← Chapters

ရဲရင့်မောင်

Vol. 4 Ch. 23

ရဲရင့်မောင်

Vol. 4 Ch. 23

တဖက်ကမ်းသို့ရောက်သွားပြီဖြစ်သည့် စိတ်ချမည်ဟု အတန်တန် မျက်နှာရိပ်မျက်နှာကဲပြသွားခဲ့သော ဆရာမလေးကိုရော၊ သီးသန့်စကားပြောချင်နေခဲ့ သည့် သဇင်ကျော်ကိုရော မောင်ရင့် သူ့အတွေးထဲမှ ခဏထုတ်တာ လှမြင့် , ကျော်ခေါင်တို့နှင့်အတူ အိမ်ပြန်လာခဲ့ပါသည်။

တစ်လမ်းလုံး သူတို့စကား‌အသေအချာမပြောဖြစ်ကြပါ။ ကျော်ခေါင်က မောင်ရင့်အတွေးများနေလောက်သည်ဟုမှတ်ကာ ရတနာထွန်းကိုသာ မြင်ယောင်လာပါသည်။ လှမြင့်ကတော့ မောင်ရင့်ကို ‌မကြည့်ရဲဖြစ်နေတုန်းမို့ နှုတ်ဆိတ်နေခြင်းဖြစ်ပါ၏။

“ မောင်ရင့် သက်သာသွားပြီလား ”

အသိတစ်အိမ်မှ လှမ်းနှုတ်ဆက်ပါသည်။

“ ဟုတ် ကြီးလေး၊ သက်သာသွားပါပြီ ”

မောင်ရင့်သွက်သွက်လက်လက်ပြန်ဖြေသည်ကိုကြည့်၍ အသိအမျိုးသမီးမှ ခေါင်းငြှိမ့်ကာ

“ အေး ကြီးလေးလည်း သတင်းလာမမေးအားဖြစ်နေတာ၊ တော်ပါသေးတယ် ၊ အမေညွန့်ကိုလည်း မေးတယ်ပြောလိုက်ပါအုံး ”

“ ဟုတ် ကြီးလေး သားပြောလိုက်ပါမယ်၊ သားနောက်ရက်မှ အလည်လာခဲ့မယ်နော် ”

“ အေးအေး ကျော်ခေါင်တို့ လှမြင့်တို့ရော ကျန်းမာရေးဂရုစိုက်ကြအုံးနော် ကလေးတွေ အရမ်းဖျားကြတယ် ”

“ ဟုတ် ကြီးလေး ”

“ ဟုတ် ”

ဤသို့ဖြင့် နေကမှောင်တော့မည်ဖြစ်ရာ မောင်ရင့် ခပ်သုတ်သုတ်လျှောက်လိုက်ပါ၏။ အကျိုးအကြောင်းကိုသေချာမသိရသော်လည်း ကျော်ခေါင်တို့ မမေးဖြစ်ကြပါပေ၊ နေကောင်းခါစဖို့ နားချင်နေပြီလည်း ဖြစ်နိုင်ပါသည်။

“ သားတို့ မြန်လှချည့်လား ”

မကြည်ပြာ ထွက်လာပါသည်၊ အနောက်တွင်က မပုမနှင့် ဒေါ်မြင့်နိုင်တို့ ပါလာကြပါ၏။ အမေညွန့်ကတော့ အိမ်ထဲကျန်ခဲ့သည်ထင်ပါသည်။

“ သား စောစောနားချင်တာနဲ့ အမြန်ပြန်လာလိုက်တာ မေမေ ”

မောင်ရင့်ကတန်းဖြေလိုက်ပါသည်၊ ကျော်ခေါင်နှင့် လှမြင့်တို့ကတော့ မောင်ရင့်မြန်၍မြန်ရသူများမို့ ပြောစရာမရှိပါပေ။

“ အမေ ဟင်းကျန်သေးလား ”

လှမြင့်သူ့အမေကို ကြည့်ကာ စပ်ဖြီးဖြီးဖြင့် မေးလိုက်ပါသည်။ မမြင့်နိုင်က သားအကြောင်းသိဟန်ဖြင့်

“ လာ ကျန်သေးတယ်”

“ ကြည်ပြာ ဒါဆို ငါတို့သွားလိုက်အုံးမယ် ”

“ ဟုတ် မမြင့်၊ မှောင်တောင်မှောင်တော့မယ် မီးလာရင် ဇတ်ကားကြည့်ဖို့ ပြန်လာခဲ့အုံးနော် ”

မကြည်ပြာက အဖော်ထပ်စပ်ပါသည်၊ သားဖြစ်သူနေကောင်းသွားပြီမို့ မီးလာလျှင် ဇာတ်ကားအေးအေးဆေးဆေးကြည့်နိုင်ပါပြီ။

“ လာမှာပေါ့ဟဲ့ ”

မမြင့်နိုင်ပြန်သွားတော့ မပုမတို့ပါ ရှေ့ဆင့်နောက်ဆင့်ပြန်သွားကြပါသည်၊ သို့သော် ည ၇ နာရီ မီးလာလျှင် အားလုံးထမင်းစားရင်း ဇတ်ကားကြည့်ဖို့ လာကြပါအုံးမည်။ ဤတောင်ကုန်းတွင်က မကြည်ပြာတို့ တစ်အိမ်တွင်သာ ဗွီဒီယိုရှိသေးသည်မို့ ညဆို လူအတော်စည်ပါသည်၊ ရှေ့ရက်တွေက မောင်ရင့်နေမကောင်း၍သာ တိတ်ဆိတ်နေကြခြင်း ဖြစ်ပါ၏။

“ မေမေနဲ့ အမေကြီးကို သားပြောစရာရှိတယ်၊ ဆရာမ မှာခဲ့တာ ”

အိမ်ထဲမှာ အမေညွန့်က မီးလာလျှင် ဇာတ်ကားကြည့်ရန်စောင့်နေပါသည်၊ ဘုရားမီးများလည်းထွန်းထားပြီမို့ အဝင်နေရောင်နှင့် ဖယောင်းတိုင်မီးရောင်တို့က အလင်းပြိုင်နေသလားပင် ထင်ရပါ၏။

“ ဆရာမလေးက ဘာမှာခဲ့တာလဲ ”

အမေညွန့်က စိတ်ဝင်တစားဖြင့်မေးလိုက်ပါသည်၊ သူသိသည်က အမေစိန်မှာခဲ့သည်များအပြင် ထပ်မရှိတော့ပါ။ ခွန်အားသီးသန့်သမားမို့ ကျန်တာက ပညာရှင်များ ကိစ္စဟု သူမှတ်ယူထားပါ၏။

“ သား အခြေအနေက လောလောဆယ် မှောင်ရင် အပြင်မထွက်ရဘဲ ကျောင်းကြီးမှာပဲ အိပ်ရအုံးမယ်တဲ့၊ ကျန်တာကတော့ ဆရာမ ထပ်လာခဲ့အုံးမယ်တဲ့ ”

မကြည်ပြာသေချာနားမလည်သော်လည်း ဆရာမလေးကို အလုံးစုံယုံသွားပြီမို့ လိုအပ်တာများပြင်ဆင်ကာ လိုက်ပို့ဖို့ လုပ်ပါသည်။ အမေညွန့်ကတော့ သူမနိုင်လောက်သည့်သရဲများ ထပ်ကပ်လာနိုင်၍ဖြစ်မည်ဟု တွေးကာ သူပါ လိုက်ပို့ပေးမည်ဟု ဆိုပါ၏။ ဤသို့ဖြင့် အိမ်တံခါးပိတ်က မြေးအဖွားသားအမိသုံးယောက် ကျောင်းကြီးသို့ ရောက်လာကြပါတော့၏။

ကျောင်းကြီးက ရွာတစ်ဖက်ခြမ်းရှိ အရိုးတောင်ကိုကျောပေး၍ ရွာကိုမျက်နှာမူကာ တည်ရှိပါသည်။ မကြည်ပြာတို့အနေနှင့် တဖက်အရိုးတောင်ကြောကွက်သစ်မှလာသည်မို့ ကျောင်းလေးထက် အများကြီး ပိုနီးပါ၏။

ကျယ်ကျယ်ဝန်းဝန်း ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ၊ တစ်ပါးနေကျောင်းအကြီးစားလေးဟုသာ ပြောရပါမည်။ မျက်နှာချင်းဆိုင်တွင်က ဥပုသ်ဇရပ်အသေးလေးရှိပါ၏၊ ဆရာတော်က ခံဆွမ်းပဲ ဘုန်းပေးသည်မို့ ဆွမ်းကျောင်းသီးသန့်မရှိပါချေ။ သိမ်နှင့်စေတီလည်းမတွေ့ရပါ၊ အပင်များတော့ အတော်အုံ့အုံ့စိုင်းစိုင်းရှိပါသည်။ ဇရပ်ဘေးတွင်က ခပ်ရေတွင်း တိမ်တိမ်လေးတစ်ခုတွေ့ရပါ၏။

“ ကိုဖြိုး ဆရာတော်ရှိလား ”

အမေညွန့်က ဇရပ်ဆီသို့ အရင်သွားကာ ကပ္ပိယကြီးကို ခေါ်လိုက်ပါသည်။

“ ညွန့်တင်တို့ပါလား၊ ဘာလဲ ကလေး ကိုရင်ဝတ်မလို့လား ”

သက်သာသွားပြီဖြစ်သည့် မောင်ရင့်ကို ကြည့်ကာ ကပ္ပိယကြီးက နောက်လိုက်ပါ၏။

“ ကိုရင်တော့ မဟုတ်ဘူး၊ ဘုန်းကြီးကျောင်းသားလုပ်ခိုင်းမလို့ အကြောင်းစုံ ဆရာ‌တော့်ကို လျှောက်ချင်လို့ ”

“ ဟေ ”

“ အေးအေး ငါခေါ်သွားပေးမယ် ”

ထို့နောက် မျက်နှာချင်းဆိုင်က ဆရာတော့် စံကျောင်းကို ရောက်သွားကြပါသည်၊ သစ်သားနှင့် ဝါးတို့ဖြင့် ခိုင်ခိုင်ခံ့ခံ့သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားခြင်းပင်၊ တစ်ကျောင်းလုံးတွင် အမေစိန့်ကုသိုလ်က အများဆုံးဖြစ်ကာ ဤကျောင်းဆိုလျှင် အမေစိန်ပါ ဝင်၍ဆောက်ခဲ့သည်ဟု ပြောကြပါ၏။

“ ... ”

“ ဆရာတော် တရားထိုင်နေလားမသိ ”

လှေကားငါးထစ်စာအမြင့်ဆောက်ထားသည်မို့ အပေါ်က အခြေအနေကို သိပ်မသိရပေ။

“ ဘုန်းကြီးရှိပါတယ်၊ ဝင်လာခဲ့ကြပါ ”

ဆရာတော်က ကြားဟန်ဖြင့် လှမ်းခေါ်လိုက်ပါသည်၊ အထဲတွင် အခန်းမဖွဲ့ထားပါချေ၊ ဟောလ်အတိုင်းရှိပါ၏။ မောင်ရင့် ဟိုဟိုဒီဒီ ကြည့်ကြည့်ပါသည်၊ ဤမှာလည်း ဘုရားရုပ်ပွားတော် , ပုံတော်များ မတွေ့ရ၍ ဆရာတော့်ကို ထူးဆန်းစွာ ကြည့်မိပါသည်၊ ဆရာတော်က ကျောင်း၏ ညဘက်ထောင့်အစွန်တစ်နေရာတွင်အနေကထိုင်ခင်း၍ ထိုင်နေခြင်းဖြစ်ပါ၏။ အားလုံးဆရာတော့်ရှေ့ရောက်သွားကြပါသည်။

“ မြေးလေးကို ကျောင်းလာအပ်တာပါဘုရား၊ ဆရာမလေးက သူ့ကိုမှောင်ရင် အပြင်မထွက်ရဘူးပြောလို့ပါ၊ သူနောက်တစ်ခေါက်မလာမချင်း ဆရာတော့် ကျောင်းမှာပဲ နေရမယ်တဲ့ ဘုရား ”

ဆရာတော်ခေါင်းအနည်းငယ်ငြှိမ့်လိုက်ကာ

“ ကပ္ပိယနောက် လိုက်သွားပါ၊ ဘုန်းကြီးကတစ်ပါးတည်းမို့ ဝေယျာဝစ္စအထူးအထွေ လုပ်ပေးစရာမရှိပါဘူး၊ ကပ္ပိယကြီးတောင် လူတွေအဝင်အထွက်ရှိမှ ဘုန်းကြီးအနားလာဖြစ်တာ၊ ဒီမှာနေရင် အနည်းဆုံး ဆူလို့မရဘူး၊ ဘုန်းကြီးအတွက်တော့ ဒီလောက်ပါပဲ၊ ကျန်တာကတော့ ကပ္ပိယကြီးနဲ့အဆင်ပြေသလို နေပေါ့ ”

အမေညွန့်နှင့် မကြည်ပြာ မောင်ရင့်ကိုကြည့်ကာ

“ ကလေးက လိမ္မာပါတယ်ဘုရား၊ မှောင်တဲ့ အချိန်တစ်ချက်ပဲမို့ ရှိနေမှန်းတောင် မသိရလောက်ပါဘူးဘုရား ”

“ ဒါဆို ကပ္ပိယကြီးနဲ့ ဆက်ပြောလိုက်နော်၊ ဘုန်းကြီး ခဏနေ ဘုရားဝတ်တက်ရတော့မှာမို့ ”

ကပ္ပိယအဘက ဆရာတော်အနှောက်အယှက်မဖြစ်ရအောင် မောင်ရင့်တို့ကို ဇရပ်ဘက်သို့ ဦးဆောင်ခေါ်သွားလိုက်ပါသည်။

“ အဘနဲ့နေရင်လည်း စည်းကမ်းများများစားစားမရှိပါဘူး၊ အဘက ဒီမှာ ယောဂီလိုနေနေတာဆိုတော့ သားကဘေးမှာ အဆင်ပြေသလိုနေလို့ရတယ်၊ အိမ်မှာလို ကောင်းကောင်းတော့ မဟုတ်ဘူးပေါ့ ဇရပ်ဆိုတော့ ”

“ ရပါတယ်အဘ သားနေတတ်ပါတယ်၊ ညနေ ၆ နာရီကနေ မနက် ၆ နာရီလောက်ပဲဆိုတော့ အဘကိုလည်း အနှောက်အယှက်မဖြစ်စေရပါဘူး၊ သားက စာလုပ်ချိန်လောက်ပဲ အသံနည်းနည်းထွက်မှာပါ ”

အမေညွန့်နှင့် မကြည်ပြာလည်း ထိုတစ်ခုဝမ်းသာသွားပါသည်၊ ယခင်က ဤကလေး ဗွီဒီယိုမက်လွန်း၍ အစမ်းစာမေးပွဲကျခဲ့ဖူးပါသည်။

“ ဒါဆို ဒီညကစပြီး စိတ်ချလက်ချထားခဲ့ပြီနော် ကိုဖြိုး၊ ငါ့မြေးလေးကို ဂရုစိုက်ပေးပါအုံး ”

“ အေးပါဟ မအိပ်ခင်တစ်ချက်ပဲဟာ စိတ်ချ၊ ပြီးရင် မနက်က တန်းရောက်သွားမှာ ”

အမေညွန့်နှင့် မကြည်ပြာစိတ်ချလက်ချပြန်သွားကြပါသည်၊ အပြင်မှာ မီးလာနေပြီ ဖြစ်ပါ၏၊ ကျောင်းတွင်တော့ မီးမယူထား၍ ဖယောင်းတိုင်ကိုသာ သုံးရပါမည်။ ဆရာတော့်ကျောင်းမှာတော့ မီးအလင်းရောင်လေးက အပြင်သို့ဖြာကျနေပါသည်၊ မောင်ရင့်တို့ဆင်းလာပြီး ခဏမှာ မီးထွန်းလိုက်ခြင်းဖြစ်ပါမည်၊ အရောင်က အနည်းငယ်တော့ ထူးဆန်းနေပါ၏။

“ အဘ သားတို့လည်း မီးထွန်းရအောင် ”

မောင်ရင့် အိပ်ထဲမှ ဖယောင်းတိုင်နှင့် မီးခြစ်ခြစ်ကာ ထွန်းလိုက်ပါသည်၊ ဇရပ်က အနည်းငယ် မိုးလုံလေလုံရှိသည်မို့ တော်သေးသည် ဆိုရပါမည်။

“ ရေဆာရင် ဟိုဘက်မှာ သောက်ရေရှိတယ်နော် ဘလေး ၊ ညစာတော့မရှိဘူး ‌၊ ဆာရင် ထန်းလျက်ခဲရှိတယ် စားချင်ရင်ပြောနော် ”

ကပ္ပိယအဘက သူ့အတွက် ဇရပ်ညာဘက်အခြမ်းကို ပြင်ပေးရင်းပြောလိုက်ပါသည်၊ သိမ်းဆည်းတာကတော့ မောင်ရင့်ဘာသာလုပ်ပြီးသားပင်။

“ သားမှာ ထမင်းချိုင့်ပါ,ပါတယ်အဘ ”

မောင်ရင့်က အထုတ်ထဲမှ ထမင်းချိုင့်ကို ဆွဲထုတ်ကာ ပြောလိုက်ပါသည်၊ အရည်မပါ၍ အဆင်ပြေပါသည်။

“ အေး ဒုက္ခများတာပဲ၊ ဇရပ်ခြေရင်းနား သွားစားလိုက်နော်၊ သုံးရေလည်း အဲ့ဒီအနားမှာရှိတယ်၊ စားကြွင်းစာကျန်တွေကို ဟိုးရှေ့က အပင်နောက်မှာ ပစ်လိုက်၊ အကောင်ပလောင်လေးတွေလည်း တစ်စုတစ်စည်းတည်းစားရတာပေါ့ ”

ထို့နောက် ကပ္ပိယအဘက အအုပ်ပါသံဘူးတစ်ဘူးထုတ်ကာ ဇရပ်ခြေရင်းဘက်တွင်ဖယောင်းတိုင်တစ်တိုင်ထပ်ထွန်းပေးလိုက်ပါသည်။ မောင်ရင့်စား၍ မကောင်းသကဲ့သို့ ခံစားရပါ၏၊ အဖော်မရှိ၍လား , နေရာအပြောင်းအလဲကြောင့်လား မဆိုနိုင်ပါချေ။

“ အဘ သားအသံနည်းနည်းထွက်လို့ရတယ်မလား စာလေးကျက်ချင်လို့ ”

“ ရတယ်စာလုပ်တာက ကိစ္စမရှိဘူး ကျက်သာကျက်၊ အသားကုန်သာမအော်နဲ့ ငါ့တူနဲ့ကတည်းက အီစလန်ဝေထားတာ အဲ့ဒီဒဏ်တွေကို ”

၈ နာရီမှ ၁၀ နာရီအထိမောင်ရင့် စာလုပ်ဖြစ်ပါသည်၊ စာကျက်တာကတော့ နာရီဝက်လောက်သာပင်၊ ကျန်သည့်အချိန်တွေက သဇင်ကျော်ပေးခဲ့သည့် သင်ခန်းစာများကို ကျော်ခေါင့်စာများနှင့် တိုက်၍လေ့လာနေခြင်းပင်။ ကပ္ပိယအဘကတော့ ပုတီးအပြိုင်စိတ်နေပါ၏၊ နှစ်နာရီတောက်လျှောက်မို့ မောင်ရင့်လည်း အနည်းငယ်ဖြုံသွားပါသည်။

“ … ”

အိပ်တော့မည့်အကြောင်း ပြောမည်လုပ်ပြီးမှ ပုတီးစိပ်တုန်းမို့ မောင်ရင့် တန်းပြီးပဲ အိပ်လိုက်ပါတော့သည်၊ ဆရာတော့်ကျောင်းကတော့ မီးအလင်းလေးဖြာကျနေတုန်းပင်၊ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တစ်ခါမျှ မကြုံဖူးသလောက်ကို တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေပါ၏။ မောင်ရင့် လွမ်းသလိုလို ခံစားနေရပါသည်၊ အေးချမ်းမှုဆိုသည်မှာ ဤကဲ့သို့လား ဟူ၍ပင် တွေးနေမိပါလေတော့၏။

#သုတဈာန်

#သာလွန်ပညာရှင်

#ဇာတ်ဆရာ၏ပုံပြင်များ

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters