အိပ်မောကျနဂါးတိုက်ပွဲ
Vol. 012 Ch. 1189
ဆန်းဇွန်က ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။ သူက ယူချင်းအပေါ်တွင် လောင်းလိုသည်ဆိုခြင်းက ယူချင်းအား အလွန်ယုံကြည်၍ ဖြစ်မည်။
သို့သော်လည်း ရီဖူရှင်းသည် ယူချင်းအပေါ်၌ သူ့တွင် ရှိသမျှ အကုန် လောင်းကြေး ထပ်လိုက်သည့်အပြင် ဘေးမှ အမျိုးသမီးထံမှပင် ထပ်ချေးလိုက်သေး၏။
ဆန်းဇွန်သည် ချောင်းအသာဟန့်ကာ ဘာမှမဖြစ်သလို နေလိုက်၏။ ရီဖူရှင်း ဘာလုပ်လုပ် သူ့ကိစ္စမဟုတ်ပေ။
“အများကြီး ပုံအောမထားနဲ့။ စင်မြင့်မှာ နိုင်ဖို့ဆိုတာ ခက်လွန်းတယ်” ရီဖူရှင်းစကားကို ကြားသည့်အခါ စစ်ထိုရန်က သတိပေးသည်။
“မင်း တတ်နိုင်သလောက် ယူချင်းကို သွာလောင်းလိုက်” ရီဖူရှင်းက စစ်ထိုရန်ကို ပြန်ပြောသည်။
“…”
စစ်ထိုရန်က မှင်တက်သွားကာ ရီဖူရှင်းအား ကြည့်လိုက်ပြီးမှ စိတ်ချင်း ဆက်သွယ်၍ ပြောသည် ... “ကောင်းပြီ။ ကျွန်မ ရှင်နဲ့အတူ ယူချင်း နိုင်မယ့်ဘက်ကနေ လောင်းပေးမယ်။ ဒါပေမဲ့ အများကြီး မလောင်းနဲ့”
ထို့နောက်တွင် သူမက ရဲတိုက်အတွင်းမှ ဒိုင်ကိုင်သူထံသို့ သွားရန် ပြင်လိုက်၏။ သူမက တစ်ဖက်သို့ လှည့်ထွက် သွားသောအခါ သူမ၏မျက်နှာပေါ်တွင် အလိုမကျမှုတို့ ရှိနေသည်။
'သူက ကောင်းချီးနန်းတော်ကို ဖျက်ဆီးခဲ့တာ မအံ့သြတော့ပါဘူး။ ဒီကောင်က အရူးပဲကို။ သူပိုင်သမျှ အားလုံးကိုတောင် လောင်းကြေး ထပ်ချင်သေးတယ်' … ဟု သူမက တွေးသည်။
သူ လောင်းကြေးထပ်ခဲ့သည့် ဝိညာဉ်သလင်း ကျောက်တုံးများနှင့် ရတနာပစ္စည်းများကို တွေးမိသောအခါ သူမ တုန်လှုပ်မိသည်။
ထိုအရာများသည် သာမန်ရှန့်ထိုတစ်ယောက် အသုံးပြုနိုင်သည့် အရာများ မဟုတ်ပေ။ အမှန်တွင် သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုသည်ပင် ထိုမျှအများကြီးကို အလွယ်တကူ သုံးရဲမည် မဟုတ်ပေ။
သူက တကယ့်ကို မိုက်ရူးရဲလွန်းလှသည်။
“မင်းရဲ့ လောင်းကြေးက နည်းလွန်းတယ်။ ထပ်ထည့်ဦး။ မင်း ကလန်က လူတွေကိုပါ လောင်းဖို့ ပြောလိုက်ရင်ရော ဘယ်လိုလဲ” ရီဖူရှင်းက သူ့ဘေးမှ စစ်ထိုရန်ကို အယုံသွင်းရန် ကြိုးစား၏။
စစ်ထိုရန်၏ မျက်နှာက အေးစက်နေပြီး ရီဖူရှင်းအား လျစ်လျူရှုထားသည်။ သူမက လောင်းကြေးများ အပေါ်တွင် အလဟဿ ဖြုန်းတီးမိခဲ့ပြီဟုလည်း နောင်တ တချို့ရ၏။
“ဒါ အခွင့်အရေးကောင်းပဲ။ မင်းသိရဲ့လား။” ရီဖူရှင်းက ထပ်ပြောသည်။
စစ်ထိုရန်က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး သူ့ကို မသိသလို ဟန်ဆောင်ကာ လမ်းလျှောက် ထွက်သွားတော့သည်။
ရီဖူရှင်းက ပခုံးတွန့်လိုက်ပြီး သူမက တစ်သက်မှာ တစ်ခါသာရမည့် အခွင့်အရေးကို လွဲချော်သွားရသည့်အတွက် နှမြောစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။
ချန်ယဲ့မြို့ရှိ ထိပ်တန်း အင်အားစုများတွင် စစ်ထိုကလန်သည် ချမ်းသာ ကြွယ်ဝပေသည်။ သူတို့သာ သူတို့ တစ်သက်တာ ပိုင်ဆိုင်ထားသမျှ အားလုံးပုံအော၍ လောင်းကြေး ထပ်မည်ဆိုလျှင် ဘယ်လောက်တောင် ပြောင်မြောက်လိုက်မလဲ ဟု ရီဖူရှင်း တွေးနေမိသည်။
စစ်ထိုရန်က သူ့ကို လုံးဝ အရေးမလုပ်တော့ခြင်းက နှမြောစရာ ကောင်းသည်။
သူမက ဘာလို့ ငါ့ကို မယုံရတာလဲ ဟုလည်း သူ တွေးမိ၏။
လူတိုင်းက ကိုယ့်နေရာကိုယ် ပြန်လာကြပြီး ပွဲကြည့်သူများ၏ အကြည့်များက နိုးထနဂါး တိုက်ပွဲစင်မြင့်ထက်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ လောင်းကြေးထပ်ထားသည့် သူများ၏ ခံစားချက်များသည် အံ့ဩစရာကောင်းအောင် မူလနှင့်ကွဲပြားသွား၏။ သူတို့၏မျက်လုံးများက လောင်းကြေး ထပ်ထားသူများအပေါ်တွင် ယခင်ကထက် စိတ်အားထက်သန်စွာဖြင့် အားပေးလိုကြ၏။
ဖန့်ရှောင်း၊ ယန်ထုံနှင့် ကျိုးရွှီ တို့အပေါ်တွင် လောင်းကြေးက အမြင့်ဆုံးပင် ဖြစ်၏။ လူအများသည် သူတို့ သုံးဦးတို့အပေါ်တွင် လောင်းကြေး အများကြီး ထပ်ကြသည့်အပြင် အထူးသဖြင့် သူတို့ ကလန်မှ လောင်းကြေးများလည်း ပါဝင်သည်။
ယူချင်းနှင့် အခြားလူများ အတွက်ကတော့ လက်တစ်ဆုပ်စာမျှသာ ရှိသည့် ရီဖူရှင်း၊ ခွန်ရွှမ်၊ ဆန်းဇွန်နှင့် အခြားလူအနည်းငယ်မှ လွဲလျှင် ဘယ်သူမှ သူတို့အပေါ်တွင် လောင်းကြေး မထပ်ကြပေ။
နိုးထနဂါး တိုက်ပွဲစင်မြင့်ပေါ်တွင် သူတို့ထက်စာလျှင် ဖန့်ရှောင်း၊ ယန်ထုံနှင့် ကျိုးရွှီနှင့် အချို့သော လူများမှာ အခြားမြို့များတွင် ကျော်ကြားကြသူများ ဖြစ်၏။
နဂါးဟိန်းသံသဲ့သဲ့ ထွက်ပေါ်လာပြီး သွေးနဂါးကျောပေါ်တွင် ရပ်နေသည့် ရှန့်ထိုသည် ပြန်လည် ထွက်ခွာသွားခဲ့သည်။ သဏ္ဌာန်မဲ့စွမ်းအားများက ထုလုံးရှည်မျက်နှာပြင် အထက်တွင် ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုများ ပြင်ပသို့ မသက်ရောက်စေရန် ဝင်္ကပါက အသက်ဝင်လာပြီး ကွင်းပြင်အောက်ခြေမှ သွေးနီရောင် အလင်းများ ပန်းထွက်လာသည်။
မရေတွက်နိုင်သည့် ရဲတိုက်များအတွင်းမှ စောင့်နေခဲ့ရသည့် တိုက်ပွဲက စတင်ခဲ့ပြီ ဖြစ်၏။
သူတို့က စင်မြင့်၏ အထက်တွင် စက်ဝိုင်းသဏ္ဌာန်ရှိနေသည့် သွေးနဂါးကို ကြည့်လိုက်ကြသည်။ နဂါးကြီးက ပြောသည်… “အိပ်မောကျနဂါးပြိုင်ပွဲ စတင်ပြီ”
နိုးထနဂါးစင်မြင့်ပေါ်မှ လူတိုင်း၏အမူအရာသည် အလွန်လေးနက်စွာဖြင့် ပြိုင်ပွဲအား ကြည့်နေကြသည်။
အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်သူအားလုံးမှာ ရှီအဆင့်အထွတ်အထိပ် ဖြစ်ကြပြီး ရှန့်ထိုအဆင့် ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုသည် ဖြစ်၏။ ဆိုလိုသည်မှာ ထိုပြိုင်ပွဲသည် ထိပ်ဆုံးရှိ လူများ ယှဉ်ပြိုင် တိုက်ခိုက်ကြမည့် အခက်အခဲ ထောင်ချောက်ဖြစ်သည်။ သတ္တိနည်းသူ ဘယ်သူမဆို တိုက်ပွဲ ကွင်းပြင်သို့ ဝင်လာရဲမည် မဟုတ်ပေ။
သူတို့၏ စွမ်းရည်က ပိုနိမ့်ကျလျှင် မုချသေရမည်ဟု မဆိုလိုသော်လည်း စည်းမျဉ်းတွင် အနည်းဆုံးတော့ သေခြင်းရှင်ခြင်း အခြေအနေများကို တားမြစ်ထားခြင်း မရှိပေ။ ပါဝင်ယှဉ်ပြိုင်သူ တစ်ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားပြီဆိုလျှင် အသတ်ခံရနိုင်ချေ အလွန်မြင့်ပြီး တိုက်ပွဲတစ်ခုက သူတို့၏ အသက်ကို နုတ်ယူသွားနိုင်ပေသည်။
စွမ်းအားပြည့်ဝပြီး ကြောက်မက်ဖွယ် အရှိန်အဝါများက ပေါက်ကွဲ ထွက်လာသည်။ နိုးထနဂါး တိုက်ပွဲစင်မြင့်တွင် မီးများ ဟုန်းဟုန်းတောက် နေသကဲ့သို့ပင် ဖြစ်၏။ တန်ခိုးရှင်များက သူတို့၏ စွမ်းအားများကို ဆက်လက် ထုတ်ဖော်နေသည်။
စင်မြင့်ထက်က ဖိအားကြောင့် ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကြီးပင် တုန်ခါလာပေသည်။
အချို့သော ယှဉ်ပြိုင်သူများက သူတို့၏ ယှဉ်ပြိုင်ဘက်ကို ရှာဖွေကာ စတင်တိုက်ခိုက် လိုက်ကြသည်။
“ပြိုင်ပွဲစပြီ”
ပွဲကြည့်သူတို့သည် တိုက်ပွဲကွင်းပြင်ကို ကြည့်နေပြီး တင်းကျပ်သော ခံစားမှုကို ခံစားနေကြရသည်။ စွမ်းအားမြင့် တိုက်ခိုက်ရေး သမားများသည် ချက်ချင်းပင် တိုက်ပွဲအတွင်း၌ စတင်လှုပ်ရှား တိုက်ခိုက်ကြတော့၏။
နိုးထနဂါး တိုက်ပွဲစင်မြင့်မှ မြင်ကွင်းသည် ချက်ချင်း လှုပ်ရှား သက်ဝင်လာပေသည်။
သွေးတိမ်တိုက်မြို့မှ ဖန့်ရှောင်းသည် သူ၏ တစ်ကိုယ်လုံးကို ရွှေရောင် အလင်းများက လွှမ်းခြုံထားပြီး သိုင်းပညာကို ထုတ်ဖော်သည်။ ရွှေရောင် အလင်းတန်းများက ခွန်အားကြီးစွာ ထွက်ပေါ်လာပြီး သူတို့နှင့် ထိတွေ့မိသမျှ ဆုတ်ဖြဲတော့မတတ် ဖြစ်သည်။
မီးတောက်လှောင်အိမ်မြို့မှ ယန်ထုံသည် သူ့ထက်ပင် ပို၍ ရက်စက်သေးသည်။ ယန်ထုံက သူ၏ သက်စောင့်ဝိညာဉ်ဖြစ်သော မီးတောက်များ အလျှံငြီးငြီး တောက်လောင်နေသည့် ကြောက်မက်ဖွယ် ဘီလူးတစ်ကောင်ကို ခေါ်ထုတ်သည်။ ယင်းကို ကြည့်ရသည်မှာ ငရဲမှလာသော နတ်ဆိုးသဖွယ် ဖြစ်၏။ ယန်ထုံက သူ၏ သက်စောင့်ဝိညာဉ်နှင့် တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားပြီး သူ့တစ်ကိုယ်လုံးက အလွန်ကြီးမားလာကာ ငရဲမီးလျှံမှ မွေးဖွားလာသည့် စစ်နတ်ဘုရားကဲ့သို့ ဖြစ်လာ၏။ သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးတွင် နေရာမလပ် မီးတောက်များ ဖုံးလွှမ်းနေပြီး အရာအားလုံးကို အရည်ဖျော်ပစ်နိုင်သည့် ချော်ရည်တောင်ကြီး ရွေ့လျားလာသကဲ့သို့ ထင်မှတ်မှားရ၏။
ထိုဖိအားတစ်ခုကပင် အလွန်စွမ်းအား ကြီးမားလှ၏။
ယန်ထုံ၏ ကြီးမားသော လက်ကြီးက သူ့ရှေ့မှ ယှဉ်ပြိုင်သူကို ပင့်ရိုက်လိုက်သည်။ တစ်ဖက်လူသည် ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရပြီး သူ့ထံမှလည်း အားကောင်းသော ဓားစွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။ ထောင်ပေါင်းများစွာသော ဓားအသိများက သူ့အနီးတွင် စီးဆင်းနေပြီး ပစ်မှတ်များထံသို့ ပြေးထွက် သွားတော့သည်။
ထိုလက်ကြီး ရောက်လာသောအခါ စီးဆင်းနေသည့် ချော်ရည်များက ချက်ချင်း အေးခဲသွားနိုင်သလို ခံစားလိုက်ရသည်။ ထိုဓားများကလည်း တစ်ချိန်တည်း၌ နေရာတွင် အေးခဲသွားပြီး ချော်ရည်များက ချက်ချင်း ခဲသွားသည်။ ထိုနေရာရှိ အရာအားလုံးက တစ်မုဟုတ်ချင်း အပိတ်ခံလိုက်ရက ဓားများသည် တဖြည်းဖြည်း အရည် ပျော်ကျလာသည်။
ထိုဓားသမားက အလျင်အမြန်ပင် တုံ့ပြန်၍ သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ကာ ဓားနှင့်တစ်သားတည်း ပျော်ဝင်သွားစေပြီး သူ့တစ်ကိုယ်လုံးကို ဓားသွား တစ်ချောင်းအလား ပြောင်းလဲစေ၏။ ဓားအသိများက လျှပ်စီးအလျင်ဖြင့် ပိတ်ဆို့ထားသည့် ချော်ရည်များကို တိုက်ခိုက်သည်တွင် ဓားသည် အံ့သြစရာကောင်းအောင် ချော်ရည်ခဲများကို အက်ကြောင်းထင်လာကာ ပေါက်ကွဲသွားစေသည်။ အလွန်ထက်မြလှသည့် ဓားက ရပ်တန့်မည့်ပုံမပေါ်ဘဲ ရှေ့သို့ ဆက်တိုးလာကာ မီးတောက် စစ်နတ်ဘုရား၏ ကြီးမားသော ဦးခေါင်းဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။
ဘုန်း… ယန်ထုံက ခြေထောက်ကို မြေပြင်တွင် ဆောင့်နင်းလိုက်သည်တွင် သူ့ရှေ့၌ အကာအကွယ်တစ်ခု ပေါ်ပေါက်လာသည်။ ထိုနေရာတစ်ခုလုံးက ခိုင်မာလှသည့် အကာအကွယ်ကြောင့် ခဲသွားခဲ့သည်။ ထို့နောက် သူက စွမ်းအားအလွန် ကြီးမားသည့် မီးလက်သီး တစ်လုံးကို ပစ်သွင်းသည်။
ဓားက ရှေ့သို့ ဆက်လက် တိုးဝင်လာသော်လည်း ၎င်းက ကျိုးပဲ့ကာ အရည်ပျော် သွားလေသည်။ ထိုစွမ်းအားကြီးသည့် ဓားသမားမှာလည်း မီးတောက်များအကြား အဆုံးသတ် သွားခဲ့ကာ အစအနပင် မကျန်ရစ်အောင် လောင်ကျွမ်း ခံလိုက်ရလေသည်။
ယန်ထုံက အနီးအနား တိုက်ပွဲကွင်းပြင်သို့ ဝေ့ဝဲကြည့်လိုက်ပြီး ရှေ့သို့ လှမ်းသွားလိုက်၏။
ကောင်းကင်ယံကို ထိုးဖောက်တော့မတတ် ချီးကျူးသံများက ညံစီနေ၏။ ရဲတိုက်အတွင်းတွင် ယန်ထုံကို လောင်းကြေး ထပ်ထားခဲ့သည့် သူများမှာ သူတို့၏ သွေးများ ဆူပွက်လာသည် ကိုတောင် ခံစားလိုက်ရသည်။
သူက တကယ့်ကို မီးတောက် လှောင်အိမ်မြို့တော် အရှင်၏သား ပီသလွန်းပေသည်။
မီးတောက်နက် အင်ပါယာ၏ မျိုးဆက် ကျိုးရွှီကလည်း အလွန်အမင်း အားကောင်းသည့် တိုက်ပွဲစွမ်းရည်များကို ပြသနေသည်။ အဆုံးမဲ့ မီးတောက်နက်များက သူ့ခန္ဓာကိုယ်တွင် ဝန်းရံနေပြီး သူ လက်ညှိုး ညွှန်လိုက်သည့် နေရာသို့ မီးတောက်နက်များက ပြေးဝင်သွားသည်။ အလွန် စွမ်းအားကြီးမားသည့် ထို မီးတောက်နက်များက သူတို့ ထိလိုက်သည့် ဘယ်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်လိုက်နိုင်သည်။
မကြာခင်မှာပင် ယှဉ်ပြိုင်သူ သုံးယောက်သည် ကျိုးရွှီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လေပြီ။
တိုက်ပွဲစတင်သည်မှာ သိပ်မကြာသေးသော်လည်း အိပ်မောကျနဂါးပြိုင်ပွဲက ဘယ်လောက်အထိ ပြင်းထန်ပြီး ရက်စက်သည်ကို လူတိုင်းက ခံစားနိုင်သည်။ တိုက်ပွဲက ရက်စက် ကြမ်းကြုတ်လွန်းပေ၏။
ရဲတိုက်၏ အပေါ်ဆုံးမှာ ရပ်နေသည့် ကြီးမြတ်သော ပုံရိပ်တစ်ခုသည် တိတ်ဆိတ်စွာ ကြည့်နေသည်။ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲတွင် ရှုံးနိမ့်ခြင်း၊ သေသွားခြင်းများအတွက် မည်သူကမှ သိပ်ပြီး ခံစားနေမည် မဟုတ်ပေ။
ရီဖူရှင်းက ပြိုင်ပွဲကို အေးအေးလူလူ ကြည့်နေ၏။ သွေးနဂါးဘုံမှ တန်ခိုးရှင် အများစုသည် မီးစွမ်းအင်ကို အခြေခံကြသည်။ ယင်းကို နေမင်းကိုးစင်းဘုံဟု ပြောကြပြီး နယ်မြေတစ်ခုလုံး၌ ဘယ်နေရာမဆို ထူထဲသော မီးအရှိန်အဝါများ ပြည့်နှက်နေပေသည်။
အိပ်မောကျနဂါး ပြိုင်ပွဲနှင့်ပတ်သက်၍ ဆန်းဇွန်သည် မည်မျှအထိ အန္တရာယ်များသည်ကို မပြောပြဘဲ သူတို့ကို အရူးလုပ်ကာ ပြိုင်ပွဲ၌ ပါဝင်စေသည်။ ဆန်းဇွန်သည် သူတို့၏ အသက်များကို ဘယ်တုန်းကမှ အရေးမစိုက်ခဲ့မှန်း သိသာပေသည်။
ဆန်းဇွန်က သူတို့ကို အသုံးချခဲ့ခြင်း ဖြစ်၏။
ထိုအချက်အရဆိုလျှင် ဆန်းဇွန်နှင့် ပိုင်ကျဲမှာ အခြေခံအားဖြင့် တူညီသော အတန်းအစားပင် ဖြစ်ကြောင်း အလွယ်တကူ ပြောနိုင်ပေသည်။
ပိုင်ကျဲသည် သူ၏ သွေးအေး ရက်စက်သည့် စရိုက်ကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိပေ။
တခြားတစ်ဖက်တွင် ဆန်းဇွန်သည်တော့ စကားအလိမ္မာသုံး၍ အခြားသူများကို ကြိုးကိုင်ကာ သူ့အတွက် စတေးစေ၏။
ရီဖူရှင်းက တိုက်ပွဲကွင်းပြင်ကို ကြည့်နေရင်း သူ့နှလုံးသားက အေးစက်လာနေ၏။ ဆန်းဇွန်က သူတို့ ပထမဆုံး စတွေ့ကတည်းကပင် သူတို့ကို လှည့်ဖျားရန် စီမံခဲ့ပြီး ဆန်းဇွန်က အခြားတော်ဝင်ဘုံမှ လူများကို သားကောင်များကဲ့သို့ ရှုမြင်လေသည်။
သို့သော်လည်း ရီဖူရှင်း အမြန်မလိုပေ။ တစ်ဖက်လူအား ချောင်ပိတ်ရိုက်မည့် အခွင့်အရေးကို စောင့်ရပေမည်။
ရီဝူချင်း၊ ဟောင်ကျူဂီ၊ စုချွဲနှင့် ကျန်ကျောင်းတို့သည် တိုက်ပွဲကွင်းပြင်တွင် သူတို့၏ ပြိုင်ဘက်များကို ရွေးချယ်လျက် လှုပ်ရှား တိုက်ခိုက်နေကြသည်။
အိပ်ပျော်နေသော နဂါးပြိုင်ပွဲတွင် သူတို့ ပါဝင်ရခြင်း၏ ရည်ရွယ်ချက်မှာ သူတို့ကိုယ်သူတို့ စမ်းသပ်ရန်သာ ဖြစ်၍ ပစ်မှတ်များကို သတ်ဖြတ်ရန် ရည်ရွယ်ရင်း မရှိပေ။ သူတို့က သွေးနဂါးဘုံမှ လူများနှင့်ယှဉ်ပြိုင် တိုက်ခိုက်ကြည့်လိုရင်းသာ ဖြစ်သည်။
ယူချင်းက မလှုပ်ရှားသေးပေ။ သူက အခြားလေးယောက် တိုက်ခိုက်နေသည့် တိုက်ပွဲ၏ အလယ်ဗဟိုတွင် တစ်ယောက်တည်း ရပ်နေပြီး သူတို့လေးယောက် တိုက်ခိုက်သည်ကို ကြည့်နေသည်။
သူ၏ လက်ရှိအဆင့်ဖြင့် သည်လူများနှင့် တိုက်ခိုက်လျှင်လည်း သူ၏ရှန့်ထိုအဆင့်သို့ တက်ရောက်မှုတွင် သိပ်အကူအညီ မဖြစ်ပေ။
“ယူချင်းက ဘာလုပ်နေတာလဲ” ဆန်းဇွန်က ပြောသည် ... “ဒီအချိန်မှာ သူတို့ ပူးပေါင်းပြီး တခြားလူတွေကို ဖြုတ်ချသင့်တယ်”
သူတို့က တစ်ဖွဲ့တည်းက လာမှတော့ ငါးယောက်ပေါင်းပြီး တိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်ကာ အခြားလူများကို မြန်မြန် ကျော်လွှားနိုင်မည် ဖြစ်သည်။ ယူချင်းသာ ထိုသို့လုပ်ခဲ့လျှင် အနိုင်ရနိုင်ချေ မြင့်မားသွားပြီး ဆန်းဇွန်၏ ရည်မှန်းချက်လည်း အောင်မြင်နိုင်ကာ နှစ်ဦးနှစ်ဖက် အနိုင်ရလဒ်အား ဖန်တီးနိုင်လိမ့်မည်။
“သူ ဘာလုပ်နေလဲ သူသိတယ်” ရီဖူရှင်းက ပြန်ဖြေသည်။
ဆန်းဇွန် မျက်မှောင်ကြုတ် သွားသည်။ ယူချင်း ယူထားသည့် နေရာအရ သူ့ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။ သူက ကျန်လေးယောက်အတွက် အခြေအနေကို ထိန်းချုပ်ပေးနေခြင်း ဖြစ်၏။ သို့သော်လည်း ဆန်ဇွန်ကမူ သူ့အား ရူးသွပ်သူ အဖြစ်သာ မြင်သည်။ သည်နည်းဖြင့် နောက်တစ်ဆင့်တွင် ယူချင်းသည် အလွန်ဖိအား များလာပေလိမ့်မည်။
ဆန်းဇွန်၏ မျက်နှာပေါ်မှ အေးစက်မှုများက ပျောက်ကွယ်လာပြီး ယခင်လို ခင်မင် ရင်းနှီးသည့်အသွင် ပေါ်လာသည်။
ထိုအချိန်၌ ယူချင်းက ဖြည်းညင်းစွာ စတင်လှုပ်ရှားသည်။ သူက တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရှိနေသည်မို့ လိုအပ်သည့်အချိန်၌ ကူညီတိုက်ခိုက်နိုင်၏။
သူက လေးယောက်၏ တိုက်ပွဲကို မလွတ်တမ်း အကဲခတ်နေသည်။ ရီဝူချင်း ဘက်အခြမ်းသည် ပြဿနာ မရှိဘဲ သူကိုယ်တိုင် ကောင်းကောင်း ကိုင်တွယ်နိုင်ပုံ ပေါ်သည်။ သူက မကြာခင်အချိန်တွင် ပြိုင်ဘက်ကို အနိုင်ပိုင်းနိုင်ခဲ့သည်။
သို့သော်လည်း တိုက်ပွဲကွင်းပြင်ရှိ လူများမှာ ယူချင်း ဘာမှမလုပ်ဘဲ စောင့်ကြည့်နေသည်ကို ခွင့်ပြုထားနိုင်ခြင်း မရှိကြပေ။
ထိုအချိန်၌ တန်ခိုးရှင်တစ်ဦးက ယူချင်း ရှိရာသို့ ရောက်လာခဲ့သည်။
ယူချင်းက တစ်ဖက်လူ၏ သဘောကို ခံစားမိသည်တွင် သူ့အား စူးရဲစွာ ကြည့်ကာ ပြောသည် … “ထွက်သွား”
ထိုလူက မျက်မှောင်ကြုတ်လိုက်၏။ ယူချင်း၏မောက်မာမှုက သူ့အား ပို၍ ဒေါသထွက်စေသည်။
တောက်ပနေသော ပုံရိပ်တစ်ခု သူ့ရှေ့၌ ပေါ်လာပြီး ချက်ချင်းပင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ယူချင်းထံသို့ လှမ်းလာ၏။ သူက ယူချင်း တစ်ကိုယ်လုံးကို စွမ်းအင်မုန်တိုင်းများဖြင့် ရစ်ပတ်ချုပ်နှောင်ရန် ရည်ရွယ်လေသည်။ သတ်ဖြတ်မှု အလင်းများက ယူချင်းရှိရာသို့ မိုးသီးမိုးပေါက်သဖွယ် ကျဆင်းလာသော်လည်း ယူချင်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာပင် ရပ်လျက်ရှိသည်။ ထိုအချိန်တွင် ယူချင်း၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး ဗုဒ္ဓနှင့် နတ်ဆိုးစွမ်းအားများ ရောယှက်ထားသည့် အရံအတားများ ဖြစ်ပေါ်လာသည်။
ဘုန်း…
ထိုအခိုက်တွင် ငြိမ်သက်စွာ ရပ်နေသည့် ယူချင်းက လက်ကို ဆန့်တန်းလိုက်သည်။ ပတ်ဝန်းကျင်က သိမ့်ခနဲ တုန်ခါသွားပြီး ခဏအတွင်းတွင် လက်သီးတစ်လုံး ရှေ့သို့ တန်းတန်းမတ်မတ် ဝင်သွား၏။ ထိုလူသည် တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပေ။ မဟူရာရွှေရောင် လက်သီးက သူ၏ ရင်ဘတ်ကို ကျရောက်လာကာ ခန္ဓာကိုယ်မှာ ကွေးကောက် သွားဟန်ရ၏။ သူက တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် အဝေးသို့ လွင့်စဉ် ထွက်သွားတော့သည်။
***