နဂါးကိုးကောင် မျှော်စင်ကို လှုပ်ခါခြင်း
Vol. 9 Ch. 103
လင်းချန်၏အုတ်ဂူထံ ရောက်လာသော ယွမ်ရှောင်သည် အဝါရောင် မြေကြီးအတွင်းရှိ အလောင်းကို ငုံ့ကြည့်လိုက်သည်။
"သူတို့က နှစ်ငါးထောင် နတ်ဆိုးအမြုတေနှစ်ခုကို ဒီအတိုင်း မြေမြုပ်ပစ်လိုက်တာ မယုံနိုင်စရာပဲ"
သူက ခေါင်းယမ်း၍ ကျေနပ်စွာပြောလိုက်ပြီး လူချမ်းသာများအတွက် ၎င်းတို့မှာ အရေးမပါသော်လည်း သူ့အတွက် လိုအပ်နေသည်။ သူက ကောင်းကင်သင်္ချိုင်းဓားရှည်ကို ဆင့်ခေါ်၍ မြေကြီးကို တူးထုတ်လိုက်သောအခါ ထွက်ပေါ်လာသည့် အခေါင်းကို ကန်ဖွင့်ပြီး လင်းချန်၏အလောင်းထံ စိုက်ချခဲ့သည်။ အနီရောင်နှင့် အနက်ရောင် ဓားစက်ကွင်းနှစ်ခုမှာ ဝါးမျိုခံလိုက်ရပြီး နတ်ဆိုးအမြုတေနှစ်ခုသည်လည်း ၎င်းအတွင်း ပေါင်းစပ်ခံလိုက်ရ၏။
လက်ရှိတွင် သူ၏ ဓားစက်ကွင်းအရေအတွက်မှာ လေးခုဖြစ်လာခဲ့ပြီး အခြားသူများသာ မြင်သွားလျှင် အံ့သြလွန်းသဖြင့် အသံကုန် အော်ဟစ်မိကြပေလိမ့်မည်။ ဓားစက်ကွင်းလေးခုအထိ ထုတ်ဖော်နိုင်သော ဓားဝိညာဥ်မှာ ကြယ်ပွင့်အဆင့်ထက် ပို၍မြင့်မားသောကြောင့်ပင်။ သူကိုယ်တိုင်ပင် ကောင်းကင်သင်္ချိုင်းဓား၏ အစစ်အမှန်အဆင့်ကို မခွဲခြားနိုင်ပေ။
ဓားစက်ကွင်း၏စွမ်းရည်က နတ်ဆိုးအမြုတေနှင့် သက်ဆိုင်ကာ အညံ့စားများဖြစ်နေလျှင် တပ်ဆင်ထားခြင်းမှာ အဓိပ္ပါယ်မရှိချေ။ ဤနှစ်ငါးထောင် အမြုတေနှစ်ခုသည် ရေမှော်နှင့် ငရဲမီးမှော်ကို ထုတ်ဖော်နိုင်သောကြောင့် နှစ်တစ်ထောင် မြွေနတ်ဆိုးဧကရာဇ်နှင့် ရဲတန်းစီ၏ နတ်ဆိုးအမြုတေထက် ပို၍သာလွန်သည်။ လင်းချန်သည် ရေစွမ်းရည်ကို အသုံးပြု၍ ကောင်းကင်သင်္ချိုင်းဓားနှင့် အလင်းဓားကို ထိပ်တိုက်မတွေ့စေရန် ရှောင်လွှဲနိုင်ခဲ့သည်။ လက်ရှိတွင် စွမ်းရည်နှစ်ခုလုံးသည် ယွမ်ရှောင်လက်အတွင်း ရောက်လာခဲ့ပြီး ၎င်းတို့နှင့် နှိုင်းယှဥ်လျှင် ပထမဆုံးအမြုတေနှစ်ခုမှာ အားနည်းလှသောကြောင့် သူက ထုတ်ပယ်လိုက်၏။ သူ၏ဓားဝိညာဥ်က အော်ရာအရေအတွက် တစ်ရာရှိနေပြီး ဓားစက်ကွင်းလေးခုအထိ ထုတ်ဖော်နိုင်ကြောင်း သိသွားလျှင် လင်းချင်းဖန်ကဲ့သို့ လောဘသားကောင်များ ထပ်မံပေါ်ထွက်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ထားလိုက်ခြင်းပင်။
"လင်းချန် မင်းရဲ့ အဝါရောင် ရေပန်းလမ်းခရီးမှာ အထီးမကျန်စေဖို့ နှစ်တစ်ထောင်မြွေနတ်ဆိုးနဲ့ ရဲတန်းစီကို ထည့်ပေးလိုက်မယ်"
ထို့နောက် ယွမ်ရှောင်သည် ခပ်ညစ်ညစ်ပြုံးကာ အသုံးမဝင်တော့သော နတ်ဆိုးအမြုတေနှစ်လုံးကို လင်းချန်၏အခေါင်းအတွင်း ပစ်ထည့်၍ မြေဖို့ပေးခဲ့သည်။ ထို့နောက် သူက မြေပြင်ကို စိုက်ကြည့်၍ တိတ်ဆိတ်ငြိမ်သက်ခဲ့ပြီး အုတ်ဂူအပေါ်သို့ သေရည်သုံးခွက် လောင်းချလိုက်၏။
"ခေါင်းဆောင်လင်းက ငါ့ဓားဝိညာဥ်ကို ယူဖို့ ရောက်လာရင် အံ့သြသွားလောက်တယ်"
"မင်းရဲ့ဓားဝိညာဥ်ကို တစ်ချက်ကြည့်ရုံနဲ့ လင်းချန်အလောင်းကို မင်းပြန်ဖော်ခဲ့တာ ချက်ချင်း သိသွားလိမ့်မယ်"
သားရဲလေး၏ လှောင်ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ငါ့လမ်းမှာ အောက်တန်းကျကျနဲ့ လှည့်စားလာရင် အရှင်မထားနိုင်ဘူး။ အထူးသဖြင့် လင်းချင်းဖန်လို လူမျိုးပေါ့။ လင်းမျိုးနွယ်ကတော့ သနားစရာပဲ"
သူက မျက်မှောင်ကြုတ်၍ ကြုံးဝါးလိုက်၏။
ဓားပင်လယ်၏ အလယ်ဗဟိုရှိ ရှေးဟောင်းမျှော်စင်အတွင်း၌ ထိပ်ဖျားပိုင်းတွင် သာမန်လူများ ဝင်ရောက်ခွင့်မရှိသော ရှေးဟောင်းဆန်းကျယ်သည့် အခန်းတစ်ခု တည်ရှိ၏။ တင်းကြပ်စွာ ချိတ်ပိတ်ထားသော တံခါးအနောက်တွင် အမှောင်ထုသာ ကြီးစိုးနေသော်လည်း ချီစွမ်းအင်များ သိပ်သည်းစွာ ရှိနေခဲ့သည်။ ကျယ်ဝန်းသော အခန်းအတွင်း၌ အနက်ရောင်ဝတ် လူငယ်တစ်ယောက်က ကြမ်းပြင်၌ တင်ပျဥ်ခွေထိုင်နေပြီး မျက်လုံးများ မှိတ်ထားကာ အနက်ရောင် မှော်အစီအရင်တစ်ခုအတွင်း ရှိနေ၏။
ဤအစီအရင်သည် ရှေးဟောင်းမျှော်စင်၏ အဆီအနှစ် နှလုံးသားဖြစ်ကာ လက်ရှိတွင် အနက်ရောင် စွမ်းအင်အမျှင်များ ၉၉ခုကို ထုတ်လုပ်ထားသည်။ ၎င်းတို့မှာ သူ့ကို ရစ်ပတ်နေပြီး ဦးခေါင်း၊ ရင်ဘတ်နှင့် ခြေလက်များရှိ သွေးကြောများအတွင်း စိမ့်ဝင်နေကြ၏။ များပြားလှသော စွမ်းအင်များ ခန္ဓာကိုယ်အတွင်း စီးဝင်နေကာ ကျင့်ကြံဆင့်ကို မြင့်မားစေခဲ့သဖြင့် ဆယ်ရက်အတွင်း သူက ကောင်းကင်သို့ မြင့်တက်သွားပေလိမ့်မည်။
မျက်တောင်တစ်ခတ်အတွင်း၌ပင် သူသည် နတ်ပင်လယ်အဆင့်မှ မူလအမြုတေအဆင့်သို့ ရောက်နိုင်ခဲ့ပြီး တစ်ရက်အကြာတွင် အမြုတေကို ပို၍ကြီးမားလာစေခဲ့သည်။ ခုနစ်ရက်အကြာတွင် အဆင့်သစ်တစ်ခု မြင့်တက်သွားကာ ဤကား ဓားပင်လယ်၏ ကျင့်ကြံသူတိုင်း အိပ်မက်ဖြစ်သော ရှေးဟောင်းမျှော်စင် နှလုံးသားအမွေအနှစ်ပင်။ ရှစ်ရက်အကြာ၌ သူသည် အခြားကျင့်ကြံသူများ တစ်ဘဝလုံး ကျင့်ကြံလာရသည့် အဆင့်မျိုးသို့ ရောက်လာခဲ့သည်။ ပို၍ကြောက်စရာကောင်းသည်မှာ ဤလူငယ်၏ ဒန်တန်အတွင်း ရှိနေသည်မှာ အမြုတေတစ်ခုတည်း မဟုတ်ဘဲ ကိုးခုတိတိ ဖြစ်သည်။ တစ်ခုချင်းစီက သာမန်အမြုတေများအောက် သေးငယ်သော်လည်း စုပေါင်းလိုက်လျှင် စွမ်းအား သာလွန်သောကြောင့် ပြိုင်ဘက်ကင်းခွန်အားမျိုး ထုတ်ဖော်နိုင်စွမ်းရှိသည်။
"ဒီလိုတာအိုမျိုးစေ့ ပါရမီကို ငါပိုင်ဆိုင်ထားမှတော့ ကြယ်တာရာအဆင့် ဓားဝိညာဥ်ကို အထင်သေးမခံနိုင်ဘူး"
တာအိုမျိုးစေ့နှင့် နဂါးကိုးကောင်ဒန်တန်ကို ပိုင်ဆိုင်ထားသော ရဲကုရင်က ကြုံးဝါးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးအကြိမ် စွမ်းအားထုတ်လွှတ်ခြင်းမှ ပမာဏများစွာကို စုပ်ယူလိုက်သောအခါ အနက်ရောင် အမျှင်များသည် အစီအရင်မှတဆင့် ဒန်တန်အတွင်း ဝင်ရောက်လာကြ၏။ သူ၏အနားတွင် စိတ်ကျောက်တုံးငါးသန်းကျော်မှာ တောင်လိုပုံနေသော်လည်း သန့်စင်ခံထားရသဖြင့် သာမန်ကျောက်တုံးများအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲကုန်သည်။ ဒန်တန်အတွင်း ချီစွမ်းအင် များပြားလာသောအခါ နောက်ဆုံးတွင် အမြုတေကိုးခုသည် အစစ်အမှန် စွမ်းအင်နဂါးကြီးများအဖြစ် ပြောင်းလဲသွားကာ ဟိန်းဟောက်လိုက်ကြ၏။ ကြောက်မက်ဖွယ် အရှိန်အဝါ ထွက်ပေါ်လာသောအခါ မျှော်စင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေပြီး အနည်းဆုံး လူပေါင်းရာချီကို မင်သက်စေခဲ့သည်။
"ရဲကုရင်က နဂါးဘုရင်အဆင့်ကို ရောက်သွားပြီ"
"ဒါပေမယ့် အရှိန်အဝါက သာမန်နဂါးဘုရင်အဆင့်တွေထက် သာလွန်နေတယ်။ ခေါင်းဆောင်တွေနဲ့တောင် အစွမ်းချင်း ယှဥ်နိုင်လောက်တယ်"
"အသက်နှစ်ဆယ်မှာတင် ဓားပင်လယ်ရဲ့ ထိပ်တန်းလူနည်းစု အဆင့်မျိုး ရောက်လာပြီ။ ထူးချွန်လိုက်တာ"
ရှေးဟောင်းမျှော်စင်အတွင်း ရှိနေသော လူတိုင်းသည် အံ့သြစိတ်များနှင့်အတူ ထိပ်ဖျားသို့ မော့ကြည့်လိုက်မိသည်။
"အချိန်နှစ်ရက် ကျန်သေးတယ်။ သူက ရှေ့ဆက် တိုးတက်လာလိမ့်မယ်။ တကယ်လို့ သူသာ အလယ်အဆင့်ကို ရောက်သွားရင် နဂါးကိုးကောင်ဒန်တန်ရဲ့ အစွမ်းကြောင့် ဓားကောင်းကင်ရဲ့ ထိပ်တန်းပါရမီရှင် လင်းချန်ကို လွယ်လွယ်လေး ချေမွပစ်နိုင်လိမ့်မယ်"
လျှို့ဝှက်ခန်းအတွင်း၌ နဂါးကိုးကောင်သည် ရဲကုရင်ကို ဝန်းရံလျက်ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်များနှင့် သတ်ဖြတ်လိုစိတ်ကြောင့် အလွန်ရက်စက် ကြမ်းကြုတ်ကြောင်း သိသာနေ၏။
"ဒီအတိုင်းဆက်သွားရင် ရှေးဟောင်းမျှော်စင်က မထွက်ခင် နဂါးဘုရင်အလယ်အဆင့်ကို ရောက်လိမ့်မယ်။ ဒါဆိုရင် ငါ့အတွက် နောက်ပိုင်းအဆင့်တွေနဲ့ တိုက်ခိုက်ရရင်လည်း ကြောက်စရာ မလိုတော့ဘူး။ ဒီလိုခွန်အားမျိုးနဲ့ဆိုရင် ငါက ဓားနယ်မြေကိုယ်စားပြုအဖြစ် ကောင်းကင်နယ်မြေရဲ့ အင်မော်တယ်စစ်ပွဲမှာ ဂုဏ်ဆောင်နိုင်မှာ သေချာတယ်"
သူ၏မျက်နှာထက်၌ ဂုဏ်ယူသော အပြုံးမျိုး ထွက်ပေါ်လာသည်။
"အသူရာဓားဂိုဏ်းသားတွေဟာ ငါက ဆယ်ရက် လေ့ကျင့်လိုက်ရုံနဲ့ ကျောက်ကျန်ရှင်း ခေတ်ကောင်းတုန်းကလောက် အစွမ်းထက်ရုံပဲလို့ ထင်နေကြတယ်။ ဒီကောင်တွေက ရေတွင်းထဲရောက်နေတဲ့ ဖားသာသာပဲ။ ငါ့လိုပါရမီရှင်မျိုးကို မသန်မစွမ်းတစ်ယောက်နဲ့ နှိုင်းယှဥ်ချင်နေသေးတယ်"
သူတစ်ယောက်တည်းသာ နဂါးကိုးကောင် ဒန်တန်အစွမ်းထက်ပုံကို တိကျစွာ သိထားသည်။
"အဖေ အစ်ကိုကြီး ကျုပ်က နှစ်ရက်ကြာရင် ဓားပင်လယ်ရဲ့ ကျင့်ကြံသူသောင်းချီကို ဦးဆောင်ပြီး အသူရာဓားဂိုဏ်းကို လာခဲ့မယ်။ ခွေးကောင် ယွမ်ရှောင်ရဲ့ ခေါင်းကို ဖြတ်ဖို့အတွက်ပေါ့"
"ကျောက်ရန်ရန်ဆိုတဲ့ မိန်းမက အတိတ်မှာ ငါ့ကို နိမ့်ကျတယ်လို့ ထင်ထားခဲ့တယ်။ ဆယ်ရက်အတွင်းမှာ ငါက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့ပြီး ဓားပင်လယ်ရဲ့ ထိပ်တန်းဓားသမား ဖြစ်လာခဲ့ပြီ။ ငါက မင်းရှေ့မှာ ရပ်နေရင် ဒူးမထောက်ရင်တောင် ဦးညွတ်ထားရလိမ့်မယ်"
သူ၏အမြင်တွင် ဂိုဏ်းအပြန်ခရီးသည် နတ်ဘုရားတစ်ပါး၏ အပြန်လမ်းပမာ တင့်တယ်နေပေလိမ့်မည်။ ဤဘဝတွင် ခက်ခဲစွာ ကျင့်ကြံနေရခြင်းမှာ ဤသို့မောက်မာရန် ဖြစ်သည်ဟု သူက ခံယူထားလေသည်။
"မောက်မာတာက မသင့်တော်ဘူးဆိုရင်တောင် ငါ့လိုပါရမီရှင်မျိုးမှ မမောက်မာရင် ဘယ်သူက အစွမ်းအစ ရှိဦးမှာလဲ”