နဂါးများအပေါ်လောင်းကြေးထပ်ခြင်း
Vol. 012 Ch. 1188
နိုးထနဂါးတိုက်ပွဲစင်မြင့် ပတ်လည်ရှိ ရဲတိုက်များဆီမှ အားပေးသံများနှင့် အုတ်အုတ်ကျက်ကျက် ထနေပေသည်။
မရေတွက်နိုင်သည့် လူများက စက်ဝိုင်းသဏ္ဌာန် ရဲတိုက်များမှနေ၍ အောက်မှ ပြိုင်ပွဲဝင်များကို ကြည့်နေကြသည်။
ရဲတိုက်များသည် အိပ်မောကျနဂါးပြိုင်ပွဲကို စောင့်ကြည့်နိုင်သည့် နေရာဖြစ်ကာ ကြီးမားသည့် ထုလုံးရှည်သဏ္ဌာန် နေရာသည် ဝင်္ကပါမှ အလင်းမျက်နှာပြင်နှင့် ဖုံးအုပ်ထားခြင်း ခံရသည်။ ၎င်းက ပါဝင်ယှဉ်ပြိုင်သူများ၏ တိုက်ခိုက်မှုမှ စွမ်းအားများသည် တိုက်ပွဲမှနေ၍ ထွက်မသွားစေရန် တားဆီးထားခြင်း ဖြစ်သည်။
တိုက်ပွဲကွင်းပြင်သည် စည်းချပိတ်ထားခြင်း ခံရသည်။
ပွင့်ဟနေသည့် နေရာမှာ သွေးနဂါး စောင့်ကြပ်နေသည့် ထိပ်ဖျားပိုင်း တစ်နေရာသာ ရှိ၏။
အိပ်မောကျနဂါး တိုက်ပွဲတွင် တိုက်ပွဲ၌ ပါဝင်သူအားလုံးကို နိုးထနဂါး တိုက်ပွဲစင်မြင့်၌ ပိတ်လှောင်လိုက်ခြင်း ဖြစ်သည်။ လက်တစ်ဆုပ်စာမျှသာ ရှိသည့် အလွန်ထူးကဲသော သူများသာလျှင် သွေးနဂါး စောင့်ကြပ်နေသည့် အပေါက်ဝမှ ထွက်ခွာခြင်း ပြုနိုင်လေသည်။
ထို့အပြင် အချုပ်အနှောင်မှ လွတ်မြောက်လာခြင်း သို့မဟုတ် အိပ်ပျော်နေသောနဂါး ထွက်ပေါ်လာခြင်းကို 'နဂါးနိုးထလာခြင်း' ဟု လူသိများကြသည်။
ယှဉ်ပြိုင်သူများက တိုက်ပွဲအတွင်းတွင် တိုက်ခိုက်စွမ်းရည် ချို့တဲ့နေလျှင် ကွင်းပြင်တွင်သာနေ၍ ဆက်လက် တိုက်ခိုက်နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အပေါ်ဘက်မှ ထွက်ပြေးရန်ပြုပါက ရှန့်ထိုအဆင့်သားရဲနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ မည်သူကမှ ထိုကြိုးစားမှုမျိုးကို မလုပ်ဝံ့ကြပေ။
အိပ်မောကျနဂါးပြိုင်ပွဲ၏ သမိုင်းတွင် နောက်ဆုံးတွင် တစ်ယောက်တည်းသာ ရပ်ကျန်ရစ်ခဲ့သည့် ကိစ္စမျိုးပင် ရှိခဲ့သေးသည်။ နောက်ဆုံး ရှင်သန်သူသည် ထွက်ခွာရန် ကြိုးပမ်းခဲ့သော်လည်း အထက်တွင်ရှိသော ရှန့်ထိုသားရဲ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။
ဆိုလိုသည်မှာ မည်သူကမှ နိုးထလာဖို့ လုံလောက်အောင် မထိုက်တန်သေးဟု ယူဆ၍ ရပေသည်။
ထို့ထက်ပို၍ အိပ်မောကျနဂါး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ သေခြင်း ရှင်ခြင်းတို့သည်လည်း မိမိအပေါ်တွင်သာ မူတည်လေသည်။ အများစုမှာ တိုက်ပွဲအတွင်း၌ သေကျေပျက်စီးကြသည်ကို မြင်တွေ့နိုင်သည်။ ပြိုင်ပွဲဝင်များမှာ အဆုံး၌ တိုက်ပွဲတစ်နေရာထဲ၌ ပိတ်မိနေကြခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်၏ အသက်ကို မည်သူကမှ လွတ်မြောက်ရန် မတောင်းဆိုခဲ့လျှင် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ဘဲ အဆုံးသတ်တွင် တစ်ဖက်လူကို သတ်ခြင်းနှင့် သေခြင်း နှစ်မျိုးသာ ရွေးချယ်ရန် ရှိလေသည်။
ထို့ကဲ့သို့ အိပ်မောကျနဂါး ပြိုင်ပွဲသည် အလွန် လူမဆန်လှသည့် ဖြစ်ရပ်များကြောင့်လည်း ကျော်ကြားပေသည်။ နှစ်ပေါင်းများစွာ ကျင်းပခဲ့သော်လည်း စွမ်းအား ကြီးသူများသာလျှင် ဝင်ရောက် ယှဉ်ပြိုင်ရဲကြသည်။ တစ်စုံတစ်ယောက်သည် တိုက်ပွဲ၌ ဘာမှမဟုတ်သည့် ပမွှားတစ်ယောက်ကဲ့သို့ လွယ်လွယ်လေးနှင့် အဆုံးသတ်သွားရနိုင်ပြီး အသက်ရှင်ရန် အခွင့်အလမ်းမရှိအောင် နင်းခြေခံရနိုင်သည်။
သွေးနဂါးဘုံမှ လုံလောက်အောင် စွမ်းအားကြီးမားသူများ အတွက်တော့ ကောင်းသောအရာပင် ဖြစ်၏။ အခြားသောဘုံများမှ အားကောင်းသော တန်ခိုးရှင်များမှာ သွေးနဂါးဘုံတွင် စုဝေးလာပြီး သူတို့ကိုယ်သူတို့ စမ်းသပ်သည့်အနေဖြင့် ပါဝင်ကြသည်။
အခြားသောဘုံများရှိ ထိပ်တန်းအင်အားစုများမှ ပါရမီရှင်များသည် အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ပြီး သူတို့ကိုယ်သူတို့ စမ်းသပ် စစ်ဆေးလိုကြသည်။
အိပ်မောကျနဂါးပြိုင်ပွဲသည် သွေးနဂါးမြို့တော်၏ သင်္ကေတဖြစ်ကာ သွေးနဂါးဘုံ၏ သိုင်းပညာနှင့် ပတ်သက်၍ ကျော်ကြားမှု၏ အထောက်အထားလည်း ဖြစ်သည်။
သိုင်းပညာတွင် အကောင်းဆုံးကို ရှာဖွေလိုသူ အခြားသောဘုံများမှ စွမ်းအားကြီး တန်ခိုးရှင်များသည် သူတို့ကိုယ်သူတို့ ပြိုင်ပွဲတွင် ပါဝင်၍ လေ့ကျင့်ကြသည်။
နိုးထနဂါး ဖြစ်လာနိုင်စွမ်းရှိသည့် မည်သူ့ကိုမဆို ဆုချီးမြှင့်၏။ သူတို့သည် သွေးနဂါးအင်ပါယာ၏ လက်အောက်၌ တိုက်ရိုက် အမှုထမ်းရသည့် သွေးနဂါးဘုံမှ အင်အားအကြီးဆုံး စစ်တပ်ဖြစ်သည့် သွေးနဂါးစစ်တပ်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်လာနိုင်သည်။
ထိုသို့သော အခြေအနေမျိုးတွင် သွေးနဂါးမြို့တော် အနီးအနားရှိ မြို့များမှ ထိပ်တန်း အင်အားစုများသည် သူတို့၏ မျိုးဆက်သစ်များကို သူတို့၏ စွမ်းအားအပေါ်၌ အကောင်းဆုံး ယုံကြည်မှုရှိသော အလွန်ပါရမီရှိသည့် သူများမှ မဟုတ်လျှင် ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရာတွင် ခွင့်ပြုရန် ခဲယဉ်းပေသည်။
ဆန်းဇွန်သည် ချန်ယဲ့မြို့၏ မြို့စားတစ်ဦး ဖြစ်သော်လည်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် တိုက်ခိုက်ရေးသမားများကို ရရှိရန် မလွယ်ကူလှပေ။ ပြိုင်ပွဲတွင် အနိုင်ရနိုင်မည့် စွမ်းရည်ရှိသော သူများကို ရှာဖွေတွေ့ရှိဖို့သည် ပို၍ ဝေးလွန်းလှသည်။
ထို့ကြောင့်ပင် သူက ရီဖူရှင်းတို့ အဖွဲ့ကို ပထမဆုံး တွေ့တဲ့အချိန်၌ ချဉ်းကပ်ခဲ့သလို သူတို့ကို အဘယ်ကြောင့် စမ်းသပ်ခဲ့ရလဲဟူသော အကြောင်းရင်းလည်း ဖြစ်တော့သည်။
သူက ရီဖူရှင်းကို လိမ်ညာလှည့်ဖြား၍ ယူချင်းနှင့် အခြားလူများအား ပြိုင်ပွဲတွင် ပါဝင်လာအောင် လုပ်ဆောင်ခဲ့သည်။
ထိုအခိုက်တွင် နိုးထနဂါး တိုက်ပွဲစင်မြင့်၏ အထက်မှ ပွင့်ဟလာပြီး ကျယ်ဝန်းသည့် နေရာလွတ်ကို ဝန်းရံထားသည့် ရဲတိုက်မှ လူများ၏ စူးစမ်းသော အကြည့်အောက်တွင် နတ်ဘုရားအလင်းများ လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ သူသည် ပြိုင်ပွဲစည်းကမ်းများကို ကြေညာပေးခဲ့သည်။
“မြို့စားလေး ... ဒီအိပ်မောကျနဂါးပြိုင်ပွဲက ကြားရတာ အတော်လေး အန္တရာယ်များတဲ့ပုံပဲ” ရီဖူရှင်းက သူ့ဘေးမှ ဆန်းဇွန်ကို ပြောသည်။
ဆန်းဇွန်က သည်အကြောင်းများအား မရှင်းပြခဲ့ဖူးပေ။
“ခင်ဗျားက သူတို့ရဲ့ စွမ်းရည်ကို မယုံဘူးလား အစ်ကိုရီ” ဆန်းဇွန်က ပြုံး၍ ရီဖူရှင်းကို မေးသည်။
ဆန်းဇွန်၏ မျက်လုံးများထဲမှ အပြုံးကို မြင်ပြီးနောက် ရီဖူရှင်း ခေါင်းညိတ်သည်။ ထို့နောက် သူက အကြည့်များကို နိုးထနဂါးတိုက်ပွဲစင်မြင့်သို့ ပြန်ပို့လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ယူချင်းနှင့် အခြားသူများကို တိုက်ခိုက်ရန် ဆန်းဇွန် ရွေးချယ်ခဲ့သည့် နှစ်ယောက်သည် အိပ်မောကျနဂါး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဆန်းဇွန် မည်သို့သော လှည့်ကွက်များ သုံးခဲ့သည်ကို အလွယ် ပြောနိုင်၏။
သူက သူတို့နဲ့ ပထမဆုံးတွေ့သည့် အချိန်ကတည်းက ထိုသို့ပြုလုပ်ရန် အစီအစဉ် ချထားခဲ့ပြီး ဖြစ်သည်။
အကယ်၍ သူတို့တွင် လုံလောက်သော အင်အားသာ မရှိပါက ပိုင်ကျဲနှင့် ပြဿနာ တက်ကတည်းက သူတို့သည် အန္တရာယ်တွင်းထဲသို့ ကျရောက်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
သူတို့သာ အိပ်မောကျနဂါးပြိုင်ပွဲတွင် သေသွားလျှင် ကိစ္စမရှိသော်လည်း အောင်နိုင်သူ ဖြစ်သွားခဲ့မည် ဆိုရင်လည်း နောက်ထပ် အကြံအစည် တစ်ခုခုအတွင်းသို့ မကျရောက်နိုင်ဟုလည်း မပြောနိုင်ပေ။
သွေးနဂါး၏ကျောပေါ်မှ လင်းလက်သော အရောင်များဖြင့် ရှန့်ထိုက စာရင်းကို ထုတ်ယူကာ ဖွင့်သည်။ ထို့နောက်တွင် သူက ပါဝင်ယှဉ်ပြိုင်သူများ၏ အမည်ကို တစ်ယောက်ချင်း ကြေညာပေးလေသည်။ ထိုစာရင်းသည် အမှန်တွင် တိုက်ပွဲကျောက်တိုင်ပေါ်တွင် လူအများအား ကြေညာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက မည်သူတို့ ပါဝင်ယှဉ်ပြိုင်မည်ကို သိရှိပြီး ဖြစ်သည်။
သို့သော်လည်း လူတိုင်းက အာရုံစိုက်ပြီး နားထောင် နေကြသည်။ နာမည်တစ်ခုကို ဖတ်တိုင်း ထိုပါဝင်ယှဉ်ပြိုင်သူ၏ အပေါ်တွင် အလင်းရောင်များ ဖြာကျလာပြီး ပွဲကြည့်သူများ၏ အာရုံကို ဖမ်းစားသွားနိုင်သည်။
ဆူညံနေသည့် ဝန်းကျင်က အံ့အားသင့်စွာနှင့် တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်းက နားထောင်ပြီး ကြည့်ရှုနေကြသည်။
“သွေးတိမ်တိုက်မြို့တော်မှ ဖန့်ရှောင်း” နာမည်ကို ရွတ်ပြီးသောအခါ တောက်ပသည့် အလင်းရောင်သည် ယှဉ်ပြိုင်သူ တစ်ယောက်၏ အပေါ်သို့ ကျဆင်းလာသည်။ သူက မီးလျှံပုံရိပ်များ ရေးထိုးထားသည့် ရွှေရောင် တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ကို ကြည့်ရသည်မှာ ခိုင်မာ၍ မယိမ်းယိုင်နိုင်သည့် တောင်တစ်လုံးကဲ့သို့ပင် ရပ်နေခြင်းဖြစ်သည်။
သွေးတိမ်တိုက်မြို့တော်မှ ဖန့်ရှောင်းသည် နောက်ဆုံး၌ တိုက်ပွဲတွင် ပါဝင်လာလေပြီ။
အိပ်မောကျနဂါးပြိုင်ပွဲကို မကျင်းပမီကပင် ပရိသတ်များသည် နာမည်ကျော်များထဲမှ မည်သူတို့ ပါဝင်ယှဉ်ပြိုင် နိုင်သည်ကို ကြိုတင်ရှာဖွေ ခန့်မှန်းခဲ့ကြသည်။
သွေးတိမ်တိုက် မြို့တော်သည် သွေးနဂါးဘုံရှိ မြို့လေးတစ်မြို့ထက် ပိုပေသည်။ ၎င်းသည် သွေးနဂါးဘုံအနီးရှိ သွေးနဂါးဒေသ တော်ဝင်နယ်မြေမှ ရန်ဟောင်တစ်ပါးက တည်ထောင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့မြို့သည် သွေးနဂါးဘုံ၏ ပိုင်နက်တစ်ခုအဖြစ် တည်ရှိသော်လည်း ထူးဆန်းသည်တော့ မဟုတ်ပေ။ သွေးနဂါးဘုံတွင် ထိုသို့သော မြို့များ နေရာအများအပြား၌ ရှိပေသည်။
သွေးတိမ်တိုက်မြို့၏ မျိုးရိုးအမည် 'ဖန့်' သည် အုပ်ချုပ်သူ ရန်ဟောင်၏ မျိုးရိုးဖြစ်သည်။
ဖန့်ရှောင်းသည် ရန်ဟောင်မှ တိုက်ရိုက် ဆင်းသက်လာသည့် သွေးမျိုးဆက် ဖြစ်ပေသည်။
ဖန့်ရှောင်း၏ ထူးကဲသာလွန်သော နောက်ခံဖြင့်လူက အိပ်မောကျနဂါးပြိုင်ပွဲတွင် ထွက်ပေါ်လာသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ယင်းက သူတို့မိသားစုသည် မည်မျှ စွမ်းအားကြီးပြီး အောင်မြင်သည်ကို ပြသခြင်း ဖြစ်သလို အိပ်မောကျနဂါးပြိုင်ပွဲက မည်မျှ ပြိုင်ဆိုင်မှု ပြင်းထန်သည်ကို ပြသခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့်လက အိပ်မောကျနဂါးပြိုင်ပွဲတွင် ဥဒေါင်းအင်ပါယာမှ ခွန်မောင်နှမသည် စွမ်းအားမြင့် မိစ္ဆာသားရဲများကို ယူဆောင်ခဲ့ပြီး တိုက်ပွဲတစ်ခုလုံးတွင် ထွန်းလင်း တောက်ပခဲ့၏။
သည်တစ်ကြိမ်ရော မည်သူက ထိုသို့ စွမ်းဆောင်နိုင်မည်နည်း။
ဖန့်ရှောင်းသည် ယခုတစ်ခေါက်တွင် နာမည်အကြီးဆုံး ပါဝင်ယှဉ်ပြိုင်သူ ဖြစ်သည်။
ရှန့်ထိုက နာမည်များကို ဆက်လက်ကြေညာပြီး မီးတောက်လှောင်အိမ်မြို့တော်မှ ယန်ထုံကို ခေါ်လိုက်သည့်အခါတွင် လူအုပ်ကြီးမှာ တဖန်ထပ်၍ မှင်တက်သွားပြီး အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တုတ်တုတ်ခိုင်ခိုင် ပုံရိပ်အား ကြည့်လိုက်ကြသည်။
ယန်ထုံသည် မီးတောက်လှောင်အိမ်မြို့မှ မြို့တော်အရှင်၏ သားဖြစ်သည်။ ယခု သူသည် တိုက်ပွဲတွင် ပါဝင်လာလေသည်။ ဆိုလိုသည်မှာ သူ၏ လက်ရှိအဆင့်တွင် အလွန် ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်နိုင်စွမ်း ရှိပြီ ဟူ၍ ဖြစ်သည်။ မီးတောက်လှောင်အိမ်မြို့တွင် ရှန့်ထိုအဆင့်အောက်မှ မည်သူမဆို သူ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ရန် ခက်ခဲလှပေသည်။
ထို့အပြင် သည်တစ်ခေါက် ကျင်းပသည့် အိပ်မောကျနဂါးပြိုင်ပွဲတွင် အခြားသော အလွန်အင်အားကြီး စွမ်းရည်ပြည့်ဝသည့် နာမည်ကျော်တစ်ဦး ဖြစ်သော မီးတောက်နက်ကလန်မှ ကျိုးရွှီ လည်း ပါဝင်လာပေသည်။ သူသည် မီးတောက်နက်အင်ပါယာ၏ မျိုးဆက်ဖြစ်ကာ ပြိုင်ပွဲတွင် ပါဝင်သည့် နောက်ထပ် တော်ဝင်သွေးဆက် တစ်ယောက်လည်း ဖြစ်၏။ ယင်းသည် သူ၏ ကြောက်မက်ဖွယ် စွမ်းအားကို စမ်းသပ်မည့် စမ်းသပ်ချက်ပင် ဖြစ်သည်။
သွေးတိမ်တိုက်မြို့မှ ဖန့်ရှောင်း၊ မီးတောက်လှောင်အိမ်မြို့မှ ယန်ထုံ၊ မီးတောက်နက်ကလန်မှ ကျိုးရွှီ တို့သည် စာရင်းတွင် ပါဝင်သည့် ပါဝင်ယှဉ်ပြိုင်သူများတွင် နာမည်အကျော်ကြားဆုံး လူသုံးဦး ဖြစ်လာခဲ့သည်။
လူအများက အိပ်မောကျနဂါးပြိုင်ပွဲတွင် ထိုလူသုံးယောက်သည်သာ နောက်ဆုံး ကျန်ရစ်သူများဖြစ်မည်ဟု သတ်မှတ်ထားကြ၏။
“ချန်ယဲ့မြို့က ယူချင်း၊ ရီဝူချင်း၊ ဟောင်ကျူဂီ၊ စုချွဲနဲ့ ကျန်ကျောင်း” ထိုနာမည်များကို ရွတ်ပြီးနောက် အလင်းရောင်က သူတို့ပေါ်သို့ ကျဆင်းလာသည်။ သူတို့ထဲမှ အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူမှာ စုစုပေါင်း ငါးယောက်သာ ဖြစ်သည်။
ဂူတုံးလျိုက တိုက်ပွဲကို သိပ်စိတ်မဝင်စားရာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။ အခြားလူများ အတွက်ကတော့ သူတို့၏ စွမ်းအားမပြည့်မီမှုကြောင့် ဝင်ရောက်ယှဉ်စရာ မလိုပေ။ အမှန်ကတော့ ယူချင်းမှလွဲ၍ ကျန်သည့် လေးယောက်ထဲတွင် ဝူချင်းသည် ပို၍သန်မာပေသည်။ ဟောင်ကျူဂီ၊ စုချွဲနှင့် ကျန်ကျောင်းတို့သည် အိပ်မောကျနဂါးပြိုင်ပွဲတွင် နောက်ဆုံးထိ ရပ်တည်နိုင်ရန် အခွင့်အရေး အနည်းငယ်သာ ရှိပေသည်။
ကျန်ကျောင်းသည် ပြည်နယ်ကိုးခုတွင် အလွန်သန်မာ အားကောင်းသည်ဟု သတ်မှတ်နိုင်သော်လည်း သူတို့သည် သွေးနဂါးဘုံသို့ ရောက်နေခြင်းဖြစ်၏။ ပါဝင်ယှဉ်ပြိုင်သူများ၏ နောက်ခံနှင့်နာမည် ကျော်ကြားမှုတို့ကို တွေ့မြင်ရလျှင် တိုက်ပွဲက မည်မျှခက်ခဲပြီး ကြောက်စရာ ကောင်းသည်ကို သိနိုင်၏။
“သူတို့ ငါးယောက်က ချန်ယဲ့မြို့ကလား” အခြားသော မြို့များမှ လူများသည် ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြ၏။
သူတို့က ငါးယောက်ကို ဦးဆောင်နေသည့် ယူချင်းကို ကြည့်လိုက်ပြီး သည်လူများက ချန်ယဲ့မြို့၏ မည်သည့်အင်အားစုမှ လာခဲ့ကြောင်းကို တွေးဆနေကြ၏။ သည်လူများက အဘယ်ကြောင့် အသေလာခံကြသည်ကို နားမလည်ကြပေ။
ဆန်းဇွန်ကို သိသည့် လူတချို့က ထူးထူးဆန်းဆန်း ခံစားရကာ သူ့ကို ကြည့်လိုက်ကြသည်။ ဆန်းဇွန်က ပြိုင်ပွဲ၌ဝင်ပါရန် သည်လူများကို လှည့်ဖြား၍ ခေါ်လာသည်များလား။
ခွန်ရွှမ်သာလျှင် ယူချင်းနှင့် အခြားလေးယောက်ကို အလေးအနက်ထားခြင်း ဖြစ်သည်။ နတ္ထိဘုံတိုက်ပွဲတွင် ရီဖူရှင်းသည် အတောက်ပဆုံး ကြယ်ပွင့်ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုသော်လည်း ယူချင်းနှင့် ကျန်သောလူများသည် အင်ပါယာလီမြို့သို့ ချောင်းမြောင်း တိုက်ခိုက်၍ တော်ဝင်အလံကို ယူဆောင်လာနိုင်စွမ်း ရှိကြပေသည်။ သူတို့၏စွမ်းရည်မှာ သံသယဖြစ်စရာ မလိုပေ။
ရီဖူရှင်းက ယူချင်းနှင့် အခြားလူများကို တိုက်ပွဲမှာ ပါဝင်စေဖို့ ခွင့်ပြုရဲသည် ဆိုမှတော့ သူတို့က သည်ပြိုင်ပွဲ၌ အနိုင်ရရန် အခွင့်အလမ်း အများဆုံးအဖြစ် သတ်မှတ် ထားပေသည်။
ရှန့်ထိုက နာမည်စာရင်းများကို ဖတ်ပြပြီးနောက် စာရင်းကို ပိတ်လိုက်ကာ ပြောသည် ... “အခု သင်တို့ရဲ့ နဂါးတွေအပေါ်မှာ လောင်းကြေး ထပ်နိုင်ပါပြီ”
သူက ပြောပြီးသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ရဲတိုက်တွင်းသို့ ဝင်သွားကြသည်။
သူဆိုလိုသည့် 'နဂါးများပေါ်လောင်းကြေးထပ်' သည် မည်သူက နိုးထနဂါးအဖြစ် အနိုင်ရရှိမည်ကို လောင်းကြေး ထပ်နိုင်သည်ဟု ပြောခြင်းဖြစ်သည်။ စည်းမျဉ်းများက ရိုးရှင်းလှသည်။ စာရင်းဖတ်ပြပြီးသည်နှင့် ပါဝင်သူများအနက်မှ အောင်မြင်နိုင်ချေ အမြင့်ဆုံးသူကို တွေး၍ လောင်းကြေး ထပ်နိုင်ကြပေသည်။ လောင်းကြေးကား ဆတူဖြစ်သည်။
ဖန့်ရှောင်းနှင့် ယန်ထုံ တို့ကဲ့သို့ လူများသည် ပြိုင်ပွဲတွင် အနိုင်ရရန် အမြင့်ဆုံး ဖြစ်နိုင်သူများ ဖြစ်ကြသည်။ အမှန်တွင် တန်ခိုးရှင် အများအပြား ပါဝင်သည့် ပြိုင်ပွဲ၌ ကြိုတင်မမြင်နိုင်သည့် သာမန်မဟုတ်သော အခြေအနေများလည်း ပေါ်ပေါက် လာတတ်သည်။ ပြိုင်ပွဲတိုင်း၏ အခြေအနေကို တွက်ချက် ဆုံးဖြတ်၍ အမြင့်ဆုံးအနိုင်ရရှိသူက ဒိုင်ကိုင်သူ ဖြစ်တတ်ပေသည်။
အိပ်မောကျနဂါးပြိုင်ပွဲနှင့် နိုးထနဂါးတိုက်ပွဲစင်မြင့် နှစ်ခုလုံးသည် သွေးနဂါးအင်ပါယာမှ ပိုင်ဆိုင်ခြင်း ဖြစ်သည်။ သူက အရင်းအမြစ်များ ပြတ်လပ်မနေသော်လည်း သွေးနဂါးဘုံ၏ အကြီးမားဆုံးစစ်တပ်ကို ထိုပိုင်ဆိုင်မှုများမှတစ်ဆင့် ထိန်းသိမ်း ထောက်ပံ့နိုင်ရန် လိုအပ်ပေသည်။ အင်ပါယာသည် သူ၏ ငွေကြေးအားလုံးကို သုံးမပစ်နိုင်ပေ။
ထို့ကြောင့် အင်ပါယာ၏ လက်အောက်တွင် ထိုသို့ ထောက်ကူသည့် လုပ်ငန်းများ ရှိနေခြင်း ဖြစ်ပေသည်။
“ချန်ယဲ့မြို့က ယူချင်းကို လောင်းမယ်” ခွန်ရွှမ်က သူမနောက်မှ လူကို သိုလှောင်လက်စွပ် ကမ်းပေးလိုက်ရင်း အမိန့်ပေးသည်။
သူမကလည်း ကစားပွဲကို ပါဝင်လိုသည်မှာ သေချာ၏။
သူမက မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရီဖူရှင်းကို ကြည့်သည်။ သူမက နတ္ထိဘုံတိုက်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသောကြောင့် ရီဖူရှင်းကို မုန်းတီးသော်လည်း သူ၏ စွမ်းဆောင်နိုင်ရည် ကိုတော့ လေးစားလေသည်။ ထိုလေးစားမှုက ပြိုင်ဘက်၏စွမ်းရည်အပေါ်မူတည်၍ ဖြစ်လာခြင်းပင်။
“ယူချင်းကို လောင်းကြေးထပ်လေ” ဆန်းဇွန်က ရီဖူရှင်းကို ပြောသည်။ ချန်ယဲ့မြို့ တည်းခိုခန်းမှ ရလဒ်များအရ သူက ယူချင်းက အနိုင်ရရှိနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ရီဖူရှင်းက ဆန်းဇွန်ကို ကြည့်ကာ မေးသည်။ “လောင်းကြေး ဘယ်လောက်များများ ထပ်လို့ရလဲ”
“အင်ပါယာ အဆင့်အောက်က ဘယ်လို ပမာဏမဆို လက်ခံတယ်” ဆန်းဇွန်က ဖြေသည်။ သို့သော်လည်း လူအနည်းငယ်ကသာ ရူးသွပ်ဖွယ် ပမာဏာအား လောင်းကြေးထပ်ကြခြင်း ဖြစ်သည်။ အဆုံးတွင် မည်သည့် မတော်တဆမှုမဆို အန္တရာယ်များသည့် အကျိုးဆက် ရလဒ်များကို သယ်ဆောင်လာနိုင်သည်။
အိပ်မောကျနဂါးပြိုင်ပွဲတွင် လှည့်ကွက်များစွာ ဖြစ်ပေါ်နိုင်ပြီး ဘာဖြစ်လာမည်ကို မည်သူမှ သေချာပေါက် သိရှိနိုင်မည် မဟုတ်ပေ။
“ကျုပ်ကို နည်းနည်းလောက် ချေးပေးလို့ရမလား” ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်ကာ မေးသည်။
ရှားရှင်းယွန်က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး သိုလှောင်လက်စွပ်ကို ကမ်းပေးသည်။
ရီဖူရှင်းက ပြုံးပြီး ခပ်တိုးတိုးပြောသည်… “ကျုပ်က ဆင်းရဲလိုက်တာ သနားဖို့တောင် ကောင်းတယ်။ မဟုတ်ရင် သူတို့ကို မွဲပြာကျအောင် လုပ်ပစ်လိုက်တယ်”
သူက ဤသို့သော အခွင့်အရေးမျိုးကို လက်လွတ်ခံရန် အကြောင်းမရှိပေ။ ထို့ကြောင့် သူ့တွင် ရှိသမျှအားလုံးကို ယူချင်းအပေါ်၌ လောင်းကြေး ထပ်လိုက်တော့သည်။
***