အခန်း (၄၁၇)
Vol. 28 Ch. 417
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မီးရှူးမီးပန်းများက ကောင်းကင်ပေါ်သို့ ရောက်သွားပြီး ရောင်စုံပန်းပွင့်များကဲ့သို့ ညကောင်းကင်ကြီးပေါ်တွင် ပွင့်လန်းနေခဲ့သည်။ မီးပွားတစ်ခုချင်းဆီတိုင်းက အလွန်တောက်ပနေပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကိုရောက်သည့် ပွဲတော်တစ်ခုကို ပြသနေသည်။
ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းပေါ်တွင်တော့ တိတ်ဆိတ်မှုများသာ လွှမ်းမိုးနေခဲ့သည်။ ယခင်တုန်းကတော့ စုဝူမင်က အသက်စွန့်လွှတ်ခြင်းကျင့်စဉ်ကို (၃)နှစ်တိတိ လုပ်ဆောင်ခဲ့ပြီး လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့သည်။
သူ၏ဓားအလင်းတန်းကို မိုင် (၁၀၀) ခန့်အကွာမှပင် တွေ့မြင်နိုင်ပြီး ဝေ့ကျင်းအဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့သည့်အတွက် သိုင်းလောကတစ်ခုလုံး တုန်ဟီးသွားခဲ့သည်။ သို့သော် သူ၏မျိုးဆက် လူငယ်ပညာရှင်များထဲတွင် တူညီသော အဆင့်တက်မှုကို ရရှိခဲ့သည့် တခြားပညာရှင် (၂) ယောက်ကလွဲလျှင် အလားတူဖြစ်ရပ်မျိုး ပေါ်မလာခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။
ဟယ်ကျူးက လူငယ်မှတ်တမ်း၏ နံပါတ်(၁)နေရာကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သည့်အတွက် သူက ယခင်ပညာရှင်များ၏ အောင်မြင်မှုကို ဆက်ခံနိုင်လိမ့်မည်ဟု တော်တော်များများက ထင်ကြေးပေးနေကြသည်။ သို့သော် စုဝူမင်ကဲ့သို့ စွမ်းရည်မျိုးကတော့ ထွက်ပေါ်လာရန် ခက်ခဲလွန်းလှသည်။
ထို့ကြောင့်လည်း ဟယ်ကျူးက တိုက်ရိုက် အဆင့်တက်နိုင်လိမ့်မည်ဟု ပိုင်ဝမ်ယွမ်နှင့် တခြားလူများက ယုံကြည်ပေးနိုင်ခဲ့ခြင်း မရှိချေ။ သူက ဒေါ်လေးပိုင်ကဲ့သို့ ဝေ့ကျင်းတစ်ဝက်အဆင့်တွင် ရပ်နေပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်အခြေအနေ တည်ငြိမ်သွားမှသာ နောက်တစ်ဆင့်ကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်မည်ဟု တွေးထားကြသည်။
ဟယ်ကျူးက တိုက်ရိုက်အဆင့်တက်နိုင်ခဲ့သည့်အပြင် အသက်ထိန်းသိမ်းသူကလည်း တိုက်ရိုက် အဆင့်တက်နိုင်ခဲ့သည်။ လက်ရှိမျိုးဆက်များက စုဝူမင်တို့မျိုးဆက်များထက်ပင် ပိုကြောက်စရာကောင်းလွန်းလှ၏။ သူတို့ခေတ်တွင် တစ်ပြိုင်နက်တည်း (၂) ယောက်တိတိ အဆင့်တက်ခြင်းမျိုး လုံးဝ မရှိခဲ့ချေ။
အရှေ့ပင်လယ်ဓားကျေးရွာမှ ဝေ့ကျင်းအဆင့် ပညာရှင်ဖြစ်သော ကုံရန်ဟောင်က မတ်တပ်ရပ်၍ ဂုဏ်ပြုလိုက်သည်။
"ဂုဏ်ယူပါတယ် သခင်လေးနဲ့ သခင်လေးဝမ်။ ဝေ့ကျင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းသွားလို့ ဝမ်းသာပါတယ်…"
သူက ဝမ်စစ်ယွမ်၏ နောက်ဆုံးတိုက်ခိုက်မှုအတွက် ကျေးဇူးတင်နေခဲ့၏။ ဟုန်ချမ်း ၊ ချမ်းကိုင်နှင့် တခြားသော ဝေ့ကျင်းအဆင့် ပညာရှင်များကလည်း နေရာမှထ၍ ဂုဏ်ပြုပေးလိုက်ကြသည်။
"သခင်လေးနဲ့ သခင်လေးဝမ်တို့က အတားအဆီးကို ချိုးဖျက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်…"
ယနေ့မှစ၍ ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့က လူငယ်မှတ်တမ်းတွင် ကြယ်ပွင့်လေးများ မဟုတ်တော့ပေ။ သူတို့ကဲ့သို့ တခြားလူများကို ဖိနှိပ်နိုင်သော ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်သွားပါပြီ။
မုန့်ချီတို့ကလည်း မတ်တပ်ရပ်ပြီး ဂုဏ်ပြုနေကြ၏။ ဟယ်ကျူးက အားရပါးရ ရယ်လိုက်ပြီး သူ့အစေခံများကို အရက်နှင့် စားသောက်ဖွယ်ရာများ ယူလာရန် ညွှန်ကြားလိုက်၏။ ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲက တရားဝင် စတင်လာခဲ့သည်။
အမှန်အတိုင်း ပြောရလျှင်တော့ အဆုံးသတ်သွားပြီဟု ဆိုနိုင်၏။ လူတိုင်းက တေးဂီတများနှင့် အကအလှများကို ရှုစားနေသည့်အချိန်တွင် အိမ်ရှေ့မင်းသား ကျိုးချမ်က အရင်ဆုံး ထွက်သွားခဲ့သည်။ သူက မိန်းမစိုး ဝေ့ကောင်းနှင့် ဟွာရန်တို့ကိုခေါ်ပြီး ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။
ဗုဒ္ဓလက်ဝါး ရွှမ်ကျန်းကလည်း သိပ်မကြာခင် နောက်မှ လိုက်သွားခဲ့သည်။ ကြည့်ရသည်မှာ ကျိုးချမ်နှင့် ပတ်သက်ပြီး ရှောင်လင်ကျောင်းတော်၏ သဘောထားက ဝေဝါးနေသေးပုံ ပေါ်၏။
ထိုကဲ့သို့ အံ့သြစရာကောင်းသော အဖြစ်မျိုးနှင့် တွေ့လိုက်ရသည့် အချိန်တွင် ဧည့်သည်များကလည်း တစ်ယောက်ပြီး တစ်ယောက် တုန်လှုပ်နေကြ၏။ ပျော်ရွှင်ခြင်း တိမ်တိုက်တောင်တန်း စားသောက်ပွဲက အဆုံးသတ်ကို ရောက်သည့်အချိန်တွင် ဧည့်သည်များ၏ ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများ၊ လေးလံမှုများသာ ပြည့်နှက်နေခဲ့သည်။
အဝါဖျော့ရောင် ဝတ်စုံဝတ်ထားသော ကျန်းကျိဝေက မုန့်ချီဆီကို ဖြည်းညင်းစွာ လျှောက်လာပြီး အပြုံးနှင့် ပြောလိုက်သည်။
"သူတို့က ဒီလိုမျိုး အဆင့် (၂) ဆင့် တက်သွားနိုင်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး.."
ယခုတော့ သူမ၏အထက်တွင် ရှိနေသည်မှာ လော်နတ်ဘုရားမ ကူရှောင်စန်းသာ ရှိတော့သည်။ သို့သော် သူမ၏အဆင့် တိုးတက်မှုနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမ၏အထက်တွင် ရှိနေသော သူများ၏တိုးတက်မှုက အလွန်ရိုးရှင်းလွန်းလှ၏။ သူမက အတားအဆီးများကို တစ်ဆင့်ချင်းဆီ လွှမ်းမိုးနိုင်ခဲ့သည်။
"ဘာမှမစိုးရိမ်ပါနဲ့။ နင်က နောက်တစ်ကြိမ် မြေပြင်မှတ်တမ်းမှာ သူတို့ကို ကျော်နိုင်ဦးမှာပါ…"
မုန့်ချီက စနောက်လိုက်သော်လည်း သူ၏အသံထဲတွင် လေးစားမှုများ ပြည့်နှက်နေသည်။
ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်၏။
"သူတို့တွေ အဆင့်တက်တာကို ကြည့်ပြီး ငါလည်း တစ်ခုခု နားလည်သွားခဲ့တယ်။ ငါက အပြင်ဘက်မှာ အချိန်အကြာကြီး လေ့ကျင့်နေတဲ့အတွက် တိုက်ပွဲတွေ တိုက်ခိုက်ရင်း လက်ရည်စမ်းရင်း အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ငါက ရထားတဲ့ အရာအားလုံးကို နားလည်အောင်လုပ်ပြီး ငါသွားချင်တဲ့လမ်းကြောင်း ရှာဖွေဖို့အတွက် တိတ်တဆိတ် လေ့ကျင့်ဖို့ လိုအပ်တယ်လို့ ခံစားရတယ်။ ငါက အခုပဲ ကျိကျန်းဓားစံအိမ်ကိုပြန်ဖို့ စဉ်းစားထားတယ်။ ကိုရင်လေး နင်ကရော..."
"ငါလည်း တိတ်တဆိတ် လေ့ကျင့်ချင်တယ်။ ဘယ်နေရာကိုပဲ ငါသွားသွား တိတ်တိတ်ဆိတ်ဆိတ် လေ့ကျင့်ရမှာ မဟုတ်ဘူး။ ဒီတော့ငါက ကျိကျန်းဓားစံအိမ်ရဲ့အနားမှာ အိမ်တစ်လုံး ဆောက်နေရင် မကောင်းဘူးလား…"
မုန့်ချီက စနောက်၍ ပြောလိုက်သည်။
အကယ်၍ ကျိကျန်းဓားစံအိမ်ကသာ ဝေးကွာသော အနောက်မြောက်ပိုင်းတွင် ရှိမနေလျှင် ထိုအရာကို အမှန်တကယ် စဉ်းစားမိမည် ဖြစ်သည်။ သို့သော် နေရာက အလွန်အမင်းကို ဝေးကွာလွန်းသည့်အတွက် သူ့အတွက် တိုးတက်မှုက အတော်လေး နှောင့်နှေးနိုင်၏။ သူကလည်း အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး တံခါး (၉) ပေါက်အဆင့်ရောက်လာရန် ကြိုးစားရမည် ဖြစ်သည်။
ကျန်းကျိဝေက ပြုံးလိုက်၏။
"ငှားခတော့ ပေးရမှာပေါ့…"
လက်ရှိအချိန်တွင် မုန့်ချီကလည်း တိတ်တဆိတ် လေ့ကျင့်ရန် နေရာတစ်ခု အလိုအပ်ဆုံးဖြစ်နေကြောင်း သူမက ပြောနိုင်၏။ ထို့ကြောင့် သူမက ကျိကျန်းဓားစံအိမ်သို့ အပြန်ခရီးလမ်းတွင် ဖိတ်ခေါ်ခဲ့ခြင်း မရှိချေ။
"ငါက မနက်ဖြန် ရင်မြို့ထဲမှာပဲ သွားပြီးတော့ ပုန်းနေတော့မယ်။ တကယ်လို့ ဒဏ္ဍာရီတွေက ငါ့ကို သတ်ချင်တယ်ဆိုရင်တောင် ငါ့ကိုရှာနိုင်မှာမဟုတ်ဘူး…"
မုန့်ချီက ဒဏ္ဍာရီများအကြောင်းကို ရုတ်တရက် ပြောလိုက်သည်။
"ငါက သူတို့ကို သင်ခန်းစာမပေးနိုင်တာတော့ နှမြောမိတယ်…"
သူက လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးနေသော်လည်း ဝေ့ကျင်းအဆင့် ပညာရှင်များ ကြားသွားမှာကို စိုးရိမ်နေခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူတို့က အနည်းနှင့်အများ သိထားကြ၏။ ထိုအရာက သူ့ကို လျှို့ဝှက်၍ ကူညီပေးနိုင်သော တခြားပညာရှင်များပင် ရှိလာနိုင်သည်။
"နောက်ပိုင်းကျရင် နင်က အဲဒီအခွင့်အရေးကို ရမှာပါ…"
ကျန်းကျိဝေက မုန့်ချီ၏စကားနှင့် သူ့ကို ပြန်ပြောလိုက်သည်။
သူတို့ (၂) ယောက်က ခဏကြာ စကားပြောပြီးနောက် ဟုန်ချမ်းက ကုံရန်ဟောင်ကို နှုတ်ဆက်စကားပြောလိုက်ပြီး ကျန်းကျိဝေနှင့်အတူ ထွက်သွားခဲ့၏။
မုန့်ချီက သူ၏အခန်းသို့ပြန်ပြီး အိပ်စက်ရန် စဉ်းစားခဲ့သည်။ နောက်တစ်နေ့တွင်တော့ သူက လူအုပ်ကြီးထဲတွင် ပုန်းအောင်းပြီး မြို့ထဲမှ ထွက်လာခဲ့၏။ ထိုအချိန်တွင် ဟယ်ကျူးနှင့်အတူ စကားပြော၍ သူ့ဆီကို လမ်းလျှောက်လာသော ဝမ်စစ်ယွမ်ကို တွေ့လိုက်ရ၏။
"စုမုန့်…"
ဝမ်စစ်ယွမ်က ချောင်းဟန့်ပြီး ပြောလိုက်သည်။
"သိပ်မကြာခင် မင်းက ကံဆိုးမိုးမှောင်ကျတော့မယ်…"
"ဟမ်..."
မုန့်ချီက ထိတ်လန့်သွားခဲ့ပြီး ဝမ်စစ်ယွမ် ဆက်ပြောရန် စောင့်နေခဲ့၏။
ဝမ်စစ်ယွမ်ကတော့ တည်ငြိမ်စွာ ပြန်လှည့်သွားပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါက နောက်ထပ် ဘာမှထပ်မပြောနိုင်တော့ဘူး။ ဒါတွေအားလုံးက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေပဲ…."
"ဒီ ဒီကောင်က အရိုက်ခံချင်နေတာပဲ…"
မုန့်ချီက ရှုံ့မဲ့သွားပြီး စိတ်ထဲတွင် တွေးလိုက်သည်။
လမ်းပေါ်တွင် ကံကြမ္မာဟောပြောသူများကပင် သူတို့၏ဖောက်သည်ကို ထိတ်လန့်အောင် လုပ်ဆောင်ပြီးနောက် အသေးစိတ် ရှင်းပြတတ်သေးသည်။ အနည်းဆုံးတော့ သူတို့က ငွေကြေးလှူဒါန်းပြီး ကံကြမ္မာများကို ရှောင်တိမ်း၍ရကြောင်း ပြောပြတတ်၏။ ထိုလူငယ်ကတော့ စကားတစ်ခွန်းမျှမပြောပဲ ထွက်သွားခဲ့သည်။
သူက ဝမ်စစ်ယွမ်၏ နောက်သို့လိုက်၍ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဝေ့ကျင်းအဆင့် ပညာရှင်များက ပို၍လျင်မြန်ပြီး မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
"ဘယ်လိုမျိုး ကံဆိုးမိုးမှောင်ကျမှာလဲ…"
မုန့်ချီက တစ်ယောက်တည်း ရေရွတ်နေပြီး စိတ်ဓာတ်ကျနေခဲ့သည်။
………..
မြူခိုးမိုးတောင်တန်းက ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းနှင့် ကပ်နေသည့်အတွက် အိမ်ရှေ့မင်းသားကျိုးချမ် ၊ ဘုန်းတော်ကြီး ဟွာရန်နှင့် မိန်းမစိုး ဝေ့ကောင်းတို့က အစောင့်အရှောက်များ ဘုန်းတော်ကြီးများ၏ အကာအကွယ်နှင့်အတူ တောင်ခြေသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် တောင်တန်းကြီးက စတင်လှုပ်ရှားလာပြီး အပေါ်မှနေ၍ ကျောက်တုံးကြီးများ ကျဆင်းလာခဲ့၏။ လေထဲတွင်လည်း မီးခိုးငွေများ ထွက်ပေါ်လာပြီး သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ဝေဝါးသွားခဲ့သည်။
ကျောက်တုံးကြီးများ ကျဆင်းလာသည့် အသံများနှင့်အတူ စူးစူးရှရှ အော်ဟစ်သံများလည်း ထွက်ပေါ်လာခဲ့၏။ ဟွာရန်က ကျိုးချမ်၏ရှေ့တွင် ကာလိုက်သည်။ သူ၏တံခါးပေါက်များဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေပြီး ရွှေခန္ဓာပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
'အော်မီတော်ဖော်' ဟူသောရေရွတ်သံတစ်ခုကိုလည်း ကြားနေရ၏။ သူက အဖိုးတန် ကြာပန်းတံဆိပ်ကို ထုတ်လွှတ်ထားခဲ့ပြီး ဗုဒ္ဓပုံရိပ်ယောင်ကိုလည်း ထုတ်လွှတ်ထားခဲ့သည်။ ဗုဒ္ဓအလင်းရောင်များ တောက်ပလာပြီး တိုက်ခိုက်မှုစွမ်းအား (၂) ခုက ရေလှိုင်းများကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက သူတို့ဆီကို အပေါ်ဘက်မှ ကျဆင်းလာသော တောင်တစ်တောင် အရွယ်အစားရှိ ကျောက်တုံးကြီးနှင့် ရင်ဆိုင်လိုက်မိသည်။
"ဗုန်း..."
တောင်ထိပ်ကြီးက ပျက်စီးသွားခဲ့ပြီး ကျောက်တုံးကြီးတစ်ခုလုံးက ပေါက်ကွဲသွားသည်။ ကျောက်တုံးကျောက်စ လေးများကလည်း ဗုဒ္ဓအလင်းရောင်ကို ဖျက်ဆီးပစ်လိုက်၏။
ဟွာရန်၏ ခြေထောက် (၂) ဖက်က မြေကြီးထဲသို့ ကျွံဝင်သွားသည့်အချိန်တွင် လူရိပ်တစ်ခုက နောက်သို့ လွင့်သွားခဲ့သည်။ ထိုအရာက သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေခဲ့၏။
တောင်ထိပ်ကြီးကတော့ သူ၏အငွေ့အသက်ဆီမှ ဆင်းသက်လာပုံရသည်။ ထို့ပြင် သူကိုယ်တိုင်က တောင်ထိပ်ငယ်လေး တစ်ဝက်အဖြစ် ပြောင်းလဲနေသလို ထင်မှတ်ရ၏။ ထိုလူက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် တောင်တန်းများ လှုပ်ခါမှုက ပို၍တိုးမြင့်လာခဲ့သည်။ သူက သာမန်လူများ အသုံးများသော တောင်တန်းနတ်ဘုရား မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
မိန်းမစိုးဝေ့ကောင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူက ထိုလူ၏ သတ်ဖြတ်ချင်စိတ်များနှင့် ဓားချီစွမ်းအင်များကို ခံစားမိနေသည်။ သူက လက် (၂)ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။ ထိုအခါ ဝဲကတော့များ စတင်ပျံ့နှံ့လာပြီး ကျောက်တုံးကြီးများနှင့် သဲများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ချွမ်..."
ဓားရှည်တစ်လက် ထွက်လာပြီး ဝဲကတော့များကို ထိုးဖောက်၍ သူတို့ဆီကို ချက်ချင်း ပျံ့နှံ့လာခဲ့သည်။
ဓားကို ကိုင်ထားသူကတော့ နောက်ထပ် မျက်နှာဖုံးဝတ် ပညာရှင်တစ်ယောက် ဖြစ်၏။ သူကတော့ မြောက်ပိုင်းဓူဝံကြယ်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူကလည်း သတ်ဖြတ်ချင်စိတ်များနှင့် မိန်းမစိုး ဝေ့ကောင်းကို ပတ်ပတ်လည်မှ တိုက်ခိုက်နေခဲ့၏။
သူ၏တိုက်ခိုက်မှုများကြောင့် မိန်းမစိုးက တစ်ကိုယ်လုံး တုန်ယင်နေပြီး သိပ်မကြာခင် အဆုံးသတ်ကို ရောက်သွားခဲ့သည်။ ကျန်ရှိနေသော အစောင့်များနှင့် ဘုန်းတော်ကြီးများက ကျိုးချမ်ကို ဝိုင်းရံပြီး ကာကွယ်ပေးနေကြသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ရင်မြို့ထဲမှ ဝေ့ကျင်းအဆင့် ပညာရှင်များကို အကူအညီတောင်းရန် အချက်ပြထုတ်လွှတ်ရန် ကြိုးစားလိုက်၏။
ထိုအချိန်တွင် အစောင့်၏လက်ထဲတွင် ရှိနေသော ဓားက အလိုလို မြှောက်လာပြီး အသက်ဝင်လာသလို ထင်မှတ်ရသည်။ ထိုဓားများက လှုပ်ရှားလာပြီး လက်နက်ကိုင်ဆောင်ထားသူများ၏ နှလုံးသားနှင့် လည်ချောင်းကို ထိုးစိုက်လိုက်ကြ၏။ တချို့ကတော့ သူတို့၏အနားတွင် ရှိနေသော ဘုန်းတော်ကြီးများ၏ ခန္ဓာကိုယ်ကို ထိုးစိုက်သွားကြသည်။
နာနာကျင်ကျင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး အစောင့်များနှင့် ဘုန်းတော်ကြီးများက တစ်ယောက်ပြီး တစ်ယောက် လဲကျသွားခဲ့၏။ တောင်တန်းကြီး၏ အပေါ်ဘက် ရွှေရောင်တိမ်တိုက်ပေါ်တွင်တော့ မိန်းမပျို တစ်ယောက် ရှိနေသည်။
သူမက လက်ချောင်းလေးများကို ဓားသဏ္ဍာန် လှုပ်ရှားလိုက်ရာ သူမ၏ ပတ်ပတ်လည်တွင် ရှိနေသော အဖြူရောင် ချီစွမ်းအင်များက ပတ်ပတ်လည်သို့ ရောက်ရှိသွားခဲ့၏။ အစောင့်များနှင့် ဘုန်းတော်ကြီးများကတော့ ဥယျာဉ်ထဲမှ ပေါင်းပင်များကို ရှင်းလင်းလိုက်သည့်အလား လဲကျသွားကြ၏။
မည်သူကမျှ အိမ်ရှေ့မင်းသား၏အနားကို ရောက်လာခြင်း မရှိသလို အချက်ပြ ထုတ်လွှတ်နိုင်ခြင်းလည်း မရှိကြပေ။ ထိုမိန်းမပျိုကတော့ အနောက်ပိုင်းသခင်မ မျက်နှာဖုံးကို ဝတ်ဆင်ထား၏။
ရုတ်တရက် အလစ်ချောင်း တိုက်ခိုက်ခံလိုက်ရသည့်အတွက် ကျိုးချမ်က ဘာလုပ်ရမလဲ မသိတော့ပေ။ သူက ရုတ်တရက်ဆိုသလို အနက်ရောင် လူတစ်ယောက်ကိုလည်း မြင်လိုက်ရ၏။ သူ၏ ပတ်ပတ်လည်တွင် မကောင်းဆိုးဝါး ချီစွမ်းအင်များ လွှမ်းခြုံနေသည့်အတွက် သူ့ကို စစ်ဆေးကြည့်ရန် လုံးဝမဖြစ်နိုင်ပေ။
ကျိုးချမ်က မည်သည့်အရာကိုမျှ ခံစားမိခြင်းမရှိဘဲ ထိုအရာက အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ဟုသာ ခံစားမိနေခဲ့၏။ ထိုမကောင်းဆိုးဝါး သဏ္ဍာန်အရိပ်က ကျိုးချမ်ကို ဆုပ်ကိုင်လိုက်ပြီး ကြောက်စရာကောင်းစွာ အော်ဟစ်၍ သူ၏ပင်မဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။
ကျိုးချမ်၏ မျက်ခုံးကြားထဲတွင် ရွှေရောင်အလင်းစက်လေးတစ်ခု ပေါ်လာပြီး အလွန်တည်ငြိမ်အေးချမ်းသော အငွေ့အသက်တစ်ခုကို သယ်ဆောင်ထားသည်။ ကမ္ဘာမြေကြီးပေါ်သို့ နတ်ဘုရားများ ဆင်းသက်လာသည့်အစွမ်းကို ပိုင်ဆိုင်ထားသည့်အတွက် ထိုအရာက နတ်ဆိုးဟိန်းသံကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။
လှုပ်ရှားနေသော တောင်တန်းကြီးများကလည်း တခဏကြာ ရပ်တန့်သွားပြီး သူက ဓားရှည်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ ထိုအရာကတော့ ကမ္ဘာမြေဖျက်ဆီးခြင်း ကျင့်စဉ်ထဲမှ ဓားသိုင်းပညာ ဖြစ်သည်။ ဓားအလင်းရောင်က တောက်ပလာပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဖိနှိပ်လိုက်ပုံပေါ်၏။
ထိုအရာများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် နောက်ထပ် မျက်နှာဖုံးဝတ် လူတစ်ယောက် ပေါ်လာခဲ့၏။ ယခုတစ်ကြိမ်တော့ သူက မကောင်းဆိုးဝါးသခင်အဖြစ် ပြောင်းလဲနေပြီး အတိတ်တွင် ရှိနေသော ကောင်းကင်ခုံရုံးရှိ မကောင်းဆိုးဝါးသခင်ကဲ့သို့ ထင်ရသည်။
သူ၏ထိပ်သီးသိုင်းပညာက မည်သူ့လက်ထဲကိုမျှ လက်ဆင့်ကမ်းခဲ့ခြင်း မရှိသည့်အတွက် မည်သူကမျှ ထိုအရာကို သေချာမသိကြပေ။ ဒဏ္ဍာရီများကပင် အတူတူဖြစ်၏။ ထို့ကြောင့် သူတို့က ရွေးချယ်စရာမရှိဘ တခြားနတ်ဘုရား စွမ်းရည်များကိုသာ အသုံးပြုနေရသည်။
ဓားက လက်သည်း (၂) ဖက်နှင့် တိုက်ခိုက်နေရပြီး ရုတ်တရက် သူတို့ကို ထိုးလိုက်သည်။ ဓားထဲတွင် ပိုင်ဆိုင်ထားသော စွမ်းအားများကလည်း နတ်ဆိုးအရိပ်ကို မြန်ဆန်စွာ စုပ်ယူလိုက်ပြီး ပင်လယ်ထဲသို့ စီးဝင်နေသော စမ်းချောင်းများကဲ့သို့ ဖြစ်နေသည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များက သူ့ဆီမှ ထွက်သွားနေကြောင်း ကျိုးချမ်က ခံစားနေရ၏။ သူ၏အသွေးအသားနှင့် အရိုးများကပင် သိစိတ်များ ရောက်လာသည့်အလား ရန်သူဆီသွားရန် ကြိုးစားနေကြ၏။
ထိုကဲ့သို့ ထူးဆန်းသော ပြောင်းလဲမှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဝေ့ကျင်းတစ်ဝက် အဆင့် ပညာရှင်တစ်ယောက်ဖြစ်သော ကျိုးချမ်ကပင် မျှော်လင့်ချက် ကင်းမဲ့သွားသည်။ သူက အလောင်းတစ်ခုအဖြစ် စုပ်ယူခံရတော့မည့် အခြေအနေကို ရောက်နေခဲ့၏။
သို့သော် ကမ္ဘာမြေဖျက်ဆီးခြင်းကျင့်စဉ်က အသေးအဖွဲ မဟုတ်ချေ။ မိန်းမစိုး ဝေ့ကောင်းက ထိုအရာကို တစ်စိတ်တစ်ပိုင်း လေ့ကျင့်ခဲ့ပြီးနောက် စွမ်းအားများ ရရှိလာခဲ့သည်။ သေရေးရှင်ရေး အခြေအနေမျိုးတွင် ကျိုးချမ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များက လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားခဲ့၏။ သူတို့က အစွမ်းထက်သော အစွမ်းထက်သော တုန်ခါမှုများကိုသုံး၍ မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဖယ်ရှားလိုက်သည်။
ထိုအချိန်တွင် နတ်ဆိုးအရိပ်က နာကျင်စွာ အော်ဟစ်လိုက်၏။ ချီစွမ်းအင်များကလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ကျိုးချမ်ကတော့ အဆုံးမဲ့ တွင်းနက်ကြီးထဲကို ကျရောက်သွားသလို ခံစားလိုက်ရသည်။
သူ၏မျက်နှာပေါ်မှနေ၍ အကျိအချွဲများ ၊ မျက်ရည်များ စတင်စီးကျလာပြီး သူ့ပုံစံက အချိန်မရွေး ပြိုလဲသေဆုံးသွားတော့မည့် လူတစ်ယောက်ကဲ့သို့ ဖြစ်လာသည်။ သူ၏အသွေးအသား ၊ အရိုးနှင့် ချီစွမ်းအင်များကလည်း ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ နတ်ဆိုးအရိပ်ဆီသို့ စတင်စီးဆင်းသွားနေကြ၏။ သူက ကောင်းကင်နှင့်နတ်ဆိုးကျင့်စဉ်၏ အရသာကို မြည်းစမ်းလိုက်ရခြင်း ဖြစ်သည်။
"အော်မီတော်ဖော်… ကြားထားတဲ့အတိုင်းပါပဲလား…"
ထိုအချိန်တွင် ကျိုးချမ်၏ ပင်မဝိညာဉ်ထဲမှာနေ၍ ဗုဒ္ဓအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ဗုဒ္ဓအမွေအနှစ်က သူ၏မျက်ခုံးတည့်တည့်တွင် ရောင်စုံ အလင်းတန်းတစ်ခုအဖြစ် ပေါ်လာပြီး သူ၏အသွေးအသားများကို နေရာတွင် ထိန်းထားပေးခဲ့သည်။
အလွန်ထူးဆန်းသော ခံစားမှုကလည်း ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်က တည်ငြိမ်အေးချမ်းသွားခဲ့၏။ ကောင်းကင်ဖျက် မကောင်းဆိုးဝါးက သူ့ဆီသို့ ကျူးကျော်မလာရန် ကာကွယ်ပေးထားသည်။
ထိုအခွင့်အရေးကို အရယူပြီး ကျိုးချမ်က အချက်ပြကို ထုတ်လွှတ်လိုက်၏။ လျှို့ဝှက်ပစ္စည်းက လေထဲတွင် ပေါက်ကွဲသွားခဲ့ပြီး မီးခိုးငွေ့များ ၊ မြူခိုးများကို ထိုးဖောက်၍ ရွှေရောင်ပန်းပွင့်တစ်ခုအဖြစ် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့ကို ချုပ်နှောင်ထားသော မြူခိုးများက ပျောက်ကွယ်သွား၏။
အနီးအနားတွင် ရှိနေသော ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကလည်း တောင်ထိပ်ပေါ်တွင် ဖြစ်နေသော အရာများကို သတိထားမိခဲ့သည်။
"အိမ်ရှေ့မင်းသားလား …ဒဏ္ဍာရီတွေလား…"
မုန့်ချီနှင့် စကားပြောနေသော ငွေတံဆိပ်လူဆိုးထိန်း ချမ်းကိုင်က တောင်ထိပ်ပေါ်ကို လှမ်းကြည့်လိုက်သည်။ သူက ထိတ်လန့်သွားခဲ့ပြီး ကယ်တင်ရန် ချက်ချင်း ထွက်သွားခဲ့သည်။
ဟယ်ကျူး၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့ပြီး တိုက်ပွဲကို ဆာလောင်နေပုံရသည်။ သူက ကုံရန်ဟောင်နှင့်အတူ ဓားချီစွမ်းအင်များအဖြစ် ပြောင်းလဲပြီး မြူခိုးမိုးတောင်တန်းဆီသို့ ပျံသန်းသွားခဲ့၏။
မုန့်ချီကတော့ သူ၏လက်ရှိအစွမ်းနှင့် တောင်ထိပ်ပေါ်တွင် မည်သည့်အရာများ ဖြစ်နေကြောင်း ဖော်ထုတ်နိုင်မည် မဟုတ်ချေ။ သို့သော် ချမ်းကိုင်၏ ရေရွတ်သံကို ကြားခဲ့ရ၏။
"ဒဏ္ဍာရီတွေက အိမ်ရှေ့မင်းသားကို အလစ်ချောင်းတိုက်ခိုက်တာလား…"
သူက အနည်းငယ် စဉ်းစားနေမိပြီး ထိုအရာကို ထိတ်လန့်ရမလား ဝမ်းသာရမလား သေချာ မပြောနိုင်ပေ။
"အစစ်အမှန်အင်ပါယာတံဆိပ်က အိမ်ရှေ့မင်းသားနဲ့အတူရှိနေမယ်လို့ သူတို့က ယုံကြည်နေတာလား။ မင်းသားကျင်းက ဝင်ပါနေတာလား။ သူက ဒဏ္ဍာရီတွေနဲ့ ပတ်သက်နေတာများလား။ သူတို့ရဲ့တိုက်ခိုက်မှုက ရုတ်တရက် ရောက်လာပြီး တော်တော်လေးကို ပြတ်သားတယ်။ အဲဒါက ကျိုးရီသာမဟုတ်ရင် သူတို့က သေချာမှာမဟုတ်ဘူး…”
“ကြည့်ရတာတော့ တော်တော်လေးကို ထူးဆန်းနေတယ်။ ဟမ်... ဒဏ္ဍာရီတွေမှာလည်း ဝေ့ကျင်းအဆင့် ပညာရှင်တွေ ရှိနေတာလား။ ဒါဆိုရင် ဘာလို့ အဘိုးကြီးကျုံးတစ်ယောက်တည်းက အုတ်ဂူတောင်ကြားထဲမှာ တိုက်ခိုက်ခဲ့ပြီး စစ်ခုံထူက လွတ်သွားခဲ့ရတာလဲ…"
မုန့်ချီက အဝေးကို စိုက်ကြည့်နေရင်း ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သူက မသေချာသော်လည်း စိတ်လှုပ်ရှားမှုများစွာကို ခံစားနေရ၏။ အရာအားလုံးက အဆုံးသတ်ကို ရောက်သွားခဲ့ပြီး ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲလည်း အတူတူသာဖြစ်သည်။
ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်နေ၏။ မုန့်ချီက သူ၏ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ အစေခံအနည်းငယ်သာ ကျန်တော့ကြောင်း တွေ့လိုက်ရ၏။
"ပညာရှင်တွေအားလုံး ထွက်သွားကြပြီ…"
သူက ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး ဝမ်စစ်ယွမ်၏ သတိပေးချက်ကို အမှတ်ရသွားခဲ့သည်။ သိပ်မကြာခင် သူက ကံဆိုးမိုးမှောင်ကျတော့မည် ဖြစ်၏။
"ချွမ်..."
သူ၏ဓားမောက်ကို ဆွဲထုတ်လိုက်သည်။ သူ၏ပတ်ဝန်းကျင်ကလည်း ချက်ချင်းပင် မည်းမှောင်သွားခဲ့၏။
"မြေခွေးဘုရင်လား…"
Translated by Hein Htet