အခန်း (၄၁၈)
Vol. 28 Ch. 418
သူ၏အမြင်အာရုံနှင့် အကြားအာရုံက လုံးဝပျောက်ကွယ်သွားခဲ့ရသည်။ မုန့်ချီက ကောင်းကင်ကံကြမ္မာကျောင်းဆောင်ထဲသို့ ရောက်သွားခဲ့သည့် အတွေ့အကြုံကို ပြန်လည် အမှတ်ရသွားခဲ့သည်။
မမြင်နိုင်သော နယ်ပယ်နှင့် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အပြင်ဘက်သို့ ထုတ်လွှတ်ထားခဲ့သော်လည်း ခန့်မှန်း၍ မရနိုင်သော အမှောင်ထုနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ခဲ့ပေ။ အလွန်ရင်းနှီးသော ခံစားမှုက မြေခွေးဘုရင်ကလွဲလျှင် တခြားတစ်ယောက် မဖြစ်နိုင်ပေ။
သူက အမှတ်အသားကို လွဲချော်ခဲ့သည့်အတွက် မုန့်ချီတို့က မြေခွေးဘုရင်၏ တည်နေရာကို ပျောက်ကွယ်သွားခဲ့ရ၏။ ကြည့်ရသည်မှာ သူက ရင်မြို့ထဲမှ ထွက်သွားပြီး မြက်ခင်းစိမ်းနယ်မြေဆီသို့ ပြန်ရောက်လာသလို ထင်မှတ်ရသည်။
ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲ၏ အဆုံးသတ် ဒဏ္ဍာရီများက အိမ်ရှေ့မင်းသားကို တိုက်ခိုက်ခဲ့သည့်အချိန်တွင် သူက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။ သူက တိုက်ခိုက်ရန် အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသလို ထင်မှတ်ရသည်။ သို့မဟုတ် သူက ထိုကဲ့သို့ အခွင့်အရေးမျိုး ရရှိရန်အတွက် ဒဏ္ဍာရီများနှင့် ပူးပေါင်းနေခြင်းပေလော။
ယခင်တစ်ခေါက်တွင် မုန့်ချီက အလွန်အစွမ်းထက်သော ဝေ့ကျင်းအဆင့် အကာအကွယ်တစ်ခုဖြစ်သည့် တည်ငြိမ်ရေးတံဆိပ်၏ အစွမ်းကို ငှားသုံးခဲ့ရသည်။ ထို့နောက် မြေခွေးဘုရင်၏စိတ်ဝိညာဉ်နှင့် ချီစွမ်းအင်လှုပ်ရှားမှုများက သူ့ကို ဆွဲခေါ်သွားခဲ့၏။
ထို့နောက်တွင်တော့ သူ ကိုယ်တိုင်က ခန့်မှန်း၍ မရနိုင်သော အခြေအနေကို ရောက်ရှိသွားခဲ့ပြီး မမြင်နိုင်သော နယ်ပယ်ကို ကျော်၍ လူသားနှင့်ကောင်းကင် တစ်သားတည်းနီးပါးအဆင့်ကို ရောက်ရှိခဲ့သည်။ သူက အမှောင်ထဲတွင် မြေခွေးဘုရင်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို တားဆီးနိုင်ခဲ့၏။
ထိုအချိန်တွင် သူက ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို တပ်ထားခဲ့သည့်အတွက် ကောင်းကင်ဘိုးဘေး၏ သိုင်းကွက်များကိုသာ အသုံးပြုခဲ့သည်။ ထိုအရာက သေရေးရှင်ရေး အခြေအနေတစ်ခု ဖြစ်၏။ သူက ထိုမျှ စိုးရိမ်နေစရာ လိုဦးနေမည်လော။
ရုတ်တရက် ဆိုသလို မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ကောင်းကင်ပြစ်ဒဏ်ဓားက ညင်သာစွာ လှုပ်ရှားလိုက်ပြီး မိုးကြိုးများ ထွက်ပေါ်လာခဲ့၏။ ထို့နောက် တစ်နေရာရာသို့ ခုတ်ချလိုက်သည်။
အဖိုးတန် လက်နက်များက သူတို့၏ပိုင်ရှင်ကို အလိုလို ကာကွယ်တတ်ကြသည်။ ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ရေလှိုင်းမီးတောက်ဓားတို့က ဈေးပေါသော အဖိုးတန်လက်နက်များ ဖြစ်သည်။ သူတို့က ကံကြမ္မာအမှတ် (၂) ထောင်ပင် တန်ကြေးမရှိချေ။
ထို့ကြောင့် သူတို့၏ပိုင်ရှင်က သူတို့၏အငွေ့အသက်နှင့် အစွမ်းကိုငှားယူပြီး မကောင်းဆိုးဝါး အုတ်ဂူကမ္ဘာကြီးထဲမှ လေလှိုင်းတိမ်တိုက်ဓားနှင့် ထိုက်ဟွာဓားတို့ကဲ့သို့ ထူးခြားဆန်းကြယ်သော ဖြစ်စဉ်များကိုတော့ သယ်ဆောင်ပေးနိုင်ခြင်း မရှိချေ။
သို့သော် သူတို့က အဖိုးတန်လက်နက်များ ဖြစ်နေသေး၏။ သူတို့ထဲတွင် စိတ်ဝိညာဉ်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်။ အချိန်ကြာမြင့်စွာ အတူတူ ရှိနေခဲ့ကြပြီးနောက် သူတို့၏ အာရုံခံနိုင်စွမ်းများက ရောယှက်သွားကြပြီး မုန့်ချီကို သူတို့၏အစစ်အမှန်သခင်အဖြစ် သတ်မှတ်ထားခဲ့သည်။
အကယ်၍ မုန့်ချီက အရေးကြီးသော အခြေအနေမျိုးတွင် ထိုဓားများကို ကိုင်ဆောင်ခြင်း မရှိလျှင်ပင် သူတို့၏ကိုယ်ပိုင်အစွမ်းနှင့် သူ့ကို ကာကွယ်ပေးပါလိမ့်မည်။ မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့၏။ သူက ဓားအင်ပါယာနှင့် မကောင်းဆိုးဝါးဘုရင်မ၏ ကမ္ဘာကြီးကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
သူ၏ချီစွမ်းအင်များက ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ရေလှိုင်းမီးတောက်ဓားဆီသို့ ပထမဆုံးအကြိမ် ပြန့်နှံ့သွားသည့်အချိန်တွင် သူတို့က သူ၏လက် ၊ မျက်လုံးနှင့် နား ဖြစ်လာကြသည်။ ယခုတစ်ကြိမ်တော့ သူ၏စိတ်ဝိညာဉ်စွမ်းအားက သူတို့၏ဝိညာဉ်နှင့် ပေါင်းစပ်နေခဲ့၏။
ကောင်းကင်ပြစ်ဒဏ်ဓား၏ အာရုံခံနယ်နိမိတ်အတွင်း ရှိနေသော အရာအားလုံးက မုန့်ချီ၏ ခေါင်းထဲတွင် နည်းနည်းချင်းဆီ ပေါ်လာခဲ့ရသည်။ သူက မျက်လုံးမှိတ်ပြီး နားပိတ်ထားသည်ကိုပင် အရာအားလုံးကို ကွင်းပြင်ကြီးတစ်ခုသဖွယ် မြင်နေရသည်။
ကျယ်ဝန်းသော တံစက်မြိတ် ၊ ထောင့်နေရာတွင် ရှိနေသော ဆီးနှင်းလေးများ ၊ မြေပြင်ပေါ်ရှိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သော အမှတ်အသားများ ၊ မိုးကြိုးနှင့် လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီးနောက် ပေါ်ပေါက်လာသော လေလှိုင်းများက မုန့်ချီ၏ ရင်ထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြသည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် သူက ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်နေသလို ခံစားနေရပြီး အရာအားလုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့သည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားကလည်း ကောင်းကင်ပြစ်ဒဏ်ဓားဆီမှတဆင့် အဝေးသို့ ပျံ့နှံ့သွားခဲ့ပြီး တောင်တန်းများ ၊ မြစ်များ ၊ ဒီရေလှိုင်းများကို တွေ့နေရသည်။ သူတို့၏ အာရုံခံနိုင်စွမ်းများက သူ၏အာရုံခံနိုင်စွမ်းများကဲ့သို့ ဖြစ်နေပြီး အသေးစိတ် အချက်အလက်များကိုပင် တွေ့နေရသည်။
အဖိုးတန်လက်နက်၏ ဝိညာဉ်အကူအညီနှင့် သူက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ရှိသွားခဲ့၏။ မုန့်ချီက အနိုင်အရှုံးအားလုံးကို ဘေးဖယ်ထားခဲ့သည်။ ကောင်းကင်ပြစ်ဒဏ်ဓားကို ဖြည်းညင်းစွာ လွှဲယမ်းတိုက်ခိုက်လိုက်ရာ အလွန်ထူးဆန်းသော လမ်းကြောင်းတစ်ခု ပေါ်လာခဲ့၏။ မိုးကြိုးများက လေလှိုင်းထဲတွင် ထွက်ပေါ်လာပြီး ညင်သာသော အော်သံတစ်ခု ရောက်လာသလို ခံစားလိုက်ရ၏။
"ချွမ်..."
ဓားမောက်က မြေခွေးဘုရင်၏ လက်သည်းများကို ခုခံကာကွယ်လိုက်သည်။
အကြားအာရုံနှင့် အမြင်အာရုံ အသုံးမဝင်သော အမှောင်ထုကြီးထဲတွင် ဓားရှည်ကတော့ မြေခွေးဘုရင်၏ တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ တားဆီးနိုင်ခဲ့၏။ မုန့်ချီ၏ ရင်ထဲတွင် အသံကို ကြားလိုက်ရသော်လည်း အစစ်အမှန် အသံကတော့ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။
"ချွင် ..ချွမ် …ချွမ်..."
မြေခွေးဘုရင်က အမှောင်ထုနှင့် ပေါင်းစပ်နေရင်း သူ၏တည်နေရာက တိတ်တဆိတ် ပြောင်းလဲသွားခဲ့၏။ သူက ခြေထောက် (၂) ဖက် ၊ လက် (၂) ဖက်ကိုသုံးပြီး မုန့်ချီကို ဆက်တိုက် တိုက်ခိုက်လိုက်ပြန်သည်။
သို့သော် မုန့်ချီဆီတွင်တော့ အဖိုးတန်လက်နက်က သူ၏မျက်လုံးအနေနှင့် ရှိနေခဲ့၏။ ကောင်းကင်ပြစ်ဒဏ်ဓားက သူ၏လက်တစ်ဖက်ကဲ့သို့ ဖြစ်လာခဲ့သည်။ သူက ဓားမောက်ဖြစ်ပြီး ဓားမောက်က သူ ဖြစ်၏။
ကြမ်းတမ်းရက်စက်သော လျှပ်စီးကြောင်းများနှင့်အတူ မုန့်ချီက အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်မှုတိုင်းတွင် ကမ္ဘာမြေကြီး၏ အနှစ်သာရများ ပါဝင်နေခဲ့၏။ သူက ဓားထိပ်ဖျား ၊ ဓားသွား၊ ဓားနောက်ကျောနှင့်ဓားကိုယ်ထည် တစ်ခုလုံးကို ပြည့်ပြည့်ဝဝ အသုံးချထားခဲ့၏။
ထိုအရာက မြေခွေးဘုရင်၏ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် တားဆီးနိုင်ခဲ့ပြန်သည်။ ထိုအခြေအနေက မုန့်ချီအတွက် ကောင်းမွန်လှခြင်း မရှိချေ။ လက်ရှိအချိန်တွင် မြေခွေးဘုရင်က အရှိန်နှင့် တိုက်ခိုက်နေသော်လည်း သူ၏သိုင်းကွက်များက သာမန် ဝေ့ကျင်းတစ်ဝက်အဆင့် တိုက်ခိုက်မှု အခြေအနေကို မရောက်သေးပေ။
ပြောရမည်ဆိုလျှင် သူ့လို လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေသော ပညာရှင်တစ်ယောက်က အစွမ်းကုန် တိုက်ခိုက်ခြင်းမရှိဘဲ ထိုကဲ့သို့ သက်ရောက်မှုမျိုးကို ရရှိနိုင်သည်။ မုန့်ချီကတော့ တူညီသောအဆင့်ကို ရောက်ရှိရန် ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်၏ အစွမ်းကို လိုအပ်၏။
သို့သော် တိုက်ခိုက်မှုတိုင်းတွင် မြေခွေးဘုရင်က သာမန် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ အစွမ်းနှင့် တဖြည်းဖြည်း နီးကပ်လာပြီး မုန့်ချီကတော့ ထိပ်တိုက် ခုခံနေရသည်။ သူက မည်သို့ အစွမ်းကုန် တိုက်ခိုက်နိုင်မည်နည်း။
ရွာ(၉) ရွာ ကမ္ဘာကြီးထဲတွင် သွေးစိမ်းနဂါးဘုရင်ကဲ့သို့ သာမန်ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် မုန့်ချီက သူနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အစား ကိုယ်ဖော့ပညာကိုသုံးပြီး တိုက်ခိုက်ခဲ့သည်။
မြေခွေးဘုရင်၏ အမှောင်ထုကြီးထဲတွင် ပိတ်မိနေသည့်အတွက် သူက ပြေးစရာနေရာလည်း မရှိချေ။ ထို့ကြောင့် သူ၏ဓားမောက်ပညာ ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ချီစွမ်းအားများကိုသာ အစွမ်းကုန် အသုံးပြုနိုင်၏။ အကယ်၍ မြေခွေးဘုရင်၏ သိုင်းကွက်များက သွေးစိမ်းနဂါးဘုရင်ထက် လျော့ကျမည်ဆိုလျှင်ပင် စွမ်းအားအရ တူညီနေသေးသည်။
မုန့်ချီကတော့ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ တံခါး (၈) ပေါက်အဆင့်ကို ရောက်သွားသည့် ကျေးဇူးကြောင့် အလွန်များပြားသော ချီစွမ်းအင်များနှင့် ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိနေခဲ့သည်။ သူ့ဆီတွင် စွမ်းအားများကို ဖယ်ရှားပေးနိုင်သော အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်လည်း ရှိနေသေး၏။
မဟုတ်လျှင် မြေခွေးဘုရင်ဆီမှ အလွန်များပြားသော တိုက်ခိုက်မှုများကို တားဆီးရမည်ဆိုလျှင် သူက တစ်ကိုယ်လုံး ဒဏ်ရာပရပွနှင့် ပျက်စီးသွားနိုင်သည်။ ထို့ကြောင့်လည်း သူ၏ချီစွမ်းအင်များက အနည်းငယ် အဆင်ပြေနေသေးခြင်း ဖြစ်သည်။
ထိုအရာက အတော်လေးကို များပြားနေသေးသော်လည်း သူ၏ကိုယ်တွင်းအင်္ဂါများကတော့ စတင်တုန်လှုပ်လာသည်။ သွေးများက လှုပ်ရှားလာပြီး ရင်ဘတ်က ကျွံဝင်သွား၏။ သူ၏ညာလက်ကလည်း အနည်းငယ် ထုံကျင်သွားသည်။ ခြေထောက်က သူ့အောက်တွင် ရှိနေသော အစိမ်းရောင် အုတ်ကြားထဲသို့ နစ်ဝင်သွားခဲ့၏။
မုန့်ချီက အချိန်မည်မျှ ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း မသိခဲ့ပေ။ သူ၏စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုကတော့ တဖြည်းဖြည်း များပြားလာခဲ့၏။ သို့သော် သူက မြေခွေးဘုရင်၏ နောက်ဆုံးတိုက်ခိုက်မှုကို ခုခံလိုက်သည့်အချိန်တွင် မသက်မသာ ဖြစ်နေသော အခြေအနေမှ လွတ်မြောက်လာခဲ့ရသည်။
သူက မျှချေကို ရှာဖွေပြီး တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုကို ရှာဖွေရန် ကြိုးစားနေသည်။ အကယ်၍ သူသာ ဆက်၍ ခုခံနေရမည်ဆိုလျှင် မြေခွေးဘုရင်၏ လက်ထဲ၌ သေချာပေါက် သေဆုံးရမည်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိနေသည်။
ထိုအချိန်တွင် မြေခွေးဘုရင်က တိုက်ခိုက်မှုများစွာနှင့် မုန့်ချီကို ဖိနှိပ်လိုက်ပြီးနောက် သူက အခွင့်အရေးတစ်ခုကို မြင်လိုက်ရပြီး ညာဘက်လက်တွင် ရှိနေသော လက် (၅)ချောင်းကို လျင်မြန်စွာ ဖြန့်လိုက်သည်။ သူတို့က အလွန်ထက်မြက်သော ဓားသွားများအဖြစ် ပြောင်းလဲပြီး ကောင်းကင်ကြီးကိုပင် ဆုပ်ယူနိုင်သော စွမ်းရည်မျိုး ရှိနေ၏။ ဓား (၅) ချောင်းက အသံမထွက်ဘဲ စိတ်ဝိညာဉ်သတ်ဖြတ်သူများကဲ့သို့ မုန့်ချီကို လှမ်းကုတ်လိုက်သည်။
ကောင်းကင်ပြစ်ဒဏ်ဓားက လှုပ်ရှားသွားခဲ့ပြီး မုန့်ချီ၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ သူက စဉ်းစားမနေဘဲ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို အသုံးချ၍ ခရမ်းမိုးကြိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်။ ဓားမောက်က (၉) ချက်တိတိ ခုတ်ချလိုက်၏။
ခရမ်းမိုးကြိုးများကလည်း ကောင်းကင်ပေါ်သို့ ထိုးဖောက်သွားခဲ့ပြီး လေစီးကြောင်းများက ပျက်စီးသွားသည်။ လေထဲတွင်လည်း တုန်လှုပ်နေသော အသံများ ကြားနေရ၏။ သို့သော် အမှောင်ထုကြီးထဲတွင် မုန့်ချီက မိုးခြိမ်းသံများ ကြားခြင်းမရှိသလို လျှပ်စီးကြောင်းများကိုလည်း မမြင်ရပေ။
ဓားမောက်ချီစွမ်းအင်များနှင့် ခရမ်းရောင်ချီစွမ်းအင်များက တစ်သားတည်း ပေါင်းစပ်သွားပြီး ခရမ်းရောင် မိုးကြိုးနဂါးကြီး (၉) ကောင်က စက်ဝိုင်းတစ်ခုသဖွယ် ချိတ်ဆက်လာခဲ့သည်။
"ဂျိမ်း..."
ယခုတစ်ကြိမ်တော့ အမှောင်ထုကြီးထဲတွင် အသံတိုးတိုးကို ကြားလိုက်ရသည်။ ကောင်းကင်ပြစ်ဒဏ်ဓားက လှုပ်ရှားသွားပြီး မုန့်ချီ၏ နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာခဲ့၏။
သတ်ဖြတ်ချင်စိတ်များက သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်လာသည့်အချိန်တွင် သူက ရေခဲလှိုဏ်ဂူတစ်ခုတည်းကို ကျရောက်သွားသလို ခံစားလိုက်ရသည်။ သူ၏ကြွက်သားများနှင့် သွေးကြောများက ငြိမ်သက်သွားခဲ့ပြီး ပင်မဝိညာဉ်က ထုံကျင်သွားသလို ခံစားလိုက်ရ၏။ တစ်ခုကောင်းသွားသည်မှာ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်က ယခုအချိန်ထိ ရှုံးနိမ့်သွားခြင်း မရှိဖူးသေးပေ။
မုန့်ချီက ထိုအရာကို အသက်သွင်းလိုက်ရာ အကျိုးသက်ရောက်မှုများကို လျင်မြန်စွာ ဖယ်ရှားနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် မုန့်ချီက အရှိန်အဝါကို သုံးပြီး အမှောင်ထု လွှမ်းခြုံနေသော နေရာမှ ထွက်ပြေးရန် နောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်၏။
ထိုအချိန်တွင် ရေလှိုင်းမီးတောက်ဓားကတော့ သူ၏ခါးမှ ထွက်လာပြီး နောက်တစ်ကြိမ် အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရပြန်သည်။ မုန့်ချီက ဘယ်လက်ထဲတွင် ဓားကို ကိုင်ထားပြီး သူ၏ချီစွမ်းအင် ၊ အတွင်းအားနှင့် စိတ်ဝိညာဉ်ကို စုစည်းလိုက်သည်။
ထို့နောက် ရေလှိုင်းမီးတောက်ဓား၏ အာရုံကိုသုံးပြီး နောက်ပြန် တိုက်ခိုက်လိုက်၏။ ဓားဆီမှ ကောင်းကင်နတ်သမီး တစ်ပါးကဲ့သို့ အလွန်လှပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာက လေထဲတွင် ဖြတ်သန်းလာပြီး ပြောင်းလဲမှုမရှိသလို ထူးခြားမှုလည်း မရှိချေ။
ထိုအချိန်တွင် ဖြူဖျော့ဖျော့ လက်ညှိုးတစ်ချောင်းက မုန့်ချီကို အနောက်ဘက်မှ လှမ်း၍ ပုတ်လိုက်သည်။ သူ၏လက်သည်းက အလွန်ထက်မြက်ပြီး ကြောက်စရာကောင်းသော အလင်းတန်းများ ထွက်ပေါ်လာနေသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုအရာကို ကြည့်လိုက်ရုံနှင့် သေခြင်းတရားကို ခံစားမိနိုင်၏။ ထိုအရာက သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်သွားပြီး သူ၏ပင်မဝိညာဉ်က ပျက်စီးသွားတော့မလို ခံစားချက်မျိုး ဖြစ်သည်။
"ဖျောက်..."
ထိုစွမ်းအားများက ပျောက်ကွယ်သွားခဲ့၏။ ရေလှိုင်းမီးတောက်ဓားက ပြန်ကန်လာပြီး သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသော မြေခွေးဘုရင်၏ လက်ညှိုးက ရုတ်တရက် ရပ်တန့်သွားသည်။
မုန့်ချီ၏ ရင်ဘတ်ထဲတွင်တော့ မွန်းကျပ်နေသော ခံစားချက်မျိုး မရှိတော့ပေ။ သူ၏ပါးစပ်ထဲမှနေ၍ နောက်ထပ်သွေးများ ထပ်မံစီးကျလာခဲ့၏။ သို့သော် ဓား၏အရှိန်အဝါကိုသုံးပြီး နောက်ပြန်ဆုတ်သွားနိုင်သည့်အတွက် သူက နောက်တစ်ကြိမ် တိုက်ခိုက်နိုင်ခဲ့၏။
ဓားမောက်က မြေခွေးဘုရင်၏ ဘယ်ဘက်လက်ကို ပြီးပြည့်စုံစွာ တိုက်ခိုက်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တော့ မြေခွေးဘုရင်က ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုမျှ မသုံးခဲ့ပေ။ ကိုယ်ဖော့ပညာကိုသာ သုံးပြီး နောက်ထပ် ဒေါသတကြီး တိုက်ခိုက်နေခဲ့၏။
"သူက အခုချိန်အထိ ပြည့်ပြည့်ဝဝ ပြန်မကောင်းသေးဘူး။ ဒါကြောင့် သူက တစ်ကြိမ်တည်း ဝေ့ကျင်းအဆင့် သိုင်းကွက် (၂) ခုထက် ပိုပြီးမသုံးနိုင်ဘူးလား…"
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
ဟယ်ကျူးကပပင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ပြီး ပြန်လည်ကုသရန် (၂) ရက်ခန့် အချိန်ပေးရသည်။ မြေခွေးဘုရင်၏ ခန္ဓာကိုယ် ထိခိုက်မှုများအရ ဆေးရည်များ ၊ ဆေးလုံးများ သောက်လိုက်မည်ဆိုလျှင်တော့ ဒဏ်ရာက လျင်မြန်စွာ ပြန်ကောင်းလာနိုင်သည်။ သို့သော် ထိုကဲ့သို့ ကုသစွမ်းရည်မျိုး ရှိနေသော ဆေးလုံးရှိမရှိ မုန့်ချီက သေချာမသိချေ။
အဘယ်ကြောင့်ဆိုသော ဟယ်ကျူး၏ ကိုယ်ပျောက် ဓားချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲတွင် ဆက်လက် ရှိနေနိုင်သည်။ ထိုအရာကြောင့် တိကျသော ကုသမှုမရှိလျှင် အကျိုးအာနိသင်ကို သတ်မှတ်နိုင်ခြင်း မရှိချေ။
လက်ဝါး ၊ လက်ညှိုး ၊ လက်သီးနှင့် လက်သည်းများက မုန့်ချီဆီကို ဆက်တိုက် ကျရောက်လာနေပြီး မြေခွေးဘုရင်က အမှောင်ထုကြီးထဲတွင် ပတ်ပတ်လည်မှ တိုက်ခိုက်နေသည်။ သူကတော့ စွမ်းအင်များ ကုန်ဆုံးသွားသည့်တိုင်အောင် တိုက်ခိုက်ချင်နေပုံရပြီး ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်များနှင့် ဖျက်ဆီးပစ်ချင်နေပုံရ၏။ အကယ်၍ ထိုကဲ့သို့ ဆက်သွားမည်ဆိုလျှင် မုန့်ချီက သေချာပေါက် သေရပါလိမ့်မည်။
ယခင်တိုက်ပွဲနှင့် ယှဉ်လိုက်မည်ဆိုလျှင် တည်ငြိမ်ခြင်းတံဆိပ်ကို သုံးမထားသော မုန့်ချီက ပို၍ဆိုးကျိုးများ ရှိနေသေး၏။ မုန့်ချီဆီတွင် ထိခိုက်မှု အတော်လေး များနေပြီ ဖြစ်သော်လည်း သူကတော့ တည်ငြိမ်နေသေး၏။
သူ၏ဓားမောက်နှင့် ဓားရှည်တို့က မြေခွေးဘုရင်၏ တိုက်ခိုက်မှုကို တစ်လှည့်ဆီ ခုခံပေးနေကြသည်။ မြေခွေးဘုရင်က ညာဘက်လက်သီးနှင့် တိုက်ခိုက်လိုက်သည့် အချိန်တွင် ရေလှိုင်းမီးတောက်ဓားက ရင်ဆိုင်လိုက်ပြီး ချွန်ထက်သော ဓါးထိပ်ဖျားက သူ၏လက်ဝါး အလယ်ကို ရောက်လာသည်။
"ဖျောက်…"
ရေလှိုင်းမီးတောက်ဓားက ရုတ်တရက် အားနည်းသွားပြီး မြေခွေးဘုရင်၏ ညာလက်နှင့် တွန်းဖယ်ခြင်းကို ခံလိုက်ရသည်။ မြေခွေးဘုရင်က နောက်သို့ ပြန်ဆုတ်သွားလိုက်ရပြီး ညာဘက်လက်ကိုလည်း ရုပ်သိမ်းလိုက်ရသည်။
ထိုတိုက်ခိုက်မှုကြောင့် မုန့်ချီ၏ ရွှေရောင်အလင်းတန်းများက ပို၍မှေးမှိန်သွားပြီး ပျက်စီးတော့မည့်အလား ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ လက်ဝါးချက်ထဲရှိ အစွမ်းက အလွန်များပြားလွန်းလှသည့်အတွက် မုန့်ချီက အရိုးများကျိုးသွားသလို ခံစားလိုက်ရသည်။
သူ၏ရင်ဘတ်က မြေခွေးဘုရင်၏ ညာဘက်လက်ဝါးကြောင့် ဖိနှိပ်ခံလိုက်ရသည့် အချိန်တွင် မုန့်ချီက နောက်တစ်ကြိမ် သွေးအန်လိုက်ရပြန်သည်။
"သေလိုက်စမ်း…"
ထိုအချိန်တွင် သူ့အသံက မိုးခြိမ်းသံပမာ ထွက်ပေါ်လာပြီး အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။ ညာလက်ထဲတွင် ကိုင်ထားသော ကောင်းကင်ပြစ်ဒဏ်ဓားကလည်း မြေခွေးဘုရင်ဆီသို့ ဦးတည်သွားခဲ့၏။
ယခင်တုန်းကတော့ မုန့်ချီက သတ်ဖြတ်ခြင်းရပ်တန့်သူ၏ အကူအညီနှင့် မြေခွေးဘုရင်၏ အမှောင်ထုကြီးထဲမှ လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ရခဲ့သည်။ ယခုတစ်ကြိမ်တော့ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်တုန်းက သုံးခဲ့သည်မှာ သူကျွမ်းကျင်သော သိုင်းပညာများ မဟုတ်ချေ။
အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့ကြောင့် သူက ထိခိုက်မှုတချို့ကို ထိပ်တိုက် ရင်ဆိုင်၍ရနိုင်သည်။ သူက ထိုအရာကို အသုံးချပြီး အခြေအနေကို ပြောင်းလဲ၍ ရနိုင်၏။ သူ့အတွက် တိုက်ခိုက်မှုတစ်ခုတည်းသာ လိုအပ်သည်။
"သေလိုက်စမ်း…"
ထိုအသံနှင့်အတူ လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး အမှောင်ထုကြီးက လင်းထိန်သွားခဲ့၏။ မုန့်ချီ၏ အသက်ရှုသံကလည်း စတင်လှုပ်ရှားလာပြီး အင်္ကျီအောက်တွင် ရှိနေသော ကြွက်သားများက ကြီးထွားလာခဲ့သည်။
သူ၏ပတ်ဝန်းကျင်ကလည်း ကောင်းကင်ကြီးသဖွယ် ပြောင်းလဲသွားပြီး အရာအားလုံးကို သိမ်းပိုက်နိုင်သလို ထင်မှတ်ရ၏။ ဓားရှည်ကတော့ အလွန်လျင်မြန်ပြီး ကြီးမားသော မိုးကြိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ ထိုအရာက မိုးခြိမ်းသံတစ်ခုနှင့်အတူ အပေါ်မှ တိုက်ခိုက်လိုက်၏။
ထိုခဏတွင် မုန့်ချီ၏ မိုးကြိုးများနှင့် တိုက်ခိုက်ခံလိုက်ရသော လူတိုင်းက ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလို ထင်မှတ်ရသည်။ တစ်ခု ကွဲပြားသွားသည်မှာ မိုးကြိုးများက နှေးကွေးစွာ ထိုးဖောက်သွားခြင်းသာ ဖြစ်၏။
"ဗုန်း..."
မီးခိုးရောင် တိမ်တိုက်များက သူ့ခေါင်းပေါ်တွင် စုစည်းလာပြီး ငွေရောင်လျှပ်စီးကြောင်းများက အမှောင်ထုကြီးထဲတွင် လှုပ်ရှားနေသည်။ သူတို့က အလွန်ကြီးမားသော မုန်တိုင်းကြီးတစ်ခုအဖြစ် လျင်မြန်စွာ စုစည်းလာပြီး အချိန်မရွေး ကျဆင်းလာတော့မလို ထင်မှတ်ရ၏။
"ဗုန်း..."
အစိမ်းရောင် မိုးကြိုးကြီးတစ်ခု တိုက်ခိုက်လိုက်သည်။ မိုးကြိုး (၅) ခုက အချင်းချင်း ပေါင်းစပ်သွားကြပြီး အလွန်ကျယ်လောင်သော အသံနှင့်အတူ အမှောင်ထုကြီးကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့၏။
သူတို့က ကျဆင်းလာသော ဓားမောက်နှင့် တစ်သားတည်းဖြစ်လာပြီး နတ်ဘုရားအပြစ်ပေးမှုကို လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။ ကောင်းကင်ကြီး၏ ဒေါသနှင့်အတူ မိုးကြိုး (၅) ခုက ဖျက်ဆီးပစ်လိုက်၏။
မုန့်ချီက စွန့်လွှတ်ခြင်းကျင့်စဉ်ကို စတင်အသုံးပြုလိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို အသက်သွင်း၍ သူ၏ဓမ္မကာရအဆင့်သိုင်းကွက်ကို သုံးလိုက်သည်။ အနားတွင် မည်သည့်ပညာရှင်မျှ မရှိပေ။ အမှောင်ထုကြီးကလည်း ကာကွယ်ပေးနေသေး၏။ မြေခွေးဘုရင်ကလွဲလျှင် မည်သူကမျှ သူ၏တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်မည် မဟုတ်ချေ။ တခြားလူများကတော့ သူ့ဆီတွင် ကောင်းကင်မိုးကြိုး ဆင့်ခေါ်နိုင်သော စွမ်းရည်ရှိကြောင်း သိနေကြ၏။
အမှောင်ထုကြီး ပျောက်ကွယ်သွားပြီး လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည့် အချိန်တွင် မုန့်ချီက မြေခွေးဘုရင်၏ အစစ်အမှန်မျက်နှာကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်။
သူ၏မျက်နှာအရေးအကြောင်းက နက်ရှိုင်းမှုမရှိဘဲ မျက်နှာက ခပ်ပြားပြား ဖြစ်သည်။ သူ့ပုံစံက မြက်ခင်းစိမ်းလွင်ပြင်ထဲမှ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူ၏အေးတိအေးစက် အကြည့်များက မှော်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
အလွန်ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်များက မုန့်ချီ၏ရင်ထဲတွင် မြင့်တက်လာပြီး အချိန်တိုလေးအတွင်း သူ၏အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို ဖျက်ဆီးရန် လုံးဝ မဖြစ်နိုင်ပေ။
မြေခွေးဘုရင်က မျက်မှောင်ကြုတ်လိုက်မိ၏။ သူက မုန့်ချီကိုသတ်ရန် နောက်ထပ် ကြိုးစားခဲ့ခြင်းမရှိဘဲ ဘယ်လက်ကို မြှောက်လိုက်၏။ အလွန်များပြားသော သွေးကြောမှတ်များဆီမှ အလင်းရောင်များ ထွက်ပေါ်လာပြီး သူတို့က တစ်ခုနှင့်တစ်ခု ဆက်သွယ်လာခဲ့သည်။ သူတို့က သူ၏ဘယ်လက်ဆီသို့ ပျံ့နှံ့လာခဲ့၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဘယ်လက်ထဲတွင် ရှိနေသော သတ်ဖြတ်ချင်စိတ်များကြောင့် သွေးကြောမှတ်တိုင်းက ဓား၏မတူညီသော အစိတ်အပိုင်းများကဲ့သို့ ဖြစ်လာသည်။ ထိုအရာက သွေးအေးရက်စက်ပြီး ကြောက်စရာကောင်း၏။ သူ၏ဘယ်လက်က ဓားမောက်ဆီသို့ ဦးတည်လာနေခဲ့သည်။
Translated by Hein Htet.