← Chapters

အခန်း (၄၀၉)

Vol. 28 Ch. 409

အခန်း (၄၀၉)

Vol. 28 Ch. 409

အိမ်ရှေ့မင်းသား၏ အစောင့်က မျက်နှာကြီး မည်းမှောင်နေပြီး မိုးရွာချတော့မလို ထင်မှတ်ရသည်။ မုန့်ချီ၏ နောက်ကြောင်းကသာ လျှော့တွက်နိုင်ခြင်း မရှိလျှင် သူ ကိုယ်တိုင် တိုက်ခိုက်မည် ဖြစ်သည်။

ကျိုးချမ်၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။ သို့သော် သူက ချက်ချင်းပင် အပြုံးနှင့် ပြောခဲ့၏။

"ငါက မင်းရဲ့အစွမ်းကို အထင်မှားပြီး ကောက်ချက်ချမိခဲ့တာပဲ။ ကြည့်ရတာတော့ အဖုံးကို ကြည့်ရုံနှင့် စာအုပ်တစ်အုပ်ကို ဆုံးဖြတ်မပေးနိုင်ဘူး ထင်တယ်…."

သူ၏ သဘောထားက လှိုက်လှိုက်လှဲလှဲ ရှိနေပြီး သူ့စကားလုံးများက နှိမ့်ချနေသည်။ မုန့်ချီက သူ့ကို လှောင်ပြောင်နေသည့် အတွက် စိတ်ဓာတ်ကျသွားခြင်း မရှိသလို ဒေါသထွက်နေခြင်းလည်း မရှိပေ။ ထို့ကြောင့် ကျိုးချမ်က ဗုဒ္ဓကိုယ်တော် တစ်ပါးနှင့် တူညီနေသည်။

မုန့်ချီက ခဏ ရပ်လိုက်ပြီး သူ့ကို အပြုံးနှင့် ပြောလိုက်၏။

"အိမ်ရှေ့မင်းသား …

ကျွန်တော်တို့မှာ ရေစက်ရှိလို့ တွေ့ရတာ။ ရေစက်ကုန်တဲ့အချိန် ခွဲရမှာပါပဲ။ တိုက်ပွဲပြီးပြီဆိုမှတော့ ကျွန်တော်တို့ သွားတော့မယ်…"

ကျိုးချမ်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ရှုံးနိမ့်မှုကို စိတ်ဝင်စားပုံ မရချေ။

"ရပါတယ် … သဘောအတိုင်းပါပဲ…"

မုန့်ချီနှင့် ကျန်းကျိဝေတို့က စဉ်းစားမနေဘဲ စံအိမ်ကို ဖြတ်ကျော်သွားခဲ့ပြီး အပေါ်သို့ ဆက်တက်သွားခဲ့သည်။ ကျိုးချမ်က သူတို့ကို တားဆီးရန် လူတစ်ယောက်မျှ မလွှတ်ခဲ့ပေ။ သူက အမှန်တကယ် ယုံကြည်ထိုက်သော လူတစ်ယောက်ဖြစ်၏။

မုန့်ချီက အပေါ်သို့ ခဏကြာ ဆက်တက်လာပြီးနောက် ပြန်လှည့်ကြည့်လိုက်၏။ ကျိုးချမ်က တောင်တစ်ဝက်တွင် ရှိနေသော စံအိမ်ထဲတွင် ရပ်နေသေးကြောင်း မြင်လိုက်ရသည်။ သူက လက်နောက်ပစ်ထားပြီး အဝေးသို့ ငေးကြည့်နေ၏။ သူ့ပုံစံက အကြောင်းအရာ တစ်ခုကို စဉ်းစားနေပုံရသည်။

"အိမ်ရှေ့မင်းသားက ဘာလို့ သူ့ရဲ့ရည်မှန်းချက်ကို ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောပြရတာလဲ။ သူက ပြဿနာဖြစ်မှာ မကြောက်ဘူးလား…"

မုန့်ချီက မျက်မှောင်ကြုတ်ပြီး မေးလိုက်မိသည်။

သာမန်လူတစ်ယောက်ကတော့ ဗုဒ္ဓကိုယ်တော်တစ်ပါး သို့မဟုတ် တာအိုသခင် တစ်ယောက် ဖြစ်နိုင်သည်။ အိမ်ရှေ့မင်းသားကလည်း အလွန်အကျွံ မလုပ်သရွေ့ ကိစ္စမရှိပေ။ သို့သော် ဗုဒ္ဓဂိုဏ်းပေါင်းစုံနှင့် ဆက်သွယ်ပြီး ဗုဒ္ဓနိုင်ငံတော်တစ်ခု တည်ထောင်ရန် ကြိုးစားသည်မှာ လူအများကို ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနေခြင်းသာ ဖြစ်သည်။

ထိုအရာက တခြားသောဂိုဏ်းများ ၊ အထက်တန်းလွှာ မိသားစုများ၏ အသားကို လှီးထုတ်လိုက်သလိုမျိုး ဖြစ်သည်။ အကယ်၍ သူ့အစီအစဉ်သာ ပေါ်သွားမည် ဆိုလျှင် မိတ်ဆွေထက် ရန်သူသာ ပို၍များလာပါလိမ့်မည်။ သူက ထီးနန်းရရန်ပင် မဖြစ်နိုင်တော့ပေ။

အကယ်၍ သူ့ဆီ၌ ထိုကဲ့သို့ ရည်မှန်းချက်မျိုး ရှိနေမည်ဆိုလျှင် သူက သိုသိုသိပ်သိပ် နေထိုင်ပြီး သူ၏အစစ်အမှန် ရည်ရွယ်ချက် ပေါ်မသွားစေရန် သတိထားနေရမည် ဖြစ်သည်။ သူက ဂိုဏ်းများကို သူ့ဘေးတွင် ဖြည်းဖြည်းချင်းဆီ စုစည်းနေပြီး အပြင်ဘက်တွင် အလွန်အကျွံ မပြော‌သင့်ပေ။ သူ၏လုပ်ရပ်အများစု ပြီးဆုံးသွားသည့် အချိန်မှသာ သူ၏အစစ်အမှန် စွမ်းအားကို ပြသသင့်သည်။

ကျိုးချမ်က ထိုကဲ့သို့ လျှို့ဝှက်ချက်များ ရှိနေသော်လည်း ရိုးရိုးသားသား ပြောရန် ရွေးချယ်ခဲ့သည်။ သူတို့နှစ်ယောက်က သတင်းအချက်အလက်များ ဖြန့်လိုက်မှာကို မစိုးရိမ်သလိုမျိုး ဖြစ်နေ၏။

ကျန်းကျိဝေက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

"တစ်ယောက်ယောက်က ဒီကိစ္စကို သိနေတာ ကြာလောက်ပြီ။ ဒါက လော့ရန်မှာ ရှိတဲ့လူတိုင်းအတွက် လျှို့ဝှက်ချက် မဖြစ်နိုင်တော့လို့ နေမှာ‌ပေါ့။ မဟုတ်ရင် ဘာလို့ သူက အကြောင်းပြချက် မရှိဘဲ ရင်မြို့ကို ရောက်လာမှာလဲ…”

“ဒါမှမဟုတ် သူက အကြောက်အလန့် မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…"

မုန့်ချီက ထပ်ဖြည့်ပြောလိုက်သည်။ သူတို့က ထိုလျှို့ဝှက်ချက်ကို ဆက်၍ အာရုံစိုက်မနေတော့ပေ။

မည်သို့ဖြစ်စေကာမူ စွမ်းအားနိမ့်ကျချိန်တွင် တော်ဝင်မိသားစု၏ အတွင်းရေး ပြဿနာများကို စိတ်မဝင်စားသင့်ပေ။ သူတို့က ပြဿနာများမှ ဝေးဝေးနေသည်မှာ အကောင်းဆုံးဖြစ်သည်။

သူတို့က တောင်ပေါ်သို့ ဆက်တက်လာကြပြီး သိပ်မကြာခင် နှလုံးတည်ငြိမ်ခြင်း ကျောင်းဆောင်ကို ရောက်လာကြသည်။ သို့သော် သူတို့က ရပ်မနေခဲ့ဘဲ အပေါ်သို့ ဆက်တက်သွားခဲ့သည်။ သူတို့က တောင်ထိပ်ပေါ်သို့ တက်ရန် ရည်မှန်း‌နေပြီး မြို့ကြီးကို အပေါ်ဘက်မှ ကြည့်ရန် ဆန္ဒရှိနေသည်။ ထို့နောက်တွင်မှသာ ကျောင်းဆောင်သို့ ပြန်ဆင်းပြီး အနားယူရန် စဉ်းစားထား၏။

မြူခိုးမိုးတောင်တန်းက မြင့်မားသည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ ဟွမ်စီရင်စုထဲတွင် အလွန်မြင့်မားသော တောင်တန်းကြီးများ ၊ တောင်ကုန်းကြီးများ ရှိနေသည့်အတွက် ထိုအရာက အနည်းငယ်မြင့်သော တောင်တစ်တောင်ဟုသာ သတ်မှတ်နိုင်သည်။

သို့သော် မြင်ကွင်းများကတော့ အလွန်လှပ၏။ ဆောင်းရာသီအချိန်တွင်ပင် တောင်တန်းကြီးပေါ်၌ ညှိုးခြောက်နေသော သစ်ပင်များ မရှိပေ။ ထိုအစား အစိမ်းရောင် သစ်ပင်များ ၊ စီးဆင်းနေသော စမ်းချောင်းငယ်လေးများ ရှိနေ၏။

တောင်ထိပ်ပေါ်မှ မြို့ကို လှမ်းကြည့်နေရသော မြင်ကွင်းက ပန်းချီကားတစ်ချပ်ကဲ့သို့ ထင်မှတ်ရ၏။ မြို့ကြီးက ပတ်ပတ်လည်တွင် ပြန့်ကျဲနေသော ရေစီးကြောင်း ကွန်ယက်များ ပြည့်နှက်နေသည်။ ထိုရေစီးကြောင်းများထဲတွင် သွားလာနေသော လှေများကတော့ အဝေးမှ ကြည့်နေရသည့်အတွက် အစက်အပြောက်များကဲ့သို့ ဖြစ်နေ၏။

ကျောက်တုံးတံတားကြီးများကလည်း သူတို့၏မျက်လုံးထဲတွင် ရေကန်ပေါ်၌ ကူးခတ်နေသော နဂါးကြီးများကဲ့သို့ ဖြစ်နေသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုမြင်ကွင်းကြောင့် မုန့်ချီက တားမြစ်တောင်တန်းဟူသော စကားလုံးကို အမှတ်ရသွားခဲ့သည်။

ကျန်းကျိဝေကလည်း တူညီသော အကြောင်းအရာကို ပြောဆိုခဲ့ပုံရ၏။ သူမက ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။

"ဒီနေရာက တစ်ချိန်တုန်းက အင်ပါယာတစ်ယောက်ရဲ့ နေရာဖြစ်နေမယ်လို့ မခံစားရဘူးလား…"

"ဘယ်အင်ပါယာက ဒီနေရာမှာ နေခဲ့လို့လဲ…"

မုန့်ချီက သူမကို ရှုပ်ထွေးစွာ စိုက်ကြည့်နေခဲ့၏။

ကျန်းကျိဝေက ပြုံးလိုက်သည်။

"ဒီမြို့က အရင်ခေတ်တိုင်းပြည်ရဲ့ မြို့တော်ဖြစ်ခဲ့တာကို နင် မသိဘူးလား…"

မုန့်ချီ၏ မျက်နှာက နီရဲသွားသည်။ သူကတော့ ယခင်ကမ္ဘာကြီးထဲတွင်လည်း သမိုင်းအတန်းကို စိတ်မဝင်စားသည့်အတွက် မတက်ခဲ့ပေ။ သူက လိုအပ်သည့် အချိန်၌ သမိုင်းကြောင်း တစ်ပိုင်းတစ်စကိုသာ ရှာဖွေတတ်ပြီး စနစ်တကျ လေ့လာခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ရှေးအချိန်နှင့် ပတ်သက်ပြီး သူ၏အသိပညာများက အစောပိုင်း သိုင်းပညာများ အကြောင်း ပါဝင်ခဲ့ခြင်း မရှိပေ။

သူက ရှောင်လင်ကျောင်းတော်ထဲတွင် အချိန်အကြာကြီး ‌မနေခဲ့ရကြောင်း ကျန်းကျိဝေက သိနေသည်။ ထို့ကြောင့် သူက အများဆုံး သက္ကတဘာသာစကားများကိုသာ သင်ကြားရနိုင်၏။ သူက အခြေခံသမိုင်းကြောင်းများကို လေ့လာရန် အခွင့်အရေး မရှိ‌ခဲ့ပေ။

သူမက ပြုံးပြလိုက်၏။

"လူသားမျိုးနွယ်စုက မြစ်အရှေ့ပိုင်းနဲ့ လုံတိုင်ကျောင်းဆောင်ထဲမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ကြတယ်။ အဲဒီလုံတိုင် ကျောင်းဆောင်ဆိုတာကတော့ အရင်လူသားဧကရာဇ်ရဲ့ဓားကို စိုက်ထားခဲ့တဲ့ နေရာပဲ။ တိုင်းပြည်ပေါင်းများစွာက ဒီကံကြမ္မာကို သယ်ဆောင်နိုင်ဖို့အတွက် သူတို့ရဲ့ မြို့တော်တွေကို မြစ်အရှေ့ပိုင်းမှာ တည်ထောင်ခဲ့ကြတယ်။ အရင်မင်းဆက်ဖြစ်တဲ့ ခန်းမင်းဆက်က ရင်မြို့ကို သူတို့ရဲ့ မြို့တော်အဖြစ် ရွေးချယ်ခဲ့တယ်။ သူတို့ဆီမှာ ဓမ္မကာရအဆင့် ပညာရှင်တွေ အများကြီး မွေးထုတ်နိုင်ခဲ့တဲ့အတွက် မြစ်အရှေ့ပိုင်းမှာရှိတဲ့ ဝမ်မိသားစုကတောင် သူတို့ရဲ့စွမ်းရည်တွေကို ဖုံးကွယ်ထားကြရတယ်..”

“ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ရထားတဲ့ အကျိုးအမြတ်တွေက ဆုံးရှုံးသွားရတာပဲ။ နောက်ဆုံးနှစ်မှာတော့ ဟန်မိသားစုက ရှင်ဘုရင် နှစ်ယောက်က အခြေအနေတွေနဲ့ ဆန့်ကျင်ပြီး သွားခဲ့ကြတယ်။ သူတို့က အထက်တန်းလွှာ မိသားစု အများစုနဲ့ ရန်သူတွေ ဖြစ်ခဲ့ပြီး တိုင်းပြည်ထဲမှာ စစ်မီးတွေ ပွားများလာခဲ့တယ်..”

“အဲဒီအချိန်ကတည်းက လော့ရန်မှာရှိတဲ့ ကျိုးမိသားစုကတော့ အတွင်းရေး သတင်းတွေနဲ့ အစွမ်းထက် ပညာရှင်တွေ အများကြီး ရှိတယ်။ အခက်အခဲတွေကို ကျော်လွှားပြီးသွားတဲ့နောက်မှာတော့ သူတို့ထဲက လူတစ်ယောက်က ဓမ္မကာရအဆင့်ကို ရောက်ခဲ့ပြီး ကျန်တဲ့ အထက်တန်းလွှာ မိသားစုတွေအတွက် ရပ်တည်ပေးခဲ့တယ်။ အဲဒီနောက်မှာတော့ သူက မဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ သူတို့က သူတို့ရဲ့အိမ်ကို မစွန့်လွှတ်နိုင်တဲ့အတွက် လော့ရန်ကို သူတို့မြို့တော်အဖြစ် သတ်မှတ်လိုက်တယ်။ ရင်မြို့ကြီးကတော့ အသုံး မဝင်တော့ဘူး…"

"အဲဒီလိုတွေ ဖြစ်ခဲ့တာလား … "

နောက်ဆုံးတွင်တော့ မုန့်ချီက အဖြစ်အပျက်များကို နားလည်သွားခဲ့သည်။ သူက မြို့ကြီးကို ကြည့်ပြီး ဘဝ ခရီးလမ်း အတက်အကျကို စဉ်းစားနေခဲ့မိ၏။

သူတို့က ရှုခင်းကြည့်ပြီးသွားသည့်အချိန်တွင်တော့ နေ့လည်ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့က တောင်ပေါ်မှ ဆင်းလာပြီး တည်ငြိမ်အေးချမ်းသော နှလုံးတည်ငြိမ်ခြင်ကျောင်းဆောင်ဆီသို့ ပြန်လာခဲ့ကြ၏။

ကျောင်းဆောင်က သေးငယ်ပြီး စုစုပေါင်း အိမ်ငယ်လေး (၃)လုံးသာ ရှိသည်။ နေရောင်အောက်တွင် တံခါး၌ ရှိနေသော တာအိုသခင်က နံရံကို ပျင်းရိစွာ မှီနေခဲ့သည်။ သူက ရောက်လာသော သူတို့ကို အနည်းငယ်လေးပင် စိတ်ဝင်စားပုံ မရပေ။ သူတို့ကျောင်းဆောင်ထဲသို့ ဝင်သွားသည့် အချိန်မှသာ လှည့်ကြည့်ခဲ့၏။

"ဒီက တာအိုသခင်တွေက တော်တော်ပျင်းကြတာပဲ…"

ကျောင်းဆောင်၏ အတွင်းနှင့် အပြင်ဘက်တွင် သူတို့တွေ့ရသော လူများက ဆောင်းရာသီအချိန် နွေးထွေးသော နေရောင်ကြောင့် အိပ်ငိုက်နေပုံရသည်။ တချို့က ထိုင်နေပြီး တချို့က ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြ၏။ တချို့ကတော့ ကျယ်လောင်သော ဟောက်သံများ ထွက်၍ အိပ်ပျော်နေကြသည်။

ထို့ကြောင့် မုန့်ချီက သူတို့ကိုလှောင်ပြောင်နေမိ၏။ သူတို့တွေ တစ်ယောက်မျှ ဧည့်သည်ကို ကြိုဆိုကြခြင်း မရှိပေ။ ရုတ်တရက်ဆိုသလို လေထဲ၌ စောင်းသံတစ်ခုကို ကြားလိုက်ရသည်။

ထိုအရာက ဘေးဘက်တွင် ရှိနေသော ခြံဝန်းထဲမှ ရောက်လာခြင်းဖြစ်ပြီး တောင်ပေါ်မှ စီးဆင်းနေသော စမ်းချောင်းလေး ပမာ ထင်မှတ်ရသည်။ ထိုအသံက လူတစ်ယောက်၏ နှလုံးသားကို သန့်ရှင်းပေးနိုင်၏။

မုန့်ချီက ထိုစောင်းသံကို ရင်းနှီးနေသော်လည်း အစားသရဲလေးဆီမှ ရောက်လာသည်ဟု အတိအကျ ဆုံးဖြတ်နိုင်ခြင်း မရှိချေ။ သူမ၏ စွမ်းရည်က ထိုအဆင့်ကို မရောက်သေးပေ။ သူက ကျန်းကျိဝေနှင့် အချင်းချင်း ကြည့်လိုက်၏။

ပျင်းရိသော တာအိုသခင်များကြောင့် သူတို့ကလည်း သက်သောင့်သက်သာနှင့် ဘေးဘက် ခြံဝန်းဆီသို့ လှည့်လျှောက်သွားခဲ့သည်။ ထိုတံခါးဝကို ဖြတ်ကျော်လာပြီးနောက် သူတို့က အဖြူရောင်ဝတ်ထားသော ပညာရှင်တစ်ယောက်ကို မြင်လိုက်ရ၏။

သူ့ပုံစံက မိန်းကလေးဆန်ပြီး ကမ္ဘာလောကကြီးနှင့် ကွဲပြားနေသလို ထင်မှတ်ရ၏။ ကျောက်ထိုင်ခုံလေးပေါ်တွင် ထိုင်နေသော သူက စောင်းကြိုးပေါ်တွင် လက်နှစ်ဖက် တင်ထားခဲ့သည်။ သူ့နောက်တွင်တော့ အစေခံမလေးရှိ၏။

မုန့်ချီကို မြင်သည့်အချိန်တွင် သူမကတော့ သူ့ကို စိုက်ကြည့်ပြီး သတိပေးလိုက်သည်။

"ကျွန်မသခင်လေးကို နောက်တစ်ကြိမ် ထပ်ပြီးချောင်းဆိုးအောင် မလုပ်ပါနဲ့ … "

ထိုလူငယ်ကတော့ အသက်ထိန်းသိမ်းသူ သခင်လေးဝမ် ဖြစ်သည်။ ဝမ်စစ်ယွင်က ရပ်လိုက်ပြီး အနည်းငယ် ချောင်းဆိုးလိုက်သည်ကိုပင် တေးဂီတသံကတော့ လေထဲတွင် ပျံ့လွင့်နေသေး၏။

သူ၏ခန္ဓာကိုယ်က ပို၍ အစွမ်းထက်လာပုံ ရသော်လည်း သူ၏လှုပ်ရှားမှုများတွင် လူသားနှင့်ကောင်းကင် တစ်သားတည်း လှုပ်ရှားမှုများက ပျောက်ကွယ်နေခဲ့၏။ သူက ကမ္ဘာမြေကြီး၏ မေ့လျော့မှုကို ခံထားရသည့်အလား ထိုနေရာတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ ထိုအရာက အလုံးစုံ ပြီးပြည့်စုံခြင်းလည်း ဖြစ်၏။

"မင်းက ဒီကိုရောက်လာဖို့ နောက်ထပ် နှစ်ရက်လောက် ကြာဦးမယ်လို့ ကြားထားတာ။ ဒါပေမဲ့ မင်းကတော့ နှလုံးတည်ငြိမ်ခြင်းကျောင်းဆောင်ထဲမှာ ရောက်နေပြီပဲ။ မင်းရဲ့လုပ်ရပ်တွေက တကယ့်ကို ထူးခြားတယ်…"

မုန့်ချီကတော့ သူ့ကို ရှက်ရွံ့နေခြင်း မရှိဘဲ ပြောလိုက်သည်။

သူက ဝမ်စစ်ယွမ်၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ထိုင်ခုံတွင် ရဲတင်းစွာ ထိုင်လိုက်ပြီး သူ့ကိုယ်သူ ဧည့်သည်တစ်ယောက်အဖြစ် သတ်မှတ်မထားခဲ့ပေ။

ကျန်းကျိဝေက အပြုံးနှင့် ခေါင်းခါလိုက်မိပြီး သူ့ဘေးတွင် ထိုင်လိုက်၏။ ဝမ်စစ်ယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"တည်ငြိမ်နေတဲ့ ဒီကျောင်းဆောင်ထဲကနေ ရင်မြို့ထဲမှာ ရှိနေတဲ့ ပဋိပက္ခတွေကို ကြည့်နေရတာ တော်တော်လေး ထူးခြားတဲ့ အတွေ့အကြုံမျိုးပဲ…"

သူ၏တုံ့ပြန်မှုက လုံးဝ သက်ဆိုင်မှု မရှိပေ။

"ဘယ်နေရာမှာ ပဋိပက္ခတွေ ရှိနေလို့လဲ…"

မုန့်ချီကတော့ ကံကြမ္မာ ဖတ်နိုင်သော မျက်ကန်းကြီးတစ်ယောက်ကို မေးနေသလို မေးလိုက်သည်။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် မုန့်ချီက ဝမ်စစ်ယွမ်ကဲ့သို့ အရာအားလုံး သူတို့၏လက်ထဲတွင် ရှိနေသည်ဟု ယုံကြည်နေသော လူများကို ကြည့်မရချေ။

"မင်းတို့နှစ်ယောက်က သူ့ကို တွေ့ခဲ့ပြီ မဟုတ်လား … "

ဝမ်စစ်ယွမ်က မေးခွန်းနှင့် ပြန်ဖြေလိုက်၏။

ကျန်းကျိဝေကတော့ ဝမ်စစ်ယွမ်ကဲ့သို့ လှည့်ပတ်မနေဘဲ အဓိက အချက်ကိုသာ ပြောလိုက်သည်။

"ကျိုးရီနဲ့ ကျိုးချမ်တို့က ဒီကို ရောက်လာကြတယ်ဆိုတာ ပျော်ရွှင်ခြင်း တိမ်တိုက် စားသောက်ပွဲကြောင့် မဟုတ်နိုင်ဘူး။ ပြီးတော့ သူတို့က ရိုသေလေးစားကြရတဲ့ ပညာရှင်တွေ အများကြီးကိုလည်း ခေါ်လာသေးတယ်…"

"လူအများစုက မင်းရဲ့နောက်ကြောင်းကို စိတ်မဝင်စားကြဘူး စုမုန့် …။ ဒါပေမဲ့ လော့ရန်မှာ ရှိတဲ့ အင်အားစုကြီးတွေကသာ စိတ်ဝင်စားတယ်ဆိုရင် သူတို့အတွက် အခက်အခဲ မဟုတ်တော့ဘူး။ ဒါကြောင့်လည်း သူတို့က စုမိသားစုရဲ့ အခွင့်အရေးပေးမှုကို ရဖို့အတွက် ရွှမ်ပိုင်အပေါ် စိတ်သဘောထား ကောင်းပြနေတာ…"

ဝမ်စစ်ယွင်က မုန့်ချီကို အပြုံးနှင့် ပြောလိုက်သည်။

"စု မိသားစုလား … "

ကျန်းကျိဝေက မုန့်ချီ၏ နောက်ကြောင်းနှင့် ပတ်သက်ပြီး ပထမဆုံး အကြိမ် ကြားဖူးခြင်းလည်း ဖြစ်၏။ သို့သော် သူမက အနည်းငယ်သာ အံ့ဩသွားခဲ့ပြီး ချက်ချင်း တည်ငြိမ်သွားခဲ့သည်။ ကိုရင်လေးနှင့် သူမ၏ ရင်းနှီးမှုက တခြားအရာများ လုံးဝမရှိချေ။

"အဲဒါက သူတို့ လိုချင်နေတဲ့ အရာလား … "

မုန့်ချီက အနည်းငယ် ရှုံ့မဲ့သွားခဲ့၏။ ဝမ်စစ်ယွမ်၏ ရှေ့တွင် သူ၏ အဆင့်အတန်းကို ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု မျှော်လင့်မထားပေ။ မည်သို့ဖြစ်စေကာမူ သူ့ဆရာ၏ ရည်မှန်းချက်က အလွန်ကြီးမားပြီး လူတိုင်း သိနေ၏။ အထက်တန်းလွှာ မိသားစုများကလည်း သူ့မိသားစု၏ကိစ္စကို သေချာပေါက်ကြားမိနိုင်သည်။

ထို့ကြောင့် သူက စိတ်ပျက်ရမည့်အစား ဝမ်စစ်ယွမ်ဆီမှ ပို၍ အသုံးဝင်သော အချက်အလက်များကို ရယူရန် ကြိုးစားလိုက်သည်။

ဝမ်စစ်ယွမ်က လည်ချောင်းရှင်းပြီး ပြန်ဖြေလိုက်၏။

"တကယ်လို့ ငါသာ သေချာသိမယ်ဆိုရင် ဘေးကနေ ထိုင်ကြည့်နေမှာလား။ သူ‌တို့တွေ ဘာပဲစီစဉ်စီစဉ် သေချာပေါက် အာဏာယှဉ်ပြိုင်မှုနဲ့ ထီးနန်းလုဖို့ အတွက်ပဲ ဖြစ်မှာပေါ့။ အဲဒီအတိုင်း တွေးကြည့်လိုက်မယ်ဆိုရင် ငါတို့က ရင်မြို့ထဲမှာ ပျံ့နေတဲ့ ကောလာဟလတွေရဲ့ ဦးတည်ချက်ကို တွေ့ရပါလိမ့်မယ်။ ငါက ပဲပြုတ်အနံ့လေးတောင် ရနေပြီ။ မင်းတို့နှစ်ယောက်က ငါနဲ့နေလည်စာ အတူတူ စားကြမလား…"

သူက သာမန် လူတစ်ယောက် မဟုတ်ချေ။ သူက အလွန်ထူးခြားသော စိတ်နေစိတ်ထား ရှိနေသည့် ကံကြမ္မာတွက်ချက်သူ တစ်ယောက်လည်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် စိတ်ဝင်စားမှုများကိုလည်း ထူးဆန်းသော နည်းလမ်းနှင့် ရပ်တန့်တတ်သည်။

မုန့်ချီနှင့်ကျန်းကျိဝေတို့က အချင်းချင်း စိုက်ကြည့်လိုက်မိကြ၏။ သူတို့က ရင်မြို့ထဲတွင် ပျံ့နှံ့နေသော ကောလာဟလများကို လုံးဝ မသိချေ။ သူတို့က မွှေးရနံ့သင်းပျံ့သော ရေနွေးကြမ်းနှင့် ပဲပြုတ်စားနေသည့်အချိန်တွင် ဝမ်စစ်ယွမ်၏ ချောင်းဆိုးခြင်းက ပိုဆိုးလာခဲ့၏။

ထိုအခါ ‌အစေခံလေးက သူတို့ကို ပြန်ပို့ခဲ့သည်။

"ရင်မြို့ထဲမှာ ပျံ့နှံ့နေတဲ့ ကောလာဟ‌လတွေကို မိ မိသားစုက သေချာပေါက် သိနေမှာပဲ။ လင်းနေသေးတယ်ဆိုမှတော့ ငါတို့က အစ်ကိုဝမ်ဆီကို သွားလည်ကြရင် မကောင်းဘူးလား…"

တောင်ခြေသို့ ရောက်သည့်အချိန်တွင် မုန့်ချီက နောက်တစ်ကြိမ် ပြောလိုက်သည်။

ကျန်းကျိဝေက ခေါင်းခါပြီး လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့်ပြောလိုက်၏။

"မြစ်အရှေ့ပိုင်းမှာ တာဝန်ယူထားတဲ့ ဆရာကြီးက မကြာခင် ရောက်လာတော့မယ်။ ငါက ဓားစံအိမ်ကို ပြန်ပြီး သူ့ကို စောင့်နေရမယ်…"

သူက ခေါင်းညိတ်ပြလိုက်ပြီး တခြားသော အစွမ်းထက် အကူအညီ တစ်ယောက် ရောက်လာသည့်အတွက် ဝမ်းသာနေခဲ့၏။

"ဒါဆိုလည်း ငါ့ဘာသာပဲ သွားလိုက်တော့မယ် "

တျန်းရွှေမြစ်ကို ဖြတ်လာပြီးနောက် သူတို့နှစ်ယောက်က လူခွဲလိုက်ကြသည်။ မုန့်ချီက မိ မိသားစုစံအိမ်သို့ ရောက်လာသည့်အချိန်တွင် မိကျိကျင်း ၊ ပိုင်ဝမ်ယွမ်နှင့် ဝမ်ကိုက်တို့ကို တံခါးဝတွင် အတူတူ တွဲထွက်လာကြောင်း မြင်လိုက်ရ၏။

ဝမ်ကိုက်က အနည်းငယ် စိတ်ပျက်နေပုံရသည်။ သူ့ပုံစံက တွေဝေနေပုံရ၏။ တစ်ဖက်တွင်တော့ မိကျိကျင်းနှင့် ပိုင်ဝမ်ယွမ်တို့က အတော်လေး ဝမ်းသာပြီး ဆန္ဒစောနေပုံရသည်။

"မင်းတို့တွေက ဘယ်သွားမလို့လဲ…"

မုန့်ချီက မေးလိုက်သည်။

မိကျိကျင်းကတော့ ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်ပြီး အသံတိုးတိုးနှင့်ပြောလိုက်၏။

"ပန်းထိုးလ စံအိမ်လေ .… "

"ပန်းထိုးလ စံအိမ်ဟုတ်လား … "

မုန့်ချီက ရှုပ်ထွေးနေခဲ့သည်။

"ဟားဟားဟား … သတ်ဖြတ်ရေးဓား စုမုန့်ကလည်း အပြစ်ကင်းတဲ့ ကောင်လေး တစ်ယောက်ဖြစ်နေမယ်လို့ မထင်ထားဘူး။ မပန်းထိုးလ စံအိမ်က ဘာလဲဆိုတာတောင် မင်း မသိသေးဘူးပဲ…"

ပိုင်ဝမ်ယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဘယ်လို … အဲဒါက ပြည့်တန်ဆာအိမ်လား…"

မုန့်ချီက တွေးလိုက်မိသည်။

အကယ်၍ သူက တစ်ကြိမ်မှ မကြုံဖူးလျှင်ပင် ပြည့်တန်ဆာ ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းသိနေသည်။ သူတို့၏ အမူအရာကို မြင်လိုက်သည်နှင့် သူက သိနေ၏။

မိကျိကျင်းက ရယ်လိုက်သည်။

"ဒါတွေအားလုံးက အစ်ကို ဝမ်ကိုက်ရဲ့ ကျေးဇူးကြောင့်ပါ။ သူ ငါတို့နဲ့ အတူတူ ပါလာမှပဲ ငါ့အဖေက ငါတို့ကို သွားခွင့်ပေးတယ်လေ။ သခင်လေးစု မင်းရော ငါတို့နဲ့အတူ လိုက်ချင်လား။ ပန်းထိုးလစံအိမ်က တျန်းရွှေမြစ်ထဲမှာ အကောင်းဆုံး နေရာပဲ။ အဲဒီမှာရှိတဲ့ မိန်းကလေးတွေက အရာရာတိုင်းကို ကျွမ်းကျင်ကြတယ်။ စောင်းတီး ၊ ကျားထိုး ၊ စာပေပညာ ၊ ပန်းချီပညာတွေ အားလုံးလည်း ကျွမ်းကျင်တယ်။ မင်းက သေချာပေါက် စိတ်ဝင်စားမယ်ဆိုတာ အာမခံတယ်…"

မုန့်ချီက သူ၏အထင်သေးစိတ်များကို ဖုံးကွယ်ထားခဲ့သည်။ သူက ဘဝတလျှောက်လုံးတွင် ထူးခြားသော မိန်းမလှလေးများကို မမြင်ဖူးသလို ထင်မှတ်ရ၏။ သူက ပြည့်တန်ဆာအိမ်များကို အထင်သေးသော်လည်း ရင်မြို့ထဲတွင် ရှိနေသော ကောလာဟလများကို မေးမြန်းရန် လိုအပ်နေသေးသည်။

ထို့ကြောင့် သူတို့၏ ဖိတ်ခေါ်မှုကို လက်ခံပြီး လိုက်သွားရန် ပြင်ဆင်လိုက်၏။ ထိုကဲ့သို့ ပြည့်တန်ဆာအိမ်မှ မိန်းမပျိုများက မည်မျှ စိတ်ဝင်စားစရာကောင်းမည်နည်း။

"ညီလေးစု … "

ဝမ်ကိုက်က သက်ပြင်းချလိုက်ပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မုန့်ချီကို ပြောလိုက်သည်။

"ငါ့မှာ တကယ်ပဲ ရွေးချယ်ခွင့် မရှိခဲ့ဘူး။ တကယ်လို့ ဒီသတင်းတွေသာ ပြန့်သွားမယ်ဆိုရင် ငါက ဘယ်သူကိုမှ မျက်နှာပြရဲမှာ မဟုတ်တော့ဘူး…"

"တကယ်လို့ ကျွန်တော်တို့ အတူတူ သွားပြီး ဖြူဖြူစင်စင် ရှိနေဦးမယ်ဆိုရင်တော့ ပိုပြီးတော့ ချီးကျူးစရာကောင်းပါတယ်…"

မုန့်ချီက သူ့ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

မိကျိကျင်းနှင့် ပိုင်ဝမ်ယွမ်တို့ကတော့ အတော်လေး တက်ကြွနေကြ၏။ သူတို့က အရှိန်မြန်လာပြီး တျန်းရွှေမြစ်ဆီသို့ ရောက်လာကြသည်။ သူတို့က ပန်းထိုးလစံအိမ် ရှိနေသော လှေကြီးပေါ်သို့ တက်လိုက်ကြ၏။

ပြည့်တန်ဆာအိမ်မှ သခင်မကြီးက မိ မိသားစုနဲ့ပိုင်မိသားစုမှ သခင်လေးများကို မြင်သွားကြသည့်အခါ အပြုံးနှင့် ရောက်လာခဲ့သည်။

"ဪ … ရှားရှားပါးပါး သခင်လေးတွေပါလား။ နမ်ဖန်း ၊ နမ်‌ရွှယ်နဲ့ ညီအစ်မတွေကို လှမ်းခေါ်လိုက် … "

သူမက သူတို့ကို လှေကြီး၏ တတိယထပ်တွင် ရှိနေသော အထူးအခန်းတစ်ခုဆီသို့ ခေါ်လာခဲ့သည်။

"သူတို့နှစ်ယောက်ကိုရော ဘယ်လို ခေါ်ရမလဲ။ "

သခင်မကြီးက ဝမ်ကိုက်နှင့် မုန့်ချီတို့ကို သတိမထားမိသည့်အတွက် သာမန်လူများ အဖြစ်သာ သတ်မှတ်ထားသည်။

ဝမ်ကိုက်က ပြောစရာ စကားလုံးများ မရှိဘဲ သူ၏မျက်နှာနှင့် နားရွက်ထိအောင် နီရဲနေခဲ့၏။ သူက ရှက်လွန်းလှသည့်အတွက် ဤကဲ့သို့ နေရာမျိုးတွင် နာမည်ကို မပြောချင်ပေ။

မိကျိကျင်းက ရယ်လိုက်ပြီး ဝမ်ကိုက်ကို သက်သာရာရအောင် ပြောလိုက်၏။

"ဘာတွေလျှောက်မေးနေတာလဲ… မိန်းကလေးတွေကိုသာ မြန်မြန်ခေါ်လိုက် … "

မိ မိသားစုမှ သခင်လေးက ပြောနေသည့်အတွက် ထိုသခင်မကြီးကလည်း ထပ်မမေးရဲတော့ပေ။ သူမက အပြင်ထွက်သွားပြီး မိန်းမပျိုများကို အလျင်အမြန် ဝင်လာခိုင်းလိုက်၏။

"ဒီစံအိမ်ထဲမှာ နာမည်အကျော်ကြားဆုံးကတော့ နမ်ရွှယ်လို့ ခေါ်တယ်။ သူက အလှဆုံး မဟုတ်ပေမဲ့ ယဉ်‌ကျေးသိမ်မွေ့ပြီး အဆင့်မြင့်တယ်။ သူက ပညာတတ်ပြီး စောင်းတီးတာနဲ့ ပန်းချီပညာလည်း အရမ်းထူးချွန်တယ်။ အထက်တန်းလွှာ မိသားစုက မိန်းကလေး တစ်ယောက်လိုပဲ။ သူက သာမန်လူတွေနဲ့တောင် မတူဘူး…"

မိန်းမလှလေးများ ရောက်မလာသေးသော်လည်း ပိုင်ဝမ်ယွမ်က မိတ်ဆက်ပေးနေသည်။

မုန့်ချီကတော့ ပြည့်တန်ဆာအိမ်တွင် ရောက်နေသည့်အတွက် အတော်လေး မသက်မသာ ခံစားနေရ၏။ ဝမ်ကိုက်က သူ့ထက်ပင် ပို၍ မသက်မသာ ဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ သူလည်း အနည်းငယ် သက်သာသွားခဲ့သည်။

ခဏကြာပြီးနောက် မိန်းမပျို (၄)ယောက် အခန်းထဲကို ဝင်လာသည့်အတွက် မုန့်ချီက သူ မေးချင်သည့် မေးခွန်းကို မေးရန် အခွင့်အရေး မရခဲ့ပေ။ သူတို့တစ်ယောက်ချင်းဆီတွင် ကိုယ်ဆီအလှတရားများ ရှိနေ၏။

တစ်ယောက်က ပန်းချီဆွဲရာတွင် ထူးချွန်ပြီး တစ်ယောက်ကတော့ ကျက်သရေရှိသည်။ တစ်ယောက်ကတော့ ပညာတတ်ပြီး ထူးချွန်ပုံရ၍ တစ်ယောက်ကတော့ အလှနတ်သမီးတစ်ပါးကဲ့သို့ ဖြစ်၏။

မိကျိကျင်းက ပြုံးလိုက်သည်။

"တကယ်လို့ ငါတို့က ငါတို့ လိုချင်တဲ့သူကို ရွေးလိုက်မယ်ဆိုရင် ငါတို့ရဲ့ရင်းနှီးမှုက ပျက်စီးသွားလိမ့်မယ်။ ဒီတော့ မိန်းကလေးတွေကိုပဲ ရွေးခိုင်းလိုက်မယ်…"

သူက ပြောပြီးသွားသည့်အချိန်တွင် အလွန်လှပသိမ်မွေ့သော နမ်ရွှယ်က ရှေ့ကို လျှောက်လာခဲ့၏။ သူမက မုန့်ချီ၏ ဘေးတွင် ထိုင်ပြီး ပြောလိုက်သည်။

"ကျွန်မက သခင်လေးကို ပြုစုပါ့မယ်… "

"မိန်းကလေးတွေက ရူပ်ချောတာကို သဘောကျတာပဲ…"

ပိုင်ဝမ်ယွမ်က မုန့်ချီကို ကြည့်ပြီး စနောက်လိုက်သည်။ သူတို့အားလုံးဆီတွင် ပြည့်တန်ဆာအိမ် အတွေ့အကြုံများ ရှိနေသည့်အတွက် ထိုအရာက သူတို့အတွက် ထူးဆန်းနေခြင်း မရှိတော့ချေ။

မုန့်ချီကတော့ ကျေနပ်သွားသလို ခံစားလိုက်ရ၏။ သို့သော် ထိုအရာများက ဂုဏ်ယူစွာ ပြောနေရမည့် အရာမျိုး မဟုတ်ချေ။ သူက နမ်ရွှယ် ထိုင်လိုက်သည်ကို ကြည့်ပြီး ပြုံးလိုက်၏။

"ဘာလို့ မိန်းကလေး နမ်ရွှယ်က ကျွန်တော့်ကို ရွေးရတာလဲ…"

သူမက ပြုံးလိုက်ပြီး သူ့အနားသို့ ကပ်လာခဲ့၏။ သူမက သူ့အနားသို့ ကပ်လာသည့် အချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တင်းကြပ်သွားခဲ့သည်။ သူမက နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ဖေဖေ … "

မုန့်ချီက မျက်နှာပျက်သွားခဲ့သလို အတော်လေး အံ့ဩသွားခဲ့သည်။

“အဲဒီလိုစကားပြောခိုင်းလိုက်တဲ့ သခင်မလေး တစ်ယောက်ရှိတယ်။ သူက သခင်လေးကို အဲဒီစကားတွေ တိတိကျကျ ပြောခိုင်းလိုက်တာ … "

"သေစမ်း … ကူရှောင်စန်း … "

သူမက သူ့အနားတွင် တစ်ချိန်လုံးမရှိသည်မှာ ကံကောင်းသွားသည်။ မဟုတ်လျှင် သူ့ ဘဝတလျှောက်လုံး စိတ်ဒဏ်ရာများ ရနေနိုင်၏။

Translated by Hein Htet

All Chapters