← Chapters

အခန်း (၄၂၀)

Vol. 28 Ch. 420

အခန်း (၄၂၀)

Vol. 28 Ch. 420

အဖြူရောင် ကြာပန်းပွင့်လေးများ ကျဆင်းလာပြီး ကူရှောင်စန်းက အလွန်လှပသော နတ်သမီးတစ်ပါး ကောင်းကင်ပေါ်မှ ကျဆင်းလာသလို ထင်မှတ်ရသည်။

ကျိလော်ကျူးက သူ၏ဓားသွားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ သူ၏မျက်လုံးများကလည်း သေချာစိုက်ကြည့်နေခဲ့သည်။

"လော်အဖွဲ့အစည်းက နတ်ဘုရားမလား…"

လော်အဖွဲ့အစည်းက မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်ထဲမှ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့၏ လျှို့ဝှက်ကျင့်စဉ်များက နှစ်ပေါင်းများစွာ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းမျိုးဆက်ထဲတွင် ငိုကြွေးခြင်း အကြီးအကဲကဲ့သို့ လူတစ်ယောက်ကပင် သူတို့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် လက်ရှိလော်အဖွဲ့အစည်းတွင် ဓမ္မကာရအဆင့် ပညာရှင်များလည်း ရှိနေသည်။ အနောက်ပိုင်းနယ်မြေထဲတွင် အစွမ်းထက်ဆုံး ဂိုဏ်းတစ်ခုဖြစ်သည့် အသူရာကျောင်းဆောင်ကပင် သူတို့ကို အံ့ဩမှင်တက်စွာ ကြည့်နေရပြီး သူတို့ကို ကြောက်လန့်ကြရသည်။ ကျိလော်ကျူးက သူတို့၏အစွမ်းကို မည်သို့ လျှော့တွက်နိုင်မည်နည်း။

သူက ကူရှောင်စန်းနှင့် ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သော်လည်း သူမနှင့် ပတ်သက်သည့် ကောလာဟလမျိုးစုံကို ကြားခဲ့ဖူးသည်။ သူမ ဆင်းသက်လာသော အငွေ့အသက် ၊ ပြိုင်ဘက်ကင်း အလှတရားနှင့် လေထဲတွင် အချုပ်အနှောင်မရှိသော အရည်အသွေးများကြောင့် သူမ၏အဆင့်အတန်းကို ခန့်မှန်းကြည့်ရန် ခက်ခဲသည်။

"ဒါဆိုရင် သူကလည်း ဝေ့ကျင်းအဆင့်ပဲလား…"

သူမက မည်သူမှ မသိလိုက်ဘဲ ဝေ့ကျင်းအဆင့်ကို ရောက်သွားခဲ့သည်။

ကူရှောင်စန်းက မုန့်ချီ၏အနားတွင် ရပ်နေပြီး အပြုံးနှင့် ပြောလိုက်၏။

"ငါက ငိုကြွေးခြင်းအကြီးအကဲဆီကနေ ဆက်ခံထားတဲ့ မကောင်းဆိုးဝါးဓားကို စောင့်ကြည့်နေတာ။ ရှင်က ကျွန်မရဲ့ယောကျ်ားကို သတ်ချင်နေတယ်ဆိုတော့ တော်တော်ရိုင်းတာပဲ….”

“ယောကျ်ား ဟုတ်လား…"

ကျိလော်ကျူးက မုန့်ချီနှင့် ကူရှောင်စန်းတို့ကို မသေမချာ လှည့်ကြည့်နေပြီး သံသယဝင်နေခဲ့သည်။

"သွားပြီ … ။ ငါ့ဂုဏ်သိက္ခာတော့ သွားပါပြီ…"

ထိုအရာက မုန့်ချီ၏တစ်ခုတည်းသော အတွေးသာ ဖြစ်သည်။ သို့သော် အကယ်၍ ထိုအရာကို သူက တွေးနေမည်ဆိုလျှင်ပင် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားခြင်းတော့ မဟုတ်သေးပေ။

ကျိလော်ကျူးက လမ်းမှား နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူ့ကို ပစ်မှတ်ထားနေသည်။ သူက မုန့်ချီကို ဂုဏ်သိက္ခာကျဆင်းအောင် ကြိုးစားနေသည်ဟုသာ တခြားလူများက တွေးမိကြပါလိမ့်မည်။ သူကိုယ်တိုင် ပေါ်လာပြီး ကောလာဟလများကို မဖြန့်သရွေ့ ထိုအရာက အခြေအမြစ်မရှိ စွပ်စွဲခြင်းသက်သက်သာ ဖြစ်ပါလိမ့်မည်။

တစ်ချိန်တည်းတွင် သူက အခွင့်အရေးကို အရယူပြီး စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကို တိတ်တဆိတ် သောက်လိုက်၏။

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်သည်။

"ကျွန်မက သူ့ကို ကျွန်မယောကျ်ားဖြစ်လာအောင်လုပ်ဖို့ ခေါ်သွားတော့မလို့ပဲ.."

သူမက ခဏရပ်လိုက်ပြီး လှောင်ပြောင်သရော်သည့် အမူအရာနှင့် ပြောလိုက်သည်။

"ရှင်က နှစ်ပေါင်းများစွာ နာမည်ရှိနေတာပဲ။ ဒါပေမဲ့ အခုချိန်ထိ ပထမကောင်းကင် လှေကားကိုတောင် မဖြတ်ကျော်ရသေးဘူး။ ခစ် ခစ် ခစ် ခစ်။ ငိုကြွေးခြင်း အကြီးအကဲက သူ့ရဲ့တပည့်တွေကို ရက်စက်ကြမ်းကြုတ်တယ်လို့ လူ‌တွေက ပြောကြတယ်။ ဒါပေမဲ့ အခု ရှင့်ကို မြင်လိုက်ရတော့ အဲဒါတကယ်ပဲ ဆိုတာ တွေ့လိုက်ရပြီ။ တကယ်လို့ အဲဒီနေရာမှာ ကျွန်မသာဆိုရင် ရှင့်ကို ကိုယ်တိုင်သတ်ပစ်ပြီး ရှင့်ရဲ့အလောင်းကို ခွေးစာကျွေးပစ်တာ ကြာလောက်ပြီ.."

သူမကတော့ ချိုချိုသာသာ စကားလုံးတစ်ခုမျှ မပြောခဲ့ပေ။ သူမ၏စကားလုံးများက ကျိလော်ကျူးကို တည့်တည့် ထိုးနှက်ခဲ့၏။ အလွန်ရုပ်ဆိုးသော သူ၏နဖူးပေါ်တွင် အစိမ်းရောင်သွေးကြောကြီးများ ထွက်ပေါ်လာနေပြီး မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ အေးစက်တည်ငြိမ်သည့် သူ၏အမူအရာလည်း ပျောက်ကွယ်သွားခဲ့ပြီး တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာခဲ့၏။

ကူရှောင်စန်းက မျက်ခုံးပင့်၍ ပြောလိုက်သည်။

"ကျွန်မရဲ့ယောကျ်ားက နောက်ပိုင်းမှာ သူ့လက်နဲ့သူ လက်စားချေဖို့ပဲ ကျွန်မက မျှော်လင့်နေခဲ့တာ။ မဟုတ်ရင် ရှင်က ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ အခုတော့ ရှင့်ရဲ့အခွင့်အရေးပဲ။ ရှင်က ဘာကိုစောင့်နေတာလဲ…"

သူမက တခြားစကားလုံးများကိုသုံးပြီး ခြိမ်းခြောက်လိုသည့် အရာကို ဖုံးကွယ်ထားခြင်း မရှိချေ။ ကြည့်ရသည်မှာ သူမက သေမင်းပင်လယ်ကန္တာရမှ မကောင်းဆိုးဝါးဓားကို အဖိုးမတန်သော ပိုးကောင်လေး တစ်ကောင်အဖြစ် သတ်မှတ်ထားပုံရသည်။

ကျိလော်ကျူးက ငယ်ရွယ်သည့် လူတစ်ယောက် မဟုတ်သလို ကူရှောင်စန်း၏ ခြိမ်းခြောက်မှုများကို ကြောက်လန့်သွားနိုင်သော အတွေ့အကြုံမရှိသည့် လူတစ်ယောက်လည်း မဟုတ်ချေ။ သူက အမုန်းတရားများ ၊ ဒေါသများကို ထိန်းချုပ်နိုင်ခဲ့၏။

ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သူက နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ပဲ ပြန်လှည့်ပြီး ထွက်ခွာသွားခဲ့၏။ အကယ်၍ ကူရှောင်စန်းက အဆင့်တက်ထားသည်မှာ မကြာသေးလျှင်ပင် သူမက ပြိုင်ဘက်ကင်း နတ်ဘုရားသိုင်းပညာများ လေ့ကျင့်ထားသည်။

သူကတော့ ယခုအချိန်ထိ ပထမကောင်းကင်လှေကားကိုပင် မဖြတ်ကျော်နိုင်သေးပေ။ သူက သူမကို အလျင်အမြန် တိုက်ခိုက်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ အချိန်ကြာသွားမည်ဆိုလျှင် အရှေ့ပင်လယ်ဓားကျေးရွာမှ လူများ ပြန်ရောက်လာနိုင်သည်။ အကယ်၍ ထိုသို့ဆိုလျှင်တော့ သူက ဤနေရာမှ အသက်ရှင်လျက်ထွက်သွားရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

ထို့ပြင် လော်အဖွဲ့အစည်းမှ နတ်ဘုရားမ ပေါ်လာသည့်အတွက် အနီးအနားတွင် ကျင့်ကြံသူများ ၊ နတ်ဆရာများ ရှိနေသည်ဟု ဆိုလိုနေသည်။ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်လိုက်ခြင်းက ဉာဏ်ကောင်းသော ရွေးချယ်မှုတစ်ခု မဟုတ်နိုင်ပေ။

အဝေးတွင် ကျိလော်ကျူး ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး မုန့်ချီကတော့ တစ်ကိုယ်လုံး အားနည်းသွားသလို ခံစားလိုက်ရ၏။ စွန့်လွှတ်ခြင်းကျင့်စဉ်က အကျိုးသက်ရောက်မှု ကုန်ဆုံးသွားခဲ့ပါပြီ။ သူက ဆိုးဆိုးဝါးဝါး နာမကျန်းဖြစ်သွားသလို အားနည်းသွားခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ မြေပေါ်သို့ နောက်ပြန် လဲကျသွားခဲ့သည်။

သို့သော် သူ့ကို လက်သွယ်သွယ်လေးတစ်စုံက ဖမ်းထားခဲ့၏။ ကူရှောင်စန်းက သူ့နောက်တွင် အချိန်မီ ရပ်လိုက်သည်။ သူမက သူ့ကိုနောက်မှ သိုင်းဖက်ထားသည့်အတွက် မုန့်ချီက အလွန်ထူးခြားသော မွှေးရနံ့များကို ရရှိနေခဲ့၏။

"နတ်ဆိုးမ …နင်က ဘာလုပ်ချင်နေတာလဲ…"

မုန့်ချီက အော်ဟစ်ရန် စဉ်းစားခဲ့သည်။ သို့သော် သူက နတ်ဆိုးမအတွက် တန်ဖိုးရှိနေဦးမည်ဟု ခံစားမိနေသေးသည့်အတွက် သူတို့ (၂) ယောက်၏ အခြေအနေကို ပျက်စီးသွားစေနိုင်သောအရာများ တစ်ခုမျှမလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ကူရှောင်စန်းက တိုးတိုးလေးရယ်ပြီး ပြန်ဖြေလိုက်၏။

"ကျွန်မက ယောကျ်ားကို အိမ်ခေါ်သွားမလို့လေ…"

ထို့နောက် သူမက မြေပြင်ကို ခြေထောက်နှင့် အသာအယာနင်းလိုက်ရာ သူတို့ (၂)ယောက်လုံးက လေထဲသို့ မြောက်တက်သွားခဲ့သည်။ သူမ၏လက်တစ်ဖက်က မုန့်ချီ၏ ပုခုံးကိုကိုင်ပြီး တခြားလက်တစ်ဖက်က ခါးကိုဖက်၍ ခေါ်သွားခဲ့၏။ သူတို့၏ ပတ်ဝန်းကျင်ကတော့ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

"ယောကျ်ား …

ရှင်က အပြင်ဘက်မှာ လွတ်လပ်ပေါ့ပါးပေမယ့် အရမ်းကို မာနကြီးပြီး ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ဆိုတာ ကျွန်မသိတယ်။ ရှင်က ရန်သူတွေကို ရှင့်ရဲ့လက်နဲ့ပဲ သေချာပေါက် ရှင်းပစ်ချင်မှာပဲလေ။ ဒါကြောင့် ကျွန်မက မြေခွေးဘုရင်ရဲ့ ကိစ္စမှာ ဝင်မပါခဲ့သလို မကောင်းဆိုးဝါးဓားကိုလည်း ကြည့်နေပြီး ရှင့်ကိုယ်ရှင် လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခု ပေးလိုက်တာ"

ကူရှောင်စန်းက သူ့ကို ချီးကျူးလိုက်သည်။

"ရှင်က တံခါး (၉) ပေါက် ပွင့်ပြီးသွားရင်တော့ မြောက်ပိုင်းကို သွားသင့်တယ်။ ပြီးရင် အတိတ်တုန်းက မြေခွေးဘုရင် လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လမ်းတလျှောက်မှာ ရှင့်ရဲ့စွမ်းရည်တွေကို မြှင့်တင်သွားပေါ့။ နောက်ဆုံးမှာတော့ ရှင်က မြက်ခင်းပြင်ထဲမှာရှိနေတဲ့ သူရဲ့အိမ်ကို အရောက်သွားပြီး အန္တရာယ်တွေ ကြားထဲမှာ သူ့ကိုသတ်ပစ်လို့ရတယ်။ အဲဒီလိုဆိုမှပဲ ယောကျ်ားတစ်ယောက်ရဲ့ လက်တုံ့ပြန်မှုလို့ သတ်မှတ်နိုင်တော့မှာပေါ့…"

ကူရှောင်စန်းက သူ၏ရန်သူများကို ဖြေရှင်းရန် ကူညီပေးလိမ့်မည်ဟု မုန့်ချီက လုံးဝ မတွေးထားပေ။ သူ့ဆီတွင်လည်း လက်တုံ့ပြန်ခြင်းနှင့် ပတ်သက်ပြီး တူညီသော အတွေးတစ်ခု ရှိသည်။ သူ့ဒဏ်ရာ ပြန်ကောင်းသွားလျှင် သူက နှစ်ဝက်ခန့် တိတ်တဆိတ် လေ့ကျင့်နေပြီး မြောက်ပိုင်းသို့ ဦးတည်သွားရန် စဉ်းစားထား၏။

ထို့နောက် မြက်ခင်းပြင်ထဲသို့ ဝင်ရောက်ပြီး အတားအဆီးများစွာကို ဖြတ်ကျော်၍ မြေခွေးဘုရင်ကို သူ့ဓားနှင့် အဆုံးသတ်ချင်ခဲ့သည်။ ထိုကဲ့သို့ လုပ်ရပ်မျိုးကမှ လက်တုံ့ပြန်ခြင်းဟု သတ်မှတ်နိုင်ပြီး သူ၏စိတ်ဝိညာဉ်နှင့် သိုင်းပညာကို လေ့ကျင့်နိုင်သည်။

ထိုအရာက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ပိုင်ဆိုင်စေနိုင်ပြီး သူလျှောက်လှမ်းချင်သည့် လမ်းကြောင်းကိုလည်း သိလာနိုင်သည်။ ကျိလော်ကျူး အတွက်တော့ မုန့်ချီက ဝေ့ကျင်းအဆင့်ကို ရောက်ပြီးမှသာ သူ့ကို တိုက်ခိုက်နိုင်ပါလိမ့်မည်။

သို့သော် သူ့ဆီမှ အလွန်အရေးကြီးသော သင်ခန်းစာတစ်ခု သင်ယူခဲ့ရသည်။ သိုင်းလောကဟူသည်မှာ အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် တခြားလူများက သူ၏လမ်းကြောင်းကို တစ်လ ၊ နှစ်လခန့် မသိထားသည်မှာ အကောင်းဆုံး ဖြစ်သည်။ သူက သူတို့နှင့် မည်မျှ ဝေးကွာနေစေကာမူ ရန်သူများကို လျှော့တွက်၍ မရနိုင်ပေ။

"ဘာလို့ နင်က ငါ့ကို မြက်ခင်းပြင်ဆီသွားဖို့ တိုက်တွန်းနေရတာလဲ…"

မုန့်ချီဆီတွင် တူညီသော အတွေးတစ်ခု ရှိနေသော်လည်း သူက ထိုအရာကို နတ်ဆိုးမ၏ ရှေ့တွင် ဝန်မခံချင်ပေ။

ကူရှောင်စန်းက ကျေနပ်စွာ ပြောလိုက်၏။

"အနည်းဆုံးတော့ ငါက နင့်ရဲ့နှလုံးသားကို နားလည်သေးတယ်လေ.."

သူမက အန္တရာယ်မပေးနိုင်သော မိန်းကလေးငယ်လေး တစ်ယောက်အလား သူနှင့် အေးအေးဆေးဆေး စကားပြောနေခဲ့၏။

…………..

သူတို့ (၂) ယောက် ထွက်သွားပြီး သိပ်မကြာခင် အစိမ်းရောင်ဝတ်စုံ ပြောင်းလဲထားသော ဟယ်ကျူးနှင့် ကုံရန်ဟောင်တို့က လေထဲတွင် ပေါ်လာခဲ့သည်။ သူတို့က တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝန်းကြီးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ပျက်စီးသွားသော အိမ်ရှေ့တံစက်မြိတ်ကို စိုက်ကြည့်နေခဲ့သည်။ ထိုနေရာတွင် အစိမ်းရောင်အုတ်ချပ်များ ရှိနေ၏။

ဟယ်ကျူးက မျက်ခုံးပင့်လိုက်မိသည်။

"သတ်ဖြတ်ရေးဓားက ငါထင်ထားတာထက် ပိုပြီးအစွမ်းထက်နေတာပဲ…"

မြူခိုးမိုးတောင်တန်းသို့ သူတို့နှစ်ယောက် ရောက်သွားချိန်တွင် ဒဏ္ဍာရီများက အင်အားစုများကို ရုတ်သိမ်းသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့၏အဖွဲ့သား တစ်ယောက်ကိုမျှ ရှာတွေ့ခဲ့ခြင်း မရှိပေ။

သို့သော် သူတို့၏ ကျေးဇူးကြောင့် အိမ်ရှေ့မင်းသား ကျိုးချမ်ကိုတော့ ကယ်တင်နိုင်ခဲ့သည်။ သူက ရင်မြို့၏ ယပ်တောင် (၆) လက်ကျောင်းတွင် မိန်းမစိုးဝေ့ကောင်း ၊ ငွေတံဆိပ်လူဆိုးထိန်း ချမ်းကိုင်နှင့် ကျောင်းထိုင်ကိုယ်တော် ဟွာရန်တို့၏ အကာအကွယ်အောက်တွင် ရှိနေသည်။

ကုံရန်ဟောင်နှင့် ဟယ်ကျူးတို့က လူခွဲပြီး ဒဏ္ဍာရီအဖွဲ့များကို လိုက်ချင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်း၏ ကောင်းကင်ပေါ်မှနေ၍ မိုးကြိုးအပြစ်ပေးမှု ကျဆင်းလာသည့်အတွက် သူတို့က ပြန်လာကြည့်ခြင်း ဖြစ်၏။

"သူတို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…"

မုန့်ချီကလည်း ဒဏ္ဍာရီများ၏ ပစ်မှတ်တစ်ခု ဖြစ်လိမ့်မည်ဟု ကုံရန်ဟောင်က မထင်ထားခဲ့ပေ။ သူက လျှို့ဝှက်အဖွဲ့အစည်း၏ အစစ်အမှန် ရည်ရွယ်ချက်များကို သေသေချာချာ စဉ်းစားနေရသည်။

ဟယ်ကျူးကလည်း အဖြေမရှိသည့်အလား ခေါင်းခါပြလိုက်၏။

"ဦးလေးကုံရန် …

ပတ်ပတ်လည်ကို လှည့်ကြည့်ကြစို့။ စုမုန့်က ကျွန်တော့်ရဲ့နေရာမှာ တိုက်ခိုက်ခံခဲ့ရတာ။ ဒီနေရာရဲ့ ပိုင်ရှင်ဖြစ်တဲ့အတွက် ကျွန်တော်က မမြင်ချင် ယောင်ဆောင်နေလို့မရဘူး…"

"ကောင်းပြီလေ…"

ကုံရန်ဟောင်က သဘောတူလိုက်သည်။

ဟယ်ကျူးက စတင်ရှာဖွေလိုက်ပြီးနောက် သက်ပြင်းချပြီး ပြောလိုက်၏။

"ဒဏ္ဍာရီတွေက အမြဲတမ်း သိုသိုသိပ်သိပ်နဲ့ လှုပ်ရှားကြတာ။ လူအနည်းစုလောက်ကပဲ သူတို့ရဲ့တည်ရှိမှုကို သတိထားမိကြတယ်။ သူတို့က ဒီလိုလှုပ်လှုပ်ရှားရှား လုပ်ခဲ့ပြီး ကမ္ဘာကြီးထဲမှာ ပေါ်လာခဲ့တယ်။ ကြည့်ရတာ ပဋိပက္ခတွေက အမှန်တကယ် ဖြစ်လာတော့မှာလား…"

သူကတော့ ပဋိပက္ခ ဖြစ်နိုင်ချေကို ပြောသည့်အချိန်တွင် အကြောက်တရား လုံးဝ မရှိခဲ့ပေ။ တစ်ဖက်တွင်တော့ သူက အဆင့်တူ ပညာရှင်များကို စိန်ခေါ်နေရသည့်အလား ယုံကြည်ချက်များ ကျေနပ်နေသည်။ ခဏကြာပြီးနောက် သူတို့ (၂) ယောက်ကလည်း သဲလွန်စများကိုရှာဖွေရန် ပျော်ရွှင်ခြင်းတိမ်တိုက်မှ ထွက်သွားခဲ့၏။

…………..

ကျန်းကျိဝေက လမ်းတစ်ဝက်မှ ပြန်လှည့်လာနေသည်။ သူမက အလွန်ဆုံးဖြတ်ချက် ပြတ်သား၏။ သို့သော် စိုးရိမ်မှုများက သူမ၏ခံစားချက်များ စကားလုံးများထဲတွင် ရှိနေသေးသည်။

သူမနှင့် ဟုန်ချမ်းတို့က တျန်းရွှေမြစ်ကို မဖြတ်ရသေးခင် မြူခိုးမိုးတောင်တန်းရှိ လှုပ်ရှားမှုများကို သတိထားမိပြီး စုံစမ်းရန် ပြန်လာခဲ့ရခြင်း ဖြစ်သည်။ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းမှ ကောင်းကင်မိုးကြိုး (၅) သွယ် လက္ခဏာများကို တွေ့သွားမိသည့်အချိန်တွင် မုန့်ချီက တိုက်ခိုက်ခံနေရကြောင်း သူမက နားလည်သွားခဲ့၏။

သူမ၏ရင်ထဲတွင်လည်း စိုးရိမ်မှုများ ပေါ်လာပြီး အလျင်အမြန် ရောက်လာခဲ့သည်။ ဟုန်ချမ်း၏ အကူအညီနှင့် သူတို့က ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်၏။ တိုက်ပွဲကွင်းပြင်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။

ဤနေရာတွင် မုန့်ချီ၏ သေဆုံးမှုနှင့် ပတ်သက်သော လက္ခဏာများ မရှိချေ။ ကြည့်ရသည်မှာ သူက အေးအေးဆေးဆေး ထွက်သွားပုံရ၏။

"ဆရာကြီးဟုန် … သူတို့နောက်ကို လိုက်ကြစို့…"

ကျန်းကျိဝေက အသံတိုးတိုးနှင့် ပြောလိုက်သည်။

ထိုအရာက တောင်းဆိုခြင်း မဟုတ်ဘဲ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ အကယ်၍ ဟုန်ချမ်းက လိုက်မသွားချင်လျှင်ပင် သူမက ကိုယ့်သဘောနှင့် ကိုယ် လိုက်သွားမည် ဖြစ်သည်။

ဟုန်ချမ်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်၏။

…………

ရင်မြို့၏ ရုံးချုပ်ထဲတွင် ရှိနေသော ယပ်တောင် (၆) လက်ကျောင်းထဲတွင် မိန်းမစိုးဝေ့ကောင်းကလည်း ချမ်းကိုင်နှင့် ဟွာရန်ကဲ့သို့ စိုးရိမ်ထိတ်လန့်နေပြီး အိမ်ရှေ့မင်းသား၏ ဒဏ်ရာများကို ကုသပေးနေခဲ့သည်။ ဟွာရန်က လျှို့ဝှက် နည်းလမ်းတစ်ခုကိုသုံးပြီး ချီစွမ်းအင်များကို အိမ်ရှေ့မင်းသား၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းစေပြီး သွေးအဆီအနှစ်များအဖြစ် ပြောင်းလဲပေးခဲ့သည့်အတွက် သူ၏ခန္ဓာကိုယ်က တိုးတက်လာခဲ့သည်။

တစ်ဖက်တွင်တော့ ချန်းယုက မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဖယ်ရှားရန် အာရုံစိုက်နေခဲ့သည်။ ကျိုးချမ်၏ ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင် အငွေ့များ ထွက်လာပြီး တဖြည်းဖြည်း ကောင်းလာနေ၏။

ကျိုးချမ်၏ မျက်နှာလေးက ဖြူဖက်ဖြူရော် ဖြစ်နေသော်လည်း အကြောက်တရားနှင့် ဒေါသများ မရှိချေ။ သူက အပြုံးနှင့် ပြောလိုက်၏။

"ငါက မင်းတို့ (၂) ယောက်လုံးအပေါ် ကျေးဇူးတင်ရတော့မယ်…"

လွတ်မြောက်နိုင်ခြင်း မရှိသော သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူ၏မျက်နှာပေါ်ရှိ အပြုံးက တည်ငြိမ်နေသေးသည်။

ဟွာရန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။ အိမ်ရှေ့မင်းသား၏ စိတ်အခြေအနေက အမှန်တကယ်ကို ထူးခြားလှသည်။

……..

တစ်နေရာတွင်တော့ မြောက်ပိုင်းဓူဝံကြယ် ၊ တောင်တန်းနတ်ဘုရား ၊ အနောက်ပိုင်းသခင်မနှင့် မဟာဗရမျက်နှာဖုံး ဝတ်ဆင်ထားသော ဒဏ္ဍာရီအဖွဲ့သားများက နောက်တစ်ကြိမ် စုစည်းနေကြသည်။

"အစစ်အမှန်အင်ပါယာတံဆိပ် ပါဝင်တဲ့အပိုင်းကလွဲရင် တာဝန်က အနည်းနဲ့အများ ပြီးသွားပြီ…"

မြောက်ပိုင်းဓူဝံကြယ်က တခြားသူများကို လှည့်ကြည့်လိုက်သည်။

တောင်တန်းနတ်ဘုရား၏အသံက တိုးညင်းစွာ ထွက်လာခဲ့၏။

"တကယ်လို့ နတ်ဆိုးမကသာ ဝင်ပြီး မနှောင့်ယှက်ခဲ့ရင် ငါတို့က အစစ်အမှန်အင်ပါယာတံဆိပ်ကို ရနေလောက်ပြီ…"

"စစ်ခုံထူက နောက်တစ်ကြိမ် ပေါ်မလာတော့ဘူး။ ကြည့်ရတာ အစစ်အမှန်အင်ပါယာတံဆိပ်က တကယ်ပဲ နတ်ဆိုးမရဲ့လက်ထဲကို ရောက်သွားတာ ဖြစ်မယ်…"

အနောက်ပိုင်းသခင်မက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

မဟာဗရကလည်း သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။ သူက ကြောက်စရာကောင်းသောအသံနှင့် မေးလိုက်သည်။

"ဘာလို့မြေခွေးဘုရင်က ဒီမှာမရှိတာလဲ…”

သူက အသွေးအသားများကို တစ်စစီ ဖျက်ဆီးပစ်ချင်နေ၏။ အနောက်ပိုင်းဘုရင်မက သူ့ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မြေခွေးဘုရင်က တစ်ကောင်တည်းနေတဲ့ မြေခွေးလေ။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူကတော့ ဝေးဝေးနေဖို့ ရွေးချယ်မှာပဲ…"

………….

မုန့်ချီက ကူရှောင်စန်း၏ပေါင်ပေါ်တွင် လဲလျောင်းနေရင်း ပန်းထိုးထားသော ကန့်လန့်ကာကို စိုက်ကြည့်နေမိ၏။ ထိုအချိန်တွင် လက်သေးသေးလေးများကတော့ သူ့ခေါင်းကို နှိပ်နယ်ပေးနေကြောင်း ‌ခံစားနေရသည်။ ထိုအခါ စွန့်လွှတ်ခြင်းကျင့်စဉ်၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ရရှိလာသော စိတ်စွမ်းအားကုန်ဆုံးမှုနှင့် နာကျင်မှုများက သက်သာရာ ရနေ၏။

"ယောကျ်ား …အခုနေရတာ ပိုကောင်းသွားပြီလား…"

ကူရှောင်စန်းက တင်ပျဉ်ခွေထိုင်နေရင်း မုန့်ချီကို မေးလိုက်သည်။ သူမက သူ၏ဦးခေါင်းကို နှိပ်နယ်ပေးနေသည်မှာ အရှင်သခင်ကို အလုပ်အကျွေးပြုနေသော အစေခံမလေး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သူတို့ကို သယ်ဆောင်ထားသော မြင်းလှည်းက လမ်းတလျှောက် လျင်မြန်စွာ သွားလာနေပြီး လှုပ်ရှားမှု အနည်းငယ်လေးသာ ရှိသည်။

မုန့်ချီက အံကြိတ်၍ ပြောလိုက်၏။

"ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဆိုမှတော့ နင့်မှာ ငါ့ရဲ့စိတ်စွမ်းအားတွေကို ပြန်ကောင်းစေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေ ရှိသင့်တာပေါ့။ ငါ့ရဲ့ခေါင်းကို နှိပ်နယ်ပေးတာက ဘာရမှာလဲ.."

ကူရှောင်စန်းက တိုးတိုးလေး ပြုံးလိုက်သည်။

"ဒါက မိန်းမတွေ လုပ်ပေးသင့်တဲ့အရာမျိုး မဟုတ်ဘူးလား…"

"သူက ငါ့ကို ဟာသလာလုပ်နေတာပဲ…"

မုန့်ချီက ပြောစရာစကားလုံး မရှိသည့်အတွက် ခေါင်းစဉ်ပြောင်းလိုက်သည်။

"နင်က ကောင်းကင် (၉) သွယ်အပျက်အစီးကနေ ရလာတဲ့ အကျိုးအမြတ်တွေနဲ့ ဝေ့ကျင်းအဆင့်ကို တစ်ကြိမ်တည်းရောက်သွားပြီ။ စစ်ခုံထူက ဘယ်လိုဖြစ်ပြီး လွတ်မြောက်သွားရတာလဲ.."

ကူရှောင်စန်းက သူ့ခေါင်းကို ဆက်နှိပ်ပေးနေသည့်အချိန်တွင် သူမက ချိုသာစွာပြုံး၍ ပြန်ဖြေလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါက သူ့ကို နဂိုကတည်းက ဖမ်းမှ မဖမ်းချင်ခဲ့တာ။ တကယ်လို့ ကျင့်ကြံသူတွေနဲ့ ငါကသာ ဒဏ္ဍာရီအဖွဲ့သားတွေကို မနှောင့်ယှက်ခဲ့ဘူးဆိုရင် သူက အုတ်ဂူတောင်ကြားထဲကနေ ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။ အစစ်အမှတ်အင်ပါယာတံဆိပ်ကတော့ ငါ့မှာ အဲဒီအရာကိုရဖို့ ကံတရားရှိနေတယ်လို့ပဲ ပြောနိုင်တယ်…"

"ကံတရားဟုတ်လား..။ နင်က ဘာလုပ်ဖို့စဉ်းစားနေတာလဲ…"

ကူရှောင်စန်းက ထိုကဲ့သို့ သဘောကောင်းလိမ့်မည်ဟု မုန့်ချီက မယုံခဲ့ပေ။

ကူရှောင်စန်းက သူ့ခေါင်းကို သိမ်မွေ့စွာ နှိပ်ပေးနေရင်း တိုးတိုးလေး ရယ်လိုက်၏။

"ငါတို့က ဘာမှလုပ်နေတာ မဟုတ်ပါဘူး။ ငါတို့က အစစ်အမှန် အင်ပါယာတံဆိပ်ကိုသုံးပြီး ငါးကြီးကြီးဖမ်းလို့ရမလား စဉ်းစားနေတာ…"

"ငါးကြီးကြီး ဟုတ်လား…"

မုန့်ချီက သံသယဝင်နေမိသည်။

ကူရှောင်စန်းကတော့ အသေးအဖွဲ့ကိစ္စများ ပြောနေသလို ထင်မှတ်ရ၏။ "ခန်းအင်ပါယာရဲ့အဆုံးသတ်မှာ အိုက်ဘုရင်က လော်အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့တယ်။ ဒါကြောင့် ငါတို့က လျှို့ဝှက်ချက်တွေ အများကြီးသိတယ်။ ဥပမာအနေနဲ့ ပြောရရင် ဟန်မိသားစုမှာ အရည်အချင်းရှိတဲ့ တပည့်အနည်းငယ်ကို ဖျက်ဆီးရေးဂိုဏ်း၊ သခင်မစုနဲ့ တခြားကျောင်းတွေဆီ ပို့လိုက်တာမျိုးပေါ့။ ဒါကြောင့်လည်း ဖျက်ဆီးရေးဂိုဏ်းက မကောင်းဆိုးဝါးသခင် ဟန်ကွမ်းက ခန်းအင်ပါယာကနေ ကျန်ခဲ့တဲ့ မကောင်းဆိုးဝါးတစ်ယောက်လို့ ငါတို့က သံသယဝင်နေခဲ့တယ်.."

"မကောင်းဆိုးဝါးသခင် ဟန်ကွမ်းလား။ အသက် (၅၀) မတိုင်ခင် နတ်ဆိုးခန္ဓာကို စုစည်းနိုင်ခဲ့တဲ့ မကောင်းဆိုးဝါးဘုရင်လား…"

မုန့်ချီက ထိတ်လန့်သွားခဲ့သည်။

"သူက ကျောင်းထိုင်ဆရာတော် ကုံဝမ် ဖိနှိပ်တာကို ခံခဲ့ရတာ မဟုတ်ဘူးလား…"

ကူရှောင်စန်းက ပြုံးလိုက်သည်။

"မကောင်းဆိုးဝါးသခင်က ကျောင်းထိုင်ကုံဝမ်နဲ့ တိုက်ပွဲမှာ ပျောက်သွားခဲ့တဲ့ အချိန်ကတည်းကစပြီး သူက ဖိနှိပ်ခံခဲ့ရတယ်လို့ သံသယဝင်နေကြတာ သာမန်ပါပဲ။ ဒါပေမယ့် သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီး ပြန်ကောင်းလာအောင် ပုန်းနေနိုင်တဲ့ ဖြစ်နိုင်ချေလည်း ရှိနေသေးတယ်။ အခု သူ့ရဲ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်ရတနာပေါ်လာပြီဆိုတော့ ငါက သူ့ရဲ့အခြေအနေကို သေချာသိဖို့ လိုအပ်တယ်…”

“အစစ်အမှန်အင်ပါယာ တံဆိပ်က တန်ဖိုးအရမ်းနိမ့်တာတော့ ကံဆိုးသွားတယ်။ သူ့အပေါ် အကျိုးသက်ရောက်မှု နည်းနည်းပဲ ရှိတယ်။ ဒါမှမဟုတ် သူက ဆန္ဒကို အမှန်တကယ်ဖိနှိပ်နိုင်ပြီး မျက်နှာပြချင်မှလည်း ပြမှာပေါ့…"

"မကောင်းဆိုးဝါးသခင်ရဲ့ အခြေအနေကို သိချင်တာလား။ ကူရှောင်စန်းနဲ့ လော်အဖွဲ့အစည်းက တကယ်ကို အကြီးကြီး ရည်မှန်းထားတာပဲ…"

မုန့်ချီက တစ်ယောက်တည်း တွေးနေခဲ့သည်။

"ဒါပေမယ့် ငါက အစစ်အမှန်အင်ပါယာ တံဆိပ်နဲ့ နီးစပ်ပါတယ်။ နင်က အဲဒါကို ရလိမ့်မယ်လို့ မထင်ထားဘူး။ နင်က ငါ့ယောကျ်ားဆိုမှတော့ အဲဒါကလည်း ငါ့ပစ္စည်းပဲ မဟုတ်လား…"

မုန့်ချီက ကူရှောင်စန်း၏ လက်ထဲတွင် ရှိနေသည့်အတွက် သူက အစစ်အမှန် အင်ပါယာတံဆိပ်ကို ပိုင်ဆိုင်ထားကြောင်း သူမက သိနေသည်။ မုန့်ချီက သက်ပြင်းချပြီး အစစ်အမှန် အင်ပါယာတံဆိပ်အကြောင်းကို မပြောတော့ပေ။

"နင်က ငါ့ကို ဘယ်နေရာခေါ်သွားတာလဲ…"

"ငါက အိမ်သွားနေတယ်လို့ မပြောခဲ့ဘူးလား။ ငါက ငါ့ရဲ့မိဘတွေ ရောက်လာမယ့် အချိန်ကို စောင့်နေတာ…"

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်၏။ သူမက လုံးဝကို ပြောပြခဲ့ခြင်းမရှိသလို သဲလွန်စလေးပင် မပေးခဲ့ပေ။

မုန့်ချီကတော့ ရှုံ့မဲ့သွားခဲ့၏။ သူက စကားပြောတော့မည့်အချိန်တွင် ပြတင်းပေါက်မှနေ၍ တံခါးခေါက်သံ ထွက်လာခဲ့၏။ သူမက ပြတင်းပေါက်ကိုဖွင့်ပြီး ကန့်လန့်ကာကို မြှောက်လိုက်သည်။

ထိုအချိန်တွင် မုတ်ဆိတ်မွှေးရှိနေသော အရပ်မြင့်မြင့် လူတစ်ယောက်က အပြုံးနှင့် ပြောလိုက်၏။

"မိန်းကလေး …

ငါက မင်းရဲ့ယောကျ်ားကို ခဏငှားချင်တယ်…"

မြင်းလှည်းက အလွန်လျင်မြန်သောအရှိန်နှင့် သွားလာနေခြင်း ဖြစ်သော်လည်း ထိုလူကတော့ ပြတင်းပေါက်တွင် ကပ်နေသလို ထင်မှတ်ရသည်။

"ဘယ်သူလဲ…"

မုန့်ချီက ကူရှောင်စန်းကို သတိလက်လွှတ် လှည့်ကြည့်လိုက်မိပြီး ပထမဆုံးအကြိမ် မေးခွန်းထုတ်လိုက်သည်။

သူမ၏မျက်နှာလေးပေါ်တွင်တော့ စိုးရိမ်ထိတ်လန့်မှုတစ်ခု ပေါ်လာခဲ့၏။ သို့သော် ထိုအရာက တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ လရောင်က ပြတင်းပေါက်မှတဆင့် မြင်းလှည်းထဲသို့ ရောက်လာနေပြီး ကူရှောင်စန်းကို လွှမ်းခြုံထားသည်။

သူမ၏ အဖြူရောင်ဝတ်စုံလေးက ကြည်လင်တောက်ပနေပြီး အသားအရေကလည်း ဝင်းလက်နေသည်။ သူမက နှုတ်ခမ်းကို ကိုက်ပြီး ရူးသွပ်ဖွယ် အပြုံးမျိုးနှင့် ပြောလိုက်၏။

"တကယ်လို့ ဆရာကြီးက သူ့ကို ငှားချင်နေတယ်ဆိုရင် ကျွန်မက ဘယ်လိုများ ငြင်းနိုင်မှာလဲ။ ဆရာကြီးက သူ့ကို ဘာလုပ်ချင်နေလဲ မသိတော့ ကျွန်မက စိုးရိမ်နေရတာပေါ့…"

"ဘာမှမစိုးရိမ်ပါနဲ့။ ငါက အန္တရာယ်မရှိဘူးပြောရင် အန္တရာယ်မရှိဘူးပေါ့…"

မုတ်ဆိတ်နှင့် လူက မုန့်ချီကို လှမ်းခေါ်လိုက်ပြီး ပြတင်းပေါက်မှ ဆွဲထုတ်သွားခဲ့သည်။

ထိုတစ်ညတာ အတောအတွင်း အပြောင်းအလဲများစွာ ပြည့်နှက်နေခဲ့၏။ မုန့်ချီအတွက်တော့ အိပ်မက်မက်နေသလို ခံစားနေရသည်။ သူတို့ (၂) ယောက်က ပြတင်းပေါက်မှ ပျောက်ကွယ်သွားခဲ့၏။

ကန့်လန့်ကာက ဖြည်းညင်းစွာ ပြန်ကျသွားပြီး မြင်းလှည်းထဲတွင် ကူရှောင်စန်း တစ်ယောက်တည်းကသာ တိတ်တဆိတ် ထိုင်နေခဲ့သည်။ သူမက အတော်လေး မျက်နှာပျက်နေပြီး သူမ၏အမူအရာကို ခန့်မှန်းကြည့်ရန် ခက်ခဲ၏။

"သူ တကယ် ရောက်လာတာပဲ…"

Translated by Hein Htet.

All Chapters