ပြဿနာကိုယ်စီ
Vol. 4 Ch. 27
မောင်ရင့်တစ်ယောက် မေးစရာများနေသည်မို့ ဘာအရင်မေးရမလဲမသိဖြစ်နေသည်။ ထို့နောက်စဉ်းစားပြီးဟန်ဖြင့် အမေညွန့်နှင့် ကပ္ပိယအဘကို ကြည့်လိုက်ကာ
“ မေမေ ရေခပ်ပြီးပြန်လာရင် စကားပြောလို့ကောင်းတော့မှာမဟုတ်ဘူး၊ အမေကြီးအကြောင်းပဲ အရင်မေးတော့မယ်၊ အမေကြီးလည်း သားတို့လိုပဲလား ”
အမေညွန်က ကပ္ပိယအဘကို ‘ ဘယ်လိုပြောထားလို့လဲ ' ဟု တစ်ချက်ကြည့်လိုက်ကာ
“ အမေကြီးက သားတို့နဲ့မတူဘူး၊ အမေစိန်ကတော့ သားတို့နဲ့တူတယ်၊ အမေကြီးက အမေစိန်ထိုးပေးထားခဲ့တဲ့ ဘီလူးအင်းကြောင့် သာမာန်လူထက် သန်မာပြီး စိတ်ကထက်နေတာ၊ ဒါက အကြောက်အလန့်ပါမရှိစေတော့ တော်တန်ထူးဆန်းတဲ့အကောင်တွေကိုတောင်ယှဉ်ချနိုင်တယ်၊ ဒါပေမယ့် အကန့်အသတ်ပဲ၊ ပြီးတော့ အမေစိန်ကြောင့် တချို့ကိစ္စလေးတွေကို သိနေတာ ”
မောင်ရင့်အသေအချာမှတ်ထားလိုက်သည်။
“ အမေစိန် ဒီကိုရောက်လာတာ မြို့မှာပြဿနာဖြစ်လာခဲ့လို့တဲ့ , အဖော်တစ်ယောက်ပါတယ်၊ ဟုတ်တယ် , အမေစိန်က ဗမာစစ်စစ်နဲ့မြို့သူပဲ၊ အတော်လည်း ချမ်းသာတယ်ပြောတယ်၊ သူရောက်စက ပိုးကြပန်းကြတာအများကြီးပဲ ရုပ်ကလည်းချောဆိုတော့၊ ဒါပေမယ့် အဖေနဲ့ပဲ အကြောင်းပါပြီး အိမ်ထောင်ကျ အခြေချလိုက်တာ၊ အဲ့အထိသူက သာမာန်သူပဲ၊ အဖေပိုးထိဆုံးသွားတာကတော့ တိုက်ဆိုင်တာပါ ”
အမေညွန့်ကပြောရင်းခဏစဉ်းစားသည်။
“ တစ်နေ့ ရွာကို ဆေးဆရာဗေဒင်ဆရာဆိုတဲ့လူတစ်ယောက် ရောက်လာတယ်၊ တစ်နှစ်လောက်ဆိုရင်ပဲ တစ်ရွာလုံးရဲ့ အားကိုးရာဖြစ်သွားတယ်၊ တကယ်တော့ သူက အမေစိန်ကိုလာစုံစမ်းတာ , အမေစိန်ဆီမှာ တောင်းစရာရှိလို့တဲ့၊ သူ အမေကြီးတို့အိမ်ရောက်လာတဲ့ နေ့ကစပြီး အိမ်က ပုံမှန်အခြေအနေကနေ ထူးဆန်းတာတွေ ဖြစ်လာတယ်၊ အမေစိန်က အိမ်အပြင်သိပ်မထွက်တော့ဘူး , အမေကြီးတို့ကိုလည်း သူ့မှာ ပါလာတဲ့အဖေါ်နဲ့ပဲနေခိုင်းတယ် ”
ကပ္ပိယအဘက မောင်ရင့်ဘက်လှည့်ကာ သူသိတာနှင့်ဆက်စပ်တွေးကြည့်နေ၏။
“ ဘယ်လိုကနေ ဘယ်လိုတွေဖြစ်ကုန်လဲမသိဘူး , အမေစိန်က စုန်းမကြီးဆိုပြီး တစ်ရွာလုံးကြောက်လန့်ကုန်ရော၊ တစ်ချို့က ရွာပြောင်းကြတယ်, တချို့က အရဲစွန့်ပြီး ထွက်သွားဖို့လာပြောကြတယ်၊ တိုက်ဆိုင်တာလား တကယ်လားမသိဘူး , မကောင်းပြောတဲ့သူတွေ အကုန်လုံး မိသားစုလိုက် အသေဆိုးနဲ့ သေကုန်တယ်၊ အိမ်တိုင်းကြက်မွေးတဲ့ဓလေ့လည်း အဲ့ကနေစတယ် , အမေကြီး ဒါတော့ သေချာမသိဘူး ”
ကပ္ပိယအဘက ‘ သူ့တာဝန်ထား ' ဟူသောအမူအရာဖြင့် စကားကိုရှေ့ဆက်ခိုင်းသည်။ မောင်ရင့်ကတော့ အကုန်လိုက်မှတ်နေ၏။
“ ဆရာဆိုတဲ့သူ အိမ်ကို ထပ်ရောက်လာတယ်၊ သူလည်းပညာတတ်တယ် , ဒါပေမယ့် လူတွေက သူ့ကိုတော့ ဆရာလေးဆိုပြီး ကူညီပါဝိုင်းပြောကြတယ်၊ အဲ့ညက တစ်ရွာလုံးသိလောက်အောင် အထူးအဆန်းတွေဖြစ်သွားတယ်၊ သေသေချာချာ မသိလိုက်ကြပေမယ့် ကြောက်စရာအသံကြီးတွေကြားရ, အိမ်တစ်ဝိုက် ထူးဆန်းတဲ့ အရောင်တွေမြင်ရနဲ့ မနက်မိုးလင်းမှ သက်ပြင်းချရဲကြတယ်၊ ဆရာက ကျောင်းလေးမှာဘုန်းကြီးဝတ်သွားတယ် , အဲ့တုန်းက ကျောင်းလေးပဲရှိသေးတယ်၊ နောက် ၃ နှစ်လောက်နေတော့ အမေစိန်ကပဲ မြေနဲ့ကျောင်းလှူပြီး ကျောင်းကြီးဆိုတာပေါ်လာတာ၊ ဘယ်လို အဆင်ပြေသွားကြတာလဲ မသိဘူး၊ လူတွေကတော့ ဆရာလေးရှုံးသွားတာ သူတို့ဒုက္ခရောက်တာပဲတဲ့၊ ဆေးကုစရာ, ဗေဒင်မေးစရာလူမရှိဘူးဖြစ်သွားတာကို၊ ကျောင်းကြီးအထိလိုက်သွားကြပေမယ့် ဆက်ဆံရေးမကောင်းဘူးဆိုပြီး လူသွားလူလာပြတ်သွားကြတယ် ”
မောင်ရင့် ဆရာတော်အကြောင်းပါ သေသေချာချာသိလိုက်ရ၍ အတော်အံ့ဩသွားသည်၊ ကပ္ပိယကြီးကို ဆက်မေးရန် တေးထားလိုက်၏။
“ လောလောဆယ် စဉ်းစားမိတာ အကုန်ပြောပြလိုက်မယ်၊ မေးစရာပေါ်လာရင် ဖြတ်မေးပေး၊ မေ့တေ့တေ့တွေလည်းဖြစ်နေပြီ ”
“ ဟုတ် အမေကြီး ပြောလက်စပဲ ဆက်ပြောပေးပါ ”
အမေညွန့်စကားပြန်ဆက်သည်။
“ ဆရာလေးရှုံးသွားတယ်ဆိုပေမယ့် အမေစိန်လည်း အဲ့နေ့ကစပြီး ထူးဆန်းတာတွေ မလုပ်တော့ဘူး၊ လူတွေကတော့ အမေစိန် ဆိုတာနဲ့ ဒူးကိုတုန်နေကြရော၊ ဒါပေမယ့် လူသစ်တွေရောက်လာတာနဲ့ , သိထားတဲ့လူကြီးတွေ မရှိတဲ့အချိန်ကျ အဲ့အရိပ်ကြီးလည်း ပျောက်သွားတာပါပဲ၊ ချီးမွှမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပေါ့၊ အခုဆို အမေစိန်ကို ဘုရားဒကာကျောင်းဒကာမကြီး , မြေတွေအလကားပေးတဲ့ သဘောကောင်းတဲ့အဘွားကြီးလို့ပဲ သိထားကြတာ၊ ကြောက်တာက အမေစိန်ကိုမဟုတ်ဘဲ အမေကြီးအပေါက်ဆိုးတာကိုသာ ကြောက်နေကြတာ ”
မောင်ရင့် ဦးလေးစိန်ရဲ့ဘဝဟောင်း , အမေစိန်၏အကြောင်းကို ယခုကဲ့သို့ဖြစ်နေမည်ဟု မတွေးမိခဲ့ပေ။
“ အမေစိန် ဆရာလေးနဲ့ ပညာပြိုင်ပြီးနောက်ရက်မှာ ထပ်ထူးဆန်းတာက အမေကြီးရဲ့ အစ်ကိုတွေအစ်မတွေနဲ့အတူ, အတူပါလာတဲ့ အမေစိန်ရဲ့ အဖော်ကပျောက်သွားတာ၊ အမေစိန်ပြောတာကတော့ မြို့က သူ့အမျိုးတွေဆီပို့လိုက်တာတဲ့၊ ဟိုတစ်ခါလာသွားတဲ့ ဒေါ်စောတင့်ဆိုတာ အမေကြီးရဲ့ အစ်မကြီးပေါ့၊ ကျန်တဲ့အစ်ကိုတွေအစ်မတွေကတော့ ဆုံးသွားပြီပြောတယ်၊ သူလည်း အခုမှသာ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ပေါ်လာတာလဲ မသိဘူး၊ တော်တော်လေးတော့ အဆင်ပြေကြတဲ့ပုံပေါ်တယ်၊ နင့်အစ်ကိုလည်း အဆင်ပြေမှာပါ ”
အမေညွန့်ကစကားပြောရင်း သူ့မြေးကြီးကို လွမ်းဟန်ဖြင့် တစ်ချက်တွေသွားပြန်သည်။
“ အမေကြီးကိုဆေးထိုးပေးတာလည်း ဆရာလေးနဲ့ပြိုင်ပြီးနောက်တစ်ရက်မှာပဲ၊ အဲ့နေ့က ထူးဆန်းတာတစ်ခုလည်းပြောခဲ့တယ် , အမေကြီး မြေးမွေးတဲ့အခါ တစ်ယောက်ဆို အဲ့တစ်ယောက်ကထူးခြားမယ်တဲ့၊ နှစ်ယောက်ဆိုလည်း အဲ့ထဲက တစ်ယောက်က ထူးခြားမယ်တဲ့၊ ဆရာလေးရဲ့ မျိုးဆက်တစ်ယောက်က သူ့ဆရာအနေနဲ့ ထပ်ရောက်လာပြီး သူ့ကို ကူညီပေးလိမ့်မယ်တဲ့၊ မနေ့က ဖြစ်သွားတာတွေကို ကြိုပြီးပြောပြခဲ့တယ်၊ အစက အမေကြီးလည်း အမှုမဲ့ အမှတ်မဲ့ပဲ၊ ဒါတွေက အမေကြီး သိထားတဲ့ထူးခြားတာ အကုန်ပဲ၊ ကျန်တာကတော့ အခုခေါင်းထဲမပေါ်လာဘူး ”
“ အမေကြီးလာခဲ့တဲ့ မြို့ကို သား သွားသင့်တယ်ထင်တယ်၊ လောလောဆယ် အစ်ကိုဝင်းခန့်တော့ ရောက်သွားပြီ၊ ဇာတ်ကားထဲကလို အိမ်မှာဖုန်းလေးတစ်လုံးလောက်ရှိရင်ကောင်းမှာပဲ ”
“ လောလောဆယ် ဒီက ကပ္ပိယနဲ့ ဆရာတော်ဆီမှာသာ မေးချင်တာ မေးကြည့်ပါအုံး၊ ဟိုမှာက ထူးထူးဆန်းဆန်းအခြေအနေဆို အမေကြီးစိတ်ထဲ သိပ်မကြိုက်ဘူး၊ နင့်အစ်ကိုကိစ္စတောင် ရိုးရိုးသားသားလာခေါ်တာမို့ ကတိတောင်းပြီး ထည့်ပေးလိုက်တာ ”
' အမေကြီးပြောတာလည်းမှန်တာပဲ ' ဟုမောင်ရင့်တွေးမိသည်၊ သူ့မှာ ထပ်သိနိုင်စရာ ဆရာမရှိသေးသည်။ ဆရာမက ' သူတတ်တာတွေသင်ပေးမယ် ' ဟုလည်းပြောထား၏။
“ အမေတို့ စကားကောင်းနေကြတာလား၊ ကပ္ပိယကြီးလည်းရောက်နေတာပဲ၊ ထမင်းစားသွားပါအုံး ”
မကြည်ပြာ ရေအိုးမပါလာဘဲဝင်လာ၏။ ကပ္ပိယကြီးက ' စားပြီးပါပြီ ' ဟုပြောရန်ပြင်သော်လည်း အမေညွန့်ကပင် အရင်လှမ်းပြောလိုက်သည်။
“ သမီး ရေအိုးရော ”
“ ရေတွင်းက ဘာဖြစ်တာလဲမသိအမေရေ ... ရေတစ်စက်မှ မရှိတော့ဘူး၊ တစ်ရွာလုံးဖြစ်နေတာ , ညနေကအထိ ရေတွေရှိသေးတယ်လို့တော့ ညနေပိုင်းရေခပ်ဆင်းတဲ့သူတွေက ပြောတာပဲ၊ တစ်တွင်းနှစ်တွင်းဆို မပြောပါဘူး၊ အခုက ... ဘာတွေဖြစ်ကုန်တာလဲမသိဘူး ”
မောင်ရင့်နှင့် ကပ္ပိယအဘတို့ အကြည့်ချင်းစုံသွားကြသည်။ အမေညွန့်ကလည်း သူတို့ကို သတိထားမိသွား၏။
“ ကိုဖြိုး ... ဘယ်လိုထင်တုန်း ”
“ သွားကြည့်ကြတာပေါ့ , ဘလေးက ကျန်ခဲ့အုံး ”
ထို့နောက် အမေညွန့်နှင့် နှစ်ယောက်သား ရွာလူကြီး အိမ်ဘက်ထွက်သွားကြသည်။ ဤကိစ္စက ရပ်မိရပ်ဖများနှင့် တိုင်ပင်၍ လုပ်ဆောင်ရမည်ဖြစ်၏။
“ မေမေ မောနေပြီလား၊ သားအခုနကပဲပြန်လာတာ၊ ထမင်းတောင် စားပြီးသွားပြီ၊ မေမေရော စားတော့မလား ”
“ မေမေလည်း စားပြီးသွားပြီ၊ သားဘယ်လိုနေသေးလဲ၊ ညက အိပ်ရတာအဆင်ပြေရဲ့လား၊ ဇရပ်ဆိုတော့ ခြင်ထောင်သေချာထောင်အိပ်တယ်မလား ”
မကြည်ပြာ မောင်ရင့်ကို အသေအချာကြည့်ပြီး ခြင်ကိုက်ရာများ ရှိမရှိရှာကာ ဟိုမေးဒီမေး မေးနေ၏။
“ သားအဆင်ပြေပါတယ်၊ ညက စာလည်း လုပ်ဖြစ်တယ်၊ သားမရှိတဲ့နေ့တွေက ကျောင်းသားတော်တော်များများလည်း နေမကောင်းလို့ စာသိပ်မသင်ဖြစ်ဘူးတဲ့မေမေ၊ အဲ့တာ ညကပဲ အကုန်လုပ်ပြီးသွားတယ် ”
“ အမေ့သားက လိမ္မာတယ်၊ နေကောင်းမှ ဗွီဒီယိုပြန်ကြည့်နော်၊ အခုက ဆရာမလေး စကားနားထောင်လိုက်အုံး ”
မောင်ရင့် အမေဖြစ်သူကိုကြည့်တာ စိတ်မကောင်းလည်း အတော်ဖြစ်သွား၏။ ' ကိုယ့်ဘာသာနေမကောင်းတာကို သူဂရုမစိုက်မလို့ ' ဟု ထင်နေဟန်တူသည်။
“ ဟုတ် မေမေ၊ ဒါဆို သားအိမ်ရှေ့က ပျဉ်းကတိုးပင်အောက်မှာရှိနေမယ်နော်၊ မေမေခိုင်းစရာရှိရင်ခေါ်လိုက်နော် ”
“ အေးအေး သားလေး၊ မနက်ဖြန်ကျောင်းပြန်တက်ရမှာမလား ၊ အေးအေးဆေးဆေးနားအုံး၊ မေမေလည်း ခိုင်းစရာမရှိပါဘူး ”
ဤသို့ဖြင့် မောင်ရင့် အပင်အောက်ထိုင်ကာ ခြုံလွှာကို ထပ်မံထုတ်ကြည့်မိ၏။ လက်ရှိမှာ ပုံမှန်ခြုံလွှာအရွယ်အစားဖြင့်ကာကီရောင်ပြန်ပြောင်းနေသည်။
' ဒါက အရောင်ပြောင်းလို့ရတယ်၊ အရွယ်အစားပြောင်းလို့ရတယ်၊ အသားကြည့်ရတာနူးညံ့နေပေမယ့် အကြမ်းခံမယ့် ပုံလည်းရတယ် '
ထို့နောက် ကျောက်စိမ်းတုံးထဲမှ ဆရာမထွက်လာပုံကို ပြန်လည်မြင်ယောင်ကြည့်ကာ သူ အဝတ်အနေနှင့် သုံးနိုင်သည်ဟု မှတ်ချက်ချလိုက်၏။
' ဆရာမက သေချာလေ့လာထားဆိုပေမယ့် စိတ်ခွန်အားက အခုအချိန်ကုန်သွားလို့မရဘူး၊ ညကျရင် ဘယ်ကောင်ထပ်ရောက်လာအုံးမလဲမသိ၊ အဘနဲ့အမေကြီးကလည်း ရေပြဿနာနဲ့ အလုပ်ရှုပ်နေအုံးမှာ၊ ဆရာတော်ကလည်း ခရီးထွက်သွားပြီ၊ဆရာမက ဆရာတော်အားကိုးနဲ့ ငါ့ကိုကျောင်းပို့ခဲ့တာထင်တယ်၊ ဒါပေမယ့် အခု ငါ့အားပဲ ငါကိုးရတော့မယ်၊ ငါ , ငါ့မိသားစု , ငါ့ရွာ အန္တရာယ်ရှိနေပြီ၊ အဘပြောသလိုဆို တခြားရွာတွေရော အခြေအနေကောင်းရဲ့လားမသိ၊ ဆရာမလို လူတွေရှိအုံးမယ်ထင်တယ် '
ဘာဆက်လုပ်ရမလဲထက် မောင်ရင့် အရင်ဆုံးကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားရန် ဆုံးဖြတ်လိုက်၏။
' ငါ သိုင်းလည်းသင်ရမယ်၊ ခွန်အားတစ်ခုတည်းနဲ့ဆို ခွေးလိုပဲ ကိုက်နေရမှာ လူရှက်ဖို့ကောင်းတယ်၊ ပြီးတော့ အသွင်ပြောင်းတာကို သေချာမလုပ်တတ်သေးဘူး၊ ဒါနဲ့ ဆရာမလေးကလည်း အသွင်ပြောင်းတာလို့ပြောတယ်၊ သူကျ နတ်သမီးခန္ဓာကိုယ်ကြောင့် ထင်တယ် , အရမ်းလှတာပဲ '
ရုတ်တရက်မောင်ရင့်စိတ်ထဲ ဆရာမအပေါ်ပုံမှန်မဟုတ်သောစိတ်များဖြစ်ပေါ်လာသည်။
' ဒုက္ခပါပဲ .. ငါတော့ ငရဲကြီးအုံးမယ်၊ အဲ .. ငါက ငရဲကပဲဟာ .. ရှုပ်နေတာပဲ၊ သဇင်ကျော်ဘက် အာရုံပြောင်းရမယ် '
မောင်ရင့် လက်ရှိကိစ္စကို အာရုံမစိုက်နိုင်ဖြစ်ကာ ပေါ်လာသည့်ပြဿနာကို ဖြေရှင်းရန်စဉ်းစားရတော့၏။
“ ဝှက် ”
ရုတ်တရက် မောင်ရင့် ခြုံလွှာသာကျန်ခဲ့ကာ လူလုံးပျောက်သွားသည်။ အထည်မှာ ခေါက်လျက်ကလေး အပေအကျံမရှိစွာ ပုံကျန်ခဲ့၏။
' ဟင် ဆရာတော်ပါလား '
မောင်ရင့် ထူးဆန်းသည့်နေရာတစ်ခုတွင် ဆရာတော်ကို တွေ့လိုက်ရသည်။ ပထမလန့်သွားပေမယ့် ဆရာတော့်အကြောင်း သိထားပြီမို့ ပျော်လည်း ပျော်သွား၏။
' ငါအခက်အခဲတွေ့နေတာသိလို့များလား '
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ