မိသားစုနှင့်ပြန်ဆုံခြင်း ( က )
Vol. 4 Ch. 19
အဖြစ်အပျက်များက အနွေးကျောက်တုံးကလေးများကိုအောက်သို့အချ တစ်ခဏတွင်ဖြစ်ပျက်သွားခြင်းပါပေ။
ပင်ပန်းသည့်ဒဏ်ကြောင့် မောင်ရင့်အိပ်ပျော်နေပါအုံးမည်။ ဤကြားထဲ ရွာလူကြီးကိုလာမည်ပြောထားသည့်ကိစ္စအရင်သွားလိုက်အုံးမှဟု တွေးကာ လိုက်မည့်ကလေးအချို့ခေါ်၍ ထွက်လာခဲ့လိုက်ပါသည်။
ကြည်သန့်မေနှင့်အတူပါလာသည်က လှမြင့် , ရတနာထွန်း , ကျော်ခေါင်တို့ဖြစ်ပါသည်။ လှမြင့်နှင့် ရတနာထွန်းက မောင်ရင့်ကို ကြောက်လို့ဟုဆိုကာ ကျော်ခေါင်ကတော့ ရတနာထွန်းကိုပိုးရင်းလိုက်လာခြင်းပင်။ အမေဖြစ်သူ မပုမနှင့် ကျောင်းသူ သဇင်ကျော်တို့ကတော့ ကျန်ခဲ့ပါသည်။
မောင်ရင့်က အိပ်နေအုံးမည်မို့ အမေညွန့် , မကြည်ပြာ , မပုမ , သဇင်ကျော်တို့ဖြင့်ပင် လုံလောက်ပါသည်။ အဓိက,က တစ်ယောက်တည်းဆိုသည့် ခံစားချက် ရမနေဖို့ပါပင်။ ယခုကိစ္စက အတိုက်တစ်ခုခု လက်ချက်ဆိုသော်လည်း ပြုလုပ်သူက သဘာဝကျကျကို လုပ်ဆောင်သွားခြင်းပါပေ။
မောင်ရင့်အကြောင်းကိုသေချာသိသူဖြစ်ရပါမည်။ အားငယ်အထီးကျန်မှုကို ထုတ်မပြောဘဲ တစ်ယောက်တည်း ဟိုတွေးသည်တွေးဖြစ်နေသည့်အချိန်မှာ အငြိုးတစ်ခုခုနှင့် မကောင်းသည့်ကံတွေကို စွပေးလိုက်ခြင်းပင်။ ဤကဲ့သို့အစီအရင်က လပိုင်းလောက်က ကြိုချရပါသည်၊ မည်သူက မောင်ရင့်ကို ဒီလောက်ရက်စက်ချင်နေပါသနည်း။
ကံ, စိတ်, ဥတုတို့ တစ်ပြိုင်တည်းဖောက်ပြန်ကာ သည်းခြေပျက်လုမတက်ဖြစ်စေခဲ့ပြီး သူသာအရောက်နေကျလျှင် ဤနေ့ပင် မောင်ရင့်သက်တမ်းစေ့ပါလိမ့်မည်၊ မဟုတ်, သက်တမ်းအနှုတ်ခံရကာ ပြန်မလာနိုင်ဖြစ်ပါပြီ။
ပြဿနာက ဤတွင်မပြီးသေးပါချေ၊ တစ်ဖက်တွင် သစ္စာဖောက်လက်အောက်မှတဆင့် သူပုန်များဘက်မှ တိုက်ပေးရပေအုံးမည်။ သူသိသလောက် နိုင်သည်က ရှားပါသည်၊ ထိုအခါ အပြစ်ပေးခဲ့ရသည့်အထဲရောပါသွားရင်း မည်သို့မည်ပုံဆက်လက်ဒုက္ခရောက်မည်ကို မတွေးရဲတော့ပါချေ။
သူပုန်များနိုင်ခဲ့လျှင်ပင်ဆိုးဝါးသည့်သတင်းများအရ မည်သို့မျှ ကောင်းကောင်းနေရမည် မဟုတ်ပါပေ။ ယခင်တာဝန်ယူနေရသည့် ခွေးနက်ကြီးလည်း ဤ လမ်းစဉ်အတိုင်းပါသွားခြင်းလားဟုပါ တွေးမိလာသည်။ သို့သော် စစ်ပွဲအတွင်း ပါနိုင်လောက်အောင်က မောင်ရင့်ကဲ့သို့အလားအလာကောင်းမှရပါမည်၊ ရိုးရိုးခွေးနက်ကြီးများအနေဖြင့် အနားပင်သီနိုင်မည် မဟုတ်ပါပေ။
ဤအရာကိုတော့ မောင်ရင့်အား အကောက်ကြံသူမှ မသိခဲ့ပုံရပါသည်။ ယခုတော့ ထိုသူဒုက္ခရောက်ရမည့်အချိန်ပင်၊ ငရဲခွေးကို သွားမွှေလျှင် ငရဲမင်းနှင့်တွေ့ပါမည်။ ယခုလိုအပ်သည့် ကံတရားကို ထိုသူပြန်ပေးဆပ်ရပါတော့မည်။
ငရဲခွေးများတည်ရှိမှုက ထူးဆန်းပါသည်၊ အပြစ်သားများ၏ပေးဆပ်ရမည့်ကံတရားကြောင့်ရော ဤတာဝန်ပါလာသည့် ကံတရားကြောင့်ရော ပေါ်ပေါက်လာရခြင်းပင်။ အပြစ်သားများနှင့်မဆိုင်လျှင် ထင်သလောက်အသုံးမဝင်တော့ပါချေ၊ မိမိ၏ကံတရားအလျောက် တည်ရှိပါသေးသော်လည်း မစွမ်းတော့ခြင်းပင်။
ရက်စက်သည့် ပုဂ္ဂိုလ်က ငရဲခွေးကို မကောင်းသည့်အစီအရင်အတွက် ယဇ်အနေနှင့်သုံးဖို့လဲသွားခြင်းဖြစ်ရပါမည်။ သာမာန်ခွေးနက်များထက် အများကြီး အသုံးဝင်သည်မို့ အောက်လမ်းနှင့်စုန်းများ အကြိုက်ပင်ဖြစ်ပါသည်။ တကယ်တမ်းမရနိုင်၍သာ အဆင်ပြေသလို စီရင်နေကြခြင်းပင်။
ယခုအတိုင်းဆိုလျှင် အစီအရင်ကြီးတစ်ခု၏နောက်ဆက်တွဲကို အနာဂတ်တွင် ကြုံလာရနိုင်ပါသည်။ စတေးခံ၍လုပ်ခြင်းလော အားကိုးရှိ၍လုပ်ခြင်းလော မဆက်စပ်မိတော့ပါချေ။ တချို့တွက်ချက်မှုများက အစိုးရိမ်ပဲလွန်စေသည်မို့ ကြည်သန့်မေအတွေးတချို့ဖြတ်ချလိုက်ပါသည်။
ရွာကား ကွက်သစ်နှင့်ရွာထဲဟူ၍ရှိပြီး , တောင်ပိုင်းနှင့် မြောက်ပိုင်း ဟူ၍လည်းခွဲထားပါသေးသည်။ လက်ရှိ မောင်ရင့်တို့နေထိုင်ရာ ကုန်းမြင့်များအပိုင်းက ကွက်သစ်ဟု ခေါ်ပါသည်။ ရပ်ကွက်အသစ်ကို အတိုကောက် ခေါ်ဟန်ရပါသည်၊ မူလရွာကိုတော့ ရွာထဲဟု ခေါ်ပါသည်။ ရွာထဲကိုမှ ကျောင်းလေးရှိရာဘက်ကို တောင်ပိုင်းဟုခေါ်ပြီး ကျောင်းကြီးရှိရာ အရိုးတောင်စပ်အပိုင်းကို မြောက်ပိုင်းဟုခေါ်ပါသည်။ အရှေ့အနောက်နှင့်ခွဲသည်လား ဤအတိုင်းခေါ်ကြသည်လားတော့ လှမြင့်တို့ကိုလည်း သေချာမမေးမိတော့ပါပေ။
ရန်ကုန်မှာလို ရပ်ကွက်ရုံးတော့မရှိပါချေ၊ လူကြီးအိမ်ကပဲ ရပ်ကွက်ရုံးဟု ဆိုရပါမည်။ ကြည့်သန့်မေ လူကြီးအိမ်ကို ကျော်ပြီး ၅ မိနစ်လောက်နေလျှင် ကျောင်းလေးကိုရောက်ပါသည်။ ကျောင်းပိတ်ရက်ဆိုသော်လည်း ကလေးအချို့ကို တွေ့ရပါ၏။
“ ဆရာမလေးလာပြီလား မြန်သားပဲ၊ လက်ထဲမှာလည်း မုန့်တွေနဲ့၊ ပေးပေးကျွန်တော့်ကို ”
လမ်းမှာ ဆရာမလေးဟု ခေါ်ကာ ကျောင်းသားမိဘတချို့က ပေးလိုက်ကြခြင်းပင်၊ အချိန်မရတော့၍ ကျောင်းလာမှစကားပြောကြတာပေါ့ဟူ၍ပင် စကားစဖြတ်ခဲ့ရပါသေးသည်။
“ နေနေ ရတယ်၊ ကလေးတွေ ကိုင်ပေးမယ်ဆိုတာတောင် ကျွန်မအဆင်ပြေလို့ တားခဲ့ရသေးတယ် ”
ကြည်သန့်မေက အားနာစိတ်ကြောင့်ရော, စိတ်ထဲသိပ်မထားချင်လို့ရော ငြင်းလိုက်ကာ ကလေးများဆီသို့သွားရင် မုန့်တချို့ဝေလိုက်ပါသည်။ ရတနာထွန်းနှင့် ကျော်ခေါင်က မုန့်စားရင်း မအားဖြစ်နေ၍ လှမြင့်ကပင်ဝင်ကူလိုက်ပါသည်။
“ သူတို့က ကျောင်းအိပ်ကျောင်းစားတွေလေ ”
ဆရာမလေးကိုကြည့်ရင်း ရွာလူကြီးက ပြောလိုက်ပါသည်။
“ ဘော်ဒါနေတာကိုပြောတာလား ’
“ မဟုတ်ဘူး ဆရာမလေး၊ ဘုန်းကြီးကျောင်းသားတွေပါ၊ တချို့က ကိုရင်လောင်းတွေ , တချို့ကတော့ ဘုန်းကြီးကျောင်းသားသက်သက်ပါပဲ၊ ဒီကအောင်ရင် အကုန်လုံး ဆရာမလေးတို့ကျောင်းကို ရောက်လာမှာပါ၊ မောင်ရင့်တို့အသုတ်ထက်များသွားတာပေါ့ ရွာထဲပြန်တဲ့ကလေးတွေနဲ့ဆို ”
“ ကိုအောင်ပြည့်ဖြိုးတို့အဖွဲ့ကို လေးစားမိပါတယ်၊ ကလေးတွေအတွက်ရော ရွာအတွက်ရော ဝမ်းသာရပါတယ် ”
ရွာလူကြီးက ပါးစိကိုမစိတော့ဘဲ တတွတ်တွတ်ရှင်းပြရင်း ဆရာတော့်ဆီခေါ်သွားပါသည်။ နောက်မှ လှမြင့်က မုန့်စားရင်း စကားပြောနေသည့် ရတနာထွန်းနှင့် ကျော်ခေါင်ကိုကြည့်ကာ သက်ပြင်းချရင်း ဆရာမလေးနောက် အမှီလိုက်သွားလိုက်ပါသည်။
ကျောင်းဝန်းထဲတွင် ကျောင်းဆောင်က ငါးဆောင်ရှိပါသည်။ တစ်ဆောင်က သိမ်ကျောင်းဆောင်ဖြစ်ကာ အတော်အတန်ကျယ်ဝန်းပါ၏။ တစ်ဆောင်က ဆွမ်းချက်ဆောင်ဖြစ်ပါသည်၊ သိမ်ကျောင်း သုံးဆဖြစ်ကာ အထဲတွင် ဆွမ်းချက်ပြုတ်တာ , ဆွမ်းစားတာ , အလှူအတန်းများတွင်သုံးသည့် ပစ္စည်းတချို့ သိုလှောင်တာ ပေါင်းလုပ်ပုံရပါသည်။
ဘေးတွင်က ကျောင်းဆောင်ထဲမပါသည့် ဇရပ်တောင့်တောင့်လေးတစ်လုံးရှိပါသည်၊ အဲ့ဒီကနေကြည့်လျှင် ကျောင်းဘေး မြေကွက်လပ်ကျယ်ကြီးကို တွေ့ရပါမည်။ ထိုအထဲတွင် ဇာတ်စင်သဏ္ဍန်အဆောက်အုံအရိုးခံကိုတွေ့ရပါသည်၊ မေးကြည့်ရာ ဘုရားပွဲအတွက် ဇာတ်ငှားရင် ကပြသည့်နေရာဟု ဆိုပါ၏။
အဲ့ဒီအလွန်ကို စွန်းကြည့်လိုက်လျှင် ဖြူဖြူအကွက်လေးတွေကိုမြင်ရပါမည်၊ အုပ်ဂူလုပ်ချင်သူများအတွက် သင်္ချိုင်းမြေဟု ပြောပါသည်။ ရိုးရိုးသင်္ချိုင်းကတော့ ကျောင်းကြီးအနောက်မှာ ရှိသည့် အရိုးတောင်တစ်ကြောပင်ဖြစ်ပါသည်။
ကြည်သန့်မေ အရိုးတောင်ကိုလှမ်းကြည့်ရင်း မောင်ရင့်ဆီသွားခဲ့သည့်ခရီးကိုပင် ပြန်တွေးမိသွားပါသည်။ နာမည်နှင့်လည်း လိုက်ပါသည်ဟု ကောက်ချက်ချကာ ဇာတ်ကားတွေ ဤရွာကို မည်သို့လာပြီး ကပြလဲဟု စိတ်ဝင်စားသွားပါသည်။
“ ဆရာမလေး မသိလို့ ဒီရွာက ပွဲအရမ်းကြိုက်တာ၊ ကြည့်ရင်လည်း အကောင်းမှကြည့်ချင်တာ၊ ဒါကြောင့် ကျွန်တော်လည်း သူဌေးတွေဆီကငွေကောက်ပြီး ရေတစ်တန် ကုန်းတစ်တန်နဲ့ မရရအောင် စီစဉ်တာပေါ့၊ ဈေးလည်း ပိုပေးထားတော့ သူတို့ ကပြကြပါတယ်၊ နာမည်ကြီး ဇာတ်တွေအကုန်နီးပါးခေါ်ပြီးပြီနော် ဆရာမလေး၊ အခုဆို နာမည်ကြီးဗီဒီယိုသရုပ်ဆောင်တွေပါတဲ့ဇာတ်ပဲ ရွေးငှားလာပြီ၊ ဖိုးချစ်ကျ သူလည်းသရုပ်ဆောင်တာဆိုတော့ ဒီတိုင်းပဲ ငှားလိုက်တယ် ဟဲဟဲ ”
လှမြင့်က လမ်းကိုကွေ့ပတ်ကာ ဖြေးဖြေးချင်းသွားနေသည့်ရွာလူကြီးကို စိတ်ထဲမှကျိန်ဆဲကာ ကြားမှဝင်ဝင်လျှောက်ပြီးမျက်နှာကြီးမဲနေပါသည်။ သူ့ကြွားစရာများကို ဦးအောင်ပြောသွားသည့်အပြင် အချိန်လည်း ဆွဲနေပါသည်။ ဆရာမလေး ဟင်းချက်ထားတာမစားသွားလျှင် အမေကဆူမည်ဖြစ်ပါသည်။
“ ဆရာမ သားတို့ကိုစောင့်ပါအုံး ”
ထိုစဉ် ကျော်ခေါင်တို့နှစ်ယောက် အပြေးရောက်လာကြပါသည်၊ လှမြင့်လည်း အဖော်ရသွားဟန်ဖြင့် အမြန်လာရန် မျက်ရိပ်ပြလိုက်ပါ၏။
အရှေ့မှာက ဆရာတော်သီတင်းသုံးရာကျောင်းနှင့် အဓိကကျောင်းမကြီးက တွဲလျက်ရှိပါသည်၊ ကြားမှာ တံတားသဖွယ် လျှောက်လမ်းကလေးရှိခြင်းပင်။ ဘေးတွင်က စာသင်ကျောင်းရှိပါသည်။ အဓိက ကျောင်းမကြီးမှ လွဲ၍ အကုန်လုံးက တစ်ထပ်ဆောင်တွေချည်းဖြစ်ပါသည်။
“ ဧဝံ မေ သုတံ၊
ဧကံ သမယံ ဘဂဝါ သာဝတ်ထိယံ၊
ဝိဟရတိ ဇေတဝနေ၊
အနာထပိဏ္ဍိကဿ အာရာမေ။
အထခေါ အညတရာ ဒေဝတာ
အဘိက်ကန်တာယ ရတ်တိယာ အဘိက်ကန်တ ဝဏ်ဏာ
ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ
ယနေ ဘဂဝါ၊ တနေုပသင်ျကမိ။
ဥပသင်္ကမိတွာ ဘဂဝန္တံ - အဘိဝါဒေတွာ။
ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ
ဘဂဝန်တံ ဂါထာယ အဇ်ဈဘာသိ ”
ကိုရင်အသေးလေးတစ်ပါး၏ စာအံသံကိုကြားရပါသည်။ စာကျက်နေသည်လား , စာအံနေသည်လား , စာပြန်နေသည်လား သေချာတော့ မသိရပါချေ။ ဆရာတော့် ဖိနပ်ချွတ်တွင်တော့ ဖိနပ်အချို့ကိုပါ တွေ့ရပါသည်၊ ဧည်သည်တွေရောက်နေဟန်တူပါ၏။
“ လာဆရာမလေး ”
ရွာလူကြီးမှ ဦးဆောင်ကာ ဆရာမလေး, လှမြင့် , ကျော်ခေါင် , ရတနာထွန်းတို့ကို အစဉ်လိုက်ခေါ်သွားပါသည်။ ကိုရင်လေးက စာပြန်နေခြင်းပါပေ၊ ဧည့်သည်တော့မရှိချေ။ ဆရာတော်က စာအသစ်ထပ်ချပေးကာ ကျက်ပြီးလျှင်လာပြန်ဖို့ပြောပြီး လွှတ်လိုက်ပါသည်။
“ ဆရာမလေးလာမယ်ဆိုလို့ ဦးဇင်းမျှော်နေတာ၊ ကျောင်းသားတွေလည်းပါတာပဲ၊ ရွာလူကြီးနဲ့ဆရာမလေးက ဒီဘက်မှာထိုင်လို့ရပါတယ်၊ ကလေးတွေ မုန့်စားကြအုံး ”
ဆရာတော်က မုန့်ဘုံးတစ်ခုထုတ်ကာ လှမြင့်တို့ကိုကျွေးလိုက်ပါသည်။ ကျော်ခိုင်ကလည်းနှိုက်ကာ ရတနာထွန်းပါပေးလိုက်ပါသည်။
“ ဆရာမလေးတို့ ကော်ဖီသောက်မလား၊ ဟေး ကိုရင် လာပါအုံး ၊ သွား ရေနွေးထည့်ပြီးကော်ဖီဖျော်ယူလာခဲ့ ”
ကိုရင်ကြီးတစ်ပါးကိုလှမ်းခေါ်ကာ သေချာဧည့်ခံပေးပါသည်။ အတော်ကိုဖော်ရွေသည့် ဦးဇင်းပါလားဟုပင် မှတ်ချက်ချရပါမည်။ သွားယူနေပြီမို့ ဆရာမလေးလည်း မငြင်းတော့ပါပေ။
“ ဆရာမလေးနာမည်က ကြည်သန့်မေလို့ ခေါ်ပါတယ်ဘုရား၊ တပည့်တော်တို့ကျောင်းမှာ စဆုံဖူးကြတာပါ၊ အဲ့ကတည်းက ဆရာမလေးရဲ့ စေတနာ , ဝါသနာ, အနစ်နာတွေကို လေးစားအားကျမိနေတာပါ၊ ဆရာတော့်တပည့်တွေလည်း သဘောကျကြရတဲ့ ဆရာမလေးပါဘုရား ”
ရွာလူကြီးက ဦးခိုက်ကန်တော့ပြီးနောက် လျှောက်လိုက်ပါသည်။ ကြည်သန့်မေက မိတ်ဆက်ပေးသည်ကို မည်သို့မျှမပြောလိုပေမယ့် နည်းနည်းပိုသလိုခံစားရသည်မို့ သဘောတော့ မတွေ့ဖြစ်သွားပါသည်။
“ တပည့်တော် ကြည်သန့်မေပါဘုရား၊ ကျောင်းသားတစ်ယောက်နေမကောင်းတာလာကြည့်ရင်းနဲ့ ဆရာတော့်ကျောင်းလေးကိုလည်း လေ့လာရင်း လာခဲ့တာပါဘုရား ”
ဆရာတော်က ရန်းထားသည့်တိုင် ရင်ဘတ်ပေါ်မတတ်ပြေကျနေသည့် သင်္ဃန်းစကိုပြန်၍လိပ်တင်လိုက်ပြီး ကွမ်းတစ်ယာကောက်ဝါးလိုက်ပါသည်။
“ သက်သာသွားပြီမလား ဦးဇင်းလည်းဆေးပေးထားသေးတယ်၊ ရာသီပေါ်အဖျားပါပဲ ”
“ တင့်ပါ့ သက်သာသွားပါပြီဘုရား ”
ထို့နောက် ဆရာတော်ကဆက်၍
“ ဆရာမလေးလာတော့ တပည့်တွေအကြောင်းမေးရင်းနဲ့ ကျောင်းလေးကိုလိုက်ပြချင်နေတာ အတော်ပဲဖြစ်သွားတယ်၊ မနက်က ရွာလူကြီးလာပြောကတည်း ဝမ်းသာနေတာ ”
“ တင့်ပါ့ဘုရား တပည့်တော်လည်း ခဏနေပြန်ရမှာဆိုတော့ အမြန်လာလိုက်တာပါဘုရား ”
“ ဒါဆို ကျောင်းဘက်သွားရင်းပြောကြတာပေါ့ ”
ထို့နောက် ဆရာတော့်ဘေးတဖက်စီမှ ဆရာမလေးနှင့် ရွာလူကြီးကယှဉ်လိုက်သွားကာ အနောက်မှ လှမြင့် , ကျော်ခေါင် , ရတနာထွန်းတို့က အစဉ်အတိုင်းလိုက်သွားကြပါသည်။
ဆရာတော်က စကားပြောနေရင်း သူသဘောကျရင်ကျသလိုထထရယ်တတ်ပါသည်၊ ကြည်သန့်မေ စိတ်ထဲ ဒီဆရာတော်က ပေါ့ပေါ့ပါးပါးနဲ့ပျော်ပျော်ရွှင်ရွှင်ရှိတာပဲဟု အနည်းငယ်သက်တောင့်သက်သာဖြစ်သွားပါသည်။ တစ်နာရီလောက်ကြာသည်ထင်ရပါ၏ တရစပ်ပြောနေသည်မို့ အာဝဇန်းလည်းအတော်ရွှင်သည်ဟု မှတ်ချက်ပေးရပြန်ပါသည်။ သုံးနာရီခွဲမှ မောင်ရင့်တို့အိမ်ကိုပြန်ရောက်ပါသည်။ မောင်ရင့်က နိုးနေပါပြီ။
“ ဆရာမ သားပြောစရာရှိတယ် ”
မောင်ရင့်ကစောင့်နေဟန်ဖြင့် တန်းပြောလိုက်ပါသည်။ အိမ်ထဲရှိအားလုံးကလည်း အမေညွန့်ကြိုပြောပြထားပြီး၍ ကျော်ခေါင်တို့ကို ခေါ်ကာ အလိုက်တသိထွက်လာခဲ့လိုက်ကြပါ၏။
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ