ပါးနပ်သော မြေခွေးအိုကြီးများ
Vol. 9 Ch. 106-က
"ယွမ်ရှောင်"
ရတနာစံအိမ်အပြင်သို့ ရောက်သောအခါ ခပ်အုပ်အုပ် အော်သံတစ်ခုကြောင့် မှောင်ရိပ်ခိုလိုက်သောအခါ အကြီးအကဲဝမ်ဖြစ်ကြောင်း သိလိုက်ရသည်။
"ဓားပင်လယ်က အန္တရာယ်များတယ်။ ဘာကြောင့် ရောက်လာတာလဲ"
သူက အကြီးအကဲဝမ်ကို ချောင်ကျသော တစ်နေရာသို့ ညအမှောင်အားပြု၍ ခေါ်ဆောင်သွားခဲ့သည်။
"ရန်ရန်က မင်းကို စိတ်ပူနေလို့ လွှတ်လိုက်တာပါ။ ငါက မင်းအကြောင်း သတင်းတွေ ကြားမိတဲ့အချိန်မှာ အံ့သြလွန်းလို့ ဘာပြောရမလဲတောင် မသိဘူး။ ဓားပင်လယ်ကို မင်းရောက်တာ ဘယ်နှရက်ရှိသေးလို့လဲ။ ဒီလောက်တောင် ကျော်ကြားနေပြီ"
အကြီးအကဲဝမ်၏ ချီးကျူးစကားကြောင့် ယွမ်ရှောင်မှာ တုံ့ပြန်ရခက်သွားသည်။ သူကိုယ်တိုင်လည်း သေမျိုးတိုင်းပြည်များ၌ နတ်ဆိုးများကို လိုက်လံသုတ်သင်နေသည့် ကျောက်ရန်ရန်အား စိုးရိမ်နေမိ၏။ သူက ဆရာဖြစ်သူ ကျောက်ကျန်ရှင်းအကြောင်း စုံစမ်းလိုက်သောအခါ သန်မာသည့် စိတ်ခွန်အားကြောင့် ဆယ်ရက်မဆိုထားနှင့်၊ လဝက်ဆိုလျှင်ပင် စောင့်နိုင်ကြောင်း သိခဲ့ရသည်။
"ဒါဆိုရင် ဓားအခြေတည်ဆေးလုံးအတွက် စောင့်ပေးပါဦး"
"လွယ်လွယ်ရမယ့် အခြေအနေ ရှိလား"
"ဟုတ်တယ်။ တစ်ယောက်ယောက်က ကျုပ်လက်ထဲကို အလကားထည့်ပေးမှာ သေချာတယ်။ ဒီလူတွေကိုတော့ အားနာမနေသင့်ဘူးလေ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ အကြီးအကဲဝမ်၏မေးခွန်းကို ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် အကြီးအကဲဝမ်သည် ရဲကုရင်တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင် ခေါင်းဆောင်နှစ်ယောက်၏ ခွန်အားမျိုး ပိုင်ဆိုင်ထားနိုင်ကြောင်း ကြားခဲ့သဖြင့် မျက်နှာ၌ စိုးရိမ်စိတ် အထင်းသား ထွက်ပေါ်လာသည်။
"မင်းအနေနဲ့ ယုံကြည်ချက်မရှိသေးရင် အချိန်တစ်ခုလောက် စောင့်နေလိုက်ပါ။ ငါတို့အားလုံးအမြင်မှာ မင်းက ရဲကုရင်ထက် အများကြီးသာလွန်တယ်"
"ကိစ္စမရှိပါဘူး။ ဒီကောင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် အံ့သြစရာလေးတစ်ခု ကျုပ် ပြင်ဆင်ထားတယ်"
"ဘာများလဲ"
ယွမ်ရှောင်က ရယ်မော၍ ထီမထင်ဟန်ဖြစ်နေသောကြောင့် အကြီးအကဲဝမ်မှာ နားမလည်နိုင် ဖြစ်သွား၏။
"အချိန်ကျလာရင် သိရမှာပေါ့ဗျာ"
ထို့နောက် သူတို့က နှုတ်ဆက်ကာ လမ်းခွဲလိုက်ကြပြီး ယွမ်ရှောင်သည် မြေပြင်ကို တစ်ချက်ကြည့်ကာ ညအမှောင်အတွင်း အိမ်တော်တစ်ခုထံ ဦးတည်ထွက်ခွာလိုက်သည်။
ဓားပင်လယ်၊ သွမ့်မူအိမ်တော်အတွင်း အကြီးအကဲနှစ်ယောက်သည် စစ်တုရင်ကစားလျက် ရှိ၏။ ဘယ်ဘက်တွင် ထိုင်နေသူမှာ ခါးကိုင်းကိုင်း အဘိုးအိုတစ်ယောက်ဖြစ်ကာ ညာဘက်၌ ခေါင်းတုံးပြောင်ပြောင်၊ မျက်ခုံးဖြူ အဘိုးကြီးတစ်ယောက် ထိုင်နေသည်။ သူတို့က ရှေးဟောင်းမျှော်စင်၏ မဟာအကြီးအကဲများဖြစ်ကာ အရှိန်အဝါမှာ နဂါးအော်ရာကဲ့သို့ ပြင်းထန်နေသည်။ သွမ့်မူရောင်နှင့် ရန်ကော်၏ မျက်လုံးများက စူးရှနေပြီး စစ်တုရင်အရုပ်များကို သားရဲကောင်များအလား သဘောထား၍ စစ်တုရင်ခုံငယ်ထက်တွင် စစ်ပွဲတစ်ခု ကျင်းပနေသည်။
"အစ်ကိုသွမ့်မူရဲ့ အရည်အချင်းက ချီးကျူးစရာပဲ"
"အစ်ကိုရန်ရဲ့ နည်းလမ်းကလည်း လေးစားစရာကောင်းတယ် ဟား ဟား"
အချိန်တစ်ခုအကြာတွင် ရန်ကော်က ခေါင်းညွှတ်၍ အသိအမှတ်ပြုလိုက်ပြီး သွမ့်မူရောင်မှာ စိတ်ရှိလက်ရှိ ရယ်မောနေခဲ့သည်။ ထို့နောက် သူတို့သည် စစ်တုရင်ပွဲကို အဆုံးသတ်လိုက်ကြပြီး လရောင်အောက်တွင် သေရည်သောက်ရန် သဘောတူလိုက်ကြသည်။ မိတ်ဆွေအိုကြီးနှစ်ယောက်က သေရည်ခွက်ကိုယ်စီဖြင့် စကားစမြည် ပြောဆိုနေကြ၏။
"ရတနာလမ်းလူသတ်မှုကြောင့် ရှေးဟောင်းမျှော်စင်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားတယ်။ ဒါပေမယ့် ခေါင်းဆောင်က ဘာမှမတုံ့ပြန်ခိုင်းဘူး။ တစ်ခုခု မှားနေတယ်"
"တကယ်တော့ အသူရာပင်လယ်ပျက်စီးမှုက ပိုဆိုးတယ်။ ဒီအချက်ကို ငါတို့တောင် သည်းမခံနိုင်ဘူး"
ရန်ကော်က စကားစလိုက်သောအခါ သွမ့်မူရောင် သည် တည်ငြိမ်စွာ သုံးသပ်လိုက်၏။ သို့သော် နှစ်ရက်အကြာတွင် ရဲကုရင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့် အချိန်ကို သည်းခံစောင့်ဆိုင်းရန် သူတို့က ဆုံးဖြတ်ထားကြ၏။ ဤည ကျော်လွန်သွားလျှင် တစ်ရက်သာ ကျန်ရစ်သောကြောင့် မျက်တောင်တစ်ခတ်သာ ကြာမြင့်ပေလိမ့်မည်။
"အစ်ကိုရန် ရဲကုရင်က ယွမ်ရှောင်ကို သတ်လိုက်ရင် ခေါင်းဆောင်အနေနဲ့ အခွင့်အရေးကို အသုံးချပြီး ဓားကောင်းကင်ကို ချေမှုန်းရင်း လင်းချင်းဖန်ကို သတ်လောက်လား"
"ကျုပ်လည်း အတပ်မပြောနိုင်ဘူး"
ဤနှစ်များအတွင်း လင်းချင်းဖန်နှင့် ရှောင်ချန်တန်း သမီးယောက်ဖနှစ်ဦး၏ ဆက်ဆံရေးက အပေါ်ယံတွင် တင်းမာနေသည်ဟု ထင်ရသော်လည်း နောက်ကွယ်၌ အလွန်ရင်းနှီးကြောင်း ရန်ကွာက သံသယရှိနေသည်။ အတိတ်တွင် ဤနှစ်ယောက်က မကြာခဏ ပူးပေါင်းဖူးသဖြင့် လင်းချင်းဖန်၏ လက်ရှိလုပ်ရပ်မှာ ထူးဆန်းလွန်းနေ၏။
"ခေါင်းဆောင်ကို ကျုပ်လည်း နားမလည်နိုင်ဘူး။ နှစ်ပေါင်းများစွာ တည်ငြိမ်လာတဲ့နောက်မှာ သူက တွန့်ဆုတ်နေသလိုပဲ။ ကျုပ်ပြောသင့်မပြောသင့် စဥ်းစားနေတာ တစ်ခု ရှိတယ်"
သွမ့်မူရောင်က ရန်ကော်ကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ပြောပါ ကျုပ်တို့က သွေးသောက်ညီအစ်ကိုတွေမလား"
"ခေါင်းဆောင်က ငါတို့ကို ချောင်ထိုးထားပြီး ဆုံးဖြတ်ချက်တွေကို တစ်ယောက်တည်း ချနေတယ်။ ခန့်မှန်းရတာ ခက်ခဲတယ်"
"ကျုပ်လည်း ဒါကို သတိထားမိပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့နောက်မှာ ငါတို့မျိုးနွယ်တွေ တိုးတက်လာတာက ရှောင်မျိုးနွယ်ရဲ့ စီးပွားရေးကို ထိခိုက်လာလို့ ထင်တယ်"
အကြီးအကဲနှစ်ယောက်က သက်ပြင်းကိုယ်စီ ချလိုက်ကြသော်လည်း ငွေမရှာ၍ မဖြစ်နိုင်ပေ။ သူတို့၏နောက်တွင် အရင်းအမြစ်များ လိုအပ်နေသည့် မျိုးနွယ်ကိုယ်စီ ရှိနေသောကြောင့် ရပ်တန့်မရနိုင်ပေ။ ရဲကုရင်က ယွမ်ရှောင်ကို သတ်ပြီးလျှင် အင်မော်တယ်တိုက်ပွဲသို့ သွားရောက်ပြီး ပါရမီကြောင့် ကောင်းကင်နယ်မြေ၏ ထိပ်တန်းတည်ရှိမှုများ အာရုံစိုက်လာကြပေလိမ့်မည်။ ထို့ကြောင့် သူတို့၏အမြင်တွင် ရဲကုရင် ပြန်လာစရာ အကြောင်းမရှိသောကြောင့် ဓားပင်လယ်ကို အုပ်ချုပ်ရန်အတွက် အကြီးအကဲများအား ခေါင်းဆောင်ရှောင် လိုအပ်ပေလိမ့်မည်။ အသုံးဝင်နေသေးလျှင် သူတို့၏မျိုးနွယ်များမှာ ဖျက်ဆီးခံရမည့်ဘေးမှ လွတ်မြောက်နေမည် မဟုတ်ပါလော။
"ပြောလက်စကို ဆက်ပြောရရင် ခေါင်းဆောင်က လင်းချင်းဖန်ကို သတ်မယ်လို့ ထင်လား"
ရန်ကော်က တီးတိုးမေးလိုက်သောအခါ စောင့်ကြည့်ရန်သာရှိကြောင်း သွမ့်မူရောင် အဖြေပေးလိုက်သည်။
"ဒါပေမယ့် ခေါင်းဆောင်က ဒီတစ်ခေါက် ဓားကောင်းကင်ကို အလွတ်ပေးမှာ မဟုတ်ဘူး"
"ရဲကုရင် နဂါးဘုရင်အဆင့်ကို ရောက်သွားတဲ့ သတင်းကြောင့် ဓားကောင်းကင်ရဲ့ အဘိုးကြီးတွေ အိပ်ပျော်နိုင်မယ် မထင်ဘူး"
သူတို့က အပြုံးကိုယ်စီဖြင့် ကျေနပ်နေစဥ် လူငယ်နှစ်ယောက် ဝင်ရောက်လာ၍ ဦးညွှတ်ခဲ့ကြသည်။
"အဘိုး"
သူတို့က ရတနာလမ်းမှ အမြှီးကုပ်၍ ထွက်ပြေးလာရသော သွမ့်မူလင်းနှင့် ရန်တင်းတို့ ဖြစ်သည်။
"ဘာကိစ္စလဲ"
နှစ်ယောက်လုံး မျက်နှာမကောင်းသောကြောင့် ရန်ကော်က အခြေအနေကို စုံစမ်းလိုက်ခြင်းဖြစ်သည်။ အကြောင်းစုံကို သိလိုက်ရသောအခါ သွမ့်မူရောင်က ခေါင်းညိတ်၍ ချီးကျူးခဲ့သည်။
"မင်းတို့လုပ်တာ မှန်တယ်။ ကျင့်ကြံရေးလမ်းကြောင်းမှာ သန်မာတဲ့ လူတွေ အများကြီးရှိတယ်။ ခေါင်းငုံ့ရမယ့်အချိန်မှာ ခေါင်းငုံ့နိုင်ရင် လူတော်ပဲ။ ဘာဖြစ်ဖြစ် အသက်ရှင်နေဖို့ အရေးကြီးတယ်။ မဟုတ်ရင် မင်းတို့လည်း ဖန်ကျန်းနဲ့ ရှောင်ရှင်းလို အဆုံးသတ်သွားနိုင်တယ်"
"ဒါပေမယ့် ကျုပ် မကျေနပ်ဘူး"
သွမ့်မူလင်းက လက်သီးဆုပ်၍ အံကြိတ်ကာ ရေရွတ်လိုက်သည်။
"နှစ်ရက်နေရင် ယွမ်ရှောင်နဲ့ ဓားကောင်းကင်က ပြန်ပေးဆပ်ရလိမ့်မယ်။ မင်းတို့မှာ နောက်ခံအဖြစ် ရှေးဟောင်းမျှော်စင်နဲ့ မျိုးနွယ်တစ်ခုလုံး ရှိတယ်။ ဒါကြောင့် အရေးမပါတာအတွက်နဲ့ စွန့်စားစရာ မလိုဘူး။ နားလည်ကြလား"
ရန်ကော်က လူငယ်များကို ဆုံးမလိုက်သောအခါ လူငယ်နှစ်ယောက်မှာ အရှက်ခွဲခံလိုက်ရသည်ကို ယာယီ မေ့လျော့သွားကြ၏။
"အကြီးအကဲတို့ ယွမ်ရှောင်က သွမ့်မူအိမ်တော်အပြင်ဘက်မှာ စိန်ခေါ်နေပါတယ်"
ထိုအချိန်၌ အစေခံတစ်ယောက် အူယားဖားယား ရောက်ရှိလာကာ အလျင်စလို သတင်းပို့ခဲ့သည်။
"သူတစ်ယောက်တည်းလား။ ဓားကောင်းကင်ရဲ့ ကျင့်ကြံသူ ဘယ်လောက်ပါလဲ"
အကြီးအကဲနှစ်ယောက်၏ မျက်နှာများက တင်းမာသွားသည်။
"တစ်ယောက်တည်းပါ"
"ဒါဆိုရင် သူက ဘယ်လိုစိန်ခေါ်တာလဲ"
သွမ့်မူအိမ်တော်သို့ တစ်ကိုယ်တော်လာရဲသော သတ္တိကြောင့် သူတို့က အကြည့်ချင်း ဖလှယ်လိုက်မိသည်။
"သူ စိန်ခေါ်တာက......"
အစေခံမှာ ကြောက်လန့်နေပြီး လည်ချောင်းဝတွင် စကားလုံးများ တစ်ဆို့ကုန်သည်။
"ပြောစမ်း"
"ယွမ်ရှောင်က သွမ့်မူမျိုးနွယ်ဝင်အားလုံး ထွက်ပြီး သူ့ကို လာတွေ့ဖို့ စိန်ခေါ်နေပါတယ်"
"မောက်မာလွန်းတယ်"
အစေခံ၏စကားကြောင့် နှစ်ယောက်လုံး မျက်နှာများ မည်းနက်သွားခဲ့သည်။ ထို့အပြင် ယွမ်ရှောင်သည် တားမြစ်ခဲ့သူများကို သတ်ဖြတ်၍ ခေါင်းပြတ်များကို ခြေဖြင့် တက်နင်းထားကြောင်း အစေခံမှ ထပ်မံတင်ပြလာခဲ့သည်။
"ခွေးကောင် ဒီကောင်က တစ်ယောက်တည်းပါ။ အဘိုး ရှေးဟောင်းမျှော်စင်ရဲ့ တံခါးဝအထိ ရောက်လာပြီး စိန်ခေါ်နေတာက သည်းခံစရာ မဟုတ်ဘူး။ သူက တိုက်ခိုက်ရဲမှတော့ မသန်မစွမ်းဖြစ်အောင် လုပ်လိုက်မယ်။ ရဲကုရင်က သတ်ချင်တယ်ဆိုရင် အဲ့အချိန်ကျ သတ်ပါစေ"
"သွမ့်မူအိမ်တော်ဝင်ပေါက်မှာ သူ့ကို ဒီလိုမောက်မာခွင့်ပေးထားလိုက်ရင် ဘာသိက္ခာရှိတော့မှာလဲ။ ဓားပင်လယ်တစ်ခုလုံး ကျုပ်တို့ကို လှောင်နေလိမ့်မယ်"
ရန်တင်းမှာ ဒေါသကို မထိန်းချုပ်နိုင်သကဲ့သို့ တည်ငြိမ်သော သွမ့်မူလင်းပင် ဒေါသူပုန်ထနေခဲ့၏။
"ယွမ်ရှောင်က အဘိုးတို့ရောက်နေတာကို မသိထားဘူး။ အဘိုးတို့က နဂါးဘုရင်အဆင့် ကျင့်ကြံသူတွေဆိုတော့ ထိပ်တန်းသိုင်းပညာတွေ တတ်ကျွမ်းထားတယ်။ နှစ်ယောက် ပူးပေါင်းပြီး ဒီကောင့်ကို မသေမရှင်ဖြစ်အောင် လုပ်ပေးပါ"
မျက်လုံးများ မီးဝင်းဝင်းတောက်နေသည့် ရန်တင်းက ရန်ကော်ထံ တောင်းဆိုလိုက်သည်။ သူတို့၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်နေသည့်အပြင် အိမ်တိုင်ရာရောက် လာစော်ကားနေသောအခါ သည်းခံနေစရာ မလိုအပ်တော့ပေ။ ထို့ကြောင့် လူငယ်နှစ်ယောက်က အသည်းအသန် တောင်းဆိုလိုက်ကြသော်လည်း အကြီးအကဲနှစ်ယောက်၏ ဆုံးဖြတ်ချက်ကြောင့် ခေါင်းကို ရေဖြင့် လောင်းလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။