ဘယ်သူ့မှာတာဝန်ရှိလဲ
Vol. 4 Ch. 30
အကောင်အရေအတွက်က တဖြေးဖြေးတိုးလာသည်။ သဘက်ကြီးကို ထိထား၍ မဲတိုက်နေကြခြင်းလည်းဖြစ်မည်။ တစ်ဖက်ရှိ တိုက်ပွဲတွင်တော့ သဘက်များတင်မက အကောင်အတော်စုံ၏။
မောင်ရင့်တစ်ချက်လှည့်ကြည့်ရင်း ဇွန်ဘီများကိုပင် တွေးမိသည်။ လူငယ်ဘေးရှိ အင်းဘီလူးကြီးများကလည်း ကြမ်းလွန်းလှသည်။ ပထမနှစ်ကောင်ကနေ ယခုဆိုလျှင် လေးကောင်အထိရှိလာပြီဖြစ်၏။
“ ဟီး ဟီး ”
အသံနက်ကြီးနှင့်အတူ သဘက်ငယ်များနောက်မှ ဆင်ကြီးကဲ့သို့ အကောင်တစ်ကောင် အရှေ့ကို ထိုးထွက်လာကာ ကိုယ်လုံးပြည့် နားရွက်ကြီးနှစ်ဖက်ဖြင့် လှမ်းအုပ်လိုက်သည်။
“ ဖောင်း … ”
မီးခိုးရောင်ပြောင်ချောချောခြေတန်လက်တံများကလည်း ထန်းပင်လုံးများသဖွယ် ရှည်လျားလှသည်။ မောင်ရင့် ခုန်ရှောင်ရင်း မှီရာလှမ်းဆွဲရာ ချောထွက်နေ၏။
‘ ဘာကောင်ကြီးလဲ ’
မြေပြင်ပေါ်အကျတွင် သဘက်ငယ်များက ဝိုင်းပြန်သည်။ မောင်ရင့် လုပ်နေကျအတိုင်း ဝိတ်ဖြင့်ဖိကာ မှီရာအသားစများကို ဆွဲဖဲ့ပစ်လိုက်သည်။ ဤအကောင်များက သာမန်လူထက် ၃ ဆလောက်သာ သန်မာ လျင်မြန်ဟန်တူ၏။ မျက်နှာချင်းဆိုင်သာ ရင်ဆိုင်ရလျှင် ရွာရှိလူများပင်အခက်အခဲမရှိနိုင်ပေ။
“ ငါ့ကလေးတွေကို မင်းကလား ”
ဆင်သဏ္ဍာန်အကောင်ကြီး ဒေါပွသွားပုံရသည်။ လေးဘက်ထောက်ပြီးအားယူကာ မောင်ရင့်ကိုပြေးတိုက်လိုက်သည်။
“ ခွပ် ”
ဦးကင်းက နှာနုတည့်တည့်ကျလာ၍ ပထမသဘက်တုန်းကကဲ့သို့ အီစလံဝေးသွားရ၏။
“ ဖြောင်း ”
နားရွက်တစ်ဖက်က ထပ်မံဝင်ဆောင့်ကာ လွင့်သွားစေပြန်သည်။ မြေသို့မကျမှီ နောက်တစ်ဖက်ဖြင့် ဝင်ရိုက်လိုက်ပြန်၏။
“ ဖောင်း ”
ဘေးရှိအပင်ပါ ကျိုးကာလဲကျသွားသည်။ မောင်ရင့် အရိုးများလည်း ညက်ညက်ကြေကုန်ပြီလား ထင်ရ၏။
“ အား … အမေရေ ”
ကုန်းရုန်းထလာသော မောင်ရင့်ကို ကလေးများသဖွယ် သဘက်ငယ်များက ဝိုင်းတွယ်ကြပြန်သည်။
“ ကလေးတွေ သူ့ကိုမင်းတို့မနိုင်ဘူး ရွာထဲသာ သွားကြ၊ ဒါကိုငါ့ကိစ္စထားထားလိုက် ”
ဆင်ကောင်ကြီးက မောင်ရင့်ဆီပြေးလာကာ လိုက်မသွားရန် တက်ဖိလိုက်သည်။
“ မင်းတို့ ရွာထဲသွားခွင့်မရှိဘူး ”
တစ်ဖက်ရှိလူငယ်မှာလည်း သူ့လူနှင့်သူမအားဖြစ်နေပုံရ၍ မောင်ရင့် ကိုယ့်အားသာကိုယ်ကိုးစရာရှိတော့၏။
“ အား … ”
ဝမ်းခေါင်းသံဖြင့် ကြုံးအော်ကာ တစ်ကိုယ်လုံးကို ခွေးနက်ကြီး အသွင်ပြောင်းပစ်လိုက်သည်။ ခြုံလွှာထိန်းပေးထားသော မူလအဝတ်တို့မှာ ဒဏ်မခံနိုင်ဖြစ်ကာ ဘေးသို့ အသီးသီးပြဲကျသွားကြသည်။ ခြုံလွှာကတော့ လည်ပင်းတွင်ခွေကာ တံခွန်သဖွယ် လွင့်လျက်ရှိ၏။
“ မျိုးစေ့ကောင်းပဲ ”
ပြုတ်ကျသွားသော ဆင်ကောင်ကြီးက မောင်ရင့်ကို ကြည့်ကာ လျှာရည်သပ်လိုက်သည်။ ထို့နောက် ဖမ်းစားခံနေရသည့် သူ့ကလေးများကို ကယ်ရန်အမောတကော ပြေးလာ၏။
“ အကုန်စားလိုက်ပြီ ဟားဟားဟား ”
သို့သော် အသိစိတ်လွတ်နေသောခွေးနက်ကြီးက ငရဲမီးများတဝင်းဝင်းတောက်နေသည့်မျက်လုံးကြီးဖြင့် ငုံကြည့်ရင်း ချွန်ထက်နေသည့် လက်သည်းရှည်များဖြင့် လှမ်းပုတ်လိုက်သည်။
“ ဘုန်း ”
ဆင်ကောင်ကြီးက နားရွက်ခပ်ကာ ရှောင်လိုက်၍ ဘေးရှိကျောက်သားစိုင်များသာ ပွင့်ထွက်သွား၏။
“ ဒီကောင်ကြီးကို လာထိန်းကြအုံး ”
စကားဆုံးသည်နှင့် ပုံစံတူ ဆင်ကောင်များ ထပ်ပေါ်လာကာ ဝိုင်းလိုက်ကြသည်။ သဘက်ငယ်များမှာတော့ လူငယ့်ဘက်တွင်သာ အနည်းငယ်ကျန်တော့၏။
“ ဟိုဘက်ကကောင်ထက် ပိုကြမ်းနေပြီ၊ ပြောတော့ကလေးပဲရှိသေးတာဆို … နတ်မင်းကို ဆင့်ခေါ်ကြပါဟ ”
ပြောနေရင်း ဆင်တစ်ကောင် ခွေးနက်ကြီးပါးစပ်ထဲပါသွားသည်။
“ ဒီကောင်က လုံးဝအကြောက်တရားမရှိဘူးဖြစ်နေတယ်၊ ဘာတန်ခိုးမှသုံးလို့မရဘူး၊ စားဖို့ပဲ သိနေပြီ ”
ဝိုင်းဘေးမှဆင်တစ်ကောင်က ထပြောလိုက်သည်။ ရုပ်ခွန်အားအပြင် သူတို့၏ မွေးရာပါစွမ်းရည်မှာ စိတ်ဖတ်ခြင်း , ကြောက်စရာရုပ်သွင်များဖြင့်ခြောက်လန့်ကာ စိတ်အားငယ်လာလျှင်ဖမ်းစားခြင်းသာဖြစ်၏။ ယခု စားဖို့ပဲသိနေ၍ အသားတုံးသာ အဖြစ်ခံဖို့ရာ ရှိသည်။
“ သရဲတွေပါ ဆင့်ခေါ်လိုက် ”
ဆင်တစ်ကောင်မှ ထပြောသည်။
“ ငတုံး ! သဘက်ထဲအတုံးဆုံးသဘက် ”
ဘေးမှ ဆင်ကောင်ကလည်း
“ ဒီကောင်ပိုအားကြီးသွားမှာပေါ့ဟ၊ ကြည့်ပါလား စားလေ ထွားလေဖြစ်လာပြီ၊ သဘက်တွေတောင် မနိုင်တာ သရဲတွေက ဘာလုပ်ရမှာလဲ၊ အရေအတွက်က အရေးမကြီးတော့ဘူး ”
“ နတ်မင်းဆီကလည်း ဘာမှအကြောင်းမပြန်ဘူး၊ တောထဲမှာ ဘာတွေဖြစ်ကုန်ပြီလဲ ”
“ ခေါ်မနေနဲ့တော့ ဟိုမှာလည်း အခြေအနေမကောင်းဘူးထင်တယ်၊ ဘေးကကောင်လေးတောင် စွမ်းလွန်းတာ၊ အရင်ဆုံး ဒီမကောင်းဆိုးဝါးကို ဘယ်လို လုပ်ကြမလဲ ”
ခွေးနက်ကြီးမှာ လူ ၇ ဆ မှ ၈ ဆအထိ ထွားလာနေပြီဖြစ်သည်။ ခန္ဓာကိုယ်မှ မိုးခိုးငွေ့များကလည်း တလူလူထွက်နေသည်။ တံခွန်သဖွယ် ခြုံထည်ကလည်း လွင့်နေ၏။
“ ဒီကောင်ကြီး မျက်လုံးကို ကြည့်ပြီး ငါဘယ်လို စိတ်ညှို့ရမလဲ၊ အခုတောင်ပြာကျသွားပြီလား ထင်ရတယ် ”
သဘက်ကြီးတစ်ကောင်က စိတ်ဓာတ်ကျသွားကာ နားရွက်သာခပ်ရင်း ဝိုင်းကူနေလိုက်သည်။
မောင်ရင့် စိတ်နဲ့လူသိပ်မကပ်ဖြစ်နေသည်။ ရွာမှာ ဒီအဆင့်ကို သူမလေ့ကျင့်လိုက်ရချေ။ ခန္ဓာကိုယ်မှာ သက်တောင့်သက်သာဖြစ်ကာ ခွန်အားတွေပြည့်နေသော်လည်း စိတ်မှာမူ ရှုပ်ထွေးနေ၏။ သူသိတာ ဆာလောင်မှုတစ်ခုသာရှိပြီး အရှေ့က စားစရာများကို စားရမည်ဟုပင်။
သူမြိုင်ရေရှက်ရေစားနေသည်။ ဘာမှမစဉ်းစားဘဲ ဝမ်းစာဖြည့်နိုင်နေသည်။ ခန္ဓာကိုယ်က အလိုလိုလှုပ်ရှားနေသကဲ့သို့ပင်။
ထို့နောက် သူ ခန္ဓာကိုယ်ကို လွှတ်ချလိုက်ကာ အသံရှူသံကိုသာ အာရုံစိုက်လိုက်သည်။ တည်ငြိမ်သည့် အခြေအနေတစ်ခုကို အလွယ်တကူဝင်ရောက်သွား၏။
ဇရပ်မှာ သူ့ခရမ်းရောင်ခန္ဓာကိုယ်၏ဖြစ်စဉ်ကို ပြန်မြင်ရတုန်းကကဲ့သို့ ယခုလည်း ခွေးနက်ကြီးအသွင်ကိုတွေ့နေရသည်။ ကိုယ်တိုင်မဟုတ်လျှင် ခြေပစ်လက်ပစ်ဖြစ်လောက်အောင် ကြောက်လန့်သွားနိုင်သည်။ အကြမ်းပတမ်း သတ်ဖြတ်စားသောက်နေခြင်းပေ။
ဆင်ကောင်များကို သဘက်ဟု သိရ၏။ သို့သော် သဘက်ငယ်များနှင့်ရော မနေ့က သဘက်ကြီးနှင့်ပါ မတူကြချေ။ အကောင်ချင်းမမျှကြတော့၍ ဆောက်တည်ရာ မရဖြစ်နေကြပုံပင်။
လူများအတွက်ဆိုလျှင်တော့ ပုံသဏ္ဍာန်အရရော , သူတို့ပြောသည့် စွမ်းရည်များပါထည့်တွက်လိုက်လျှင် အတော်ကြောက်စရာကောင်းမည့် သတ္တဝါများဖြစ်သည်။ ရွာထဲ အဝင်ခံ၍ မဖြစ်ပေ။ မတော်တဆ သူ့ကို စိတ်ညှို့လိုက်နိုင်လျှင် အကုန်ဒုက္ခရောက်သွားနိုင်သည်။
မောင်ရင့် မရေမရာအခြေအနေဖြင့် တောင့်မခံနိုင်ပေ။ စိတ်နှစ်ကိုယ်နှစ် ကိစ္စဖြတ်သင့်သည်ဟု ခံစားရ၏။ လူငယ့်ကို ကြည့်ရသည်မှာလည်း အခြေအနေမကောင်းလှချေ။
‘ ငါ ခွေးတွေခေါ်ပြီး ကိုက်ခိုင်းရမလား၊ ဒါကကြာပြီး ထိရောက်မယ်မထင်ဘူး ’
‘ မီးကလည်း ထုတ်လို့မရဘူး၊ မီးခိုးကိုလည်း မှုပုံမပေါ်ဘူး၊ နေအုံး ငါဒီတစ်ခု လုပ်နိုင်သလိုခံစားရတယ် ’
မောင်ရင့် ခွေးနက်ကြီးအပေါ်အာရုံစိုက်ကာ စိတ်ကပ်လိုက်သည်။ ခွေးနှင့်လူ တသားတည်းကျသွား၏။
“ မင်းတို့ အခုချက်ချင်း ကိုယ့်နေရာ ကိုယ်ပြန်ပါ၊ အကြံဆိုးတွေနဲ့ ငါ့ရွာကို ဝင်ခွင့်မပြုဘူး ”
ခွေးနက်ကြီးက မြေကိုပုတ်၍ ရုတ်တရက် ကလေးသံနှင့်ထပြောလိုက်သည်။ ထိုက်ခိုက်နေကြသော လူငယ်နှင့် အရိပ်နက်များမှာ ကြောင်သွားကြသည်။ ခပ်လှမ်းလှမ်းရှိ သဘက်ကြီးက အခွင့်အရေးယူကာ ရွာထဲပြေးဖို့ လုပ်၏။
“ ငါက မရပါဘူးဆို ”
ကလေးသံနှင့် ခွေးနက်ကြီးက လေကိုတစ်ချက်ဆွဲစုပ်လိုက်ရာ ထိုသဘက်ကြီးမှာ ရွှတ်ခနဲ ပျောက်ကွယ်သွားသည်။
“ လက်ရှိဒီရွာရဲ့ အစောင့်နတ်ကငါပဲ၊ ပြီးတော့ လာသမျှ အကောင်တွေအတွက် ငါက ငရဲပဲ၊ ဒီရွာမှာ ငါနဲ့မတည့်တဲ့သူတွေ , ငါမသိတဲ့သူတွေရှိရင် ရှိမယ်၊ ဒါပေမယ့် အဲ့ဒါ မင်းတို့နဲ့မဆိုင်ဘူး၊ မင်းတို့ ငါ့ရွာကိုဝင်ချင်ရင် ငါခွင့်ပြုမှရမယ်၊ အေး မင်းတို့ငါ့ကို လိုချင်ရင်လည်း ငါကြိုက်မှရမယ်၊ အတင်းဝင်ချင်နေတဲ့ကောင်တွေ , အတင်းခေါ်ချင်နေတဲ့ကောင်တွေ ငါကြီးလာတဲ့အထိစောင့်စရာမလိုဘူး ”
ထို့နောက် ပါးစပ်ကြီးကို ဟကာ အရပ်လေးမျက်နှာကို ဆွဲစုပ်ပစ်လိုက်၏။ လူငယ်လည်း အင်းစောင့်ဘီလူးများကို ပြန်သိမ်းကာ အံ့ဩဝမ်းသာ ငေးကြည့်နေမိသည်။
“ ဒီကောင်လေး အရွယ်ရောက်တာမြန်သားပဲ ”
ပတ်ဝန်းကျင်တစ်ခုလုံး ပြန်တိတ်ဆိတ်သွားသည်။ အပျက်အစီးကတော့ နေရာအနှံ့ရှိနေသး၏။
ခွေးနက်ကြီးက အကောင်တဖြေးဖြေးပြန်သေးလာကာ လူသန်ကြီးအရွယ်မှတဆင့် မူလမောင်ရင့်ဖြစ်သွားသည်။ ခြုံထည်ကလည်း တံခွန်ပုံစံကနေ အလိုက်သင့်ပြောင်းသွား၏။
“ ရသေ့လေးမှာ ဒီသင်္ဃန်းက ဘယ်တုန်းက အလှူခံရထားတာလဲဘုရား ”
ပြောင်းလဲသွားသည့် မောင်ရင့်ပုံစံကိုကြည့်ကာ လူငယ်ပညာရှင်မှ စနောက်လိုက်သည်။
“ မနောက်ပါနဲ့ အစ်ကိုရာ၊ ဒါက ဆရာမတစ်ယောက်ပေးခဲ့တာ ဆိုပါတော့၊ ဒါရှိလို့ တော်ပါသေးတယ် ”
လူငယ်ပညာရှင်လည်း အလိုက်တသိဖြင့် ခြုံထည်ကိစ္စကိုဘေးဖယ်ကာ တိုက်ပွဲအကြောင်း ပြန်သုံးသပ်ပြသည်။
“ အစ်ကို့ဆရာ အပေါ်မှာတော်တော်ထိန်းပေးထားတယ်နဲ့တူတယ်၊ ဒီကိုရောက်လာတာ သရဲ , သဘက်နဲ့ ဖုတ်ကောင်တွေလောက်ပဲ ”
“ ရွာမှာကရော အစ်ကို ”
“ ရွာမှာက ရှိပြီးသားအကောင်တွေထဲက စိတ်ဖောက်တာလောက်ပဲနေမယ်၊ သရဲလေးတချို့ပေါ့၊ စိတ်မပူပါနဲ့၊ ပြီးတော့ ရွာရောက်ရင် မြင်သမျှ ရှင်းပစ်မနေနဲ့အုံးနော်၊ ရှိရမယ့် အကြောင်းကြောင့် ရှိနေရတဲ့ အကောင်တွေလည်းရှိတယ် ”
မောင်ရင့် ထိုအရာကို လက်ခံသည်။ ခန္ဓာကိုယ်မှာပင် ဘက်တီးရီးယားပိုးဆိုတိုင်း ရှင်းပစ်ရမည်ဟု မဆိုလိုပေ။
“ ညီလေး ဒီနေ့ လုပ်သွားတာ၊ ပြောသွားတာတွေ အရမ်းသဘောကျတယ်ကွာ၊ ဒါနဲ့ မင်းမပြောရင်တောင် ငါတို့ဆရာတပည့် ဒီကိစ္စကို တောင်းဆိုမလို့ လုပ်နေတာ ”
မောင်ရင့်ရှက်သွားသည်။
“ သက်ဆိုင်ရာနတ်တွေအချိန်မှီရောက်လာနိုင်အုံးမယ်မထင်ဘူး၊ မင်းနဲ့အဘက လောလောဆယ် ရွာကို ကာကွယ်ပေးထားရမယ်၊ ဒါပေမယ့် မပူပါနဲ့ အကောင်ကြီးတွေ လာစရာအကြောင်းမရှိတော့ပါဘူး ”
မောင်ရင့် သူ့အကြောင်းကိုပြောချင်သွားသည်။ သို့သော် ဆရာမရှိသေးသည်မို့ ချန်ထားလိုက်၏။
“ ဘယ်နှစ်နာရီရှိသွားပြီလဲ ”
“ မနက် ၃ နာရီအစ်ကို ”
“ နားရင်း အစ်ကို့ဆရာကိုစောင့်ကြတာပေါ့ ”
“ ထပ်မလာနိုင်ဘူးလား သူတို့ ”
“ မလာတော့ဘူး၊ အခုတောင် အပေါ်ကတိုက်ပွဲအကြွင်းအကျန်လေးတွေ ရောက်လာတာ ”
“ အစ်ကို့ဆရာက တော်တော်စွမ်းတာပဲ ”
“ ဟုတ်တယ် သူဘယ်လောက်စွမ်းလဲအစ်ကိုလည်းမသိဘူး၊ ညီလေး ဂိုဏ်းထဲ ဝင်မယ်မလား ”
မောင်ရင့် ဆရာမမျက်နှာပြေးမြင်မိသွားကာ မသိစိတ်ဖြင့် ခြုံထည်ကို ဆုပ်ကိုင်လိုက်ရင်း
“ ကျွန်တော့်မှာ ဆရာရှိထားပြီးပြီကြောင့်ပါ ”
“ ဪ ”
လူငယ်ပညာရှင် တစ်ခုခုကို နားလည်ဟန်ဖြင့် အသံခဏတိတ်သွားသည်။ ထို့နောက် အင်းတစ်ချပ်ကိုင်ကာ ပတ်ဝန်းကျင်ကို အနည်းငယ်သန့်ရှင်းရေးလုပ်လိုက်၏။
မောင်ရင့်စိတ်ထဲ လေးစားခင်မင်စိတ်များတဖွားဖွားပေါ်လာမိသော်လည်း သူ့မှာ ဆရာမ ရှိနေပြီဖြစ်သည်။ လူငယ်ပညာရှင်ကလည်း စိတ်ထားသေးသိမ်လောက်မည်မဟုတ်၍ မသိချင်ယောင်သာဆောင်နေလိုက်၏။
“ ညီလေး မေးစရာတွေအများကြီးရှိတယ်ဆို၊ ခဏအိပ်ချင်ရင်လည်းအိပ်နော်၊ စကားပြောမယ်ဆိုရင်တော့ အစ်ကိုရှိတယ် ”
လူငယ်ပညာရှင်က ပြုံးပြီးပြောလာသည်။ သူတို့နှစ်ယောက် မိုးတလင်း စကားပြောဖြစ်ကြ၏။
“ အတွဲညီနေတာနဲ့ ဆရာပြန်ဆင်းလာတာတောင် သတိမထားမိလိုက်ဘူး၊ လာ ညီလေး သွားကြိုရအောင် ”
မိုးသောက်အလင်းနှင့်အတူ ခန့်ငြားသည့်လူကြီးတစ်ဦး တောင်ပေါ်မှ ဆင်းလာသည်။ ဤအခန်းကို ရုပ်ရှင်ရိုက်မည်ဆိုပါက သင့်တော်မည့် မင်းသားမရှိမှာကို ပူရနိုင်၏။
“ အားလုံးအဆင်ပြေကြရဲ့လား ”
“ ပြေပါတယ်ဆရာ၊ အဓိကက ညီလေးကြောင့်လို့ပြောရမယ် ”
မောင်ရင့်မျက်နှာပူသွားကာ
“ အစ်ကို အထိန်းတော်လို့ပါ ”
လူကြီးက ပြုံးပြီး
“ ကလေးက ဆရာရှိနေပြီပဲ၊ လမ်းရွေးမှန်ပါတယ်၊သေချာကြိုးစားနော် ”
မောင်ရင့် အနည်းငယ်အံ့ဩသွားသည်။ ထို့နောက် ကျောင်းကို အတူပြန်လာကြ၏။
“ ဆရာတို့တောင် ပြန်လာကြပြီပဲ၊ အဲ .. ဘလေးအဆင်ပြေရဲ့လား ”
ကပ္ပိယအဘက စိုးရိမ်တကြီးပြေးလာကာ မောင်ရင့်အခြေအနေကို အသေချာစစ်ကြည့်သည်။
“ ဟီး အဝတ်ပဲပြဲကုန်တာပါ အဘ ”
“ အေး တော်ပါသေးရဲ့၊ အဘမှာ ညကအလုပ်လုပ်တာတောင် စိတ်မဖြောင့်ဘူး၊ ခဏလေး အဘအဝတ်တွေယူပေးမယ် ”
“ သား လိုလိုမယ်မယ် အဝတ်ပိုယူလာခဲ့ပါတယ်အဘ၊ စိတ်မပူပါနဲ့ ”
မောင်ရင့် သူ့အထုတ်နားသို့သွားကာ အဝတ်ပိုတစ်စုံလဲလိုက်၏။ ဆရာအောင်မျိုးထွန်းနှင့် ကပ္ပိယအဘတို့ကတော့ ညကအခြေအနေတွေ ဖလှယ်နေကြသည်၊ လူငယ်ပညာရှင်လည်းပါ၏။
ထို့နောက် နှစ်ယောက်သား နှုတ်ဆက်ကာ ပြန်သွားကြသည်။ လူငယ်က ယုံကြည်နေမယ်ဟုပြောပြီး လူကြီးကတော့ မဟာမြိုင်ကစောင့်နေမယ်ဟု ပဟေဠိဆန်ဆန်ပြောသွား၏။
လောလောဆယ် သူနှင့်အဘ ရွာကိုယ်စားလှယ်တွေဖြစ်သွားကြသည်။ အမေညွန့်ကို ထည့်ပြောဖြစ်ပေမယ့် တစ်မိသားစုစာသာ အဆင်ပြေသည်မို့ ဝန်မပေးသင့်ဟု ဆုံးဖြတ်ကာပယ်ချလိုက်သည်။
မောင်ရင့်တို့တာဝန်က ပြင်ပအန္တရာယ်များ၏ ဝင်ရောက်စွက်ဖက်မှုတွေကို ဟန့်တားရန်ဖြစ်သည်။ တတ်နိုင်သလောက် ရွာသူရွာသားများ စိတ်အနှောင်အယှက်မဖြစ်ရအောင် သိုသိုသိပ်သိပ် လုပ်ရန်လည်း အတန်တန် မှာကြားခဲ့ကြသည်။ ကပ္ပိယအဘကိုပင် အင်းတချို့ပေးခဲ့၏။
ဤသို့ဖြင့် လောလောဆယ်ပြဿနာများ တစ်ခန်းရပ်သွားခဲ့သည်။ ကိုယ်ပိုင်ပြဿနာကိုတော့ မောင်ရင့် ယနေ့ကျောင်းရောက်မှ ဆရာမလေးနှင့် တိုင်ပင်ရမည်ဖြစ်၏။
အဆုံးသတ်တိုင်းက အစဆိုသည်မှာ မှန်လေစွတကား ...။
#သုတဈာန်
#သာလွန်ပညာရှင်
#ဇာတ်ဆရာ၏ပုံပြင်များ
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ