အခန်း (၄၁၆)
Vol. 28 Ch. 416
လှုပ်ရှားနေသော ဓားချီစွမ်းအင်များက လုံးဝရပ်တန့်သွားခြင်း မရှိဘဲ ကောင်းကင်ကြီးပေါ်မှ မြားပေါင်းတစ်ထောင်ခန့် ကျဆင်းလာသလို ထင်မှတ်ရသည်။ သို့သော် လူတစ်ယောက်ကသာ အာရုံစိုက်ကြည့်လိုက်မည်ဆိုလျှင် သူတို့၏အရှေ့တွင် ရှိနေသော အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ပါလိမ့်မည်။
သူတို့အားလုံး မြင်ရသည်မှာ အလွန်သန့်စင်ပြီး ကြောက်စရာကောင်းသည့်အစွမ်းများ ပါဝင်နေသော ဓားချီစွမ်းအင်များသာ ဖြစ်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်၌ ရှိနေသော မြူခိုးများက ပျောက်ကွယ်သွားခြင်း မရှိသေးသည့်အတွက် ကြည့်နေသူများ၏ စိတ်ထဲတွင် ထင်ရှားနေရခြင်း ဖြစ်သည်။
ထိုအချိန်ကျမှသာ ထိုတိုက်ခိုက်မှုက မည်မျှအစွမ်းထက်ပြီး ကြောက်စရာကောင်းကြောင်း သူတို့က နားလည်လာခဲ့ကြ၏။ အကယ်၍ သူတို့ကသာ ထိုကဲ့သို့ တိုက်ခိုက်မှုကို ခုခံလိုက်ရမည်ဆိုလျှင် သူတို့၏ လက်နက်များအားလုံးက ပျက်စီးသွားနိုင်ပြီး ခန္ဓာကိုယ်ကလည်း ဓားချီစွမ်းအင်များ၏ ထိုးဖောက်မှုကို ခံရနိုင်သည်။ ပို၍ပင် အခြေအနေ ဆိုးသွားနိုင်၏။
ဓားချီစွမ်းအင်များ ပေါက်ကွဲမှုတိုင်းက သူတို့၏ခန္ဓာကိုယ်ကို တစ်စစ ဖျက်ဆီးပစ်နိုင်သည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ရန်ချုံက နောက်ဆုတ်ရမည့်အစား ရှေ့တက်၍ တိုက်ခိုက်လိုက်သည်။
သူ့ဓားကို တစ်ချက်ခုတ်လိုက်ရုံနဲ့ အလွန်ကြောက်စရာကောင်းသော ဓားဆန္ဒများ ပြည့်နှက်လာခဲ့၏။ ပတ်ဝန်းကျင်ကလည်း ပို၍စိုစွတ်လာပြီး ဆူနာမီလှိုင်းလုံးကြီးတစ်ခုက ဟယ်ကျူးကို ဝါးမျိုသွားတော့မလို ဖြစ်လာခဲ့သည်။
အလွန်ကြောက်စရာကောင်းသော ဓားမောက် အရှိန်အဝါများနှင့်အတူ ရန်ချုံက သူ့ဆီသို့ ဦးတည်လာနေသော ဓားချီပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့၏။ တစ်ချိန်တည်းတွင် သူ၏ဓားက ဓားချီစွမ်းအင် အနည်းငယ်ကို လမ်းကြောင်းသွေဖယ်သွားအောင် တိုက်ခိုက်နိုင်ခဲ့၏။
ထိုကဲ့သို့ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့ဆီတွင်လည်း ရွေးချယ်မှု မရှိခဲ့ချေ။ သူက ဝေ့ကျင်းအဆင့် သိုင်းကွက်ကိုသုံးပြီး သူ့ကိုယ်သူ ကာကွယ်လိုက်ရ၏။
ရွှမ်ကျန်းက ဘယ်ဘက်လက်ကို မြှောက်ပြီး 'အော်မီတော်ဖော်' ဟု ရေရွတ်လိုက်သည်။ ထို့နောက် ညာဘက်လက်ဖဝါးကို ဖြည်းညင်းစွာ တွန်းထုတ်လိုက်ပြီး ထာဝရ တည်ရှိနေသလို ထင်ရသော တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်လိုက်သည်။
ထိုလှုပ်ရှားမှုက လျင်မြန်ခြင်း မရှိသော်လည်း လက်ဖဝါး အလယ်တည့်တည့်တွင် လေစီးကြောင်းများအားလုံး စုစည်းနေသလို ထင်မှတ်ရ၏။ မျက်စိတမှိတ်အတွင်း ကမ္ဘာကြီးတစ်ခုလုံးက လက်ဖဝါး အရှိန်အဝါထဲတွင် ပေါင်းစပ်သွားသလို ထင်မှတ်ရသည်။
ပတ်ပတ်လည်မှ ရောက်လာနေသော ဓားချီစွမ်းအင်ပေါင်းများစွာကလည်း လမ်းကြောင်းပြောင်းလဲပြီး သူ၏ညာဘက်လက်ဖဝါးဆီသို့ ရောက်လာခဲ့၏။ သူတို့က ထိုလက်ဖဝါးထဲမှ လုံးဝလွတ်မြောက်နိုင်ခြင်း မရှိသလို ထင်ရသည်။
ကျမ်းစာများကို ရွတ်ဖတ်နေရင်း ဓားချီစွမ်းအင်များကတော့ ရက်စက်စွာ ရှင်းပစ်ခံလိုက်ရ၏။ ရွှမ်ကျန်း၏ လက်ဖဝါး တိုက်ခိုက်မှုက ပုံရိပ်ယောင်များ အားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး သဘာဝတရားကြီးကို မူလအသန့်စင်ဆုံး ပုံစံအဖြစ် ပြန်ရောက်သွားအောင် လုပ်ဆောင်ပေးနိုင်သည်။
ထို့နောက် သူက ညာဘက် လက်ဖဝါးကို ဖိနှိပ်ချလိုက်၏။ သူ၏လက်ချောင်းလေးများပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ဖိနှိပ်ခံထားရသော စွမ်းအင်များစွာ ထွက်ပေါ်လာသည်။ ဓားချီစွမ်းအင်များကိုလည်း ဖျက်ဆီးပစ်ခဲ့၏။
ထိုအရာက ဓမ္မကာရအဆင့် ပရာဏလက်ဝါး၏ အမြင့်ဆုံးအဆင့်လည်း ဖြစ်၏။ စကြဝဠာတစ်ခုလုံးကို လက်ဖဝါးတစ်ခုထဲတွင် ဖိနှိပ်ပြီး လက် (၅) ချောင်းတည်းနှင့် တောင်မြင့်ကြီးတစ်ခုကို ဖျက်ဆီးပစ်နိုင်သော အစွမ်းမျိုးလည်း ဖြစ်သည်။
ကြာပန်းသခင်ကတော့ အနည်းငယ် လှုပ်ရှားလိုက်၏။ သူက ရောက်လာသော တိုက်ခိုက်မှုကို စစ်ဆေးကြည့်နေသလို ထင်ရသည်။ ရုတ်တရက်ဆိုသလို သူ့ဓားကို နောက်ပြန်ရုပ်လိုက်ပြီး သူက ပွင့်အာလာတော့မည့် ကြာဖူးလေးတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
သူ၏ပတ်ဝန်းကျင်ကလည်း ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ သူ့ကို အစိမ်းရောင် အလင်းတန်းတစ်ခု လွှမ်းခြုံနေပြီး ဖုန်မှုန့်များ ကြားထဲတွင် အစက်အပြောက်မရှိသည့် လျှူစုက ကောင်းကင်ပေါ်မှ ကျဆင်းလာသော အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူက လူသားကမ္ဘာကြီး၏ ပြဿနာများကို လုံးဝစိတ်ဝင်စားခြင်း မရှိချေ။ သူ၏ဓားသိုင်းပညာကို စတင်ပြသလိုက်သည့်အချိန်တွင် သူ၏လှုပ်ရှားမှု တစ်ခုချင်းဆီတိုင်းက ပန်းပွင့်လေးတစ်ပွင့် ပွင့်လန်းလာသလို ဖြစ်နေသည်။
တစ်ချိန်တည်းတွင် တောက်ပသော အစိမ်းရောင်အလင်းတန်းလေး တစ်ခုချင်းဆီကလည်း ပွင့်ချပ်များအဖြစ် ပြောင်းလဲနေခဲ့၏။ ထိုအရာက အစွမ်းထက်သော ဓားသိုင်းပညာတစ်ခုကို ပြသနေခြင်း မဟုတ်ဘဲ အလွန်အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခုကို ပြသနေသလို ထင်ရသည်။
ဓားချီစွမ်းအင်တိုင်းကို လျှူစု၏ ကြာပန်းပွင့်ချပ်လေးများက ပြီးပြည့်စုံစွာ တားဆီးနိုင်ခဲ့၏။ ပေါက်ကွဲလာသော ဓားချီစွမ်းအင်များကို ကာကွယ်နေရင်း အလွန်ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်တွင် ရှိနေသော ပုံရိပ်ယောင် ပြောင်းလဲမှုများက ကြီးကျယ်ခမ်းနားပြီး ဓားသိုင်းပညာကလည်း အလွန်လှပသည်။ ထိုအရာက သက်တော်ရှည် အင်မော်တယ် ဓားသိုင်းပညာကို ကြာပန်းနည်းစနစ်နှင့် ပေါင်းစပ်ထားသော ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခု ဖြစ်သည်။
ဓားချီစွမ်းအင်များက သူ့ကို ပစ်မှတ်ထားနေကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားမောက်ကို လှုပ်ရှားလိုက်သည်။ သူက မိုးကြိုးနှင့် ကောင်းကင်ကြီး၏ အစွမ်း (၂) ခုလုံးကို ပေါင်းစပ်ထားသော တိုက်ခိုက်မှုကို အသုံးပြုခဲ့၏။
ထို့ကြောင့် ဓားချီစွမ်းအင်များ၏ ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်က ပျက်စီးသွားခဲ့ပြီး ဖျက်ဆီး၍ မရနိုင်သော အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကို မသုံးခဲ့ပဲ ကောင်းကင်ပြစ်ဒဏ်ဓားကိုသုံး၍ ကောင်းကင်မိုးကြိုး (၅) သွယ်၏ အနှစ်သာရများကို အသက်သွင်းလိုက်သည်။
ဓားမောက် ချီစွမ်းအင်များလည်း ထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ လှုပ်ရှားနေသည့် သူ၏ဓားမောက်က ဓားချီစွမ်းအင်များကို ရင်ဆိုင်နေသော ကြောက်မက်ဖွယ်ရာ မိုးကြိုးနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ ထိုနဂါးကြီးက လက်သည်းနှင့် ဖျက်ဆီးပစ်နေ၏။
အမိုးပေါ်တွင် ရှိနေသော အစိမ်းရောင်အုတ်ချပ်များက ပျက်စီးသွားပြီး မြေပြင်ပေါ်တွင်လည်း လျှပ်စီးကြောင်း၏ အပူရှိန်များကြောင့် လောင်ကျွမ်းသွားခဲ့သည်။ လျှပ်စီးများ၏ အငွေ့အသက်ကိုလည်း လေထဲတွင် ဝိုးတဝါး မြင်နေရ၏။ အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုကြောင့် ဓားချီစွမ်းအင်များနှင့် မိုးကြိုးနဂါးကြီးက စွမ်းအင်ပေါက်ကွဲမှုနှင့်အတူ ပြန့်ကျဲသွားခဲ့ပြီး လေလှိုင်းနံရံကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကျန်ရှိနေသော ဓားချီစွမ်းအင်များကတော့ တခြားသော ပညာရှင် (၄) ယောက်ကို တိုက်ခိုက်ရမည့်အစား တိုက်ပွဲကိုကြည့်နေသော လူများဆီကို ရောက်သွားခဲ့သည်။
ရောက်လာသော ဓားအရှိန်အဝါများကို သတိထားမိသည့်အတွက် ဟုန်ချမ်းက ကြယ်ဖျက်ဓားကို ညင်သာစွာ ပုတ်လိုက်သည်။ ထိုဓားက စားပွဲပေါ်တွင် အကြိမ်အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူက ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဖြစ်သည်။ သူ၏အမူအရာက အတော်လေးကို အေးစက်နေခဲ့၏။ သို့သော် သူ၏မျက်လုံးများကတော့ အလွန်ထက်မြက်နေသည်။
သူက ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည့်အချိန်တွင် ရောက်လာသော ဓားချီစွမ်းအင်များနှင့် အရှိန်အဝါများအားလုံးက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။ မမြင်ရသော ဓားအကာအကွယ်တစ်ခုက ဟုန်ချမ်းကို ကာကွယ်ထားသလို ထင်ရသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝမ်လွေကျိကလည်း ဓားချီစွမ်းအင်များကို အပြုံးနှင့် လက်ညှိုးထိုးလိုက်၏။ ထိုအခါ ဓားချီစွမ်းအင်များက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် အိမ်ရှေ့မင်းသား၏ ဘေး၌ ရှိနေသော မိန်းမစိုးက ရှေ့ထွက်လာပြီး ရောက်လာသော ဓားချီစွမ်းအင်များကို တားဆီးလိုက်သည်။ တခြားသူများထက် မနိမ့်ကျလိုသည့်အတွက် မိန်းမစိုးဖန်းကလည်း မင်းသားကျင်းကို ကာကွယ်ပေးရန် အပ်ငယ်လေးများကဲ့သို့ စွမ်းအင်ပေါင်းများစွာကို ထုတ်လွှတ်လိုက်သည်။ ထိုအရာက ဓားချီစွမ်းအင်များနှင့် လျှပ်စီးကြောင်းများအားလုံးကို ဆက်တိုက် ဖျက်ဆီးပစ်လိုက်၏။
ဤနေရာတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များ၏ ကျေးဇူးကြောင့် ခန်းမကြီးက ဟယ်ကျူးတို့၏ တိုက်ခိုက်မှုကြောင့် သက်ရောက်ခံရခြင်း မရှိချေ။ ခန်းမ၏ အပြင်ဘက်တွင်တော့ မိုးခြိမ်းသံများ ကြားနေရပြီး မှောင်မဲနေသော ကောင်းကင်ကြီးပေါ်တွင် ငွေရောင်လျှပ်စီးကြောင်းများ လင်းလက်တောက်ပနေသည်။
မိုးများ သည်းထန်စွာ ရွာသွန်းနေပြီး နယ်မြေတစ်ခုလုံးက မိုးရေစက်ကျသံများနှင့်သာ ပြည့်နှက်နေသည်။ ဟယ်ကျူး၏ အဝတ်အစားများက ပျက်စီးနေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း အပေါက်များစွာ ပေါ်နေခဲ့သည်။ အသန့်စင်ဆုံးနှင့် အစွမ်းထက်ဆုံး ဓားချီစွမ်းအင်များကသာ ပျော့ပြောင်းသော အဝတ်အစားပေါ်တွင် ထိုကဲ့သို့ အမှတ်အသားများ ပေါ်လာစေနိုင်သည်။
ဟယ်ကျူးက မုန့်ချီ ၊ ရန်ချုံနှင့် တခြားသူများ၏ သတ်ဖြတ်ရေး သိုင်းကွက်များကို တစ်ယောက်တည်း ခုခံနိုင်သည်မှာ အမှန်တကယ်ကို အံ့သြစရာ ကောင်းလွန်းလှ၏။
"အခု တိုက်ခိုက်ဖို့ အချိန်ရောက်ပြီ…"
ဟုန်ချမ်းက ကျန်းကျိဝေကို တီးတိုးပြောလိုက်၏။
ကျန်းကျိဝေက လေးလေးနက်နက် စဉ်းစားနေပြီး စားပွဲပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူမ၏ဓားကို ဓားအိမ်ထဲမှဆွဲထုတ်ပြီး တိုက်ခိုက်လိုက်၏။ သူမ၏ ဓားအလင်းတန်းက လင်းလက်သွားပြီး ခန်းမကြီးထဲတွင် အလင်းတန်းတစ်ခုအဖြစ် စုစည်းလာသည်။
ထို့နောက် ဓားချီစွမ်းအင်များအားလုံးကို ထိုးဖောက်သွားပြီး ဟယ်ကျူး၏ မျက်ခုံးအလယ်တည့်တည့်ကို ဦးတည်နေ၏။ သူမက နောက်ဆုတ်ရန် ရည်မှန်းချက် မရှိသလို သတ်ပစ်ရန် ဆန္ဒများလည်း မရှိချေ။
သူမက အနန္တဓားသိုင်းကို သုံးရမည့်အစား ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်ကိုသာ သုံးခဲ့သည်။ အခြေအနေအပေါ် သူမ၏သုံးသပ်မှုနှင့် ချိန်သားကိုက်လှုပ်ရှားမှုက အလွန်တိကျပြီး သူမ၏ဓားက ဟယ်ကျူး၏ရှေ့ကို ချောမွေ့စွာ ရောက်လာခဲ့သည်။ ထိုအရာက တခြားသူများ တိုက်ခိုက်နေစဉ် အခွင့်ကောင်းတစ်ခု ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဟယ်ကျူး၏ ဓားချီစွမ်းအင် အငွေ့အသက်များက ပျောက်ကွယ်သွားသည်။ မုန့်ချီနှင့် တခြားသူများ၏ ဖိနှိပ်မှုကြောင့် သူလည်း ရွေးချယ်ခွင့်မရှိတော့ပဲ အညံ့ခံရန်သာ ရှိတော့၏။ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကသာ သူ့ကို ကူညီမပေးလျှင် အဆင်မပြေနိုင်တော့ပေ။
သူနှင့် မလှမ်းမကမ်းတွင်တော့ အနက်ရောင် ဝတ်ရုံဝတ်ထားသော အဘိုးတစ်ယောက် ထိုင်နေ၏။ သူ့ရှေ့ မြေပြင်ပေါ်တွင်လည်း ဓားရှည်တစ်ချောင်း ထောင်နေသည်။ ထိုဓား၏ ပုံစံကိုကြည့်ပြီး ထိုအဘိုးအိုက ပျော်ရွှင်ခြင်းတိမ်တိုက်၏ အစောင့်အရှောက် ကုံရန်ဟောင် ဖြစ်ကြောင်း သိနိုင်၏။
သူက အရှေ့ပင်လယ်ဓားကျေးရွာ၏ ပြင်ပရေးရာ အကြီးအကဲများထဲမှ တစ်ယောက်လည်း ဖြစ်သည်။ ကုံရန်ဟောင်က နီရဲနေသော မျက်နှာနှင့် သူ၏ဓားလက်ကိုင်ကို ကိုင်ထားသည်။
သေခြင်းတရားနှင့် ရင်ဆိုင်ရသော အန္တရာယ်ကြောင့် ဟယ်ကျူးက အမှောင်ထုကြီးထဲကို ကျရောက်သွားသလို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက လစ်ဟာသွားခဲ့ပြီး မျက်ခုံးအလယ်တည့်တည့်တွင် နာကျင်မှုကို ခံစားလာရသည်။
ဓားချီစွမ်းအင်များ ပေါက်ကွဲမှုကြောင့် သူက အားအနည်းဆုံး အခြေအနေကို ရောက်သွားခဲ့၏။ သူက စွမ်းအင်များကို ပြန်လည်သိမ်းဆည်းပြီး သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် (၂) ကြိမ် (၃) ကြိမ်ခန့် ဖောက်ခွဲပစ်၍ ရနိုင်သော်လည်း သူ၏မျက်ခုံးတည့်တည့်ကို ချိန်ထားသောဓားက သူ့ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။
သူက စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရပြီး အချိန်တော်တော်ကြာ တွေ့ကြုံခဲ့ရခြင်း မရှိသော ဖိအားတစ်ခုကိုလည်း ခံစားခဲ့ရသည်။ ဤနေရာတွင် ဝေ့ကျင်းအဆင့် အကြီးအကဲများ ရှိနေသေးကြောင်း မေ့လျော့သွားခဲ့၏။
ထိုအချိန်တွင် ဟယ်ကျူး၏ မျက်ခုံးအလယ်တည့်တည့်က အက်ကွဲသွားခဲ့ပြီး မည်သူမှ စိုက်မကြည့်ရဲသော အနက်ရောင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအထဲမှ အနီရောင် ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ကျန်းကျိဝေ၏ဓားကို တိုက်ခိုက်လိုက်၏။
တစ်ချိန်တည်းတွင် ပတ်ပတ်လည်၌ ပြန့်ကျဲနေသော ဓားချီစွမ်းအင်များက နောက်တစ်ကြိမ် လှုပ်ရှားလာပြီး ဟယ်ကျူးနှင့် ဆက်သွယ်မှုရှိသွားသလို ဖြစ်လာခဲ့သည်။ သူတို့က လေထဲတွင် စွမ်းအင်များနှင့်အတူ လှုပ်ရှားနေပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။
ပတ်ဝန်းကျင်တွင်ရှိနေသော စွမ်းအားများကပင် ဓားချီစွမ်းအင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ အုတ်ချပ်များက အပိုင်းပိုင်းအစစ ထိုးဖောက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ကျဆင်းလာသော မိုးရေစက်များကပင် ဖျက်ဆီးခံလိုက်ရသည်။
ထိုအရာက ဓားချီစွမ်းအင်များ၏ သက်ရောက်မှုလည်း ဖြစ်၏။ ခန်းမထဲတွင်ရှိနေသော တိုင်လုံးကြီးများက (၂) ပိုင်းပြတ်သွားခဲ့သည်။ သို့သော် အရာအားလုံးက တခဏအတွင်း ဖြစ်လာခဲ့သည့်အတွက် အပေါ်ပိုင်းက အောက်ဖက်ခြမ်း၏ ထောက်ပံ့မှုရှိနေပြီး ခန်းမကြီးက ပြိုလဲမည့်လက္ခဏာမျိုး မရှိသေးပေ။
"သူက အဆင့်သစ်တစ်ခုကို ရောက်သွားတာလား…"
မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ပတ်ပတ်လည်တွင်ရှိနေသော ဓားချီစွမ်းအင်များကို ရင်ဆိုင်လိုက်သည်။ လျှူစု ၊ ရွှမ်ကျန်း ၊ ရန်ချုံနှင့် တခြားလူများကလည်း ဟယ်ကျူးကြောင့် ဖြစ်ပေါ်လာသော သဘာဝဖြစ်စဉ်များကို ရင်ဆိုင်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုလိုက်ကြ၏။
မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်တော့မည့်အချိန်တွင် ဝမ်စစ်ယွမ်က ထိုင်ခုံမှ ထလာပြီး သူ၏ပကတိဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် မည်သည့် သိုင်းကွက်မျှမပါဘဲ ဟယ်ကျူးကို တိုက်ခိုက်လိုက်၏။
သူက သူ့ဓားနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ဟယ်ကျူး၏ရှေ့၌ နေရာပြောင်းရန် ကိုယ်ဖော့ပညာကို အသုံးပြုလိုက်သည်။ အနီရောင် ဓားချီစွမ်းအင်များက ကျန်းကျိဝေ၏ နေဖောက်သက်တန့်ဓားကို တိုက်မိသွားသည့်အချိန်တွင် သူ၏ပကတိဓားက ဟယ်ကျူး၏ မျက်ခုံးတည့်တည့်ကို ထိုးလိုက်မိသည်။
"သူက တောင်တန်းသခင်လေးကို သတ်ချင်နေတာလား…"
ထိုအခြေအနေကြောင့် ကုံရန်ဟောင်ကက ထိတ်လန့်သွားခဲ့သည်။ မြစ်အရှေ့ပိုင်း ဝမ်မိသားစုမှ သခင်လေးက ထိုကဲ့သို့ လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ မတွေးမိကြပေ။ သူ့ခေါင်းထဲတွင် အမိန့်တစ်ခုပေါ်လာပြီး သူ၏ဓားချီစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
"ချွမ်..."
မမြင်ရသော အသံတစ်ခုကို ကြားလိုက်ရပြီး ဝမ်လွေကျိက လက်ညှိုးနှင့် ထိုးလိုက်ကြောင်း မြင်လိုက်ရသည်။
ဟယ်ကျူးက မျက်လုံးပြူးနေပြီး သူ၏ပတ်ဝန်းကျင်ကလည်း ရပ်တန့်သွားခဲ့၏။ ဓားချီစွမ်းအင်များအားလုံးက သူ၏ခန္ဓာကိုယ်ဆီသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။ ကောင်းကင်ကြီးပေါ်တွင်လည်း ငွေရောင်လျှပ်စီးကြောင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး အနက်ရောင် တိမ်တိုက်များကို မြင်လာရသည်။
လျှပ်စီးကြောင်းများနှင့် ယှဉ်လိုက်မည်ဆိုလျှင် မီးရှူးမီးပန်းများက ကြီးကျယ်ခမ်းနားမှု မရှိတော့ချေ။ ထိုအရာက သာမန် ပိုးစုန်းကျူးများပမာ ထင်မှတ်ရ၏။
"ဂျိမ်း..."
ငွေရောင်လျှပ်စီးကြောင်းများက အမိုးကို ထိုးဖောက်လာပြီး ဟယ်ကျူးဆီသို့ ကျရောက်လာခဲ့သည်။
"ဒါက ကောင်းကင်အပြစ်ပေးမှုပဲ…"
ဝေ့ကျင်းအဆင့် ပညာရှင်များ အပါအဝင် ကြည့်နေသူ အများစုက အလွန်ထိတ်လန့်သွားခဲ့ကြ၏။
ကြည့်ရသည်မှာ ဟယ်ကျူးက တံခါး (၉) ပေါက်အဆင့်နှင့် လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်တို့ကို ဖြတ်ကျော်ပြီး ဝေ့ကျင်းအဆင့်ကို တိုက်ရိုက် ရောက်ရှိသွားခဲ့ပုံရသည်။ ထို့ကြောင့် သူက ကောင်းကင်အပြစ်ပေးမှုကို ခံနေရခြင်း ဖြစ်၏။
ထိုအခြေအနေကို မြင်သည့်အခါ မုန့်ချီကိုယ်တိုင်လည်း လုံးဝကို အံ့သြသွားခဲ့သည်။ သူ့ဆီတွင်လည်း ထူးဆန်းသော အတွေးတချို့ ပေါ်လာခဲ့၏။ သူက စတင် စဉ်းစားနေခဲ့သည်။
"တကယ်လို့ ငါကသာ မိုးကြိုးအမှတ်အသားကိုသုံးပြီး နောက်ထပ်ကောင်းကင် အပြစ်ပေးမှုတစ်ခု ဖန်တီးလိုက်မယ်ဆိုရင် ဒီနေရာမှာရှိတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေကတောင် ဟယ်ကျူးကို ကယ်တင်ဖို့ အချိန်ရမှာမဟုတ်ဘူး။ သူက ပြာဖြစ်သွားလိမ့်မယ်…"
ဝမ်စစ်ယွမ်ကလည်း သူ၏ပကတိဓားကို သိမ်းထားလိုက်သည်။ သူက ဟယ်ကျူး၏ အနားတွင် အစောင့်တစ်ယောက်ကဲ့သို့ ရပ်နေ၏။ သူ၏မျက်ခုံးကလည်း လင်းထိန်နေပြီး သူ၏မျက်လုံးက အလွန်နက်ရှိုင်းလွန်းလှသည်။
ဟယ်ကျူးက မိုးကြိုးများ လွှမ်းခြုံနေသည့်အချိန်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အလွန်များပြားလွန်းလှသော ဓားချီစွမ်းအင်များကလည်း ပတ်ပတ်လည်တွင် ရှိနေသော စွမ်းအင်များကို အသက်သွင်းရန် ပေါက်ကွဲထွက်လာခဲ့၏။ သူက အလွန်များပြားသော စွမ်းအင်များထဲတွင် မဟုတ်တော့ဘဲ မိုးကြိုးများဆီသို့ ရဲရင့်စွာ ပျံသန်းသွားခဲ့သည်။
"ဗုန်း..."
မိုးကြိုးအလင်းရောင်များက ဖျက်ဆီးခံလိုက်ရပြီး ဓားချီစွမ်းအင်များက ပျောက်ကွယ်သွားသည်။ ဟယ်ကျူးကိုတော့ မည်သည့်နေရာတွင်မျှ မမြင်ရတော့ပေ။
"သူ သေသွားပြီလား…"
ထိုအရာက လူအများစု၏ခေါင်းထဲတွင် အရင်ဆုံးပေါ်လာသော အတွေးတစ်ခု ဖြစ်၏။ သို့သော် ပတ်ဝန်းကျင်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း လူတိုင်းက ခံစားမိနေကြသည်။
ပတ်ပတ်လည်တွင် ကိုယ်ပျောက်ဓား ချီစွမ်းအင်များ လှုပ်ရှားနေပြီး အာရုံခံရန် လုံးဝမဖြစ်နိုင်ပေ။ လက်ရှိ အခြေအနေကို နားလည်သွားသည့်အချိန်တွင် ဟုန်ချမ်း၏ အမူအရာကပင် အနည်းငယ် ပြောင်းလဲသွား၏။
ထို့နောက် ဟယ်ကျူးက တခြားသူများ၏ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ သူက ခန်းမ၏ရှေ့တွင် ဖြည်းညင်းစွာ ကျဆင်းလာပြီး အဝတ်အစားများကတော့ ဓားချီစွမ်းအင်များကြောင့် အပေါက်များ ဖြစ်နေသည်။
အလွန်တည်ငြိမ်အေးချမ်းသော အခြေအနေကလည်း ခန်းမကြီးတစ်ခုလုံးကို ပျံ့နှံ့သွားသည့်အတွက် ထိုအချိန်၌ မုန့်ချီကိုယ်တိုင်ဆီတွင်ပင် ထူးခြားသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ အကယ်၍ ဟယ်ကျူးကသာ သူ၏ဓားချီစွမ်းအင်များကို အမိန့်ပေးလိုက်မည်ဆိုလျှင် မည်သူကမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင် ဝမ်စစ်ယွမ်က ရယ်မောကာနှင့် ပြောလိုက်သည်။
"အစ်ကိုဟယ် ..
ငါက မင်းရဲ့ကောင်းကင်အပြစ်ပေးမှုကို ငှားယူလို့ရမလား…"
သူက အဝေးကို လှမ်းကြည့်နေရင်း အလွန်လျှို့ဝှက်ဆန်းကြယ်သော အမူအရာနှင့် မျက်ခုံးအလယ်တည့်တည့်က ပွင့်လာခဲ့သည်။ ထိုအချိန်တွင် ရွှေရောင်ပါးကွ (၈)ကွက်ဝင်္ကပါကလည်း ကောင်းကင်အပြစ်ပေးမှုဆီမှ မိုးကြိုးအလင်းတန်းများကို စုပ်ယူနေပုံရသည်။
တစ်ချိန်တည်းတွင် ဝမ်စစ်ယွမ်၏ ခြေထောက်အောက်မှနေ၍ ယင်မီးတောက်များ စတင် လောင်ကျွမ်းလာခဲ့၏။ သူတို့က သူ၏အသွေးအသားများ စိတ်ဝိညာဉ်များကို လောင်ကျွမ်းနေပြီး သူ့ကို ပြာဖြစ်သွားစေချင်နေသည်။
"ဒါက ယင်မီးတောက် ကောင်းကင်အပြစ်ပေးမှုပဲ။ သူကလည်း တံခါး (၉)ပေါက်အဆင့်နဲ့ လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့်ကနေ ဝေ့ကျင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းဖို့ ကြိုးစားနေတာလား…"
ပါးကွ (၈) ကွက်ဝင်္ကပါက မိုးကြိုးအလင်းရောင်များကြောင့် စတင်လည်ပတ်လာပြီး ယင်မီးတောက်များကို တိုက်ခိုက်နေသည်။ ခန်းမကြီးထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ဝမ်စစ်ယွမ်ကတော့ ပါးကွ (၈)ကွက်ဝင်္ကပါ၏ သင်္ကေတများစွာကြားထဲတွင် ပိတ်မိနေသလို ထင်ရသည်။
"သူက သူ့ရဲ့စွမ်းရည်ကို တကယ်ဖုံးကွယ်ထားခဲ့တာပဲ။ သူက ဟယ်ကျူးထက်တောင် ပိုပြီးအဆင့်မြင့်သေးတယ်.."
မုန့်ချီကတော့ ထိတ်လန့်စွာ တွေးလိုက်မိသည်။
ဝေ့ကျင်းအဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ရန်အတွက် ဟယ်ကျူးက တိုက်ပွဲအတွင်း တခြားလူများ၏ အကူအညီနှင့် သူ၏အရှိန်အဝါကို မြှင့်တင်ပေးရန် လိုအပ်သည်။ သို့သော် သခင်လေးဝမ်ကတော့ ထိုအတောအတွင်း ပို၍ သက်သောင့်သက်သာရှိပြီး ဟယ်ကျူး ဖန်တီးထားခဲ့သော အခွင့်အရေးကိုသုံး၍ ကောင်းကင်အပြစ်ပေးမှုကို ခံနိုင်ရည်ရှိရန်သာ လိုအပ်ခဲ့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူလုပ်နေကျအလုပ်မျိုးပဲ။ သူက တခြားသူတွေကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မပြောပြတတ်ဘူး…"
ပါးကွ (၈) ကွက်ဝင်္ကပါကြီး ပျောက်ကွယ်သွားသည့်အချိန်တွင် ဝမ်စစ်ယွမ်ကို မမြင်ရတော့ပေ။
"ကျေးဇူးတင်ပါတယ် အစ်ကိုဟယ်…"
ဝမ်စစ်ယွမ်၏အသံကို ရုတ်တရက် ကြားလိုက်ရ၏။
ထိုအချိန်ကျမှသာ မည်သူမျှ သတိမထားမိဘဲ ဝမ်စစ်ယွမ်က သူ့ထိုင်ခုံကို ပြန်ရောက်သွားပြီဖြစ်ကြောင်း ကြည့်နေသူများ အပါအဝင် ဝေ့ကျင်းအဆင့် ပညာရှင်များက နားလည်သွားခဲ့၏။
သူက ဟယ်ကျူးကို ဂုဏ်ပြုစကားပြောလိုက်သည်။ သူ၏အမူအရာကတော့ လုံးဝပြောင်းလဲသွားပုံ မရချေ။ သို့သော် သူတို့ကသာ သေချာအာရုံစိုက်နေခြင်းမရှိလျှင် သူ၏တည်ရှိမှုကိုပင် တခြားသူများက မေ့လျော့သွားနိုင်၏။
မုန့်ချီက ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့ကို မနာလိုနေခြင်းမရှိဟု ပြောလျှင် လိမ်ရာကျပါလိမ့်မည်။ ယခု သူတို့ (၂) ယောက်လုံးက တံခါး (၉) ပေါက်အဆင့်မှနေ၍ ဝေ့ကျင်းအဆင့်ကို တိုက်ရိုက် ရောက်သွားခဲ့၏။ သို့သော် သူ့ခေါင်းထဲတွင် အားကျရမည့်အစား စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်ချင်စိတ်များသာ ပေါ်လာခဲ့သည်။
"ဒီလိုပညာရှင်မျိုးကမှ ငါမျှော်လင့်နေတဲ့ ပြိုင်ဘက်မျိုးတွေ။ ငါက သူတို့ကို တိုက်ပွဲထဲမှာ အနိုင်ရမှပဲ အောင်မြင်တယ်လို့ ခံစားရမှာ။ တကယ်လို့ ငါ့အနားမှာ ရှိတဲ့သူတွေကသာ သာမန်လူတွေဆိုရင် ငါက ထိပ်ဆုံးကို ရောက်မယ်ဆိုရင်တောင် ကျေနပ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့လို ပြိုင်ဘက်မျိုးတွေမရှိရင် ငါ့ရဲ့ဓားမောက်နဲ့ဓားက တိုက်ခိုက်မှုကို ဆာလောင်နေရလိမ့်မယ်…"
မုန့်ချီက သူတို့ထက် နိမ့်ကျနေသည်ဟု ခံစားခဲ့ရခြင်း မရှိချေ။ ဟယ်ကျူးနှင့် သခင်လေးဝမ်တို့ တံခါး (၉) ပေါက် ပွင့်နေနသည့်အချိန်တွင် သူကတော့ ဉာဏ်အလင်းပွင့်မှု အဆင့်ကိုပင် မရောက်သေးပေ။ ယခု သူတို့က ဝေ့ကျင်းအဆင့်ကို ရောက်သွားခဲ့သည့် အချိန်တွင် သူက တံခါး (၈) ပေါက် ပွင့်နေပြီဖြစ်၏။ ထို့ကြောင့် သူက သိပ်မကြာခင် သူတို့ကို မီလာလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ချက် ရှိနေသည်။
"လေ့ကျင့်ဖို့ အချိန်ပေးလိုက်မယ်ဆိုရင် ငါက အဲဒီလူလိမ်ဝမ်ကို သေချာပေါက် တိုက်ခိုက်နိုင်မှာပါ…"
မိုးကြိုးမုန်တိုင်းများ ရပ်တန့်သွားပြီး တိမ်တိုက်များကလည်း ပျောက်ကွယ်သွားသည်။ ကြည်လင်နေသော ကောင်းကင်ကြီးပေါ်တွင် မီးရှူးမီးပန်းများသာ ထွန်းလင်းတောက်ပနေပြီး နှစ်သစ်ကို ကြိုဆိုနေသော ပုံရိပ်များ ပေါ်လာခဲ့၏။
Translated by Hein Htet