ကိုယ့်ကိုယ်ကိုနားလည်ပါ
Vol. 4 Ch. 28
ပတ်ဝန်းကျင်ကို မောင်ရင့် အသေအချာ မမြင်ရပေ။ ဆရာတော့်ကိုသာ လင်းထိန်သည့်အသွင်သဏ္ဍာန်ဖြင့် ထူးထူးခြားခြားထိုင်နေသည်ကိုမြင်ရ၏။
ဤကဲ့သို့ မြင့်မြတ်သည့်ပုံစံကို ဆရာမလေးနှင့်တုန်းက သူမြင်ဖူးခဲ့ပေမယ့် အိမ်မက်လိုလိုဖြစ်နေ၍ မအံ့ဩမိချေ။ ယခုကတော့ ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ဖြစ်ပြီမို့ ပါးစပ်မစေ့နိုင်ဖြစ်သွားရသည်။
“ ဒကာလေး ရောက်လာတာလား ” ဆရာတော်ကလည်း ထူးဆန်းသွားဟန်ဖြင့် မောင်ရင့်ကိုကြည့်လိုက်ပြီး ခေါင်းငြှိမ့်ကာ “ လာ ဘုန်းကြီးဘေးမှာခဏထိုင်နေ ” ဟုပြောလိုက်ရာ အနေကထိုင်ဘေးမှာ ထိုင်စရာနေရာလွတ်တစ်ခုပေါ်လာသည်။ နဂိုကတည်းက ရှိဟန်တူသော်လည်း မောင်ရင့်ယခုမှ မြင်မိ၏။
“ ဘာမှမမြင်ရပေမယ့် နွေးထွေးပြီး နေလို့ထိုင်လို့ကောင်းလိုက်တာဘုရား၊ ဒါဘယ်နေရာလည်းမသိ၊ ဘာမှလည်းမရှိ , ဘယ်သူ့မှလည်း မမြင်မိဘူး၊ အသံတောင်မကြားရဘူးဘုရား ဘာသံမှ ” မောင်ရင့်က ပတ်ဝန်းကျင်ကို စူးစမ်းရင်းပြောလိုက်သည်။
“ ဒီတော့ အဲ့ဒါက ဒကာလေးပဲ၊ ဘုန်းကြီးတာဝန်တော့ မဟုတ်တော့ပါဘူး ” ဆရာတော်က မောင်ရင့်နားမလည်သည့် အကြောင်းအရာကို တစ်ယောက်တည်း ပြောနေသလို ကောက်ပြောလိုက်၏။
မောင်ရင့် ‘ ဘာလဲမသိဘုရား ’ ဟု မေးမည်ကြံပြီးခါမှ သိချင်စိတ်ပျောက်သွားတာကြောင့် “ ရွာမှာ ပြဿနာတွေဖြစ်နေပါတယ်ဘုရား၊ ရေတွေခန်းကုန်လို့ ကပ္ပိယအဘနဲ့ရပ်မိရပ်ဖတွေ အသည်းအသန်ဖြေရှင်းဖို့လုပ်နေရပါတယ် ” မောင်ရင့် ညပိုင်းကကိစ္စပါသတိရသွားသည်။
“ ညကလည်း … ” အသံထွက်မလာတော့ဘဲ ဘေးနားရှိဆရာတော်ကိုပါ မမြင်ရဖြစ်သွားသည်။ `` ဒကာလေး အခုပြန်နှင့်အုံး၊ အဆင်ပြေသွားပါလိမ့်မယ် `` စိတ်ထဲအသံတစ်ခုဝင်လာကာ မောင်ရင့်မိုက်ခနဲဖြစ်သွား၏။
ထို့နောက် မျက်လုံးများပြန်ဖွင့်လိုက်ရာ ပျဉ်းကတိုးပင်အောက်၌ပြန်ပေါ်လာသည်။ ဘေးနား၌ ခြုံလွှာက ခေါက်လျက်သားအပုံလိုက်ကလေးရှိနေ၏ ‘ ငါ အခုနက အိမ်မက်မက်တာလား ’ ။
“ သားလေး ဘယ်သွားနေတာတုန်း အမေမုန့်ကျွေးမလို့ လာခေါ်သေးတယ် ” မကြည်ပြာ အိမ်ထဲမှ ဇလုံတစ်ခုကိုင်၍ထွက်လာသည်။
“ ဟုတ်တယ်မေမေ သားရွာထဲခဏသွားလိုက်တာ ” မောင်ရင့် အဆင်ပြေသလိုပြန်ဖြေကာ ယူလာသည့်မုန့်ကို ထိုင်စားလိုက်သည်။ နာရီကြည့်လိုက်တော့ သူသွားတာ ၂ နာရီဝန်းကျင်ကြာသွားသည်ထင်၏။ ဟိုမှာဖြစ်သွားတာက ၅ မိနစ်ပင်မကြာသလို။
“ အမေကြီးတို့ပြန်လာသေးလားဟင် မေမေ ”
“ မလာဘူးသားလေး၊ ဒါဆို အမေ ညနေစာ သွားချက်လိုက်အုံးမယ်၊ မုန့်ကုန်ရင် ဒီတိုင်းပဲထားနော်၊ အမေလာသိမ်းလိုက်မယ် ”
မကြည်ပြာဇလုံထားခဲ့ပြီးပြန်ထွက်သွားသည်။ ဆရာမလေးစကားကို အတည်ယူပြီး မောင်ရင့်ကို စိုးရိမ်လွန်းနေ၏။
‘ ဆရာတော့် ငါ့ကိုပြန်ပို့ရင်းမှာလိုက်တာက တရားထိုင်ပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့၊ ငါ့အကြောင်းငါပိုသိရင် ဒီညကိုကျော်ဖြတ်ဖို့က အေးဆေးပဲတဲ့၊ ဒီခြုံထည်ကလည်း အများကြီး အသုံးဝင်မယ်ထင်တယ်၊ စိတ်ညစ်စရာတွေ မတွေးရဘူး … စိတ်ညစ်စရာတွေ မတွေးရဘူး၊ ဒါတွေက ငါ့ကိုအများကြီးအားနည်းစေတယ် ’ မောင်ရင့် ဆရာတော်ပေးလိုက်သည့် တရားထိုင်နည်းကို ပြန်စဉ်းစားကာ ဘေးဘီဝဲယာကြည့်လိုက်၏။
“ မေမေ .. ကျောင်းကြီးဘက် ခဏသွားတယ်နော ”
“ အေးအေး သားလေး၊ တစ်ယောက်တည်းလား၊ ကျော်ခေါင်တို့ပါ ခေါ်မသွားဘူးလား ”
“ ရတယ်မေမေ၊ သားတစ်ယောက်တည်း လုပ်စရာလေးရှိလို့၊ ဆရာတော်မှာခဲ့တာရှိလို့မေမေ ”
မကြည်ပြာ ဆရာတော်ပါလာ၍ စိတ်ချသွားသည်။ မောင်ရင့် ကျောင်းရောက်တော့ ထုံးစံအတိုင်း ဘယ်သူမှမရှိပေ။
‘ အရင်ဆုံး သက်တောင့် သက်သာအနေအထားနဲ့ နေရမယ်တဲ့၊ ငါဘယ်လိုမျိုးဆို အဆင်ပြေမလဲ၊ သေချာမသိဘူး , တင်ပျဉ်ခွေပဲ ထိုင်လိုက်တော့မယ်၊ အရင်တုန်းကလည်း တရားထိုင်ဖူးတာပဲ ငါအဆင်ပြေတယ် ထိုင်တာကတော့ ’
ထို့နောက် မောင်ရင့် ခါးကို အနည်းငယ်မတ်ကာ စိတ်ကိုဖျော့ချလိုက်သည်။ ပခုံးများအကျလွန်ပြီး ငပျင်းပုံပေါက်သွား၍ ပြန်ပြင်ရသေး၏။
ခြေနှစ်ဖက်ကို အနည်းငယ်ကားထားသည်။ သူ့အနေနှင့် ခြေထောက်ချင်းထပ်မိ၍ ခြေကျင်တာကို ကောင်းကောင်းစားခံရပြီးပါပြီ။
ထို့နောက် စိတ်ကို ကိုယ်ဟန်အမူအရာအပေါ်တွင်အာရုံမစိုက်တော့ဘဲ အသက်ရှုနေသည့် ဘက်သို့ပြောင်းလိုက်၏။ ဆရာတော်မှာလိုက်သည့် နှာသီးဖျား၏ဝင်လေထွက်လေကို ရှာသည်၊ ယခင်ကလည်း သူဒီအထိလုပ်ဖူးသည်။ သို့သော် ယခုအချိန်မှ ပိုမိုချောမွေ့နေသလို ခံစားရ၏။
ပြဿနာတစ်ခုပေါ်လာသည်၊ နှာခေါင်းတစ်ပေါက်နှင့်တစ်ပေါက် လေအဝင်အထွက်မညီဖြစ်နေသည်။ ပိုဆိုးသည့်ပြဿနာက နှာခေါင်းပေါက် လေအဝင်အထွက်ကို စိတ်နှင့် ‘ မြင်ဖို့ရာ ’ သတိထားရမှာလား၊ စိတ်နှင့် ‘ ထိတာကို သိနေဖို့ရာ ’ သဘောထားရမှာလား၊ သူအနည်းငယ် ဝေဝါးသွား၏။
ဆရာတော်က ထိုအဆင့်ကို အသေးစိတ်မသင်ပေးလိုက်ချေ။ သူပြောသည်က ‘ အတိုအရှည် မကြည့်နဲ့အုံး ’ ဟုသာ ဖြစ်၏။
သူ အဝင်အထွက်ဖြစ်နေသည်ကို မြင်ဖို့ရာသာ ရွေးလိုက်သည်။ အဓိက,က သူအရင်ဆုံး သမာဓိ ရ,ရမည်။ အာရုံထဲ ဖြတ်ခနဲဝင်လိုက်ထွက်လိုက်ဖြစ်နေသည့် လေကိုဖမ်းမိသည်။ ဤသို့ဖြင့်အချိန်အတော်ကြာသွား၏။
ရုတ်တရက် တရားထိုင်ရင်း သူအိပ်ငိုက်သလိုဖြစ်သွားသည်။ သို့သော် စိတ်က ငြိမ်သက်အေးချမ်းပြီး သူ့ခန္ဓာကိုယ်ကိုလည်း ပြန်မြင်နေရ၏။
ခန္ဓာကိုယ်က အနီနှင့်အပြာနှစ်ရောင်တောက်နေသည်။ အဝတ်များမရှိတော့ဘဲ ပကတိကိုယ်ကိုမြင်နေရ၏။ အနီက သူတွေ့ဖူးခဲ့သည့် အခိုးတို့ဖြင့် ညာဘက်တစ်ခြမ်းလုံးအပြည့် ရဲရဲတောက်နေသည်။ အပြာက မိုးတိမ်များသဖွယ် ဆန်းကြယ်စွာ ဘယ်ဘက်အခြမ်းမှာတည်နေသည်။
ထို့နောက် ပေါင်းစပ်လာကြသည်။ အနီရောင်များက အပြာရောင်များထဲ ဝင်သွားသည်။ အခိုးအငွေ့များကြောင့် တိမ်သားများပိုထူလာသည်။ သိပ်မကြာခင် အပြာရောင်က အနီရောင်ကို အလုံးစုံဝါးမျိုပြီးသွား၏။
တိမ်ဆိုင်များ အရောင်ပြောင်းသွားသည်။ ခရမ်းနုရောင်များနှင့် တစ်ကိုယ်လုံးပြည့်သွား၏။ မျက်လုံးနေရာတွင်က အနီရောင် ရဲရဲတောက်နေသည်။ ခမ်းနားကြီးကျယ်သည့် အသွင်ကိုဆောင်နေ၏။
မောင်ရင့် စိတ်ထဲ ‘ ငါဒါလုပ်နိုင်တယ် ’ ဟုသော ယုံကြည်ချက်တော်တော်များများလည်းဝင်လာသည်။ သူပုံပြောင်းစရာမလိုဘဲ အကြား , အမြင် , အနံ့ , ခွန်အား သာမာန်လူထက် ငါးဆတိုးသွားပြီ။ သာမာန်လူထက် ၅ ဆပိုခုန်နိုင်သည်။ ခွေးများ , မီးများနှင့်ပိုပြီးရင်းနှီးသွားသည်။ မီးခိုးငွေ့ခွေးနက်ကြီးအသွင်လည်း အလွယ်တကူပြောင်းနိုင်သွားပြီ။ ဒါတင်မကသေးဘဲ သူထပ်လုပ်နိုင်သည်များ ရှိသေးသည်ဟု ခံစားနေရ၏။ လောလောဆယ် ဒီညအတွက် သူဖူလုံသွားပါပြီ။
‘ ဒါတွေက ငရဲခွေးရဲ့ဗီဇကြောင့်ရော , ဘုံကူးကျောက်ရဲ့ သဘာဝကြောင့်ရော ဖြစ်လာတာနေမယ်၊ ဆရာမပြောသလိုဆို ငါအတော်ကံကောင်းတာပဲ၊ အရင်လိုကြောက်စိတ်မရှိတော့တဲ့အပြင် ကြမ်းတမ်းသလိုတောင် ခံစားနေမိတယ် ’
ထို့နောက် မောင်ရင့်စိတ်နဲ့လူပြန်ကပ်သွားကာ တရားထိုင်ရာမှ ထလိုက်၏။ နာရီကြည့်လိုက်ရာ သူ နှစ်နာရီလောက်အချိန်ယူမိသွားသည်။ ခြုံလွှာကို ကိုယ်မှာပတ်လိုက်ကာ
“ ဆရာမလို ခန္ဓာကိုယ်အတွက် အဝတ်ဖြစ်စေ ”
မောင်ရင့်၏နဂိုအဝတ်များကိုဖုံးပြီး ဆရာမအသွင်နှင့်ဖြစ်သွားသည်။ သို့သော် ဆရာမကဲ့သို့ ကျက်သရေအပေါင်းနှင့် လှပမနေသေးချေ။
“ လူသန်ကြီးဖြစ်စမ်း ”
ဝုန်းခနဲ ခွေးခေါင်းနှင့် ခရမ်းရောင်လူသန်ကြီးပေါ်လာသည်။ မျက်လုံးအစုံက ရဲရဲတောက်ကာ အခိုးအငွေ့များ လွှမ်းခြုံနေပြီး အလွန်မကောင်းဆိုးဝါးဆန်နေ၏။
“ ဟဲဟဲ အခုမှ လိုက်ဖက်သွားတယ် ”
“ ဒါနဲ့ ငါ့အဝတ်တွေ ... ”
‘ စိတ်မညစ်ရဘူး ... သတိ ’
သို့သော် ခြုံလွှာတန်ခိုးကြောင့် အဝတ်များ အထိအခိုက်မရှိသည်ကို တွေ့ရ၏။
‘ ငါ့မှာ ကံကောင်းမှုတွေ များလွန်းနေပြီ၊ ဘာတွေ လုပ်ခဲ့လို့ပါလိမ့်၊ ဒါပေမယ့် ဇာတ်ကားတွေထဲမှာလို အစွမ်းရှိလာပြီဆိုတော့ မျက်နှာဖုံးစွပ်လူစွမ်းကောင်းလုပ်မှဖြစ်မယ်၊ မဟုတ်ရင် လူဆိုးဖြစ်သွားနိုင်တယ်၊ ဘာတွေတာဝန်ယူရမလဲ ’
‘ အရင်ဆုံး ငါ့ဆီလာမယ့် ပြဿနာတွေကို လမ်းကနေဖြတ်ပြီးရှင်းရမယ်၊ ရွာမှာလည်း ပြဿနာတက်နေတာဝိုင်းကူရမယ်၊ ဒါကတော့ အမေကြီးတို့လာမှ အခြေအနေပြောပြပြီး တိုင်ပင်ရမယ် ’
‘ အဲ မေ့နေတာ၊ ငါ့ခေါင်းထဲက ဟိုလူတွေရဲ့ မှတ်ဉာဏ်တွေ၊ သူတို့ရဲ့နာကျင်စရာမှတ်ဉာဏ်တွေကို ငါဖတ်ကြည့်ရမယ် ကူညီနိုင်တာများရှိမလား၊ အနည်းဆုံး ငါဗဟုသုတရတာပေါ့၊ ဒါက ဘုံကူးကျောက်ရဲ့ သိုလှောင်စွမ်းရည်ထင်တယ်၊ ဒါမရှိရင် ငါ , ငါဘယ်သူလဲဆိုတာ ပျောက်ဆုံးသွားနိုင်တယ် ’
‘ ငါ့အစွမ်းတွေကို အခုနကလို တရားထိုင်ပြီးလည်း ဆက်လေ့လာရမယ်၊ ဒါပေမယ့် ငါသိထားပြီးသလောက်ဆို ဒါက မွေးရာပါစွမ်းအားပဲရှိသေးတာထင်တယ်၊ ငါ ဒီလောကထဲ တကယ်ဝင်ပြီဆိုရင် ဒါနဲ့ပဲ ကျေနပ်နေလို့မရဘူး ၊ မဟုတ်ရင် ငါမသိတာ မတတ်တာရှိနေသေးသမျှ ကြောက်လန့်နေရမှာ ’
အမျိုးမျိုးတွေးရင်း ညနေစောင်းတော့မည်ဖြစ်၍ ရွာအကျိုးအကြောင်းသိရအောင်နှင့် ညနေစာစားရန် မောင်ရင့် အိမ်သို့ပြန်ခဲ့၏။ အမေညွန့်နှင့် ကပ္ပိယအဘတို့ ရောက်နှင့်နေကြပြီဖြစ်သည်။ စားသောက်ပြောဆိုပြီးလျှင် ညဦးပိုင်းထဲဝင်လောက်ပြီ။
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ