ပထမဆုံးတိုက်ပွဲ
Vol. 4 Ch. 25
အရိပ်ကြီးက ခြေတစ်ချက်စောင့်ကာ ကိုယ်ထင်ပြလိုက်သည်။ ပုံသဏ္ဍာန်မှာ လူအတိုင်းပင်ဖြစ်သော်လည်း သာမာန်လူထက် ၅ ဆပိုထွား၏။ အပါ်ပိုင်းဗလာဖြစ်ပြီး ပေါင်ခြံတွင် ထိုးကွင်းအပြည့်ရှိသည်။ ပုဆိုးဟုထင်ရသည့်အထည်တစ်ခုကိုသာ အရှက်လုံရုံ ခါးတောင်းကျိုက်ထား၏။
ကြွက်သားအပြည့်နှင့် ထိုလူကြီးက ဆံပင်အစား အစိမ်းရောင်အဖုကြီးများနှင့် ပြည့်နေသည့် ဦးခေါင်းကို ပွတ်ကာ ကျန်လက်တစ်ဖက်ဖြင့် တိုးဝင်လာသည့် မောင်ရင့်ကို ပုတ်ထုတ်လိုက်သည်။
“ ဝုန်း ”
မောင်ရင့်ဘေးသို့လိမ့်ထွက်သွား၏။
“ ဖြောင်း ”
ထို့နောက် လက်ခမောင်းခတ်၍ စိန်ခေါ်ပြန်သည်။
“ အား ”
မောင်ရင့် အော်ပြီးပြေးဝင်သွားသည်။ သူ့အတွက် ပထမဆုံးရန်ဖြစ်ဖူးခြင်းဟု ဆိုရမည်၊ ယခုလို အခြေအနေမျိုး တစ်နေ့လုပ်မိလိမ့်မည်ဟု သူတစ်ခါမျှ မတွေ့မိခဲ့ဖူးချေ။
“ ခွေးကောင် အော်ပြီးပြေးလာဖို့ပဲတတ်တယ် ”
ထိုးကွင်းနှင့်လူကြီးက စိတ်မရှည်စွာဆဲဆိုရင်း မောင်ရင့်လက်နှစ်ဖက်ကို ဖမ်းဆုပ်ကာ ရွံစရာဦးခေါင်းကြီးဖြင့် နှုတ်သီးကို တိုက်ချလိုက်၏။
“ ဂွီး ”
မောင်ရင့် သွေးများပါဖြာကျသွားသည်။ အတော်မာပြီးခံသည်ဟု ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသည်များ ပျောက်သွားကာ အသိစိတ်ပြန်ဝင်လာပြီး ပြာသွား၏။
“ ငါ့ခေါင်းတိုက်ချက်ကို မင်းကအထိမနာဘဲ ရှောင်နိုင်ချင်တာလား၊ စိတ်ကူးယဉ်မနေနဲ့ ခွေးကောင်လေး ”
ထို့နောက် လူကြီးက ဂုတ်ကနေ ပြန်ဖမ်းရန်ပြင်လိုက်သည်။ သည်တစ်ခါတော့ မောင်ရင့် ကမူးရှူးထိုးမလုပ်ဘဲ ရွာဘက်ကို မှန်း၍ ပြေးသည်။ သူ့ခန္ဓာကိုယ်၏ ပြောင်းလဲနေမှုကို ဂရုမစိုက်နိုင်အားတော့ပေ။
“ ငါ့လက်က လွတ်မလား ”
ထိုးကွင်းနှင့်လူကြီးက တစ်ချက်ခုန်လိုက်သည်။ သူ့ကိုသယ်လာကတည်းက အခြေအနေကို သိနေပြီမို့ လမ်းရှုပ်သည့်နေရာများမှ မောင်ရင့်ပတ်ပြေးသည်။
အရှိန်မှာ သူတွေးထားသည်ထက် ပိုမြန်နေပြီး ယခင်နှင့်ဆိုလျင် ၅ ဆလောက်ရှိမည်ဟု ထင်၏။ အသက်ရှူရလည်း မောသလို မခံစားရပေ၊ ထိုးကွင်းနှင့် လူကြီး၏အရှိန်က သူ့ထက် တစ်ဆလောက်နောက်ကျနေ၏။
ညဘက်မြင်ကွင်းဆိုသော်လည်း သူရှင်းရှင်းလင်းလင်းမြင်နေရသည်။ လမ်းများ , အပင်များတင်မက ထူးဆန်းသည့်အကောင်များကိုလည်း မြင်နေရ၏။ သို့သော် ထိုအရာများက သူ့ကိုကြောက်ရွံ့ကာ ထွက်ပြေးသွားကြသည်။
အဝေးကိုလည်း ယခင်ကထက် ၅ ဆလောက် ပိုမြင်နေရသည်။ သူအရာရာ ပြောင်းလဲသွားပြီ။ ခန္ဓာကိုယ်ကို ပိုနားလည်လာလျှင် ထိုးကွင်းနှင့် လူကြီးကို နိုင်လောက်မည်ဟု တွက်ဆလိုက်၏။
‘ ဒီလူကြီးရဲ့ အားသာချက်က သူ့ခေါင်းဖြစ်နိုင်တယ်၊ ကျန်တာတွေက ငါနဲ့အတူတူပဲ၊ သူခုန်နိုင်ပေမယ့် ငါကအပြေးမြန်တယ် ’
ပြေးရင်း သူ့ခန္ဓာကိုယ်ကိုလည်း လေ့လာကြည့်သည်။ ခန္ဓာကိုယ်သည် သာမာန်လူများထက် ၅ ဆကြီးပြီး အခိုးအငွေ့များလည်း ထွက်နေ၏။ ထိုအငွေ့များက သူ့အတွက် သက်တောင့်သက်သာဖြစ်စေသော်လည်း သူသွားသည့် လမ်းတစ်လျှောက်ရှိ အရာအားလုံးကိုတော့ မီးမတောက်ရဘဲ ပျော်ကျစေကုန်သည်။ အပြင်လူသာ ဤနေရာတွင်ရှိလျှင် လေထုပါပုံပျက်နေသည်မို့ အသက်ရှုကြပ်ကာ သေဆုံးသွားစေနိုင်၏။သို့သော် ထိုးထွင်းနှင့် လူကြီးကတော့ မဖြုံခဲ့ပေ။
ဘာတွေ အသုံးဝင်နိုင်သေးလဲဟု မောင်ရင့် ပြေးရင်း စပ်စုပြန်သည်။ သူ့အသားတွေ မာတောင်ကျစ်လစ်ကာ သတ္ထုကဲ့သို့ရှိ၏။ မလုံလောက်ပါ , ထိုးကွင်းနှင့်လူကြီးလည်း သိပ်မကွာသည်မို့ ခြားနားတာတစ်ခု ခုထပ်ရှာသည်။
သူကိုက်နိုင်၏ , ပုံမှန်ကိုက်နိုင်ခြင်း မဟုတ်ပါ။ မေးရိုးက အလွန်အားကောင်းနေပြီး သွားများက ဖွေးဖွေးလှုပ်ကာ ချွန်ထက်နေသည်။ အဆတွက်လျှင် သာမာန်လူထက် ၁၀ ဆလောက်ပိုသန်မာမည်။
‘ ငါ သူ့လိုခုန်နိုင်သလိုလည်း ခံစားရတယ်၊ ရွာဘက်မသွားတော့ဘူး တစ်ခါတည်းကိစ္စဖြတ်မယ် ’
ရုတ်တရက် , မောင်ရင့် ပြေးနေတာ ရပ်လိုက်ကာ လိုက်လာသော ထိုးကွင်းနှင့် လူကြီးကို ခုန်၍ ဟပ်လိုက်သည်။
“ ဗြိ ”
အဓိက နေရာတည့်တည့်ကိုမိ၏။ မောင်ရင့် ရှက်ရှက်ဖြင့် ရွာထဲမှခွေးများကို ပြန်မြင်ယောင်ကာ ခေါင်းကို ဘယ်ညာရမ်း၍ ဆွဲဖြုတ်လိုက်သည်။
“ အား … ”
ထိုးကွင်းနှင့်လူကြီးထံမှ အော်သံနက်ကြီးကထင်းထွက်သွား၏။ ခန္ဓာကိုယ်မှာလည်း မြေပြင်တွင် ထွန့်ထွန့်လူးနေသည်။
“ ×××× ”
ပါးစပ်မှ ဆဲနည်းပေါင်းစုံထွက်လာကာ သွေးတိတ်အောင် လုပ်၏။ သို့သော် ဆုံးဖြတ်ပြီးပြီ ဖြစ်သည့် မောင်ရင့်က အလွတ်မပေးတော့ချေ။ ပါးစပ်ထဲတွင်ခဲထားသည့် အသားထုပ်ကို အဝေးသို့ လွှင့်ထုတ်လိုက်ကာ လည်ပင်းကို ပြေးဟပ်ပြန်သည်။
“ ခွေးကောင် ”
ထိုးကွင်းနှင့်လူကြီးက လက်တစ်ဖက်မှ နာကျင်ရာကို အုပ်ကာ ကျန်လက်တစ်ဖက်ဖြင့်ရိုက်ပုတ်သည်။
“ ဘုန်း ”
“ ဘုန်း ”
မောင်ရင့်အနီရောင်အသားများတောင် ဖွာထွက်လာ၏။ သို့သော် ခြေလက်အစုံကိုပစ်ဝင်ကာ လည်ပင်းကို ဆွဲဖဲ့နေလိုက်သည်။ သူ့အသိစိတ်များလည်း လွတ်သလို ဖြစ်နေ၏။
‘ ငါက ခွေးလားလူလား ‘’
‘ ငါမသိဘူး ဒါပေမယ့် သူလွတ်ရင် ငါသေပြီ၊ ငါမသေချင်သေးဘူး … မအေ-ိုးကြီး သေစမ်း ’
ပါးစပ်ထဲဝင်လာသည့် သွေးစများက အရသာတစ်မျိုးရလာသည်။ မျက်လုံးများမှ မီးတောက်များပါ ထွက်လာ၏။ ခန္ဓာကိုယ်ရှိနာကျင်မှုများလည်း သက်သာလာသည်။ မောင်ရင့် ကိုက်နေရင်းမှ အသားထစ်များကို မျိုချနေမိသည်။
“ … ”
ထိုးကွင်းလူကြီး၏လည်ပင်းသားများက မရှိတော့ပေ၊ ရုန်းကန်နေမှုများလည်း ရပ်သွားသည်။ မောင်ရင့် အသိပြန်ဝင်လာ၏။
‘ ငါ လူသတ်လိုက်ပြီလား ’
‘ ပြီးတော့ ငါ စားလိုက်တယ် ’
‘ ငါ …ငါ မကောင်းဆိုးဝါးလား ’
ပတ်ဝန်းကျင်တွင် အကောင်ပလောင်များတောင် အသံမထွက်ရဲသည်အထိ တိတ်ဆိတ်နေသည်။ တိုက်ပွဲတစ်ဝိုက်မှာလည်း ရစရာမရှိအောင် ပျက်စီးနေ၏။ မြေပြင်တွင် ကြီးမားသည့် အလောင်းကြီးက အစိတ်အပိုင်းတချို့ပျောက်ဆုံးကာ ဆန့်ဆန့်ကြီး သေနေသည်။
‘ ငါ ဘာဆက်လုပ်ရမလဲ ’
မောင်ရင့် ရွာပြန်ရမှာကြောက်လာသည်။
“ ဘလေး ”
မောင်ရင့်လန့်သွားသည်။
“ အဘ … သား ”
“ အဘသိတယ် အရင်ဆုံးစိတ်လျော့လိုက်အုံး ၊ မပူနဲ့ အဘဖြေရှင်းပေးမယ် မင်းအမှားမဟုတ်ဘူး ”
အနားကိုအပြေးရောက်လာသည့် ကပ္ပိယအဘက အခြေအနေကိုနားလည်ဟန်ဖြင့် နှစ်သိမ့်လိုက်သည်။ သူလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။ အကုန်လုံးဘာတွေဖြစ်ကုန်တာလဲဟု မောင်ရင့် နားမလည်နိုင်ဖြစ်သွားသည်။
“ စိတ်လျော့လိုက် ဘလေး၊ မဟုတ်ရင် မင်းဒီပုံစံနဲ့ ရွာထဲကို ဘယ်လိုဝင်မလဲ၊ ဒီကောင့်ကိစ္စ အဘအခုရှင်းလိုက်မယ် ”
မောင်ရင့်ကြိုးစား၍စိတ်လျော့ကြည့်သည်။ သို့သော် လုံးဝမရဖြစ်နေ၏။ သူလည်း ဤပုံစံကြီးကို မကြိုက်ပေ၊ ဘာကြောင့် ငါ့အလှည့်မှ လူစွမ်းကောင်းမဖြစ်လာဘဲ မိစ္ဆာကောင်ဖြစ်နေရတာလဲဟုပါ တွေးရင်း စိတ်လေလာသည်။
ထိုအခိုက် …
ကျနေသည့်စိတ်ဓာတ်များနှင့်အတူ အခိုးအငွေ့များပါလွင့်သွား၏။ ထို့နောက် ခန္ဓာကိုယ်ပြန်ကျုံ့လာသည်။ အသားအရေပြန်ပြောင်းလာသည်။ မျက်နှာလည်း အတော်နေပြန်ဖြစ်သွားသည်။ အဝတ်များကတော့ ထိုးကွင်းနှင့်လူကြီးလက်မှ ပထမဆုံးခုန်ထွက်လိုက်ကတည်းက ရစရာမရှိတော့ပေ။
“ ဘလေး ဒဏ်ရာ ရထားသေးလား ”
ကပ္ပိယအဘက ထိုးကွင်းနှင့်လူကြီးအလောင်းကို မည်ကဲ့သို့ရှင်းလိုက်သည်ကို သူသတိမထားမိလိုက်ချေ။
“ ဟုတ်အဘ ဒီနား အဲ မရှိတော့ဘူး ”
နာကျင်မှုရော , အမာရွက်ပါ မရှိခဲ့ဖူးသလို ပျောက်နေသည်။ မောင်ရင် မည်ကဲ့သို့ပြောရမည် မသိဖြစ်သွား၏။
“ ရတယ်နောက်မှပြော၊ ဟိုကောင်ရော လက်ရာခြေရာတွေပါ ဖျောက်ပြီးသွားပြီ၊ ပြန်ကြမယ် ”
“ ဟုတ် ဟုတ်အဘ ”
မောင်ရင့် ကြောင်တောင်တောင်ဖြင့် နောက်ကလိုက်သွားသည်။ အပြန်ခရီးက မောင်ရင့်တွေးထားသည်ထက် ပိုဝေး၏။ ချက်ချင်းပုံစံပြောင်းကာ ပြေးသွားချင်စိတ်ပင်ပေါက်လာသည်၊ သို့သော် သူမပြောင်းတတ်တော့ပေ။
“ ဝေးလို့ စိတ်ညစ်နေပြီလား ”
ကပ္ပိယအဘက ရှေ့မှသွားရင်း လှမ်းပြောလိုက်သည်။
“ မဟုတ်ပါဘူး အဘ၊ သားနည်းနည်းစိတ်မရှည်သလို ဖြစ်သွားလို့ပါ ”
“ ဘလေးစိတ်ထဲ သိချင်တာ မေးချင်တာ များနေတယ်မလား၊ သွားရင်းပြောကြတာပေါ့၊ ဒီညတော့ ဘာမှထပ်မရှိတော့ဘူး၊ အဘတို့ရွာထဲရောက်ရင် မိုးလည်းလင်းပြီ ”
ဟုတ်ပါသည်၊ သူတို့ အရိုးတောင် အနက်ထဲအထိရောက်လာခဲ့ကြခြင်းပင်။
“ အဘကို သားထူးဆန်းတယ်လို့ထင်တယ်၊ သားကိုရော အဘအဲ့လိုမထင်ဘူးလား၊ အခုဖြစ်သွားတာတွေရောပဲ ”
“ လောကကြီးမှာ ထူးဆန်းတာမရှိဘူးကွ၊ နားမလည်တာပဲရှိတယ်၊ ဖြစ်နိုင်ချေတွေ အများကြီးပဲ၊ အနည်းဆုံး မင်းလက်ခံလိုက်ရင် တစ်ပူအေးတယ် ”
ထို့နောက်
“ မင်းကို လာခေါ်တဲ့အကောင်ကို သဘက်လို့ခေါ်တယ်၊ သရဲအကြီးစားပေါ့၊ သူတို့မှာ မွေးရာပါအစွမ်းတွေရှိတယ်၊ ဘလေး မင်းတော်တယ် ၊ ဒီကောင်က မင်းထက်မသာပေမယ့် သိုင်းတတ်တယ်ကွ ”
“ ကျွန်တော့်ထက်မသာဘူး … ပြီးတော့ သိုင်းတတ်တာလား ”
မောင်ရင့် ကိုယ့်ကိုယ်ကို အမျိုးအစားမခွဲနိုင်ဖြစ်သွား၏။ ပြီးတော့ သူစိတ်ဝင်စားသည့် သိုင်းဆိုတာကိုည်း ကိုယ်တွေ့ကြုံခဲ့၍ စိတ်လှုပ်ရှားသွားသည်။
“ အဘရော သိုင်းတတ်လား၊ အဲ့လူကြီး … အဲ သဘက်ကြီးကို သားကံကောင်းလို့နိုင်တာပါ၊ ပြီးတော့ သား … သား သူ့ကို စားမိသွားတယ်၊ သား ဘာဆက်ဖြစ်မှာလဲ အဘ ”
“ ထင်တော့ထင်သားပဲ၊ ဘာမှမဖြစ်ဘူး အဲ့ကောင်တွေက ဘလေး အတွက်ကောင်းတယ်၊ စိတ်ထဲမထားနဲ့၊ ပိုပြီး ခွန်အားရှိလာသလို ခံစားရတယ်မလား၊ အဲ့ဒါ သူတို့ရဲ့အဆီအနှစ်တွေကို စုပ်ယူမိလိုက်လို့ပဲ ”
“ အဲ့လိုလား သားမကောင်းဆိုးဝါး မဖြစ်သွားဘူးမလား ”
ကပ္ပိယအဘက ခဏရပ်သွားကာ
“ ဘလေးက မကောင်းဆိုးဝါးပဲလေ၊ စတာပါ , မကောင်းဆိုးဝါးဆိုတာ မကောင်းတဲ့အရာတွေကို ဆိုးဆိုးဝါးဝါးလုပ်တဲ့သူတွေတဲ့ ဆရာတော်ဟောထားတာ ”
“ ဒါနဲ့ ဆရာတော်ကို ဘယ်လိုပြောကြမလဲဟင် အဘ ”
ယခုမှ မောင်ရင့် တွေးမိ၏၊ ကပ္ပိယအဘက ဆရာမလေးနှင့်အတူတူဆိုရင်တောင် ဆရာတော်ကတော့ ဘုန်းကြီးဖြစ်နေသည်။
“ ဆရာတော် ခရီးထွက်သွားတယ်၊ စိတ်ပူမနေနဲ့ , ပြီးတော့ ဆရာတော်က နားလည်ပေးပြီးသားပါ ”
မောင်ရင့်ကတော့ နားမလည်ပေ။ နောက်ပြီး အဘက ဆရာမလေးလိုလားဟု မေးရမည်လား၊ ဘာလို့နောက်ကျနေတာလဲဟုမေးရမည်လား၊ ဘယ်လို လိုက်လာတာလဲဟုမေးရမည်လား၊ ဆရာတော်ဘယ်တုန်းကထွက်သွားတာလဲဟုမေးရမည်လား၊ ဒါကြောင့် ကြာနေတာလားဟုမေးရမည်လားပါ ခေါင်းရှုပ်လာ၏။
“ ဘလေး အတွေးများမနေနဲ့တော့၊ ငါနဲ့မင်းက ဒီလောကသားမဟုတ်တော့ဘူး၊ လောကအသစ်ကို လက်ခံလိုက်၊ ဒါဆိုရင် မင်း ခေါင်းတစ်ခြမ်းပေါ့သွားလိမ့်မယ် ”
“ ပရလောကလား၊ တမလွန်လောကလား၊ ဘယ်လောကလဲအဘ ”
“ ဘာလို့ နာမည်လိုချင်နေတာလဲ၊ ဒီလိုလွယ်လွယ်မှတ်ထားလိုက် သာလွန်သူတို့လောကလို့ ”
“ သာလွန်သူတို့လောက .. ”
“ ဒီလိုဆို သားက သာလွန်သူပေါ့ အဘ ”
“ ဟုတ်တယ် သာလွန်သူပဲ၊ ကောင်းတာဆိုးတာကတော့ မင်းရွေးချယ်မှုပေါ့၊ ဒီနေ့တိုက်ပွဲမှာ မင်းကိုယ့်ကိုယ်ကိုခုခံခဲ့တာ။ အဲ့တော့ မင်းမှန်တယ် ”
မောင်ရင့် ပြန်လန်းဆန်းသွားသည်။
‘ ဟုတ်တယ်၊ ငါက ငါ့အန္တရာယ်ကို ရှင်းလင်းခဲ့ရုံပဲ၊ ပြီးတော့ အဲ့သဘက်ကြီးက ငါပြီးရင် တခြားသူတွေကို ဒုက္ခပေးအုံးမယ့်ပုံပဲ၊ ငါက လူဆိုးမဟုတ်ဘူး၊ ငါက စူပါဟီးရိုးပဲ ’
“ တိတ်သွားပါလားကွ၊ ဘာတွေသဘောကျနေတာလဲ ”
“ ဟီး .. သားက စူပါဟီးရိုးပဲလို့ စဉ်းစားမိလို့ ”
“ ဟေ … အေး ကောင်းတယ် ကောင်းတယ်၊ ညွန့်မေရဲ့မြေးက လူလိမ္မာလေးပဲ၊ ဒီအတိုင်းဆက်သွားနော်၊ စိတ်ပြောင်းသွားရင် အဘနဲ့တွေ့မယ် ”
“ ဟီး မပြောင်းပါဘူးအဘရ ၊ သားက လူဆိုးတွေကို မကြိုက်ပါဘူး ”
“ ဟား ဟား ဟား ”
အရိုးတောင်ထဲ လူကြီးနှင့် လူငယ်ရယ်သံများက တရွေ့ရွေ့ပျံ့လွင့်နေလေသည်။ တောကောင်အချို့နှင့် အရိပ်အနည်းငယ်မှာလည်း ထိုအခါမှသာ သက်ပြင်းများချကာ ကိုယ့်နေရာကို ပြန်သွားနိုင်ကြ၏။ မကြာမှီ နေထွက်လာပါတော့မည်။
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ