လူထူးဆန်းများ
Vol. 4 Ch. 26
မနားဘဲလမ်းလျှောက်လာရသော်လည်း မောင်ရင့်မောသလိုမတွေ့ ။ အိပ်ရေးမဝသလိုပါ ဖြစ်မနေ၊ ဒါက ခန္ဓာကိုယ်အပြောင်းအလဲကြောင့် ဖြစ်နိုင်သလို သဘက်သားစားပြီး သဘက်သွေးသောက်ခဲ့မိ၍လည်း ဖြစ်နိုင်သည်။
“ ဘလေး အိမ်ကိုတန်းပြန်မလား၊ ကျောင်းကိုဝင်ပြီးမှ သွားမလား ”
“ သား ယူစရာလေးရှိသေးလို့ အိမ်ကိုပြီးမှသွားတော့မယ်အဘ ”
သိပ်မကြာမှီကျောင်းကိုရောက်သွားကြ၏။ ပစ္စည်းများက ခြေရာလက်ရာမပျက်ပေ၊ သူခိုးထက် မကောင်းသည့်အရာများက ကျန်တာတွေပါ ဖျက်စီးသွားမှာ သူ စိုးရိမ်မိလို့ပင်။
“ ဟိုမှာ ဘလေးအဝတ် ”
ကပ္ပိယအဘက သူ့အိပ်ယာခင်းနှင့်ပစ္စည်းတချို့ကို ဘေး၌ နေရာတကျချရင်း ညွှန်ပြလိုက်သည်။
“ မနေ့ညက သားဒါဆိုစမ်းရင်း ပါသွားတာအဘ၊ ခန္ဓာကိုယ်မှာအားရှိသလို စိတ်မှာလည်း အားရှိတယ်ထင်တယ်၊ သားမူးသလိုတွေ့နေတဲ့အချိန် အငိုက်မိသွားတာ ”
“ အဲ့ဒါ ပုံမှန်ပစ္စည်းမဟုတ်ဘူး , အလွန်အကျွံမစမ်းနဲ့အုံး၊ လောလောဆယ် ဘလေး ကလိချင်ရင် အခုလို နေ့လည်ဘက်လုပ်ကြည့် ”
“ ဟုတ် အဘ၊ အခုတော့ ခဏထားလိုက်အုံးမယ်၊ သားအဘကို မေးချင်တာရှိသေးလို့ ”
မောင်ရင့်က ထမင်းချိုင့်နှင့် အထည်ကို အိပ်ထဲထိုးထည့်လိုက်သည်။ အိပ်ယာသိမ်းခြင်းနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးများကတော့ ပြီးသွားလေပြီ။ ထို့နောက် စကားအရင်ပြောရန် ထိုင်ချလိုက်၏။
“ လောကအသစ်အကြောင်း သားကိုရှင်းပြပေးလို့ရလားအဘ၊ ပြီးတော့ သားအခြေအနေကရော ဘယ်လိုရှိလဲ၊ သားဘာဆက်လုပ်သင့်လဲ ”
ကပ္ပိယအဘ ခဏစဉ်းစားသွားသည်။
“ ဘလေးအခြေအနေနဲ့ ဘာဆက်လုပ်သင့်လဲက အဘအနေနဲ့ကျ နည်းနည်းမြင့်သွားပြီကွ၊ ဒါပေမယ့် လောကသစ်အကြောင်းတော့ အဘသိသလောက်ရှင်းပြနိုင်ပါတယ်၊ ရှုပ်တော့ ရှုပ်တယ်, ဘလေး စိတ်ထဲ အကုန်လုံးကို ပုံသေမမှတ်ထားဖို့ အရင်ဆုံးပြောချင်တယ် ”
“ အဘ အဆင်ပြေသလိုပြောပြပါ၊ သား မျက်စိစုံမှိတ်ပြီး မယုံပါဘူး ”
မောင်ရင့်နားထောင်ရန်အသင့်အနေအထားဖြင့် ငြိမ်ငြိမ်ကလေး ထိုင်နေ၏။
“ ဘုရားပြောခဲ့တာ ၃၁ ဘုံရှိတယ်တဲ့၊ ကြားဖူးတယ်မလား ”
“ ဟုတ်ကဲ့ ကြားဖူးပါတယ် ”
“ အဘတို့ လောက,က ဘုံအသစ်လို့ပြောရမလား၊ ဘယ်ဘုံထဲ ထိုးထည့်ရမလဲ အခုထိပြောဆိုနေကြတုန်းပဲ။ လူတွေကြားထဲနေတဲ့သူတွေကျ လူ့ဘုံထဲပါမယ်၊ သူတို့နေနိုင်တဲ့အပေါ်မူတည်ပြီးနေကြတယ်။ ပြီးတော့ အဘတို့ဘုံဆိုတာက ၃၁ ဘုံလို မွေးရာပါ ဘုံတွေမဟုတ်ဘူး၊ ကိုယ့်ဘာသာလုပ်ယူထားကြတဲ့ဘုံပဲ ”
“ ဒါဆို သားတို့ လက်ရှိက လူ့ဘုံလောကသစ်ပေါ့ ”
“ အေး ဟုတ်တယ်၊ ထပ်ပြီးမှတ်ရမှာက သာလွန်သူတွေဟာ သာလွန်သူတွေပဲ၊ လူကနေပြောင်းလဲသွားတဲ့သာလွန်သူက လူသာလွန်သူပေါ့၊ ဒါပေမယ့် လူအပြင်တော့ အဘလည်းမကြားဖူးဘူး၊ ကျန်တဲ့ ဘုံသားတွေက လူတွေလို မသေသေးဘဲပြောင်းလဲနိုင်စွမ်းမရှိကြဘူး ”
“ ဒါဆိုရင် သားလူဖြစ်နေတာ ကျန်တဲ့ဘုံသားတွေထက် ပိုကောင်းတာပေါ့ ”
“ အေး အခုလိုဆိုတော့လည်း အဲ့လို ပြောလို့ရတာပေါ့ ”
“ သာလွန်သူတွေအားလုံး သားလိုပဲ ပြောင်းလဲလာကြတာလားအဘ၊ အဘအကြောင်းလည်း ပြောပြပါလား ”
“ မဟုတ်ဘူးကွ၊ အဘတို့က ယုံကြည်မှုတစ်ခုကနေ လျှောက်လုပ်ကြည့်ရင်း သက်ဆိုင်ရာဆရာတွေနဲ့တွေ့မိပြီး လမ်းကြောင်းပေါ်ရောက်သွားကြတာ၊ ဘလေးလို အဆင့်တစ်ခုတန်းမဖြစ်သွားကြဘူး၊ ဘလေးက အဆင့်မြင့် ဘုံသားတွေလို မွေးရာပါအစွမ်းနဲ့ အဆင့်တစ်ခုတန်းဖြစ်သွားတာ ”
မောင်ရင့် ဆရာမလေးပြောခဲ့သည့် ကံကောင်းမှုဆိုတာကို ပြန်သတိရသွားသည်။
“ အဘက ဘယ်အဆင့်ရောက်ပြီလဲအဘ၊ သားကို ပြောပြလို့ရတာတွေ အကုန်တစ်ခါတည်းပြောပြပါလား အဘ၊ သားဆန့်တငင်ငင်နဲ့ သေချာနားမလည်သေးဘူး ”
“ မလောပါနဲ့ကွ၊ အခြေအနေတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ပြောပြပါမယ်၊ အဘက ကိုယ်ပိုင်သိဒ္ဓိမရသေးပါဘူး၊ ဒါကြောင့် လောကသစ်ထဲမှာ ဘာအဆင့်မှမရှိသေးတဲ့ လူသစ်သာသာပါပဲ၊ ဒါပေမယ့် ဆရာရှိတယ် လမ်းကြောင်းရှိတယ်၊ ကြိုးစားနေတယ်ပေါ့ကွာ ”
ထို့နောက်ခဏရပ်ကာ စကားပြန်ဆက်ပါသည်။
“ ရှုပ်တယ်လို့ပြောခဲ့ဖူးတယ်မလား၊ အဲ့ဒီအတိုင်းပဲ အဖွဲ့တွေ အများကြီးရှိတယ်ကွ၊ ဘယ်တုန်းကစပေါ်တာလဲ၊ ဘယ်လိုပေါ်လာတာလဲ၊ဆရာအစဉ်အဆက်နဲ့ လက်ရှိအခြေအနေတွေကလည်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းမတူကြဘူး၊ ဒါကတော့ ရှင်းပါတယ် အများကြီးဖြစ်နေကတည်းက အကျင့်တွေ ခံယူချက်တွေ မတူကြလို့ပေါ့၊ ဂိုဏ်းနဲ့အဖွဲ့က အတူတူပဲနော် ”
“ တချို့ဂိုဏ်းတွေက နှစ်ရာဂဏန်းဝန်းကျင်ပဲရှိသေးတယ်၊ ထောင်ဂဏန်းမကျော်သေးဘူး၊ ဒါပေမယ့် အဆင့်မြင့်ဘုံတွေမှာ အခြေချနေကြပြီ၊ ရာဂဏန်းအောက် ဂိုဏ်းတွေကတော့ လူ့ဘုံမှာတောင် အခြေမကျသေးပါဘူး၊ အများအားဖြင့် ခံယူချက်တိတိကျကျမရှိကြဘူး၊ မင်းတစ်နေ့ ကြုံရမှာပဲ၊ ဂရုတော့စိုက် အားလုံးက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရပ်တည်နေကြတာမဟုတ်ဘူး၊ တချို့ကျ သူတို့လေ့ကျင့်နေတဲ့ပညာကိုက အန္တရာယ်များလို့ သူတို့ပါ အန္တရာယ်ရှိသွားတာ ”
“ သားမှာ လောလောဆယ်တောင် အန္တရာယ်က ရှိနေပြီ၊ ဒီနေ့ ဒီအကောင်လက်က လွတ်ပေမယ့် နောက်နေ့နောက်တစ်ကောင်လက်က မလွတ်ရင် သားသေသွားမယ်ထင်တယ်အဘ ”
လောလောဆယ် သူ့အခြေအနေကို မောင်ရင့်ပြန်တွေးမိသွားသည်။
“ လောကကြီး ဘာဖြစ်နေလဲအဘလည်း သေချာမသိဘူး၊ မင်းမရောက်လာခင်ကတည်းက မှောင်တာနဲ့ အကောင်ပလောင်တွေ ရွာထဲဝင်ချင်နေကြတာ ”
“ သားနိုးလာတော့ အဘပျောက်နေတာ ဒါကြောင့်လား၊ ဒါပေမယ့် သရဲတွေက ဘုရားနဲ့ဘုန်းကြီးတွေကိုကြောက်တယ်မလား၊ ကျောင်းမှာ ဆရာတော်ရော ဘုရားရော မရှိလို့လားအဘ ”
ဘုရားကိစ္စသိချင်နေသည်နှင့် ကောက်မးလိုက်သည်။
“ သူတို့ကြောက်တာက အရှိန်အဝါကိုကြောက်တာကွ၊ ဟုတ်တယ်ဆရာတော်ရှိရင်တော့ သူတို့မသောင်းကျန်းရဲဘူး၊ ဒါပေမယ့် ဘုရားရုပ်ထု, စေတီရှိတိုင်းတော့ မကောင်းတဲ့အရာတွေက မကြောက်ဘူးကွ၊ အရှိန်အဝါထွက်နေတဲ့ အရာတွေဖြစ်နေရင်တော့ အရှိန်အဝါအလိုက် အကောင်တွေက မကပ်ရဲဘူး ”
“ ကျောင်းမှာ အရှိန်အဝါရှိတဲ့ဘုရားမရှိလို့ ၊ မရှိတဲ့အတူတူ မထားတာလားအဘ ”
“ မဟုတ်ဘူးကွ၊ ဆရာတော်က သူ့ခံယူချက်နဲ့သူ ဘုရားမတည်, မထားတာ၊ ဒါပေမယ့် ဘုရားအတွက် သူ့ကျောင်းမှာ နေရာလေးသီးသန့်ထား,ထားတာ ဘလေးသတိမထားမိလို့ထင်တယ်၊ သူက ရှိခိုးခါနီး သက်ရှိထင်ရှားဘုရားကို အာရုံပြုနေကျလေ ”
“ အဘလည်း အဲ့လို လုပ်တာလား ”
“ ဒါပေါ့ ဆရာတော်က ငါ့ဆရာပဲလေ ”
“ သားစကားဖြတ်ပြောနေတာနဲ့ လိုရင်းမရောက်တော့ဘူးဖြစ်သွားပြီ၊ သားပြန်လာခဲ့မယ်နော်အဘ၊ အဲ ဆရာတော်လည်း မရှိဘဲနဲ့၊ အဘသားတို့အိမ် ထမင်းစားလိုက်ခဲ့ပါလား ”
“ ဟေ … အေး ၊ ဒါဆိုလည်း ခဏစောင့်ကွာ အဘကျောင်းကိုသေချာ နေရာတကျပိတ်ခဲ့ရအုံးမယ် ”
ဤသို့ဖြင့် မောင်ရင့်နှင့် ကပ္ပိယအဘတို့ အနီးဆုံးလမ်းမှနေ၍ အိမ်သို့ရောက်လာခဲ့ကြ၏။
“ ညွန့်တင်ရေ … ကလေးလာပို့တာ ”
အိမ်ရှေ့တွင်ထိုင်နေသည့် အမေညွန့်ထလာကာ မောင်ရင့်တို့ကို အိမ်ထဲခေါ်လိုက်သည်။ မကြည်ပြာက ရေခပ်ထွက်သွားသည်ထင်၏။
“ အမေကြီး သား အဘကို ထမင်းစားခေါ်လာတာ၊ ပြီးတော့ မေမေ မရှိတုန်း အမေကြီးနဲ့ပါ ပြောစရာရှိလို့ ”
အမေညွန့်နားလည်ဟန်ဖြင့် ထမင်းအရင်ခူးကျွေးကာ အရှေ့ကွပ်ပစ်တွင် စောင့်နေလိုက်သည်။
“ နင့်မြေးက ငါတို့အကြောင်းနဲ့ တခြားလောက အကြောင်းကို ငါတို့သိသမျှပြောပြပေးပါတဲ့၊ ငါကတော့ ပြောလက်စပဲ ”
လက်သုပ်ကာထွက်လာရင်း ကပ္ပိယအဘကပြောလိုက်၏။
“ သူလည်း သိချိန်တန်ပါပြီ၊ ဆရာမလေး, ဆရာတော်, အမေစိန်တို့ နောက်ကြောင်းတွေရော ပြောပြလိုက် ”
ကပ္ပိယအဘက ရယ်ရင်း
“ အဲ့ဒါတော့ ငါမသိတာတွေ အများကြီးပဲရှိသေးတယ်၊ နင်က အနီးစပ်ဆုံးသူပဲ နင်ပြောလိုက်ပါ ”
“ အားကိုးကိုမရဘူး၊ ဝိဇ္ဇာဖြစ်အောင်ကျင့်နေတာမလား, ဘာမှလည်းမထူးလာဘူး၊ ပိုးသာကုန်မောင်ပုံစောင်းမတတ်ဖြစ်နေမယ် ”
ကပ္ပိယအဘက ရယ်ကျဲကျဲလုပ်ရင်း
“ ညွန့်တင်ကလည်း ငါက ပါရမီရှင်ကြီးမှမဟုတ်တာ၊ နင့်မြေးအလှည့်ကျမှ အားရအောင်မေး , ငါကတော့ အသက်လည်းကြီးလာပြီ၊ နောက်ဆုံးမရရင် ဆရာတော်ကိုပဲ မှီခိုဖို့ ဆုံးဖြတ်ထားပြီးသား ”
အမေညွန့်က မဲ့သွားကာ
“ ထင်သားပဲ၊ ကိုယ့်အိမ်ကိုယ့်ရာကို တူ ပေးပစ်ပြီး ဆရာတော့်နောက် တကောက်ကောက်လိုက်နေကတည်းက ”
ကပ္ပိယအဘက ရယ်ကျဲကျဲသာလုပ်နေ၏။
“ သားပန်းကန်တွေဆေးပြီး မှောက်ထားခဲ့ပြီနော် အမေကြီး ”
“ အေးအေး ၊ အရှေ့ကိုလာပါအုံး ”
မောင်ရင့်ထွက်လာတော့ အမေညွန့်တို့က သေချာကြည့်ကာ အိမ်မျက်နှာစာ ဘေးတိုက်အနေအထားဖြင့် ထိုင်ခိုင်းလိုက်သည်။
“ ကဲ သိချင်တာမေးတော့၊ အမေကြီးတို့ကတော့ မမေးဘူး၊ မေးတာကို ဆရာမလေးနဲ့တွေ့မှ သူလုပ်လိမ့်မယ် ”
“ ဒါဆို သားမေးပြီ ”
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ