← Chapters

ကိုယ့်အားကိုယ်ကိုး

Vol. 4 Ch. 24

ကိုယ့်အားကိုယ်ကိုး

Vol. 4 Ch. 24

အရိုးတောင်ရှိတစ်နေရာတွင် အမည်းရောင်အရိပ်များ ဟိုဒီသွားလာနေကြပါသည်။ အလင်းရောင်ပါးလာသည်နှင့်အမျှ အကောင်အထည်များကထင်ရှားလာပါ၏။

တောကောင်ကြီးများဖြစ်ကြပါသည်၊ ထူးခြားသည်က သက်ရှိကျားများ , ကျားသစ်များထက် ရွံစရာအသွင်ရှိသည့် အလောင်းကောင်များနှင့် တူနေခြင်းပင်။ သို့သော် ခွန်အားနှင့် အရှိန်အဝါကြောက်စရာမှာတော့ နှစ်ဆမက ကြီးမားလှပါ၏။

“ ဝေါင်း ”

“ ဂီး ”

အကောင်ငယ်မပါသော တောကောင်ကြီးများသက်သက်အုပ်စုကြီးသည် အဘယ်သို့ ဦးတည်နေပါသနည်း။

“ ဝေါ ”

တောအနက်မှာ တောင်ကွယ်ဖြစ်၍ မောင်ရင့်တို့ ကူးတို့ရွာကလေးမှ ကြည့်လျှင် အသံရောအခြေအနေပါ မသိနိုင်သည်မို့ အားလုံးက ရှိနေကြသည့်အတိုင်း တိတ်ဆိတ်လျက်ပင်။

တချို့က ဗီဒီယိုကြည့်ဖို့ရာ ကိုယ့်အစုနှင့်ကိုယ် ရှိနေကြပါသည်။ လုပ်လက်စမပြတ်သေးသူများနှင့် စောစောနားမည့်သူများသာ ကိုယ့်အိမ်တွင် ကိုယ်ရှိကြသည်ဟု ဆိုရပါမည်။

အိမ်တိုင်းတွင် လျှပ်စစ်မီးမရှိ၍ ရွာက အနည်းငယ်တော့ အမှောင်ကျနေပါသည်။ ရွာလူကြီးအိမ်နှင့် ကျောင်းလေးရှေ့တွေတော့ လမ်းမီးတိုင် နှစ်တိုင်ရှိပါ၏။ မီးက ရွာလူကြီးမှ အဖိုးအခယူ‌၍ တတ်နိုင်သူများကိုပေးထားခြင်းပင်၊ ကြားပေါက်ပုဂ္ဂလိကစီးပွားရေးတစ်ခုဖြစ်ပါသည်။

“ ဝေါ ”

တောကောင်များက ဆက်လက် ဆင်းလာနေပါ၏။ ဤနှုန်းအတိုင်းဆိုလျှင် ညလယ်လောက်တွင် ရွာအနီးရှိ ကျောင်းကြီးနားတောစပ်သို့ ရောက်လာနိုင်ပါသည်။

ကျောင်းကြီးနားဇရပ်အတွင်း အိမ်မောကျလျက်ရှိသည့်မောင်ရင့်အနားတွင် ကပ္ပိယအဘက ပုတီးစိတ်လျက်ရှိပါသည်။ ဆရာတော့်ကျောင်းလေးမှာလည်း အလင်းဖျာကျလျက်ပင်ရှိပါ၏။

“ ချောက် ”

နောက်ဆုံးပုတီးလုံးကိုစိတ်ပြီး၍ ကပ္ပိယအဘ ပုတီးကိုဘေးနားချကာ အကျအနဘုရားရှိခိုးပြန်ပါသည်။ မောင်ရင့်က စိတ်ချလက်ချအိပ်ပျော်သွားပါပြီ။

“ အိပ်ယာအသစ်ဆိုတော့ အဆင်မပြေလောက်ဘူးထင်နေတာ၊ ကလေးတွေပဲ အပူအပင်ကင်းတယ် ”

ထို့နောက် အိပ်ယာပြင်ကာ ဆရာတော့်ကျောင်းဘက်လှည့်ကြည့်လိုက်ပါသည်။ မီးရောင်မတွေ့ရတော့ပါ၊ ကပ္ပိယအဘ စိတ်ထဲထင့်သွားပါသည်၊ ခေါင်းမချသေးဘဲ သတိနှင့် ထိုင်နေလိုက်ပါ၏။

“ ဝုန်း ”

အလိပ်လိုက်ဆင်းလာနေသည့် အမဲရောင်အုပ်ကြီးက လမ်းခုလပ်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ယောက်အပေါ်တစ်ယောက်ပစ်လဲ၍ တန့်သွားပါသည်။ အရှေ့တွင် ရဟန်းတစ်ပါး ထင်ရှားစွာရပ်နေပါ၏။

“ ဝေါင်း ”

“ ဂီး ”

အသံမျိုးစုံပေး၍ အကောင်ကြီးများက အော်ဟစ်လိုက်ကြပါသည်၊ သူတို့ အရှေ့လည်းတိုးမရ , အနောက်လည်း ဆုတ်မရဖြစ်နေကြပါ၏။ ထို့နောက်ဆရာတော်က သူတို့ကို ဝန်းပတ်ကာ ပျောက်သွားပြန်ပါသည်။ သတ္တဝါကြီးများ အသံပင်ထွက်မရတော့ပဲ ကျန်ရစ်ခဲ့ကြပါ၏။

ဇရပ်အတွင်း၌ …

‘ ဆရာတော် အခုပဲ ပျောက်သွားတယ်၊ အခုပဲ ဝင်လာချင်နေကြပြီ၊ ငါ့တာဝန်ပေါ့ လာကြစမ်းပါ ’

ကပ္ပိယအဘ ကျောင်းအနောက်ရှိ သုဿန်ဘက်သို့ ခပ်စိမ်းစိမ်းကြည့်လိုက်ပါသည်၊ အပင်များကာနေ၍ အသေအချာတော့ အခြေအနေကို မမြင်ရပါချေ။

“ ကပ္ပိယကြီး ကျွန်တော်ရွာခံပါ၊ လူသစ်တွေအများကြီးရောက်လာပြီး အနိုင်ကျင့်နေကြလို့ အကူအညီလာတောင်းတာပါ ”

လူသဏ္ဍာန်အရာတစ်ခုက ကြည့်နေသည့်ဘက်မှ အမောတကောပြေးလာကာ ပြောလိုက်ပါ၏။

“ ထွန်းမြင့်လား … အေး ခဏစောင့် ”

ထို့နောက် ကပ္ပိယအဘက မောင်ရင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည်ကို ကြည့်ကာ အတန်ကြာအောင် ပါးစပ်မှ တစ်ခုခုရွက်ဆိုပေးနေပါ၏။

“ သွားကြမယ် ”

ထွန်းမြင့်ဆိုသူက အလျင်လိုနေသည်မို့ ကပ္ပိယအဘ ကိစ္စပြီးပြီးချင်းထ‌ကာ နောက်မှလိုက်သွားပါသည်၊ ကျောင်းဝန်းကြီးက အမှောင်‌ကြောင့်ရော မည်သူမျှ မရှိတော့သောကြောင့်ပါ ပို၍တိတ်ဆိတ်သွားဟန်ထင်ရပါ၏။

‘ ဟင် … အဘရော ’

မောင်ရင့်တစ်ရေးနိုးလာပါသည်၊ အနားတွင်မည်သူမျှ ရှိမနေပါပေ။ သို့သော် အရင်ကလို သူကြောက်နေခြင်းတော့ မရှိချေ။

‘ ဆရာတော့်ကျောင်းကလည်း မီးပိတ်သွားပြီ၊ ဆရာတော် ကျိန်းနေပြီထင်တယ် ’

‘ အဘ အပေါ့သွားတာနေမယ်၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတာပဲ၊ အခုမှ ဒါမျိုးကြုံဖူးတယ် ’

‘ အိပ်မပျော်တာနဲ့ အတော်ပဲ ဆရာမလေးပေးခဲ့တဲ့ ခြုံလွှာလေး လေ့လာကြည့်ရမယ် ’

“ ခြစ် ”

ဖယောင်းတိုင်မီးပြန်ထွန်းလိုက်ပါသည်၊ မီးစာကတိုပြီး ဖယောင်းသားကအပါးမို့ အလင်းရောင်က အနားတစ်ဝိုက်ကိုသာ ခြုံငုံပေးထားပါ၏။

‘ ပုံမှန်ပါပဲ၊ အရွယ်အစားက အေးရင် နားရွက်ပါလုံအောင် ခေါင်းမြှီးခြုံနေလို့ရတယ်၊ အသားလည်း ချည်ဆိုပေမယ့် အိအိလေးဟ၊ အရောင်ကတော့ ငါကြိုက်တဲ့ အပြာနုလေးဆို ပိုကောင်းမှာပဲ ’

‘ ဟင် ’

မီးရောင်အောက်တွင် ခြုံလွှာက အရောင်ပြောင်းသွားပါသည်၊ သူတမ်းတလိုက်သည့် အပြာနုရောင်လေးပင်။ မောင်ရင့် တစ်ခုအတည်ပြုချင်သည်နှင့်

‘ အစိမ်းနုရောင်ပြောင်းစေ၊ ပြီးတော့ တစ်ကိုယ်လုံး ခြုံလို့ရအောင် ကြီးပေး၊ အခုလို အိအိလေးပဲ၊ ဒါထက် နည်းနည်းပါပိုထူပေး ’

စဉ်းစားလိုက်သည့်အတိုင်း ကွက်တိဖြစ်သွားပါသည်၊ မောင်ရင့်စိတ်ဝင်စားနေပါပြီ။

‘ လူ ငါးယောက်စာ ကြီးပေး ’

လက်ထဲသို့အထွေးလိုက်ကြီး ပုံကျလာပါသည်၊ သို့သော် စိတ်အားငယ်သလို ခံစားချက်ကြီးပါ ရသွားပါ၏။

‘ ဟင် ဘယ်လိုကြီးလဲ ’

စိတ်ထဲဝမ်းနည်းသလိုကြီးဖြစ်လာပြီး အဆင်မပြေတာတွေချည်း တွေးမိနေပါသည်၊ ဥပမာ အမှောင်ကို ပြန်ကြောက်လာသလိုမျိုးကြီးပင်။

‘ ဒါက ဘာကြီးလဲ နဂိုအရွယ်ပြန်ဖြစ်စမ်း ’

“ အ ”

မောင်ရင့် မူးကျသွားပါသည်။ ရီဝေဝေနှင့် အထည်ကိုကိုင်ရင်း စိတ်တွေလေလွင့်သလိုဖြစ်သွားပါ၏။

“ မင်းက အတော်အူကြောင်ကြောင်နိုင်တာပဲ၊ ကိုယ့်ဒုက္ခကိုယ်ရှာတာ အစစ် ”

‘ ဘယ်သူကြီးလဲ ’

ဇရပ်ပေါ်သို့ အမည်းရောင် အရိပ်တစ်ခု တက်လာပါသည်၊ ကပ္ပိယအဘမဟုတ်ပါ၊ အတော်ထွားသည်မို့ မောင်ရင့်စိတ်ထဲ ငရဲအထိန်းတော်ကိုပင် ပြန်တွေးမိပါသည်။

“ ဘယ်လောက်အစွမ်း အစရှိလဲ အရင်ကြည့်ရအောင် ”

အရိပ်မည်းကြီးက ပျက်ရယ်ပြုသံနှင့်ပြောကာ မောင်ရင့်ကို ဂုတ်မှ ကိုင်၍ ဖြတ်ခနဲခုန်ထွက်ကာ ဆွဲခေါ်သွားပါသည်။ ခြုံလွှာမှာ ကျကျန်ခဲ့ပါ၏။

“ ငါ့ကို လွှတ်စမ်း ”

မောင်ရင့် ခေါင်းပြန်သက်သာသွား၍ ကြောက်စိတ်နေရာတွင် ဒေါသဝင်လာပါသည်။ ဆရာမလေးပြောသည့် အန္တရာယ်ဆိုတာ ဒီကောင်တွေလား တွေ့ကြသေးတာပေါ့ဟု တွေးကာ ရုန်းလိုက်ပါ၏။

“ ဟား ဟား ရုန်းစမ်း ”

အရိပ်မည်းကြီးက ထပ်မံလှောင်ရယ်လိုက်ကာ ဂုတ်ကိုကိုင်ထားရင်း နားသယ်ကို ပိတ်ချလိုက်ပါသည်။

“ ဖြောင်း ”

မောင်ရင့် နားများအူ ကျသွားပါ၏။ သို့သော် မကြာလိုက်၍ လက်နှစ်ဖက်ဖြင့် မှီရာလှမ်းကိုင်ကာ ဆွဲကိုက်လိုက်ပါသည်။

“ ခွေးကောင် ဇာတိကမပျောက်ဘူး ”

အရိပ်မည်းကြီးမှ နာသွားဟန်ဖြင့် ‌ခုန်‌ပြေးနေရင်းမှ ဂုတ်အစား လည်ပင်းကိုပြန်ပြောင်းကိုင်လိုက်ပါသည်။

“ အသုံးမလိုရင် ဒီမှာတင် မင်းလိုကောင်ကို အစာချေပစ်လိုက်ပြီ ‌ခွေးကောင်ထပ်ရုန်းစမ်း ”

နာကျင်သွားသော်လည်း အလုပ်ဖြစ်၍ ကျေနပ်နေဟန်လည်း ရပါသည်။

“ ငါ-ိုးမသားကြီး ”

ကျောင်းကြီးနှင့် အတော်ဝေးလာခဲ့ပြီထင်ပါသည်။မောင်ရင့် လွတ်မှ ဖြစ်မည်မို့ အံကြိတ်ကာ လည်ပင်းအနာခံ၍ ခြေတွေလက်တွေပါ လွှဲရမ်းပြီး ရုန်းပြန်ပါသည်၊ မလွတ်ပါ။

“ ခွေးကောင်လေး မင်းဒီလိုရုန်းနေတာကြည့်ပြီး စိတ်တောင်ပျက်လာသလိုပဲကွ ဟားဟား ”

“ မအေ-ိုးကြီး ”

“ ဝုန်း ”

ဒေါသအထွဋ်အထိပ်သို့ရောက်ကာ အောက်သို့ပြုတ်ကျသွားပါ၏၊ အရိပ်မည်းကြီးက ခုန်ကာ ပြေးနေသည်မို့ သိပ်တော့မမြင့်ပါပေ။

“ ခွေးကောင်လေး တော်သားပဲ ”

အရိပ်မည်းကြီးက ပြေးနေတာရပ်လိုက်ကာ စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပါသည်။ မောင်ရင့်ပုံစံက အတော်ရုပ်ပျက်နေပါ၏။

“ မင်းကြည့်ရတာ သခင်မရှိတဲ့ ခွေးဝဲစားအတိုင်းပဲ ဟားဟား ”

လူပုံစံဖြစ်နေသေးသော်လည်း မောင်ရင့် မျက်နှာက ခွေးသဏ္ဍာန်မကောင်းဆိုးဝါးဆန်နေကာ ခန္ဓာကိုယ်မှာလည်း အရိပ်မည်းကြီးနှင့် အပြိုင် ထွားကြိုင်းကာ ကြောက်စရာကောင်းနေပါသည်။ အသားအရေမှာ ဖြူဖတ်ဖတ်လေးကနေ အနီရင့်ရောင်တောက်နေကာ အငွေ့တထောင်းထောင်းလည်း ဖြစ်နေပါ၏။

“ ခင်ဗျားသာ ခွေးမသားကြီး ”

ထို့နောက် လည်ပင်းပြန်ညှစ်ရန် အတင်းတိုးဝင်သွားလိုက်ပါသည်။

#သုတဈာန်

#သာလွန်ပညာရှင်

#ဇာတ်ဆရာ၏ပုံပြင်များ

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters