လူသစ်စိတ်သစ်
Vol. 4 Ch. 21
အိမ်ထဲတွင် မောင်ရင့်နှင့် ဆရာမလေးတို့ မျက်နှာချင်းဆိုင်ထိုင်လျက်ရှိပါသည်။ မောင်ရင့်ကတော့ ခြုံလက်စစောင်အပြင် ကာကီရောင်အလွှာကိုပါ ထပ်ခြုံထားပါ၏။
“ ဆရာမကို ကျွန်တော်အရင်ဘဝကလည်း မြင်ဖူးတယ်၊ အခုလိုပုံစံတော့မဟုတ်ဘူး ”
“ သားသိထားတာက အရင်ဘဝမဟုတ်ဘူး ဒီဘဝရဲ့ ကြားဖြတ်ဘဝတစ်ခုမှာပဲ၊ သားအရမ်းမစဉ်းစားနဲ့အုံး ဆရာမသေချာလေး ရှင်းပြပေးမယ်၊ ခေါင်းကိုက်လာရင်ပြောနော်၊ ဆရာမမေးတာတွေလည်း အမှန်အတိုင်း ပြန်ဖြေပေး ပေး ”
မောင်ရင့်ခေါင်းငြှိမ့်လိုက်ပါသည်။
“ ဟုတ် ဆရာမ၊ သားရိုးရိုးသာသားပဲပြန်ဖြေပါမယ်၊ ဒါတွေရှင်းသွားမှလည်း သားခေါင်းကိုက်တာပျောက်သွားမယ်လို့ ခံစားရတယ် ”
“ အရင်ဆုံး ဆရာမ မေးချင်တာက အခု သား ခန္ဓာကိုယ်ကို ဘယ်လိုခံစားနေရလဲ ”
ဆရာမလေးက စိုးရိမ်စွာမေးလိုက်ပါသည်။
“ အစကနာတယ် ဆရာမ၊ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလိုကို နာနေတာ၊ ပြီးတော့ ဒီလက်ဆို ထုတ်ချင်းဖောက်ခံထားရသလိုပဲ၊ အခုတော့ သက်သာသွားပါပြီဆရာ၊ သား ချမ်းနေတာတစ်ခုပဲ ”
“ သားချမ်းနေတာက သားခန္ဓာကိုယ်က အပူရှိန်သေချာမရှိသေးလို့ပါ၊ ပြီးတော့ ဆရာမပြောခဲ့တဲ့ ကြားဖြတ်ဘဝမှာ သားက အရမ်းပူတဲ့ခန္ဓာကိုယ်ရှိတယ်လေ၊ ဒီတော့ အခုလို သာမာန်ခန္ဓာကိုယ်နဲ့ အသားမကျဖြစ်နေတာ ”
မောင်ရင့်က စောင်ကိုလုံးနေအောင်ခြုံရင်း
“ သား အမြဲချမ်းနေမှာလား၊ ပြီးတော့ အရင်ဘဝလည်း မဟုတ်တဲ့ ကြားဖြတ်ဘဝဆိုတာက သားမှတ်မိသလောက်ဆို အရမ်းတိုမယ်ထင်တယ်၊ ဆရာမသိရင် ပြောပြပေးပါလား ”
“ သား အသားကျသွားရင် မချမ်းတော့ပါဘူး၊ ဘယ်လိုပုံစံအသားကျသွားမလဲတော့ ဆရာမလည်း သေချာမကြုံဖူးဘူး၊ သားအဖြစ်က အသစ်တစ်ခုပဲ၊ ပုံမှန်ဆိုရင် အခုခန္ဓာကိုယ်အတွက် ဝန်မပိရဘူး၊ ကံကောင်းမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ် မဆိုးဝါးပါဘူး ”
ဆရာမလေးက အနည်းငယ်စဉ်းစားကာ ပြန်ပြောလိုက်ပါသည်။
“ ကြားဖြတ်ဘဝဆိုတာကရောဟင် ဆရာမ ”
“ သားအခု ဘယ်လို မှတ်မိထားလဲ ”
မောင်ရင့်မေးစေ့ကိုပွတ်လိုက်ကာ သူ့ဘာသာ တစ်ခုခုကိုတွေးမိရင်း ရှက်ဝဲဝဲဖြစ်သွားပါသည်။
“ သား အခုဘဝမှတ်ဉာဏ်တွေ အကုန်ပြန်ရနေပါပြီ၊ ဒါပေမယ့် ကြားဖြတ်ဘဝဆိုတာရဲ့ မှတ်ဉာဏ်နည်းနည်းပါ ပါနေတော့ သားစိတ်တွေပါ တစ်မျိုးကြီးဖြစ်နေတယ်၊ ပြီးတော့ ကြားဖြတ်ဘဝဆိုတာမှာ လူလား ခွေးလားမသဲကွဲဘူး သားစိတ်ထဲ အရမ်း ရောနေတယ် ”
“ ကြားဖြတ်ဘဝကိုအရင် ဆရာမပြောပေးမယ်၊ ဒါဆို သား ခွဲမှတ်လို့ရတာပေါ့ ”
မောင်ရင့်ကိုကြည့်ရသည်မှာ ပိုပြီးဖြူစင်ရင့်ကျက်သွားသလိုပဲဟု ခံစားရပါသည်၊ သူပြောသည့် စိတ်ထဲတစ်မျိုးကြီးပဲ ဆိုတာများလားဟူ၍ ဆရာမလေး စဉ်းစားမိပါ၏။
“ သား ခဏသေသွားတယ်၊ တစ်ပိုင်းသေသွားတယ်လို့ပြောရမယ်၊ အဲ့ဒီအချိန် ဘဝတစ်ခုဖြစ်သွားပြီး အဲ့ကနေအခု ပြန်ပေါင်းစည်းတာပဲ၊ ပုံမှန်ဆိုရင်တော့ သားတစ်ပိုင်းသေတာကနေ လုံးဝသေသွားဖို့ပဲ ရှိတယ်၊ ဒီဘက်မှာကျန်ခဲ့တဲ့စိတ်က အရမ်းအားနည်းနေလို့ သားရှိသေးမှန်းတောင် သေချာမသိရဘူး၊ ငူငိုင်ပြီး တွေတွေကြီးဖြစ်နေတဲ့ အချိန်တချို့ကို ခန့်မှန်းပြီး သားကိုမှီသေးတယ်လို့ ဆရာမ တွက်ဆကြည့်လိုက်တာ ”
“ ဆရာမ အကြောင်းကိုလည်း သားသိချင်တယ်၊ သားရော ဆရာမရော၊ အခုပြောတာတွေရော အကုန်ထူးဆန်းနေတယ် ”
ဆရာမလေးက ပြုံးလိုက်ပြီး
“ သားသိဖို့ အချိန်ရောက်ပါပြီ၊ ဆရာမ သေချာလေး ပြောပြပေးသွားပါမယ်၊ ဒါပေမယ့် ဒီစကားတွေက ဆရာမတို့ ကြားမှာပဲနော်၊ အပြင်က သူတွေအတွက် အကျိုးမရှိတဲ့အပြင် စိတ်တွေရှုပ်ထွေးပြီး အန္တရာယ်ပဲ ဖြစ်စေမှာ ”
“ ဟုတ်ကဲ့ပါ ဆရာမ၊ သားလည်း ဆရာမကို ပြောစရာတွေအများကြီး ရှိသေးတယ် ”
မောင်ရင့်က ကတိခံလိုက်ကာ ဆက်နားထောင်ပါသည်။
“ သားနေမကောင်းဖြစ်ပြီးဖျားတယ်၊ ပြီးတော့ သေသွားတယ်၊ သားနဲ့နီးစပ်တဲ့ ဗုဒ္ဓဘာသာသဘောတရားအရ ဆရာမသိထားသလိုပြောရရင် အဲ့ဒီမှာ သားရဲ့အကုသိုလ်ကံတချို့ကြောင့် ငရဲမှာ ပြိတ္တာသွားဖြစ်တယ်၊ ငရဲခံရမယ့်သူတော့ မဟုတ်ဘူး သက်ဆိုင်တဲ့သူတွေကိုအပြစ်ပေးရမယ့် ငရဲဝန်ထမ်းအနေနဲ့ အဆင့်မြင့်ပြိတ္တာတစ်ကောင်သွားဖြစ်တာ၊ သားထင်နေသလိုပဲ ခွေးအမျိုးအစားပေါ့ ”
မောင်ရင့် အနည်းငယ် ဇာတ်ရည်လည်သွားကာ သူမှတ်မိတာနှင့်တွဲ၍ စဉ်းစားကြည့်နေပါသည်။
“ ပုံမှန်က ငရဲခွေးတွေဟာ ဝဋ်ခံရမယ့် အပြစ်သားတွေရဲ့အကုသိုလ်ကံကြောင့်ပေါ်လာတာ၊ သူတို့သီးခြားကံနဲ့ဖြစ်လာတာမရှိဖူးဘူး၊ ပြောရရင် သူတို့ရဲ့ ဖြစ်တည်မှုက သီးသန့်မရှိဖူးဘူး၊ ခွေးအမျိုးအစားပြိတ္တာတွေထဲက ငရဲခွေးရဲ့ ထူးခြားချက်ပေါ့၊ သားက ပထမဆုံး သီးသန့်ကံနဲ့ဖြစ်လာတာလို့ပြောရမယ် ”
ထို့နောက် ဆရာမလေးက ဆက်ပြောပါသည်။
“ ဒုတိယအနေနဲ့က သားနေရာမှာ အရင်ရှိခဲ့တဲ့ ငရဲခွေးပဲ ၊ သူ့ကို တစ်ယောက်ယောက်က ယူသွားတယ်၊ သူလည်း သီးသန့်ဖြစ်တည်မှုလိုဖြစ်သွားပြီ၊ သူ့ဘာသာဖြစ်တာတော့မဟုတ်ဘူး မကောင်းတဲ့ အတတ်ပညာတစ်ခုခုနဲ့ ပေါင်းစပ်ပြီးဖြစ်သွားတာပဲ၊ ခွေးကတော့ သားကိစ္စ မဟုတ်ပေမယ့် ယူသွားတဲ့ သူကတော့ သားကို အခုလို လုပ်ခဲ့တဲ့သူနဲ့ ပတ်သပ်နေတယ်၊ သူလုပ်တာလည်း ဖြစ်နိုင်တယ် ”
မောင်ရင့်မှတ်ထားလိုက်ပါသည်။
“ သားသူ့ကိုရှာမယ်၊ ဆရာမ သားကိုကူညီပေးပါ ”
“ စိတ်ချပါ ဆရာမရှိတယ်၊ ပြီးတော့ သား သတိထားရမှာတွေရှိသေးတယ်၊ ဒီအတွက်လည်း ဆရာမပြီးရင် ပြင်ဆင်ပေးမယ်၊ အခုပြောပြီးသလောက် ဘယ်လိုနားလည်လဲ ”
ဆရာမလေးက ခဏနား၍မေးလိုက်ပါသည်။
“ သားက သီးခြားဖြစ်တည်မှုဆိုပေမယ့် သားမှတ်ဉာဏ်ထဲက သူတွေနဲ့လည်းပတ်သက်နေတယ်မလား၊ သူတို့အခု ဘယ်လိုဖြစ်သွားမှာလဲ၊ သားအစား သူတို့ကံနဲ့သူတို့တခြားခွေးထပ်ပေါ်လာစေမှာလား ဆရာမ၊ သူတို့စိတ်တွေ သားဆီမှာရှိနေသလိုပဲ သားရှုပ်ထွေးနေတာ အဲ့ဒီမှတ်ဉာဏ်တွေပါ ပါလာပြီ ”
‘ ဟင် ’
ဆရာမလေး အနည်းငယ်ကြောင်သွားပါသည်၊ ဒီလိုဆို အဲ့ဒီသူတွေနဲ့ မောင်ရင့်က တစ်ခုခုဆက်စပ်နေတာလား၊ ဘယ်လောက်တောင် နီးကပ်လို့ အခုလို မှတ်ဉာဏ်ပါ ခံစားမိနေရတာလဲ။
“ ဟုတ်တယ် သူတို့ကံမကုန်သ၍ ခွေးတွေက ပေါ်လာအုံးမှာပဲ၊ ပြီးတော့ အခုဖြစ်သွားတဲ့ မတော်တဆမှုက တစ်ယောက်ယောက်ရဲ့ ဝင်ရှုပ်မှုရယ် , ဆရာမရဲ့ဝင်ပါမှုရယ်ကြောင့်ဖြစ်သွားတာ၊ ထပ်ဖြစ်ဖို့တော့ မရှိပါဘူး ”
မောင်ရင့်အသေချာနားထောင်နေပါသည်။
“ ဒါကြောင့် သားက ငရဲနဲ့ပြိတ္တာတွေကြား ကူးလူးဖြတ်သန်းခဲ့ရတယ်၊ သားအစောင့်ငရဲသားကတော့ ဆရာမနဲ့စကားများထားတယ်၊ သူ့အကျင့်ပြောင်းသွားရင်တော့ လွတ်လမ်းရမှာပါ၊ အခုသားနာကျင်နေတာတွေကတော့ ဆရာမကြောင့်ပဲ ”
မောင်ရင့်ခေါင်းထဲ ငရဲသားနှင့် ဆက်ဆံရေးတွေပေါ်လာပါသည်၊ ပုံမှန်ခွေးတွေက အချိန်တန်မှ ပေါ်လာပေမယ့် သူကတော့ သီးခြားဖြစ်၍ အမြဲရှိနေရာ ငရဲသားကသာ အဖော်ဖြစ်ခဲ့ပါသည်။ သူ့နေ့စဉ်ဘဝက အရမ်းတော့မထူးခြားပါ၊ နိုးလာရင် ငရဲသားကို အနိုင်ကျင့်ပြီး ပျင်းသွားရင် ရွာဘက်ထွက်ကာ လူတွေကို ဆုံးမပေးရပါသည်။ ဒါကပဲသူ့ကို ဗိုက်ပြည့်စေကာ အိပ်လိုက်စားလိုက်နှင့်နေလာခဲ့ပါ၏။
တစ်နေ့ အလွန်စားချင်သဖွယ် အမျိုးသမီးတစ်ဦးပေါ်လာပြီး သူ့ကို ရိုက်နှက်ပါသည်၊ ပထမက သူပျော်နေခဲ့ပေမယ့် နောက်တော့ သူချည်းလှိမ့်ခံနေရပါသည်။ ငရဲသားလည်း မနိုင်ဖြစ်ကာ နောက်ဆုံးသူအရမ်းဒေါသဖြစ်သွားပြီး အဆမတန်ကြီးထွားလိုက်ပါသည်။ သို့သော် ကြောက်စရာ အာရုံတစ်ခုက သူ့စွမ်းအားကို ကန့်သတ်ထားသည်ဟု ခံစားမိလိုက်ပါ၏။
ရသလောက်နှင့်ချရာတွင်လည်း အမျိုးသမီးကြောင့် လက်သာပေါက်သွားရပါသည်။ ထို့နောက် အမျိုးသမီးက ပိုမိုစားချင်စဖွယ်အသွင်နှင့် ထွက်လာကာ လုံးဝမရုန်းနိုင်အောင် ရိုက်ပါလေတော့သည်။ နောက်ပိုင်းကိုတော့ သူတွေး၍ မရတော့ပါချေ။ ဒါက အဆုံးသတ်ဖြစ်လောက်မည်ဟုစဉ်းစားကာ မောင်ရင့် လက်စသတ်လိုက်ပါ၏။
“ ဒါဆို သားဘဝတစ်ခုစာတော့ ရှင်းသွားပါပြီဆရာမ၊ အခုဘဝကိုလည်း မှတ်မိနေပါပြီ၊ ကျန်တဲ့ မှတ်ဉာဏ်တွေကိုတော့ အခြားသူတွေရဲ့ အပိုင်းအစတွေလို့ပဲ သားမှတ်ထားလိုက်ပါမယ် ”
ဆရာမလေးက မောင်ရင့်ကိုကျေနပ်စွာကြည့်လိုက်ပါသည်။
“ သားက အများကြီး ပြောင်းလဲသွားတာပဲ၊ ကောင်းတယ် အခုလိုပဲ မှတ်ဉာဏ်ကို သုံးခု ခွဲထားလိုက်၊ ခေါင်းထဲ ဘယ်လိုနေသေးလဲ ”
“ ကြည်ကြည်လင်လင်ဖြစ်သွားပါပြီ ဆရာမ၊ ခန္ဓာကိုယ်လည်း နေသာထိုင်သာဖြစ်လာပြီ၊ ခွန်အားတွေအပြည့်ရှိနေသလိုပဲ ခံစားရတယ်၊ ပြီးတော့ သား ကြားဖြတ်ဘဝကလိုပဲ လုပ်နိုင်နေတာ တစ်ခုခု ရှိသလိုပဲ၊ အရင်ဆုံး ဆရာမအကြောင်း သားသိချင်သေးတယ် ”
ဆရာမလေးအံ့ဩသွားပါသည်၊ သူ့ဆရာမ မှာလိုက်သည့် မွေးရာပါ ပါရမီရှင်ဆိုတာ အခုလိုတစ်ဖန်မွေးဖွားလာပြီးနောက်ကိုပြောချင်တာလားဟုပါ မှတ်ချက်ချမိပါသည်။
“ ဆရာမက ယောဂီလို့ပြောရမယ်၊ အတတ်ပညာတချို့ကို သုံးနိုင်ပြီး၊ အစွမ်းတချို့ထုတ်နိုင်တယ် ”
မောင်ရင့် သူ့မှတ်ဉာဏ်တွေကိုမွှေကြည့်ပါသည်၊ သူများမှတ်ဉာဏ်တွေပါ မွှေကြည့်ပါသည်။
“ ဆရာမက တရားစခန်းက ယောဂီလား၊ ဒါပေမယ့် သူတို့မှာ တန်ခိုးမရှိဘူးမလား၊ ဆရာမက ဘယ်တရားစခန်းကလဲ၊ ဆရာမ ဈာန်ရထားတာလား ”
ဆရာမလေး ရယ်ချင်သွားပါသည်။
“ နာမည်ပဲဆင်တာပါ အနီးစပ်ဆုံးပြောပြတာ၊ ပညာတစ်ခုခုကို အမြဲကျင့်ကြံနေတဲ့သူလို့ ဆရာမကတော့သတ်မှတ်ထားတယ်၊ ဆရာမက တရားစခန်းမဝင်ဖူးပါဘူး၊ ဈာန်လည်းမရှိပါဘူး၊ ဒါပေမယ့် ပုံစံတူ ပညာတချို့ကို ကျင့်ကြံထားတော့ တန်ခိုးနည်းနည်းရှိနေတာ ”
မောင်ရင့် လိုက်မှတ်ပါသည်။ မပင်ပန်းပါ၊ ခေါင်းပိုကြီးသွားသလိုခံစားရပြီး သိချင်စိတ်နှင့် ကွက်တိဖြစ်သွားပါ၏။
“ သားရဲ့စိတ်ကနေတဆင့် သားနောက်လိုက်လာနိုင်တာက အနွေးကျောက်လို့ ခေါ်တဲ့ ဂိတ်ဖွင့်ပစ္စည်းအကူအညီကိုယူလိုက်တာ၊ အချိန်အကြာကြီး သားကိုရှာနေနိုင်တာက ဆရာမရဲ့ စိတ်ရောကိုယ်ရောကို သိဒ္ဓိတချို့ရှိအောင် မွမ်းမံထားလို့၊ သားကိုရှာလာပြီး အဓိက ဘဝနဲ့ပြန်ပေါင်းစပ်ပေးတာကလည်း အတတ်ပညာနည်းနည်းသုံးရတယ်။ ပြီးတော့ ဆရာမက အသံအတတ်တချို့ကို လေ့လာထားတယ်၊ ဒါကလည်း ဆရာမကို အစွမ်းအများကြီးရှိစေတာ။ သားမြင်ခဲ့ရတဲ့ ပုံရိပ်ကတော့ ဆရာမရဲ့ မူလကိုယ်ပဲ၊ သက်ဆိုင်ရာပညာကိုလေ့ကျင့်တဲ့အခါ အဆင့်တွေရတယ်၊ အဲ့ဒါက ဆရာမရောက်နေတဲ့ အဆင့်တစ်ခုပဲ ”
မောင်ရင့်စိတ်များက ဝမ်းသာအားရဖြစ်သွားပါသည်။ သူပိုသိချင်ပါသေး၏။ ဆရာမလေး သူ့ကို အခုလိုအကုန်ပြောပြနေတာဟာ သူ့ပါဒါတွေလုပ်စေချင်၍ပဲ ဖြစ်ရပါမည်။ သူဝါသနာပါပါသည်၊ သူလုပ်ချင်နေပါပြီ။ ပြီးတော့ သူရှာရမည့်သူလည်း ရှိပါသေးသည်။ ဒါတွေတတ်ရင် သူလုပ်ချင်တာတွေ အများကြီး လုပ်နိုင်သွားပါတော့မည်။
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ