားတည်းအဆင့်ကို ရောက်လာခဲ့သည်။
သို့သော် ယခုအချိန်ထိ အဆင့်တက်မှု မရှိသေးပေ။ သူက ပုံစံတစ်မျိုးကို ဝိုးတဝါး ခံစားမိနိုင်ခဲ့၏။ သူတို့က ထိုကဲ့သို့ ပေါင်းစပ်မှုမျိုးကို ရရှိရန် လျှို့ဝှက်ပုံစံတစ်မျိုးကို အသုံးပြုနေခြင်းပေလော။
တချို့သော လှုပ်ရှားမှုများက ကမ္ဘာမြေကြီးနှင့် အချင်းချင်း ပေါင်းစပ်ရန် လိုအပ်၏။ ခန္ဓာကိုယ်အတွင်းပိုင်းက လမ်းကြောင်းများအဖြစ် ထမ်းဆောင်ပြီး အပြင်ဘက်က သူတို့၏ပုံသဏ္ဍာန်အဖြစ် ထမ်းဆောင်သည်။ ထိုကဲ့သို့ ပြောင်းလဲမှုများတွင် နိယာမများ ၊ အနှစ်သာရများ ရှိနေ၏။ ထို့ကြောင့် သူတို့အတွက် အားနည်းချက်များ ဟူသည်မှာ စိတ်ကူးပုံဖော်နိုင်စွမ်းသာ ဖြစ်သည်။
မုန့်ချီက မမြင်နိုင်သော နယ်ပယ်ကို ရောက်နေသော်လည်း အနီးအနားတွင် ရှိနေသော တည်ငြိမ်းအေးချမ်းမှုက သူ၏အာရုံများကို ပြင်းပြင်းထန်ထန် သက်ရောက်စေနိုင်သည်။ သူက အသေးစိတ် မဟုတ်သော ပုံစံများကို အနည်းငယ်လေးသာ ခံစားမိနိုင်ခဲ့၏။ ထို့ကြောင့် သူက အားနည်းချက်ကို ရှာဖွေရန် ခက်ခဲနေသည်။
သူက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြီး သူ၏ကိုယ်ဖော့ပညာကိုသုံး၍ ဝိုင်းဝန်း တိုက်ခိုက်နိုင်ခြင်းမရှိခင် ပွတ်ကာသီကာ ရှောင်တိမ်းနိုင်ခဲ့သည်။ သူ၏စိတ်အခြေအနေက ရေလှိုင်းများကဲ့သို့ ဖြစ်နေပြီး အသေးစိတ် အာရုံခံနိုင်ရန် တည်ငြိမ်မှုကို ဖိနှိပ်နိုင်ခဲ့၏။ သူက နှောင့်ယှက်နိုင်သော ပုံစံနှင့် ဖိနှိပ်နိုင်သော ပုံစံကိုသာ သိနေသည်။
ထိုအချိန်တွင် သူ၏အရိပ်က ရှေ့သို့ ခြေလှမ်းပေါင်းများစွာ တက်လာပြီး ဆက်တိုက် ပြောင်းလဲလာသည်။ သူက လက်ကိုမြှောက်ပြီး ဓားမောက်ကို လေထဲတွင် လွှဲယမ်းလိုက်၏။ ဓားမောက်က လေစီးကြောင်းများကို အလွန်လျင်မြန်စွာ ခွဲသွားသည့်အလား ဒေါသတကြီး ထွက်ပေါ်လာခဲ့သည်။
လှုပ်ရှားမှုတိုင်းက မိုးကြိုးများကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ကြီး၏ အငွေ့အသက်များ ၊ မိုးကြိုးတစ်ခု၏ အလေးချိန် ၊ လျှပ်စီး၏လျင်မြန်မှု ၊ ပြောင်းလဲမှုတစ်ထောင်၏ နှေးကွေးမှုနှင့် ကောင်းကင်အပြစ်ပေးမှု၏ ကြောက်စရာကောင်းမှုများ ပါဝင်နေခဲ့သည်။
သူက ဓမ္မကာရအဆင့် သိုင်းကွက်ဖြစ်သော ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ် ရရှိထားသော အနှစ်သာရများကိုပင် မသုံးခဲ့ပေ။ သူ၏နောက်ကြောင်းကိုသာ ရှာတွေ့သွားမည်ဆိုလျှင် ကစားပွဲက ပြီးဆုံးသွားနိုင်သည်။
သခင်မစု၏ လူများက သနားညှာတာခြင်းကို မသိသောသူများ ဖြစ်ကြသည်။ သို့သော် အကယ်၍ သူကသာ စိတ်ဝိညာဉ်လွှဲပြောင်းမှု မရခဲ့ပဲ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်၏ သိုင်းကွက်သက်သက်ကိုသာ အသုံးချလိုက်မည်ဆိုလျှင် သူ၏ဓားမောက်ထဲတွင် အနှစ်သာရ (၅) မျိုးကို အသက်သွင်းနိုင်လိမ့်မည် မဟုတ်ချေ။ မည်သူကမှလည်း သတိထားမိလိမ့်မည် မဟုတ်ချေ။
မည်သို့ဖြစ်စေကာမူ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်က အလယ်ခေတ်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူ၏တိကျသော အခြေအနေ အသေးစိတ်ကို မည်သူကမျှ မသိကြပေ။ ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကို အသုံးချလိုက်ခြင်းက ပို၍ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
သူ့ဓားကို လွှဲယမ်းလိုက်ပြီး နတ်ဘုရားအပြစ်ပေးမှုကဲ့သို့ တိုက်ခိုက်လိုက်သည့် အချိန်တွင် ငွေရောင်အလင်းတန်းများက နေရာတိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။ ဓားမောက်စွမ်းအားများက တစ်ခုတည်းအဖြစ် စုစည်းသွားခဲ့ပြီး ဘုန်းတော်ကြီး (၅)ပါးဆီသို့ မိုးကြိုးနဂါးကြီးတစ်ကောင်ကဲ့သို့ ကျဆင်းလာခဲ့သည်။
ကောင်းကင်ကြီးတစ်ခုလုံးက နက်မှောင်သွားသလို ထင်မှတ်ရပြီး မိုးခြိမ်းသံများ ကြားနေရသည့်အတွက် တည်ငြိမ်အေးချမ်းမှုကို ဖျက်စီပစ်နိုင်သည်။ ရင်ထဲတွင်ပင် လေးလံသော ခံစားမှုများ ကျရောက်စေနိုင်ပြီး ထိုအရာ၏ တိုက်ခိုက်မှုကို ကြောက်လန့်နေသလို ထင်မှတ်ရ၏။ သေချာပေါက် ကောင်းကင်အပြစ်ပေးမှုတစ်ခု ကျဆင်းလာတော့မလို ဖြစ်နေသည်။
ပြန့်ကျဲသွားသော မိုးကြိုးများကြောင့် မြေပြင်ပေါ်တွင် မည်းတူးသွားသည်။ အလွန်နက်ရှိုင်းသော ဓားရာကြီးများကလည်း မုန့်ချီနှင့် ရန်သူများ၏ကြားထဲတွင် ပေါ်လာခဲ့၏။ သူတို့က လျင်မြန်စွာ နီးကပ်လာကြသည်။
ဘုန်းတော်ကြီးများက ကောင်းကင်အပြစ်ပေးမှုကို လျစ်လျူရှုထားခြင်းမရှိဘဲ တစ်ယောက်ချင်းဆီက လက်ဝါးနှင့် တိုက်ခိုက်လိုက်သည်။ သူတို့က တစ်ချိန်တည်းတွင် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးအရောင်ကလည်း မှေးမှိန်နေသည်။ လေထဲတွင် ဗုဒ္ဓတစ်ပါး ရှိနေသလို ထင်မှတ်ရ၏။
"ဗုန်း... "
မိုးကြိုးအလင်းရောင်က ကြမ်းတမ်းခက်ထန်စွာ ကျရောက်လာပြီး ကောင်းကင်အပြစ်ပေးမှုက အဆုံးသတ်သွားခဲ့သည်။ အလွန်ကြီးမားပြီး ကြောက်စရာကောင်းသော စွမ်းအားက အရာအားလုံးကို ဖျက်ဆီးနိုင်ခဲ့၏။
ကောင်းကင်အပြစ်ပေးမှု၏ စွမ်းအားက ကြောက်စရာကောင်းပြီး တည်ငြိမ်မှုကို သိသိသာသာ အားနည်းသွားစေနိုင်သည်။ ထို့နောက် သူတို့က ကောင်းကင်အပြစ်ပေးမှုကို ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။ လှုပ်ရှားမှုများကလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။
မုန့်ချီ၏ စိတ်ထဲတွင်တော့ အိပ်မက်တစ်ခုထဲကို ရောက်သွားသည့်အလား အလွန်လေးနက်သော ပုံစံတစ်မျိုးကို မြင်လိုက်ရသည်။ ပုံရိပ်ယောင်ဗုဒ္ဓက မရပ်မနား ကျမ်းစာများကို ရွတ်ဆိုနေခဲ့၏။
တောင်ပေါ်ကျောင်းဆောင်နှင့် ဘုန်းတော်ကြီးများ၏ ခန္ဓာကိုယ်ထဲမှနေ၍ အလင်းတန်းများ ထွက်ပေါ်လာနေသည်။ ထိုအရာများက လေထဲတွင် ပုံရိပ်ယောင်ဗုဒ္ဓတစ်ပါးအဖြစ် စုစည်းနေခဲ့သည်။ ဆုတောင်းသည့်အသံများ ၊ ကျမ်းစာရွတ်ဖတ်သံများကလည်း သူတို့၏နားထဲကို ရောက်လာခဲ့၏။
"အစစ်အမှန်ကမ္ဘာကြီးထဲကနေ တည်ငြိမ်မှုပျောက်ကွယ်သွားတယ်…။ မကောင်းဆိုးဝါးကနေ လူကောင်းအဖြစ် ပြောင်းလဲသွားပြီး သူတို့ကို ထိန်းချုပ်ထားပုံရတယ်”
ဗုဒ္ဓ၏အလယ်တွင်တော့ ဘုန်းတော်ကြီး (၅) ပါးက ဗုဒ္ဓ၏လက်နှင့် လက်ချောင်းလေးများသဖွယ် လုပ်ဆောင်နေကြသည်။
"ဪ အဲဒါကိုး... ။ သူတို့က သူတို့အချင်းချင်း ပေါင်းစပ်နိုင်ဖို့အတွက် ဆုတောင်းတွေရဲ့အစွမ်းကို ငှားယူထားတာပဲ…"
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
ဘုန်းတော်ကြီး (၅) ပါးက သူတို့၏ကိုယ်ပိုင် စိတ်ဆန္ဒများကို စွမ်းအားအဖြစ် အသုံးချပြီး ပုံရိပ်ယောင်ဗုဒ္ဓအဖြစ် စုစည်းထားခဲ့ခြင်း ဖြစ်သည်။ ထိုဗုဒ္ဓ ရှိနေသည့်အတွက် သူတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်က သန့်စင်နယ်မြေသို့ ရောက်နေခဲ့သည်။
ထိုအရာကို သူတို့၏ ပင်မဝိညာဉ်အဖြစ် ဆက်သွယ်ထားသည့်အတွက် သူတို့က ချီစွမ်းအင်များကို အချင်းချင်း မျှဝေပေးနိုင်သော လူတစ်ယောက်တည်းအဖြစ် ပြောင်းလဲနေခဲ့သည်။ ထို့ကြောင့်လည်း သူတို့က တစ်သားတည်းဖြစ်နေပြီး ဟာကွက်မရှိခြင်း ဖြစ်သည်။ သူတို့က အော်မီတော်ဖော်ဟု ရေရွတ်လိုက်ရုံနှင့် သန့်စင်နယ်မြေဆီသို့ ရောက်ရှိနိုင်ကြသည်။
မိုးကြိုးများက ပျောက်ကွယ်သွားပြီး လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသည်။ တစ်သားတည်းဖြစ်နေသော ဘုန်းတော်ကြီး (၅) ပါးက မုန့်ချီ၏ ဓားမောက်ချီစွမ်းအင်များကို တားဆီးလိုက်ပြီး သူ့အပေါ်သို့ ကျဆင်းလာသော လေးလံသည့် ခံစားချက်များကို ဖယ်ရှားလိုက်သည်။ သူတို့က လုံးဝ အရေးနိမ့်နေခြင်း ရှိပုံမရချေ။
ထို့ကြောင့် တည်ငြိမ်မှုက ဆက်လက်ပျံ့နှံ့လာပြီး ဗုဒ္ဓပုံသဏ္ဍာန်ကလည်း နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီကတော့ အနည်းငယ်လေးပင် မကျေမနပ်ဖြစ်နေခြင်း မရှိချေ။
သူက ရင်ထဲတွင် တိုးတိုးလေး ရယ်လိုက်မိပြီး ဓားနှင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။ သို့သော် ယခုတစ်ကြိမ်တော့ ဘုန်းတော်ကြီးများကို ဦးတည်ရမည့်အစား ကောင်းကင်ပေါ်ကို လှမ်းခုတ်လိုက်သည်။
သူ့ဓား၏ ဦးတည်ရာတွင် မည်သည့်အရာမျှမရှိသော်လည်း ကျောင်းထိုင်ကိုယ်တော်ဟွာရန်၏ မျက်နှာပေါ်ရှိ အပြုံးကတော့ ပျောက်ကွယ်သွား၏။ ပထမဆုံးအကြိမ်အဖြစ် သူတို့၏အမူအရာ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ဆရာတော် (၅)ပါးကလည်း သူတို့၏ လက်ဖဝါး ၊ လက်သီး ၊ လက်ချောင်း ၊ လက်သည်းများနှင့် တိုက်ခိုက်လိုက်ကြသည်။ ဓားချီစွမ်းအားများက လူတစ်ယောက်၏ နှလုံးသားထဲကို ကျရောက်လာသည့်အလား နာကျင်မှုကို ခံစားရ၏။ အနတ္တကျိန်စာဖျက်ဓားပညာ၏ တိုက်ခိုက်မှုကို ခံရမည်ဆိုလျှင် ဒုက္ခပင်လယ်ကြီးထဲကို ရောက်ရှိသွားပါလိမ့်မည်။
"လူတစ်ယောက်ရဲ့ဘဝမှာ လုံးဝနောင်တမရှိဘူးလား။ ဘဝမှာ ကိစ္စတွေ အများကြီးဖြစ်နေမှတော့ နောင်တတစ်ခုမှ မရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.."
ထိုဘုန်းတော်ကြီးများက သူတို့ကို သာမန်လူများ နားလည်စေချင်ကြသည့်အတွက် ဗုဒ္ဓလမ်းစဉ်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ သူတို့က ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ပြီး ကျမ်းစာများကို ရွတ်ဆိုခဲ့ကြသည်။
ထိုအချိန်တွင် ပုံရိပ်ယောင်ဗုဒ္ဓ၏ ဂရုဏာအကြည့်က နတ်ဆိုးဆန်သော ဓားချီစွမ်းအင်များကို စိုက်ကြည့်နေသည်။ ပုံရိပ်ယောင်ဗုဒ္ဓ၏ မျက်လုံးထဲမှနေ၍ မျက်ရည်များ စတင်စီးကျလာပြီး အလင်းတန်းများ စတင် ပျောက်ကွယ်သွားခဲ့၏။
သူတို့ကို နှလုံးသားထဲမှ ဖန်တီးထားခြင်း ဖြစ်သည့်အတွက် တခြားလူတစ်ယောက်၏ နှလုံးသား သက်ရောက်ခံရမှာကို ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ လေစီးကြောင်းများက ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုကလည်း ပျောက်ကွယ်သွား၏။
ဘုန်းတော်ကြီး (၅) ပါး၏ တစ်သားတည်း ခံစားမှုကလည်း စတင်လှုပ်ရှားလာသည်။ သူတို့၏ ခန္ဓာကိုယ်များကြားထဲတွင် ချီစွမ်းအင်များက လွတ်လပ်စွာ စီးဆင်းနိုင်ခြင်း မရှိတော့ဘဲ သူတို့၏တိုက်ခိုက်မှုက နှေးကွေးသွား၏။
မုန့်ချီက အခွင့်ကောင်းကို အရယူပြီး လေထဲတွင် တစ်ပတ်လှည့်၍ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ သူက ဓားကို (၈) ချက်တိတိ တိုက်ခိုက်လိုက်ပြီး ဆရာတော်နဂါးကို ကြောက်စရာကောင်းစွာ ခုတ်ချလိုက်၏။
ဆရာတော်နဂါး၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လက် (၅)ချောင်းနှင့် ဖမ်းရန် ကြိုးစားလိုက်သော်လည်း သူ ဖန်တီးလိုက်သည့်အစွမ်းက ပျောက်ကွယ်သွား၏။ စွမ်းအားတစ်ဝက်ခန့်က လှုပ်ရှားလိုက်ခြင်းဖြစ်ပြီး တခြားတစ်ဝက်ကတော့ ထိုအရာကို ရုပ်သိမ်းရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူလည်း အကူအညီကိုသာ စောင့်နေရတော့၏။ သူတို့ကသာ လက်ရှိအတားအဆီးကို အနိုင်ရမည်ဆိုလျှင် လျင်မြန်စွာ ပေါင်းစပ်နိုင်ကြသည်။
သူ၏လက်ညှိုးက မုန့်ချီ၏ဓားကို တိုက်ခိုက်လိုက်မိသည်။ ထိုအချိန်တွင် သူ၏စွမ်းအားများအားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး ဓားမောက်က သူ၏ချီစွမ်းအင်များကို စုပ်ယူသွားသော ကောင်းကင်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။
မုန့်ချီ၏ မျက်နှာပေါ်တွင်တော့ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။ သူက ဆရာတော်နဂါး၏ အစွမ်းကို ငှားယူပြီး နောက်ဆုတ်သွားလိုက်၏။ ထိုအရာက သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ခြင်းလည်း ဖြစ်သည်။
ထို့နောက် သူက ပြန်လှည့်ပြီး ဆရာတော် ဆင်ကို ခုတ်ချလိုက်သည်။ မုန့်ချီ၏ ချီစွမ်းအင်များက အထွဋ်အထိပ်ကို ရောက်နေခဲ့၏။ သူက ဆရာတော်နဂါး၏ အစွမ်းကိုပင် ပေါင်းစပ်အသုံးပြုနေသေးသည်။ သူ၏တိုက်ခိုက်မှုက တောင်တန်းကြီးတစ်ခုသဖွယ် လေးလံလွန်းလှပြီး ပတ်ပတ်လည်တွင်ရှိနေသော လေထုကြီးကပင် ပျက်စီးသွားခဲ့သည့်အတွက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
ဓား၏ရှေ့တွင်တော့ လည်ပတ်နေသော ဝဲကတော့တစ်ခု ရှိနေပုံရပြီး ဆရာတော်ဆင်က ထိုအရာဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။ ဆရာတော်ဆင် ပြေးစရာနေရာ မရှိချေ။
ရွေးချယ်စရာ မရှိတော့သည့်အတွက် သူလည်း လက်ဝါးနှင့် တုံ့ပြန် တိုက်ခိုက်လိုက်ရ၏။ သူ၏လက်က ရောင်စုံအလင်းရောင်များ တောက်ပလာပြီး စွမ်းအားများ ပေါင်းထည့်နေခဲ့သည်။
"ဖျောက်…"
သူ့လက်ဝါးက အလွန်ထက်မြက်သော ဓားသွားကို ရှောင်တိမ်းပြီး ဓားမောက်ကို ရင်ဆိုင်လိုက်သည်။ ဆရာတော်ဆင်က ဓားမောက်၏ လေးလံသော အရှိန်အဝါကိုသာ ခံစားမိခဲ့၏။ ဓားကို ကိုင်ထားသည့်သူက ဆင်တစ်ကောင် သို့မဟုတ် နဂါးတစ်ကောင်၏ အစွမ်းမျိုးရှိနေသလို ထင်မှတ်ရသည်။
သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာနေပြီး ဓားမောက်၏အရှိန်ကြောင့် နောက်သို့ လွင့်သွားခဲ့၏။ ပူးပေါင်းမှုသာ မရှိလျှင် သူက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ဆရာတော်နဂါး၏ စွမ်းအားတစ်ဝက် ပိုင်ဆိုင်ထားသော မုန့်ချီ၏ပြိုင်ဘက် မဟုတ်ချေ။
ဆရာတော်ဆင်က ညှိုးခြောက်နေသော သစ်ပင်ကြီးနှင့် တိုက်မိသွားခဲ့၏။ သစ်ပင်ကြီးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ လဲကျလာပြီး သူလည်း ပြန်ထနိုင်ခြင်း မရှိချေ။ နောက်တစ်ကြိမ် မုန့်ချီက ဆရာတော်နဂါး၏ အစွမ်းကို သုံးပြီး ဦးတည်ချက် ပြောင်းလဲရန်နှင့်တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အသုံးချလိုက်သည်။
သူ၏ဓားမောက်ကတော့ လျှပ်စီးကြောင်းသဖွယ် လှုပ်ရှားသွားပြီး ဆရာတော် ကျားသစ်ဆီသို့ ဦးတည်သွားခဲ့၏။ သူ၏တိုက်ခိုက်မှုက ဆရာတော်ကျားသစ် ရှောင်တိမ်းရန်အတွက်ပင် အချိန်မရခဲ့ဘဲ အလွန်လျင်မြန်လွန်းလှသည်။
ထို့ကြောင့် သူလည်း ဓားသွားကို လက် (၂) ဖက်နှင့် ထိန်းချုပ်ထားလိုက်ရ၏။ သူက ဓားသွားကို လက်နှင့် ကိုင်လိုက်မိသည့်အချိန်တွင် ဓားထဲ၌ စွမ်းအားမရှိကြောင်း ခံစားလိုက်ရသည်။ ထိုဓားထဲ၌ ရှိနေသည်မှာ အရှိန်တစ်ခုတည်းသာ ဖြစ်သည်။
မုန့်ချီက သူ့အနားသို့ ရောက်လာသည့်အချိန်တွင် သူလည်း မျက်နှာပျက်သွား၏။ ထိုအချိန်တွင် မုန့်ချီ၏ လက် (၅) ချောင်းက သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ တိုက်ခိုက်၍ သွေးကြောများကို ပိတ်ထားလိုက်သည်။
"ပုံရိပ်ယောင်ခြေလှမ်းနဲ့ အမှောင်လက်ညှိုးသိုင်း…"
သူက တစ်စုံတစ်ခုကို နားလည်သွားပြီး တဖြည်းဖြည်း လဲကျသွားခဲ့သည်။
မုန့်ချီက အရှုပ်အထွေးများထဲမှ နားလည်မှုဟူသော အခြေအနေကို ရောက်နေသည်။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က အုတ်မြစ်အနေနှင့် ရှိနေသည့်အတွက် သူက ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကွက်ပေါင်းများစွာကို အလွယ်တကူ တုပအသုံးချနိုင်သည်။
တခဏအတွင်း ဘုန်းတော်ကြီး (၅) ပါးထဲတွင် (၂) ပါးက လဲကျသွားခဲ့၏။ ကျန်ရှိနေသော (၃) ပါးကလည်း မတူညီသောနေရာမှ မုန့်ချီကို ဆက်လက် တိုက်ခိုက်ခြင်းကလွဲလျှင် မည်သည့်အရာမျှ မလုပ်နိုင်ကြပေ။ သို့သော် သူတို့၏ အမှတ်အသားများကတော့ ဆက်၍ ပျောက်ကွယ်နေခဲ့၏။
ထိုအချိန်တွင် မုန့်ချီက မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု အော်ဟစ်လိုက်သည်။
"ထွက်လာခဲ့စမ်း…"
သူ့အသံက သူတို့၏နားထဲတွင် မိုးခြိမ်းသံပမာ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ပူးပေါင်းမှု မရှိသည့်အတွက် ဘုန်းတော်ကြီး (၃) ပါးက အနည်းငယ် မှင်တက်သွားကြ၏။
မုန့်ချီက သူ့ဓားကို ကိုင်ပြီး ဘုန်းတော်ကြီးများ တားဆီးရန် မဖြစ်နိုင်သော အရှိန်နှင့် တိုက်ခိုက်လိုက်သည်။ ဆရာတော်နဂါးက သတိပြန်ဝင်လာသည့်အချိန်တွင် မုန့်ချီ၏ တိုက်ခိုက်မှုကို မနည်းခုခံလိုက်ရ၏။ အကယ်၍ မုန့်ချီကသာ ဓားအသွားနှင့် တိုက်ခိုက်ခဲ့လျှင် သူက သေဆုံးသွားနိုင်သည်။ သူ၏အရှိန်အဝါကလည်း တိုက်ခိုက်နေရင်း တဖြည်းဖြည်း မြင့်တက်လာခဲ့၏။
"အခုချက်ချင်း သေလိုက်စမ်း…"
သူက (၈) ကြိမ်တိတိ ဓားကို လှုပ်ရှားလိုက်ရာ သူ့ဓားနှင့် ကမ္ဘာမြေကြီးက တစ်သားတည်း ဖြစ်နေသလို ထင်မှတ်ရသည်။ သူက တစ်ယောက်တည်းနှင့် ရန်သူ (၂) ယောက်ကို ရင်ဆိုင်နေခြင်း ဖြစ်၏။
ဘုန်းတော်ကြီးများက သူတို့၏လက်ဝါးကို တွန်းထုတ်လိုက်ပြီး သူတို့၏အစွမ်းနှင့် မုန့်ချီ၏တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်ကြသည်။
"ဗုန်း... "
သူတို့က အလွန်လေးလံသော ဓားသွားကို ခံစားလိုက်မိပြီး သူတို့၏လက် (၂) ဖက်က တုန်ယင်သွားကြသည်။ သူတို့က နောက်သို့ ခြေလှမ်းအနည်းငယ် ဒယိမ်းဒယိုင် ပြန်ဆုတ်သွားလိုက်ရ၏။
မုန့်ချီ၏ အရှိန်အဝါကလည်း အမြင့်ဆုံးသို့ ရောက်နေခဲ့သည်။ ဘုန်းတော်ကြီး (၂)ပါးကတော့ သူတို့၏စိတ်ဝိညာဉ်များ နှုတ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး သူတို့၏အစွမ်းကို အစွမ်းကုန် အသုံးပြုနိုင်ခြင်း မရှိချေ။ သူတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့ရ၏။
ထိုဘုန်းတော်ကြီး (၂) ပါး နောက်ဆုတ်သွားသည့်ကို မြင်သည့်အခါ မုန့်ချီက ချီစွမ်းအင်များကို ပြန်လည် လှည့်ပတ်လိုက်သည်။ ထို့နောက် သူက အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကိုသုံးပြီး လက်ဝါး (၂) ချက် ရိုက်ချလိုက်၏။
"ငါက စုစုပေါင်း သိုင်းကွက် ဘယ်လောက်သုံးလိုက်လဲ…"
မုန့်ချီက ဓားကို ရုပ်သိမ်းလိုက်ပြီး ကျန်းကျိဝေကို အပြုံးနှင့် မေးလိုက်သည်။
ကျန်းကျိဝေက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"သိုင်းကွက် (၁၇) ကွက်…"
မုန့်ချီက ကျိုးချမ်တို့ကိုကြည့်ပြီး ရယ်လိုက်သည်။
"အိမ်ရှေ့မင်းသား …
သိုင်းကွက် (၂ဝ) အတွင်း မရှုံးအောင် တိုက်ခိုက်ရမယ်လို့ ပြောခဲ့တာမဟုတ်လား။ ကြည့်ရတာတော့ သိုင်းကွက် (၁၇) ကွက်က လုံလောက်ပါပြီ…"
Translated by Hein Htet