ကောင်းကင်နဂါးက နယ်ခံမြွေကို ဖိနှိပ်ခြင်း
Vol. 9 Ch. 105
"ကောင်းကင်နယ်မြေရဲ့ ဧကရီလား"
"မှန်တယ်။ လက်ရှိအခြေအနေနဲ့ဆို မင်းကိုသတ်ချင်ရင် သူမအတွက် ခါးတစ်ချက်ယမ်းလိုက်ရုံလောက် လွယ်ကူတယ်။ မင်းကများ ဖိအား ပေးချင်နေသေးတယ်။ အစ်ကိုကြီး ဒီလောက်လှတဲ့ သိုးကြီး ပါးစပ်ရှေ့ရောက်လာတာကိုတော့ သက်သက်လွတ် မနေဘူးမလား"
ယွမ်ရှောင်က မျက်လုံးပြူးသွားသဖြင့် ကြယ်ပြာသည် တစ်ချက်ရယ်မောကာ ခေါင်းညိတ်ပြလိုက်၏။
"သူမရဲ့ အကြံက လင်းချင်းဖန်လောက် ရက်စက်လား"
"ရက်စက်တော့ရော ဘာဖြစ်လဲ။ မင်းရဲ့အစွမ်းက သူမကို မယှဥ်နိုင်ဘူး။ ဒါပေမယ့် လဝက်လောက် ကျင့်ကြံရုံနဲ့ ရထားတဲ့ အစွမ်းတွေက အချိန်မရွေး ပြန်ယူလို့ ရပါတယ်။ ချန်ရီ့အကြံက လင်းချင်းဖန်လောက် မစက်ဆုပ်တဲ့အပြင် မင်းအတွက် အကျိုးကျေးဇူး ကြီးကြီးမားမား ရလိမ့်မယ်။ ငါ့ကို ယုံစမ်းပါ၊ ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ကို အသုံးချလိုက်ရင် နောက်ဆုံးအကြိမ်မှာ ဒီကလေးမ ငိုသွားလိမ့်မယ်။ ချစ်စရာကောင်းတဲ့ ကျားပေါက်လေးရောပေါ့"
ယွမ်ရှောင်၏လေသံက အေးစက်သွားသောကြောင့် ၎င်းမှာ ဖြတ်လမ်းတစ်ခု ဖြစ်ကြောင်း လေးနက်စွာ ရှင်းပြလာသည်။
"သုံးကြိမ်"
သူက စေ့စပ်စွာ စဥ်းစားနေပြီး ဤကိစ္စကို ဆယ်ကြိမ်ထက်မနည်း စွမ်းဆောင်နိုင်သော်လည်း တစ်ဖက်လူမှာ ကောင်းကင်နယ်မြေ၏ ဧကရီ ဖြစ်နေသည် မဟုတ်ပါလော။ ထိုအချိန်တွင် ကြယ်ပြာသည် သူ့ကို ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်အားကိုးဖြင့် အနိုင်ယူရန် ထပ်တလဲလဲ အကြံပေးနေသောကြောင့် ဆွံ့အသွားရသည်။
"မဟုတ်ဘူး။ ငါ မလုပ်နိုင်ဘူး"
"ဘာကြောင့်လဲ"
"မင်းတို့ပြောသလိုဆိုရင် ငါက ဖန်ဆင်းရှင် အင်မော်တယ် လူဝင်စားမလား။ ကျင့်ကြံရေးလမ်းကြောင်းမှာ ငါ့ကိုယ်ငါ အားကိုးပြီး မင်းတို့ရှိနေရင် လုံလောက်ပြီ။ တခြားလူ ကြိုးစားအားထုတ်ထားတဲ့ ကျင့်ကြံခြင်းတွေကို မယူနိုင်ဘူး။ ငါ့ကံကြမ္မာကို ငါကိုယ်တိုင် ဖန်တီးမယ်"
အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် သူက ခေါင်းယမ်း၍ ဆုံးဖြတ်ချက်ချလိုက်၏။ သူက စိတ်ကျောက်တုံးများကို ဓားပြတိုက်ဖူးသော်လည်း ဤအရာက ပြင်ပပိုင်ဆိုင်မှုသာ ဖြစ်သောကြောင့် ကွဲပြားသည်။ သို့ရာတွင် သူက ချန်ရီ၏ အင်မော်တယ်မိုးစက်ကိုမူ ဖန်ဆင်းရှင်အင်မော်တယ်၏ ပိုင်ဆိုင်မှု ဖြစ်သောကြောင့် ပြန်လည်သိမ်းယူရပေလိမ့်မည်။
"ငါနားလည်ပြီ။ မင်းက သူမနဲ့ ဟိုကိစ္စ မလုပ်ချင်တာ"
"ဟုတ်တယ်"
"ငါ တစ်ခု ပြောမယ်။ အရုဏ်တက်နတ်ဧကရီက ရုပ်ရည်ရော အရည်အချင်းရော ပြောစရာမရှိဘူး။ မင်းက သေမျိုးမိန်းမတစ်ယောက်ကို ဘာကြောင့် စွဲလမ်းနေတာလဲ။ ဒီလမ်းအတိုင်း ဆက်သွားရင် အဆုံးမရှိတဲ့ အင်မော်တယ်ဘဝမှာ အလှလေးတွေ အများကြီး တွေ့နိုင်တယ်နော်"
ကြယ်ပြာက သိချင်စိတ်ပြင်းပြစွာ စပ်စုလိုက်သည်။ သို့သော် ယွမ်ရှောင်မှာ ဖန်ဆင်းရှင်အင်မော်တယ်ဖြစ်လျှင် သာမန်သေမျိုးဖြစ်စေ၊ အစွမ်းထက်ကျင့်ကြံသူဖြစ်စေ သေမျိုးသာသာဟု မှတ်ယူနိုင်သဖြင့် မကွဲပြားချေ။ ထို့အပြင် သူက မိန်းမတစ်ယောက်ကို နှစ်သက်ရာ၌ နောက်ခံ၊ အဆင့်အတန်းနှင့် မျိုးရိုးကို အလေးမထားပေ။ အကြောင်းအရင်းမှာ မည်သူမှ ဖန်ဆင်းရှင်အင်မော်တယ်ထက် မသာလွန်နိုင်သောကြောင့်ပင်။
"ဒီအချစ်ရူးကို ထားလိုက်ပါ။ အချိန်ကျလာရင် ဆိုင်ရှင်ချန်ရဲ့ ဆိုင်ခန်းထဲက မီးအိမ်ထက် ကြီးတဲ့ မိန်းမတွေကို တွေ့လာရင် သည်းခံနိုင်မှာ မဟုတ်ဘူး ဟား ဟား"
"မင်းတို့နှစ်ယောက် ဆေးမှားသောက်ထားတာလား"
ကြယ်ပြာနှင့် လနီက တက်ညီလက်ညီ ရယ်မောနေသောကြောင့် ယွမ်ရှောင်မှာ စကားရှာမရ ဖြစ်သွားခဲ့သည်။ ချန်ရီသည် သူမ၏သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းက အကြောင်းအရင်းရှိနိုင်ပြီး ယွမ်ရှောင်ကြောင့် ထွက်ပေါ်သွားလျှင် နေ့တိုင်း အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ယွမ်ရှောင်အား နှုတ်လုံရန်အတွက် ကြယ်ပြာက သတိပေးရန် မေ့လျော့မနေခဲ့ပေ။ သူက အရုဏ်တက်နတ်အိမ်တော်မှ ဆင်းလာသောအခါ ရတနာလမ်း၏ ခန်းမကျယ်အတွင်း လူများစုဝေး၍ သက်ဝင်လှုပ်ရှားနေကြသည်။ ကျင့်ကြံသူအုပ်စုတစ်ခုက လူနှစ်ယောက်အနားတွင် ဝန်းရံ၍ ရဲကုရင်အကြောင်း ဆွေးနွေးနေကြသည်။
"ငါ့အဘိုးပြောသလိုဆိုရင် နှစ်ရက်ကြာလို့ ရဲကုရင် ထွက်လာနိုင်ရင် နဂါးဘုရင်အလယ်အဆင့်ကို ရောက်နေနိုင်တယ်"
အဝါရောင် ဝတ်ဆင်ထားသည့် ကတုံးပြောင်ပြောင် လူငယ်က မောက်မာသော မျက်နှာထားဖြင့် ပြောလိုက်၏။
"သူက နဂါးကိုးကောင်ဒန်တန်ကို ပိုင်ဆိုင်ထားလို့ အဆင့်တူတွေထက် ခွန်အားသာလွန်တယ်။ တကယ်လို့ သူသာ နဂါးဘုရင်အလယ်အဆင့်ကို ရောက်သွားရင် တိုက်ခိုက်ရေးစွမ်းအားက ခေါင်းဆောင်နှစ်ယောက်နဲ့တောင် ယှဥ်နိုင်လိမ့်မယ်"
ပရိသတ်မျက်နှာများအထက်တွင် အံ့သြမှုများ အထင်းသား ထွက်ပေါ်လာသကဲ့သို့ ပိန်ပိန်ပါးပါး လူငယ်ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။
"အသက်နှစ်ဆယ်အရွယ်မှာတင် သူက ခေါင်းဆောင်တွေနဲ့ ရင်ဘောင်တန်းနိုင်နေပြီ"
"သူက ကောင်းကင်နယ်မြေကို ဆယ်နှစ်အတွင်း ရောက်သွားနိုင်လား"
"မျိုးရိုးအဆက်ဆက်မှာ ဓားသမားတွေရဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်လာနိုင်တယ်"
ရတနာလမ်းရှိ လူတိုင်းမှာ အကြည့်ချင်းဖလှယ်၍ အားတက်သရော ဆွေးနွေးနေကြသည်။ အသူရာဓားဂိုဏ်းကဲ့သို့ ချောင်ကျသောနေရာမှ လူငယ်တစ်ယောက်က ဆယ်ရက်အတွင်း ဓားပင်လယ်၌ အဆင့်တစ်ခု ရောက်လာခြင်းမှာ ချီးကျူးထိုက်၏။ သို့သော် အသူရာဓားဂိုဏ်းသား နောက်တစ်ယောက်အကြောင်း တွေးမိသောအခါ သူတို့သည် ခေါင်းယမ်း၍ လင်းချန်၏ သေဆုံးမှုအကြောင်း သတိရလိုက်ကြသည်။ ဓားပင်လယ်၌ အသူရာဓားဂိုဏ်း၏ ပါရမီရှင်နှစ်ယောက်က နာမည်ကိုယ်စီ ရေးထိုးထားနိုင်သည် မဟုတ်ပါလော။
"ဘယ်သူ အသက်ရှင်ပြီး သေမယ်လို့ထင်လဲ"
"ယွမ်ရှောင်က ဓားအော်ရာနဲ့ ဓားသိုင်းမှာ သာလွန်ပေမယ့် ရဲကုရင်က ကျင့်ကြံဆင့်သာတယ်။ တကယ်တိုက်ခိုက်ကြရင် ရဲကုရင်က အသာစီး ရနိုင်လောက်တယ်"
"ဒါပေမယ့် ပြောရခက်တယ်။ လင်းချန်ကို ယွမ်ရှောင်က သတ်နိုင်မယ်လို့ရော ဘယ်သူ ထင်ခဲ့လို့လဲ"
"စောင့်ကြည့်ကြတာပေါ့"
ဓားပင်လယ်၏လူများမှာ မည်သည့်ဘက်မှ ရွေးချယ်ရဲခြင်း မရှိသဖြင့် ကြားနေလိုက်ရပြီး ကတုံးလူငယ်နှင့် ခပ်ပိန်ပိန်လူငယ်သည် အေးစက်စက်ပြုံးကာ တီးတိုးဆွေးနွေးနေကြသည်။
"ရဲကုရင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် ဓားပင်လယ်ရဲ့ ထိပ်ဆုံးဓားသမား ဖြစ်လာလိမ့်မယ်။ ဒီကောင်တွေက ယွမ်ရှောင်နဲ့ သူ့ကို နှိုင်းယှဥ်ရဲတယ်လား"
"ယွမ်ရှောင်ကရော မျှော်စင်နှလုံးသား အမွေအနှစ်ကို ရနိုင်မယ်လို့ ထင်နေကြတာလား"
"ဒီကောင်တွေက ဘယ်သူတွေလဲ"
ယွမ်ရှောင်သည် ဤမြင်ကွင်းကြောင့် ဆိုင်ရှင်ချန်ထံ ချဥ်းကပ်ကာ စုံစမ်းလိုက်သောအခါ ရှေးဟောင်းမျှော်စင်၏ ရွေးချယ်ခံ ရန်တင်းနှင့် သွမ့်မူလင်းတို့ဖြစ်ကြောင်း သိခဲ့ရသည်။ နှစ်ယောက်လုံးတွင် ကျောထောက်နောက်ခံအဖြစ် နဂါးဘုရင်အဆင့် အကြီးအကဲကိုယ်စီ ပိုင်ဆိုင်ထားကြ၏။ ရှေးဟောင်းမျှော်စင်၏ မဟာအကြီးအကဲဆယ်ယောက်သည် ဓားပင်လယ်၌ အရေးပါကြပြီး ရှောင်ဟီနှင့် ခေါင်းဆောင်ဖန်ထက် များစွာမြင့်မားသည်။ ထိုအဆင့်သို့ ရောက်ရန် နဂါးဘုရင်ကျင့်ကြံဆင့်ကို လိုအပ်ပြီး တစ်ယောက်ချင်းစီသည် စွမ်းအားနှင့် အဖွဲ့အစည်းအား ကိုယ်စားပြုကြသည်။
ရှေးဟောင်းမျှော်စင်၌ ဓားကောင်းကင်လောက် ကျင့်ကြံသူ အရေအတွက်မများသော်လည်း လူတိုင်း အစွမ်းထက်ကြပြီး ဤနဂါးဘုရင်အဆင့် ကျင့်ကြံသူများအားကိုးဖြင့် ဓားပင်လယ်ကို ခြယ်လှယ်နိုင်ကြ၏။ ၎င်းသည် အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသော ဂိုဏ်းဖြစ်၍ ပါရမီရှင်များကိုသာ ရွေးချယ်လေ့ကျင့်ပေးခြင်းဖြင့် ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။
"ဒီအကြီးအကဲဆယ်ယောက်က ဓားပင်လယ်မှာ သြဇာကြီးမားပြီး မိုင်းတွင်းတွေ၊ ဆိုင်ခန်းတွေနဲ့ လောင်းကစားဝိုင်းတွေ ပိုင်ဆိုင်လို့ ကြွယ်ဝချမ်းသာတယ်"
"ခင်ဗျားတို့က စီးပွားရေးပြိုင်ဘက်တွေလား"
"ဒီမှာလူငယ်လေး ရတနာလမ်းက ကောင်းကင်နဂါးတစ်ကောင်ဆိုရင် သူတို့က နယ်ခံမြွေထက် မပိုဘူး။ လွယ်လွယ်လေး ဖိနှိပ်လိုက်လို့ ရတယ်"
ဆိုင်ရှင်ချန်၏စကားကြောင့် ယွမ်ရှောင်၏စိတ်အတွင်း အကြံတစ်ခု ဖြစ်တည်လာကာ ခပ်ညစ်ညစ်ပြုံး၍ လူငယ်နှစ်ယောက်ထံ ခြေဦးလှည့်လိုက်သည်။ သူ့ကို မြင်သောအခါ လူတိုင်း တုန်ရီသွားကြပြီး ထိုင်နေသူများပင် ချက်ချင်းထရပ်၍ လမ်းဖယ်ပေးလိုက်ကြသည်။ ရန်တင်းနှင့် သွမ့်မူလင်းက အေးစက်စက် စိုက်ကြည့်နေသဖြင့် ပတ်ဝန်းကျင်လေထုမှာ ဖြည်းဖြည်းချင်း တင်းမာလာသည်။
"မင်း ဘာလိုချင်လို့လဲ"
ရန်တင်းက လေသံတင်းတင်းနှင့် မေးလိုက်ခြင်း ဖြစ်၏။
"ဒီအချိန်ရောက်နေတာတောင် မင်းတို့က အပြင်မှာ လမ်းသလားရဲတယ်ပေါ့"
ယွမ်ရှောင်၏အသံက ရေခဲပမာ အေးစက်တင်းမာနေသည်။
"မင်း ဘာကို ပြောချင်တာလဲ။ ရှေးဟောင်းမျှော်စင်ရဲ့ တပည့်တွေက အပြင် မထွက်ရတော့ဘူးလား"
ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူများကို သတ်ခဲ့သော ရန်ကြွေးကို မဖြေရှင်းရသေးသော်လည်း တစ်ဖက်လူ၏ မောက်မာမှုကြောင့် ရန်တင်းမှာ လက်သီးဆုပ်လိုက်မိ၏။
"မှန်တယ်။ ဓားပင်လယ်မှာ ငါ ရှိနေသရွေ့ မင်းတို့ အပြင်ထွက်ခွင့်မရှိဘူး"
ယွမ်ရှောင်က မောက်မာသော သခင်လေးတစ်ယောက်ဟန်ပန်ဖြင့် ပြောလိုက်သောအခါ ရန်တင်း၏မျက်နှာတွင် သွေးကြောများပင် ဖောင်းကားလာသည်။ သူတို့က ရန်ကြွေးအတွက် မတိုက်ခိုက်ခြင်းမှာ ခေါင်းဆောင်ရှောင် တားမြစ်ထားသောကြောင့်ပင်။
"အစ်ကိုရန် အလျင်စလို မလုပ်ပါနဲ့"
ခိုက်ရန်ဖြစ်ပွားကာနီးတွင် သွမ့်မူလင်းက သူ့ကို အချိန်ကိုက်တားမြစ်၍ ဟန်ဆောင်အပြုံးတစ်ခု ချက်ချင်းထုတ်ဖော်ကာ တောင်းပန်လာခဲ့သည်။
"သခင်လေးယွမ်ပြောတာ မှန်ပါတယ်။ ကျုပ်တို့က အမှားကို ဝန်ခံပြီး ချက်ချင်းပြန်ပါ့မယ်"
"ရှေးဟောင်းမျှော်စင်ရဲ့ ရွေးချယ်ခံတွေက ငကြောက်တွေလား"
"ဟုတ်ပါတယ်။ ကျုပ်တို့က ငကြောက်တွေမို့ သခင်လေး ဗွေမယူပါနဲ့။ ခင်ဗျားလို အဆင့်မြင့်မြင့် လူတစ်ယောက်က ကျုပ်တို့နဲ့ ဘက်ပြိုင်နေဖို့ မသင့်တော်ပါဘူး။ ကျုပ်တို့ကို သွားခွင့်ပေးပါဦး။ ရတနာလမ်းမှာ အနားယူပါဦး"
ယွမ်ရှောင်က ရန်စလိုက်သော်လည်း အကင်းပါးသည့် သွမ့်မူလင်းမှာ အခြေအနေကို ထိန်းချုပ်နိုင်နေသည်။ သူက အကွက်ချထားသော်လည်း တစ်ဖက်လူမှ ကျင်လည်ပါးနပ်စွာဖြင့် ရှောင်ထွက်သွားကာ ရတနာလမ်းမှ ချက်ချင်း ထွက်ခွာသွား၏။ ပတ်ဝန်းကျင်က သူတို့ကို လှောင်ရယ်နေကြသော်လည်း မကျေမနပ်ဖြစ်နေသည့် ယွမ်ရှောင်မှာ ဆိုင်ရှင်ချန်ထံ ပြန်လှည့်လာခဲ့သည်။
"ဓားပင်လယ်ရဲ့ မြေပုံ ရှိလား။ အထူးသဖြင့် အကြီးအကဲတွေရဲ့ အိမ်ကို အသေးစိတ် ဖော်ပြနိုင်တာမျိုးပေါ့"
သူက ပစ္စည်းတစ်ခုကို တောင်းဆိုလိုက်သောအခါ သူမသည် မြေပုံတစ်ချပ်ကို ချက်ချင်းဆွဲထုတ်၍ အမှတ်အသားများ ရေးထိုးပေးလိုက်သည်။
"ခင်ဗျားက တကယ်ရက်စက်တာပဲ"
မြေပုံအထက်တွင် နေရာဆယ်ခု၌ အနီရောင်မင်ဖြင့် ဝိုင်းပြထားသောကြောင့် သူက လက်မထောင်ပြလိုက်၏။
"အစ်မကြီးက နည်းနည်း ကူညီရုံလောက်ပါပဲ။ ကျေးဇူးတင်ရုံနဲ့တော့ မရဘူးနော်။ ဒီမြေပုံက စိတ်ကျောက်တုံးတစ်..."
ဆိုင်ရှင်ချန်သည် ကျေးဇူးတင်စကားပြောကာ လှည့်ထွက်သွားသော ယွမ်ရှောင်ကို တားမြစ်လိုက်၏။ သို့သော် စကားမဆုံးခင်မှာပင် တစ်ဖက်လူက ရောက်လာပြီး စိတ်ကျောက်တုံးတစ်တုံးကို ထားရစ်ကာ ညအမှောင်အတွင်း ပြေးထွက်သွားသည်။ စိတ်ကျောက်တုံးတစ်သိန်းတောင်းရန် ရည်ရွယ်ထားသော ဆိုင်ရှင်ချန်မှာ နေရာ၌ မင်သက်လျက် ကျန်ရစ်ခဲ့လေသည်။
"ကောင်စုတ်လေး အတိုးတွေ ထည့်တွက်လိုက်ရင် ငါ့ဆီမှာ စိတ်ကျောက်တုံးကိုးသိန်း အကြွေးတင်ပြီမှတ်”