← Chapters

အခန်း (၄၁၁)

Vol. 28 Ch. 411

အခန်း (၄၁၁)

Vol. 28 Ch. 411

"ဟား ဟား ဟား ဟား …."

မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး မည်သည့်စကားမျှ မကြားချင်ယောင်ဆောင်လိုက်သည်။ လှေပေါ်မှ ဆင်းလာပြီးနောက် သူက လှေငယ်လေးတစ်စီးကိုယူပြီး ဝမ်ကိုက်နှင့်အတူ မြစ်ကမ်းဆီသို့ လှော်လာခဲ့သည်။

ကမ်းစပ်ကို ရောက်သည့်အချိန်မှသာ ဝမ်ကိုက်က ကျေးဇူးတင်စကား ပြောလိုက်၏။

"ငါ့ကိုပါ ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ် ညီလေးစု…"

"ဒါက ကိစ္စမရှိပါဘူး…"

မုန့်ချီက မူလပုံစံ ပြန်ရသွားခဲ့သည်။

"ညီလေးစု …

မင်းမှာ တကယ်ပဲ အရေးကြီးကိစ္စတစ်ခု ရှိနေတာလား။ ငါ့ရဲ့အကူအညီတစ်ခုခု လိုအပ်သေးလား…"

ဝမ်ကိုက်က တစ်စုံတစ်ခု ပြန်ပေးရန် လိုအပ်သည်ဟု ခံစားမိခဲ့သည်။

မုန့်ချီက ခေါင်းခါပြလိုက်၏။ သူက ဝမ်ကိုက်ကို ဒဏ္ဍာရီများနှင့် ပတ်သက်စေလိုခြင်း မရှိပေ။

"ဒါက ဆင်ခြေတစ်ခုပါပဲ။ ကျွန်တော်က ကျိကျန်းဓားစံအိမ်ကို သွားချင်သေးတယ်။ ပြီးမှလေ့ကျင့်ဖို့အတွက် ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို ပြန်တော့မယ်လေ.."

ဝမ်ကိုက်က ခေါင်းညိတ်ပြလိုက်၏။

" ဒါဆိုရင်လည်း ငါအရင်သွားတော့မယ်…"

သူတို့က လူခွဲသွားကြပြီး မုန့်ချီကတော့ တျန်းရွှေမြစ်အတိုင်း ကျိကျန်းဓားစံအိမ်သို့ အလျင်အမြန် ထွက်လာခဲ့သည်။ ခဏကြာလျှောက်လာပြီးနောက် သူက မြစ်အလယ်ခေါင် တည့်တည့်ကို စိုက်ကြည့်ပြီး ရုတ်တရက် ရပ်သွားခဲ့သည်။

ထိုနေရာက ကူးသန်းသွားလာရေး နယ်မြေများနှင့် အဝေးဆုံး မြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုနေရာတွင် လှေအနည်းငယ် ရှိနေသည်။ လှုပ်ရှားနေသော လှိုင်းလုံးကြီးများကို အဝေးမှ ကြည့်လိုက်ရုံနှင့် မြင်နေနိုင်ပြီး ထိုရေလှိုင်းများ၏ အလယ်တွင်တော့ ရေစီးကြောင်းအတိုင်း စီးဆင်းနေသော လေငယ်လေးတစ်စီး ရှိနေသည်။

ထိုလှေငယ်လေးပေါ်တွင်တော့ အရက်အိုးကြီးတစ်လုံးကို ရှေ့တွင် ချထားသော အစိမ်းဝတ် သခင်လေးတစ်ယောက် ထိုင်နေသည်။ သူက လမင်းကြီးကို ငေးကြည့်နေရင်း အရက်သောက်နေပုံရ၏။

ထိုလူငယ်က အသက် (၂ဝ) ဝန်းကျင်သာ ရှိနေသေးပြီး သာမန်ထက်ပိုထူးခြားသော လက္ခဏာများ ရှိသည်။ သူက အလွန်တည်ငြိမ်အေးချမ်းပြီး လွတ်လပ်ပေါ့ပါးပုံရ၏။ သူက အရက်သောက်နေရင်း မကြာခဏ သီချင်းအော်ဆိုနေခဲ့သည်။

သူ၏ခေါင်းပေါ်တွင်ရှိနေသော အဖြူရောင်ဆံပင် အနည်းငယ်က ကမ္ဘာမြေကြီးနှင့် တစ်သားတည်းရှိနေသလို ခံစားနေရပြီး သူ၏အပြုအမူများက သဘာဝတရားကြီးထဲတွင် အနှောင့်အယှက် မဖြစ်တော့ပေ။ သူ့ပုံစံက ကမ္ဘာမြေကြီး၏ ကြားထဲတွင် ဖြည်းညင်းစွာ ပွင့်လန်းလာနေသော အစိမ်းရောင် ကြာပန်းတစ်ပွင့်ကဲ့သို့ ထင်မှတ်ရသည်။

သူတို့က အသိအကျွမ်း မဟုတ်သော်လည်း ထိုလူငယ်က မည်သူဖြစ်ကြောင်း မုန့်ချီက ခန့်မှန်းမိနေ၏။ သူက ရင်မြို့ထဲတွင် ထိုလူငယ်ကို စိန်ခေါ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် အခြေအနေ အကြောင်းမျိုးစုံကြောင့် သူက ပျော်ရွှင်ခြင်းတိမ်တိုက်ကို အရင်ဆုံး သွားခဲ့ရသည်။

ထိုအရာက ဟွမ်ဟွာဓားဂိုဏ်း၏ဆက်ခံသူ ကြာပန်းသခင် လျှူစု ဖြစ်သည်။ မုန့်ချီက ပြန်လှည့်လာပြီးနောက် ကျိကျန်းစံအိမ်ကို အရင်သွားခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။

"မိတ်ဆွေ …

ငါတို့က ရန်းကျိမြစ်ဘယ်ဘက်ခြမ်းနယ်မြေထဲမှာ တွေ့ခွင့်ရပြီဆိုမှတော့ ငါနဲ့အတူတူ လာသောက်ပါလား…"

ထိုအချိန်တွင် လျှူစုက သူ့ကိုလှမ်းကြည့်ပြီး ခေါ်လိုက်သည်။ သူက မုန့်ချီအကြည့်ကို သတိထားမိပြီး သူ၏တည်ရှိမှုကိုလည်း သတိထားမိသည်။ ထို့ကြောင့် သူက သာမန်လူတစ်ယောက် မဟုတ်ကြောင်း ချက်ချင်း သိနေခဲ့၏။

မုန့်ချီက ခဏကြာစဉ်းစားပြီးနောက် နယ်မြေခံ ဟွမ်ဟွာဓားဂိုဏ်း၏ တာဝန်ခံကိုတွေ့ပြီး အဘိုးကြီးကျုံးအကြောင်း အစ်ကိုချီကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက ကျယ်လောင်စွာ ရယ်ပြီး ပြန်ဖြေလိုက်၏။

"ကြာပန်းသခင်ရဲ့အရက်က သေချာပေါက် အရက်ကောင်းဖြစ်မှာပေါ့။ ဒါမျိုးကို လက်လွှတ်ခံလို့ရမလား…"

သူက သစ်ပင်ကြီးပေါ်မှ သစ်ကိုင်းခြောက် (၂) ခုကို ချိုးယူလိုက်ပြီး လေထဲသို့ လှမ်းခုန်လိုက်သည်။ ထို့‌နောက် ရေမျက်နှာပြင်ပေါ်တွင် ငှက်ကြီးတစ်ကောင်ကဲ့သို့ ပျံဝဲလာပြီး မြစ်ကို လှပစွာ ဖြတ်ကျော်လာခဲ့၏။ ‌

တျန်းရွှေမြစ်က အတော်လေး ကျယ်ပြန့်ပြီး လှေငယ်လေးက မြစ်အလယ်ခေါင်တွင် ရှိနေသည်။ မုန့်ချီက တစ်ဝက်ခန့်ကို ရောက်သည့်အချိန်တွင် အလေးချိန်နှင့် မြေဆွဲအားကြောင့် အောက်သို့ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။

လရောင်ကြီးက ရေပြင်ပေါ်သို့ ကျဆင်းလာသည့်အချိန်တွင် သူက သစ်ကိုင်းခြောက်တစ်ခုကို အောက်သို့ ပစ်ချလိုက်သည်။ ထိုအရာက ရေထဲတွင် ပေါ်နေပြီး မုန့်ချီက ထိုသစ်ကိုင်းခြောက်ပေါ်သို့ နင်း၍ နောက်တစ်ကြိမ် လေထဲသို့ ခုန်တက်လိုက်ပြန်သည်။

နောက်ထပ်တစ်ကြိမ် လုပ်ဆောင်လိုက်ပြီးနောက် သူက လျှူစု၏ရှေ့တွင် ဆင်းသက်နိုင်ခဲ့ပြီး လှေ၏တခြားဘက်ခြမ်းတွင် ထိုင်နိုင်ခဲ့သည်။ အရက်အိုး၏ အနားတွင်တော့ ခွက်အလွတ်တစ်ခု ရှိနေသည်။ လျှူစုက ကြိုတင်ပြင်ဆင်ထားသလို ထင်မှတ်ရ၏။

"တခြားဧည့်သည်တစ်ယောက်များ ရှိနေတာလား…."

လျှူစုက သူ့ကို အထူးတလည် စောင့်နေမည်မဟုတ်ကြောင်း မုန့်ချီက သိနေခဲ့သည်။

လျှူစုက အရက်အိုးကို ပုတ်လိုက်ရာ အိုးထဲမှနေ၍ အရက်များ ထွက်လာပြီး ခွက်အလွတ်ထဲသို့ ကျသွားခဲ့၏။ တစ်စက်မှ ဖိတ်ကျခြင်း မရှိသလို တစ်စက်မှ ပိုလျှံလာခြင်းလည်း မရှိချေ။ သူ၏ထိန်းချုပ်နိုင်စွမ်းကြောင့် မုန့်ချီကပင် အံ့သြသွားခဲ့၏။

"ငါက ဒီနေရာကို အရက်ယူလာတယ်ဆိုတာ လူတစ်ယောက်နဲ့ ယှဉ်ပြိုင်မလို့ပါ။ ဒါပေမဲ့ သူက လုံးဝရောက်မလာတဲ့အတွက် ငါတစ်ယောက်တည်းပဲ ဖြစ်နေတာ။ မင်းနဲ့ တွေ့ရတာတော့ ကျေးဇူးတင်ရမှာပေါ့…"

လျှူစုက အရက်အိုးကိုယူပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"ငါတို့က အချင်းချင်း မသိကြပေမယ့် အရက်သောက်ပြီးသွားရင်တော့ မိတ်ဆွေတွေ ဖြစ်သွားကြမှာပါ…"

မုန့်ချီက အရက်ခွက်ကို ယူလိုက်သည့်အချိန်တွင် မွှေးပျံ့သော အရက်နံ့က ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။ ထိုအရက်က အပြာရင့်ရောင်ဖြစ်နေပြီး အလွန်ထူးခြားသော မွှေးရနံ့ ရှိနေ၏။

"ငါက စုမုန့်လို့ခေါ်တယ်…"

သူတို့ (၂) ယောက်က ခွက်ချင်းတိုက်လိုက်ပြီး တစ်ကျိုက်တည်း သောက်လိုက်ကြသည်။

ထိုအရက်က လည်ချောင်းထဲတွင်ပူဆင်းသွားသလို ခံစားလိုက်ရပြီး အစာအိမ်ထဲသို့ စီးဆင်းသွားခဲ့သည်။ မွှေးပျံ့လာသော ရနံ့များနှင့်အတူ အနွေးဓာတ်တစ်ခုလည်း ပျံ့နှံ့လာပြီး ပါးစပ်ထဲတွင် ချိုမြမြအရသာလေး ကျန်နေခဲ့သည်။

"တကယ်ထူးခြားတဲ့အရက်ပဲ…"

"ဒါက လောင်ဝေလု မြူခိုးမိုး အရက်လို့ခေါ်တယ်။ ဒီအရက်အိုးကတော့ နှစ်ပေါင်း (၃၀) သက်တမ်းရှိပြီ။ ငါက ဒီအရက်ကို ရဖို့အတွက် တော်တော်လေး အရှက်မဲ့ခဲ့ရတယ်…"

လျှူစုက အပြုံးနှင့် ပြောလိုက်သည်။ သူ့အရက် ချီးကျူးခံရသည့်အတွက် သူက ပို၍ဝမ်းသာနေပုံ ရသည်။

မုန့်ချီကလည်း အရက်အိုးကို လက်နှင့်ထိလိုက်ရာ အရက်များက လေထဲသို့ လွင့်လာပြီး (၂) ပိုင်းကွဲ၍ သူတို့၏ခွက်တစ်ခုချင်းဆီထဲသို့ ကျရောက်သွားခဲ့ပြီး ခွက်ထဲတွင် ပြည့်နှက်သွားခဲ့သည်။ တစ်စက်မှ မပိုသလို တစ်စက်မှ မဖိတ်ပေ။ သူ၏ထိန်းချုပ်နိုင်စွမ်းကလည်း လျှူစုကို ယှဉ်နိုင်၏။

လျှူစုက ပြုံးလိုက်သည်။

"အရင်တုန်းက မင်းက ငါ့ကိုစိန်ခေါ်ချင်နေတယ်လို့ ညီလေးချီက ပြောတာကြားဖူးတယ်…"

"ဟုတ်တယ် ။ အစ်ကိုချီကရော ရင်မြို့ထဲမှာ ရှိနေတာလား…"

မုန့်ချီက မေးလိုက်သည်။

လျှူစုက လှေဘောင်ကို ပုတ်လိုက်၏။

"သူ ရှိပါတယ်။ တကယ်လို့ ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲကသာ ရောက်မလာဘူးဆိုရင် ငါတို့က အရက် (၁၀) ခွက်ဆီလောက်သောက်ပြီး သိုင်းပညာအကြောင်း ဆွေးနွေးလို့ရတယ်…"

"နောက်ပိုင်းကျရင်တော့ အဲဒီလိုလုပ်ဖို့ သေချာပေါက်အခွင့်အရေး ရှိလာမှာပါ"

ထို့နောက် မုန့်ချီက ထပ်ပြောလိုက်၏။

"သူ့ကို မကောင်းကြံနေတဲ့ အဘိုးကြီးကျုံးက ရင်မြို့ထဲမှာ ပေါ်လာပြီလို့ ကျေးဇူးပြုပြီး အစ်ကိုချီကို ပြောပြပေးပါ…"

လျှူစုက ခေါင်းညိတ်ပြလိုက်၏။ သူက ထပ်မံ မေးမြန်းနေခြင်း မရှိဘဲ အရက်ခွက်ကို မြှောက်ပြီး မုန့်ချီနှင့် သောက်နေခဲ့သည်။ တတိယခွက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် မုန့်ချီက သူ၏အတွင်းအားများကို အနည်းငယ် လှုပ်ရှားလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်၏။

"ကြာပန်းသခင်က ဘယ်သူ့ကို စောင့်နေတာလဲ…"

ကြာပန်းသခင်နှင့် တွေ့ဆုံရန် စီစဉ်ထားသော လူတစ်ယောက်က သေချာပေါက် သာမန်လူတစ်ယောက် မဟုတ်နိုင်ပေ။ ရင်မြို့ထဲတွင် ရှိနေသော အဖြစ်အပျက်များက အတော်လေးကို ရှုပ်ထွေးလှ၏။ ထို့ကြောင့် မုန့်ချီက ထိုကိစ္စများကိုအနည်းငယ် ကြိုတင်၍ သိနိုင်လျှင် ပိုကောင်းမည်ဟု စဉ်းစားမိခဲ့၏။

လျှူစုက မြစ်ကြီး၏အလယ်ကို ငေးကြည့်ပြီး ပြောလိုက်၏။

"သူခိုးကြီးစစ်ခုံထူ…"

"သူခိုးကြီး ဟုတ်လား…"

မုန့်ချီက ထိုနာမည်နှင့် ရင်းနှီးနေခြင်း မရှိချေ။ သို့သော် ထိုအရာက ယပ်တောင် (၆)လက်ကျောင်း၏ အလိုရှိစာရင်းထဲတွင် နာမည်ကျော်သော လူတစ်ယောက် ဖြစ်သည်။

သူခိုးကြီးဟူသောနာမည်ကို ရရှိထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သူက ဝေ့ကျင်းတစ်ဝက်အဆင့်ရှိပြီး ကိုယ်ဖော့ပညာ ၊ ခြေရာခံမှုကို ရှောင်တိမ်းခြင်းနှင့် လှည့်စားမှုအတတ်တွင် အထူးကျွမ်းကျင်သည်။ သူက လူပေါင်းများစွာကို ဓားပြတိုက်ခဲ့ပြီး အုတ်ဂူပေါင်းများစွာကို တူးဖော်ခဲ့သည့်အတွက် မိသားစုပေါင်းများစွာက သူ့ကို မုန်းတီးနေကြ၏။

"ငါက မြစ်အရှေ့ပိုင်းမှာ သွားလာခဲ့တဲ့အချိန် စစ်ခုံနဲ့ တစ်ကြိမ်တွေ့ခဲ့ဖူးပြီး သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ စွမ်းအားမလုံလောက်ခဲ့ဘူး။ ဒါကြောင့် ငါတို့က အကျိုးအမြတ်တွေကို ခွဲဝေယူခဲ့ရတယ်။ သူကလည်း အရက်ကို ကြိုက်တယ်လေ။ ဒါကြောင့် ငါတို့က ယှဉ်ပြိုင်တဲ့အချိန်တိုင်း မကြာခဏ အရက်နဲ့ အလောင်းအစား လုပ်ကြတယ်…”

“တကယ်လို့ ငါနိုင်တယ်ဆိုရင်တော့ သူက ပြစ်မှုတစ်ခုမလုပ်ဖို့ လက်လျှော့ရတယ်။ တကယ်လို့ သူနိုင်တယ်ဆိုရင်တော့ ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းကို မဆန့်ကျင်တဲ့အရာမျိုး ငါက သူ့အတွက် လုပ်ပေးရတယ်။ အခုချိန်ထိ ငါတို့က တိုက်ပွဲ (၅)ခု တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲတစ်ခုချင်းဆီတိုင်းက သရေနဲ့ပဲ အဆုံးသတ်သွားရတာပဲ.."

လျှူစုက အတိတ်ကို စဉ်းစားနေသည့်အလား နောက်ထပ် အရက်တစ်ခွက် သောက်လိုက်သည်။

"နဂိုတုန်းကတော့ စစ်ခုံက ဒီနေ့ ငါနဲ့တွေ့ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ သူ ပေါ်မလာခဲ့ဘူး။ ကြည့်ရတာ သူ့မှာ တခြားအရေးကြီးကိစ္စ ရှိနေတယ် ထင်တယ်…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"သူခိုးကြီးကလည်း ရင်မြို့ထဲမှာ ရောက်နေပြီ။ ကြည့်ရတာတော့ ဒီနေရာက ပညာရှင်တွေ အချိန်မရွေးပေါ်လာနိုင်တဲ့ နေရာတစ်ခု ဖြစ်နေပြီပဲ…"

လျှူစုနှင့် အရက် (၇) ခွက် (၈) ခွက်ခန့် သောက်လိုက်ပြီးနောက် မုန့်ချီက ကျိကျန်းဓားစံအိမ်သို့ အလျင်အမြန် သွားစရာရှိသေးသည့်အတွက် မတ်တပ်ရပ်ပြီး လျှူစုကို နှုတ်ဆက်လိုက်သည်။ သူက မြစ်ကမ်းပေါ်သို့ ပြန်သွားတော့သည့်အချိန်တွင် ခြေနင်းကျောက်တုံးများကိုသာ အသုံးပြုရန် စဉ်းစားနေခဲ့သည်။

"မလိုပါဘူး ။ ငါ မင်းကိုလိုက်ပို့ပေးမယ်…"

လျှူစုက သူ၏ဓားရှည်ကို ပေါ့ပါးစွာ ဆွဲထုတ်လိုက်သည်။ သူ၏အမူအရာက အလွန်တည်ငြိမ် အေးချမ်းနေပြီး ကျယ်လောင်သောအသံကို ကြားလိုက်ရ၏။

"ကြီးကျယ်ခမ်းနားတဲ့ ရေတံခွန်က အမြင့်ကနေ ကျဆင်းလာတယ်…"

ဓားရှည်ကို လွှဲယမ်းလိုက်သည့်အချိန်တွင် မြစ်ပြင်ကြီးက ရုတ်တရက် လှုပ်ရှားလာပြီး အလွန်ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက လှေငယ်လေးကို မြစ်ကမ်းဆီသို့ ပို့ဆောင်ပေးခဲ့၏။

ထိုအရာက စွမ်းအားကို ကောင်းမွန်စွာ အသုံးချနိုင်ခြင်းဖြစ်ပြီး အရှိန်အဝါကို ငှားသုံးလိုက်ခြင်းလည်း ဖြစ်သည်။ လျှူစုက ကမ္ဘာမြေကြီး၏အစွမ်းကို သုံးနိုင်ကြောင်း ကြည့်လိုက်ရုံနှင့် ယုံကြည်နိုင်၏။ လျှူစုက မုန့်ချီကို ရိုးရှင်းစွာ လိုက်ပို့ပေးခဲ့၏။

ထို့နောက် သူက ပြန်လှည့်လာပြီး လှေငယ်လေးကို မြစ်အလယ်ခေါင်သို့ ရွက်လွှင့်သွားခဲ့သည်။ ခဏကြာပြီးနောက် သူက ကျယ်လောင်စွာ အော်ဟစ်နေခဲ့၏။

"ပန်းပွင့်တွေကြားထဲမှာ အရက်တစ်အိုးရှိတယ်။ ငါကတော့ ငါ့ရဲ့အရက်ကို သဘောကျတယ်…."

မုန့်ချီက ထိုလူငယ်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ရှိနေသော လူတိုင်းက သူတို့၏ကိုယ်ပိုင် ထူးခြားသော အငွေ့အသက်များ ရှိနေ၏။

ကျိကျန်းဓားစံအိမ်သို့ ရောက်လာသည့်အချိန်တွင် မုန့်ချီက သူ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။ သူက စိတ်ဝင်စားနေသော အကြည့်ပေါင်းများစွာကို ကြုံလိုက်ရပြီး နောက်ဆုံးတွင်တော့ ကျန်းကျိဝေနှင့် တွေ့ခဲ့ရ၏။

သူက အဘိုးကြီးကျုံး၏ အကြောင်းကို အစမှအဆုံးထိအောင် သေချာ ပြောပြလိုက်သည်။ သူတို့ (၂) ယောက်၏ကြားထဲတွင် ဖုံးကွယ်ထားစရာ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် မိကျိကျင်းနှင့် ပိုင်ဝမ်ယွမ်တို့က ထိုစကားကို သေချာပေါက် ဖြန့်မည်ဖြစ်ကြောင်း သူသိနေ၏။

ကျန်းကျိဝေက ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ သူမက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ငါဂရုစိုက်ပါ့မယ်။ ဒါနဲ့ ငါတို့ရဲ့ဆရာကြီးဟုန်က ရင်မြို့ကို ရောက်လာပြီ…"

နောက်ဆုံးတွင်တော့ မုန့်ချီက စိတ်အေးသွားခဲ့၏။ ကျိကျန်းဓားစံအိမ်မှ ကြယ်ဖျက်ဓား ဟုန်ချမ်းက နာမည်ကျော်ကြားသော ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက စုဝူမင်၏ ဆရာတူ အစ်ကိုတစ်ယောက်လည်း ဖြစ်၏။

ဓားစံအိမ်ထဲမှထွက်လာပြီးနောက် မုန့်ချီက တျန်းရွှေမြစ်အတိုင်း လျှောက်လာပြီး ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို ပြန်သွားရန် စဉ်းစားထားခဲ့၏။ သူက လမ်းလျှောက်လာရင်း ရုတ်တရက် ပန်းထိုးလစံအိမ်၏ လှေကြီးကို တွေ့လိုက်ရသည်။

"သူတို့က ဒီနေရာထိတောင် ရွက်လွှင့်လာကြတာလား…"

မုန့်ချီက အံ့သြသွားခဲ့၏။ သူတို့က ယွဲ့ရေကန်နှင့် မြူခိုးမိုးတောင်တန်း၏ အနားတွင် ရှိနေသည်။ ဤနေရာသို့ လှေအနည်းငယ်ကသာ ရွက်လွှင့်လာတတ်၏။

လှေကြီးက မြစ်ကမ်းစပ်တွင် ကပ်ထားသည်။ အလင်းရောင်များကလည်း မှေးမှိန်နေပြီး ဧည့်သည် အနည်းငယ်သာ ရှိပုံရ၏။ သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပုံ ရသည်။

မုန့်ချီက တစ်စုံတစ်ခုကို သတိထားမိသွားပြီး ချက်ချင်းပင် သစ်ပင်တစ်ပင်ကြီး၏ နောက်တွင် လျင်မြန်စွာ သွားပုန်းလိုက်၏။ သူက လှမ်းကြည့်လိုက်သည့်အခါ ပြတင်းပေါက်တစ်ခု ပွင့်နေပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ခုန်ထွက်လာကြောင်း တွေ့လိုက်ရသည်။

ထို့နောက် မိကျိကျင်း ပေါ်လာပြီး တံခါးကို ပိတ်လိုက်၏။ သူ၏မျက်နှာပေါ်တွင် လေးနက်မှုများ ပြည့်နှက်နေပြီး ယခင်တုန်းကလို ပုံစံမျိုး လုံးဝ မဟုတ်တော့ပေ။ အနက်ရောင်ဝတ်ထားသည့်သူကတော့ တစ်စုံတစ်ခု လုပ်တော့မည်ဟု ညွှန်ပြနေပြီး နောက်ယောင်ခံ အလိုက်ခံရမှာကို ကြောက်လန့်နေပုံရ၏။

သူက လမ်းကြောင်းကို အကြိမ်ပေါင်းများစွာ ပြောင်းလဲနေပြီး အမှောင်ထုကြီးထဲတွင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ မိကျိကျင်းက အနက်ဝတ်လူ၏ နောက်သို့ လိုက်သွားရန် ကြိုးစားနေကြောင်း မုန့်ချီက ခံစားမိနေခဲ့၏။

မုန့်ချီက မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ သူ့ဆီတွင်လည်း ကိုယ်ပိုင်ပြဿနာ ရှိနေသည့်အတွက် တခြားလူများ၏ ကိစ္စကိုဝင်ပါရန် စိတ်မဝင်စားချေ။ မိကျိကျင်းက ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ လုပ်ဆောင်နေသည်မှာ မင်းသား ကျင်းကျိုးရီနှင့် တစ်စုံတစ်ခု ပတ်သက်နေနိုင်သည်။

မုန့်ချီက ထိုနေရာကို ဖြတ်ကျော်လာပြီး ပျော်ရွှင်ခြင်းတိမ်တိုက်ဆီသို့ တိုက်ရိုက် ပြန်ရောက်လာခဲ့၏။ အာရုံတက်ချိန်တွင် ပထမဆုံး နေရောင်ခြည်က မုန့်ချီ နေထိုင်သော ခြံဝန်းငယ်လေးထဲသို့ ကျရောက်လာသည်။

မုန့်ချီက ချက်ချင်း နိုးလာခဲ့၏။ ရာသီဥတုကောင်းမွန်ပြီး လေလှိုင်းများက လက်ဆတ်နေသည်ဟု ခံစားရသည့်အတွက် သူ၏ခံစားချက်များလည်း ကောင်းမွန်နေခဲ့သည်။ သူ့ရှေ့တွင် ဖြစ်နေသော အရာအားလုံးက အတွေ့အကြုံများကဲ့သို့ ဖြစ်နေခဲ့၏။ ထို့ကြောင့် သူက တစ်စုံတစ်ခုကို စဉ်းစားနေခဲ့ပြီး ထိုအတွေးရခဲ့သည်။

"ကောင်းကျိုးပံ့ပိုး ကောင်းကင်အဖွဲ့သားက အစ်ကိုချီကို မသတ်နိုင်မှတော့ သူက ငါ့ကို သတင်းပေးနိုင်တယ်လို့ ဒဏ္ဍာရီတွေက မတွေးထားဘူးလား။ ငါက ကျိဝေနဲ့ တွေ့ပြီးသွားပြီ။ ဒီတော့ ဒီသတင်းက ကျိကျန်းဓားစံအိမ်ဆီကိုလည်း ရောက်သွားမှာပဲ။ ကျိကျန်းဓားစံအိမ်က ဆရာကြီးဟုန်ကလည်း ရင်မြို့ကို ရောက်နေပြီ။ လျှူစုရဲ့ စကားအရ ဟွမ်ဟွာဓားဂိုဏ်းက ပညာရှင်တွေလည်း သေချာပေါက် ရောက်လာနိုင်တယ်။ ဒဏ္ဍာရီတွေက တကယ်ပဲ ငါနောက်ကို လိုက်လာတာလား…"

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီး သူက မျက်မှောင်ကြုတ်နေမိ၏။

"ဒဏ္ဍာရီတွေက အစ်ကိုချီကို နှုတ်ပိတ်ဖို့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ သူတို့ရဲ့ကြိုးစားမှုက ပေါ်သွားနိုင်တယ်။ သူတို့က ဒေါသအလျှောက် လုပ်လိုက်တာ ဖြစ်တဲ့အတွက် ဒီကိစ္စကို သေချာပေါက် အထိခိုက်ခံပါ့မလား။ တကယ်လို့ သူတို့ရဲ့နေရာမှာ ငါသာဆိုရင် သိုသိုသိပ်သိပ်နေပြီး တိုက်ခိုက်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခုကို စောင့်မှာပဲ။ ဒါပေမဲ့ အဘိုးကြီးကျုံးကလည်း ရင်မြို့ထဲမှာ ပေါ်လာသေးတယ်။ သူက ဒီနေရာမှာပုန်းနေတာလား ဒါမှမဟုတ် ဒဏ္ဍာရီတွေဆီမှာ တခြားအစီအစဉ်တွေ ရှိနေတာလား…"

သူက စိတ်ပျက်နေသည့်အချိန်တွင် ပျော်ရွှင်ခြင်းတိမ်တိုက်မှ အစေခံက ရောက်လာခဲ့၏။ သူက ကလေးတစ်ယောက် လာပို့သော စာတစ်စောင်ကို လာပို့ခြင်း ဖြစ်သည်။

မုန့်ချီက သံသယဝင်နေပြီး စာကို စစ်ဆေး၍ ဖတ်ကြည့်လိုက်သည်။ ထိုအထဲတွင်တော့ အလွန်လှပသော လက်ရေးများကို တွေ့လိုက်ရသည်။

"မြို့မြောက်ပိုင်းမိုင် (၂၀) ..

နဂါးပတ်တောင်တန်းရဲ့ အုတ်ဂူတောင်ကြားမှာ ကောင်းကင်ဖျက်မကောင်းဆိုးဝါးရဲ့ ခြေရာလက်ရာတွေကို တွေ့တယ်…"

"ကူရှောင်စန်းဆီက စာလား။ အဘိုးကြီးကျုံးရဲ့ တည်နေရာလား…"

မုန့်ချီက ထိုစာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိသည်။

Translated by Hein Htet

All Chapters