ရင်းနှီးသောလူများနှင့် ပြန်တွေ့ရခြင်း
Vol. 012 Ch. 1187
ရဲတိုက်တစ်ခုနှင့်တစ်ခု ပုံစံများမှာ စက်ဝိုင်းကဲ့သို့ တည်ဆောက်ထားပြီး ၎င်း၏ အလယ်တွင် ကြီးမားသည့် ဆလင်ဒါပုံစံ အလင်းမျက်နှာပြင် တစ်ခု ရှိသည်။
“အစ်ကိုရီ ... ယူချင်းကို သူ့နောက်လိုက်သွားဖို့ ပြောပေးပါ။ အဲဒီမှာ သူတို့အတွက် အထူးဝင်ပေါက် ရှိတယ်” ဆန်းဇွန်က ရီဖူရှင်းကို ပြောသည်။ ရှန့်ထိုတစ်ယောက်က လမ်းပြရန် ထွက်လာသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ ယူချင်းနှင့် ကျန်သည့် ပါဝင်ယှဉ်ပြိုင်မည့် သူများက လမ်းပြ၏ နောက်သို့ လိုက်ပါသွားပြီး နန်းတော်၏ အောက်ထပ်ပိုင်းဆီသို့ ဦးတည်သွားသည်။
ဆန်းဇွန်က ရီဖူရှင်းနှင့် ကျန်ရစ်သည့်လူများကို ခေါ်ဆောင်၍ စက်ဝိုင်းပုံနန်းတော်၏ ထိပ်ဖျားပိုင်းသို့ လာခဲ့သည်။ အစောင့်များက သူတို့၏ သက်သေခံ အမှတ်အသားများကို စစ်ဆေးကြသည်။ ဆန်းဇွန်က ရီဖူရှင်းကို ပြောသည်… “ဒီမှာက မြို့စားတွေနဲ့ သူခေါ်လာတဲ့ လူတွေဆိုရင် ထိပ်ဆုံးပိုင်းမှာ ကြည့်ဖို့ ခွင့်ပြုထားတယ်လေ”
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး လူတိုင်းက နန်းတော် ထိပ်ဖျားပိုင်းသို့ ဦးတည်လိုက်ကာ အစွန်အထိ မရောက်မချင်း တက်လှမ်းသွားကြ၏။
သူက သူ့ရှေ့မှ အဆောက်အဦကို ကြည့်လိုက်လျှင် ကြီးမားသည့် ရဲတိုက်များကို စက်ဝိုင်းသဏ္ဌာန် ဆက်သွယ်ထားပြီး အလယ်ဗဟိုတွင်တော့ ကြီးမားကျယ်ပြန့်သည့် နေရာတစ်ခုရှိသည်ကို တွေ့လိုက်ရသည်။ ရုပ်သဏ္ဌာန်မရှိသည့် အလင်းအကာအကွယ် အလွှာက နေရာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ၎င်းကို မြင်ရခြင်း မရှိသောကြောင့် မြင်ကွင်းကို ပိတ်ပင်တားဆီးခြင်းမျိုး မရှိပေ။ သို့သော်လည်း တန်ခိုးရှင်အားလုံးက ထိုအတားအဆီး တည်ရှိနေသည်ကိုတော့ အလွယ်တကူ ခံစားသိနိုင်စွမ်း ရှိကြသည်။
ရဲတိုက်ရှိ အထပ်တိုင်းတွင် အစွန်အဖျားများ၌ ဝရံတာများ ရှိပြီး ပွဲကြည့်သူများသည် အလင်းမျက်နှာပြင်၏ အတွင်းသို့ မြင်နိုင်ကြပေသည်။
၎င်းသည် နိုးထနဂါး တိုက်ပွဲစင်မြင့်တွင် တည်ရှိခြင်း ဖြစ်၏။
ရီဖူရှင်းက နေရာတဝိုက်ကို အကဲခတ် ကြည့်ပြီးသည့်အခါ ခမ်းနားသည့် ရဲတိုက်၏ မြင့်မားသော ဝရံတာများတွင် လူအုပ်ကြီးဖြင့် ဖုံးလွှမ်းနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ရဲတိုက်၏ ထိပ်ပိုင်းအမြင့်နေရာမှ ကြည့်ရှုခွင့်ရသူများမှာ အဆင့်အတန်း မြင့်မားသူများ ဖြစ်သည်။ သူတို့သည် တိုက်ပွဲကို ကြည့်ရှုရန် ဘာမှ ပေးချေရန်မလိုပေ။ သို့သော်လည်း အခြားလူများကတော့ နန်းတော်အတွင်းဝင်၍ တိုက်ပွဲ ကြည့်ရှုခွင့်ရရန်အတွက် လက်မှတ်ဝယ်ယူရန် ဝိညာဉ်သလင်း ကျောက်တုံးများ ပေးချေရလေသည်။
လူများစွာတို့က ရီဖူရှင်းတို့ အဖွဲ့ကို ကြည့်နေကြသည်။ သူတို့သည်လည်း ရဲတိုက်၏ ထိပ်ပိုင်းတွင် နေရာရသည့် သွေးနဂါးဘုံမှ အခြားမြို့စား အိမ်တော်မှ လူများ ဖြစ်ကြ၏။
“နိုးထနဂါးတိုက်ပွဲ ကွင်းပြင်ကို ဒီချန်ယဲ့မြို့က လူတွေ လာရဲသေးတာလား” မနီးမဝေးကနေ အသံတစ်ခု ကြားလိုက်ရပြီး ဆန်းဇွန်နှင့် သက်တူရွယ်တူ အဖွဲ့တစ်ခုမှ ရှန့်ထိုတစ်ယောက် လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ သူသည် ဆန်းဇွန်ကဲ့သို့ပင် အခြားမြို့မှ မြို့စားတစ်ယောက် ဖြစ်ပေသည်။
ဆန်းဇွန်က တစ်ဖက်အဖွဲ့ကို ကြည့်လိုက်ပြီး ပြောသည်… “ချန်ယဲ့မြို့က လူတွေလည်း ဒီတစ်ကြိမ်တော့ အောင်မြင်နိုင်စွမ်း ရှိလိမ့်မယ်”
“အဲဒီလိုလား” တစ်ဖက်လူက မထီတရီပြုံးလိုက်ကာ ပြောသည် ... “အရှေ့ကို ကြိုပြီး မျှော်မှန်းလွန်းနေတာ မဟုတ်ဘူးလား”
လူများက ပို၍ ပို၍ ရောက်ရှိလာပြီး နေရာတစ်ခုလုံးတွင် စတင်၍ ဆူညံပွက်လော ရိုက်လာသည်။
ရီဖူရှင်းတို့ ရှိနေရာမှ မျက်နှာချင်းဆိုင်တွင် လူတစ်စု ထွက်ပေါ်လာပြီး သူတို့က ရဲတိုက်အဖျားပိုင်း ဝရန်တာထံသို့ လျှောက်လာကြသည်။
ထိုလူစုမှာ အလွန် ထူးကဲလှသည်ဟု ခံစားရသည်။ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်က ဦးဆောင်လာပြီး အမျိုးသားမှာ ချောမောကာ ဖျတ်လတ်၍ ဆွဲဆောင်မှုရှိပြီး အမျိုးသမီးမှာလည်း ပြီးပြည့်စုံလုနီးပါး ဖြစ်သည့် အသွင်အပြင်မျိုး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်က ရွှေအချိုးအစားပင်ဖြစ်ကာ ထူးကဲလှသည့် မျက်နှာလေးနှင့် နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှုတို့ အပြင် သူမ၏ အကြည့်များမှာလည်း ညှို့ဓာတ်ပြင်းလှသည်။
သူတို့က သူတို့၏ခုံတွင် ထိုင်လိုက်ကြပြီး သူတို့အား လှမ်းကြည့်နေသည့် လူအများက တီးတိုး ပြောဆိုနေကြသည်။
သည်မောင်နှမက တိုက်ပွဲကို လာကြည့်ကြသည်လား။ သည်နေရာတွင် သူတို့၏ ပြိုင်ဘက်များအား လာရှာကြသည်လား။
သူတို့နှစ်ယောက်လုံးက သူတို့၏ အကြည့်များကို နိုးထနဂါး တိုက်ပွဲကွင်းပြင်မှ ဆလင်ဒါ အောက်ခြေထံသို့ ရောက်သွားသည်။ ရဲတိုက်မှ စင်မြင့်ထံသို့ ဆက်သွယ်ထားသည့် ကြေးနီတံခါးကြီးမှာ ပိတ်ထားပြီး အိပ်မောကျ နဂါးပြိုင်ပွဲတွင် ပါဝင်မည့် ပြိုင်ပွဲဝင်များက ထိုနေရာမှ ထွက်လာရမည် ဖြစ်သည်။
“အရှင်မင်းသား ဘာလို့များ ဒီကို မင်းသမီးလေးနဲ့အတူ လာဖို့ လိုအပ်ရတာလဲ။ ဒီနေရာမှာ အမှန်တကယ် ထူးကဲလှတဲ့ တိုက်ခိုက်ရေးသမား ပေါ်လာမယ် ဆိုရင်တောင် သူတို့က အရှင်မင်းသားနဲ့ မင်းသမီးလေးကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ ဒီမှာ ဘယ်သူကမှ ကျွန်တော်တို့ အဆင့် မရှိနိုင်တာ သေချာတယ်” ဘေးမှာရပ်နေသည့် တစ်စုံတစ်ယောက်က ပြောသည်။ သူ့မျက်လုံးများက အလွန်ပင် ထက်ရှနေပြီး သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းများ လွှမ်းခြုံနေသကဲ့သို့ ထင်မှတ်ရသည်။
“ကျားလို့ဖုန်း… ဒါက ဥဒေါင်းအင်ပါယာဘုံ မဟုတ်ဘဲ သွေးနဂါးဘုံဆိုတာကို မင်းစိတ်ထဲမှာ မှတ်ထား။ ဒီမှာက စွမ်းအားကြီးတဲ့ တန်ခိုးရှင်တွေ များပြီးတော့ တခြား တော်ဝင်နယ်မြေတွေက တန်ခိုးရှင်တွေလည်း ရောက်နေကြတာ။ ငါတို့ နည်းနည်းလေးမှ သတိလစ်ဟင်းလို့ မရဘူး” အလွန် ထူးကဲလှပသည့် အမျိုးသမီးက ပြောသည်။ သို့သော်လည်း သူမ၏ မျက်လုံးများက အေးစက်ကာ သီးခြားဆန်သည်။
သူတို့ သည်အိပ်မောကျနဂါးပြိုင်ပွဲသို့ လာရောက်ရသည့် အကြောင်းမှာ သူတို့ရဲ့ အကန့်အသတ်ကို ကျော်ဖြတ်ပြီး ရှန့်ထိုအဆင့်သို့ တက်ရောက်နိုင်ရန် ဖြစ်သည်။ သူတို့က ခက်ခဲသည့် စမ်းသပ်မှုတစ်ခုအဖြစ် သဘောထားကာ တိုက်ခိုက်ကြရမည် ဖြစ်၏။
“ယို့ … ” ရင်းနှီးနေသည့် အသံတစ်ခုကို အဝေးမှ ကြားလိုက်ရသည်။
“သခင် ... ဟိုနေရာကို ကြည့်လိုက်ပါ”
ထိုအသံသည် ခွန်ရွှမ်၏ ခေါင်းကို မော့လာစေပြီး အသံလာရာထံသို့ ကြည့်လိုက်မိသည်။ သူမသည် စကားပြောနေသည့် ပုံရိပ်တစ်ခုကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခါတွင် သူမ၏ မျက်လုံးများက အေးခဲသွားတော့၏။
အေးစက်လှသည့် အရှိန်အဝါများက သူမထံမှ တစ်ခဏအတွင်း ထွက်ပေါ်လာသည်။ သို့သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကို သဏ္ဌာန်မဲ့အလင်းလွှာက ပိုင်းခြားထားသည်မို့ အမြင်အာရုံကို ကာကွယ်မထားသော်ငြား အရှိန်အဝါများကတော့ ပိတ်ဆို့ခံထားရသည်။
ဒီညစ်စုတ်တဲ့တိရစ္ဆာန်ကောင်…
ခွန်ရွှမ်၏ မျက်လုံးများတွင် အေးစက်သည့် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူမသည် သိမ်းငှက်နက်၏ ဘေးမှ ရီဖူရှင်းကို တွေ့သည်။
သူက သွေးနဂါးဘုံကို ရောက်နေတာလား… ပြီးတော့ သူ့ရဲ့ အရှိန်အဝါက ... နေဦး ... မဟုတ်သေးဘူး…
ဘုန်း…
အလွန်တောက်ပသည့် ရွှေရောင်အလင်းများက ကျားလို့ဖုန်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်ငွေ့များ ပြင်းထန်လာသည့် အခြေအနေက အနီးဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို ဆွဲယူလိုက်နိုင်သည်။
ဥဒေါင်းမြို့က တိရစ္ဆာန်ကောင်က ဘာထဖြစ်တာလဲ … ရီဖူရှင်း တွေးလိုက်မိသည်။
“ရီဖူရှင်း” ကျားလို့ဖုန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ သတ်ဖြတ်ချင်စိတ်များ တားမရဆီးမရ ဖြစ်ပေါ်လာ၏။
လွန်ခဲ့သည့် နှစ်များက နတ္ထိဘုံတိုက်ပွဲအတွင်း ကြုံခဲ့ရသည့် စော်ကားမှုကို သူသည်သေသည့်အထိ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ ဘုံသုံးခုအတွင်း၌ ရီဖူရှင်း၏ထိန်းချုပ်မှုကို ခံရခဲ့သည့် သူ့အဖြစ်မှာ လူအများ၏ရယ်မော လှောင်ပြောင်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်ခဲ့၏။
“ခွန် ... ...” သိမ်းငှက်နက်က ပါးစပ်ဖွင့်ပြီး တစ်စုံတစ်ခု ပြောရုံမျှသာ ရှိသေး၊ ရီဖူရှင်းက ဖြတ်ရိုက်လိုက်သဖြင့် ချက်ချင်း ပါးစပ်ပိတ် သွားရသည်။
သူတို့တွင် စိတ်ချင်း ဆက်သွယ်နိုင်မှု ရှိသဖြင့် သိမ်းငှက်နက် ဘာပြောလိုသည်ကို သူ ကြိုသိ၏။
သည်ငှက်က နတ္ထိဘုံတိုက်ပွဲ ဖြစ်ပွားခဲ့သည့် အသာစီးရမှုများအား စားမြုံ့ပြန်ကာ လှောင်ပြောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ခွန်ရွှမ်… ငါ့သခင်ကို လာခစားလှည့် ... ...” ထိုငှက်သည် တစ်ကြိမ်တစ်ခါက ထိုသို့ ပြောခဲ့ဖူးသည်။
သိမ်းငှက်စုတ်က နတ္ထိဘုံတိုက်ပွဲတွင် ထိုသို့ ပြောခဲ့ရသည်ကို ခုံမင်နှစ်သက်နေသည် များလား …
ငါတို့ ရောက်နေတဲ့နေရာကိုလည်း ကြည့်ဦး ငတုံးကောင် …
ရီဖူရှင်းက စိတ်ထဲမှ ဆဲရဲတိုင်းထွာလိုက်သည်။ သူတို့သည် ယခုအချိန်၌ သွေးနဂါးဘုံ၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ခွန်မောင်နှမ၏ အနီးတွင် တန်ခိုးရှင် အများအပြား ဝန်းရံနေသည်။ အကယ်၍ သည်ငှက်ကသာ ထိုစကားကို ထုတ်ပြောခဲ့လိုက်လျှင် ခွန်ရွှမ်က ငှက်စုတ်အား မသေမချင်း ရိုက်သတ်ပေလိမ့်မည်။
ငှက်စုတ်က သူ့ကိုယ်သူ နတ္ထိဘုံထဲမှာ ရှိနေသေးသည်ဟု ထင်နေခြင်းများလား။
ယခုအချိန်တွင် ဥဒေါင်း အင်ပါယာဘုံမှ မင်းသမီးနှင့် ရန်ဖြစ်ရန် မလိုအပ်သေးပေ။
သိမ်းငှက်နက်က ရီဖူရှင်းကို မကျေမချမ်း ကြည့်သည်။ သူ့သခင်က သူ့ကို မူလက ခွင့်ပြုခဲ့ပြီးမှ ချက်ချင်း ပြောင်းလဲသွားသည်ကို သူက အံ့သြမိသည်။
ခွန်ရွှမ်သည် သိမ်းငှက်နက်ပါးစပ်မှ ထွက်လာသည့် ပထမဆုံး စကားလုံးကြောင့် ဆတ်ခနဲ တုန်ခါသွားပြီး ထိုင်ခုံမှပင် ပြုတ်ကျတော့မလိုပင် ဖြစ်သွားသည်။ သည်တိရစ္ဆာန်ကောင်၏ စော်ကား ပြောဆိုမှုများက နတ္ထိဘုံတိုက်ပွဲတွင် သူမကို အကြီးအကျယ် စိတ်ဒဏ်ရာ ရစေခဲ့သည်။
“ဒီငှက်က ယဉ်ကျေးမှုကို မသိတာမို့ ကျုပ် ဆုံးမလိုက်ပါ့မယ်။ နတ္ထိဘုံတိုက်ပွဲအတွင်းမှာ ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ပြီးတော့ မင်းသမီးက ဖြစ်ပြီးခဲ့တာတွေအတွက် အချိန်ကြာကြီး အာဃာတ မထားတော့ဖို့ မျှော်လင့်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ခွန်ရွှမ်ထံသို့ တောင်းပန်သည့် အမူအရာပြသည်။ သူ့ပုံစံမှာ အလွန်အမင်း ရိုကျိုးနေ၏။
ခွန်ရွှမ်က သူ့အပြုအမူကြောင့် သူမကိုယ်သူမ တည်ငြိမ်လာရန် ကြိုးစားသည်။ သူမက အေးစက်စွာ စိုက်ကြည့်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။
သူမက ရှားရှင်းယွန်ကိုလည်း သတိပြုမိသည်။ ခွန်ရွှမ်နှင့် သူမလူများ၏ အမြင်တွင် ရီဖူရှင်းနှင့် သူ့သိမ်းငှက်မှာ ရှားရှင်းယွန်ထက်ပို၍ အာရုံနောက်ဖွယ် ကောင်းသည်မှာ သေချာ၏။
သူမဘေးတွင် ရှိသည့် ကျားလို့ဖုန်း၏ မျက်လုံးများတွင် ထူထဲသည့် လူသတ်ငွေ့များ ထုတ်လွှတ်နေဆဲပင် ဖြစ်၏။
ခွန်ရွှမ်က ဘာမှ ပြန်မပြောသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်သွားတော့သည်။
သူ့ဘေးမှာ ရှိနေသည့် ဆန်းဇွန်က အနည်းငယ် အံ့အားသင့်နေသည့် အကြည့်ဖြင့် ရီဖူရှင်းကို ကြည့်ကာ မေးသည်… “ခင်ဗျားက မင်းသမီးခွန်ရွှမ်နဲ့ အသိတွေလား အစ်ကိုရီ”
“အင်ပါယာရှားဘုံရဲ့ ဘေးမှာက ဥဒေါင်း အင်ပါယာဘုံပဲလေ။ ကျုပ်တို့က နတ္ထိဘုံတိုက်ပွဲမှာ တိုက်ခိုက်ခဲ့ကြဖူးတယ်။ နှစ်ဖက်လုံးက စစ်ပွဲမှာ ပါဝင်ခဲ့တာဆိုတော့ ကျုပ်တို့က ဆန့်ကျင်ဘက်တွေ ဖြစ်နေတာပေါ့။ အဲဒါကြောင့်ပဲ သူတို့က မကျေနပ်ချက်တွေ ရှိနေတာလေ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်တွင် ဆန်းဇွန်က ခေါင်းညိတ်သည်။ သူက အနည်းဆုံးတော့ အင်ပါယာရှားဘုံနှင့် ဥဒေါင်း အင်ပါယာဘုံက အိမ်နီးချင်းဘုံများ ဖြစ်ကြောင်း သိပေသည်။
ရီဖူရှင်းက သည်နေရာတွင် အဘယ်ကြောင့် တောင်းပန်နေရသည်ကို အံ့သြစရာ မရှိတော့ပေ။ သူသည် ခွန်ရွှမ်နှင့် ရန်ငြိုးတစ်ချို့ ရှိခဲ့ပုံရပြီး ယခု သူတို့က သွေးနဂါးဘုံတွင် ရောက်ရှိနေသည်။ ထို့ကြောင့် သူက ခွန်ရွှမ် လက်စားချေလာမည်ကို စိုးရွံ့နေပေလိမ့်မည်။
“ခွန်ရွှမ်က ပြီးခဲ့တဲ့လက ကျင်းပတဲ့ အိပ်မောကျ နဂါးပြိုင်ပွဲရဲ့ နိုးထနဂါး တိုက်ပွဲကွင်းပြင်မှာ အနိုင်ရခဲ့တယ်။ သူမလောက် ဘယ်သူမှ မစွမ်းခဲ့ဘူး။ အခုတော့ ယူချင်းနဲ့ တခြားလူတွေက အဲဒီလို လုပ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ” ဆန်းဇွန်က ပြောသည်။
အကယ်၍ ရီဖူရှင်းသာ ခွန်ရွှမ်နှင့် ရန်ငြိုးရှိခဲ့သည် ဆိုပါကလည်း ရီဖူရှင်းတို့အတွက် စိတ်မကောင်းဖြစ်ရုံသာ ရှိတော့သည်။
“ရှင် အရင်တုန်းက ခွန်ရွှမ်နဲ့ ရန်ဖြစ်ဖူးတာလား” စစ်ထိုရန်က ရီဖူရှင်းကို စိတ်ချင်း ဆက်သွယ်၍ မေးသည်။
“ဟုတ်တယ်” ရီဖူရှင်းက ပြန်ဖြေ၏။
“ပြီးခဲ့တဲ့လက ပြိုင်ပွဲမှာ မိစ္ဆာသားရဲတွေလည်း အများကြီး ပါဝင်ခဲ့တယ်။ ခွန်မောင်နှမက သူတို့ရဲ့ ဥဒေါင်းရောင်စဉ်ကိုးသွယ် အလင်းကို ထုတ်လွှတ်ပြီးတော့ အားလုံးကို အနိုင်ယူခဲ့တယ်။ သူတို့က အရမ်းကို စွမ်းအားကြီးလွန်းတယ်” စစ်ထိုရန်က သူ့ကို သတိပေးသည်။
“ကျုပ် သူနဲ့ တိုက်ဖူးတယ်” ရီဖူရှင်းက ပြန်ဖြေသည်။
နတ္ထိဘုံတိုက်ပွဲတွင် ခွန်ရွှမ်သည် အမှန်တကယ်ကို စွမ်းအား ကြီးမားခဲ့သည်။ မည်သို့ဆိုစေ သူမသည် ဥဒေါင်းအင်ပါယာ၏ သမီးတော် မဟုတ်ပါလား။
ခွန်ရွှမ်သည် ရှီအထွတ်အထိပ် အဆင့်များတွင်မှ အမြင့်ဆုံးစွမ်းရည်ကို ပိုင်ဆိုင်၏။ သူမသည် ရှန့်ထိုအဆင့်ကို ရိုးရှင်းသည့် ခြေတစ်လှမ်းနှင့် တက်ရောက် သွားနိုင်သည်။ ထို့ကြောင့်ပင် သူမက သည်နေရာသို့ လာ၍ ရှန့်ထိုအဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ရန် ကြိုးစားခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း သူမသည် အဆုံး၌ ယူချင်းနှင့်သာ တိုက်ခိုက်ခဲ့ရလျှင် ...
စစ်ထိုရန်က ဘာမှ ထပ်မပြောတော့ဘဲ ယူချင်းနှင့် အခြားလူများ ကံကောင်းစေရန်ပင် ဆုတောင်းပေး လိုက်တော့သည်။ သည်အိပ်မောကျ နဂါးပြိုင်ပွဲတွင် အခြားသော စွမ်းအားကြီးသူများ ထပ်မရှိတော့ဖို့သာ သူမ မျှော်လင့်မိတော့၏။
အခန့်မသင့်လျှင် သူတို့သည် ရက်စက်လှသည့် တိုက်ပွဲအတွင်း၌ သေသွားနိုင်ပေသည်။
ဆန်းဇွန်က တိုက်ပွဲတွင် ပါဝင်မည့် ယူချင်းနှင့် အခြားလူများကို မျှော်လင့်ချက် သိပ်မထားတော့။
အကယ်၍ ယူချင်းနှင့် အဖွဲ့က အနိုင်ရသည်ဆိုလျှင် သူတို့က ချန်ယဲ့မြို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်၍ သွေးနဂါးအင်ပါယာ၏ ဆုများမှာ ချန်ယဲ့မြို့၏ လက်တွင်းသို့ ကျရောက်လာမည် ဖြစ်သည်။
ရှုံးသွားခဲ့မည် ဆိုလျှင်လည်း ဆန်းဇွန်တွင် ဆုံးရှုံးစရာ ဘာမှ ရှိမည်မဟုတ်ပေ။
ထိုအချိန်တွင် ရဲတိုက်အတွင်းမှ မရေတွက်နိုင်သည့် လူအုပ်ကြီး၏ ဆူညံနေသည့် အသံများကို ဆန့်ကျင်၍ အသံတစ်ခု ထွက်လာသည်ကို ကြားလိုက်ရသည်။ နဂါးအော်သံ တိုးတိုးကို ကြားလိုက်ရပြီး တောက်ပနေသည့် ဝင်္ကပါက မြေပြင်ကနေ မြင့်တက်လာသည်ကို မြင်လိုက်ရသည်။ ဝင်္ကပါက အသက်ဝင်လာပြီး ခဏအတွင်းမှာပင် ကြီးမားပြီး ခံ့ညားထည်ဝါသည့် ပုံရိပ်တစ်ခုကို မျက်နှာပြင်တွင် မြင်လိုက်ရသည်။
ပုံရိပ်ကြီးတွင် မီးကဲ့သို့နီရဲသည့် သွေးနီရောင်က ဖုံးလွှမ်းနေ၏။ ထိုပုံရိပ်ကား ရှန့်ထိုသားရဲဖြစ်သည့် သွေးနဂါးဖြစ်သည်။
နဂါးကြီးက ထိပ်ဖျားတွင် ရပ်လိုက်ပြီး ကောင်းကင်ကို တုန်လှုပ် သွားစေလောက်အောင် ဟိန်းဟောက်သည်။ ထို့နောက် သူက အမြင့်သို့ ထိုးတက်သွားကာ လေထဲတွင် စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်နေသည်။
“နိုးထနဂါး တိုက်ပွဲကွင်းပြင်” သွေးနဂါးထံမှ လူသားအသံ ထွက်ပေါ်လာပြီး အောက်ခြေ တစ်နေရာဆီမှ အသံသဲ့သဲ့ ထွက်ပေါ်လာကာ ကြေးနီရောင် တံခါးကြီးက ပွင့်ဟလာသည်။
မျက်စိကျိန်းနိုင်သည့် အလင်းများက ဂိတ်တံခါး၏ မတူညီသည့် ထောင့်များက ထွက်ပေါ်လာသည်။ အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် တန်ခိုးရှင်များမှာ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာ၏။
ထိုအချိန်တွင် ရဲတိုက်အတွင်းမှ တင်းမာနေသည့် ရန်လိုမှုများသည် ပျောက်ကွယ်သွားခဲ့ပြီး ပျော်ရွှင်သည့် အော်ဟစ် အားပေးသံများသည် ဟိုမှဒီမှ နားစည်ကွဲမတတ် ထွက်ပေါ်လာလေသည်။
ရီဖူရှင်းက ယူချင်းနှင့် အဖွဲ့သားများ နိုးထနဂါး တိုက်ပွဲစင်မြင့်သို့ တက်ရောက်လာသည်ကို ကြည့်သည်။
အိပ်မောကျနဂါးပြိုင်ပွဲတွင် တိုက်ပွဲတစ်ခုသာ ရှိပြီး တန်ခိုးရှင်အားလုံးသည် တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ရက်စက်စွာ တိုက်ခိုက်ကြရမည် ဖြစ်သည်။
***