ဘုံကူးခြင်း
Vol. 4 Ch. 22
“ သား ဆရာမလိုဖြစ်ချင်တယ်၊ သားကိုလည်း သင်ပေးပါဆရာမ ”
ဆရာမလေးက ခေါင်းငြှိမ့်လိုက်ပါသည်။
“ ဆရာမတို့က ရေစက်ပါ,ပါတယ် ”
မောင်ရင့်ဝမ်းသာသွားပါ၏။
“ ဆရာမ ပြောခဲ့တယ်မလား အကုန်အမှန်အတိုင်းဖြေဖို့၊ သား နေမကောင်းမဖြစ်ခင်က ထူးဆန်းတာ တစ်ခုခုကြုံခဲ့ရသေးလား၊ ကျန်ခဲ့တဲ့သားခန္ဓာကိုယ်ကလည်း တစ်ခုခုထူးဆန်းနေတယ် ”
မောင်ရင့် ဦးလေးစိန်အကြောင်းကိုပြောကြည့်ဖို့ကြိုးစားပါသည်။
“အမေစိန် အိမ်မက်ပေးတာကစတယ်လို့ ပြောရမယ်ဆရာမ၊ အမေစိန်ဆိုတာ သားအမေကြီးရဲ့အမေပါ၊ အမေကြီးနဲ့မေမေတို့အတွက် သူစုဆောင်းခဲ့တာလေးတွေပေးခဲ့တာအပြင် ထူးထူးဆန်းဆန်းဘူးနက်ပြာလေးကိုလည်း သားအတွက်ပေးခဲ့သေးတယ် ”
ဤအထိပြော၍အဆင်ပြေနေပါသည်။
“ ဘူးက အလွတ်ပဲမို့ အမေကြီးရော မေမေပါ ကစားစရာလှလှလေးတစ်ခုလို့ပဲမှတ်ခဲ့ကြတယ် ဆရာမ၊ သားလည်း စိတ်ပျက်လက်ပျက်နဲ့ ဒီတိုင်းပဲ သိမ်းထားလိုက်တယ် ”
သူဆက်ပြောပါသည်။
“ တစ်ရက် သားဝမ်းကွဲအစ်ကိုဝင်းခန့် ပင်လယ်က ပြန်လာတယ်၊ သူလည်း အိမ်မက် မက်တယ်တဲ့၊ ဒါနဲ့သူခိုင်းတဲ့အတိုင်း ဘူးလေးကို စောင်ခြုံပြီး ခိုးဖွင့်ခဲ့ကြတယ် ”
ရပါသေးသည်၊ ယခင်က ဤအကြောင်းတွေ ကို ဆက်ပြော၍မရပါ။
“ သားတို့ ထူးဆန်းတဲ့မြို့ကိုမြင်ရတယ်၊ အဲ့ထဲက အဆောက်အအုံတစ်ခုမှာ ဦးလေးစိန်က ထပ်ရှိနေပြန်တယ်၊ အမေစိန်က ယောက်ျားကြီးဖြစ်သွားတယ်၊ သူပြောတာက အရင်တစ်ခါကပြောခဲ့သလို သူနတ်မဟုတ်ဘဲ သရဲအကြီးစားကြီးဖြစ်နေတာတဲ့၊ ဒါပေမယ့် တောက်တောက်ပြောင်ပြောင်နဲ့ တန်ခိုးရှိပုံပဲ ဆရာမ ”
ဘာအတားအစီးမှမရှိတော့ပါဘူး၊ ဆရာမကြောင့်လား , အခြေအနေအရလား၊ သူ့ကြောင့်လားဟု မောင်ရင့်စဉ်းစားမိပါသည်။
“ အစ်ကိုဝင်းခန့်က အမေစိန်ရဲ့အမွေကို ဆက်ခံလိုက်မှ သူကျွတ်မယ်တဲ့၊ အခုတော့ ဘယ်ကိုရောက်နေပြီလဲမသိ ”
ဆရာမလေးပြုံးလိုက်ပါသည်။
“ သားရဲ့အဖွားအမေစိန်ကို သားထပ်တွေ့ခဲ့ရပါတယ်၊ သားရဲ့အထိန်းတော် ငရဲသားရဲ့အထက်လူကြီးဖြစ်နေတယ်လေ၊ သားကို သူမပြောပြဘူးလား ”
မောင်ရင့် အံ့ဩသွားပါသည်။
“ သား မမှတ်မိဘူးဆရာမ၊ သားသူ့ကိုထပ်တွေ့နိုင်သေးလား ”
“ သူက သားနေခဲ့တဲ့နေရာမှာ အကြာကြီးရှိအုံးမယ်၊ သားအခြေအနေအရ ထပ်ရောက်ခဲ့ရင် ဆုံအုံးမှာပါ ”
မောင်ရင့်စိတ်ထဲမှတ်ထားလိုက်ပါသည်၊ အမေစိန်သံယောဇဉ်ထက် ဦးလေးစိန်အနေနှင့် ခင်နေမိ၍ဖြစ်ပါ၏။ ထို့နောက်
“ အစ်ကိုဝင်းခန့် သူ့အလုပ်သူသွားလုပ်နေတဲ့အချိန်မှာ ဦးလေးစိန်က သားကို လက်ရှိမှတ်ဉာဏ်တွေကို ဗဟုသုတအနေနဲ့လက်ဆောင်ယူဆိုပြီးထိန်းသိမ်းပေးခဲ့တယ် ဆရာမ၊ အစ်ကိုဝင်းခန့်ထွက်လာတော့ သူလည်းပျောက်သွားတယ်၊ သားတို့လည်း ဘူးကနေအပြင်ကိုပြန်ရောက်သွားကြတယ်၊ သူပြောတာက ဘူးကနေတဆင့် အဝင်အထွက်ဖြစ်သွားတာတဲ့၊ အမေစိန်က သူ့ပညာကို မြင်ခဲ့ရတဲ့မြို့က အဆောက်အုံ့ရဲ့ ပရလောက တစ်နေရာမှာ ဖွက်ထားတာတဲ့၊ ပြီးတော့ အစ်ကိုဝင်းခန့်က ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားတယ် သူနဲ့ဘာမှမဆိုင်ခဲ့သလိုပဲ၊ အခုမြို့တက်သွားတာကလည်း ဦးလေးစိန်ပြောခဲ့သလို ဉာဏ်အလင်းပွင့်တယ်ဆိုတာကြောင့် မဟုတ်ဘူးထင်တယ် သူဘာမှမမှတ်မိသေးဘူးလေ ဆရာမ ”
ဆရာမလေး စဉ်းစားသွားပါသည်၊ ယခုအတိုင်းဆိုလျှင် မောင်ရင့်အစ်ကိုသည်လည်း အတော်ထူးသည့် လူငယ်ဖြစ်နေပါပြီ၊ အမေစိန်ရဲ့မျိုးဆက်သွေးစစ်စစ်ဖြစ်ပါသည်။ သူ့ဆရာမပြောသည့် စုန်းအဖွဲ့သည် ပုံမှန်စုန်းများနှင့်မတူပါ၊ သက်ဆိုင်နေသည်လား ဆက်စပ်စဉ်းစားရပါမည်။ အမေစိန်ရဲ့ တည်ရှိမှုက ပြီးသွားပြီဆိုပေမယ့် မိမိတို့အဖွဲ့က ကြီးလူတစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်က မှတ်တမ်းကျန်ခဲ့ပါသည်။ အလွန်စွမ်းသည့် စုန်းအမျိုးသမီးကြီးပင် , မောင်ရင့်သာ မရှိလျှင် ထိုကလေးကိုပင် ပါရမီရှင်နှင့်မှားနိုင်ပါ၏။
“ သားရဲ့လက်ကျန်ခန္ဓာကိုယ်ပြဿနာကို ဆရာမသိပြီ၊ သားအစ်ကိုကိစ္စကတော့ ဆရာမအများကြီး သိဖို့မသင့်တော်ဘူး၊ သားက အဆင့်မြင့်ဂိတ်ဖွင့်ကိရိယာရဲ့အစွမ်းတွေနဲ့ဆက်စပ်မိသွားတာ၊ အခု ဘူးနက်ပြာလေးက ဘာမှမတောက်ပတော့ဘူး, အသုံးမဝင်တော့ဘူးမလား ”
မောင်ရင့်ပြန်စဉ်းစားကြည့်ပါသည်။
“ ဟုတ်တယ်ဆရာမ၊ ဒါဆို မှတ်ဉာဏ်သိမ်းဖို့ ဘူးလေးရဲ့အစွမ်းတွေကို သားအထဲပေါင်းစပ်ပေးလိုက်တာပေါ့ ဦးလေးစိန်က ”
ဆရာမလေးကျေနပ်သွားပါ၏။
“ သားက ပိုဉာဏ်ကောင်းလာတယ်၊ ဟုတ်တယ် ဒါကြောင့် သား မေ့မျောနေတဲ့အချိန်မှာ တမလွန်က လမ်းပျောက်တစ္ဆေတွေ အများကြီး ခန္ဓာကိုယ်ထဲ ရောက်နေမိကြတာ ”
မောင်ရင့်အာရုံခံကြည့်ပါသည်။
“ သားနည်းနည်း ခံစားမိတယ်၊ သားခန္ဓာကိုယ်လက်ကျန်ကအေးစက်စက်အပြာရောင်တွေ တောက်နေတယ် ဆရာမ ”
‘ ပါရမီရှင်ဆိုတာ ကုသိုလ်တွေပေါင်းစုအကျိုးပေးခံရတဲ့ဘဝပဲ၊ မောင်ရင့်ကတော့ တမူပိုထူးပြီး ကံဆိုးမသွားရာ မိုးလိုက်လို့ရွာရဲ့ပြောင်းပြန်ဖြစ်နေပြီ ’
ဆရာမလေး အတွေးစဖြတ်ကာ စကားဆက်ပါသည်။
“ သား အချိန်ယူပြီး အသားကျအောင်လုပ်ရမယ်၊ အခုသားမှာ ထူးခြားတာတွေ အရမ်းများနေပြီ၊ ဆရာမတောင် အကုန်နားမလည်နိုင်တော့ဘူး၊ ဘယ်သူ့မှ မသိစေနဲ့နော် အန္တရာယ်လည်းများတယ် ”
“ ဟုတ်ဆရာမ ”
ထို့နောက် ဆရာမလေးလာရင်းကိစ္စဘက်လှည့်လိုက်ပါသည်။
“ သားအခု အရင်အတိုင်းပဲနေနေ၊ သားအမေကြီးကို သတိထားမိတယ်မလား၊ ထူးခြားတဲ့သူဆိုပေမယ့် သူက အကန့်အသတ်ထဲကသူကြောင့် သူ့ကိုလည်း သား အများကြီးပြောပြလို့မရဘူး၊ ပြောသင့်မပြောသင့် သားဘာသာစဉ်းစားပါ၊ လိုအပ်ရင် ဆရာမလည်းရှိနေတယ်၊ သားနေမကောင်းဖြစ်တဲ့ကိစ္စနဲ့ဆရာမလာသွားတာကို သားအမေကြီး ကြည့်ပြီးဖြေရှင်းလိမ့်မယ်၊ တချို့ကိစ္စတွေကို ဆရာမပညာနဲ့ ဖျောက်ထားလိုက်ပြီ၊ အချိန်သိပ်မရတော့လို့ သားအပေါ်က ကာကီရောင်ခြုံလွှာလေးကိုသာ သေချာလေ့လာထားလိုက်၊ ကျောင်းလာမှ ဆရာမနဲ့ စကားထပ်ပြောကြတာပေါ့၊ ပြီးတော့ ဆရာမသားကြောင့်ရော , ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ပါ ရွာကိုထပ်လာရအုံးမယ် ”
ဆရာမလေးစိတ်ထဲ အမေညွန့်ပြောပြသည့် ဆရာတော့်အကြောင်းက ပေါ်လာပါသည်၊ သို့သော်အချိန်မရတော့ပြီမို့ မှတ်ပဲထားလိုက်ပါတော့၏။
“ ဟုတ်ကဲ့ပါ ဆရာမ၊ သားဂရုစိုက်ပြီးနေပါမယ် ”
“ နောက်ထပ်အရေးကြီးတာက ဟိုဘက်က သားနောက်ကို လိုက်လာမယ့်သူတွေရှိတယ်၊ လောလောဆယ် သား ကျောင်းကြီးမှာ ဘုန်းကြီးကျောင်းသားအနေနဲ့ ကျောင်းအိပ်ကျောင်းစားသွားနေလို့ရလား၊ ညမှောင်တာနဲ့ တတ်နိုင်သလောက်အပြင်မထွက်နဲ့တော့၊ ဒါကို လုံးဝဂရုစိုက်နော် သား၊ သားက အခုထူးခြားတဲ့သူဖြစ်နေပြီဆိုပေမယ့် လူသစ်ပဲရှိသေးတယ်၊ သားတင်မကဘူး ရွာပါ အန္တရာယ်ရှိလို့ ”
မောင်ရင့်အနည်းငယ်လက်မခံချင်ဖြစ်သွားသော်လည်း ဆရာမကို ယုံကြည်သည်မို့ ခေါင်းငြှိမ့်လိုက်ပါသည်။
“ သား ဂရုစိုက်ပါမယ်၊ အခုသားကျန်းမာနေပြီမို့ လိုက်ပို့ပေးမယ်လေ ဆရာမ ”
“ ရွာထိပ်အထိပဲ လိုက်ခဲ့သား၊ ဒီညကစမယ်နော်၊ ဆရာတော့်ကျောင်းမှာ သွားအိပ်ရမယ်နော်သား ”
မောင်ရင့်အနည်းငယ်စိတ်ညစ်သွားပါသည်၊ မလွတ်လပ်သည့်ခံစားချက်ကို လုံးဝမကြိုက်သလို ဖြစ်နေပါ၏။
ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက် ပုံမှန်စကားပြောရင်း အိမ်အပြင်ဘက်သို့ထွက်လာခဲ့လိုက်ကြပါသည်။ စောင့်နေသူများကလည်း သတင်းမေးရင်း အဆင်ပြေသွားသည်ကြား၍ ဝမ်းသာနေကြပါ၏။ မကြည်ပြာက အိမ်တွင်နားနေစေချင်သေးသော်လည်း မောင်ရင့်အခြေအနေကို ရိပ်စားမိသည့် အမေညွန့်ကပဲ ဆရာမလေးတို့နောက် လိုက်ပို့စေလိုက်ပါသည်။
အသင့်စောင့်နေသည့် လှမြင့်က ဆရာမလေးနှင့် ရတနာထွန်း , သဇင်ကျော်တို့ကို ထမင်းစားခေါ်ပါ၏၊ အချိန်က ၅ နာရီကျော်ပြီမို့ ရတနာထွန်းတို့လည်း ဆာဆာနှင့် အတော်ပဲ ဖြစ်သွားကြပါသည်။ ကျော်ခေါင်က နေကောင်းသွားပြီဖြစ်သည့် မောင်ရင့်ကို မျက်စပစ်ကာ ဝင်ရအောင်ဟု လောဆော်ပါသည်၊ ဤသို့ဖြင့် ဆရာတပည့်, ကျောင်းသားမိဘထမင်းဝိုင်းကြီးဖြစ်သွားပါလေတော့၏။
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ