ကတုံးပေါ်ထိပ်ကွက်
Vol. 9 Ch. 102
ယွမ်ရှောင်သည် ဖိအားပေးခံရသောကြောင့် တိမ်ဖောက်သက်တန့်ဓားသိုင်းကို အသုံးပြုခဲ့သည်ဟု အကြောင်းပြလိုက်သောအခါ လူတိုင်းကို သစ်သားအရုပ်များပမာ ငြိမ်သက်သွားစေသည်။
"လင်းချန် သေပြီ"
"အစ်ကို"
နင်ရန်၏ မျက်လုံးများက တဆတ်ဆတ် တုန်ယင်နေပြီး အသံများအက်ကွဲ၍ ကြောက်လန့်နေသကဲ့သို့ လင်းလင်မှာ အသံကုန်အော်ဟစ်ရင်း မြေပြင်သို့ လဲကျသွားကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ချေ။
"သူ့ကို မြန်မြန်ကယ်ကြစမ်း"
ဦးလေးနှစ်က အလောတကြီး အမိန့်ပေးလိုက်ပြီး လင်းချန်သည် လင်းမျိုးနွယ်၏ အနာဂတ်ဖြစ်သော်လည်း ခေါင်းကို ထိုးဖောက်သွားသော ဒဏ်ရာကြောင့် ရေကန်အတွင်းမှ ဆယ်နိုင်လျှင်ပင် အသက်ပြန်ရှင်လာမည် မဟုတ်ချေ။
"လင်းချန်"
ဆံပင်အဖြူရောင်နှင့် လင်းချင်းဖန်သည် အသံကုန်အော်ဟစ်ရင်း ရေကန်အတွင်း ခုန်ဆင်းသွားကာ ဖြူရော်နေသည့် အလောင်းတစ်ခုကို ဆယ်ယူလာခဲ့၏။ နောက်ဆုံးအချိန်အထိ လင်းချန်မှာ နေလနတ်ဓားသိုင်းကြောင့် သေဆုံးသွားမည်ဟု ထင်မထားခဲ့ပေ။ ခေါင်းဆောင်လင်းက မြေပြင်တွင် ဒူးထောက်ကျသွားပြီး မျက်လုံးများ နီမြန်းလာကာ အံကြိတ်ထားသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။ သူ၏စိတ်နှလုံးက အပိုင်းပိုင်း ကြေမွသွားသကဲ့သို့ ခံစားနေရပြီး လှပစွာ ဝတ်ဆင်ထားသည့် ရှောင်ယုလည်း ရောက်ရှိလာကာ လင်းချန်၏အလောင်းကို မြင်သောအခါ စိတ်ထိခိုက်၍ ပါးစပ်အတွင်းမှ သွေးမည်းများပင် စီးကျလာခဲ့၏။
"ခွေးကောင် နင့်ကို အမှုန့်ချေပစ်မယ်"
သူမက ယွမ်ရှောင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း တောရိုင်းကောင်ပမာ ခုန်အုပ်လိုက်သည်။
"ဘေးဖယ်စမ်း။ အစ်ကိုဖန် လင်းချန်က ဒီကိစ္စမှာ ဖိအားပေးခဲ့တယ်"
နင်ရန်က နာကျင်မှုကို သည်းခံ၍ ထရပ်လိုက်ပြီး ရှောင်ယုကို တားဆီးကာ ခေါင်းဆောင်လင်းထံ အော်ဟစ်လိုက်၏။
"စုန်းမ နင်လည်း သေရမယ်"
သူမက ဒေါသအလွန်ထွက်နေသောကြောင့် ဓားကို ဆွဲထုတ်လိုက်သော်လည်း အမြုတေအခြေတည်အဆင့် ဖြစ်နေသောကြောင့် ယွမ်ရှောင်အား အန္တရာယ်ပေးနိုင်စွမ်း မရှိချေ။ ထိုအချိန်တွင် လူတိုင်းက လင်းချင်းဖန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပြီး ဦးလေးနှစ်သည် ဝမ်းနည်းစွာ ရေရွတ်လိုက်၏။
"လင်းချင်းဖန် မင်း ကာကွယ်ပေးနေတဲ့ ပါရမီရှင်က ချန်အာကို သတ်လိုက်တယ်။ အခု မင်း ကျေနပ်ပြီလား"
"တော်လောက်ပြီ"
သူက လင်းချန်၏အလောင်းကို အနားတွင် ချထားကာ ရှောင်ယုအား တားမြစ်လိုက်သည်။
"ခေါင်းဆောင်လင်း မင်းရွေးချယ်ထားတဲ့ သခင်လေးက ကျေးဇူးတရားကို မသိတတ်ဘဲ ဓားမင်းသားတွေကိုရော လင်းချန်ကိုပါ သတ်ခဲ့တယ်။ တကယ်လို့ မင်းသာ မဖြေရှင်းဘူးဆိုရင် ဓားကောင်းကင် ပျက်စီးသွားလိမ့်မယ်"
မုရုံလီက မုန်းတီးစွာ ပြောလိုက်ပြီး မဟာဓားသခင်များသည်လည်း ချက်ချင်းထောက်ခံခဲ့ကြ၏။
"ခေါင်းဆောင် ကျုပ် တောင်းပန်ပါတယ်။ ဒါပေမယ့် သူက ကျုပ်ကို ရွေးချယ်စရာမရှိအောင် ဖိအားပေးခဲ့တယ်။ သေဘေးနဲ့ကြုံရတဲ့ အချိန်မှာ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး"
ယွမ်ရှောင်သည် လေးနက်တည်ငြိမ်စွာ ဖြေရှင်းချက်ပေးလိုက်၏။
"သူပြောတာ မှန်တယ်။ ဘိုးဘေးခန်းမလူသတ်မှုကို မစုံစမ်းဘဲ လင်းချန်က အသားလွတ် တိုက်ခိုက်ခဲ့တယ်။ ဖိအားပေးမှုကြောင့် ယွမ်ရှောင်မှာ ရွေးချယ်စရာ မရှိဘူး။ အစ်ကိုဖန် သူက ပေအာတို့ကို သတ်စရာ အကြောင်းမရှိလို့ တစ်ယောက်ယောက်ရဲ့ အကြံ ဖြစ်နိုင်တယ်"
နင်ရန်ကလည်း ထောက်ခံလိုက်၏။ လင်းချန်နှင့် ယွမ်ရှောင်၏ တိုက်ပွဲကို လင်းမောင်နှံ သေချာမြင်ခဲ့ရသော်လည်း ယွမ်ရှောင်၏ အကြံအစည်က ပိရိလွန်းသောကြောင့် မရိပ်မိခဲ့ပေ။
"ကျုပ်ကို တန်ဖိုးထားတဲ့အတွက် ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးကို ပြန်မဆပ်နိုင်ခင်မှာ ဒီလိုဖြစ်သွားတဲ့အတွက် ကျုပ် အပြစ်ရှိပါတယ်။ အပြစ်ကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ ရှေးဟောင်းမျှော်စင်ကို ကျုပ်က ဖျက်ဆီးပစ်ပြီး ဓားပင်လယ်မှာ ဓားကောင်းကင်တစ်ခုတည်းသာ ရှိစေရမယ်"
ယွမ်ရှောင်က အသက်ပြင်းပြင်းရှူ၍ ကတိပေးလိုက်သောအခါ လင်းချန်းဖန်မှာ ပြောစရာစကား ပျောက်ဆုံးနေခဲ့၏။ သူ၏စိတ်အတွင်း ခံစားချက်ပြင်းထန်နေပြီး ရှောင်ယုသည်လည်း ကြယ်ပွင့်အဆင့် ဓားဝိညာဥ်ကို လုယူချင်သောကြောင့် ဒေါသကို မျိုသိပ်ထားရသည်။
"မင်းက ဒီအပြစ်သားကို မသတ်ဘူးဆိုရင် လင်းချန် သေရတာက ဘာအတွက်လဲ"
ဦးလေးနှစ်က ဒေါသကြောင့် အသံပင် တုန်ရီနေသည်။
"ပါးစပ်ပိတ်စမ်း၊ အမှန်တရားကို မရှာဘဲ အနိုင်ကျင့်တယ်။ စွမ်းအားမလုံလောက်လို့ အသတ်ခံရတာက ရှက်စရာမကောင်းလွန်းဘူးလား"
လင်းချန်းဖန်၏ စကားကို ကြားသောအခါ လူတိုင်း မင်သက်သွားကြပြီး လင်းချန်အတွက် ဝမ်းနည်းစိတ်ဖြင့် သက်ပြင်းကိုယ်စီချလိုက်မိသည်။
"လင်းချန်က မင်းလိုအဖေမျိုး ရထားတာ တကယ့်ကိုကံဆိုးတာပဲ။ နောက်ဘဝမှာ ဒီကလေး ကံကောင်းပါစေ"
ကဲ့ရဲ့သံများကြောင့် သူ၏စိတ်ထဲတွင် ဓားပေါင်းများစွာ စိုက်ဝင်လာသကဲ့သို့ နာကျင်နေသော်လည်း သည်းမခံနိုင်လျှင် အကြံအစည်များ အလဟဿဖြစ်သွားနိုင်သောကြောင့် မျိုသိပ်နေရသည်။ ဓားကောင်းကင်၏ အကြီးအကဲများသည် လင်းချန်၏အလောင်းကို တလှည့်၊ ယွမ်ရှောင်ကို တလှည့် စိုက်ကြည့်ခဲ့ကြသည်။ ဤမြင်ကွင်းမှာ သူ၏ အကွက်ချထားခြင်းဖြစ်ကာ လင်းချင်းဖန်မှာ သားဖြစ်သူကို သတ်ခဲ့သော တရားခံအား ရွေးချယ်စရာမရှိ ကာကွယ်ပေးနေရသည်ကို အရသာခံ စောင့်ကြည့်နေ၏။ ဤကား ရက်စက်သော ကျင့်ကြံရေးလမ်းကြောင်းဖြစ်ကာ လင်းချင်းဖန်အနေဖြင့် အခြားသူများကို အကွက်ချလိုလျှင် ကိုယ်တိုင် အကွက်ချခံရပေလိမ့်မည်။ အကယ်၍ တစ်ဖက်လူကသာ ဤမျှမကောက်ကျစ်လျှင် သူ့အတွက် မြင်ကွင်းမှာ ဝမ်းနည်းစရာကောင်းပေလိမ့်မည်။
ထို့နောက် ဦးလေးနှစ်နှင့် မုရုံလီက ခေါင်းတယမ်းယမ်းဖြင့် ထွက်ခွာသွားကြပြီး လင်းချင်းဖန်ကို စွန့်ခွာသွားကြသည်။ သူက နောင်တရချင်သော်လည်း နှစ်ရက်သာ သည်းခံနိုင်လျှင် အဆိပ်ဒဏ်မှ လွတ်မြောက်မည်ဖြစ်သောကြောင့် မည်မျှခက်ခဲပါစေ၊ တောင့်ခံထားရ၏။ ရှောင်ယုသည်လည်း အခြေအနေကို နားလည်သောကြောင့် လင်းချန်၏အလောင်းကို သယ်ဆောင်ကာ တရှုံ့ရှုံ့ငိုရင်း ထွက်ခွာသွားခဲ့ရာ နင်မျိုးနွယ်ဝင်များသာ ကျန်ရစ်ခဲ့သည်။
"နင်ခေး နင်ပေတို့ အသတ်ခံရတဲ့ကိစ္စကို စုံစမ်း။ မင်းက ဓားကောင်းကင်ကို မြေလှန်ပြီး တရားခံတွေ့အောင် ရှာရမယ်။ တွေ့ရင် ဓားနဲ့ အချက်တစ်ထောင် ခုတ်သတ်လိုက်"
လင်းချင်းဖန်သည် ဤကိစ္စ၏လက်သည်ကို အလွန်မုန်းတီးနေပြီး လင်းချန်သာ အသတ်မခံခဲ့ရလျှင် သူ၏အကြံအစည်မှာ ချောမွေ့နေပေလိမ့်မည်။
"ခေါင်းဆောင် တကယ်လို့ တရားခံက အဆင့်အတန်းမြင့်နေရင်ရော"
"ဘယ်သူဖြစ်ဖြစ် အလွတ်မပေးနဲ့"
နင်ခေးသည် ခေါင်းကုတ်၍ ခွင့်ပြုချက်တောင်းလိုက်သောအခါ သူက အေးစက်စက် ခွင့်ပြုလိုက်သည်။ သူ၏အမြင်တွင် ဦးလေးနှစ်နှင့် မုရုံလီကဲ့သို့ အကြီးအကဲများပင် သံသယဝင်စရာကောင်းနေခဲ့သည်။
"ယွမ်ရှောင်က နေဖောက်သက်တန့်ကိုတောင် အသုံးပြုနိုင်နေတယ်ဆိုတော့ ခေါင်းဆောင်က နှစ်ပေါင်းများစွာ လျှို့ဝှက်သင်ကြားပေးထားတာမလား။ တကယ်ဆိုရင် ဒီလျှို့ဝှက်ချက်ကို ပြသဖို့ နင်ရန်ရဲ့ အကူအညီကိုတောင် မလိုအပ်ပါဘူး"
နင်ခေးက ရေရွတ်လိုက်သော်လည်း လင်းချင်းဖန်သည် လက်ကာပြ၍ ထွက်သွားစေခဲ့ပြီးနောက် ယွမ်ရှောင်ဘက်လှည့်ကာ မေးခွန်းထုတ်လိုက်သည်။
"နေဖောက်သက်တန့်"
"တစ်ညလုံး လေ့လာပြီးတော့ ကျုပ်က နည်းနည်း ဉာဏ်အလင်းရခဲ့တယ်"
သူကိုယ်တိုင် ငါးနှစ်ကျော် လေ့လာခဲ့ရသော ကျင့်စဥ်ကို တစ်ဖက်လူက တစ်ညတည်းဖြင့် နားလည်သွားသည်ဟု ဆိုလာသောအခါ မျက်နှာထား ပြောင်းလဲခဲ့၏။
"ဒါပေမယ့် ကျင့်စဥ်က တစ်ခုခု လိုအပ်နေတယ်၊ မပြည့်စုံဘူး။ ဒါကြောင့် ကျုပ်က နည်းနည်းပြင်ဆင်လိုက်တယ်။ ဘယ်လိုသဘောရလဲ ခေါင်းဆောင်"
ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် ဓားဝိညာဥ်ကို ဆင့်ခေါ်ကာ ထိုအကွက်အား အကြိမ်အနည်းငယ် ကစားပြလိုက်၏။ ဓားချက်တိုင်းက လင်းချန်ကို သတ်ခဲ့သော စွမ်းအားအတိုင်း တူညီနေသဖြင့် ထပ်ကာထပ်ကာ သတ်နိုင်စွမ်း ရှိနေသည်။
"ထင်ထားတဲ့အတိုင်း မင်းရဲ့ပါရမီက ထူးခြားလွန်းတယ်"
လင်းချင်းဖန်က ချီးကျူးလိုက်သော်လည်း ကျောဘက်တွင် လက်နှစ်ဖက်မှာ ထိန်းချုပ်မရနိုင်အောင် တုန်ခါနေသည်။ ကြယ်ပွင့်အဆင့် ဓားသိုင်း၏ အပေါ်ယံကိုသာ သိသော်လည်း ပြည့်စုံအောင် ပြင်ဆင်နိုင်သောအစွမ်းမှာ သူ၏အထင်ထက် များစွာမြင့်မားနေခဲ့သည်။ သူ့အနေဖြင့် ကြောက်ရွံ့တုန်လှုပ်သော ခံစားချက်များကို တည်ငြိမ်သော ဟန်ပန်ဖြင့် ဖုံးကွယ်ထားရန်သာ တတ်နိုင်၏။
"ဒီနေ့ မင်းကို ဓားသိုင်းသင်ပေးဖို့ စီစဥ်ထားပေမယ့် မလိုအပ်တော့ဘူး"
"ဟုတ်ကဲ့။ လင်းချန်ရဲ့ စျာပနကို ကောင်းကောင်းပြင်ဆင်ပေးလိုက်ပါ ခေါင်းဆောင်။ ကျုပ်က ကိုယ်တိုင် လေ့ကျင်နိုင်ပါတယ်"
ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်သောအခါ လင်းချင်းဖန်မှာ အံတကြိတ်ကြိတ်ဖြင့် လေးကန်သော ခြေလှမ်းများနှင့် ထွက်ခွာသွားခဲ့သည်။
"ဘာလို့ ကျုပ်ကို စိုက်ကြည့်နေတာလဲ"
နင်ရန်နှင့် ယွမ်ရှောင် နှစ်ယောက်တည်းသာ ကျန်ရစ်ပြီး သူမသည် စူးစိုက်ကြည့်နေသောကြောင့် သူက တစ်ချက် ပြုံးပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
"ခင်ဗျားရဲ့ဒဏ်ရာတွေကို ကုလိုက်ပါ။ ဒါပေမယ့် ဒီအကြည့်တွေကို ကျုပ် သဘောမကျဘူး။ တစ်ခုခု သိနေလို့လား"
"ငါ...ငါ ဘာမှမသိပါဘူး။ မင်းဖြစ်စေချင်သလို ကျောက်ရန်ရန်ကိုလည်း တောင်းပန်လိုက်ပါမယ်။ အသက်ချမ်းသာပေးပါ"
"ကောင်းပြီ"
သူ၏ထက်ရှသော အကြည့်ကြောင့် နင်ရန်မှာ တစ်ကိုယ်လုံး တုန်ရီသွားကာ အားတင်း၍ တောင်းပန်လိုက်သည်။ ထို့နောက် ယွမ်ရှောင်သည် တည်ငြိမ်စွာ လှည့်ထွက်သွားကာ လေနားဆင်အိမ်တော်၏ အရှေ့ပိုင်း ပျက်စီးနေသဖြင့် အနောက်ပိုင်းသို့ ဦးတည်နေခဲ့၏။
ဓားကောင်းကင်၏ သင်္ချိုင်းအတွင်း လင်းချန်ဟု ရေးထွင်းထားသည့် အုတ်ဂူတစ်ခုရှေ့တွင် လင်းချင်းဖန်နှင့် ရှောင်ယု ရှိနေခဲ့သည်။ သူမက ဝိညာဥ်လွင့်နေသကဲ့သို့ မျက်လုံးများ အသက်မဲ့နေကာ သူ၏အခြေအနေက အနည်းငယ် ပို၍ကောင်းမွန်၏။ ယွမ်ရှောင်ကို ကာကွယ်ပေးနေရသော်လည်း လင်းချန်မှာ နှစ်ပေါင်းများစွာ ပျိုးထောင်လာသည့် ရင်သွေးအစစ် ဖြစ်သောကြောင့် ချစ်မြတ်နိုးသော်လည်း အကြံအစည်ကြောင့် ဟန်ဆောင်နေရသည်။
"ချန်အာ အဖေက မင်းအတွက် လက်စားချေပေးမယ်။ ယွမ်ရှောင်ကို အဆိုးရွားဆုံး နည်းလမ်းနဲ့ သတ်ပေးမယ်။ ဓားအရိုးကို ထုတ်ယူပြီး အသွေးအသားတွေကို မီးမြှိုက်ပစ်မယ်။ ဝိညာဥ်ကို ထာဝရ အကျဥ်းချထားပြီး ဘယ်တော့မှ ပြန်လည်ဝင်စားခွင့် မရှိစေရဘူး"
သူက ကတိပေးလိုက်ပြီး ရှောင်ယုမှာ မျက်ရည်လည်ရွဲ ဖြစ်နေခဲ့သည်။
"အစ်ကို ဓားစက်ကွင်းနှစ်ခုနဲ့ နတ်ဆိုးအမြုတေတွေကို ဘယ်လိုလုပ်ကြမလဲ"
"ဒါတွေကို ချန်အာအတွက် အဝါရောင်ရေပန်းလမ်းမှာ အဖော်ပြုပါစေ"
အတိတ်၌ ဤရတနာများ လက်ဆောင်ရသောအခါ အလွန်ပျော်ရွှင်နေခဲ့သော လင်းချန်ကို မြင်ယောင်မိသောအခါ ရှောင်ယုမှာ မျက်ရည်မထိန်းအောင် ငိုနေမိသည်။ ဤစုံတွဲ ထွက်ခွာသွားသောအခါ သင်္ချိုင်းက တိတ်ဆိတ်သွားပြီး ဓားပင်လယ်၌ ဗြောင်းဆန်နေသောကြောင့် မည်သူမှ ရောက်မလာသော်လည်း အဖြူရောင်သေမင်းက တိတ်တဆိတ် ရောက်ရှိလာခဲ့လေသည်။