အခန်း (၄၁၉)
Vol. 28 Ch. 419
ကြည့်လိုက်လျှင် မြေခွေးဘုရင်၏ ညာဘက်လက်ဖဝါးက မုန့်ချီ၏ ဘယ်ဘက်ရင်ဘတ်ကို ရိုက်မိသွားသည့်အတွက် နံရိုးများက ကျွံဝင်သွားခဲ့ပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့သလို ထင်မှတ်ရသည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ မြေခွေးဘုရင်က ပြုတ်ထားသော ကန်စွန်းဥပူပူတစ်လုံးကို လက်ထဲတွင် ကိုင်ထားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
မုန့်ချီ၏ ကြွက်သားများနှင့် ချီစွမ်းအင်များ၏ စေးကပ်မှုကြောင့် မြေခွေးဘုရင်က သူ့လက်ကို ပြန်ဆွဲယူနိုင်ခြင်း မရှိသလို လွတ်မြောက်နိုင်ခြင်းလည်း မရှိချေ။ သာမန်အခြေအနေမျိုးတွင်တော့ မုန့်ချီက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်၏။
တခဏအတွင်း မြေခွေးဘုရင်၏ ချီစွမ်းအင်များက အလွန်မာကျောသော သူ၏ အကာအကွယ်ချီစွမ်းအင်များကို ထိုးဖောက်လာပြီး အတွင်းထဲသို့ ဝင်ရောက်၍ သူ့ကို သေဆုံးသွားစေနိုင်သည်။
သို့သော် အချိန်က လူကို မစောင့်ချေ။ ကောင်းကင်ပေါ်မှနေ၍ ဓားမောက်စွမ်းအင်များ ကျဆင်းလာနေပြီး ကောင်းကင်မိုးကြိုး(၅)သွယ်ကလည်း ကျဆင်းလာခဲ့သည်။ မြေခွေးဘုရင်၏ ပင်မဝိညာဉ်က အလွန်ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအင်များကြောင့် လှုပ်ရှားသွားခဲ့ရ၏။
မိုးခြိမ်းသံများက သူ၏နားထဲတွင် ပြည့်နှက်လာပြီး အလွန်ကြောက်စရာကောင်းသော ခံစားချက်များကြောင့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။ အကယ်၍ သူသာ ထိုအရာကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားလိုက်မည်ဆိုလျှင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်ကြောင်း သိနေ၏။ သူက မုန့်ချီ၏ နောက်ထပ် တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်တော့မည် မဟုတ်ချေ။ မုန့်ချီဆီတွင် ထိုကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုမျိုး ရှိနေခဲ့၏။
ထို့ကြောင့်လည်း သူက ပုန်းအောင်းနေရန် ဂရုစိုက်နေခြင်း မရှိဘဲ စတင်တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းကစပြီး သတ်ဖြတ်ရေးဓားဟူသော နာမည်ကိုသာ ရရှိခဲ့သည်။
ထိုအချိန်တွင်တော့ သူက သူ့ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်ကို အနိုင်ရခဲ့၏။ တံခါး(၄)ပေါက်အဆင့် အစွမ်းကိုသာသုံးပြီး သူက အတွေ့အကြုံရှိသော မြင်းဓားပြခေါင်းဆောင်တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့သည်။
သူ၏ဘယ်လက်နှင့် ဓားမောက်၏ ထိပ်ဖျားကို ကိုင်ထားရင်း မြေခွေးဘုရင်က သူ့လက်ကို ကြောက်စရာကောင်းသော ဓားတစ်ချောင်းအဖြစ်ပြောင်းလဲ၍ ကောင်းကင်ပြစ်ဒဏ်ဓားကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည့်အချိန်တွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် မြေခွေးဘုရင်က သရဖူအရွယ်အစား သို့မဟုတ် ခန္ဓာကိုယ်တစ်ဝက်ခန့် အရွယ်အစားထိ ကျုံ့လာသလို ထင်မှတ်ရသည်။ သူ၏အသွေးအသားများကို အဘိုးကြီးကျုံးက စုပ်ယူလိုက်သလို ပုံစံမျိုး ဖြစ်၏။ သူက တဖြည်းဖြည်း ပို၍ သေးငယ်လာပြီး တဖြည်းဖြည်း ပို၍ ရှုံ့တွလာသည်။ သူ၏ မျက်လုံးများကလည်း အလွန်အေးစက်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။
ကောင်းကင်ကြီးကတော့ လူတစ်ယောက်၏ကိုယ်စား မြောက်များလွန်းလှသည့် အရာများကို ထုတ်ပေးခဲ့သည်။ သို့သော် ထိုလူကတော့ သူ့အပေါ် တစ်စုံတစ်ခုမှ ပြန်လုပ်ပေးခဲ့ခြင်း မရှိချေ။
“သေလိုက်စမ်း…”
သတ်ဖြတ်ချင်စိတ်များက ကောင်းကင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး ကျယ်လောင်သော ဟိန်းသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူတို့ ရပ်နေသော မျက်နှာစာ၏ အနီးအနားတွင် ရှိနေသော ခြံဝန်းကြီးကတော့ ချက်ချင်းပင် အသက်စွမ်းအင်များ ကင်းမဲ့သွားခဲ့ပြီး မြေအောက်တွင်းပေါက်ထဲတွင် ပုန်းအောင်းနေသော သတ္တဝါများကပင် မလွတ်ခဲ့ပေ။
“ဂျိမ်း…”
ကောင်းကင်မိုးကြိုးကြီးက ဓားသွား၏လမ်းညွှန်မှုနှင့် အလွန်ကြောက်စရာကောင်းစွာ ဆင်းသက်လာခဲ့၏။ ထိုအရာက လေးလံပြီး ကြောက်စရာကောင်း၏။ မြေခွေးဘုရင်ကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။
“ဂျိမ်း…ဂျိမ်း…ဂျိမ်း …ဂျိမ်း… ဂျိမ်း…”
မိုးကြိုး(၅)ခုက တစ်ခုပြီးတစ်ခု ဆက်တိုက် ကျဆင်းလာခဲ့၏။ ကျယ်လောင်သော တုန်ဟီးသံကြီးများလည်း ထွက်ပေါ်လာခဲ့ပြီး မိုးရေစက်များက ကျဆင်းလာခဲ့သည်။
သူတို့က ခြံဝန်း၏အနားတွင် ရှိနေသော အပြာရောင်လမ်းမကြီးကို ဖျက်ဆီးပစ်လိုက်ပြီး အဖြူရောင်မြူခိုးလွှာတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
“ချွမ်…ချွမ်…ချွမ်…ချွမ်…”
မြေခွေးဘုရင်၏ ဘယ်လက်နှင့် ရင်ဆိုင်လိုက်ရသော ကောင်းကင်ပြစ်ဒဏ်ဓားဆီမှ အသံ(၅)ခု ထွက်ပေါ်လာပြီး ထိုအသံများက ကြည်လင်နေသည်။ ထိုအရာက သတ္ထုနှင့် တိုက်ခိုက်သော အသံမျိုး မဟုတ်ဘဲ လှံတစ်ချောင်း ဗုံတီးနေသလို အသံမျိုး ဖြစ်သည်။
အစိမ်းရောင်မိုးကြိုးများက ပျောက်ကွယ်သွားပြီးနောက် လျှပ်စီးကြောင်းများက နေရာတိုင်းတွင် ပျံ့နှံ့နေသည်။ မုန့်ချီ၏ ခြေလှမ်းများကတော့ လေးလံနေပြီး အနောက်သို့ အနည်းငယ် ဒယိမ်းဒယိုင် ပြန်ဆုတ်သွားလိုက်ရ၏။ သူ၏ ခြေလှမ်းတိုင်းက အပြာရောင်ကြမ်းပြင်ပေါ်တွင် မည်းတူးသွားစေခဲ့ပြီး နက်ရှိုင်းသော ခြေရာကြီးများ ထွက်ပေါ်လာနိုင်သည်။
ယခုတစ်ကြိမ်တော့ သူ၏ခြေရာများက အစီအစဉ်တကျ မရှိတော့ပေ။ ထိုအရာများက ဓားနှင့်ထွင်းထုထားသလို ထင်မှတ်ရ၏။ ထိုအစား သူတို့က အလယ်တွင် အာရုံစိုက်နေပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။ ထိုအရာ ပျံ့နှံ့သွားသည့် နေရာတိုင်း သက်ရှိ လုံးဝမရှိတော့ပေ။
မြေခွေးဘုရင်ကလည်း နောက်သို့ ပြန်ဆုတ်လိုက်ရ၏။ မိုးကြိုးများက သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝိုင်းရံနေပြီး သူ၏အရေပြားက မည်းတူး၍ ကြောက်စရာကောင်းသော ပုံစံတစ်ခု ဖြစ်နေခဲ့သည်။ သူ့ခြေထောက်က မြေပြင်နှင့် ထိလိုက်မိသည့်အချိန်တွင် အလွန်နက်ရှိုင်းသော တွင်းပေါက်ကြီးတစ်ခု ပေါ်လာခဲ့၏။
သူတို့(၂)ယောက်ကသာ စွမ်းအားများကို စုစည်းထားခြင်း မဟုတ်လျှင် အနီးအနားတွင် ရှိနေသော ခြံဝန်းများက လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ မြေခွေးဘုရင်၏ ဘယ်လက်က သဘာဝမဟုတ်သော ပုံစံအတိုင်း တွဲလောင်းကျနေသည့်အတွက် သေချာပေါက် ကျိုးသွားခဲ့ပါပြီ။ ထိုနေရာမှ သွေးများ စီးကျလာနေပြီး မိုးကြိုးများကြောင့် မည်းတူး၍ အငွေ့ပျံသွားနေသည်။
သူ၏သတ်ဖြတ်ရေးဓားကလည်း အသေးအဖွဲလက်နက်တစ်ခု မဟုတ်ချေ။ သို့သော် သူက ထိုအရာကို မဖြစ်မနေ သုံးလိုက်ရခြင်းဖြစ်သည်။ ထို့ပြင် သူ့ဆီ၌ အဖိုးတန် လက်နက်မရှိဘဲ ဒဏ်ရာဟောင်း ရှိနေသည်မှာလည်း အလွန်ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် သွေးဆာနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ အလင်းရောင်များ တောက်ပနေသည်။ သူက ညာလက်ကိုလှုပ်ရှားပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
မုန့်ချီကလည်း ဘယ်လက်ထဲတွင် ကိုင်ထားသော ရေလှိုင်းမီးတောက်ဓားကို မြှောက်လိုက်သည်။ သူ မတိုက်ခိုက်ရသေးခင် မြေခွေးဘုရင်၏ ပင်မဝိညာဉ်က ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်ရသည့်အလား မျက်ခုံးအလယ်တည့်တည့်တွင် နာကျင်မှုကို ခံစားလိုက်ရ၏။
မုန့်ချီနှင့် အလွန်သန့်စင်ပြီး ကြောက်စရာကောင်းသော ဓားဆန္ဒက သူ့ကို စိုက်ကြည့်နေသည့်အချိန်တွင် မြေခွေးဘုရင်ကတော့ ရေခဲမျက်လုံးများနှင့် စိုက်ကြည့်ခံနေရသလို ခံစားနေရသည်။
မုန့်ချီဆီတွင် စွမ်းအားမည်မျှကျန်နေလဲ သူက ခံစားနိုင်ခြင်း မရှိချေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြား ရှိနေခဲ့၏။ အကယ်၍ မုန့်ချီကသာ အနည်းငယ် ပိုသာနေမည်ဆိုလျှင် သူက သေချာပေါက် သေဆုံးသွားနိုင်သည်။
ထို့ပြင် တိုက်ပွဲကြောင့် အလွန်ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့၏။ မြူခိုးမိုးတောင်တန်းမှ ဝေ့ကျင်းအဆင့် ပညာရှင်များကလည်း သူတို့၏ လုပ်ဆောင်မှုကို သေချာပေါက် အာရုံခံစားနိုင်သည်။ ဟယ်ကျူးနှင့် ကုံရန်ဟောင်တို့က သေချာပေါက် အလျင်အမြန် ပြန်ရောက်လာနိုင်၏။
ခဏကြာစဉ်းစားလိုက်ပြီးနောက် သူက ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်သည်။ သူက ထိုအခွင့်အရေးကို အရယူပြီး သူတို့နှစ်ယောက်၏ အကွာအဝေးကို ဝေးကွာသွားအောင် လုပ်လိုက်မည်ဆိုလျှင် စုမုန့်က သူ၏ ဝေ့ကျင်းအဆင့် သိုင်းကွက်ကို အသုံးမပြုနိုင်တော့ပေ။
မြေခွေးဘုရင်က ညာလက်ကို အပေါ်သို့ မြှောက်ရမည့်အစား အောက်သို့ စိုက်ချလိုက်သည်။ ချီစွမ်းအင်များ ထွက်ပေါ်လာပြီး သူ့ကို လေထဲသို့ တွန်းကန်ပေးလိုက်၏။ ထို့နောက် သူ့ဘေးတွင် ရှိနေသော ခြံဝန်းထဲသို့ ထူးဆန်းစွာ ကျရောက်သွားခဲ့၏။
“အရူးကောင် …ဘယ်ကို ပြေးချင်နေတာလဲ…”
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူက ဘယ်လက်နှင့် ညာလက်တို့တွင် ဓားမောက်နှင့် ဓားရှည်တို့ကို တင်းတင်းဆုပ်ကိုင်ပြီး တစ်ကိုယ်လုံး သွေးများ စီးကျနေခဲ့၏။ သူ၏ အော်သံက အကြောက်တရားကို လှုံ့ဆော်ပေးနိုင်ပြီး နောက်မှ လိုက်သွားတော့သလို ထင်မှတ်ရ၏။ သို့သော် သူက ခြံဝန်းထဲမှ ခြေတစ်လှမ်းပင် မရွှေ့ခဲ့ချေ။
ထိုအစား ပတ်ပတ်လည်ကို သတိထား၍ကြည့်နေခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဘယ်သူလဲ…။ ထွက်လာခဲ့စမ်း…”
မြေခွေးဘုရင်က နံရံကို ခုန်ကျော်လိုက်ပြီး ခြံဝန်းထဲမှ ထွက်သွား၍ အဝေးသို့ ပြေးသွားခဲ့သည်။
မုန့်ချီက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။ သူ၏ခြိမ်းခြောက်မှုက အမှန်တကယ် အသုံးဝင်ခဲ့၏။ မြေခွေးဘုရင်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပြီး မုန့်ချီ ကိုယ်တိုင်လည်း အတူတူသာ ဖြစ်သည်။ ဓမ္မကာရအဆင့် သိုင်းကွက်ကိုသုံးပြီး အဖိုးတန်လက်နက်ကို အသက်သွင်းခဲ့ရသည့်အတွက် စွမ်းအားအမြောက်အများ ဆုံးရှုံးခဲ့ရ၏။
စွန့်လွှတ်ခြင်းကျင့်စဉ်ကို အသုံးပြုခဲ့ရပြီးနောက် သူ၏စွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများက အမြောက်အများ ကျန်နေပြီး ပို၍အစွမ်းထက်နေသော်လည်း သူ သုံး၍ မရနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက အရာအားလုံးကို သုံးပြီးသွားခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ပုံမှန်အခြေအနေမျိုးတွင် စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးလိုက်ပြီးနောက် နောက်ထပ်ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကို သုံး၍ရနိုင်သည်။
သို့သော် ယခုအချိန်က သာမာန်အခြေအနေမျိုး မဟုတ်ပေ။ သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးရန်အတွက် သူက တိုက်ခိုက်မှုကို ခုခံခဲ့ခြင်း မရှိဘဲ မြေခွေးဘုရင်၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့ကိုသာ အားကိုးထားခဲ့သည်။
လက်ရှိအချိန်တွင် သူက နောက်ထပ် ဝေ့ကျင်းအဆင့် သိုင်းပညာကို သုံးရန် မဖြစ်နိုင်တော့ပေ။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများကလည်း ပျက်စီးတော့မည့် အခြေအနေကို တွန်းပို့ခံထားရ၏။ သူ၏ချီစွမ်းအင်များက အထွဋ်အထိပ်သို့ ပြန်ရောက်လာပြီး တိုက်ခိုက်ရမည့်အချိန်ကိုသာ စောင့်နေနိုင်သည်။
မြေခွေးဘုရင်က သူ့ကို တိုက်ခိုက်လိုက်ပြီးနောက် သူက ခံနိုင်ရည်ရှိသည့်ပုံစံ ဟန်ဆောင်ထားခြင်း ဖြစ်သည်။ သူက ဝမ်ကိုက်နှင့် တိုက်ခိုက်ခဲ့သည့်အချိန်က ကဲ့သို့ လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်၏။
တိုက်ပွဲ၏ နောက်ဆုံးတစ်ဝက်တွင် သုံးခဲ့သော သိုင်းကွက်က ရလဒ်ကို ဆုံးဖြတ်ပေးနိုင်သည်။ သို့သော် ဤအရာက လက်ရည်စမ်းပွဲ မဟုတ်ချေ။ သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်၏။ သူ့ဆီ၌ ရွေးချယ်စရာသာ မရှိလျှင် မထင်မှတ်ထားသောအရာများ ဖြစ်မလာစေချင်သည့်အတွက် အချိန်ဆွဲထားလိုခြင်း မရှိချေ။
တစ်ခုကောင်းသွားသည်မှာ သူက ကောင်းကင်နတ်သမီးကျင့်စဉ်နှင့် အလွန်အမင်း ကျွမ်းကျင်နေသည့်အတွက် အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ကိုသုံးပြီး တုပအသုံးပြုနိုင်သည်။ ထိုအရာက စွမ်းအားများများ ကုန်ဆုံးခြင်း မရှိချေ။ ထို့ကြောင့်လည်း မြေခွေးဘုရင်ကို ခြောက်လှန့်နိုင်ခဲ့ခြင်းဖြစ်၏။
သူ၏အော်သံကြောင့် မုန့်ချီက သူ့နောက်ကို လိုက်လာတော့မည်ဟု မြေခွေးဘုရင်ကို အထင်မှားစေသည်။ ထို့နောက် ရန်သူတစ်ယောက် ပေါ်လာသည့် ပုံသဏ္ဍာန် ဟန်ဆောင်လိုက်ပြီး နေရာတွင် စောင့်၍ တိုက်ခိုက်မှုကို စောင့်နေခဲ့သည်။
သို့သော် မြေခွေးဘုရင် ထွက်ပြေးသွားပြီးနောက် မုန့်ချီက စိတ်အေးမနေခဲ့ပေ။ သူက အခြေအနေကို အမြင့်ဆုံးကြိုးစားပြီး အစစ်အမှန်ရန်သူ တစ်ယောက် ရှိနေသည့်အလား ပတ်ပတ်လည်ကို စစ်ဆေးနေခဲ့၏။
ထိုအရာက သူ၏ခန့်မှန်းမှုတစ်ခု ဖြစ်သည်။ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းတွင် ဝေ့ကျင်းအဆင့် ပညာရှင်များ ရှိနေ၏။ ထို့ကြောင့် မြေခွေးဘုရင်က အပြင်ဘက်တွင် ထာဝရ စောင့်မနေနိုင်ပေ။ သူက ယခင်တစ်ခေါက် ဟယ်ကျူးကို တိုက်ခိုက်ခဲ့သည့် အချိန်တွင် တစ်ဖက်လူက ကာကွယ်ရန် ပျက်ကွက်ခဲ့သည်။
အကယ်၍ သူ ပြန်လာမည်ဆိုလျှင် အသတ်ခံရမှာကို မကြောက်ဘဲ နေမည်လော။ ထို့ကြောင့် သူက ရုတ်တရက် တိုက်ခိုက်သည်မှာ အကြောင်းပြချက်(၂)ခုသာ ရှိသည်။ ပထမဆုံး သူက မြူခိုးမိုးတောင်တန်းတွင် အချိန်တော်တော်ကြာ လှည့်ပတ်သွားလာနေပြီး ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းကို မကြာခဏ စောင့်ကြည့်နေခြင်း ဖြစ်နိုင်သည်။ ထိုအချိန်တွင် ကံကောင်းထောက်မပြီး သူ့ကို တိုက်ခိုက်ရန် အခွင့်အရေးရသွားခြင်း ဖြစ်နိုင်၏။
သို့သော် သူက ဝေ့ကျင်းအဆင့် ပညာရှင်များ အဖမ်းခံရမှာကို မကြောက်ဘဲ ဤနေရာကို စောင့်ကြည့်ရန် ကြိုးစားသည်မှာ မလွယ်လှပေ။ ဒုတိယအချက်ကတော့ အိမ်ရှေ့မင်းသားသာ တိုက်ခိုက်ခံရမည်ဆိုလျှင် ဝေ့ကျင်းအဆင့် ပညာရှင်များ အဝေးသို့ ရောက်သွားမှာကို သိနေသည့်အတွက် သူ့ကို ဤနေရာတွင် စောင့်နေခြင်း ဖြစ်နိုင်သည်။
မုန့်ချီက ထိုအရာကို သေချာပြန်လည်စဉ်းစားနေပြီး မြေခွေးဘုရင်နှင့် ပတ်သက်၍ မည်သည့်အရာမျှ လွဲချော်ခြင်း မရှိကြောင်း ခံစားမိခဲ့သည်။ ထို့ကြောင့် သူကတော့ ဒုတိယအကြောင်းပြချက်ကို ပို၍ယူဆနေမိ၏။
အကယ်၍ ထိုသို့ဆိုလျှင် မြေခွေးဘုရင်က ဒဏ္ဏာရီများနှင့် ပူးပေါင်းနေနိုင်သည်။ သူက ဒေါသအလျောက် မုန့်ချီကို အလစ်ချောင်းတိုက်ခိုက်ခြင်း ဖြစ်နိုင်သလို ဒဏ္ဏာရီများ၏ အမိန့်အရ တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်။
လူငယ်မှတ်တမ်းတွင် ရှိနေသော မှတ်တမ်းအရ မြေခွေးဘုရင်က အဆင့်(၅)ဖြစ်ပြီး သူက အဆင့်(၆)ဖြစ်သည်။ သူတို့က စွမ်းအားတူညီနေသည့်အတွက် မြေခွေးဘုရင်က သူ့ကို သေချာပေါက် လုပ်ကြံနိုင်မည်ဟု ဘာကြောင့် ဒဏ္ဏာရီများက သေချာနေရသနည်း။
တိုက်ပွဲမှတ်တမ်း တစ်ခုတည်းအပေါ် အခြေခံပြီး သူတို့ပြသလိုက်သော စွမ်းအားများအရ မြေခွေးဘုရင်က အနည်းငယ် ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် နေရာမှ အသက်ရှင်လျက် ထွက်ပြေးနိုင်စွမ်း ရှိနေသေးသည်။
အကယ်၍ ဒဏ္ဏာရီများကသာ သူတို့၏ အရင်းအမြစ်များကို ပို၍ အလေးထားမည်ဆိုလျှင် အပျက်အစီးများကို ရှင်းလင်းရန် အဆင့်နိမ့် အဖွဲ့သားတစ်ယောက် စေလွှတ်ထားနိုင်သည်။ မုန့်ချီက မြေခွေးဘုရင်နှင့် တိုက်ခိုက်လိုက်ပြီးနောက် ထိုလူက အလွယ်တကူ ဝင်လာပြီး ပြဿနာကို ဖြေရှင်းလိုက်နိုင်၏။
မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများက ပို၍ မှေးမှိန်နေသည်။ ခန္ဓာကိုယ်ထဲမှ ထွက်လာသော သွေးအများစုကလည်း ပါးစပ်ထဲမှ စီးကျလာနေခဲ့၏။ သူ၏ ရင်ဘတ်က အနည်းငယ် ခွက်နေပြီး နံရိုးများက ကျိုးနေသည်။ သူ့ပုံစံကတော့ အစွမ်းထက်နေသေး၏။
သူ၏မျက်ဝန်းများက ကျားတစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်ကို စစ်ဆေးနေပြီး အပျက်အစီးများကြားထဲတွင် စောင့်နေသော လုပ်ကြံသူကိုရှာဖွေရန် ကြိုးစားနေသည်။
“တကယ်လို့ ငါ့အသက်ကို ပေးရမယ်ဆိုရင်တောင် အသေမခံနိုင်ဘူး…။ ငါက မင်းကို ပြန်ခြောက်လှန့်ရမယ်…”
ထိုအချိန်တွင် မုန့်ချီဆီ၌ တခြားအတွေးတစ်ခု ပေါ်လာခဲ့သည်။ အကယ်၍ ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့၏ အစွမ်းကသာ ရုတ်တရက် တိုးတက်လာခြင်း မဟုတ်လျှင် ရန်ချုံ၊ လျှူစုနှင့် တခြားသူများက တိုက်ခိုက်မှုကို စိတ်ဝင်စားနေဦးမည် ဖြစ်သည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ရန် စောင့်နေဦးမည် ဖြစ်၏။ အကယ်၍ အခြေအနေ အလှည့်အပြောင်းတစ်ခုဖြစ်လာလျှင် သူ့ဆီ၌ အကူအညီ နည်းပါးမှု မရှိပေ။
ဘဝကြီးက ခန့်မှန်းရန် ခက်ခဲလှ၏။ ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲက ပျော်စရာကောင်းသော ပြိုင်ပွဲများ ရှိနေသင့်သော်လည်း ယခုလိုအရာမျိုးဖြင့် ပြောင်းလဲသွားခဲ့၏။
“ဖျောက်…”
လူတစ်ယောက်က ပျံသန်းလာပြီး မုန့်ချီ၏အနားတွင် ဆင်းသက်လိုက်သည်။
သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် ပြင်ပဒဏ်ရာ လုံးဝမရှိချေ။ သူ မြေပေါ်သို့ ရောက်လာသည့်အချိန်တွင် အနည်းငယ် လိမ့်သွားပြီး လူသေတစ်ယောက်ကဲ့သို့ ရပ်သွားခဲ့၏။
မုန့်ချီက ထိုလူကို မြင်ခဲ့ဖူးသည်။ ထိုလူက ရင်မြို့ထဲရှိ သိုင်းပညာဖလှယ်ပွဲတွင် ပေါ်လာခဲ့သော လူများထဲမှ တစ်ယောက်ဖြစ်ပြီး သူ့ပုံစံက ရင်မြို့ထဲရှိ နာမည်ကျော် ထိပ်သီးသိုင်းပညာရှင် တစ်ယောက် ဖြစ်ပုံရသည်။
“သူ ထွက်မသွားခဲ့ဘူးလား…။ သူက ဒဏ္ဍာရီတွေရဲ့ အဆင့်နိမ့် အဖွဲ့သား တစ်ယောက်လား…။ သူက ဘယ်သူလဲ…”
မုန့်ချီကတော့ ဝမ်းသာသွားခြင်းထက် ပို၍အံ့ဩနေခဲ့သည်။
အခြေအနေက တဖြည်းဖြည်း ပို၍ ထူးဆန်းလာခဲ့၏။ သူ၏မျက်လုံးရှေ့တွင် ဝေဝါးသွားပြီး နောက်တစ်ယောက် ပေါ်လာခဲ့သည်။ ထိုအရာကတော့ အနက်ရောင်ဝတ်စုံ ဝတ်ထားသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဖြစ်သည်။
သူက အရပ်က ပုပု၊ ထူထဲသော ဆံပင်၊ မုတ်ဆိတ်များနှင့် ဘယ်ဘက်မျက်လုံးတစ်ဖက် လပ်နေသည်။ သူ၏ခါးတွင် အလွန်ကြောက်စရာကောင်းသော မြင်းဓားကောက်ကြီးတစ်ချောင်းကို ချိတ်ထား၏။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
“ကျိလော်ကျူး…။ သေမင်းပင်လယ် မကောင်းဆိုးဝါးဓား….
သူက ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင်တစ်ယောက်ပဲ ပြီးတော့ ငိုကြွေးခြင်းအကြီးအကဲရဲ့ တပည့်…။ သူ့ရဲ့စခန်းကို ငါ ဖျက်ဆီးခဲ့တဲ့ ကျိလော်ကျူးပဲ…။ သူက အလယ်ပိုင်းနယ်မြေအထိ လိုက်လာခဲ့တာလား…”
ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီ၏ ရင်ထဲတွင်တော့ အတော်လေးပင် လှုပ်ရှားသွားခဲ့သည်။ သူက ကုံရန်ဟောင်နှင့် ဟယ်ကျူးတို့ ရောက်လာသည်အထိ အချိန်ဆွဲနိုင်မည်လော။ ရင်မြို့ထဲတွင်ရှိနေသော အင်မော်တယ်များက ဒဏ္ဏာရီများ၏နောက်သို့ လိုက်သွားကြဦးမည်လော။
“မင်းက အရမ်းတော်တယ်…”
ကျိလော်ကျူး၏ အသံက လေးနက်ပြီး ကြောက်စရာကောင်းသည်။
သို့သော် သူက ကျင်းအင်ပါယာ၏စကားကို ပြောသည့်အချိန်တွင် အလွန်ထူးဆန်းနေခဲ့သည်။
“နဂိုတုန်းကတော့ မင်းက အလယ်ပိုင်းနယ်မြေကို ထွက်ပြေးတဲ့အချိန်မှာ ငါက မင်းနောက်ကို လိုက်ဖို့ လက်လျော့လိုက်တာ…။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ခြေရာလက်ရာတွေကို ရှာတွေ့ဖို့ ခက်တယ်လေ…။ ငါသေတာကို မြင်ချင်တဲ့သူတွေလည်း အများကြီးရှိတယ်…။ မင်းက ဒီလောက် ထူးချွန်ထက်မြက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ…။ မင်းရဲ့အစွမ်းတွေက တောက်လျောက် တိုးတက်လာနေပြီး လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး(၂၀)ထဲကိုတောင် ရောက်လာတယ်…။ မင်းရဲ့ဂုဏ်သတင်းက ကန္တာရထဲထိ ပျံ့နှံ့လာတဲ့အတွက် ငါလည်း မင်းကို အလေးထားလာရတော့တာပေါ့…။ တကယ်လို့ မင်းသာ ဝေ့ကျင်းအဆင့်ကို ရောက်သွားခဲ့ရင် ငါက တစ်ညမှတောင် ကောင်းကောင်းအိပ်နိုင်တော့မှာ မဟုတ်ဘူး…”
ကြည့်ရသည်မှာ သူကတော့ အခြေအနေတစ်ရပ်လုံးကို ရှင်းပြချင်နေပုံ ရသည်။ သူက ပို၍ပြောလေလေ မုန့်ချီအတွက်တော့ ပို၍အဆင်ပြေလေလေ ဖြစ်၏။
ကျိလော်ကျူးက မုန့်ချီကို လေးလေးနက်နက်စိုက်ကြည့်နေပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“သူတို့က အလျင်အမြန် ပြန်လာဖို့ မျှော်လင့်မနေပါနဲ့…။ ငါ့လို ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က အချိန်ကို သေချာမတွက်တတ်ဘူးလို့ မင်းက ထင်နေတာလာ။ ငါ မင်းကို ဒီလောက်အများကြီး ပြောပြနေတာက ဝမ်းနည်းပူဆွေးမှုတွေနဲ့ သေဆုံးသွားစေချင်လို့ပဲ…။ ငါက မင်းရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ချင်တယ်လေ…”
“တကယ်လို့ မင်းရဲ့နေရာကို မသိရင်တော့ ငါလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး…။ ငါက ဒီနေရာနဲ့ သိပ်ပြီး မရင်းနှီးဘူးလေ…။ တကယ်လို့ ငါက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဆိုရင်တောင် မင်းကို လိုက်ရှာဖို့ မလွယ်ဘူး…။ ဒီနေ့ မင်းက ဒီပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲကို တက်ချင်နေတာတော့ ကံဆိုးသွားတယ်…။ ဒါကြောင့် ငါက ရင်မြို့ကို ရောက်လာပြီး မင်းကို စောင့်နေခဲ့တာ…။ ပထမတော့ ငါက စောင့်ကြည့်ပြီးမှ မင်းကို သတ်ဖို့ စဉ်းစားနေတာ…။ ဒါဆိုရင် ငါက ရွှမ်ပိုင်ရဲ့ ဖိနှိပ်မှုကို ကြောက်စရာ မလိုတော့ဘူးလေ။ ဒါပေမယ့် သူတို့တွေက တော်တော်အသုံးမကျတာပဲ…။ အဆုံးမှာတော့ ငါကိုယ်တိုင်ပဲ မင်းကို သတ်ရတော့မယ်..”
ကျိလော်ကျူးက မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အတွက် အလွန်ဝမ်းသာနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူက မည်မျှဂရုစိုက်စေကာမူ ရွှမ်ပိုင်၏ ကောင်းကင်မျက်လုံးနှင့် ကောင်းကင်သိစိတ်စွမ်းအင်များက တွေ့သွားနိုင်ချေ ရှိနေသေး၏။
သူက မြေခွေးဘုရင်၏ အလစ်ချောင်းတိုက်ခိုက်မှုကို စောင့်ကြည့်ပြီး တာဝန်ပြီးဆုံးရန် မျှော်လင့်နေခဲ့သည်။ ကျန်ရှိနေသည့်အရာကိုတော့ သူက အေးအေးဆေးဆေး ဖြေရှင်းလိုက်နိုင်၏။
မြင်းဓားပြအဖွဲ့၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကန္တာရတစ်ခွင်လုံးကို အုပ်စိုးနေသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည့် ကျိလော်ကျူးက အလွန်ဆုံးဖြတ်ချက် ပြတ်သားသည်။ သူက ပြဿနာဖြစ်မည့် အရိပ်အယောင် လုံးဝပင် မပြနိုင်ပေ။
သူကတော့ မည်သည့်အရာကိုမျှလည်း မပေးဆပ်ချင်ချေ။ ထို့ပြင် သူ တိုက်ခိုက်သည့် အချိန်တိုင်း အလွန်အစွမ်းထက်သော မိုးကြိုးများကဲ့သို့ ရန်သူကို တစ်ကြိမ်တည်းနှင့် ရှင်းပစ်နိုင်သည်။
မုန့်ချီက မျက်မှောင်ကြုတ်နေမိ၏။ သူကတော့ စွန့်လွှတ်ခြင်းကျင့်စဉ်ကို နောက်တစ်ကြိမ်သုံးရန် ပြင်ဆင်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူ အသတ်ခံရလျှင်ပင် ကျိလော်ကျူးကို သူနှင့်အတူ အပါခေါ်သွားရန် စဉ်းစားထားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ခေါင်းထဲ၌ ရတနာများ၊ လျှို့ဝှက်ချက်များကို စဉ်းစားနေခဲ့ပြီး ကျိလော်ကျူးကို အချိန်ဆွဲရန် စဉ်းစားနေသည်။
“ကောင်းပြီလေ…။ ဒီမှာပဲ ရပ်လိုက်ကြစို့…”
ကျိလော်ကျူးက ကြေညာလိုက်သည်။
အဝေးတွင် ရှိနေသော မြူခိုးတောင်တန်းမှ လှုပ်ရှားမှုများက ပျောက်ကွယ်သွား၏။ ဒဏ္ဏာရီများက အောင်မြင်ခြင်း ရှိ၊ မရှိ သူ သေချာ မသိချေ။ သူက ဓားကို ဆွဲထုတ်လိုက်ပြီး မုန့်ချီကို အဆုံးသတ်ရန် ပြင်လိုက်၏။ သူ၏စိတ်ဝိညာဉ်ကိုတော့ မကောင်းဆိုးဝါးဓားထဲတွင် ပိတ်လှောင်ထားလိုက်မည်ဆိုလျှင် အတော်လေး အစွမ်းထက်လာနိုင်သည်။
ထိုအချိန်တွင် သူတို့၏ ပတ်ပတ်လည်၌ အဖြူရောင်ကြာပန်းပွင့်များ ကျဆင်းလာပြီး လန်းဆန်းတက်ကြွသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။
"လူသားကမ္ဘာကြီးက အကျဉ်းထောင်တစ်ခုလိုပဲ…။ သက်ရှိတွေအားလုံးက ဒုက္ခခံနေကြရတာ…။ ပြန်လည်ဝင်စားခြင်းသံသရာက အဆုံးမရှိဘူး…။ ဒုက္ခတွေကလည်း အဆုံးမရှိဘူး…။ လူသားတွေကို သနားညှာတာပေးပါ…။ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုကို ရယူပါ…။ အဂတိသခင်မ… ။ လေဟာနယ်မြို့တော်…”
အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုလေးတစ်ယောက်က နှင်းပွင့်လေးကဲ့သို့ ကျဆင်းလာသည်။ သူမက တီးတိုးရေရွတ်နေပြီး ကြာပန်းပွင့်များပေါ်ကို နင်းဖြတ်လာခဲ့၏။ သူမက သူတို့နှစ်ယောက်၏ နောက်တွင် ရှိနေသော လေဟာနယ်ထဲမှ ဆင်းသက်လာသလို ထင်မှတ်ရသည်။
အလွန်တည်ငြိမ်အေးချမ်းနေသော သူမ၏အမူအရာက အပြုံးလေးတစ်ခုနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။
“တကယ်လို့ ရှင်က ကျွန်မယောကျ်ားကို သတ်ချင်နေတယ်ဆိုရင် ကျွန်မကို အရင်ဆုံး မေးရမှာပေါ့…”
“ဘယ်လို…။ နတ်ဆိုးမကူကလည်း ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီလား…”
မုန့်ချီက အနည်းငယ် အံ့ဩသွားခဲ့သည်။
ထို့နောက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။
“ဒါကြောင့် ငါနဲ့ အစ်ကိုချီက လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးနေခဲ့ပေမယ့် သူက ကြားနိုင်နေတာပဲ…”
ဝေ့ကျင်းအဆင့် ပညာရှင်များကသာ သူတို့၏စကားကို ကြားနိုင်ကြောင်း ပြောခဲ့သည့် အချိန်တွင် သူမကိုယ်တိုင်က ဝေ့ကျင်းအဆင့်ဖြစ်ကြောင်း မပြောခဲ့ပေ။ သူမဆီတွင် ထူးခြားသော စွမ်းရည်တစ်မျိုး ရှိမည်ဟုသာ သူတို့က ယူဆမိခဲ့ကြ၏။ ထိုသို့ဆိုလျှင် သူမက ဝေ့ကျင်းအဆင့်ကို တက်ရောက်သွားခြင်း ဖြစ်နိုင်သည်။
ထိုနတ်ဆိုးမက အစစ်အမှန်နှင့် အတုအယောင်ကို မည်သို့ပေါင်းစပ် ပြောရမည်ဖြစ်ကြောင်း အမှန်တကယ် သိနေခဲ့သည်။ သူမက တခြားသူများကို လှည့်စားရာတွင် အမှန်တကယ် အံ့ဩစရာကောင်းလွန်းလှ၏။
Translated by Hein Htet.