← Chapters

အခန်း (၄၁၂)

Vol. 28 Ch. 412

အခန်း (၄၁၂)

Vol. 28 Ch. 412

မုန့်ချီက ကူရှောင်စန်း၏ လက်ရေးကို လုံးဝ မမြင်ဖူးချေ။ ထို့ကြောင့် လက်ရေးကို အခြေခံပြီး ရေးသားသူ၏ နောက်ကြောင်းကို စစ်ဆေးကြည့်ရန် လုံးဝ မဖြစ်နိုင်ပေ။

သို့သော် ယမန်နေ့တွင် သူမ၏ စကားကို ကြားရပြီး အဘိုးကြီးကျုံး၏ တည်နေရာကို ရှာ‌တွေ့ကြောင်း စဉ်းစားမိလိုက်သည့်အတွက် ယနေ့တွင် သေချာပေါက် အတည်ပြုလိုက်ခြင်း ဖြစ်နိုင်သည်။ ထိုအရာကို ဆက်စပ်ကြည့်ရန် မခက်ပေ။

အရိုးရှင်းဆုံး အခြေအနေကတော့ ကူရှောင်စန်းက အဘိုးကြီးကျုံးကို ရှာတွေ့ပြီးနောက် သူ့နောက်ကို လိုက်သွားခဲ့ခြင်း ဖြစ်နိုင်သည်။ သူမက သူ ပုန်းနေသည့်နေရာကို တွေ့သွားသည့် အချိန်တွင် ဤနေရာ၌ ရှိနေသော လော်အဖွဲ့အစည်း၏ ကန့်သတ်ချက်ရှိသော လွှမ်းမိုးမှုများ ၊ ထောင်ချောက်များကို စဉ်းစားမိနိုင်သည်။

ထို့ကြောင့် သူမက သူ့ကို ရည်ရွယ်ချက် ရှိရှိ သတိပေးလိုက်ခြင်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် အမှန်တရား အဖွဲ့အစည်းများက သူမ၏တည်နေရာကို မသိနိုင်တော့ပေ။ သို့သော် ထိုစာက သူ့ကို လက်တုံ့ပြန်ရန် ကြိုးစားနေသော ဒဏ္ဍာရီအဖွဲ့၏ နည်းလမ်းလည်း ဖြစ်နိုင်ချေ ရှိသည်။

သို့သော် ထိုအရာကို သေချာစဉ်းစားကြည့်လိုက်မည်ဆိုလျှင် အခြေအနေ နှစ်ချက် တူညီနေခဲ့၏။ ပထမတစ်ချက်က ဒဏ္ဍာရီများက သူနှင့် ကူရှောင်စန်း၏ ရင်းနှီးမှုကို သေချာပေါက် သိနေရန် လိုအပ်သည်။ သူတို့က အဘိုးကြီးကျုံးကို ရှာတွေ့ပြီး သူ့ကို ကောင်းကင်မကောင်းဆိုးဝါးဆီသို့ ဆွဲဆောင်ရန် မိန်းမဆန်သော လက်ရေးတစ်ခုကိုလည်း လိုအပ်နေသေးသည်။ ထိုအရာများ အားလုံးကို စဉ်စားကြည့်လိုက်လျှင် ဖြစ်နိုင်ချေက အလွန်နည်းပါး၏။

“တကယ်လို့ ဒါက ဒဏ္ဍာရီတွေရဲ့ ထောင်ချောက်တစ်ခုဆိုရင်တောင် စွမ်းအားလုံလောက်မယ်ဆိုရင်တော့ ရလဒ်တွေ အကျိုးဆက်တွေ အားလုံးကို ကိုင်တွယ်နိုင်ပါသေးတယ်…”

လက်ထဲတွင် စာကို ကိုင်ပြီး မုန့်ချီက ဆုံးဖြတ်ချက် ချလိုက်သည်။

ဒဏ္ဍာရီထဲတွင် တရားဝင်အဖွဲ့သားများနှင့် ပြင်ပအဖွဲ့သားများက (၄၀) ၊ (၅၀)ပင် မရှိနိုင်ပေ။ တာဝန်လုပ်ဆောင်နေသော အဖွဲ့သားများကို လျှော့ချလိုက်မည်ဆိုလျှင် သူတို့အသုံးပြုနိုင်သော လူ အရေအတွက်က ကန့်သတ်ချက်ရှိနေ၏။

သို့သော် ဒဏ္ဍာရီများက ကပ်‌ဘေး သယ်ဆောင်လာသော ပိုးကောင်များကဲ့သို့ ဖြစ်သည်။ အကယ်၍ သူတို့၏ အဖွဲ့သားများကသာ သူ့ကို လိုက်ရန် ဆန္ဒပြင်းပြနေမည်ဆိုလျှင် သူတို့က ချက်ချင်း ဝိုင်းရံ တိုက်ခိုက်ကြပါလိမ့်မည်။

အမှန်တရားဂိုဏ်းမှ အဖွဲ့သားတစ်ယောက်ဖြစ်သော မုန့်ချီကတော့ သူတို့နှင့် မတူဘဲ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည်။ ဒဏ္ဍာရီ အဖွဲ့သားများကို သုတ်သင်မည်ဟူသော စကားကို သုံးပြီး သူက ရင်မြို့ထဲတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များ အားလုံး၏ အကူအညီကိုပင် ဆင့်ခေါ်နိုင်သည်။

အကယ်၍ ဒဏ္ဍာရီများဆီတွင် ဝေ့ကျင်းအဆင့် ပညာရှင်များစွာကို ရင်ဆိုင်နိုင်သော အစွမ်းထက်သော ထောင်ချောက်တစ်ခု ရှိနေမည်ဆိုလျှင် သူတို့က သူ့ကို မျှားခေါ်ရန် ထိုမျှပြဿနာရှာလိမ့်မည် မဟုတ်ချေ။ သူတို့က သူ့တံခါးရှေ့ကို ရောက်လာပြီး သတ်ပစ်မည်သာ ဖြစ်သည်။

အဖြူရောင်စာရွက်လေးဆီမှ ကူရှောင်စန်း၏ မွှေးရနံ့တစ်ခု ထွက်ပေါ်လာနေ၏။ အကြောင်းအရာအားလုံးကို သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ကျန်းကျိဝေကို သွားရှာပြီး ချီကျန်းရန်နှင့် ယပ်တောင် (၆)လက် ကျောင်းတို့ကို တိတ်တဆိတ် သတင်းပေးရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဆိုလျှင် ဝေ့ကျင်းအဆင့် ပညာရှင် (၃)ယောက်က နောက်မှ လိုက်လာနိုင်ကြ၏။ အကယ်၍ ဒဏ္ဍာရီများကသာ သူတို့ထက်ပို၍ အစွမ်းထက်နေမည်ဆိုလျှင် သူတို့က ယပ်တောင် (၆)လက်ကျောင်း၏ အကူအညီနှင့် ရင်မြို့တစ်ခုလုံးတွင် ရှိနေသော အကူအညီများကို ရယူနိုင်သည်။

နဂါးပတ်တောင်ဆီသို့ ဦးတည်နေသော လမ်းကြောင်းများက အနိမ့်အမြင့် အတက်အကျများစွာ ရှိနေပြီး နှင်းဖုံးနေသော ကွင်းပြင်ကြီးကဲ့သို့ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ မုန့်ချီနှင့် ကျန်းကျိဝေတို့က တောင်တန်းကြီးတစ်ခုကို ဖြတ်ကျော်လာပြီးနောက် အမည်မသိ အုတ်ဂူများ ပြည့်နှက်နေသော တောင်ကြားကြီးတစ်ခု၏ ဝင်ပေါက်ကို မြင်လိုက်ရသည်။

ထိုသီးသန့်တောင်ကြားထဲတွင် ဆောင်းရာသီဖြစ်သော်လည်း သစ်ပင်ကြီးများ ပေါက်ရောက်နေပြီး ပြင်ပကမ္ဘာကြီးနှင့် လုံးဝကို ကွဲပြားနေသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် အုတ်ဂူပေါင်းများစွာကို တွေ့မြင်နိုင်၏။

"ဒီနေရာက နဂါးပတ်တောင်ကြားလို့ ခေါ်ခဲ့ဖူးတယ်။ ဒါက ဟန်ကလန်ရဲ့ ဘိုးဘေး အုတ်ဂူတွေ မြှုပ်တဲ့နေရာလေ။ အဲဒီနောက်မှာတော့ အုတ်ဂူတွေကို တော်ဝင် သင်္ချိုင်းဆီကို ရွှေ့ခဲ့ကြတယ်။ ဒါပေမဲ့ ရင်မြို့ကြီး ကျဆုံးသွားတဲ့အချိန်မှာ မြို့တော်မှာရှိတဲ့ ကျိုးကလန်က ဒီကိုရောက်လာပြီး ဒီနေရာကို ဖျက်ဆီးပစ်ခဲ့တယ်…"

ကျန်းကျိဝေက ရင်မြို့၏ သမိုင်းကြောင်းများစွာကို အကြမ်းဖျင်းရှင်းပြလိုက်သည်။

“လူတွေက ဖုန်းရွှေပညာကို ယုံကြည်နေကြတဲ့အတွက် ဒီတောင်ကြားထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကံတရားတွေ ရှိမယ်လို့ ယူဆထားကြတယ်။ ဒါက ဟန်ကလန်ရဲ့ မူလအုတ်မြစ်လည်း ဖြစ်နေတဲ့အတွက် ဒီနေရာကို ကံကောင်းမှုတွေ ပြည့်နေတဲ့ နေရာတစ်ခုလို့ သူတို့က ယုံကြည်နေကြတယ်။ ဒါပေမဲ့ သူတို့က အရမ်းကြီး အလွန်အကျွံ မလုပ်ရဲကြဘူး။ ဒီနေရာမှာ သူတို့ရဲ့အလောင်းတွေ တိတ်တဆိတ် ပျောက်ကွယ်သွားနိုင်တယ်လေ။ ဒါကြောင့် ဒီနေရာက အုတ်ဂူတောင်ကြားကြီး ဖြစ်လာခဲ့တာ … "

မုန့်ချီက ဒူးထောက်လိုက်ပြီး သိပ်သည်းသော ချုံပုတ်များအောက်တွင် တောင်ကြားဆီသို့ ဖြည်းညင်းစွာ ကပ်သွားခဲ့၏။

"ဆောင်းရာသီလို အချိန်မျိုးမှာတောင် စိမ်းလန်းစိုပြေနေတယ်။ ဒီတောင်ကြားကြီးက တော်တော်လေးကို ထူးခြားတာပဲ…။ ဒီနေရာနဲ့ တူတဲ့နေရာတွေ အများကြီးရှိတယ်။ ဒီနေရာက ရှင်ဘုရင်ရဲ့ကံတရားတွေကို ကောင်းချီးပေးတဲ့ နေရာတစ်ခု ဟုတ်မဟုတ် ဆိုတာရော ဘယ်သူက ပြောနိုင်မှာလဲ…”

“ဒါပေမဲ့ ဒီကမ္ဘာကြီးထဲမှာ ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်လေ။ ငါတို့က မျှော်လင့်ချက်ကို အားကိုးတာ မဟုတ်ဘဲ မျှော်လင့်ချက်ထားတာက အသက်ဆက်ရှင်ဖို့ လုံလောက်တယ်…"

ကျန်းကျိဝေက သူ့နောက်မှ တိတ်တဆိတ်လိုက်လာပြီး တီးတိုးပြန်ဖြေလိုက်သည်။

သူတို့က တောင်ကြား၏ ဝင်ပေါက်ဆီသို့ တိတ်တဆိတ် လျှောက်လာခဲ့ကြ၏။ သူတို့က ရန်သူများကို သတိပေးသလိုမျိုး မဖြစ်ချင်ပေ။ မုန့်ချီက သူ့နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

ကြယ်ဖျက်ဓား ဟုန်ချမ်း ၊ ငွေတံဆိပ် လူဆိုးထိန်း ချမ်ကိုင်နှင့် တခြားသော ဝေ့ကျင်းအဆင့် ပညာရှင် (၃)ယောက်က သူတို့၏ နောက်တွင် ရှိနေ၏။ သူတို့ကတော့ အကူအညီပေးရန် လိုက်လာကြခြင်းဖြစ်၏။

"စိတ်အေးအေးထားပါ။ ဦးလေးဟုန်က အတွေ့အကြုံရှိတဲ့ သိုင်းလောကသား တစ်ယောက်ပဲ။ တကယ်လို့ ဒီတောင်ကြားထဲမှာ လှည့်စားမှုတွေ ရှိနေမယ်ဆိုရင် သူက သေချာပေါက် ပြောပါလိမ့်မယ်…"

ကျန်းကျိဝေကလည်း သတိထားနေပြီး သူမ၏မျက်လုံးကတော့ တောင်ကြားကိုသာ စိုက်ကြည့်နေခဲ့သည်။ သို့သော် သူမကတော့ မသက်မသာ ခံစားခဲ့ရခြင်း မရှိချေ။

မုန့်ချီက ပြန်မဖြေဘဲ ခေါင်းညိတ်ပြလိုက်၏။ သူတို့က သစ်ပင်များကို အကာအကွယ်ယူပြီး ဝင်ပေါက်ဆီသို့ တဖြည်းဖြည်း ရောက်လာကြသည်။ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် တစ်စုံတစ်ခုတော့ လွဲမှားနေသည်။ အလွန်ထူးဆန်းသော ခံစားမှုတစ်ခုလည်း ထွက်ပေါ်လာခဲ့၏။

ထိုမျှ များပြားလွန်းလှသော သစ်ပင်များ ရှိနေသည့်အတွက် သစ်တောကြီးက အသက်စွမ်းအင်များ ပြည့်နှက်နေ‌သင့်သည်။ ထိုသို့ဆိုရာတွင် လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေပြီး သေဆုံးခြင်း အငွေ့အသက်များသာ ထွက်ပေါ်လာနေ၏။ ထိုအရာများ ပေါင်းစည်းလာမှုကြောင့် သံသယဝင်စရာ ပတ်ဝန်းကျင်မျိုး ဖြစ်နေသည်။

"ကြည့်လိုက်ဦး… ခြေရာတွေ … "

ကျန်းကျိဝေက မျက်ခုံးကြား ပင်မတံခါးကို စတင်လေ့ကျင့်နေသည့် အချိန် ကတည်းကစပြီး သူမ၏စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့သည်။

မုန့်ချီက သူမ လက်ညှိုးထိုးပြသည့်နေရာကို စူးစူးနစ်နစ် စိုက်ကြည့်မိလိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့၏။

"ဘာလို့ တခြားလူတစ်ယောက်ရဲ့ခြေရာ ရှိနေတာလဲ…"

ထို့ပြင် ခြေရာများကို ကြည့်ရသည်မှာ ထိုလူ၏အစွမ်းက အဘိုးကြီးကျုံးထက် နိမ့်ကျပုံရ၏။

"ဒါက လူသေတွေကို တိတ်တဆိတ် လာပြီး မြှုပ်နှံတဲ့ သိုင်းလောကသားတွေများ ဖြစ်နိုင်မလား…"

ကျန်းကျိဝေက ခန့်မှန်းကြည့်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က နောက်ကနေ လိုက်သွားပြီး ကြည့်ကြရအောင်…"

မုန့်ချီက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲပြီး တိတ်ဆိတ်နေသော တောင်ကြား၏ အတွင်းပိုင်းထဲသို့ အသံမထွက်စေဘဲ ချဉ်းကပ်သွားခဲ့သည်။ ခဏအကြာ လျှောက်လှမ်းလာပြီးနောက် သူတို့က သွေးညှီနံ့တချို့ကို ရခဲ့၏။ သူက ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ခြေလှမ်းကို မြန်လိုက်သည်။

ကျန်းကျိဝေကလည်း ရနံ့ကို သတိထားမိသည့်အတွက် ဓားကို ကိုင်ပြီး နောက်မှ လိုက်လာခဲ့၏။ အုတ်ဂူတစ်ခုကို ဖြတ်ကျော်သွားပြီးနောက် သူတို့က အလွန်ကြီးမားသော အုတ်ဂူကြီးတစ်ခုဆီကို ရောက်လာခဲ့သည်။

ထိုအရာကတော့ အချိန်ကာလ၏ တိုက်စားမှုနှင့် အုတ်ဂူတူးဖော်သူများ၏ လက်ထဲတွင် ကြီးကြီးမားမား ပျက်စီးနေခဲ့ပုံရသည်။ အုတ်ဂူကြီး၏ ရှေ့တွင်တော့ အလောင်း (၅)လောင်း လဲကျနေ၏။ သူတို့အားလုံးက လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အလောင်းများကလည်း အရိုးအိတ်များကဲ့သို့ဖြစ်နေပြီး အသွေးအသား လုံးဝ မရှိတော့ပေ။

"ဆရာတော် နဂါး၊ ဆင်၊ ကျား ၊ ကျားသစ် ၊ ငှက်ကြီး တွေလား … "

ခြောက်ကပ်နေသော အလောင်းများက မုန့်ချီ၏ အမြင်အာရုံကို လှည့်စားနိုင်ခြင်း မရှိချေ။ သူတို့က သူနှင့် တိုက်ခိုက်ခဲ့ဖူးသော ဘုန်းတော်ကြီး (၅)ပါး ဖြစ်ကြောင်း မှတ်မိနေသေး၏။ သူတို့က အိမ်ရှေ့မင်းသား၏ လက်အောက်ငယ်သားများလည်း ဖြစ်သည်။

"ဘာလို့ သူတို့က ဒီနေရာမှာ ရောက်နေရတာလဲ…."

ကျန်းကျိဝေကလည်း သူတို့ကို မှတ်မိနေ၏။ ဘာကြောင့် အိမ်ရှေ့မင်းသား၏ နောက်လိုက်များက အုတ်ဂူတောင်ကြားထဲတွင် ပေါ်လာခဲ့ရသနည်း။ ထို့ပြင် သူတို့က ကောင်းကင်နှင့်နတ်ဆိုးကျင့်စဉ်၏ သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရသည်။

(၃)လပင် မရှိသေးသော်လည်း အဘိုးကြီးကျုံး၏ အစွမ်းက သိသိသာသာ တိုးတက်လာပုံရ၏။ ဘုန်းတော်ကြီး (၅)ပါးကို အလွယ်တကူ သတ်ပစ်နိုင်သည့်အတွက် သူ့အစွမ်းကို သိနိုင်သည်။ ကောင်းကင်နှင့်နတ်ဆိုး သိုင်းပညာက နတ်ဆိုးသိုင်းပညာများအားလုံးတွင် အကြီးမြတ်ဆုံးဟူသော နာမည်နှင့် တကယ်လည်း ထိုက်တန်ပုံရသည်။

အသုံးပြုသူကသာ လူတစ်ယောက်၏ အသွေးအသား၊ အရိုး ၊ ချီစွမ်းအင်နှင့် ပင်မဝိညာဉ်များကို ဝါးမြိုနိုင်မည်ဆိုလျှင် သူ့အစွမ်းက တိုးတက်လာနိုင်သည်။ မုန့်ချီက အလောင်းများကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်သော်လည်း သဲလွန်စတစ်ခုမျှ မတွေးခဲ့ရပေ။

ထို့ကြောင့် သူက သွေးနံ့ ထွက်ပေါ်လာသည့်အတိုင်း လိုက်လာခဲ့၏။ အုတ်ဂူကြီး၏ နယ်မြေထဲမှ ထွက်လာပြီးနောက် သူတို့က တောင်ကြားထဲမှ ထွက်သွားသော လမ်းကြောင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာတွင် နောက်ထပ် အလောင်းတစ်ခုကို တွေ့လိုက်ရ၏။

ထိုအလောင်းကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်နှာက မြေပေါ်တွင် အပ်နေသည်။ မုန့်ချီက အလောင်းကို ဓားနှင့် လှန်လိုက်ရာ မှားစရာ မရှိသော ရနံ့တစ်ခု ထွက်လာခဲ့၏။

"သူလား … "

မုန့်ချီက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ထိုအရာက ယမန်နေ့ညတွင် မိကျိကျင်း လိုက်သွားခဲ့သော လူဖြစ်သည်။ ဘာကြောင့် သူက ဤနေရာတွင် ပေါ်လာရသနည်း။ အိမ်ရှေ့မင်းသား၏ လူများက အနီးအနားတွင် ရှိနေဦးမည်လော။

ထိုအလောင်းပေါ်တွင်တော့ အသွေးအသားများ ပျောက်ကွယ်သွားခြင်း မရှိပေ။ သူ၏ အရိုးအနည်းငယ်သာ ပျောက်ကွယ်နေခဲ့၏။ မုန့်ချီကသာ သူ၏ နှာခေါင်းကို သတိမထားမိလျှင် မှတ်မိလိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် လူတစ်ယောက်က သူတို့ကို ဖြတ်ကျော်သွားပြီး လမ်းကြောင်း၏ အဆုံးသတ်တွင် ရပ်သွား၏။ ထို့နောက် သူက မြက်ခင်းပြင်ထဲတွင် ရှိနေသော လျှို့ဝှက်လက်နက်တစ်ခုကို ကောက်ယူလိုက်၏။

ထိုလူကတော့ ယပ်တောင် (၆)လက်ကျောင်း၏ သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ငွေရောင်တံဆိပ် ရှိနေသော ခါးပတ်ကို ပတ်ထားသည်။ သူ့ဆီတွင် မုတ်ဆိတ်ရှည်နှင့် ထူးခြားသော မျက်လုံးများ ရှိနေ၏။

ထိုအရာကတော့ ရင်မြို့ထဲရှိ ငွေတံဆိပ် လူဆိုးထိန်း ချမ်ကိုင်ဖြစ်ပြီး တတိယကောင်းကင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ သူ့လက်ထဲတွင် ရှိနေသော လျှို့ဝှက်လက်နက်က မက်မွန်ပန်းပွင့်ပုံသဏ္ဌာန် အထူးဖန်တီးထားသော လက်နက်တစ်ခု ဖြစ်သည်။

ထိုလက်နက်တွင် စွန်းထင်နေသော သွေးစက်များက မုန့်ချီနှင့် တခြားလူများ ခြေရာခံနေသည့် သွေးနှင့် တူညီနေခဲ့၏။ နတ်ဆိုးအငွေ့အသက်များ လွှမ်းခြုံနေသော သွေးကို စစ်ဆေးကြည့်လိုက်ပြီး ထိုအရာက အဘိုးကြီးကျုံး၏ သွေးဖြစ်ကြောင်း ခံစားမိခဲ့သည်။ သို့သော် မည်သူက သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သနည်း။ ကူရှောင်စန်းလော ဒါမှမဟုတ် လော်အဖွဲ့အစည်းမှ ကျင့်ကြံသူများပေလော ။

"ဒါက သူခိုးကြီး စစ်ခုံထူရဲ့လက်နက် မက်မွန်ဓားပျံလို့ ခေါ်တယ်…"

ချမ်ကိုင်က တီးတိုးရေရွတ်လိုက်သည်။

ကြယ်ဖျက်ဓားဟုန်ချမ်နှင့် ဟွမ်ဟွာဓားဂိုဏ်းမှ ဝေ့ကျင်းအဆင့် ပညာရှင်များကလည်း ထိုလမ်းအတိုင်း ဆင်းသွားကြပြီး တိုက်ခိုက်သူ၏ ခြေရာလက်ရာများကို ရှာဖွေရန် ကြိုးစားနေကြသည်။

"သူခိုးကြီး စစ်ခုံထူလား … "

မုန့်ချီ၏ ခေါင်းထဲတွင် ထိုနာမည်က ပေါ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို ပဟေဠိ အပိုင်းအစများကလည်း စတင် ပေါင်းစပ်လာခဲ့၏။ အုတ်ဂူများကို ဖောက်သည်ဟု နာမည်ကျော်ကြားသော စစ်ခုံထူက ရင်မြို့ထဲကို ရောက်နေသော မင်းသားကျင်း ၊ အိမ်ရှေ့မင်းသားတို့နှင့် သေချာပေါက် တွေ့ခဲ့ခြင်းဖြစ်နိုင်သည်။ ထို့နောက် ဘုန်းတော်ကြီး (၅)ပါးနှင့် မိကျိကျင်း၊ ယမန်နေ့ညတွင် ကြာပန်းသခင်လေးနှင့် ချိန်းဆိုမှု လွဲချော်သွားခဲ့သော စစ်ခုံထူ ၊ ဝမ်စစ်ယွမ်၏ သဲလွန်စများ ၊

ထိုအပိုင်းအစများက မုန့်ချီ၏ ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်။ စစ်ခုံထူက ရှေးဟောင်းအုတ်ဂူကြီးကို တွေ့ခဲ့သည့် အချိန်တွင် ယခင်မင်းဆက်မှ ရတနာတစ်ခုကို ရှာတွေ့သွားပုံရသည်။ ထိုရတနာကို အိုက်ဘုရင်က ဖန်တီးထားသည်ဟု နာမည်ကျော်ပြီး ရှင်ဘုရင်၏ ကံကြမ္မာကို မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

သူခိုးတစ်ယောက်ဖြစ်သည့်အတွက် ထိုရတနာက သူ့အတွက် အသုံးမဝင်နိုင်ပေ။ ထို့ကြောင့် သူက သူ၏ရှာတွေ့မှုကို မြို့တော်သို့ သတင်းပို့လိုက်ပြီး အိမ်ရှေ့မင်းသားနှင့် မင်းသားကျင်းတို့က ထိုရတနာအတွက် အသည်းအသန် လိုချင်လာကြသည်။

သူက ကျင်းတုံတွင် လှုပ်ရှားသွားလာခဲ့သည့်အတွက် ဤနေရာက သူ၏ မွေးရပ်မြေကဲ့သို့ သတ်မှတ်နိုင်သည်။ ဤနေရာတွင် ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲ၏ ကျေးဇူးကြောင့် သိုင်းပညာရှင်များစွာ ရောက်လာသည့်အတွက် ဝေ့ကျင်းအဆင့် ပညာရှင်များက သူ့နောက်ကို လိုက်လာပြီး ရတနာအတွက် အလွန်အကျွံ တောင်းဆိုမှာကိုလည်း စိုးရိမ်စရာ မလိုအပ်ပေ။

သူက အိမ်ရှေ့မင်းသားနှင့် မင်းသားကျင်းတို့ထဲတွင် မည်သူကပို၍ အကျိုးအမြတ် ကောင်းကောင်းပေးနိုင်မလဲ စောင့်ကြည့်လိုခြင်းသာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူက ကြားခံမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်း ဖြစ်နိုင်၏။ နောက်ပိုင်းတွင်တော့ သူက အသေးအဖွဲ ရလိုမှုလေးအတွက် အန္တရာယ်ကြီးတစ်ခုကို လျစ်လျူရှုထားမိခဲ့သည်။

ဒဏ္ဍာရီအဖွဲ့ကလည်း သူ့ကို အလေးထား စောင့်ကြည့်နေခြင်းဖြစ်၏။ အကယ်၍ သူကသာ တန်ဖိုးအနည်းငယ်ရှိသော ရှေးဟောင်းပစ္စည်းတစ်ခုကို တွေ့ခဲ့မည်ဆိုလျှင် ထိုအရာကို ကိုယ်တိုင်အသုံးပြုနိုင်သည်။ ထိုအရာက သူ့ဆီကို အန္တရာယ်များ ကျရောက်လာရန် လုံးဝ မဖြစ်နိုင်ပေ။

ဝေ့ကျင်းအဆင့် ပညာရှင် (၃)ယောက်က အနီးအနား ပတ်ချာလည်ကို ရှာကြည့်နေပြီး မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ အလောင်းကို စစ်ဆေးနေကြသည်။ ချမ်ကိုင် ၊ ဟုန်ချမ်းနှင့် တခြားလူများက ခဏကြာပြီးနောက် ပြန်ရောက်လာကြပြီး ခေါင်းခါလိုက်မိသည်။

"စစ်ခုံထူက ပုန်းရှောင်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တဲ့ ပညာရှင် တစ်ယောက်ပဲ။ ငါတို့က သူ့ကို လမ်းတစ်ဝက်မှာ ခြေရာပျောက်သွားတယ်။ ကြည့်ရတာ သူ ထွက်ပြေးသွားပြီ ထင်တယ်။ ဒဏ္ဍာရီအဖွဲ့ရဲ့ ခြေရာလက်ရာတွေအရ သူ့ကို သတ်ချင်နေပုံရတယ်…"

ချမ်ကိုင်က ရှင်းပြလိုက်သည်။

ဝေ့ကျင်းအဆင့် ပညာရှင်များ၏ ရှေ့တွင် မုန့်ချီက စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ သူက ကျန်းကျိဝေနှင့် နှစ်ယောက်တည်း ရှိသည့်အချိန်မှသာ ကြာပန်းသခင်နှင့် တွေ့ခဲ့သည့်အကြောင်းကို ပြောရန် စဉ်းစားထား၏။

သူတို့က မြို့ထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့ကြပြီး သူကတော့ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းသို့ ပြန်လာတော့မလို ဟန်ဆောင်လိုက်သည်။ ထိုအစား လမ်းတစ်ဝက်တွင် လမ်းကြောင်းပြောင်းလိုက်ပြီး ကြာပန်းသခင်၏ နေအိမ်ဆီသို့ လျှောက်သွားခဲ့၏။

သူက ကြာပန်းသခင်ဆီတွင် သူခိုးကြီးအကြောင်း မေးရန် စဉ်းစားထားခဲ့သည်။ သူသာ လိုအပ်သော အချက်အလက်များကို ရမည်ဆိုလျှင် သူက ယပ်တောင် (၆)လက်ကျောင်းကို သတင်းပို့နိုင်၏။

သူ ကိုယ်တိုင် မြို့ထဲတွင် ရှိနေသော အင်အားစုများ၏ ပြဿနာကို ဝင်ပါရန် မလိုအပ်ပေ။ ထိုရတနာကို မည်သူရစေကာမူ သူလည်း အသုံးပြု၍ မရနိုင်ပေ။ သူက ထိုအခွင့်အရေးကို အရယူပြီး ယပ်တောင် (၆)လက်ကျောင်းမှ အကျိုးအမြတ် တချို့ ရရှိရန် မျှော်လင့်နေခဲ့၏။

ကြာပန်းသခင်က အရက်ကြိုက်ပြီး လွတ်လပ်မှုကို လိုလားသည်။ သူက ဟွမ်ဟွာဓားဂိုဏ်း နေရာချပေးထားသော စံအိမ်ထဲတွင် မနေခဲ့ပေ။ ထိုအစား အနီးအနားတွင် ရှိနေသော ခြံဝန်းတစ်ခုကို ငှားနေခဲ့၏။

ထိုခြံဝန်းက တိတ်ဆိတ်အေးချမ်းပြီး လူသူနည်းပါးသည်။ အပြာရောင် ကျောက်တုံးများနှင့် အဖြူရောင်နံရံများကို ကျော်ပြီး မုန့်ချီက ကြာပန်းသခင် ငှားနေသော ခြံဝန်းထဲကို ကြည့်လိုက်သည်။

ရုတ်တရက် ဆိုသလို သူက ရပ်လိုက်မိ၏။ သူက အသံတိုးတိုးကို ကြားလိုက်ရသည်။ ထိုအနီးအနား ပတ်ဝန်းကျင်၏ တည်ငြိမ်မှုကြောင့်သာ မဟုတ်လျှင် အလွန်တိကျသော အကြားစွမ်းအင်နှင့်ပင် ထိုအသံကို မကြားနိုင်ခဲ့ပေ။ ထိုအသံက သေဆုံးခါနီး လူတစ်ယောက်၏ နာကျင်နေသော အသံကဲ့သို့ အရာမျိုးဖြစ်သည်။

မုန့်ချီက မျက်မှောင်ကြုတ်ပြီး စဉ်းစားနေခဲ့၏။ သူက ခဏကြာ တွေဝေနေခဲ့ပြီး နံရံပေါ်သို့ ခုန်ကျော်လိုက်သည်။ ထို့နောက် ခြံဝန်းထဲသို့ ဝင်လာပြီး အသံကို ရှာရန် ကြိုးစားလိုက်၏။

ထိုခြံဝန်းက ကုန်သည်တစ်ယောက် ပိုင်ဆိုင်သော ခြံဝန်းဖြစ်သည်။ နှစ်သစ်ကူးပွဲ အလွန်နီးကပ်နေသည့်အတွက် ထိုနေရာတွင် အသက်ကြီးသော အစေခံနှစ်ယောက်သာ ရှိနေသည်။

မုန့်ချီက အတွင်းထဲသို့ တိတ်တဆိတ် ဝင်လိုက်ပြီး ထင်းများ သိုလှောင်ထားသော အခန်းနားသို့ ကပ်သွားခဲ့သည်။ အသံက ထိုနေရာမှ ရောက်လာခြင်းဖြစ်၏။ သူက ဓားကို မြှောက်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ သူက အထဲသို့ ဝင်လိုက်သည့် အချိန်တွင် အလစ်ချောင်း တိုက်ခိုက်မှုကိုလည်း သတိထားနေခဲ့သည်။

ထိုတံခါးက ဟောင်းနွမ်းနေပြီ ဖြစ်သည့်အတွက် အတွင်းပိုင်းထဲကို မြင်နေရသည်။ အနက်ရောင်ဝတ်ထားသော လူတစ်ယောက်က ထင်းပုံကြီးကို မှီထားကြောင်း မုန့်ချီက မြင်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ် တစ်ဝက်က ပိန်ပိန်ပါးပါးဖြစ်နေပြီး တစ်ခြား တစ်ဝက်ကတော့ ကောင်းမွန်နေသည်။ ထိုအရာက အလွန်ထူးဆန်းသော မြင်ကွင်းမျိုးဖြစ်၏။ သို့သော် ထိုလူ၏ ခန္ဓာကိုယ် အသွေးအသား တစ်ဝက်က ကောင်းကင်နှင့်နတ်ဆိုး သိုင်းပညာကြောင့် ဝါးမြိုခံလိုက်ရကြောင်း သူသိနေသည်။

အကယ်၍ ထိုဒဏ်ရာကသာ အဂတိလက်ညှိုးကြောင့် ဒဏ်ရာရခြင်းဖြစ်မည်ဆိုလျှင် သူ့မျက်နှာပေါ်၌ ထိုကဲ့သို့ ပြောင်းလဲလာမည် မဟုတ်ချေ။ သူက တံခါးကို လျင်မြန်စွာ ပိတ်ပြီး တီးတိုးပြောလိုက်၏။

"စစ်ခုံထူလား … "

ထိုလူက ခက်ခက်ခဲခဲပြုံးပြီး ပြောလိုက်သည်။

"ငါက လျူစုဆီမှာ ခိုလှုံခွင့်ရပြီး သူ့ရဲ့အကူအညီကို ရမယ်လို့ တွေးထားတာ။ ဒါပေမဲ့ ကောက်ကျစ်တဲ့ မိန်းမတစ်ယောက်က ငါ့ကို အလစ်ချောင်း တိုက်ခိုက်ခဲ့တဲ့အတွက် ဒီနေရာမှာ ပုန်းနေခဲ့ရတယ်။ ဒဏ်ရာတွေကတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ ငါက ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး။ အခုအချိန်မှာ ရှောင်လင်ကျောင်းတော်ရဲ့ ကုသရေးဆေးလုံးကတောင် ငါ့ကို အကူအညီ မပေးနိုင်တော့ဘူး…"

"မိတ်ဆွေ …

တကယ်လို့ မင်းကသာ ငါ့ကို ကတိ တစ်ခုပေးမယ်ဆိုရင် ငါက မင်းကို ဆုလက်ဆောင် ကြီးကြီးမားမားပေးပါမယ်…"

စစ်ခုံထူက အတော်လေး အသက်ပြင်းသည်။ သူ့ခန္ဓာကိုယ်နှင့် မျက်နှာတစ်ဝက်က ပျက်စီးနေသည်ကိုပင် သူကတော့ လှုပ်ရှားသွားခြင်းမရှိဘဲ ပြောလိုက်၏။

မုန့်ချီက သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ ပွင့်နေသော ပြတင်းပေါက်ဆီမှ နေရောင်ခြည်က ကျဆင်းလာပြီး အခန်းထဲတွင် အိပ်မက်ကဲ့သို့ အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။ ရင်မြို့ထဲတွင် ရှိနေသော ပြဿနာများကို ဖန်တီးနေသည့် လူက မုန့်ချီ၏ရှေ့တွင် လဲကျနေခဲ့လေသည်။

Translated by Hein Htet.

All Chapters