အခန်း (၄၁၄)
Vol. 28 Ch. 414
မုန့်ချီက အစစ်အမှန် အင်ပါယာတံဆိပ်ကို ကောက်ယူလိုက်သည်။ သူက ထိုအရာကို သေချာစစ်ဆေးကြည့်လိုက်ပြီး အိတ်ထဲသို့ ထည့်လိုက်၏။ သူက သူ့ဆီသို့ ရောက်လာသော ပစ္စည်းကို ယူဆောင်ထားရန် လောဘမရှိသလို စိတ်ဆန္ဒလည်း မရှိချေ။
ထိုအရာက အနာဂတ်တွင် ကံကြမ္မာပေတံ သယ်ဆောင်ထားသူသာ ပိုင်ဆိုင်သင့်သော အရာတစ်ခုလည်း ဖြစ်၏။ သူက ဘုရင်ဖြစ်ရန် ရည်မှန်းချက်မရှိဘဲ လွတ်လပ်ပေါ့ပါးသော ဘဝတွင်သာ နေထိုင်ချင်သည်။ သိုင်းလောကတွင် သွားလာနေထိုင်ရသော ဘဝကြီးက အတားအဆီးမရှိ အနှောင့်အယှက် မရှိချေ။ သူ၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်းသာ သွားနေသော ဘဝတစ်ခု ဖြစ်သည်။
ထို့ပြင် မုန့်ချီက အစစ်အမှန် အင်ပါယာတံဆိပ်၏ တန်ဖိုးကိုလည်း မသိချေ။ တချို့ကြားဖူးသည့် ကောလာဟလများကတော့ မှန်ကန်နိုင်သည်။ တံဆိပ်ထဲတွင် ရှိနေသော အငွေ့အသက်များက လူသားဧကရာဇ်၏ ဓားကို အခြေခံထားသည်။ နောက်ဆုံး အိုက်အင်ပါယာက ထိုဓားကို ရှာဖွေရန် အထူးတလည် ကြိုးစားခဲ့ပြီး နဂါးစင်မြင့်ကိုပင် တူးဖော်နိုင်ခဲ့သော်လည်း အမွေအနှစ်များကိုတော့ ရရှိခဲ့ခြင်း မရှိချေ။
နောက်ဆုံးတွင်တော့ သူက လိုအပ်ချက်ကြောင့် သူ၏အာဏာ ဆက်လက်တည်မြဲစေရန် ထိုတံဆိပ်ကို ဖန်တီးခဲ့ရသည်။ ခန်းအင်ပါယာ နေလိုလလို ထွန်းလင်းတောက်ပပြီး သိပ်မကြာခင် နန်းတွင်းနှင့် ဟန်ကလန်က ဓမ္မကာရအဆင့် ပညာရှင်များ ထပ်မံ မွေးထုတ်နိုင်ခြင်း မရှိတော့ချေ။
မဟုတ်လျှင် သူတို့က နောက်ထပ် နှစ်ပေါင်း (၂၀၀) ၊ (၃၀၀) ခန့် မင်းဆက်ကို ဆက်လက် ထိန်းသိမ်းနိုင်ဦးမည် ဖြစ်သည်။ သူတို့၏အာဏာ တည်မြဲလိုသော စိတ်ဆန္ဒကြောင့် အစစ်အမှန် အင်ပါယာတံဆိပ်ကို ဖန်တီးခြင်းက သူ၏နောက်ဆုံးနှင့် တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။
ထိုအရာထဲတွင် ဓား၏အစွမ်းနှင့် စွမ်းဆောင်ရည်တစ်ခုမျှ ပါဝင်ခြင်း မရှိချေ။ အဆုံးသတ်တွင်တော့ အိုက်အင်ပါယာက မြူခိုး မိုးတောင်တန်းပေါ်တွင် သူ့ဘဝကို အဆုံးသတ်သွားခဲ့ရသည်။
အကယ်၍ ထိုတံဆိပ်ထဲတွင်သာ ပြိုင်ဘက်ကင်းစွမ်းရည်မျိုး ရှိနေမည်ဆိုလျှင် စစ်ခုံထူက ဖုံးကွယ်ထားရန် မလိုအပ်ဘဲ လက်ရှိအင်ပါယာကို လက်ဆောင်အဖြစ်ပေး၍ ရနိုင်သည်။ ထိုသို့ဆိုလျှင် အိမ်ရှေ့မင်းသားနှင့် မင်းသားကျင်းကဲ့သို့ အဖွဲ့များ၏ ကြားထဲတွင် စွန့်စားရန် မလိုတော့ပေ။
ရှင်ဘုရင်ဆီမှ ရနိုင်သော ဆုလာဘ်ကလည်း သေချာပေါက် များပြားနိုင်ပြီး သူ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းကလည်း မြင့်တက်လာနိုင်သည့်အတွက် သူ့သားဆီတွင် တောက်ပသော အနာဂတ်တစ်ခုဖြစ်လာပြီး အမှန်တရားဂိုဏ်းများတွင် သင်ကြား၍ ရနိုင်သည်။ သူ့သားက စိုးရိမ်ထိတ်လန့်နေစရာ မလိုဘဲ ကြီးပြင်းလာနိုင်ပြီး လူတိုင်းလေးစားရသည့် လူတစ်ယောက် ဖြစ်နိုင်၏။ တစ်ချိန်ချိန်တွင် သူတို့က လူတိုင်းလျစ်လျူရှု၍ မရနိုင်သော မိသားစုတစ်ခု ဖြစ်လာနိုင်သည်။
"တကယ်လို့ ငါကသာ ဒီတံဆိပ်ကို သံသရာအရှင်သခင်ဆီမှာ လဲလိုက်မယ်ဆိုရင် တန်ကြေးဘယ်လောက်များ ရနိုင်မှာလဲ…"
မုန့်ချီက နံရံကိုကျော်သွားရင်း ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို အလျင်အမြန် ပြန်သွားနေရင်း စဉ်းစားနေခဲ့သည်။ အစစ်အမှန် အင်ပါယာတံဆိပ်က သူ့အင်္ကျီထဲတွင် လုံခြုံနေခဲ့၏။
"ငါက ရောင်းချရာကနေ အကျိုးအမြတ်တစ်ဝက်ကို ယူထားမယ်ဆိုရင် ပိုပြီးအကျိုးအမြတ် ရှိနိုင်တယ်။ တကယ်လို့ စစ်ခုံထူကသာ သူ့ရဲ့စွမ်းရည်ကို မပြသခဲ့ရင် အနတ္တကျိန်စာဖျက်ဓားပညာရဲ့ ကံကြမ္မာကွင်းဆက်ကို ဖော်ထုတ်ဖို့ မဖြစ်နိုင်ဘူး…"
ထိုအရာက မုန့်ချီ၏ စိုးရိမ်မှုတစ်ခုဖြစ်ပြီး ထိုအရာကို နားလည်ရန် မအောင်မြင်ခဲ့ပေ။
"ဒီဓားပညာကြောင့် အနတ္တက ရွှေကိုယ်တော်လော်ဟန့် ဖြစ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ဓားတိုင်းပညာမှာ ဝေ့ကျင်းအဆင့် စွမ်းရည်ပဲ ရှိနေတာလား…."
အစောပိုင်းတွင် သိခဲ့ရသော ကံကြမ္မာကွင်းဆက် အနှစ်သာရများမှနေ၍ သူက ဓားသိုင်းပညာ၏ နိယာမများကို ဖော်ထုတ်နိုင်ခဲ့ပြီး ထိုအရာက ဗုဒ္ဓလမ်းစဉ် ကျင့်စဉ်တစ်ခုဟု ခန့်မှန်းမိခဲ့သည်။ သို့သော် သူ့အစွမ်းက ဝေ့ကျင်းအဆင့်သာ ရှိနေသေးသည့်အတွက် သူလည်း ဇဝေဇဝါ ဖြစ်နေခဲ့၏။
ယခုတော့ သူက ရှောင်လင်ဘုန်းကြီးတစ်ပါး မဟုတ်တော့ပေ။ သူက ကျောင်းဆောင်ကိုသွား၍ မရတော့သလို အတိတ်တွင် ထိုဓားသိုင်းပညာကို လေ့လာခဲ့သော အကြီးအကဲ ဘုန်းတော်ကြီးများ၏ မှတ်စုများကိုလည်း သိခွင့်မရှိတော့ပေ။
နာမည်ကျော် ရှောင်လင်၏ အမွေအနှစ်ဖြစ်သော အနတ္တဓားက ဗုဒ္ဓဂိုဏ်းတစ်ခု၏ အစစ်အမှန် ရတနာတစ်ခုလည်း ဖြစ်သည်။ ထိုအရာက ဓမ္မကာရအဆင့်ကို ယှဉ်နိုင်သော ထိပ်သီးလက်နက်တစ်ခုလည်း ဖြစ်၏။
"ရှောင်လင်ကျောင်းတော်နဲ့ သံသရာအရှင်သခင်ဆီမှာရှိတဲ့ ဓားမောက်သိုင်းပညာတွေက ဝေ့ကျင်းအဆင့်ပဲ ရှိတယ်။ ဒါပေမဲ့ ရှောင်လင်ကျောင်းတော်မှာရှိတဲ့ တပည့်တွေကို အဲဒီသိုင်းပညာ မသင်ပေးထားဘူး။ ဒီဓားသိုင်းပညာကို လူငယ်မျိုးဆက်တွေဆီ စိတ်ဝိညာဉ်လွှဲပြောင်းမှုအစား လျှို့ဝှက်သိုင်းကျမ်းတွေနဲ့ပဲ လွှဲပြောင်းပေးအပ်ကြတယ်။ ဒါကြောင့် အနတ္တကျိန်စာဖျက်ဓားပညာက ဝေ့ကျင်းအဆင့်အစွမ်းမျိုးပဲ ရှိတယ်…”
“အခုတော့ ငါ နားလည်သွားပြီ။ အဲဒါကို သံသရာကမ္ဘာကြီးထဲ ရောက်ခဲ့တဲ့ ရှောင်လင်ဘုန်းတော်ကြီးတစ်ပါးက လဲလှယ်ခဲ့တာများလား။ သံသရာအရှင်သခင်က ဒီဓားသိုင်းပညာနဲ့ပတ်သက်ပြီး ဘာမှမသိထားဘူး။ ဒါပေမဲ့ အဲဒီဘုန်းတော်ကြီးက ရှောင်လင်ကျောင်းတော်ထဲမှာရှိတဲ့ လျှို့ဝှက်ကျမ်းစာတွေကို သံသရာအရှင်သခင်ဆီမှာ လဲလှယ်ခဲ့တာလား။ ဒါကြောင့် တူညီနေတာလား…"
မုန့်ချီက တစ်ယောက်တည်းစဉ်းစားပြီး မျက်မှောင်ကြုတ်နေခဲ့သည်။
"အဲဒီဘုန်းတော်ကြီးက သေဆုံးသွားခဲ့တဲ့ အကြီးအကဲဘုန်းတော်ကြီးတစ်ပါး ဖြစ်နိုင်မလား…”
အကယ်၍ ရှောင်လင်ကျောင်းတော်ထဲတွင် သံသရာခရီးသွားတစ်ယောက် ပုန်းအောင်းနေမည်ဆိုလျှင် ထိုဘုန်းတော်ကြီးက အနတ္တကျိန်စာဖျက်ဓားပညာကို သံသရာအရှင်သခင်ဆီတွင် လဲလှယ်ပစ်နိုင်သည်။ ထိုအရာက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကဲ့သို့ ဖြစ်၏။
"ဖြစ်နိုင်တယ်။ စိတ်ဝိညာဉ်လွှဲပြောင်းမှုမှာ ပိုပြီးများတဲ့ လျှို့ဝှက်ချက်တွေပါတယ်။ အဲဒါက အနတ္တကိုယ်တိုင်ရဲ့ အစီအစဉ်လည်းဖြစ်နိုင်တယ်…."
သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး တစ်ကိုယ်လုံး တုန်ယင်သွားသလို ခံစားလိုက်ရ၏။
အကယ်၍ ထိုဓားသိုင်းပညာကသာ ကံကြမ္မာကွင်းဆက်အစား မကောင်းဆိုးဝါးလမ်းစဉ် ဖြစ်နေမည်ဆိုလျှင် သူက ထိုအရာကို နောက်ထပ် မသုံးတော့ပေ။ သူက ထိုအရာနှင့် ဝေးဝေးနေရန်ပင် ဆုံးဖြတ်မည် ဖြစ်သည်။
ကြမ်းတမ်းမိုးကြိုးလှုပ်ရှားခြင်း ကောင်းကင်သိုင်းကွက်ကို နားလည်ခဲ့သည့် အချိန်ကတည်းကစပြီး သူက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက် သို့မဟုတ် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းသိုင်းကွက်ကို အသုံးပြုသည်မှာ ရှားပါးသည်။ ထိုသိုင်းကွက်များ၏ အားနည်းချက်ကို ဖော်ထုတ်နိုင်သည့်အတွက် မုန့်ချီက ထိုအရာများကိုသုံးရန် တွေဝေနေခဲ့သည်။
ထိုသို့ဆိုရာတွင် ခေါင်းမာသော အရာတစ်ခု ရှိနေသေး၏။ ထိုအရာက သူ့ကို အမြဲလိုလို ဒုက္ခပေးနေသော အမာရွတ်တစ်ခုကဲ့သို့ ဖြစ်သည်။ ထိုအရာ၏ နောက်ကွယ်တွင် ကံကြမ္မာကွင်းဆက်၏ လွှမ်းမိုးမှုကြောင့် အင်အားကြီး စွမ်းအားတစ်ခု ရှိနေကြောင်း သူလည်း ကောင်းကောင်းကြီး သိနေခဲ့၏။
သူက နောင်တတရားများနှင့် ထိုအရာကို ပြည့်ပြည့်စုံစုံ နားမလည်နိုင်သေးပေ။ သူ၏ရုန်းကန်မှုများ ၊ လှုပ်ရှားမှုများ အားလုံးကလည်း ကံကြမ္မာကွင်းဆက်၏ ပြိုင်ဘက်ကင်းမှုအောက်တွင် မီးပွားလေးများကဲ့သို့သာ ဖြစ်နေခဲ့သည်။ ခေါင်းမာမာနှင့် ရှောင်လွှဲမှုကြောင့် သူက မည်သည့်အရာကိုမျှ မရနိုင်ခဲ့ပေ။ သူက ဆူးရှိသော အရာကိုလည်း ယူရမည်ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်နေခဲ့၏။
သူ့လို အကြောက်အလန့်မရှိသော လူတစ်ယောက်က ပြဿနာများကို ထိပ်တိုက် ရင်ဆိုင်သင့်သည်။ ဒေါသများ ၊ ပျက်စီးဆုံးရှုံးမှုများကလည်း အနာဂတ်တွင် စောင့်နေနိုင်၏။ ကံကြမ္မာ ပဋိပက္ခများက သူ့ကို ပြဿနာလာရှာနိုင်သည်။ ထိုအရာကိုကြည့်၍ ရလဒ်ကို ဆုံးဖြတ်နိုင်၏။
ကံကြမ္မာကွင်းဆက်ဟူသည်မှာ ဓမ္မကာရအဆင့်ကို မရောကဘဲ လေ့လာနိုင်သော ကျင့်စဉ်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ အကြောက်တရားကြောင့် အခွင့်အရေးကို လက်လွတ်ခံ၍ မရနိုင်ပေ။ ထို့ပြင် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ကောင်းကင်ရွှေကျင့်စဉ် (၂) မျိုးလုံးကလည်း အာရုံစိုက်ရန် လိုအပ်နေသေး၏။
သူက ကံကြမ္မာလွှမ်းမိုးမှုနှင့် ပတ်သက်နေသော အစိတ်အပိုင်းများကို ရှာဖွေလေ့ကျင့်ရန် လိုအပ်နေသေးသည်။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ ကံကြမ္မာဆက်သွယ်မှုများကို သေချာမသိသော်လည်း ကံကြမ္မာလွှမ်းမိုးမှုက ကောင်းကင်ရွှေကျင့်စဉ်ထဲတွင် ရှိနေကြောင်း သူ သေချာသိနေသည်။
ကောင်းကင်ဘိုးဘေးက ကံကြမ္မာကွင်းဆက်များအားလုံး၏ အခြေခံ ဖြစ်သည်။ တံဆိပ် (၉) မျိုးထဲတွင် (၃) ခုက သူနှင့် ပတ်သက်နေခဲ့၏။ သံသရာကမ္ဘာကြီးများထဲတွင် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သူက မတူညီသောကျင့်စဉ်များကို ဆက်လက်ရှာဖွေပြီး သူ၏စွမ်းရည်များကို ဆက်တိုက် မြှင့်တင်သွားရမည် ဖြစ်သည်။
သူက သူ့ကိုယ်သူ မြှင့်တင်ရန်ကြိုးစားပြီး အချိန်ကျသည့်အချိန်တွင် မလွဲမသွေ ရင်ဆိုင်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။ မုန့်ချီက သူ့ကို တွယ်ကပ်နေသော ကံကြမ္မာလွှမ်းမိုးမှုကို ဖြတ်တောက်ပစ်ရန်လည်း လိုအပ်သေးသည်။
ထို့နောက် မုန့်ချီက အစစ်အမှန် အင်ပါယာတံဆိပ်အကြောင်း ကျန်းကျိဝေကို တိတ်တဆိတ် ပြောပြလိုက်သည့်အချိန်တွင် သူက လှည့်ပတ်သွားနေရုံနှင့် ရတနာများကို ရခဲ့သည်ဟု ကျန်းကျိဝေက စနောက်နေခဲ့၏။
မုန့်ချီကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးတည်ငြိမ်ရန် ကြိုးစားနေပြီး အိမ်ရှေ့မင်းသားနှင့် မင်းသားကျင်းတို့၏အကြောင်းကို ပြောပြနေသည်။ သူက အမည်မသိ လျှို့ဝှက်ချက်များစွာနှင့် သံသယဝင်နေမည်ဆိုလျှင် လေ့ကျင့်၍ မရနိုင်တော့ပေ။
(၂) ရက်ဟူသောအချိန်က အေးချမ်းစွာ ဖြတ်ကျော်သွားခဲ့၏။ ရင်မြို့ကြီးထဲတွင်လည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ထိုသို့ဆိုရာတွင် မမြင်ရသော ကံကြမ္မာက အတော်လေးကို တင်းမာလွန်းလှ၏။
အချိန်က နှစ်သစ်ကူးချိန်ကို ရောက်ပြီဖြစ်သည့်အတွက် ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲက စတင်ခဲ့သည်။ ညနေခင်းရောက်သည့်အချိန်တွင် နေလုံးကြီးက အနီရောင်ပြောင်းလဲပြီး အဝေးမိုးကုတ်စက်ဝိုင်းမှ ထွန်းလင်းနေသည်။
မီးအိမ်လေးများ၏ အလင်းရောင်ကလည်း အိမ်ရှေ့မျက်နှာကျက်များ ၊ လေသာဆောင်များနှင့် ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်း၏ နေရာတိုင်းတွင် ထွန်းလင်းနေသည်။
အလုပ်များပြီး စိုးရိမ်ထိတ်လန့်နေသော အစေခံများကလည်း ဟိုဒီသွားလာနေကြပြီး အရာအားလုံးကို စနစ်တကျ ပြင်ဆင်နေကြသည်။ ပိုင်ရှင်ဖြစ်သော ဟယ်ကျူးက နယ်မြေခံ အထက်တန်းလွှာ မိသားစုများနှင့် နာမည်ကျော်အဖွဲ့အစည်းများ ၊ လူငယ်မှတ်တမ်းမှ ပညာရှင်များကို ဖိတ်ခေါ်ထားခဲ့သည်။
နယ်မြေခံ ဧည့်သည်များက အရှေ့ပင်လယ်ဓားဂိုဏ်းနှင့် ပတ်သက်နေသည့်အတွက် သူတို့က လေးစားမှုကို ပြသကြသည့်အပြင် လာရောက် ထောက်ခံပေးခြင်းလည်း ဖြစ်သည်။ သူတို့အပြင် စားသောက်ပွဲတွင် အလွန်ထူးခြားသော ပညာရှင်များနှင့် အင်အားစုများ တက်ရောက်ကြ၏။
မုန့်ချီ၏ရှေ့တွင်တော့ လူတစ်ယောက် ရပ်နေသည်။ မင်းသားကျင်းကျိုးရီက ပြုံးပျော်နေသော အမူအရာနှင့် စားသောက်ပွဲခန်းမထဲသို့ ဝင်လာခဲ့၏။ သူက ချက်ချင်းပင် မုန့်ချီကို သတိထားမိသွားပြီး သူ့အနားသို့ ရောက်လာခဲ့သည်။
သူက အထက်တန်းလွှာများကို စောင့်နေရန် အချက်ပြလိုက်ပြီး သူ့ကို ပြောလိုက်၏။
"သခင်လေးစုနဲ့ သခင်လေးရန်က ငါ့ရဲ့အသက်ကို ကယ်တင်ဖို့ ကာကွယ်ပေးခဲ့တယ်။ တကယ်လို့ သူတို့ရဲ့ကြိုးစားအားထုတ်မှုသာမရှိရင် ငါက သေသွားလောက်ပြီ။ ဒါကိုတောင် သူတို့က နှိမ့်ချနေပြီး ဘာအကျိုးအမြတ်မှ မတောင်းဆိုခဲ့ဘူး။ ဒီလိုလူမျိုးကိုတွေ့ဖို့ အရမ်းရှားတယ်…"
မင်းသားက သူတို့၏စွမ်းရည်များကို ထုတ်ဖော်ချီးကျူးနေပြီး သူတို့၏ရင်းနှီးမှုကို ပို၍ တိုးတက်လာစေချင်နေခဲ့သည်။
မုန့်ချီကတော့ စိတ်ဝင်စားနေခြင်းမရှိဘဲ ပြုံးလိုက်၏။
"မင်းသား (၃) က အားနာနေတာပါ။ မင်းသား (၃) ဆီမှာ မိန်းမစိုးဖန်းရှိနေမှတော့ ဘာမှစိုးရိမ်နေဖို့ မလိုပါဘူး…"
မိန်းမစိုးဖန်းက မုန့်ချီ၏ချီးကျူးမှုကို အသိအမှတ် ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။ ကျိုးရီက မုန့်ချီအပေါ်ကို ထူးထူးခြားခြား နွေးထွေးနေခဲ့၏။ သူက မုန့်ချီကို အနားသို့ ဆွဲခေါ်ပြီး စကားပြောနေခဲ့သည်။
မင်းသား၏ နှစ်လိုဖွယ်ရှိသော စကားများကြောင့် နယ်မြေခံ အထက်တန်းလွှာ မိသားစုဝင်များက သူ့ကို မကြာခဏ လှည့်ကြည့်နေကြသည်။
"ငါတို့မှာ သူပိုင်ဆိုင်ထားတဲ့ အစွမ်းမျိုး အင်အားစုမျိုး မရှိဘူး။ ဒါပေမယ့် ငါတို့ကလည်း အရေးကြီးတဲ့ နယ်မြေခံပညာရှင်တွေပါပဲ။ ငါတို့ရဲ့လက်အောက်မှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီးရှိတယ်။ ငါတို့မိသားစုက ဒီစုမုန့်ထက်တော့ သေချာပေါက်ပိုပြီး အဆင့်မြင့်ပါတယ်…"
သူတို့က အတော်လေးကို မကျေမနပ် ဖြစ်နေကြ၏။
စကားပြောဆိုသံ ရယ်သံများကြားထဲတွင် ကျိုးရီက မုန့်ချီကို တိတ်တဆိတ် ပြောလိုက်သည်။
"ညီလေးစု …
မင်းက ကျိကျန်းဓားစံအိမ်က မိန်းကလေးကျန်းနဲ့အတူ အုတ်ဂူတောင်ကြားထဲကို သွားခဲ့တယ်လို့ ငါသတင်းကြားရတယ်။ အဲဒီမှာ မကောင်းဆိုးဝါးတွေ တွေ့ခဲ့တာလား…"
သူတို့က အတော်လေး ရင်းနှီးနေသည်ဟု ယုံကြည်နေသည့်အတွက် မင်းသားက မုန့်ချီကို ညီလေးစုဟု တရင်းတနှီး ခေါ်လိုက်သည်။
"အခြေအနေကတော့ ထူးလာပြီပဲ…"
မုန့်ချီက တစ်ယောက်တည်း ကျေနပ်စွာ တွေးလိုက်မိ၏။
သူက ရရှိခဲ့သော သတင်းများကို ဖုံးကွယ်နေခြင်းမရှိဘဲ အလေးအနက် ပြောလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော်က လက်တုံ့ပြန်ချင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင် အနားမှာ ရှိနေတာကို သတင်းရခဲ့တယ်။ ကျန်းကျိဝေနဲ့ သူ့ဂိုဏ်းက ဆရာကြီးဟုန်ချမ်းကို ခေါ်ပြီး တခြားပညာရှင်တွေရဲ့ အကူအညီနဲ့ အဲဒီမကောင်းဆိုးဝါးကို ရှာဖွေဖို့ သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရမ်းနောက်ကျသွားခဲ့ပါတယ်။ အဲဒီမကောင်းဆိုးဝါးက အဝေးကို ထွက်သွားခဲ့ပြီ။ ကျွန်တော်တို့က ဆရာတော် နဂါး ၊ ဆင် ၊ ကျား ၊ ကျားသစ်နဲ့ ငှက်ကြီး တို့ကိုပဲ တွေ့ခဲ့တယ်။ သူတို့တွေက အိမ်ရှေ့မင်းသားရဲ့ နောက်လိုက်တွေလေ။ ပြီးတော့ သူခိုးကြီးစစ်ခုံထူရဲ့ အငွေ့အသက်တွေကိုလည်း တွေ့ရတယ်…"
ကျိုးရီက ထိုအချက်အလက်များကို လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
"အိမ်ရှေ့မင်းသားလား။ အဲဒီဘုန်းတော်ကြီးတွေက အုတ်ဂူတောင်ကြားထဲမှာ ဘယ်လိုဖြစ်ပြီး ရောက်နေရတာလဲ…"
"အဲဒါတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်လည်း ဒီလိုထူးခြားတဲ့ အဖြစ်အပျက်မျိုးကို နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ဘုန်းတော်ကြီးတွေက သေနေပြီ။ ပြီးတော့ သူခိုးကြီးရဲ့ မက်မွန်ဓားပျံလက်နက်က မကောင်းဆိုးဝါးကို စိုက်ထားကြောင်းလည်း တွေ့ခဲ့ရတယ်။ သူခိုးကြီးကိုလည်း ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။ ကြည့်ရတာတော့ သူက ထွက်ပြေးသွားပြီ ထင်တယ်…"
မုန့်ချီကတော့ ရိုးသားချင်ယောင်ဆောင်ပြီး ပြောပြနေသည်။
သူက အုတ်ဂူတောင်ကြားထဲတွင် တွေ့ခဲ့သော မြင်ကွင်းများအားလုံးကို အသေးစိတ် မပြောခဲ့ပေ။ သူက ဒဏ္ဍာရီများနှင့် ပတ်သက်သော အချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့၏။ ထိုသို့ဆိုလျှင် မင်းသား (၃) က ဒဏ္ဍာရီများ၏ တည်ရှိမှုကို သံသယဝင်သွားနိုင်သည်။
"အိမ်ရှေ့မင်းသားရဲ့လူတွေ။ သူခိုးကြီးက အသက်ရှင်နေသေးတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ဘာသတင်းမှမကြားရတော့ဘူး။ သူက လုံးဝကို ပျောက်သွားခဲ့တာလား…"
ကျိုးရီက တစ်ယောက်တည်း တိတ်တဆိတ် ခေါင်းညိတ်ပြီး မုန့်ချီ၏စကားကို ထောက်ခံလိုက်သည်။
ထို့နောက် သူက အဝေးကိုကြည့်နေပြီး သူ့အကြည့်က ဆောင်းရာသီ ရေခဲများကဲ့သို့ အေးစက်နေသည်။ သိပ်မကြာခင် အစေခံတစ်ယောက်က အိမ်ရှေ့မင်းသား ရောက်လာကြောင်း ကျယ်လောင်စွာ ကြေညာလိုက်၏။
ကျိုးရီက မုန့်ချီ၏အနားမှ နောက်ဆုတ်သွားခဲ့ပြီး အိမ်ရှေ့မင်းသားကို အလျင်အမြန် သွားရောက်ကြိုဆိုခဲ့သည်။ ကျန်းကျိဝေ ၊ ဝမ်စစ်ယွမ်နှင့် ဧည့်သည်များကလည်း တစ်ယောက်ပြီး တစ်ယောက် လိုက်လာခဲ့ကြ၏။
သိုင်းလောကသားများအားလုံးက အိမ်ရှေ့မင်းသားနှင့် မင်းသားကျင်းတို့ကို ဦးညွှတ်လိုက်ကြပြီး မင်းသား (၂) ပါး၏ အဆင့်အတန်းမြင့်မှုကို ပြသနေသည်။ ကျန်းကျိဝေကတော့ သူမ၏အကြီးအကဲ ကြယ်ဖျက်ဓား ဟုန်ချမ်းနှင့်အတူ ရောက်လာခဲ့သည်။
စကားအနည်းငယ်ခန့် မိတ်ဆက်ပြီး သူမက မုန့်ချီနှင့် စကားမပြောတော့ပဲ ဧည့်သည်များ ရှိနေသော စားပွဲဝိုင်းဆီသို့ လျှောက်သွားခဲ့၏။ သူမက ထိုင်ခုံတွင်ထိုင်ပြီး ဟယ်ကျူး ရောက်လာမည့်အချိန်ကို စောင့်နေခဲ့သည်။
စားသောက်ပွဲခန်းမကြီးက ရှည်လျားပြီး ကျယ်ပြန့်သည်။ ထိုနေရာတွင် လက်ရည်စမ်းသည့် တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ် ဖန်တီးထားပုံရ၏။ စားပွဲဝိုင်းများစွာကို ပတ်ပတ်လည်တွင် ခင်းထားပြီး ခန်းမ၏အလယ်တွင်တော့ လွတ်နေသည်။
မုန့်ချီက ခန်းမကြီးထဲတွင် ရှုပ်ထွေးနေသော ဧည့်သည်များကြားထဲတွင် ဖြတ်သွားပြီး သူ့ထိုင်ခုံကို သွားရောက်ထိုင်လိုက်သည်။ သူက သူ့နာမည်နှင့် စားပွဲခုံတစ်ခုကို တွေ့သည့်အချိန်တွင် ထိုနေရာ၌ ထိုင်လိုက်၏။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က လွင့်မျောလာပြီး ထိုင်လိုက်သည့်အတွက် သူလည်း လှည့်ကြည့်လိုက်သည်။ ထိုအရာကတော့ ဝမ်စစ်ယွမ် ဖြစ်၏။ သူက မုန့်ချီ၏ ဘယ်ဘက်ခြမ်းတွင်ထိုင်နေပြီး သူ့ကို ပြုံးပြနေ၏။
ထိုအပြုံးကြောင့် ဝမ်စစ်ယွမ်က သူ့ကို စိုက်ကြည့်နေသည်ဟု မုန့်ချီက ခံစားနေမိသည်။ အလွန်တည်ငြိမ်အေးချမ်းသော သူ၏အပြုအမူကြောင့် အစစ်အမှန် အင်ပါယာတံဆိပ်က သူနှင့်အတူ ရှိနေကြောင်း ထိုဆရာယောင်ယောင် သခင်လေးက သိနေသလို ခံစားနေရသည်။
သူက အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
"သခင်လေးဝမ်…
ငါက ဘာအကူအညီပေးရမလဲ"
ဝမ်စစ်ယွမ်က ပါးစပ်ကို လက်နှင့်ပိတ်ပြီး ချောင်းဆိုးလိုက်သည်။ သူကတော့ မူလအတိုင်းသာ ရှိနေပြီး ယခင်တုန်းကထက် ပို၍လေးနက်နေပုံရ၏။
"စိတ်မပူပါနဲ့ သခင်လေးစု။ မင်းဆီမှာ အစစ်အမှန်အင်ပါယာတံဆိပ် ပိုင်ဆိုင်ထားတယ်ဆိုတာ ငါမမြင်ပါဘူး…"
သူ့အသံကို မုန့်ချီ၏ခေါင်းထဲတွင် ကြားလိုက်ရသည်။
မုန့်ချီက မျက်နှာပျက်သွားခဲ့ပြီး ကြွက်သားများက တင်းမာသွားသလို ခံစားလိုက်ရ၏။
"မင်းက မမြင်နိုင်ဘူးလား…"
"ဘာလို့လဲဆိုတော့ အဲဒါက စွမ်းရည်တွေတွက်ချက်ခြင်းနည်းလမ်းတွေကို သုံးလို့မရလို့လေ…"
ဝမ်စစ်ယွမ်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
ကြာပန်းသခင်လျှူစုက လက်ထဲတွင် အရက်အိုးကို ကိုင်ပြီး ဖြတ်ကျော်သွားခဲ့၏။ သူက ခဏရပ်လိုက်ပြီး ဝမ်စစ်ယွမ်ကို လက်ညှိုးထိုးလိုက်သည်။
"မင်းက ငါ့ကို ကွမ်လင်းအရက် (၅) အိုးပေးဖို့ အကြွေးတင်နေတယ်…"
ကွမ်လင်းဟူသည်မှာ ကျန်းစီရင်စုထဲရှိ မြို့တစ်မြို့ ဖြစ်သည်။ ကျန်းတုံတွင်ရှိသော ဝမ်ကလန်၏ ဘိုးဘေးနယ်မြေတစ်ခုလည်း ဖြစ်၏။ အရက်ကို ထိုမြို့တွင် ချက်လုပ်သည့်အတွက် မြို့နာမည်ပေးထားခြင်း ဖြစ်သည်။
"ငါက စကားတည်ပါတယ် သခင်လေးလျှူ။ စိတ်မပူပါနဲ့ မင်းရဲ့အရက်ကို ရစေရမယ်.."
ဝမ်စစ်ယွမ်က ဝမ်းမြောက်ဝမ်းသာ ပြန်ဖြေလိုက်၏။
သူတို့ (၂) ယောက်က အလွန်ရင်းနှီးကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ ထိုအချိန်တွင် သူက ရုတ်တရက် နားလည်သွားခဲ့၏။ လှေပေါ်တွင် သူခိုးကြီးအကြောင်း ကြာပန်းသခင် ပြောပြခဲ့ခြင်းများက ကံတရားသက်သက်ကြောင့် မဟုတ်နိုင်တော့ပေ။
အနည်းငယ် ရီဝေဝေ ဖြစ်နေပုံရသော သခင်လေးလျှူက မုန့်ချီကို ခေါင်းညိတ်အ သိအမှတ်ပြုလိုက်ပြီး ဒယိမ်းဒယိုင်နှင့် အနည်းငယ်ဝေးသော သူ့ထိုင်ခုံကို သွားထိုင်လိုက်သည်။
မုန့်ချီကတော့ အနည်းငယ် ထိတ်လန့်နေခဲ့၏။
ဝမ်စစ်ယွမ်က သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။
"အဲဒီလိုရတနာပစ္စည်းတွေက သူ့ရဲ့သခင်ကို ရွေးချယ်တတ်တယ် သခင်လေးစု။ ဒါတွေအားလုံးက ကံကြမ္မာအတိုင်း ဖြစ်လာတာပါ။ ငါက သူ့ရဲ့လျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောပါဘူး…"
"ငါ နားမလည်ဘူး…"
မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်သည်။ သူကတော့ တစ်ကိုယ်လုံး တင်းကြပ်နေပြီး နဖူးပေါ်မှချွေးစေးများ ကျဆင်းလာခဲ့၏။ သို့သော် သိပ်မကြာခင် တည်ငြိမ်သွားခဲ့သည်။
"ငါက တခြားလူတွေကို တိတ်တိတ်နေဖို့ အေရာအားလုံးကို အတင်းအကျပ် လုပ်လို့မှ မရတာ။ ပစ္စည်းတွေကို ခိုးယူသွားတဲ့သူတွေဆီ ကံဆိုးခြင်းတွေက ရောက်လာမှာပဲလေ…"
သူ၏လေသံက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်နေသည်။ မည်သူကမျှ သူတို့၏ ခံစားချက်ကို သတိထားမိခြင်း မရှိချေ။
သူက ရုတ်တရက် ဝင်ပြောလိုက်၏။
"မျိုးရိုးစဉ်ဆက်အမွေအနှစ်တွေ ၊ ရှေးဟောင်းရတနာတွေက အိပ်မက်တွေ ဒဏ္ဍာရီတွေထဲကနေ ထွက်ပေါ်လာတာ။ သူတို့တွေက ကံကြမ္မာကို တစ်ကျော့ပြန်လည်လာစေပြီး အဲဒီရတနာတွေက သူတို့ကို ပိုင်ဆိုင်မယ့်ပိုင်ရှင်ကို ရှာတတ်ကြတယ်။ ကျန်းတုံမှာရှိတဲ့ ဝမ်ကလန်ရဲ့ တိုင်းတာမှုအရ ဒါက ကပ်ဆိုးကြီးတွေကို ရင်ဆိုင်ရတော့မယ်လို့ ညွှန်ပြနေတာပဲ…"
"ကပ်ဆိုးကြီးတွေ ဟုတ်လား။ တွက်ချက်ခဲ့တာလား…"
ထိုအရာက မုန့်ချီအတွက်တော့ သတင်းသစ်တစ်ခု ဖြစ်သည်။
"ကျန်းတုံမှာ ရှိတဲ့ ငါတို့ရဲ့ဝမ်ကလန်က ရှေးအချိန်ကတည်းက ရှိလာခဲ့တာ။ ကပ်ဆိုးပေါင်းများစွာ အဖြစ်အပျက်ပေါင်းများစွာကို အချိန်မတိုင်ခင် ကြိုမြင်ခဲ့တယ်။ နတ်ဆိုးဗုဒ္ဓ (မာရ်နတ်)ရဲ့ဖျက်ဆီးမှုတွေကိုလည်း အန္တရာယ်တွေ ရောက်မလာခင် ကြိုပြီးတွက်ချက်နိုင်ခဲ့တယ်။ ဒါကြောင့် အကြီးမားဆုံး ပျက်စီးမှုတွေထဲမှာတောင် ကြီးမားတဲ့အခွင့်အရေးတွေ ရှိနေတာပဲ။ တချို့ရှေးဟောင်းပညာရှင်တွေကတော့ သံသရာကနေတောင် ပြန်လာနိုင်ကြတယ်…"
ဝမ်စစ်ယွမ်၏အသံက တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ သူက မုန့်ချီကို မျက်တောင်မခက်တမ်း စိုက်ကြည့်ပြီး စဉ်းစားနေပုံရ၏။
မုန့်ချီကတော့ ရုတ်တရက် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
"ဒါက အနတ္တလား…"
သူ့မေးချွန်းက တိုးတိုးလေး ထွက်သွားခြင်းဖြစ်သော်လည်း ဝမ်စစ်ယွမ်က အသည်းအသန် ချောင်းဆိုးလိုက်ရသည်။ သူကတော့ ချောင်းဆိုးမှုကြောင့် အလွန်နာကျင်သွားခဲ့ပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကပင် နာကျင်သွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏အစေခံမလေးကပင် စိုးရိမ်သွားခဲ့၏။
သူ၏လက်ကိုင်ပုဝါတွင် အနီရောင်သွေးများ စွန်းထင်နေပြီး သူက ချောင်းဆိုးခြင်းကို မနည်းဖိနှိပ်ထားလိုက်ရသည်။ သူက မုန့်ချီကို သေချာ စိုက်ကြည့်လိုက်၏။
"ကံကြမ္မာကို ပေါ့ပေါ့လေးတွေးလို့မရဘူး သခင်လေးစု။ မင်းက အရမ်းကြောက်စရာကောင်းတဲ့ ကံကောင်းမှုတွေနဲ့ ပြည့်နေတယ်။ ငါ့ရဲ့စကားကို သေချာမှတ်ထားပါ…"
"ကြောက်စရာကောင်းတဲ့ကံကြမ္မာ…"
'ကြောက်စရာကောင်းတဲ့ကံကောင်းမှုနှင့် ငါ့စကားကို မှတ်ထားပါ' ဟူသော ဝမ်စစ်ယွမ်၏ စကားက မြေခွေးအိုကြီးတစ်ယောက် ပြောနေသလို ထင်မှတ်ရသည်။ ဆရာကြီးလုနှင့် ကောင်းကင်ကံကြမ္မာကျင့်ကြံသူတို့၏ အကြံပေးလမ်းညွှန်မှုကြောင့် ထိုစကားများက သူ့ကို ကြိုတင်သတိပေးလိုက်သလို ဖြစ်နေသည်။
ဟယ်ကျူးက ဝင်ပေါက်သို့ လျင်မြန်စွာ ဝင်လာခဲ့ပြီး စားသောက်ပွဲ ခန်းမကြီးထဲသို့ လျှောက်လာခဲ့သည်။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေသည်။ သူက ဧည့်သည်များကိုကြည့်ပြီး ကျေနပ်နေပုံရ၏။
"မိတ်ဆွေတို့အားလုံး ဒီနေ့ညစားသောက်ပွဲကို ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"
သူက နှောင့်နှေးမနေဘဲ လူအုပ်ကြီးကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အဆုံးမဲ့ဓား ရန်ချုံ ၊ ကြာပန်းသခင် လျှူစု ၊ ဗုဒ္ဓလက်ဝါး ရွှမ်ကျန်းနှင့် မုန့်ချီတို့ကို စိုက်ကြည့်လိုက်သည်။
သူက ရယ်ရယ်မောမောလေသံနှင့် ပြောလိုက်၏။
"သခင်လေးစု ၊ သခင်လေးရန် ၊ ရွှမ်ကျန်းကိုယ်တော် ၊ သခင်လေးလျှူစု …ငါက မင်းတို့ကို စိန်ခေါ်ချင်တယ်။ မင်းတို့အားလုံးကို ငါတစ်ယောက်တည်းနဲ့ တိုက်ခိုက်မယ်.."
"ဗုန်း..."
လူအုပ်ကြီးထဲတွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသလို ထင်မှတ်လိုက်ရသည်။ မယုံကြည်နိုင်သော အသံပေါင်းများစွာလည်း ထွက်ပေါ်လာခဲ့၏။
"ဖျောင်း... ရွှီး..."
အပြင်ဘက်တွင် နှစ်သစ်ကူးချိန် ရောက်ပြီဖြစ်သည့်အတွက် မီးရှူးမီးပန်းများ ပေါက်နေသည့်အသံများ ကြားနေရသည်။ ရောင်စုံမီးပန်းများကလည်း ညအမှောင်အောက်တွင် လင်းလက်တောက်ပနေခဲ့၏။
အပြင်ဘက်တွင် ရှိနေသော လူများကလည်း နှစ်သစ်ကူးပွဲကို ကျင်းပပြီး ဝမ်းသာပျော်ရွှင်နေကြသည်။
Translated by Hein Htet.