← Chapters

အခန်း (၄၁၅)

Vol. 28 Ch. 415

အခန်း (၄၁၅)

Vol. 28 Ch. 415

ဖြစ်ခဲ့သည့်အရာများကို ထိတ်လန့်သွားသည့်အတွက် အိမ်ရှေ့မင်းသားကျိုးချမ်နှင့် မင်းသားကျင်းကျိုးရီတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့က ထိုကဲ့သို့ လုပ်ဆောင်ခဲ့ဖူးသော ပညာရှင်ပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ သို့သော် မည်သူကမျှ ဟယ်ကျူးကဲ့သို့ ရူးသွပ်သည်ဟု မသတ်မှတ်နိုင်ပေ။

ကိုယ်ပျောက်ဓားအနေနှင့် ပြောရမည်ဆိုလျှင် ဟယ်ကျူးက လူငယ်မှတ်တမ်း၏ နံပါတ်(၁)နေရာကို ရောက်နေသည်မှာ နှစ်အတော်လေး ကြာနေခဲ့သည်။ သို့သော် တိုက်ပွဲထဲတွင် လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁၀) ယောက်၌ ရှိနေသော လူတိုင်းကို ဖိနှိပ်နိုင်သော စွမ်းရည်ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အဆုံးမဲ့ဓားရန်ချုံနှင့် တခြားသူများကို တိုက်ခိုက်သည့်အချိန်၌ ဟယ်ကျူးကသာ တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရနိုင်မည်ဖြစ်ကြောင်း လူတိုင်းက ယုံကြည်နေကြသည်။ သို့သော် ထိုကဲ့သို့ ပညာရှင် (၂) ယောက်ကို အမှန်တကယ် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် သူ့အတွက် မဖြစ်နိုင်တော့ပေ။

ဟယ်ကျူးက ဒေါ်လေးပိုင်ကဲ့သို့ ပညာရှင် (၂) ယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီး စိန်ခေါ်မှုကို တဖြည်းဖြည်း မြှင့်လာမည်ဟု သူတို့က ထင်ထားကြသည်။ ထို့ကြောင့် အတော်လေး အဆင့်နိမ့်သော ကြာပန်းသခင်၊ ဗုဒ္ဓလက်ဝါးတို့နှင့် စတင်ပြီးမှ စုမုန့်နှင့် ရန်ချုံတို့ကို ဆက်လက် စိန်ခေါ်မည်ဟု တွေးထားခဲ့သည်။

အကယ်၍ သူက အဆင့်တက်ပြီး ဝေ့ကျင်းအဆင့်ကို မရောက်နိုင်သေးလျှင် အသက်ထိန်းသိမ်းသူနှင့် ပျက်သုဉ်းခြင်းဓားနတ်သမီးတို့ကို အတူတကွ စိန်ခေါ်နိုင်သည်။ သို့သော် သူက တစ်ကြိမ်တည်းနှင့် ပညာရှင် (၄) ယောက်ကို စိန်ခေါ်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။

လူတိုင်းသိထားသည့်အတိုင်း ဟယ်ကျူး၏ လက်ရှိအဆင့်အတန်းအရ လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်နေသော ပညာရှင်များကပင် အလွယ်တကူ အနိုင်ရနိုင်ခြင်း မရှိချေ။

သူက တစ်ကြိမ်တည်းနှင့် ပညာရှင်ပေါင်းများစွာကို တိုက်ခိုက်ရာတွင် အမှန်တကယ် ထူးချွန်နိုင်သော်လည်း တိုက်ခိုက်မှုမစခင် သူ့အစွမ်းနှင့် ပြိုင်ဘက်များ၏ အစွမ်းကို နှိုင်းယှဉ်သုံးသပ်ခြင်းက ပို၍ကောင်းမွန်နိုင်သေးသည်။ ထိုတိုက်ပွဲက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို စိန်ခေါ်ခြင်းနှင့် ကွဲပြားမှု မရှိတော့ချေ။

သူက တိုက်ပွဲအတွင်း ပြင်းထန်သော ဖိအားများကြောင့် အနိုင်ရပြီး ဝေ့ကျင်းအဆင့်ကို တက်ရောက်ရန် လုံးဝမဖြစ်နိုင်ပေ။ အကယ်၍ ဝေ့ကျင်းအဆင့်ကို ရောက်နိုင်သည့် အခွင့်အရေးသာ မရှိတော့လျှင် ဘာကြောင့် ဟယ်ကျူးက ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲကို ဒုက္ခခံပြီး စီစဉ်နေရသနည်း။

ထို့ကြောင့်လည်း တခြားသော ဧည့်သည်များအားလုံးက ဆူဆူညံညံဖြစ်နေခြင်း ဖြစ်သည်။ ကျိကျန်းဓားစံအိမ်မှ ဟုန်ချမ်းနှင့် ဝမ်မိသားစုမှ ဝမ်လွေတို့ကဲ့သို့ ဝေ့ကျင်းအဆင့် ပညာရှင်များကလည်း အံ့ဩနေကြောင်း သိသာနေသည်။ ဟယ်ကျူးက ထိုကဲ့သို့ တိုက်ပွဲမျိုးကို စတင်လိမ့်မည်ဟု မည်သူကမှ မယုံကြည်နိုင်ကြပေ။

တစ်ဖက်တွင်တော့ ဟယ်ကျူးက ရူးသွပ်နေခြင်း မဟုတ်ကြောင်း မုန့်ချီက ခံစားမိသည့်အတွက် သူ၏ဆုံးဖြတ်ချက်ကို အံ့ဩနေခဲ့ခြင်း မရှိချေ။ (၄) ယောက်ကို တိုက်ခိုက်ခြင်းက (၆) ယောက်ကို တိုက်ခိုက်ခြင်းထက် ပို၍လွယ်ကူနိုင်သည်။ ထို့ကြောင့် ဟယ်ကျူးက ထိုသို့လုပ်လိမ့်မည်ဟု မုန့်ချီက ကြိုတင်မျှော်မှန်းထားခဲ့၏။

သို့သော် အစွမ်းထက်ဆုံးဖြစ်သော ဝမ်စစ်ယွမ်နှင့် ကျန်းကျိဝေတို့ကိုတော့ တိုက်ပွဲထဲမှ ဖယ်ထုတ်ထားခဲ့သည်။ မီးရှူးမီးပန်း ပေါက်ကွဲသံများကို ကြားနေရပြီး တံခါးပေါက်မှနေ၍ ကောင်းကင်ကြီးပေါ်ရှိ မီးပွားလေးများကို မြင်နေရသည်။

"ကောင်းတယ်…"

ဒေါသထွက်ရမည့်အစား ကြာပန်းသခင်လျှူစုက လေးစားတတ်ကြွစွာ ပြောလိုက်၏။

"ငါကတော့ သူရဲကောင်းလမ်းစဉ်ကို တော်တော်လေးသဘောကျတာ။ ဒီနေ့တော့ ဒီလိုအဖြစ်အပျက်မျိုးကို ပါဝင်ရတော့မယ်…"

သူက ဘေးတွင် ရှိနေသော အရက်အိုးထဲမှ အရက်တစ်ခွက် သောက်လိုက်ပြီး တည်ငြိမ်အေးချမ်းသော ပုံသဏ္ဍာန်ကို ထိန်းသိမ်းထားခဲ့သည်။ ထို့နောက် အပြာရောင် ဓားအိမ်ကို ပုတ်ပြီး ညင်သာစွာ ဆွဲထုတ်လိုက်၏။

"သူတော်စင်တွေက တစ်ယောက်တည်းနေပြီး အထီးကျန်ဆန်ကြတယ်။ အရက်ကောင်း ရှိနေတဲ့သူတွေကပဲ သူတို့ရဲ့နာမည်ကို မှတ်မိနိုင်တာ…"

သူ သီချင်းဆို၍ မပြီးသေးခင် သူ့ဓားက ဓားအိမ်ထဲမှ ထွက်လာပြီး လှုပ်ရှား၍ မရနိုင်သော အနေအထားနှင့် ပြိုင်ဘက်ဆီကို ရောက်သွားခဲ့သည်။ ဓားချီစွမ်းအင်များက အလွန်ထက်မြက်လွန်းလှပြီး လေလှိုင်းများ ထိုးဖောက်လာသလို ထင်မှတ်ရ၏။ သူ့ဓား၏ထိပ်ဖျားက မည်သည့်နေရာတွင် ရှိနေကြောင်း မည်သူကမျှ မပြောနိုင်တော့ပေ။

"မြူခိုးတွေ လွှမ်းခြုံနေတဲ့ ရေပြင်ကြီးထဲမှာ ဦးတည်ချက်ကိုရှာဖို့ တကယ်ခက်တာပဲ.."

ထိုကဗျာကို နားလည်ထားကြသော လူပေါင်းများစွာက ထိုဓားသိုင်းပညာကို မြင်သည့်အခါ ချက်ချင်း အမှတ်ရသွားကြသည်။

လျှူစုက သူ၏ဓားသိုင်းပညာကို ကဗျာနိယာမများနှင့် ပေါင်းစပ်နိုင်ပြီး အရက်သောက်နေရင်း ခံစားချက်များကို ထုတ်ဖော်နိုင်သည်။ အဆုံးမဲ့ဓား ချီစွမ်းအင်များက မည်သည့်နေရာကို တိုက်ခိုက်မည်ဟူသော ဦးတည်ချက်မရှိဘဲ လှုပ်ရှားနေသည့်အတွက် လူတိုင်းက ခြေရာခံ၍ မရနိုင်ပေ။

ထိုတိုက်ခိုက်မှုကို မြင်သည့်အခါ ဟယ်ကျူးက စိတ်လှုပ်ရှားစွာရယ်ပြီး ပြောလိုက်၏။

"တကယ်ကောင်းတဲ့ တိုက်ခိုက်မှုပဲ…"

ထိုအချိန်တွင် သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကိုသုံး၍ တံဆိပ်ပေါင်းများစွာ ဖန်တီးလိုက်သည်။ ထိုအခါ အလွန်ကြောက်စရာကောင်းသော ကိုယ်ပျောက်ဓား ချီစွမ်းအင်များက ကြမ်းတမ်းခက်ထန်သော ပင်လယ်ကြီးတစ်ခုကဲ့သို့ဖြစ်လာပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်၏။

တိုက်ပွဲကို ဝင်ရောက်တိုက်ခိုက်ရမည့်အစား မုန့်ချီနှင့် တခြားပညာရှင်များကတော့ အခြေအနေကို စောင့်ကြည့်နေကြသည်။ သူတို့က မဆင်မခြင် တိုက်ခိုက်လိုက်မည်ဆိုလျှင် ဂုဏ်သိက္ခာကျမှာကို စိုးရိမ်နေကြသည်။

မုန့်ချီ၏ စိတ်အခြေအနေကတော့ တည်ငြိမ်နေပြီး ဟယ်ကျူး၏ အငွေ့အသက်နှင့် တိုက်ခိုက်မှုများကို စစ်ဆေးနေခဲ့၏။ တဖြည်းဖြည်းနှင့် သူ၏ပတ်ဝန်းကျင်တွင် ရှိနေသော အရာအားလုံးက ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ သို့သော် ဟယ်ကျူး၏ ဓားချီစွမ်းအင်များကို မြင်တွေ့ရမည့်အစား သူကတော့ ဓားချီစွမ်းအင်များ၏ အရှိန်အဝါကိုသာ ဝိုးတဝါး ခံစားမိနေခဲ့၏။

ထိုအရာက တည့်တည့် တိုက်ခိုက်နိုင်သလို ကွေ့ပတ်၍လည်း တိုက်ခိုက်နိုင်သည်။ သို့သော် သူ၏ လှုပ်ရှားမှုများက လျှို့ဝှက်ဆန်းကြယ်နေ၏။ ထို့ကြောင့်လည်း ဟယ်ကျူးကို ကိုယ်ပျောက်ဓားဟု နာမည်ပေးခဲ့ခြင်း ဖြစ်သည်။

"ချွမ်..."

လှိုင်းလုံးများကဲ့သို့ ဖြစ်ပေါ်နေသော ဓားချီစွမ်းအင်များက မြူခိုးများ လွှမ်းခြုံနေသော ရေပြင်ကြီးကဲ့သို့ ဖြစ်နေသည့် ဓားချီစွမ်းအင်များနှင့် တိုက်ခိုက်လိုက်သည်။ အချင်းချင်း ရင်ဆိုင်လိုက်မိသည်နှင့် ဓားချီစွမ်းအင်များက ဖျက်ဆီးခံလိုက်ရ၏။

သို့သော် မမြင်ရသော ချီစွမ်းအင်လေးတစ်ခုကတော့ ဟယ်ကျူး၏ တိုက်ခိုက်မှုနှင့် ဆက်လက် ဆက်သွယ်နေသေးပြီး ကြာပန်းသခင်၏ ဓားထိပ်ဖျားကို လျင်မြန်စွာ ရောက်ရှိလာသည်။

ထိုအခြေအနေကို မြင်သည့်အခါ လျှူစုက သူ့ဓားကို ဆန့်ထုတ်လိုက်ရာ ဓားအလင်းတန်းက တိမ်တိုက်များကဲ့သို့ ပတ်ဝန်းကျင်ကြီးကို လွှမ်းခြုံသွားခဲ့၏။ ထိုဓားအလင်းရောင်များ ကြားထဲတွင် သတ်ဖြတ်ချင်စိတ်များကို ဖုံးကွယ်ထားသည်။ ထိုအရာက အဆုံးမဲ့ ပြောင်းလဲနေသော မြူခိုးများထဲတွင် လွှမ်းခြုံခံလိုက်ရသလို ဖြစ်နေ၏။

သူ့ဓားနှင့် ခုတ်ချလိုက်သည့်အချိန်တွင် မြူခိုးများ ထွက်ပေါ်လာပြီး မီးရှူးမီးပန်းနှင့် အလင်းရောင်ပေါင်းစုံလည်း ထွက်ပေါ်လာခဲ့သည်။ မြူခိုးတစ်ခုချင်းဆီက ဓားချီစွမ်းအင် ပေါက်ကွဲမှုကဲ့သို့ ခံစားရ၏။ သူတို့၏ တိုက်ခိုက်မှုက စတင်လိုက်သော်လည်း သူတို့၏ချီစွမ်းအင်များ အချင်းချင်း ပေါင်းစပ်မှုကြောင့် ကြောက်စရာကောင်းသော ဖြစ်စဉ်များ စတင်ပြောင်းလဲလာနေသည်။

"အရမ်းကောင်းတယ်…"

ဟယ်ကျူးက လက်ညှိုးနှင့် လက်ခလယ်ကို ဓားပုံသဏ္ဍာန် လုပ်ဆောင်ပြီး ဓားချီစွမ်းအင်များကို အမိန့်ပေးလိုက်သည်။ ကြာပန်းသခင်၏ ဓားစွမ်းအင်များက သူ၏ ဓားချီစွမ်းအင်များနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ပျက်စီးသွားခဲ့၏။

ဓား (၂) လက်၏ တိုက်ခိုက်မှုက လုံးဝကို ရပ်တန့်နေခြင်း မရှိဘဲ ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များကတော့ ဆက်တိုက်ဆိုသလို ပျက်စီးသွားနေသည်။

လျှူစု၏ဓားရှည်နှင့် ရင်ဆိုင်လိုက်သည့်အချိန်တိုင်း သူ၏သတ်ဖြတ်ချင်စိတ်များကို လှုံ့ဆော်ပေးနေ၏။ လျှူစုက ထိန်းချုပ်၍ မရနိုင်သော ပုံသဏ္ဍာန်နှင့် တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်နေခဲ့သည်။ ထိုအချိန်တွင် သူ၏ဓားသိုင်းပညာက ကဗျာနှင့် ပန်းချီအနှစ်သာရများ ပေါင်းစပ်ထားခဲ့သည်။

သူက တိုက်ပွဲမှ နောက်ဆုတ်သွားရန် ရည်ရွယ်ချက်မရှိဘဲ ဟယ်ကျူးနှင့် ကြောက်စရာကောင်းစွာ ဆက်လက် တိုက်ခိုက်နေခဲ့၏။

ထိုအချိန်တွင် မုန့်ချီကတော့ သူ၏ခံစားချက်များကို သေချာအာရုံစိုက်နေပြီး သူတို့ (၂) ယောက်၏ လှုပ်ရှားမှုများကို နားလည်အောင် ကြိုးစားနေသည်။ သူတို့၏ တိုက်ပွဲကိုကြည့်ပြီး သူကိုယ်တိုင် တိုးတက်အောင် လေ့လာသင်ယူနေခဲ့၏။

ဟယ်ကျူးက ညာလက်တွင် ရှိနေသော လက် (၅) ချောင်းကို လှုပ်ရှားလိုက်ရာ သူ၏ဓားချီစွမ်းအင်များက ပို၍ပင် ပြောင်းလဲလာပြီး စွမ်းအင်ပြည့်ဝလာသလို ရက်စက်ကြမ်းကြုတ်၍ အလှည့်အပြောင်း များလာသည်။ ထိုအချိန်တွင် သူက လျှူစုနှင့် လက်ရည်ညီနေသလို ထင်မှတ်ရ၏။

"မင်းလည်း ဝင်လာခဲ့တော့"

ဟယ်ကျူးက တိုက်ခိုက်နေရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။ ထို့နောက် သူက ဘယ်လက်တွင် ရှိနေသော လက်ညှိုးနှင့် အဝေးတွင် ရှိနေသော ဗုဒ္ဓလက်ဝါး ရွှမ်ကျန်းကို လှမ်း၍ တိုက်ခိုက်လိုက်သည်။

ကြာပန်းသခင် အသုံးပြုနေသော ဓားသိုင်းပညာက အတော်လေးကို အစွမ်းထက်သည့်အတွက် သူအတွက် အစွမ်းထက်သော ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။ သို့သော် ဟယ်ကျူးက တိုက်ပွဲကို ကျေနပ်မည်ဟု မည်သူကရော ယုံကြည်ပေးနိုင်မည်နည်း။

ထို့ကြောင့် သူက ရွှမ်ကျန်းကို တိုက်ပွဲထဲသို့ ခေါ်ဆောင်လိုက်သည်။ အသစ်ထွက်ပေါ်လာသော ဓားချီစွမ်းအင်များက ခန့်မှန်း၍မရသလို ပုံသဏ္ဍာန်လည်း မရှိချေ။ သူ၏ဇစ်မြစ်နှင့် ဦးတည်ချက်ကိုလည်း ဖော်ထုတ်၍ မရနိုင်ပေ။ ထို့ပြင် ထိုအရာက ညာလက်တွင် တိုက်ခိုက်နေသော ဟယ်ကျူး၏ တိုက်ခိုက်မှုကိုလည်း လုံးဝသက်ရောက်စေခဲ့ခြင်း မရှိချေ။

"သူက တိုက်ခိုက်နေစဉ် အတောအတွင်း မတူညီတဲ့ အလုပ်တွေကို လုပ်နိုင်တာလား။ အော်မီတော်ဖော်…"

ရွှမ်ကျန်းက ဘယ်လက်ဖဝါးကို ရင်ဘတ်ပေါ်တွင် တင်လိုက်ပြီး မည်သည့်အစွမ်းမျှ မသုံးထားသည့်အလား ညာလက်ကို ညင်သာစွာ တွန်းလွှတ်လိုက်သည်။ အလွန်အံ့ဩစရာကောင်းသည်မှာ ရုတ်တရက် ထွက်ပေါ်လာသော သူ၏ညာလက်ဖဝါးထဲတွင် အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေခဲ့၏။

ထိုစွမ်းအင်များနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ကိုယ်ပျောက်ဓား ချီစွမ်းအင်များကပင် ပျောက်ကွယ်သွားခဲ့ရ၏။ ထိုအရာက ရှောင်လင်၏ ထိပ်သီးသိုင်းပညာ (၇၂) မျိုးထဲမှ တစ်ခုဖြစ်သော မီယုတောင် လက်ဝါးသိုင်း ဖြစ်သည်။ ရွှမ်ကျန်းက အားနည်းချင်ယောင်ဆောင်ပြီး စွမ်းအားအမြောက်အမြားကို ထုတ်လွှတ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ပြိုင်ဘက်ကသာ လက်ဝါးအရှိန်အဝါ ရောက်နိုင်သော နယ်မြေထဲတွင် ရှိနေမည်ဆိုလျှင် ထိုစွမ်းအားက လျော့ကျသွားလိမ့်မည် မဟုတ်ချေ။ အကယ်၍ ထိုသိုင်းပညာကိုသာ အမြင့်ဆုံးအထိ လေ့ကျင့်ထားနိုင်မည်ဆိုလျှင် သတိမထားမိနိုင်အောင် တိုက်ခိုက်၍ ရသည်။

ဟယ်ကျူးက ညာလက်ထဲတွင် ရှိနေသော ဓားချီစွမ်းအင်များနှင့် ကြာပန်းသခင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေပြီး ဘယ်ဘက်လက်ချောင်းလေးများကို ညင်သာစွာ လှုပ်ရှားပြီး ဆက်တိုက် တိုက်ခိုက်နေခဲ့၏။

သူ၏ တိုက်ခိုက်မှုက ပုံသဏ္ဍာန်မရှိသလို ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည့်အတွက် ရွှမ်ကျန်းက ကိုယ်ဖော့ပညာကိုသုံးပြီး သူ့ကိုယ်သူ ကာကွယ်လိုက်ရသည်။ သူက ပေါ့ပါးသွက်လက်ပြီး ရေကန်ပေါ်တွင် သွားလာနေသော ဖောင်တစ်စင်းကို စီးနေသလို ထင်မှတ်ရသည်။

တစ်ချိန်တည်းတွင် ဟယ်ကျူး၏ တိုက်ခိုက်မှုများကို လက်ဝါးအရှိန်အဝါကိုသုံး၍ ခုခံနေခဲ့၏။ သူ၏တိုက်ခိုက်မှုများက ရိုးရှင်းသော်လည်း ဟယ်ကျူး၏ ဓားချီစွမ်းအင်များ အားနည်းချက်ကိုသာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဟယ်ကျူးက ပြိုင်ဘက်၏ ဆုံးဖြတ်ချက်ကို လမ်းလွှဲသွားစေရန် ဓားချီစွမ်းအင်ပေါင်းများစွာ သုံးထားခဲ့သော်လည်း သူတို့က ရွှမ်ကျန်းကို အရူးလုပ်နိုင်ခြင်း မရှိချေ။

သူ့လက်ဝါးနှင့် ရင်ဆိုင်လိုက်ရသည်နှင့် ဓားချီစွမ်းအင်များက ချက်ချင်းပျက်စီးသွားခဲ့ပြီး ရေခဲအလွှာတစ်ခုကဲ့သို့ ပျက်စီးသွားနေခဲ့၏။ ဗုဒ္ဓနှလုံးသား ရှိနေသော ရွှမ်ကျန်း၏ လက်ဝါးချက်များက လှုပ်ရှားမှုတိုင်းကို ဖောက်မြင်နေရပြီး မည်သည့်အရာက အတုမှန်း သိနေခဲ့သည်။

ရွှမ်ကျန်း၏ ပရာဏလက်ဝါးက အထွဋ်အထိပ်ကို ရောက်လုနီးပါး ဖြစ်၏။ လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို ပေါင်းလိုက်မည်ဆိုလျှင် သူ၏သိုင်းကွက်တိုင်းက မုန့်ချီ အသုံးပြုနိုင်သော ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေး သိုင်းကွက်များကို ယှဉ်နိုင်သည်။

ကောင်းကင်ကြီးပေါ်တွင် အနက်ရောင် တိမ်တိုက်ကြီးများ စတင်စုစည်းလာပြီး မိုးကြိုးများ ထွက်ပေါ်လာသည်။ သို့သော် ခန်းမကြီးကတော့ ဗုဒ္ဓနယ်မြေတစ်ခုအလား တိတ်ဆိတ်ငြိမ်းချမ်းနေခဲ့၏။ ကမ္ဘာကြီးတစ်ခုလုံးက ရွှမ်ကျန်း၏ လက်ဝါးချက် ပြောင်းလဲမှုများအောက်တွင် ရောက်နေသလို ထင်မှတ်ရသည်။

ဟယ်ကျူး၏ အသာစီးရမှုများအားလုံးက ယူဆောင်သွားခံရပြီး မည်သို့ တိုက်ခိုက်စေကာမူ ဓားချီစွမ်းအင်များက ထူးခြားခြင်း မရှိချေ။ အစွမ်းထက်သော ပညာရှင် တစ်ယောက်ဖြစ်သော်လည်း ဟယ်ကျူးက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေသော တံခါး (၉) ပေါက်အဆင့် ပညာရှင် (၂)ယောက်၏ ဖိအားကြောင့် စွမ်းအားများ တဖြည်းဖြည်း ကုန်ဆုံးလာနေခဲ့သည်။

သူ၏ ဓားချီစွမ်းအင်များကလည်း ပြိုင်ဘက်များ၏ ဖိအားကြောင့် အားနည်းလာခဲ့ရ၏။ သို့သော် အလွန်နာမည်ကျော်ကြားသော သိုင်းလောကမှ ကိုယ်ပျောက်ဓား ဖြစ်နေသည့်အတွက် သူ၏ဓားချီစွမ်းအင်များက ပြိုင်ဘက်များကို သတ်ဖြတ်ရေး သိုင်းကွက်များသုံးရန် အခွင့်အရေး မပေးခဲ့ပေ။

ကြည့်ရသည်မှာ ဟယ်ကျူးက စွမ်းအားအရ ဒေါ်လေးပိုင်ထက် အနည်းငယ် ပိုသာပုံရ၏။ သူက တိုက်ခိုက်နေစဉ် အတောအတွင်း ပြိုင်ဘက်ပေါင်းများစွာကို တိုက်ခိုက်ရာတွင် ပို၍အကျိုးသက်ရောက်မှု ရှိသည်။ ထိုအချိန်တွင် ဟယ်ကျူးနှင့် သူ့ပြိုင်ဘက်များ မည်သူက အနိုင်ရမည်ဖြစ်ကြောင်း ပြောပြရန်ခက်ခဲ၏။

"မင်းလည်း ဝင်လာခဲ့တော့…"

သူက နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။

ယခုတစ်ကြိမ်တော့ သူ၏ပါးစပ်ထဲမှနေ၍ ဓားချီစွမ်းအင်များ ထွက်ပေါ်လာနေခဲ့၏။ ကျန်ရှိနေသော ချီစွမ်းအင်များက စုစည်းလာပြီး သူ၏ပတ်ပတ်လည်တွင် မြူခိုးများအဖြစ် ပြောင်းလဲ၍ အနက်ရောင် နဂါးကြီးတစ်ကောင်သဖွယ် ဖြစ်ပေါ်လာသည်။ ထိုအရာက ရှောင်တိမ်း၍ မရနိုင်သော အစွမ်းနှင့်အတူ ရန်ချုံဆီကို ရောက်လာခဲ့၏။

ပါးစပ်တံခါးက အားနည်းချက်ရှိနိုင်သော နေရာတစ်ခု ဖြစ်သည်။ ဟယ်ကျူးက ပါးစပ်ထဲမှပင် ဓားချီစွမ်းအင်များကို စေလွှတ်နိုင်ကြောင်း မည်သူက ယုံကြည်ပေးနိုင်မည်နည်း။

"ဗုန်း..."

ထိုဓားချီစွမ်းအင်အသစ်ကို ထုတ်လိုက်သည့်အချိန်တွင် လျှပ်စီးနှင့် မိုးကြိုးများ ပါလာခဲ့သည်။ မည်းမှောင်နေသော ရာသီဥတုကလည်း သိပ်မကြာခင် မိုးကြိုးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပြင်ဘက်တွင် လေးလံသောမိုးများ ကျဆင်းလာနေခဲ့၏။ အထူးခြားဆုံး မီးပွားများကပင် တဖြည်းဖြည်း ပျောက်ကွယ်သွားနေရသည်။

ဟယ်ကျူး၏ ဓားချီစွမ်းအင်များ ချဉ်းကပ်လာသည့်အချိန်တွင် ရန်ချုံက သူ၏ဓားနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်သည်။ သူ၏ဓားမောက် စွမ်းအင်များက ဓားချီစွမ်းအင်များဆီကို ဦးတည်သွားလိုက်ရာ ရောက်လာသည့် အရာအားလုံးကို ဝါးမျိုရန် အသင့်ဖြစ်နေသော ရေလှိုင်းကြီး တစ်ခုပမာ ဖြစ်နေ၏။

“ဗုန်း..."

မိုးကြိုးနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး (၂) ဖက်စလုံးက အကြိတ်အနယ် ရင်ဆိုင် တိုက်ခိုက်နေကြသည်။

ကျန်ရှိနေသော ဓားချီစွမ်းအင်များနှင့် ဓားမောက်ချီစွမ်းအင်များကလည်း နေရာအနှံ့ ပျံ့နှံ့သွား၏။ သို့သော် ဝေ့ကျင်းအဆင့် ပညာရှင်များက တိုက်ပွဲကို ကြည့်နေကြပြီး ကျန်ရှိနေသော စွမ်းအင်များကတော့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

ရန်ချုံက ဟယ်ကျူးနှင့် လက်ရည်တူနေသည့်အတွက် ကျေနပ်မှု မရှိခဲ့ပေ။ သူက ပို၍ကြောက်စရာကောင်းသော ဓားမောက်သိုင်းပညာများကို စတင်အသုံးပြုနေခဲ့၏။ သူ၏ဓားမောက် အရှိန်အဝါများက ဆက်တိုက်ဆိုသလို ကျရောက်လာပြီး ပင်လယ်ကြီးထဲမှ လှိုင်းလုံးများကဲ့သို့ ဖြစ်သေည်။

ထို့ကြောင့် ဟယ်ကျူး၏ပါးစပ်ထဲမှ ထွက်လာသော ဓားချီစွမ်းအင်များက ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခြင်း မရှိချေ။ တစ်ချိန်တည်းတွင် ဟယ်ကျူးက သူ့နားကို လှုပ်ရှားလိုက်ပြီး နောက်ထပ် ဓားချီစွမ်းအင် (၄) ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏နားတံခါးနှင့် နှာခေါင်းတံခါးများကပင် ဓားချီစွမ်းအင် အရင်းအမြစ်များအဖြစ် ကောင်းမွန်စွာ လေ့ကျင့်ထားခဲ့၏။ သို့သော် ယခုတစ်ကြိမ်တော့ ဓားချီစွမ်းအင်များက ပုံသဏ္ဍာန်ကင်းမဲ့နေခြင်း မဟုတ်တော့ပဲ အဖြူရောင် အလင်းတန်းများကဲ့သို့ ဖြစ်နေသည်။

ဓားချီစွမ်းအင် (၅) ခုက ရန်ချုံ၏ဓားမောက် အရှိန်အဝါများနှင့် ရင်ဆိုင်နေပြီး ဝင်္ကပါတစ်ခုသဖွယ် ဖြစ်နေသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ဟယ်ကျူးက ရှုံးနိမ့်သွားတော့မည်မှာ အချိန်တစ်ခုသာ လိုအပ်၏။ သို့သော် အချိန်အတိုင်းအတာတစ်ခုအထိ သူက တိုက်ပွဲကို ရှုံးနိမ့်ခြင်းမရှိဘဲ (၃) ယောက် (၁)ယောက် အမှန်တကယ် တိုက်ခိုက်နေနိုင်သည်။

"အခု မင်းဝင်လာခဲ့တော့…"

သူက ပါးစပ်တံခါးကိုသုံးပြီး ဓားချီစွမ်းအင်များကို ထုတ်နိုင်တော့သော်လည်း ဟယ်ကျူးက မုန့်ချီကို တိုက်ပွဲထဲသို့ လှမ်းခေါ်လိုက်သည်။ တစ်ချိန်တည်းတွင် ကြောက်စရာကောင်းသော ဓားချီစွမ်းအင် (၂) ခုက သူ၏မျက်လုံးထဲမှ ထွက်လာပြီး မုန့်ချီကို တိုက်ခိုက်လိုက်၏။

"သူ့ရဲ့မျက်လုံးထဲကတောင် ဓားချီစွမ်းအင်တွေ ထုတ်လွှတ်နိုင်တာပဲ။ သူက နေရာပေါင်းစုံကို အသုံးပြုနိုင်တာလား…"

တိုက်ပွဲကို သေချာစိုက်ကြည့်နေသော မုန့်ချီက ဟယ်ကျူး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ယုံကြည်ချက် ရှိသည်။ သူက ချက်ချင်းဆိုသလိုပင် လေထဲသို့ ခုန်လိုက်ပြီး ဓားချီစွမ်းအင်များကို လျင်မြန်စွာ ရှောင်တိမ်း၍ သူ၏ဓားမောက်ကို ဆွဲထုတ်လိုက်၏။ သူ ဓားဆွဲထုတ်လိုက်သည့် အသံက ခန်းမကြီးတစ်ခုလုံး ပျံ့နှံ့သွားသည်။

ငွေရောင်အလင်းတန်းနှင့်အတူ မုန့်ချီ၏ဓားမောက်က ဟယ်ကျူး၏အရှေ့ကို ရောက်လာခဲ့၏။ ထိုတိုက်ခိုက်မှုက ကျား (၅) ကောင် တံခါးဖျက်ဆီးခြင်းသိုင်းကွက်မှ ဖြစ်သည်။ ထိုအရာက ရိုးရှင်းသော သိုင်းကွက်တစ်ခု ဖြစ်သော်လည်း အခြေအနေနှင့် အချိန်အခါကိုကြည့်ပြီး ဓားချီစွမ်းအင်များကို ဖျက်ဆီးပစ်နိုင်သည်။

ထိုကဲ့သို့ (၃) ယောက် (၁) ယောက် တိုက်ခိုက်နေရသော တိုက်ပွဲထဲတွင် ထိုတိုက်ခိုက်မှု၏ အရှိန်အဝါက ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး အကျိုးသက်ရောက်မှုရှိရှိ ကာကွယ်ရန် လုံးဝ မဖြစ်နိုင်ပေ။

"မိုက်လိုက်တာ…"

ထိုတိုက်ခိုက်မှုကို မြင်သည့်အချိန်တွင် လူတချို့က ရေရွတ်လိုက်မိကြသည်။

အလွန်သိမ်မွေ့နူးညံ့သော လှုပ်ရှားမှုများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ရိုးရှင်းသော သိုင်းကွက်နှင့် ထိုကဲ့သို့ သက်ရောက်မှု ရရှိရန် စွမ်းရည်ပို၍ မြင့်မားရသည်။ သတ်ဖြတ်ရေးဓား၏ အစွမ်းကိုလည်း အမှန်တကယ်လျှော့တွက်၍ မရနိုင်ပေ။

ဟယ်ကျူးက မျက်ခုံးပင့်လိုက်ပြီး နောက်ထပ် ဓားချီစွမ်းအင် (၂) ခုကို ထုတ်လွှတ်လိုက်သည်။ မုန့်ချီက သူ့ဓားကို ဝှေ့ယမ်းပြီး ရောက်လာသော ဓားချီစွမ်းအင်များကို ဖြေရှင်းရန် လေဟာနယ်တစ်ခု ဖန်တီးလိုက်၏။ ဓားချင်း တိုက်ခိုက်သံများကိုလည်း တိုးတိုးလေး ကြားနေရသည်။

ထို့နောက် အလွန်ခိုင်မာပြီး တည့်တိုးဆန်သော သူ၏တိုက်ခိုက်မှုကို ပြောင်းလဲ၍ ဟယ်ကျူးကို သူ့ဓားနှင့် လှမ်းထိုးလိုက်သည်။

"ယင်နှင့်ယန် (၃) မျိုးပေါင်းစပ်ခြင်း။ ဘယ်အရာက ယင်လဲ ဘယ်အရာက ယန်လဲ…"

မုန့်ချီက သူ၏အနှစ်သာရ သိုင်းကွက်ပေါင်းစုံကို စိတ်ရှိသလို စတင် ပေါင်းစပ်နေသည်။ ထိုအခြေအနေတွင် ဟယ်ကျူးအတွက် ရွေးချယ်စရာ အနည်းငယ်သာ ကျန်နေတော့၏။ သူက ကြာပန်းသခင်နှင့် တခြားလူများကို သတိထားနေစရာမလိုပဲ မုန့်ချီ၏ဓားကို ရှောင်တိမ်းမလား သို့မဟုတ် မုန့်ချီ၏တိုက်ခိုက်မှုကို ခုခံမည်လော။

ထိုအချိန်တွင် ဟယ်ကျူးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မိုးခြိမ်းသံများကပင် သူ့အသံနှင့် တစ်သားတည်း ဖြစ်နေခဲ့၏။ သူ၏မျက်ခုံးကြားထဲတွင် ရှိနေသော ပင်မတံခါးကလွဲလျှင် သူ၏ပင်မသွေးကြောမှတ်များ အားလုံးဆီမှ ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏အဝတ်အစားများက ပျက်စီးသွားခဲ့သည်။

အသစ်ထွက်ပေါ်လာသော ဓားချီစွမ်းအင်များက ကမ္ဘာမြေကြီးကို ဖျက်ဆီးနိုင်သော အစွမ်းမျိုး ရှိနေသလို ထင်မှတ်ရပြီး ထက်မြက်မှုက အမာကျောဆုံး သတ္တုကိုပင် ဖြတ်တောက်သွားနိုင်ကာ အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"ဒါ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…."

ဂိုဏ်းအသီးသီးနှင့် အထက်တန်းလွှာ မိသားစုမှ တပည့်ပေါင်းများစွာက သူတို့၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကိုကြည့်ပြီး သတိလက်လွတ် မတ်တပ်ရပ်လိုက်မိကြသည်။

သူတို့က ဟယ်ကျူး ထုတ်လွှတ်လိုက်သော ဓားချီစွမ်းအင်ကို အံ့ဩနေကြ၏။ ထိုဓားချီစွမ်းအင်များက မုန်တိုင်းများကဲ့သို့ အရှိန်အဝါ ရှိကြောင်း မုန့်ချီက ခံစားမိခဲ့သည်။

တစ်ချိန်တည်းတွင် လူ (၄) ယောက်ကို ရင်ဆိုင်နေရသော်လည်း ဟယ်ကျူးက မျက်စိတမှိတ်အတွင်း လေးနှင့်မြားများ အပစ်ခံလိုက်ရသလို ခံစားရနိုင်သည်။ ထို့ပြင် သူ၏ဓားချီစွမ်းအင်များက သာမန် လေးနှင့်မြားထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေ၏။

သူက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့ကို ကျွမ်းကျင်နေသော်လည်း ထိုကဲ့သို့ တိုက်ခိုက်မှုပေါင်းများစွာကို ခံနိုင်ရည် မရှိနိုင်သေးပေ။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုတိုက်ခိုက်မှုကို ခုခံနိုင်မည်ဆိုလျှင် ဓားချီစွမ်းအင်များနှင့် ရင်ဆိုင်မိလိုက်သည်နှင့် သေဆုံးသွားနိုင်၏။ ထိုသို့ဆိုရာတွင် ဟယ်ကျူးက ထိုကဲ့သို့ တိုက်ခိုက်မှုမျိုး အကြိမ်ပေါင်းမည်မျှ ထုတ်လွှတ်နိုင်မည်နည်း။

Translated by Hein Htet.

All Chapters