← Chapters

မဟာအကြီးအကဲငါးယောက်နှင့် တိုက်ပွဲ

Vol. 9 Ch. 106-ခ

မဟာအကြီးအကဲငါးယောက်နှင့် တိုက်ပွဲ

Vol. 9 Ch. 106-ခ

"ယွမ်ရှောင်က ဒီလောက်သတ္တိရှိနေပုံထောက်ရင် ကိုယ်ပိုင်ခွန်အားကို ယုံကြည်ချက် ရှိပုံရတယ်။ သူက လင်းချန်နဲ့ တိုက်ပွဲထက် ပိုသန်မာလာလောက်ပြီ။ တကယ်လို့ အစ်ကိုရန်နဲ့ ငါသာ အလျင်စလိုလုပ်မိရင် အသတ်ခံရဖို့ များတယ်"

"ဖြစ်နိုင်လို့လား"

သွမ့်မူလင်းသည် သွမ့်မူရောင်၏ စကားကြောင့် မင်သက်သွားကာ အဘိုးဖြစ်သူ၏ စိတ်ရှည်ပုံကို အံ့သြနေသည်။

"မင်း ခေါင်းဆောင်နဲ့ အကြီးအကဲတွေကို သတင်းပို့ပြီး မြန်မြန်ခေါ်လာစမ်း"

ရန်ကော်က အစေခံကို အမိန့်ပေး၍ ချက်ချင်းထွက်ခွာသွားစေပြီးနောက် သွမ့်မူရောင်ကို ခေါင်းညိတ်ပြကာ အိမ်တော်ဝင်ပေါက်ထံ ဦးတည်လာကြ၏။ သွမ့်မူမျိုးနွယ်ဝင်များ စုဝေးနေကြပြီး သတ်ဖြတ်လိုစိတ်ကြောင့် တောက်လောင်နေသော မျက်လုံးများဖြင့် အဖြူရောင်ဝတ် လူငယ်ကို စိုက်ကြည့်နေခဲ့ကြသည်။ တစ်ဖက်လူ၏ ခြေထောက်အောက်တွင် ခေါင်းပြတ်အချို့ရှိနေပြီး သွမ့်မူမျိုးနွယ်ဝင်များချည်းဖြစ်ကာ သွမ့်မူရောင်၏ မြေးတစ်ယောက်ပင် ပါဝင်သည်။

"နောက်ထပ်မဟာအကြီးအကဲတစ်ယောက် ရောက်နေတာလား။ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ"

ယွမ်ရှောင်က ရန်ကော်ထံ အကြည့်ရောက်သွားကာ မောက်မာစွာ မေးလိုက်ခြင်းဖြစ်သည်။

"ရန်ကော်"

"ကျုပ် သိပြီ။ ရှေးဟောင်းမျှော်စင်က ဓားကောင်းကင်ကို စစ်ကြေညာထားတယ်ဆိုတော့ ခေါင်းဆောင်ငယ်ဖြစ်တဲ့ ကျုပ်က သွမ့်မူအိမ်တော်ကို ဖျက်ဆီးရလိမ့်မယ်"

သူက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ အေးစက်စက် ပြောလိုက်သော်လည်း သွမ့်မူရောင်က ပါးနပ်စွာ တုံ့ပြန်လာ၏။

"ကျုပ်က ဘယ်သူရောက်နေလဲ မှတ်တယ်။ ဓားကောင်းကင်ရဲ့ သခင်လေးယွမ် ဖြစ်နေတာပဲ။ မင်းရဲ့ ပါရမီအကြောင်း ကြားဖူးထားတာ ကြာပါပြီ"

"ဒီနေ့ သခင်လေးယွမ် ရောက်လာတယ်ဆိုမှတော့ သွမ့်မူအိမ်တော် ဂုဏ်တက်တာပေါ့။ ကျေးဇူးပြုပြီး အထဲကြွပါ"

ရန်ကော်ကလည်း တစ်ချက်ပြုံး၍ ဖိတ်ခေါ်လိုက်သောအခါ မြေခွေးအိုကြီးများ၏ ပါးနပ်ပုံကြောင့် ယွမ်ရှောင်ပင် အံ့သြသွားရသည်။

"သေချာလို့လား"

"သခင်လေးယွမ်ကို ဧည့်ခံရတာ ဂုဏ်ယူစရာပါပဲ"

ယွမ်ရှောင်က ခေါင်းပြတ်တစ်လုံးကို နင်းချေ၍ မေးခွန်းထုတ်လိုက်သော်လည်း သွမ့်မူရောင်မှာ အပြုံးပျက်မသွားခဲ့သည့်အပြင် စားသောက်ပွဲပြင်ဆင်ရန် နောက်လိုက်များကို အမိန့်ပေးလိုက်သည်။ ပါရမီရှင်နှစ်ယောက်နှင့် သွမ့်မူမျိုးနွယ်ဝင်များက ဒေါသမျိုသိပ်၍ ခေါင်းညိတ်လိုက်ကြပြီး ဟန်လုပ်ပြုံးထားရသည်။ ယွမ်ရှောင် ဝင်ရောက်လာပြီးနောက် သွမ့်မူအိမ်တော်တံခါးမှာ ဘန်းခနဲ ပိတ်သွားကာ သတ်ဖြတ်လိုစိတ်ကို အစွမ်းကုန် ထိန်းချုပ်ထားရသူများအား သည်းခံရန် ရန်ကော်က တိတ်တဆိတ် မှာကြားလိုက်၏။

"လင်းအာ တင်းအာ သေရည် ငှဲ့ပေးကြစမ်း"

သွမ့်မူအဘိုး၏ အမိန့်ကြောင့် ရန်တင်းနှင့် သွမ့်မူလင်းမှာ အံကြိတ်၍ မျက်နှာများ ရှုံ့မဲ့နေသော်လည်း ဟန်လုပ်ပြုံးထားရင်း သေရည်ငှဲ့ပေးလိုက်ကြသည်။

"ခွက်အပြည့်ငှဲ့တယ်ဆိုတော့ ငါ့ကို မောင်းထုတ်နေတာလား"

"ကျုပ် မှားသွားပါတယ်။ ကျေးဇူးပြုပြီး သုံးဆောင်ပါ သခင်လေး"

ယွမ်ရှောင်၏ ငေါက်ငမ်းမှုကြောင့် သွမ့်မူလင်းမှာ သေရည်ခွက်အသစ်ကို အမြန် ပြင်ဆင်ပေးလိုက်သည်။ သို့သော် သူက အပြစ်မရှိ အပြစ်ရှာချင်သောကြောင့် မျက်နှာဖြတ်ရိုက်လိုက်သောအခါ သွမ့်မူလင်းကို ဒူးထောက်ကျသွားစေသည်။

"တော်တော်ရိုင်းတာပဲ။ အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ကို သေရည်ငှဲ့ပေးချင်ရင် ဒူးထောက်ရတယ်ဆိုတာ မသိဘူးလား"

သွမ့်မူလင်းက ဒေါကန်နေသော်လည်း သွမ့်မူရောင်မှ သတိပေးဟန်ဖြင့် ခေါင်းယမ်းပြနေသောကြောင့် တောင်းပန်ရုံသာ တတ်နိုင်သည်။ ယွမ်ရှောင်၏အကြည့်က နေရာပြောင်းသွားသောအခါ ရန်တင်းလည်း အံကြိတ်၍ ဒူးထောက်လိုက်ရ၏။

"သခင်လေး ဒီကလေးတွေက ငယ်သေးတော့ သိပ်နားမလည်ကြဘူး။ ကျုပ်တို့အဘိုးကြီးနှစ်ယောက်က မင်းကို အဖော်ပြုပေးပါမယ်"

"ခင်ဗျားတို့လို အိုကြီးအိုမတွေနဲ့ သောက်လို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ မိန်းမလှလေးတွေ မြန်မြန် စီစဥ်ပေးစမ်း"

သို့သော် ယွမ်ရှောင်က ရိုင်းပြစွာဖြင့် သွမ့်မူရောင်၏ မျက်နှာကို သေရည်ဖြင့် ပက်ကာ ငေါက်ငမ်းလိုက်ပြန်သည်။ သူက အလွန်ဒေါသထွက်သွားသော်လည်း သည်းခံနေခဲ့ပြီး ဤမျှမောက်မာနေခြင်း၌ အကြောင်းအရင်း ရှိရပေလိမ့်မည်။ သူ၏သည်းခံနိုင်စွမ်းကြောင့် ယွမ်ရှောင်က စိတ်ပျက်စွာ ရယ်မောလိုက်ပြီး ခင်းကျင်းထားသော သံပန်းကန်ပြားတစ်ချပ်ကို ဆွဲယူကာ ရန်တင်း၏ ဦးခေါင်းအား ဒေါင်လိုက် ခုတ်ချလိုက်သည်။ ရန်တင်းမှာ နာကျင်စွာအော်ဟစ်၍ ခေါင်းကွဲသွားကာ သွေးများစီးကျနေသော်လည်း ကန်ထုတ်ခံလိုက်ရသောကြောင့် ပြတင်းပေါက်မှတဆင့် ဧည့်ခန်းအပြင်သို့ ရောက်သွားသည်။

"သခင်လေး ကျုပ်တို့က မင်းကို လေးလေးစားစား ကြိုဆိုခဲ့တယ်။ ဘာကြောင့် ဆက်တိုက်ရန်စနေတာလဲ"

မြေးဖြစ်သူ၏ အော်သံကြောင့် ရန်ကော်မှာ အံကြိတ်ထားရင်း မေးခွန်းထုတ်လိုက်သည်။

"ရှင်းပါတယ်။ ကျုပ် ကတုံးတွေကို မကြိုက်ဘူး"

ယွမ်ရှောင်က ပခုံးတွန့်ပြလိုက်ပြီး သွမ့်မူလင်းထံ အကြည့်ရောက်လာသောအခါ သွမ့်မူရောင်မှာ ချက်ချင်းလှုပ်ရှား၍ မြေးဖြစ်သူကို ဧည့်ခန်းအပြင်သို့ ပစ်ထုတ်လိုက်ရသည်။

"သခင်လေးက သူတို့ကို မကြိုက်ရင်လည်း ဒီအဘိုးကြီးနှစ်ယောက်က အဖော်ပြုပေးပါမယ်"

"ခင်ဗျားတို့က ဒီလောက်သည်းခံနိုင်တယ်ပေါ့။ ကြည့်ရတာ အဖော်တွေ ရောက်လာမှာကို စောင့်နေတာ ထင်တယ်"

ယွမ်ရှောင်၏ စကားအဆုံးမှာပင် ဧည့်ခန်းအတွင်း အကြီးအကဲသုံးယောက် ရောက်ရှိလာကြပြီး ရှောင်ယွမ်၊ ချန်ရှောင်နှင့် စွန်းလင်ယုတို့ ဖြစ်သည်။ သူတို့ကို မြင်သောအခါ ရန်ကော်သည် သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်မထားတော့ပေ။ ရှေးဟောင်းမျှော်စင်၏ နဂါးဘုရင်အဆင့် မဟာအကြီးအကဲငါးယောက် ဤနေရာတွင် စုဝေးနေပြီ မဟုတ်ပါလော။ သူတို့က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ယွမ်ရှောင်ကို ဘက်ပေါင်းစုံမှ ဝိုင်းထားလိုက်ကြသည်။ ရှောင်ယွမ်သည် ငယ်ရွယ်စဥ်က ရှောင်ချန်တန်းနှင့် ခေတ်ပြိုင်တစ်ယောက်ဖြစ်ကာ ဓားပင်လယ်၌ တတိယ အသန်မာဆုံးနှင့် ရှေးဟောင်းမျှော်စင်တွင် ဒုတိယ အသန်မာဆုံး ဖြစ်သည်။

ယွမ်ရှောင်၏ မောက်မာမှုအပြင် ရန်တင်း၏ အခြေအနေကို မြင်လိုက်ရသောအခါ ကျန်အကြီးအကဲသုံးယောက်လည်း ဒေါသူပုန်ထနေခဲ့သည်။

"ဒီကောင့်ကို ဖမ်းလိုက်ရအောင်"

သွမ့်မူရောင်သည် အတည်ငြိမ်ဆုံးဟု ထင်ရသော်လည်း ဒေါသအထွက်ဆုံးဖြစ်နေကာ အကြီးအကဲငါးယောက်သည် ဓားဝိညာဥ် ထုတ်ဖော်လိုက်သောအခါ အနည်းဆုံး ဓားအော်ရာလေးဆယ်နှင့် ဓားစက်ကွင်းနှစ်ခု ကိုယ်စီပိုင်ဆိုင်ထားကြသည်။ တစ်ယောက်ချင်းစီကို နဂါးအော်ရာများ လွှမ်းခြုံနေကာ အစစ်အမှန်နဂါးများ ရောက်ရှိလာသကဲ့သို့ ပတ်ဝန်းကျင်လေထုပင် တင်းကြပ်လာခဲ့သည်။ ထို့နောက် ဧည့်ခန်း၏ အဓိကဝင်ပေါက်နှင့် ပြတင်းပေါက်များ အားလုံးပိတ်သွားကာ အလုံပိတ် ထောင်ချောက်ခန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

"ဒီကောင် ထွက်ပြေးစရာ မရှိတော့ဘူး"

"ဒီနေ့ မသေရင်တောင် အနည်းဆုံး ကျိုးကန်းသွားလိမ့်မယ်"

"မဟာအကြီးအကဲတို့ ဒီကောင့်ကို ခြေလက်တွေ အကုန်ဖြတ်ပေးဖို့ တောင်းဆိုပါတယ်"

သွမ့်မူလင်းက အရှက်ခွဲခံခဲ့ရသောကြောင့် သတ်ဖြတ်လိုစိတ် ပြင်းထန်နေသကဲ့သို့ ရန်တင်းနှင့် သွမ့်မူမျိုးနွယ်ဝင်အားလုံးမှာလည်း ဧည့်ခန်းအပြင်၌ ယွမ်ရှောင် သေဆုံးမည့် အချိန်ကို တက်ကြွစွာ စောင့်ဆိုင်းနေကြသည်။ ရှေးဟောင်းမျှော်စင်၏ မဟာအကြီးအကဲများကို မည်သူမှ အိမ်တိုင်ရာရောက် မစော်ကားဖူးသဖြင့် ယွမ်ရှောင်၏ ရန်စမှုကို သည်းမခံနိုင်ကြပေ။ ဧည့်ခန်းအတွင်း၌ အကြီးအကဲငါးယောက်သည် ယွမ်ရှောင်ကို ဝိုင်းထားကြပြီး နှစ်ပေါင်းများစွာ သိကျွမ်းလာသောကြောင့် စကားဖြင့် ပြောနေရန် မလိုအပ်ပေ။ လင်းချင်းဖန် ရောက်မလာခင် အဆုံးသတ်ရမည် ဖြစ်သောကြောင့် ဓားငါးလက်မှာ နဂါးကြီးများအလား ခေါင်းကို ဦးတည်ထွက်ပေါ်လာကြသည်။

"လင်းချင်းဖန်တောင် ငါတို့ကို ရန်မစရဲဘူး။ မင်းက ဘာမို့လို့လဲ"

သွမ့်မူရောင်၏ မျက်နှာက မည်းနက်နေကာ ရှေ့ဆုံးမှ ဦးဆောင်နေပြီး အဝါရင့်ရောင် ဓားဝိညာဥ်ပတ်လည်၌ မြေချီများ ရစ်ပတ်နေသည်။ မဟာအကြီးအကဲငါးယောက်နှင့် ရင်ဆိုင်နေရသော်လည်း ယွမ်ရှောင်၏မျက်လုံးများက အေးစက်နေပြီး လက်ထဲတွင် ကောင်းကင်သင်္ချိုင်းဓား ထွက်ပေါ်လာခဲ့သည်။ နှစ်ငါးထောင်သက်တမ်း နတ်ဆိုးအမြုတေများ တပ်ဆင်ထားသဖြင့် အနီနှင့်အပြာ ဓားစက်ကွင်းနှစ်ခုက ကြောက်မက်ဖွယ် စွမ်းအားကို လှပစွာ ထုတ်ဖော်နေသည်။ ဓားအော်ရာ အရေအတွက်နှင့် ပေါင်းလိုက်လျှင် ၎င်းက မဟာအကြီးအကဲများ၏ ဓားထက် သာလွန်နေကာ သူတို့၏ဓားစက်ကွင်းအတွက် အသုံးပြုထားသည့် အမြုတေများမှာ အမြင့်ဆုံး နှစ်သုံးထောင်သက်တမ်းသာ ရှိပေ၏။

"လင်းချန်ကို သတ်ထားတာတောင် ဒီဓားစက်ကွင်းတွေကို ရထားတယ်ပေါ့။ မင်းက လင်းချင်းဖန်ရဲ့ တရားမဝင်သား ဖြစ်နေတာလား"

ရှောင်ယွမ်သည် ဤဓားစက်ကွင်းများကြောင့် မယုံနိုင်ဖြစ်သွားခဲ့ပြီး ယွမ်ရှောင် မောက်မာနေသည့် အကြောင်းအရင်းဟု သွမ့်မူရောင်က ထင်မြင်နေခဲ့သည်။ ကံကောင်းစွာဖြင့် သူက သတိကြီးကြီးထားခဲ့ပြီး စစ်ကူများရောက်အလာကို စောင့်ဆိုင်းနေခဲ့သည်။ သူ၏ဓားက သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်စေကာ ပစ်မှတ်၏ ဦးခေါင်းထံ ဝင်ရောက်လာခဲ့၏။

"သွမ့်မူရောင် ခေါင်းဆောင်လင်းက ခင်ဗျားကို သေမိန့်ချလိုက်တဲ့အတွက် ကျုပ် သတ်ရလိမ့်မယ်"

ယွမ်ရှောင်က အသံကုန်အော်ဟစ်လိုက်သောကြောင့် အပြင်မှလူများပင် စကားလုံးတိုင်းကို သေချာစွာ ကြားလိုက်ရသည်။ ထို့နောက် သူက ဓားမြှောင်ကို ပစ်ခတ်လိုက်သောအခါ အနီရောင်နှင့် အပြာရောင် အလင်းများရောယှက်၍ ကြောက်မက်ဖွယ် အရှိန်နှင့် ရန်သူထံ ဝင်ရောက်သွားသည်။

"နေလနတ်ဓားသိုင်း ကောင်းကင်ဖောက်သက်တန့်"

ကောင်းကင်ကိုပင် ထိုးဖောက်နိုင်လောက်သော ဤဓားကွက်က ဓားပင်လယ်၌ အကြမ်းဆုံးနှင့် အလျင်မြန်ဆုံး လူသတ်ကွက်လည်း ဖြစ်သည်။

"မြန်လိုက်တာ"

မျက်တောင်တစ်ခတ်အတွင်း၌ ရောက်ရှိလာသော ဓားကို တားဆီးရန်အတွက် သွမ့်မူရောင်က ဓားရှည်ကို ပြန်လည်ရုတ်သိမ်းကာ အပြားလိုက်ခုခံခဲ့သည်။ အလင်းတန်းက ရပ်တန့်သွားသောကြောင့် သူက စိတ်အေးသွားသော်လည်း အချိန်ခဏအကြာတွင် ဓားဝိညာဥ် ပျက်စီးသွားသဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။ ထို့နောက် ကောင်းကင်သင်္ချိုင်းဓားက လမ်းကြောင်းအတိုင်း တိုးဝင်လာကာ သွမ့်မူရောင်ကို ပြတင်းပေါက်တစ်ခုထံ လွင့်ပျံသွားစေသည်။ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာကာ ပြတင်းပေါက်သံတိုင်များ၌ အနီရောင် စွန်းထင်းသွားလေသည်။

All Chapters