မိသားစုနှင့် ပြန်ဆုံခြင်း ( ခ )
Vol. 4 Ch. 20
ဝေဝါးနေသည့်မှတ်ဉာဏ်များက မောင်ရင့်ကို ခေါင်းကိုက်စေပါသည်။ ယခုအချိန်တွင် သူ့အတွက်လိုအပ်နေသည်က နောက်ဆုံးမှတ်မိခဲ့သည့် အမျိုးသမီးနှင့်တွေ့ရဖို့ပင်။
တစ်ကိုယ်လုံးကိုက်ခဲနေပါ၏။ လက်တစ်ဖက်မှာလည်း အလွန်နာကျင်နေရပါသည်။ အေးစိမ့်သလိုလည်း ခံစားနေရပါသည်။
မျက်လုံးကို အားယူကာ ဖွင့်လိုက်ပါ၏။ ရင်းနှီးနေပေမယ့် မမှတ်မိသည့် ပတ်ဝန်းကျင်တစ်ခုကို သူရောက်နေပါသည်။ ထကြည့်ဖို့လုပ်လိုက်ပါသည်။
“ အမေ သားလေးနိုးပြီထင်တယ် ”
မကြည်ပြာက သတိထားမိသွားသဖြင့် အမေညွန့်ကို လှမ်းခေါ်ပါ၏။ အသံကြောင့် ခပ်လှမ်းလှမ်းက မပုမနှင့် သဇင်ကျော်တို့ပါ ရောက်လာကြပါသည်။
“ သား ဘယ်ရောက်နေတာလဲ ”
မောင်ရင့်သူ့အသံကို ထူးဆန်းနေပါသည်၊ ပြီးတော့ သူလူကြီးတစ်ယောက်ဖြစ်နေပါသည်။ သူမှတ်မိသည်က သူက အလွန်ငယ်သေးသည့်ကလေးတစ်ယောက်သာဆိုသည်ကိုပင်၊
သို့သော် သူကောင်းကောင်း တွေးတတ်စဉ်းစားတတ်နေပြန်ပါ၏။
“ မောင်ရင့် ဘယ်လိုနေလဲ ”
မဖြေပေးဘဲ အမေညွန့်က ဟိုစမ်းဒီစမ်းလုပ်ပါသည်၊ ထို့နောက်တစ်ပူအေးသွားဟန်ဖြင့် မကြည်ပြာတို့ကိုကြည့်ကာ ရပြီသူသောပုံစံလုပ်ပြလိုက်ပါသည်။
“ သားလေး အမေလေ၊ သားအိမ်မှာပဲ ”
မကြည်ပြာက ငိုသံပါသွားကာ မောင်ရင့်ကိုဖက်၍ပြောလိုက်ပါ၏။ မပုမနှင့် သဇင်ကျော်က အခြေအနေကို နောက်မှ အကဲခတ်နေကြပါသည်၊ သဇင်ကျော်လိမ္မာနေပါပြီ။
“ ဆရာမလေးပြောခဲ့တယ်၊ နိုးလာရင် စိတ်တွေရှုပ်နေမှာပဲတဲ့ သူ့ကိုဘာမှသိပ်မပြောနဲ့အုံး ”
အမေညွန့်လမ်းဘက်မျှော်ကြည့်ကာပြောလိုက်ပါ၏။ သဇင်ကျော်ကလည်း လက်ပတ်နာရီကိုကြည့်ရင်း ခဏနေပြန်လာလောက်မှာထင်တယ်ဟု မှန်းကြည့်လိုက်ပါသည်။ မပုမကတော့ မောင်ရင့်ကိစ္စအေးသွားပြီမို့ အိမ်ဘက်ခဏပြန်ထွက်သွားပါသည်။
“ အမေလား ”
“ အမေ သားခန္ဓာကိုယ်တွေနာတယ်၊ ချမ်းလည်းချမ်းတယ်၊ ဒီလက်ကပိုနာတယ် ”
မောင်ရင့် ရင်းနှီးလွန်းသည့်ခံစားချက်နှင့်အမျိုးသမီးကို သူ့အမေဆိုသည်အား လက်ခံလိုက်ပါသည်။ စိတ်ထဲတွင်အသားတကျလည်း ခံစားရပါသည်။
“ ဒါဆို သားလှဲနေအုံးနော်၊ အယ် ဒီစောင်က လေးလိုက်တာ ”
ကာကီရောင်ခြုံထည်ကို မကြည်ပြာ မ,မနိုင်ဖြစ်နေပါသည်၊ အခြေအနေကို ရိပ်စားမိသည့် အမေညွန့်ကပင် ဝင်ထိန်းကာ အခြားစောင်က ပိုနွေးသည်ဟုပြောပြီး ခြုံပေးလိုက်ပါ၏။
“ သားဘာသား ခြုံလိုက်ပါမယ် ”
နွေးထွေးမှုကို ခံစားရ၍ မောင်ရင့်စိတ်ကောင်းဝင်နေကာ သူ့ဘာသာမယူလိုက်ပြီး အပေါ်မှ ထပ်ခြုံလိုက်ပါသည်။
“ ောက်ခွေး ”
အမေညွန့် လန့်အော်မိသွားပါသည်။ သူပင် ဆရာမလေးမရှိ၍ မ, မနိုင်တော့သည့် ခြုံထည်ကို ဤအတိုင်းယူခြုံသွားခြင်းမဟုတ်ပါလော။
“ အမေဘာဖြစ်လို့လဲ ”
“ ဘာမှမဟုတ်ဘူး၊ ကလေးလက်ကို စစ်ပေးလိုက်အုံး ဟိုမှာနာတယ်ပြောနေတယ် ”
အမေညွန့် မျက်စိ , မျက်နှာပြန်ထိန်းကာ စကားလမ်းကြောင်းလွှဲပြီး မောင်ရင့်ကို တဖန်ပြန်ကြည့်လိုက်ပါသည်။ မည်သည့်ထူးခြားချက်မျှ သူသိသလောက်မခံစားမိပါချေ။
“ ဘာမှမရှိပါဘူး အမေ၊ စိတ်ထဲထင်နေတာဖြစ်မယ်၊ ထွန်းရွှေဝါတော့ လိမ်းပေးထားတယ် ”
သဇင်ကျော်က ရှေ့တိုးလာကာ
“ နင့်ငါ့ကို မှတ်မိလားဟင်၊ ငါသဇင်ကျော်လေ၊ အတန်းခေါင်းဆောင် ပြီးတော့ နင်ဘာမှတ်မိသေးလဲ ”
“ သူ့ကို အရမ်းမမေးနဲ့အုံးလေသမီး ”
မကြည်ပြာကဝင်ပြောလိုက်သည်မို့ သဇင်ကျော် ခေါင်းလေး အနည်းငယ်ပုသွားပါသည်။
“ မှတ်မိပြီ၊ နင်နဲ့ငါက ကြိုက်နေတာပဲ၊ ဒါပေမယ့် ငါက ကလေးပဲရှိသေးတယ်လေ ”
အမေညွန့် , မကြည်ပြာ မျက်လုံးများပြူးသွားကြပါသည်။ သဇင်ကျော်လည်း ပြေးပုန်းရန်နေရာရှာရတော့မည်ပုံပင် ဖြစ်သွားရပါ၏။
“ ဟဲ့ သားလေး အဲ့လိုမပြောရဘူးလေ ”
မကြည်ပြာက မျက်နှာပူပူဖြင့် ဝင်ဟန့်ကာ သဇင်ကျော့်ကို အနောက်တွင်ပုန်းနေခိုင်းလိုက်ပါသည်။ မကြည်ပြာကျောကိုကွယ်ရင်း သဇင်ကျော်လည်း အမေညွန့်အရိပ်အခြေကို လှမ်းကြည့်လိုက်ပါ၏။ ဟိုက ခဏမျှသာ အံ့ဩသွားပုံရပါသည်၊ ထိုအခါမှ သဇင်ကျော်လည်း ရှက်ရမ်းရမ်းကာ ရှေ့ပြန်ထွက်လိုက်ပါသည်။
“ မှတ်မိတဲ့အတိုင်းပဲပြောတာလေ ”
“ လျှောက်စမနေနဲ့တော့၊ ခဏနေဆရာမတို့ပြန်လာမှာ နင်ဘယ်လိုနေသေးလဲ ”
မောင်ရင့်က စောင်ခြုံထားရင်း ဒဏ်ရာတွေလှန်ပြပါသည်။ သို့သော် မည်သည့်ဒဏ်ရာမှ မရှိနေပေ။
“ ဆရာမလာရင်ကုပေးလိမ့်မယ်၊ အခုလည်း ဆရာမကုပေးထားတာ စိတ်မပူနဲ့ သိလား ”
ပြောရင်း သရဲနှင်သည့်အမေညွန့်အကြောင်းပြန်စဉ်းစားမိကာ ကျောချမ်းသွားပါသည်။ ထိုခဏ မောင်ရင့်ကိုလှည့်ကြည့်မိရာ မိမိအားစားတော့မတတ် စိမ်းစိမ်းဝါးဝါးကြီးစိုက်ကြည့်နေသည်ကို ကြောက်မက်ဖွယ်ရာ တွေ့လိုက်ရပါ၏။
“ အမလေး ”
“ ဘာဖြစ်လို့လဲ သမီး ”
ထိုင်နေရာမှ လန့်ကာနောက်ဆုတ်ရင်း လန်ကျသွားသည့် သဇင်ကျော့်ကို မကြည်ပြာက ဝင်ထိန်းရင်း မေးလိုက်ပါသည်။
“ မောင်ရင့် သမီးကိုကြောက်စရာကြီးကြည့်နေတယ် ”
“ ဘယ်မှာလဲ ”
မကြည်ပြာနှင့် အမေညွန့်တို့လှမ်းကြည့်လိုက်ရာ မောင်ရင့်ကလည်း ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေပါသည်။
‘ ဘာတွေပြောနေကြတာလဲ၊ ငါလည်းဘာမှမလုပ်ဘဲနဲ့၊ ဒါပေမယ့် ဆရာမဆိုတာ ငါ့မှတ်မိသလောက် စိတ်ထဲက အစ်မနဲ့ ပုံစံနည်းနည်းတူနေသလိုပဲ၊ လာခါမှ မေးကြည့်ရမယ် ’
အမေညွန့်ကတော့ ဖြစ်နိုင်သည်ဟုယူဆပါသည်၊ အစောက သူတွေ့လိုက်ရသည့် ခွန်အားတွင်ပင် မယုံနိုင်စရာဖြစ်နေပါပြီ။
“ သမီး မျက်စိမှောက်တာနေပါမယ်၊ ကြည့်ပါလား သူ့ဘာသာလေး နေနေတာ ”
သဇင်ကျော်ခေါင်းငြှိမ့်ကာ ထင်ယောင်ထင်မှားဟုသာမှတ်ထားလိုက်ပါသည်။
ထိုအခိုက် အမေညွန့်က မကြည်ပြာအနားသွား၍ မသိမသာလက်နှင့်တို့လိုက်ပါသည်၊ နားလည်ဟန်ရသည့်မကြည်ပြာက အနောက်မှ ခဏလိုက်သွားပါ၏။ ထို့နောက်ပြန်လာပြီး သဇင်ကျော့်နားကပ်၍တစ်ခုခုပြောလိုက်ပြန်ပါသည်။ မောင်ရင့်မရိပ်မိအောင် အချိတ်အဆက်ပြုလုပ်နေကြခြင်းပါပေ၊ သို့သော်မောင်ရင့်ကတော့ မည်သူ့မှ ကြည့်မနေပါချေ။
“ ဆရာမတို့က ဘယ်သွားကြတာလဲ အမေ ”
မောင်ရင့်တွေဝေနေရာမှ မကြည်ပြာကိုလှမ်းမေးလိုက်ပါသည်။
“ ရွာထဲခဏသွားတာသား၊ လာတော့မှာပါ၊ ဟော ပြောရင်း ကလေးတွေအသံကြားတယ်၊ လာကြပြီထင်တယ် ”
ကြည်သန့်မေ လှမ်းကြည့်လိုက်ပါသည်။ အရှေ့ဆုံးမှ ဆရာမလေးဖြစ်ပြီး အနောက်တွင်တော့ လှမြင့် , ကျော်ခေါင် , ရတနာထွန်းတို့က အစဉ်လိုက်ဝင်လာကြပါ၏။
“ ဆရာမ သားပြောစရာရှိတယ် ”
အထဲရာက်ရောက်ချင်း မောင်ရင့်က စောင်ခြုံလျက်ထထိုင်ကာ ပြောလိုက်ပါသည်။ သိပ်မကိုက်ခဲတော့သည့်ပုံရပါသည်၊ သို့သော်လက်တစ်ဖက်ကိုတော့ နာနေဟန်လုပ်ထားပါသေး၏။
ဆရာမလေးက အခြေအနေကို နားလည်ဟန်ဖြင့် အနားသို့တိုးလာပြီး အနီးဆုံးတွင် ထိုင်ချလိုက်ပါသည်။ ကျန်လူများကတော့ အမေညွန့်မှ အရိပ်အကဲပြ၍ အပြင်ထွက်ကာစောင့်ပေးနေလိုက်ကြပါ၏။
▪️▪️▪️
“ ဘာလို့လဲဟင် ”
ရတနာထွန်းက မုန့်ကုန်သွားပြီမို့ လှမ်းမေးလိုက်ပါသည်။
“ မောင်ရင့်က ဆရာမလေးနဲ့သီးသန့်တွေ့ဖို့လိုတယ်၊ ဒါကို စိတ်ကုထုံးလို့ ခေါ်တယ်တဲ့ ”
သဇင်ကျော်က ဆရာမလေးအကြောင်းကိုပိုသိသည်မို့ အမေညွန့်မှာထားသည်နှင့် ဆက်စပ်ကာရှင်းပြလိုက်ပါသည်။
“ ရူးတော့မှာလား ”
လှမြင့်ကဝင်မေးပါသည်။
“ ဟဲ့ ရူးစရာလား နင်ပဲရူး၊ သူက အခုမှနေကောင်းခါစဆိုတော့ စိတ်ကုထုံးလိုနေတာ၊ ဒါက ရန်ကုန်မှာ ပိုက်ဆံရှိတဲ့သူတွေလုပ်နေကြတာတဲ့ ဆရာမလေးပြောပြတာ၊ မယုံရင် ဆရာမလေးလာတဲ့အခါမေးကြည့် ”
လှမြင့်ဆက်မမေးတော့ပါချေ၊ ဆရာမလေးက သူတို့အိမ်မှာထမင်းစားပြီးမှပြန်မည်မို့ အချိန်ရသည်ပင်။
“ ဒါဆို မောင်ရင့်က ကံကောင်းတာပေါ့၊ မြို့က ပိုက်ဆံရှိသူဌေးတွေပဲလုပ်နိုင်တာကို အလကားကုရတာ ”
ကျော်ခေါင်ဝင်ပြောလိုက်ပါသည်။
“ အေးပေါ့ ငါတောင်ဆရာမလေးဆီကသင်မလို့စဉ်းစားနေတာ ဝါသနာပါရင် အတူတူမေးကြည့်ကြမလား ”
ရတနာထွန်းက နင်သွားရင်ငါပါလိုက်မယ်ဟူသည့်သဘောဖြင့် လက်ညှိုးထောင်ပါသည်။ လှမြင့်က ကြောက်စရာကြီးဟုဆိုကာ နောက်ဆုတ်ပါသည်၊ ကျော်ခေါင်ကတော့ စိတ်မဝင်စားပါချေ။
“ ငါပြောတာ စီစဉ်ထားနော်၊ ဆရာမလေးကို အားနာဖို့ကောင်းတယ် ”
အမေညွန့်က ပျဉ်းကတိုးပင်အောက်ထိုင်ရင်း ကလေးများကို လှမ်းကြည့်ကာ ပြောလိုက်ပါသည်။
“ စိတ်ချပါအမေရဲ့ သမီးလည်း သိတတ်ပါတယ် ”
မကြည်ပြာက သူအကုန်လုပ်ထားပြီးပြီဟုပါအာမခံလိုက်ပါသည်။ အထဲရှိအခြေအနေကတော့ မသိရသေးပါချေ။
အချိန်ကား ညနေ ၄ နာရီကျော်ဖြစ်ပါ၏။
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ