← Chapters

အခန်း (၄၁၀)

Vol. 28 Ch. 410

အခန်း (၄၁၀)

Vol. 28 Ch. 410

တစ်ခြားသူများက သူ့ကို စိုက်ကြည့်နေကြောင်း သတိထားမိသည့်အချိန်တွင် မုန့်ချီက ကူရှောင်စန်းကို တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။

ထိုအချိန်ကျမှသာ မိကျိကျင်းနှင့် ပိုင်ဝမ်ယွမ်တို့က အလွန်အံ့ဩနေကြပြီး ပြုံးပြနေကြောင်း တွေ့လိုက်ရသည်။ သူတို့က ခွက်မြှောက်ပြီး သူ့ကို ဂုဏ်ပြုပေးနေကြ၏။ သတ်ဖြတ်ရေးဓားစုမုန့်က ထိုကဲ့သို့ လူတစ်ယောက် ဖြစ်မည်ဟု သူတို့လည်း သိမထားခဲ့ကြပေ။ ကြည့်ရသည်မှာ ပေါ်ယံကြည့်ရုံဖြင့် လူတစ်ယောက်ကို သတ်မှတ်နိုင်ပုံမရချေ။

သူက အမှန်တရားဘက်‌တော်သား တစ်ယောက်ဖြစ်ပြီး သူရဲကောင်းဆန်သော်လည်း သူတို့ထက် ပို၍ကောက်ကျစ်စဉ်းလဲပုံရ၏။ ပိုင်ဝမ်ယွမ်က သူ့ခွက်ကို ပြန်ချလိုက်ပြီး မုန့်ချီကို တလေးတစား ဦးညွှတ်လိုက်သည်။

ဝမ်ကိုက်ကတော့ လုံးဝကို ကြောက်လန့်သွားခဲ့၏။ သူက မုန့်ချီကို တစ်ခြားလူတစ်ယောက်အဖြစ် ပြေးမြင်သွားသလို ခံစားလိုက်ရသည်။ သူက မုန့်ချီနှင့် ရင်းနှီးနေခဲ့သည့်အတွက် အတော်လေး ရှက်ရွံ့နေပြီး မသက်မသာ ခံစားနေရပုံပေါ်၏။

အနည်းဆုံးတော့ တံခါး(၇)ပေါက်အဆင့်တွင် သူတို့၏အကြားအာရုံနှင့် အမြင်အာရုံက ထူးခြားလှသည်။ ထို့ကြောင့် နမ်ရွှယ်က မုန့်ချီ၏အနားတွင် တီးတိုးကပ် ပြောလိုက်သော်လည်း သူတို့က ကြားနေရ၏။ မုန့်ချီကတော့ ခေါင်းကို တူနဲ့ထုလိုက်သလို ခံစားနေရ၏။

"ငါ့ဂုဏ်သိက္ခာ ငါ့ဂုဏ်သိက္ခာ…"

အကယ်၍ ကူရှောင်စန်းကသာ ယခုအချိန်၌ သူ့မျက်စိရှေ့ပေါ်လာမည်ဆိုလျှင် သူက တွေဝေနေခြင်းမရှိဘဲ ကောင်းကင်မိုးကြိုး(၅)သွယ်နှင့် တိုက်ခိုက်မိပါလိမ့်မည်။

"မိန်းကလေးနမ်ရွှယ်က တကယ့်ကို အထက်တန်းစား မိန်းကလေးတစ်ယောက်ပါပဲ။ နည်းလမ်းမျိုးစုံမှာလည်း ကျွမ်းကျင်တယ်။ အခုဒီကိုရောက်လာတဲ့အချိန်မှာ မိန်းကလေးက ငါ့ရဲ့အမြင်ကို ဖွင့်ပေးလိုက်တာပဲ…."

မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး မည်သည့်အရာမျှမသိသည့်အလား ဟန်ဆောင်လိုက်ခြင်းက အကောင်းဆုံး ရှင်းပြချက်ဖြစ်ကြောင်း သိခဲ့သည်။

မိကျိကျင်းက ဝမ်းသာနေသောအသံဖြင့် ပြောလိုက်သည်။

"မိန်းကလေးနမ်ရွှယ်က အနုပညာနဲ့ ပတ်သက်ပြီး သူ့ရဲ့စွမ်းရည်တွေကို ပြသရတာ သဘောကျတယ်။ ဒါပေမဲ့ သူက အင်မော်တယ်ကမ္ဘာကြီးကနေ ရောက်လာတဲ့ လူတစ်ယောက်လို လူပေါင်းစုံကိုလည်း မြင်ဖူးတယ်လေ။ ဒီတော့ သူက သူ့ရဲ့ဧည့်သည်တွေရဲ့ အကြိုက်ကို လိုက်ပြီးတော့ ကောင်းကောင်းပြောတတ်တယ်။ သူက တကယ့်ကို ထိပ်တန်းမိန်းမပျို တစ်ယောက်ပါပဲ…”

အပေါ်ယံတွင်တော့ သူက မုန့်ချီ၏ရှင်းပြမှုကို အသိအမှတ်ပြုသလို ထင်မှတ်ရသည်။ သေချာစစ်ဆေးကြည့်လိုက်မည်ဆိုလျှင်တော့ သူက မုန့်ချီကို စနောက်နေသလို အမူအယာမျိုးသာ ဖြစ်နေ၏။

"ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါက အသက်ကြီးတဲ့သူတွေကိုပဲ လေးစားတတ်တာ။ မင်းက ဒီလောက်ထိ ရင့်ကျက်နေတယ်ဆိုတာကို ငါမသိခဲ့ဘူး ညီလေးစု …" ပိုင်ဝမ်ယွမ်၏ မျက်နှာပေါ်တွင် လေးစားမှုများ ပြည့်နှက်နေသည်။ သူက မုန့်ချီကို ညီလေးစုဟုပင် စတင်၍ ခေါ်ဆိုနေခဲ့၏။

“ဘာကြောင့်များ မျက်လုံးထဲမှာ မျက်ရည်တွေ ကျနေရတာလဲ။ ဒီကမ္ဘာကြီးက ရက်စက်ကြမ်းကြုတ်ပြီး နားလည်မှုလွဲတာကိုလည်း လုံးဝဖြေရှင်းလို့မရဘူး..”

မုန့်ချီက ဝမ်းနည်းကြေကွဲစွာ တွေးလိုက်မိ၏။

အပေါ်ယံတွင်တော့ သူက တည်ငြိမ်နေသယောင် ဟန်ဆောင်နေသေးပြီး သူ၏ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ခြင်း မရှိပေ။

“မိန်းကလေးနမ်ရွှယ်က အပျော်စနောက်နေတာပဲ နေမှာပါ။ ညီလေးစုက အဲဒီအကြောင်းမျိုး လုံးဝမပြောဖူးဘူး…”

နမ်ရွှယ်က သူ့ကို ဘာကြောင့် ရွေးလိုက်ကြောင်း မုန့်ချီက မေးလိုက်သည်ကို ဝမ်ကိုက်က ပြန်လည်သတိရသွားသည်။ သူက မည်သည့်သဲလွန်စမျှမပေးခဲ့ပေ။ မုန့်ချီက နားလည်မှု အလွဲခံနေရသည့်အတွက် သူလည်း ကူညီပေးရန် ကြိုးစားနေခြင်းဖြစ်သည်။

မုန့်ချီက သူ့ကို စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်မိ၏။

"အစ်ကိုဝမ်ကိုက်ကမှ တကယ့်လူကောင်းပဲ။ သူ့လိုမျိုး ငါ့ကိုနားလည်တဲ့သူမျိုးကို ရှာတွေ့ဖို့ တော်တော်ခက်တယ်…”

မုန့်ချီ၏အကြည့်ကြောင့် ဝမ်ကိုက်က အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သို့သော် နမ်ဖန်းကတော့ သူ့အနားတွင် ထိုင်ပြီးသွားပြီဖြစ်သည့်အတွက် သူလည်း ခါးမတ်မတ်ထိုင်လိုက်မိပြီး တစ်ကိုယ်လုံး တင်းကျပ်သွားသလို ဖြစ်သွားခဲ့၏။ သူက ပြည့်တန်ဆာအိမ်တစ်ခုတွင် ထိုင်နေရခြင်းထက် လွှတ်တော်ခန်းမထဲတွင် စောင့်ကြပ်ပေးနေရသလို ထင်မှတ်ရ၏။

ကျန်ရှိနေသောမိန်းကလေးများဖြစ်သည့် နမ်ဟွာနှင့် နမ်ယွဲ့တို့ကလည်း မိကျိကျင်းနှင့် ပိုင်ဝမ်ယွမ်တို့ကို အသီးသီး ရွေးချယ်လိုက်သည်။ သိပ်မကြာခင် အခန်းထဲ၌ ရယ်မောစကားပြောသံများနှင့် ပြည့်နှက်သွားခဲ့၏။

မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုကိုသုံးပြီး နမ်ရွှယ်ကို မေးလိုက်သည်။ "အဲဒီသခင်မလေးက မင်းကို ဘာတွေ တောင်းဆိုခဲ့တာလဲ…"

နမ်ရွှယ်က အရက်အိုးကို ကောက်ယူလိုက်ပြီး သူ၏ခွက်ထဲသို့ ဖြည်းညင်းစွာ ဖြည့်ပေးလိုက်၏။ သူမက ပုံမှန်ပြောနေသည့်အလား ပြန်ဖြေလိုက်သည်။

"ကျွန်မက မကြာခင်သေးတုန်းက ထူးဆန်းတဲ့ ဧည့်သည်တစ်ယောက်ကို တွေ့ခဲ့တယ်…"

"ထူးဆန်းတဲ့ဧည့်သည် ဟုတ်လား…"

မုန့်ချီက ပြန်မေးလိုက်သည်။

တစ်ခြားသူများကလည်း သူတို့ကိုလှည့်ကြည့်လိုက်ကြပြီး နမ်ရွှယ် ဆက်ပြောမည့် စကားကို စောင့်နေကြ၏။

"သူက ဒီကိုမကြာခဏလာပြီး ကျွန်မကို အဖော်‌ပြုပေးဖို့ တောင်းဆိုခဲ့တယ်…"

နမ်ရွှယ်က အရက်ခွက်ကိုကိုင်ပြီး မုန့်ချီ၏နှုတ်ခမ်းနားသို့ တေ့ပေးရင်း ပြောလိုက်သည်။

"ဟား ဟား ဟား အဲဒါက သာမန်ပဲ မဟုတ်ဘူးလား။ တကယ်လို့ ငါသာ ဒီကိုမကြာမကြာ လာဖြစ်မယ်ဆိုရင် မိန်းကလေးနမ်ရွှယ်ကို အဖော်ပြုပေးဖို့ တောင်းဆိုမှာပဲလေ…"

မိကျိကျင်းက ဝင်ပြောလိုက်သည်။

ထိုအခါ သူ့ဘေးတွင် ရှိနေသော နမ်ဟွာက ရုတ်တရုက်မျက်ရည်များ ကျလာသည်။

"သခင်လေးမိ…

ကျွန်မ... ကျွန်မက နမ်ရွှယ်လောက် မကောင်းဘူးလို့ ထင်နေတာလား…"

"အဲဒီလိုမဟုတ်ပါဘူး။ မိန်းကလေးနမ်ရွှယ်က စောင်းကို ကောင်းကောင်းတီးတတ်တယ်လေ။ မိန်းကလေးကတော့ အရက်ငှဲ့ပေးပြီး ပြုစုတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်…."

မိကျိကျင်းက သူမကို နူးညံ့ညင်သာသောစကားလုံးများနှင့် နှစ်သိမ့်ပေးလိုက်သည်။

နမ်ရွှယ်က ပြုံးလိုက်၏။

"သူက ထူးဆန်းတယ်လို့ပြောတယ်ဆိုတာ ကျွန်မကို လုံးဝမထိခဲ့လို့လေ။ အဲဒီအစား သူက စောင်းတီးပေးဖို့ပဲ တောင်းဆိုခဲ့ပြီး အရက်ကိုပဲ တစ်ခွက်ပြီး တစ်ခွက် သောက်နေတတ်တယ်။ သူ့ရဲ့မျက်လုံးတွေက နီရဲနေပြီး သူက ကျွန်မနဲ့ရင်းနှီးဖို့ လုံးဝမကြိုးစားခဲ့ဘူး…"

"ဒါဆိုရင်တော့ တကယ်ထူးဆန်းတဲ့လူပဲ။ ဒီလိုမိန်းမလှလေးရဲ့အရှေ့မှာတောင် အရက်သောက်ပြီး သီချင်းနားထောင်ဖို့ပဲ စိတ်ဝင်စားတယ်…"

ပိုင်ဝမ်ယွမ်က ထိတ်လန့်တကြား ပြောဆိုလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ဝမ်ကိုက်၏မျက်နှာက အေးစက်သွားခဲ့၏။ သူကတော့ နမ်ဖန်းနှင့် ဝေးသွားစေရန် ဘေးသို့ အနည်းငယ်တိုးလိုက်ပြီး တစ်ယောက်တည်း အရက်ကိုသာ သောက်နေခဲ့သည်။

"ငါလည်း အဲဒီလိုအရာမျိုးကိုပဲ သဘောကျတယ်…"

မုန့်ချီက တွေးနေခဲ့၏။ သို့သော် ကူရှောင်စန်းက သူ့ကိုစနောက်ရန် ထိုကဲ့သို့ ပြဿနာမျိုး ပေးလိမ့်မည် မဟုတ်ကြောင်း သူသိနေသည်။

ထို့ကြောင့် သူက ရယ်ကာမောကာနှင့် ပြောလိုက်သည်။

"သူက ဘယ်လိုပုံစံမျိုးလဲ။ ပြီးတော့ သူက ဘာတွေပြောခဲ့သေးလဲ…"

"သူက မိန်းမလှလေးတစ်ယောက်ကို ကြောက်လန့်သွားမှာ ကြောက်နေတဲ့ ရုပ်ဆိုးဆိုး လူတစ်ယောက်ဖြစ်နိုင်တယ်"

ပိုင်ဝမ်ယွမ်က ခန့်မှန်းကြည့်လိုက်၏။

နမ်ရွှယ်က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးလိုက်သည်။

"သူ့ပုံစံက သပ်သပ်ရပ်ရပ်နဲ့ အသက်(၄၀)ဝန်းကျင်လောက်ရှိစြာသင်သား တစ်ယောက်လို ဝတ်ဆင်ထားတယ်။ သူ့ပုံစံက အေးစက်ပြီး ကြောက်စရာကောင်းတယ်လို့ ခံစားရတယ်။ သူ့ရဲ့မျက်နှာပေါ်မှာ အသားပိုလေး နည်းနည်းရှိတယ်။သူ အရက်မူးသွားတဲ့အချိန်တိုင်း ကျွန်မကို စိုက်ကြည့်နေပြီး ရှောင်ယွဲ့လို့ ခေါ်နေတတ်တယ်။ ကြည့်ရတာ သူ့ဆီမှာလည်း ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိနေတယ် ထင်တာပဲ။ မီးဝင်းဝင်းတောက်နေတဲ့ သူ့ရဲ့မျက်လုံးတွေက ကျွန်မကို အရှင်လတ်လတ် ဝါးစားတော့မလို့ ခံစားနေရတယ်…"

"ငါဆိုရင်လည်း မိန်းကလေးကို အရှင်လတ်လတ် ဝါးစားမိမှာပဲလေ…"

မိကျိကျင်းက အရှက်မရှိ ဝင်ပြောလိုက်သည်။

ဤကဲ့သို့ နေရာမျိုးတွင် သူ၏အပြုအမူများက ပုံမှန်အခြေအနေနှင့် လုံးဝကို ကွဲပြားနေ၏။ သူက ပို၍ပင် ပေါ့ပါးနေပြီး ပုံမှန်အားဖြင့် သူ၏အပြုအမူ၊စကားလုံးများကို ထိန်းချုပ်ထားစရာ မလိုအပ်ပေ။

"ရှောင်ယွဲ့၊ အသက်‌(၄၀)၊ စာသင်သားတစ်ယောက်လို ဝတ်ဆင်ထားတယ်။‌အေးစက်ပြီး ကြောက်စရာကောင်းတယ်…"

ထိုစကားလုံးများက မုန့်ချီ၏ရင်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူကတော့ လူတစ်ယောက်၏ ပုံသဏ္ဍာန်ကို ဝိုးတဝါး မြင်လိုက်မိသလို ခံစားနေရ၏။

သူက နမ်ရွှယ်ကိုပြန်လှည့်ကြည့်လိုက်ပြီး သူမကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သူမက နူးညံ့သိမ်မွေ့ညင်သာပြီး အတော်လေး နှစ်လိုဖွယ်ကောင်းသည်။ အကယ်၍ သူမကိုသာ အပြင်ဘက်၌ တွေ့လိုက်မည်ဆိုလျှင် အထက်တန်းလွှာမိသားစုမှ သခင်မလေးတစ်ယောက် သို့မဟုတ် အဆင့်အတန်းမြင့်သော မိန်းကလေး တစ်ယောက်ဟု ထင်မှတ်သွားနိုင်သည်။ သူက နမ်ရွှယ်နှင့် တူညီသော လူတစ်ယောက်ကို တွေ့ခဲ့ဖူးသည်ဟု ခံစားနေရ၏။

"ထိုကဲ့သို့ အဆင့်အတန်းနှင့် ပုံစံရှိနေသော လူတစ်ယောက်…"

ချက်ချင်းပင် သူက ရန်းရှမြေအောက်လောကတွင် အတော်ဆုံးတစ်ယောက်ဖြစ်ပြီး မီးနီလမ်းကြား၏ ပိုင်ရှင်ဖြစ်သော လူတစ်ယောက်ကို အမှတ်ရသွားခဲ့သည်။

'ပန်းရောင်ခြင်ဆီလက် ရှောင်ယွဲ့'

သူမက ဒဏ္ဍာရီအဖွဲ့သားတစ်ယောက်ဖြစ်သော အဘိုးကြီးကျုံး၏ ချစ်သူဖြစ်သည်။ သူက ကောင်းကင်နှင့်နတ်ဆိုးသိုင်းကျမ်းကို လေ့ကျင့်ထားသည့် အတွက်ကြောင့် အမုန်းတရားနှင့် ချစ်ခြင်းမေတ္တာများက ဝေးကွာသွားခဲ့ခြင်း ဖြစ်သည်။

“အဘိုးကြီးကျုံးက စာသင်သား တစ်ယောက် ဖြစ်နေတာလား။ ကောင်းကင်မကောင်းဆိုးဝါး ရွှေခန္ဓာကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ အဘိုးကြီးကျုံးလား။ ရွမ်ယောင်ကွမ်းရဲ့ လက်ထဲကနေ လွတ်သွားတဲ့ အဘိုးကြီးကျုံးလား…”

ထိုသို့ဆိုလျှင် ကူရှောင်စန်းက ဒဏ္ဍာရီများနှင့် ပတ်သက်သော သဲလွန်စများကို ရရှိထားပုံရသည်။

မုန့်ချီ၏ စူးစူးနင့်နင့် အကြည့်ကြောင့် နမ်ရွှယ်က အနည်းငယ် စိုးရိမ်သွားသလို ခံစားလိုက်ရသည်။ သူမက ပြောလိုက်၏။

"သခင်လေး …

ကျွန်မရဲ့မျက်နှာမှာ တစ်ခုခုရှိနေလို့လား…"

"မဟုတ်ပါဘူး ။ အဲဒီမိန်းကလေးယွဲ့က မိန်းကလေးနမ်ရွှယ်နဲ့ တော်တော်လေး တူမယ်လို့ တွေးမိလို့ပါ…”

မုန့်ချီက အဝေးသို့ လှည့်ကြည့်လိုက်မိပြီး နမ်ရွယ်ကို အရှင်လတ်လတ် စားချင်နေသည် ဟူသော စကားကို ကြားသည့်အချိန်တွင် သူ့ကိုယ်သူ အဘိုးကြီးကျုံးအဖြစ် တွေးလိုက်မိသည်။

ကူရှောင်စန်းက သူ့ကို ရှာတွေ့သွားပြီး ခြေရာလက်ရာများကို နားလည်သွားသည့် ကျေးဇူးကြောင့် နမ်ရွယ်ကို သူမ၏အခန်းထဲတွင် တွေ့နိုင်ခြင်း ဖြစ်နိုင်သည်။

"အချစ်ဆိုတာက ဘာလဲ…"

အဘိုးကြီးကျုံး၏ဇာတ်လမ်းကို ကြားသည့်အခါ ပိုင်ဝမ်ယွမ်က သက်ပြင်းချလိုက်မိသည်။ ရှောင်ယွဲ့အပေါ် အဘိုးကြီးကျုံး၏ ချစ်ခြင်းမေတ္တာများက စစ်မှန်သော်လည်း ဘာကြောင့် သူတို့ကွဲကွာသွားရကြောင်း စဉ်းစားနေမိသည်။

သူကတော့ ခံစားချက်လွယ်သူ တစ်ယောက်ဖြစ်ပုံရပြီး ထိုကဲ့သို့ ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းများကြောင့် အလွယ်တကူ စိတ်လှုပ်ရှားသွားပုံရသည်။

"ဟုတ်တယ် ။ ကျွန်မလည်း အတူတူ ခံစားရတယ်…"

နမ်ရွှယ်က ကြိုးတပ်တူရိယာများ တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏စောင်းကို လာယူရန် စားပွဲထိုးကောင်လေး တစ်ယောက်ကို ခိုင်းစေလိုက်သည်။

"အဲဒီလူထူးဆန်းကြီးက ဘယ်နှစ်ကြိမ် လာပြီးသွားပြီလဲ။ ဘယ်လိုအချိန်တွေမှာ လာတတ်တာလဲ…"

မုန့်ချီက မေးလိုက်သည်။

နမ်ရွှယ်က ခဏကြာစဉ်းစားပြီး ‌ပြန်ဖြေလိုက်၏။

"ကျွန်မလည်း သေချာတော့ မပြောတတ်ဘူး။ တစ်ခါတစ်လေ တစ်ပတ်လောက်ကြာရင် လာတတ်တယ်။ တစ်ခါတစ်ရံတော့ နှစ်ရက်လောက် ကြာပြီးရင် လာတတ်တယ်။ သူက လူမရှိတဲ့ နေ့လည်အချိန်ပိုင်းကို အမြဲတမ်းလာတတ်တယ်…"

"အဘိုးကြီးကျုံးက ရင်မြို့ထဲမှာ ဒီလောက်အကြာကြီး ရှိနေတာလား…"

ဒဏ္ဍာရီများက သူ့ကို လက်တုံ့ပြန်ရန် ကြိုးစားနေခြင်း ဟုတ်မဟုတ် မုန့်ချီက သံသယရှိနေခဲ့၏။

ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲ အကြောင်းကြားလိုက်ရပြီးနောက် သူ၏တည်နေရာကို သေချာပေါက် အတည်ပြုနေနိုင်၏။ ထို့ကြောင့် အဘိုးကြီးကျုံးက ဤနေရာတွင် ရောက်နေသည်မှာ အနည်းဆုံး လဝက်ခန့် ရှိနေနိုင်သည်။ သူတို့၏ လူများလည်း ဤနေရာတွင် ရှိနေနိုင်၏။

"သူ ပထမဆုံး ရောက်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ…"

"ကျွန်မအထင်တော့ လွန်ခဲ့တဲ့(၂)လလောက်က ဖြစ်မယ်ထင်တယ်…"

သူမက ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့(၂)လလား…”

“အဲဒီအချိန်တုန်းက ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲရဲ့ သတင်းတောင် မရသေးဘူး။ တုန်းရန်စံအိမ်ထဲကနေ အဘိုးကြီးကျုံး ထွက်ပြေးသွားတဲ့ အချိန်နဲ့ တွက်ကြည့်လိုက်မယ်ဆိုရင် သူက ရင်မြို့ကို တိုက်ရိုက်ထွက်ပြေးလာခဲ့တာလား..”

မုန့်ချီက တည်ငြိမ်စွာ ဆက်မေးလိုက်၏။

"ဒါဆိုရင် နောက်ဆုံးလာခဲ့တာ ဘယ်အချိန်တုန်းကလဲ…"

"ဒီနေ့ နေ့လယ်လေးကပဲ ..။ သခင်လေးတို့ ရောက်မလာခင် တစ်နာရီလောက် အကြာကမှ ထွက်သွားတာ…"

သူမက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"စုမုန့် …

ဘာလို့ တစ်ခြားသူတွေကို ဂရုစိုက်နေတာလဲ။ လာ သောက်ကြစို့…"

မိကျိကျင်းကတော့ ထိုအရာများကို စိတ်ဝင်စားပုံမရဘဲ သူတို့ကိုသောက်ရန် ခေါ်နေခဲ့သည်။

မုန့်ချီဆီတွင် မေးချင်နေသော မေးခွန်းများ ရှိနေသေးသော်လည်း သူက အရက်ခွက်ကိုမြှောက်ပြီး သူတို့နှင့်အတူ လိုက်သောက်ခဲ့၏။ နမ်ရွှယ်က စောင်းတီးမှု ပြီးဆုံးသွားသည့် အချိန်တွင် မုန့်ချီက ရယ်ကာမောကာနှင့် ပြောလိုက်သည်။

"ဒီနေ့ ငါက မြူခိုးမိုးတောင်တန်းပေါ်ကို ရောက်သွားခဲ့တယ်။ အဲဒီအချိန်ကျမှ ရင်မြို့ကြီးက အရင်မင်းဆက်ရဲ့မြို့တော်ဆိုတာ နားလည်ခဲ့ရတယ်။ ငါက တော်တော်လေး‌ကို ဗဟုသုတ နည်းသေးတာပဲ…"

သူက ထိုစကားကို အသုံးချပြီး တစ်ခြားသူများနှင့် စကား ဆက်လိုခြင်းဖြစ်သည်။

“ထင်ပေါ်ကျော်ကြားမှုတွေ ဆိုတာကလည်း အချိန်ကြာတဲ့အခါကျရင် တဖြည်းဖြည်း စွန့်ပစ်ခံရတာပဲ။ ရင်မြို့ကြီးက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကလို နေရာမဟုတ်တော့ဘူး…"

မိကျိကျင်းက သက်ပြင်းချလိုက်မိ၏။

"အရင်မင်းဆက်တုန်းက ငါတို့မိသားစုက ဒီမြို့ထဲမှာ ချမ်းသာတဲ့နယ်မြေခံအဆင့်ပဲ ရှိသေးတယ်။ မြို့ထဲမှာ ငါတို့က ဘာမှမထူးခြားခဲ့ဘူး။ ဒါပေမဲ့ ငါတို့ကိုယ်ငါတို့ အကောင်းဆုံး တည်ထောင်နိုင်ခဲ့တဲ့အတွက် ငါတို့ရဲ့ကံကြမ္မာတွေက ပြောင်းလဲသွားခဲ့တယ်…"

"မင်းတို့က ရင်မြို့ထဲမှာ အရင်မင်းဆက်က အထက်တန်းလွှာ မိသားစုတွေရဲ့ သိုင်းကျင့်စဉ်အများကြီး ရခဲ့တယ် ထင်တယ်…”

မုန့်ချီက တစ်ယောက်တည်း စဉ်းစားမိခဲ့၏။

ထို့နောက် အပြုံးနှင့်ပြောလိုက်သည်။

"ဒါက အရင်မင်းဆက်ရဲ့မြို့တော်တစ်ခုပဲ။ ဒါကြောင့် နှစ်ရာပေါင်းများစွာ ရှိနေတဲ့ ကောလာဟလသတင်းတွေ အများကြီးရှိနေမှာပေါ့…"

"သေချာပေါက် ရှိတာပေါ့…"

မိကျိကျင်းက ရင်မြို့ထဲတွင် မွေးဖွားကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သူ့မွေးရပ်မြေ၏ အတိတ်အောင်မြင်မှုများနှင့် ပတ်သက်လာသည့်အချိန်တွင် သူက ထိုအရာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောချင်သည်ဟု ခံစားနေရသေးသည်။

ရုတ်တရက် သူက စကားများလာပြီး ပြောလိုက်၏။

"မြို့မှာရှိတဲ့ ဟန်မိသားစုအကြောင်း ကောလာဟလ သတင်းတွေကတော့ ရာချီထောင်ချီ ရှိနေတယ်။ သူသေခါနီး အိပ်ယာထဲ လဲနေတဲ့အချိန်မှာ အထက်တန်းလွှာ မိသားစုတွေက ရှင်ဘုရင်ကို ပုန်ကန်ခဲ့တယ်လို့ ပြောကြတယ်။ သူ့ကို ကာကွယ်ပေးမဲ့ ဓမ္မကာရ ပညာရှင်တွေ မရှိတဲ့အတွက် သူလည်း အချိန်နည်းနည်းလေးပဲ ခံနိုင်ရည်ရှိခဲ့တယ်။ ဒါကြောင့် သူ့မိသားစုရဲ့ကျင့်စဉ်တွေ၊ လျှို့ဝှက်ရတနာတွေအားလုံးကို ယုံကြည်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်က သွားပြီး ဝှက်ထားခဲ့တယ်။ အဓိကရည်မှန်းချက်ကတော့ သူတို့ရဲ့တပည့်တွေ ထွက်ပြေးသွားဖို့နဲ့ အရာအားလုံးအဆင်ပြေသွားရင် သူတို့ရဲ့ရတနာတွေကို ပြန်ယူဖို့ပဲ…”

“သူက တိုင်းပြည်ကို ပျက်ဆီးမသွားစေချင်ဘူးလို့လည်း ကြားဖူးတယ်။ ဒါကြောင့် သူက လူသားဧကရာဇ်ရဲ့ဓားကို ရှာဖို့အတွက် ကျောင်းဆောင်ကြီးဆီကို လူလွှတ်ပြီး တူးဖော်ခဲ့တာ။ သူက အဲဒီဓားကိုလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ တစ်ချို့ရလဒ်တွေအရ လျှို့ဝှက်ရတနာအချို့ကိုတော့ ရသွားခဲ့တယ်။ အဆုံးမှာတော့ သူက မြူခိုးမိုးတောင်တန်းရဲ့အပေါ်မှာ ကံဆိုးခြင်းကို ကြုံလိုက်ရသေးတာပဲ။ အဲဒီလျှို့ဝှက်ရတနာတွေကလည်း အသုံးမဝင်ခဲ့ဘူး။ သူက သူတို့ရဲ့ ရတနာသေတ္တာတွေကို ရွေ့ပြောင်းဖို့ အချိန်မရှိတဲ့အတွက် သူ့မိသားစု စစ်သည်တော်တွေက သူ့ရဲ့ကလေးတွေ ကျင့်စဉ်တွေကို ယူသွားပြီး သူတို့နောက်တစ်ကြိမ် တိုးတက်လာမဲ့အချိန်ကို စောင့်နေတယ်လို့လည်း ကြားဖူးတယ်.."

"နောက်ထပ်ကောလာဟလတစ်ခုကတော့ သူ့ရဲ့ကံကြမ္မာကို လက်ခံပြီး လက်လျော့လိုက်တယ် ဆိုတာပဲ။ သူက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်နဲ့ ဆက်သွယ်ချင်ခဲ့တယ်။ ဒါဆို သူ့ကို စွန့်ပစ်ခဲ့တဲ့ အထက်တန်းလွှာ မိသားစုတွေနဲ့ တိုက်ခိုက်နိုင်ပြီး သူ့ဘက်မှာ ဂိုဏ်းတစ်ချို့ကို ရပ်တည်ပေးစေချင်ခဲ့တယ်…”

မုန့်ချီက သေချာဂရုစိုက်၍ နားထောင်နေသည်။ မိကျိကျင်း ပြောခဲ့သော အရာများကို ဝမ်စစ်ယွမ်၏ သဲလွန်စနှင့် ဆက်စပ်ပြီး စဉ်းစားနေခဲ့သည်။

“အိမ်ရှေ့မင်းသားရဲ့ရည်ရွယ်ချက်က ဘာလဲ။ ရှားပါးရတနာတွေလား။ ရတနာသေတ္တာတွေလား…”

ဟန်မိသားစုမှ တစ်စုံတစ်ယောက်က ထိုအရာများကို အသက်ရှင်လျက် သေချာပေါက် ယူသွားနိုင်ခဲ့သည်။ နှစ်ရာပေါင်းများစွာ ကြာပြီးနောက် သူတို့က မည်သည့်နေရာတွင် ရှိနေမည်နည်း။

ဝမ်ကိုက်ကလည်း အရင်မင်းဆက်‌အကြောင်း အတော်လေး စိတ်တင်စားနေပြီး မေးခွန်းများကို မေးနေသည့်အတွက် မိကျိကျင်းက ပို၍ပင်စကားများနေခဲ့၏။ ရင်မြို့၏ ကောလဟာလကို နားထောင်ပြီးနောက် မိကျိကျင်းနှင့် ပိုင်ဝမ်ယွမ်တို့က သူတို့၏အနားတွေ ရှိနေသော မိန်းကလေးများနှင့် အလုပ်ရှုပ်နေကြောင်း မုန့်ချီက သတိထားမိခဲ့သည်။

နမ်ရွယ်က သူ့ပုခုံးကို မှီတော့မည့်အချိန်တွင် သူက ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ သူက အကုန်လုံးကို နှုတ်ဆက်ပြီး ပြောလိုက်သည်။

“ငါက သွားဖို့နေရာတစ်ခုကို အခုမှ အမှတ်ရတယ်။ ငါအရင်ဆုံးသွားတော့မယ်..”

သူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူက ကျန်းကျိဝေကို အဘိုးကြီးကျုံးအကြောင်း သတိပေးရဦးမည်ဖြစ်၏။ ဒဏ္ဍာရီများက စုဝူမင်ကို ဒေါသထွက်အောင် မလုပ်ရဲသော်လည်း ကောင်းကင်နတ်ဆိုးကျင့်စဉ် လေ့ကျင့်ထားသူများက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိပေ။ သူတို့က အရာအားလုံးကို လုပ်ဆောင်တတ်၏။ ထို့ပြင် သူက အဘိုးကြီးကျုံးကို စောင့်ရန် ပန်းထိုးလစံအိမ်ကို လူတစ်ယောက် စောင့်ကြည့်ခိုင်းရဦးမည်ဖြစ်သည်။

မိကျိကျင်းက အံ့ဩသွားပြီး မေးလိုက်၏။

"မင်းက ဒီလိုချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ထားခဲ့ပြီး သွားတော့မလို့လား.."

"ဒီကိစ္စက တော်တော်အရေးကြီးတယ်။ ငါအရင်ဆုံးသွားတော့မယ်…"

မုန့်ချီက ပြန်ဖြေလိုက်၏။

သူက ပြတ်သားနေသည်ကို မြင်သည့်အခါ မိကျိကျင်းနှင့် ပိုင်ဝမ်ယွမ်တို့ကလည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။

မုန့်ချီက ဝမ်ကိုက်ကို လှည့်ပြောလိုက်၏။

"ဒီပြဿနာက တော်တော်အရေးကြီးတယ်။ ဒီတော့ အစ်ကိုဝမ်ရဲ့ အကူအညီလည်း လိုအပ်တယ်…"

"ကောင်းပြီလေ…"

ဝမ်ကိုက်က အလွန်ဝမ်းသာသွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အမူအရာများ ပေါ်လာခဲ့၏။ သူတို့(၂)ယောက် အထူးအခန်းထဲမှ ထွက်သွားသည်ကို နမ်ရွှယ်နဲ့ နမ်ဖန်းတို့ကလည်း မြင်လိုက်ရသည်။

သူတို့က လှေပေါ်မှ ဆင်းသွားတော့မည့်အချိန်တွင် နမ်ရွှယ်က မုန့်ချီ၏အနားသို့ ကပ်လာပြီး ချိုသာစွာ ပြောလိုက်၏။

"တကယ်လို့ သခင်လေးကသာ ကျွန်မကိုထိဖို့ မကြိုးစားခဲ့ရင် သူ့ကိုယ်စား ချီးကျူးပေးပါလို့ သခင်မလေးက မှာခဲ့တယ်…"

"ဟမ်"

ထိုအရာက ကြီးမားသောပြဿနာမဟုတ်ကြောင်း မုန့်ချီ၏သိစိတ်က ပြောပြနေခဲ့သည်။

သို့သော်နမ်ရွှယ်ကတော့ စပြောလိုက်သည်။

"ယောကျာ်း…

ရှင်က တကယ်ထူးခြားတဲ့ ဘုန်းကြီးလေးတစ်ပါးပဲ…"

Translated by Hein Htet.

All Chapters