← Chapters

ဆီမီးရောင်စုံသာတဲ့ည

Vol. 4 Ch. 29

ဆီမီးရောင်စုံသာတဲ့ည

Vol. 4 Ch. 29

မီးလာတော့မည်ဖြစ်၍ မောင်ရင့် ကပ္ပိယအဘနှင့်အတူကျောင်းကိုပြန်လာခဲ့သည်။ ကျောင်းမှာက ဖိယောင်းတိုင်ကိုယ်စီထွန်းရ၏။

“ ကျွန်တော်တို့ကို ဝင်ခွင့်ပြုပါခင်ဗျာ ”

ကြည်လင်ချိုသာသောအသံနှင့်အတူ ထူးဆန်းသည့် လူနှစ်ယောက်ဝင်လာသည်။

“ လာပါကွဲ့ ”

ကပ္ပိယ အဘက ဇရပ်ရှိတစ်နေရာကိုလှည်းကျင်းက နေစရာပြင်ဆင်ပေးလိုက်၏။

ဥပဓိရုပ်သန့်ကြကာ တစ်ဦးမှာ အသက် ၃၀ အရွယ်ခန့်ခန့်ငြားငြားဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ၂၀ အရွယ် မိန်းမချောချောသည့် လူငယ်ဖြစ်သည်။

ထူးဆန်းသည်က အကြီးရောအငယ်ပါ ယောဂီရောင်အပြည့်ဝတ်ဆင်ကာ လွယ်အိပ်ကလေးတွေကိုယ်စီနှင့် အလွန်ယဉ်ကျေးစွာ ကြည့်၍ကောင်းနေခြင်းပင်။

“ အဟမ်း ”

ကပ္ပိယအဘက ငေးနေသည့်မောင်ရင့်ကို ချောင်းဟန့်သတိပေးရင်း လာရင်းကိစ္စကို မေးကြည့်လိုက်၏။

“ အထက်က လွှတ်လိုက်လို့ သတင်းရရခြင်းရောက်လာကြတာပါ အဘ၊ ကျွန်တော်တို့က ရန်ကုန်ကပါ ”

မြို့သားတွေပဲဟု မောင်ရင့်မှတ်ချက်ပြုရင်း ‌အသေအချာနားထောင်နေလိုက်သည်။

“ ဒီကဆရာတော် ကျွန်တော်တို့ကြီးလူတွေဆီရောက်လာပြီး အခြေအနေကို ပြောပြပါတယ်၊ ဒါကြောင့် အလျင်စလို လာခဲ့ရတာပါ အဘ ”

အငယ်က ပြောနေခြင်းပင်။ အကြီးက ယခုအချိန်ထိစကားဝင်မပြောသေးဘဲရှိ၏။

“ ဒါနဲ့ ငါ့တူကြီးက ဆရာအောင်မျိုးထွန်းများလားမသိ ”

အကြီးဖြစ်သူက ထိုင်နေရာမှာ အလွန်ကြည့်ကောင်းစွာပြုံးလိုက်ပြီး ဟုတ်မှန်ကြောင်းပြန်ပြောလိုက်သည်။ လူငယ်အသံမှာ သာယာသည်ဆိုလျှင် လူကြီးအသံမှာ အင်မတန်ဩဇာရှိလွန်း၏။ အနီးစပ်ဆုံးအနေဖြင့် ဆရာတော်နှင့် အိမ်မက်ထဲမှဆရာမကို မောင်ရင့် ပြေးမြင်မိသည်။

“ တူလေးကတော့ ဆရာစိုးမိုးကျော်ထင်တယ် ”

ကပ္ပိယအဘက ကျေနပ်စွာခန့်မှန်းလိုက်သည်။

“ ဟုတ်ပါတယ်အဘ၊ ကျွန်တော်တို့ကို သတိထားအမှတ်ရပေးလို့ ကျေးဇူးတင်ပါတယ်၊ တလက်စတည်း ဟိုမှာ အဘအတွက် ဝေယျာဝစ္စတွေအကုန်အဆင်သင့်ဖြစ်နေပြီလို့ အဘရဲ့ဆရာက အမှာပါးလိုက်ပါတယ် ”

အဆက်အသွယ်မရတာ ကြာပြီဖြစ်သည့် ဆရာသခင်ထံမှ ဝမ်းသာစရာသတင်းကြားလိုက်ရ၍ ကပ္ပိယအဘ အတော်စိတ်လှုပ်ရှား ပျော်ရွှင်သွား၏။ မောင်ရင့်ကတော့ မေးစရာများကို ခဏတေးမှတ်ထားလိုက်သည်။

“ နာမည်ကြီးနေတဲ့ ကလေးပဲ ”

ဆရာအောင်မျိုးထွန်းက မောင်ရင့်ဘက်လှည့်ကာ ပြုံးရင်းပြောလိုက်သည်။

“ သားကလား .. ”

မောင်ရင့်တွေဝေသွားသည်။ ရက်အားဖြင့် ၃ ရက်သာ သူရှုပ်ထားရသေးရာ သတင်းကား မြန်လှ၏။

“ ဆရာတို့ဂိုဏ်းထဲ ဝင်မလား ”

ကပ္ပိယအဘ အံ့ဩဝမ်းသာဖြစ်သွားသည်။ ဆရာစိုးမိုးကျော်လည်း သူ့ဆရာကိုကြည့်ကာ နားမလည်နိုင်ဖြစ်သွား၏။ သူ့ဆရာ တပည့်လက်မခံတာ အလွန်ကြာခဲ့လေပြီ။

“ သား … သား စဉ်းစားပါရစေ ”

မောင်ရင့် ဆရာမကိုတွေးမိကာ အနည်းဆုံး အချိန်နှစ်ရက်လောက်ယူသင့်သည်ဟု တွေးလိုက်သည်။ ပြီးတော့ ကပ္ပိယအဘဘယ်လိုပဲသဘောကျနေနေ လူစိမ်းထက် လူရင်းကို သူပိုခင်၏။

“ ရပါတယ် အရင်ဆုံး အရေးကြီးတဲ့ကိစ္စတိုင်ပင်ကြတာပေါ့ ”

ထို့နောက် လူကြီးက လေးယောက်ဆိုင်အနေအထားဖြင့် ပြင်ထိုင်လိုက်ကာ

“ ရေကိစ္စ ကျွန်တော်ဖြေရှင်းလိုက်ပါပြီအဘ၊ အချိန်တော့ နည်းနည်းစောင့်ရမယ်ပေါ့၊ ပိုအရေးကြီးတာက ရွာမှာ အစောင့်နတ်မရှိဘူး၊ တခြားနတ်အသေးလေးတွေလည်း လုံးဝကို မတွေ့မိဘူးဖြစ်နေတယ်၊ ပုံမှန်အချိန်ဆို ပြဿနာမရှိပေမယ့် အထက်မှာ အခြေအနေတွေသိပ်မကောင်းဖြစ်နေတယ်၊ ဒီဘက်က ကိစ္စတွေ ကျွန်တော်တို့ ကိုယ့်ဘာသာ ကြည့်လုပ်ရတော့မယ် ”

ပထမ , မောင်ရင့် ရွာကြီး သူ့ကြောင့်ဒုက္ခရောက်ပါပြီဟု စိတ်မကောင်းဖြစ်နေခြင်းပင်။ ယခုသိရသလောက် သူ့ကိစ္စက သပ်သပ်ဖြစ်နေသည်။

“ ကျွန်တော် ဒီည တောင်ပေါ်က တောအနက်ထဲသွားလိုက်မယ်၊ အဘနဲ့ စိုးမိုးကျော်က ရွာကို ကာကွယ်ပေးထားပါ ”

ထို့နောက် မောင်ရင့်ကိုကြည့်ရင်း

“ ကလေး မင်းရော အဆင်ပြေမလား ”

မောင်ရင့် ယုံကြည်ချက်အပြည့်ရှိနေရာမှ ယခုကဲ့သို့ ဒဲ့အမေးခံရသောအခါ အနည်းငယ်ရှက်သလိုဖြစ်သွား၏။

“ ရပါတယ် ဆရာ၊ ဒါပေမယ့် သားမှာလည်း ပြဿနာလေး နည်းနည်းရှိနေတယ် ”

ဆရာအောင်မျိုးထွန်းကပြုံးလိုက်ကာ

“ ကိစ္စမရှိပါဘူး အဲ့တာတော့၊ ကလေးကို ကြည့်ရတာလည်း တော်တော်အကြမ်းခံနေပါပြီ မကြောက်ပါနဲ့ ”

မောင်ရင့် အားတက်သွားကာ ကတိခံလိုက်၏။ ကပ္ပိယအဘနှင့် ဆရာစိုးမိုးကျော်တို့ကလည်း သူတို့ရှိတယ်ဟူဟော အမူအရာဖြင့် အားပေးလိုက်ကြသည်။

ည ၇ :၃၀ မိနစ်

“ ကျွန်တော်သွားနှင့်ပြီအဘ ”

စကားဆုံးသည်နှင့် ဆရာအောင်မျိုးထွန်းဖြတ်ခနဲပျောက်သွား၏။ ထူးဆန်းတာတွေ ဆက်တိုက်ကြုံလာခဲ့ရ၍ အသားကျလာပြီဖြစ်သော်လည်း မောင်ရင့်စိတ်ထဲ တအံ့တဩဖြစ်ရပါသည်။

“ ညီလေး မကြောက်နဲ့ အစ်ကိုလည်းရှိတယ် ”

ဆရာစိုးမိုးကျော်က သူ့လွယ်အိပ်ကလေးကိုပုတ်ပြီး အားပေးလိုက်သည်။ ကပ္ပိယအဘကလည်း အင်္ကျီလက်ကို ပင့်ကာ အားယူလိုက်၏။

“ အဘ ကျွန်တော်တို့နှစ်ယောက် ရွာပြင် ခပ်ဝေးဝေးကနေ တစ်ဖြတ်ရှင်းလိုက်မယ်၊ အထဲကကောင်တွေကိုတော့ အဘပဲ တာဝန်ယူလို့ရတယ်မလား ”

“ ရပါတယ် ဆရာလေး၊ ကျွန်တော့်မြေးလေးကိုလည်း သေချာအပ်ပါတယ်၊ အခုမှ အစိမ်းသက်သက်မို့ပါ ”

ကပ္ပိယအဘက ခေါင်းပေါင်းအသေချာပေါင်းပြီး သူ့ပုတီးလေးကို လည်ပင်းတွင်ဆွဲရင်းပြောလိုက်သည်။

“ စိတ်ချပါအဘ၊ ဒါဆို ကျွန်တော်တို့လည်းသွားပြီ ”

“ လာညီလေး ”

မောင်ရင့်တို့နှစ်ယောက် ရွာအတွင်းပိုင်းကို ကပ္ပိယအဘနှင့် စိတ်ချထားခဲ့လိုက်ပြီး အပြင်ဘက် ထွက်လာခဲ့ကြ၏။

“ ဆရာ ၊ ဆရာ့ဆရာက အတော်စွမ်းတာပဲ ”

“ အစ်ကိုပဲခေါ်ပါကွာ၊ အဘက ငါ့ထက် ဝါနိမ့်လို့ ဆရာ‌ထည့်ခေါ်တာ၊ သူ့လိုခေါ်စရာမလိုပါဘူး၊ ပြီးတော့ ညီ‌လေးက အပြင်လူပဲဟာ ဆရာတွေဘာတွေထည့်မနေနဲ့ ”

မောင်ရင့် လူငယ်ကိုသဘောကျသွားသည်။ မြို့သားတွေက ရုပ်ချောပြီး သဘောကောင်းတာပဲဟု မှတ်ထားလိုက်၏။

“ ဒါဆို အစ်ကို အခုက ၈ နာရီရှိပြီ၊ ကျွန်တော်တို့ ဘာက စလုပ်ကြမလဲ၊ မနေ့ညကတော့ ည ၁၂ နာရီလောက်ထင်တယ် ထူးဆန်းတာတွေ စဖြစ်တာ ”

လူငယ်က မြက်ခင်းပြင်တစ်ခုတွင် ပေါ့ပေါ့ပါးပါးထိုင်ရင်း ကောင်းကင်ကိုမော့ကြည့်လိုက်သည်။

“ အချိန်လိုအုံးမယ်ကွ၊ ဒီကိုလာတဲ့ကောင်တွေကို အကုန်သာချကွာ၊ ရွာထဲဝင်လို့ရတဲ့လမ်းက ငါတို့ဒီတစ်လမ်းပဲချန်ထားတာ၊ ငါတို့ကို ကျော်ပြီးမှပဲ သူတို့ဝင်လို့ရမယ်၊ အထဲမှာရောက်ပြီးသားကောင်တွေကိုတော့ အဘကိုင်တွယ်လိမ့်မယ်၊ ငါတို့ မိုးလင်းတဲ့အထိ ခံစစ်သာမပေါက်အောင် ထိန်းနိုင်ရင် ရပြီ ”

လူငယ်က စိတ်လွတ်ကိုယ်လွတ်ပြောလိုက်၏။

“ အစ်ကို့စကားပြောပုံပြောင်းသွားတယ်နော် ”

ရင်းနှီးသလို ခံစားရတာမို့ မောင်ရင့်ပွင့်ပွင့်လင်းလင်းမေးလိုက်၏။

“ ဒါက ဆရာရှိနေတာကို၊ ဟားဟား .. ငါက လွတ်လွတ်လပ်လပ် စိတ်ထဲရှိသလိုပြောရတာ ကြိုက်တယ်ကွ၊ မင်းမကြိုက်လည်း ရတယ်နော် ငါ့ညီ ”

“ ဟား ဟား .. ကျွန်တော်က မြို့သားတွေနဲ့စကားသေချာမပြောဖူးလို့ ရိုင်းတယ်ထင်သွားမှာ စိုးရိမ်နေတာ၊ အခုလို လွတ်လွတ်လပ်လပ်ပြောလို့ရတာက ပိုတောင်ကြိုက်သေး ”

နှစ်ယောက်သား အတိုင်အဖောက်ညီသွားကြသည်။ ပတ်ဝန်းကျင်က ကြယ်အချို့ကြောင့် အလင်းရောင်အနည်းငယ်ရှိရာ တောရှုခင်းမှာ အလွန်ပင်သာယာနေ၏။

“ ကျွန်တော် ဒီလောကအကြောင်းသိတာရက်ပိုင်းပဲရှိသေးတယ်၊ ထူးဆန်းတာတွေအများကြီးပဲနော် ”

“ ညီလေးက မေးချင်တာတွေရှိလို့လား ”

လူငယ်က အလိုက်သိစွာစကားဟ၏။

“ အများကြီးပဲပေါ့ အစ်ကိုရာ၊ ဒါနဲ့ အစ်ကိုတို့က ဒီမှာနေအုံးမယ်မလား၊ နောက်ညတွေကျရင် ကျွန်တော်နဲ့ ကပ္ပိယကြီး နှစ်ယောက်ပဲ ကျန်ခဲ့မှာ ”

“ အစ်ကိုတို့က မနက်ရောက်တာနဲ့ ပြန်ရမှာကွ၊ ဧည့်သည်ဆိုတော့ သူ့အိမ်သူပြန်ပြီးလည်း တာဝန်ယူရအုံးမယ်လေ၊ မပူပါနဲ့ မနက်ဖြန်ကျရင် သူ့ဘာသူ အဆင်ပြေသွားလိမ့်မယ် ”

ထိုစကားမျိုး ဆရာတော့်ထံမှသူကြားဖူးသည်။ အစက ‘ ဘာမှ သူ့ဘာသာသူအဆင်ပြေနိုင်စရာမရှိဘူး ’ ဆိုပြီး အစိုးရိမ်ကြီးခဲ့ပေမယ့် အခုလိုကျတော့လည်း အကျိုးအကြောင်းက ညီညွတ်နေပြန်ရော။ ဒီတော့ မနက်ဖြန်က မနက်ဖြန်ကိစ္စပေါ့။

“ ဘာတွေဖြစ်နေလဲရှင်းပြပေးပါလားအစ်ကို ”

မောင်ရင့်မေးစရာများထဲမှ လက်ရှိအခြေအနေကို အရင်သိထားသင့်သည်ထင်၍မေးလိုက်၏။

“ ပရလောကစည်းပေါက်တယ်လို့တော့ အစ်ကို့ဆရာကပြောတယ်၊ ဒီဘက်က ပြဿနာကြောင့်လား၊ ဟိုဘက်က ပြဿနာကြောင့်လားမသိဘူး၊ အခုနေရာအနှံ့မှာ မကောင်းဆိုးဝါးအရိုင်းအစိုင်းတွေ သောင်းကျန်းနေပြီ၊ မကောင်းတဲ့ပညာရှင်တွေလည်း ပြန်ထကြွလာတယ်၊ ထိန်းညှိပေးမယ့် ပညာရှင်တွေတောင် မလောက်မငှဖြစ်နေတယ်လို့ကြားတယ် ”

“ ဒါဆို တခြားရွာတွေ , မြို့တွေမှာလည်းဖြစ်နေတာပေါ့ အစ်ကို ”

မောင်ရင့်လန့်သွားသည်။ ဤကိစ္စ ထိုမျှကြီးလိမ့်မည်ဟု သူမထင်ခဲ့ပေ။

“ သက်ဆိုင်ရာ အစောင့်အရှောက်ရှိတဲ့နေရာတွေနဲ့ စိတ်ကြည်တဲ့သူတွေတော့ သိပ်ပြဿနာမရှိပါဘူး၊ ဒါပေမယ့် အခုနောက်ပိုင်း လူတော်တော်များများ စိတ်ညစ်လာကြတာခက်တယ် ”

ထို့နောက် မောင်ရင့်ဘက်လှည့်ကာ

“ ညီလေး မင်းကြိုးစားနော်၊ လောလောဆယ် နတ်ရော,ပညာရှင်ရော အရေအတွက်မလောက်ဖြစ်နေတယ်၊ မင်းက အဲ့ကွက်လပ်ကို ဖြည့်ပေးမယ့်သူလို့ ဆရာသခင်တွေပြောနေတာ ငါကြားခဲ့တယ် ”

မောင်ရင့် ရင်တုန်သွားကာ

“ တကယ်ကြီး ကျွန်တော်က အဲ့လိုနာမည်ကြီးနေတာလား၊ ကျွန်တော် ဒီလောကထဲရောက်တာ သိပ်မကြာသေးဘူးလေ၊ ပြဿနာက တော်တော်ကြီးမယ်ထင်တယ် ”

စိတ်မညစ်သွားသော်လည်း မျက်ကန်းယုံကြည်မှုတော့ သူမလုပ်နိုင်ပေ။

“ မင်းကို ငါယုံတယ်၊ ငါတို့အားလုံးယုံထားတယ်၊ မင်းသာ ကိုယ့်ကိုယ်ကို ပိုနားလည်အောင် ကြိုးစား၊ မင်းသိထားတာထက် မင်းက အများကြီးလုပ်နိုင်တယ် ”

နှစ်ယောက်သား နားလိုက်ပြောလိုက်နှင့် ထူးဆန်းသည့်အနံ့များရခါမှ စကားစပြတ်သည်။

“ လာကြပြီထင်တယ် ”

လူငယ်က မောင်ရင့်ကိုအထင်ကြီးစွာကြည့်ရင်း

“ ကဲ စကြတာပေါ့ကွာ၊ မီးကုန်ရမ်းကုန်သာချ ”

ထို့နောက် နှစ်ယောက်သား ကျောခြင်းကပ်၍နေရာယူလိုက်ကြသည်။

“ လွတ်လွတ်လပ်လပ်ချ ကြားလား၊ ရွာကို အသံလုံအင်းချထားတယ်၊ အခြားလူနေ , နေရာအားလုံးလည်း လုပ်ငန်းစနေကြလောက်ပြီ ”

မောင်ရင့်စိတ်ချသွားသည်။ အရိုးတောင်အနက်ဘက်တွင်တော့ မောင်ရင့်တို့တောင်ကုန်းများဆီမှ လှမ်းကြည့်လျှင်ပင် မြင်နိုင်လောက်သည့် ရောင်စုံမီးများက ဖြတ်ခနဲဖြတ်ခနဲလက်နေကြသည်မှာ ကြယ်များနှင့်ပင် အပြိုင်ဟုထင်ရ၏။

“ သစ္စာဖောက်ကောင်ပါလား ”

တောင်ပေါ်မှ လှိမ့်ဆင်းလာသည့်အရိပ်နက်တစ်ခုမှ မောင်ရင့်ဘက်လှည့်လာကာ ခနဲ့သံဖြင့် ပြောလိုက်သည်။ မောင်ရင့် အရိပ်ခေါင်းမှ အစိမ်းဖုများကိုမြင်နေရ၍ ယခင်ညမှ အမျိုးအစားကို သတိရသွား၏။

“ သဘက်စုတ်ကများ စကားကြီးစကားကျယ်ပြောလို့ ”

မောင်ရင့်ပြန်ခနဲ့ရင်း ခြုံလွှာအုပ်ကာ လူသန်ကြီးအသွင်ပြောင်းလိုက်သည်။ အရိပ်က အနည်းငယ်များလာ၏။

“ ညီလေးမင်းလုပ်တာ ကောင်းတယ် စိတ်ကို လွှတ်ပြီးချ၊ အဲ .. ခဏ , အချင်းချင်းမထိခိုက်မိအောင် ”

လူငယ်ကပြောရင်း သူ့လက်တွင် အင်းတစ်ခုဆွဲကာ မောင်ရင့်ကျောကိုပုတ်ပေးလိုက်သည်။

“ သွားပေတော့ ညီလေးရေ၊ အစ်ကိုလည်း အလုပ်များပြီ ” စကားဆုံးသည်နှင့် လူငယ့်ဘေးတွင် တင်းပုတ်ကိုင် လူထွားကြီးများပေါ်လာကာ သူ့ဘက်အခြမ်းဝင်လာသမျှကို ပယ်ပယ်နှယ်နှယ်ထုလေတော့၏။

မောင်ရင့်လည်း ဆိုင်ကယ်နှိုးသကဲ့သို့ တဘူးဘူးနှာမှုတ်ရင်း အဓိကနေရာများကို ခုန်ကာခုန်ကာ ကိုက်လေသည်။ အငိုက်မိသွားသည့်သဘက်ကြီးများမှာ တစ်ချက်ဆို တစ်ချက်အလျောက် ဆန့်တငင်ငင်နှင့် ဖြစ်သွားကြ၏။

အပြေးအလွှားတိုက်ပွဲမို့ မောင်ရင့်လည်း ကြုံရာကိုက်ရင်း ကျရာမှသွေးစုပ်နေရသည်။ ကံကောင်းသည်က ယနေ့တွေ့ရသည့် သဘက်များမှာ မနေ့ညကသဘက်ကြီးလို သိုင်းမတတ်ကြပေ။ ထို့ကြောင့် အများနှင့်တစ်ယောက်ဆိုသော်လည်း မောင်ရင့် အသက်ရှူချောင်နေ၏။

#သုတဈာန်

#သာလွန်ပညာရှင်

#ဇာတ်ဆရာ၏ပုံပြင်များ

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters