ခေါင်းပြတ်များ
Vol. 9 Ch. 107
သွမ့်မူရောင်သည် ပြတင်းပေါက်ထက်မှ မျက်လုံးအပြူးသားနှင့် ပြုတ်ကျလာကာ ရင်ဘတ်၌ အပြာရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ အေးခဲခြင်း၊ မီးလောင်ခြင်းနှင့် တိုက်စားခြင်းဟူသော ဓားဝိညာဥ်နှင့် ဓားစက်ကွင်းစွမ်းရည်များကြောင့် မဟာအကြီးအကဲတစ်ယောက်မှာ အလွယ်တကူ အသတ်ခံလိုက်ရသည်။ ကောင်းကင်ဖောက်သက်တန့်သိုင်းကွက်၏ လျင်မြန်မှုက ကျန်လေးယောက်ကို တုန်လှုပ်သွားစေကာ မိတ်ဆွေ၏ အဖြစ်ဆိုးကြောင့် ရန်ကော်၏မြင်ကွင်း မည်းမှောင်သွားသည်။ ရှောင်ယွမ်၏စိတ်ထဲတွင် ယွမ်ရှောင်ကို ထောင်ချောက်ဆင်သည့် အချိန်စောလွန်းပြီဟု တွေးနေခဲ့သည်။
"ခင်ဗျားက ငါ့စွမ်းအားကို အတွက်လွဲသွားတယ်လေ။ ပါးနပ်ပေမယ့် ခြေတစ်လှမ်း နောက်ကျတာကတော့ နှမြောစရာပဲ"
ရန်သူလေးယောက်က သတိကြီးကြီးထားနေစဥ် ယွမ်ရှောင်သည် ဓားကို ပြန်လည်ဆင့်ခေါ်ကာ လှောင်ရယ်လိုက်သည်။ ထို့နောက် သူသည် ကျန်လေးယောက်ကို စိုက်ကြည့်ကာ ဓားကောင်းကင်အား ရှေးဟောင်းမျှော်စင်က နှစ်ပေါင်းများစွာဖိနှိပ်၍ အရင်းအမြစ်များ လုယူခဲ့သည့်အတွက် ဘိုးဘေးများကိုယ်စား လက်စားချေမည်ဟု အသံကောင်းဟစ်လိုက်သည်။
"ခေါင်းဆောင်လင်း ကျုပ်က လင်းချန်ကို မတော်တဆသတ်မိတဲ့အတွက် နောင်တရတယ်။ ခင်ဗျားရဲ့ကျေးဇူးကို ဆပ်ဖို့အတွက် မဟာအကြီးအကဲငါးယောက်ရဲ့ ခေါင်းပြတ်တွေနဲ့ ပူဇော်ပါမယ်"
သူက အသံကုန်အော်ဟစ်ရင်း အားမာန်အပြည့်နှင့် တုံ့ဆိုင်းခြင်းမရှိ ပြေးတက်လာခဲ့သည်။ အရှိန်မြန်လွန်းသောကြောင့် ရန်ကော်သည် အံ့သြတကြီးဖြစ်နေကာ တစ်ဖက်လူသည် နဂါးဘုရင်အဆင့် မရောက်သေးသော်လည်း လျှော့တွက်မရနိုင်ပေ။
"ပူးပေါင်းကြ"
ချန်ရှောင်က ချက်ချင်းခုန်ဝင်လာကာ ယွမ်ရှောင်ကို ရင်ဆိုင်ရန်အတွက် ရန်ကော်နှင့် ပူးပေါင်းလိုက်သကဲ့သို့ ရှောင်ယွမ်နှင့် စွန်းလင်ယုသည်လည်း ဓားမြှောင်ကိုယ်စီဖြင့် ပစ်ခတ်လာကြသည်။ ယွမ်ရှောင်၏အရှိန်က ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေပြီး ကောင်းကင်သင်္ချိုင်းဓားရှည်ဖြင့် လခြမ်းသဏ္ဍာန် ခုတ်ပိုင်းလိုက်၏။
"နေလနတ်ဓားသိုင်း လပြည့်ညရဲ့လေညှင်း"
နေလနတ်ဓားသိုင်းတွင် နေက ဓားမြှောင်တိုက်ကွက်ဖြစ်ပြီး လက ဓားရှည်ကို ကိုယ်စားပြုကာ ဤတိုက်ကွက်လည်း ပါဝင်သဖြင့် ရန်ကော်ကို တုန်လှုပ်သွားစေသည်။ ဤကြယ်ပွင့်အဆင့် ဓားသိုင်းကို ခေါင်းဆောင်များသာ သင်ယူခွင့်ရှိသော်လည်း ဆယ်ကျော်သက်အရွယ် ယွမ်ရှောင်က နှစ်ပေါင်းများစွာ ကျင့်ကြံထားသကဲ့သို့ ကျွမ်းကျင်လွန်းနေသည်။ ထို့ကြောင့် သူ၏အမြင်တွင် နောက်ကွယ်မှ လက်သည်က လင်းချင်းဖန်ဖြစ်ကြောင်း မှတ်ယူလိုက်သည်။ နင်ရန်က ယွမ်ရှောင်ကို အစွမ်းကုန်ကာကွယ်ပေးနေသည့် အချက်ကြောင့်လည်း သားအမိဆက်ဆံရေးမျိုး ဖြစ်နိုင်၏။ ဤအတွေးကို မဟာအကြီးအကဲလေးယောက်လုံး တွေးမိလိုက်ကြပြီး ဓားချက်ကြောင့် သတိပြန်ဝင်လာကြသည်။
လေညှင်းကဲ့သို့ လျင်မြန်သော ဓားချက်က ရန်ကော်နှင့် ချန်ရှောင်ထံ ရေပြင်ညီဝင်ရောက်လာသည်။ သူတို့က ဓားကိုယ်စီဖြင့် ခုခံလိုက်ကြသော်လည်း ထန်ခနဲ မြည်သံနှင့်အတူ လက်များ ထုံကျင်သွားကာ ဖိနှိပ်ခံလိုက်ရသဖြင့် မျက်လုံးပြူးကုန်၏။
"အစွမ်းထက်လိုက်တာ"
ဤအတွေးတစ်ချက်၌ ဓားက လည်ပင်းနှစ်ခုကို ဖြတ်တောက်သွားသောကြောင့် တုန်လှုပ်နေသည့် ခေါင်းနှစ်လုံးမှာ ဧည့်ခန်းတံခါးထံ လွင့်ပျံသွားကြသည်။
"တိုက်ပွဲရလဒ်က ဘယ်လိုဖြစ်နေပြီလဲ"
အပြင်ဘက်ရှိ လူများသည် တိုက်ပွဲကို မမြင်နိုင်သောကြောင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်ဟုသာ အာရုံခံနိုင်ကြသည်။ ယွမ်ရှောင်ကဲ့သို့ လူငယ်တစ်ယောက်က မဟာအကြီးအကဲငါးယောက်နှင့် အချိန်တစ်ခုကြာ တိုက်ခိုက်နေသောကြောင့် သူတို့အားလုံး ကြောက်လန့်စပြုလာ၏။
"တိုက်ပွဲက မကြာခင် ပြီးသွားမှာပါ။ တံခါးဖွင့်လိုက်ရင် ယွမ်ရှောင် သေနေလောက်ပြီ"
သွမ့်မူလင်းက ကိုယ့်ကိုကိုယ် အားပေးနေစဥ် ယွမ်ရှောင်သည် နောက်ပြန်လှည့်ကာ ဓားမြှောင်တစ်လက်ကို ဓားဖြင့် ပြတ်ပြတ်သားသား ပက်ထုတ်လိုက်သည်။ ၎င်းမှာ ချက်ချင်းပျက်စီးသွားပြီး နှစ်ငါးထောင် နတ်ဆိုးအမြုတေနှစ်ခုနှင့် ဓားအော်ရာ၁၀၀ကို မယှဥ်နိုင်ခဲ့ပေ။ ဓားဝိညာဥ် ပျက်စီးသွားသောအခါ စွန်းလင်ယုသည် ဝိညာဥ် ထိခိုက်သွားသောကြောင့် လျှာတွဲလောင်းဖြင့် ကြမ်းပြင်၌ လဲကျခဲ့ပြီး သေလုမျောပါးဖြင့် အကြောဆွဲနေသည်။ သို့သော် ယွမ်ရှောင်က ဓားမြှောင်တစ်လက်ကိုသာ တိုက်ခိုက်နိုင်ခဲ့သောကြောင့် ခရမ်းရောင်ဓားတစ်လက်သည် လျှပ်စီးပမာ မြန်ဆန်စွာဖြင့် ရင်ဘတ်ကို ထိမှန်သွားသည်။ သူက သံမဏိနံရံများထံ လွင့်ထွက်သွားကာ ဘုန်းခနဲ မြည်ဟီး၍ ပြုတ်ကျသွားခဲ့၏။
"နောက်ဆုံးတော့ ဒီကောင် သေပြီ"
ရှောင်ယွမ်က နဖူးမှ ချွေးများကိုသုတ်ရင်း ကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။ သူ၏ဓားမြှောင်သာ ပစ်မှတ်ကို မသတ်နိုင်ခဲ့လျှင် သေရမည်မှာ သူကိုယ်တိုင် ဖြစ်ပေလိမ့်မည်။ ခေါင်းဆောင်နှစ်ယောက်က အချင်းချင်း ရန်စောင်နေကြသော်လည်း ဤမျှသွေးလွှမ်းသည့် အခြေအနေမျိုးသို့ ရောက်စေရန် ထင်ထားမည် မဟုတ်ချေ။ သူ၏ဓားချက်နှင့် ယွမ်ရှောင်၏လုပ်ရပ်များကြောင့် နောက်လှည့်ရန် လမ်းမရှိတော့သကဲ့သို့ ကြောက်စိတ်များ ကြီးထွားနေပြီ ဖြစ်၏။
"ဟူး အရိုးထဲကို စိုက်ဝင်နေလို့များလား"
ရှောင်ယွမ်သည် သက်ပြင်းတစ်ချက်ချကာ ဓားဝိညာဥ်ကို ပြန်လည်ဆင့်ခေါ်လိုက်သော်လည်း ရောက်မလာခဲ့ပေ။ ထိုအချိန်တွင် ယွမ်ရှောင်က ရုတ်တရက် ထရပ်လာသဖြင့် သေပြီဟု စိတ်ဒုံးဒုံးချထားသော သူ့ကို လိပ်ပြာလွင့်မတတ် ဖြစ်သွားစေခဲ့၏။ တစ်ဖက်လူ၏ ရင်ဘတ်တွင် အနက်ရောင် သားရဲလေးတစ်ကောင်ရှိနေပြီး ကြီးမားသော ပါးစပ်အတွင်းမှ အစွယ်အချို့နှင့် ခရမ်းရောင် ဓားမြှောင်ကို ထွေးထုတ်လာခဲ့သည်။
"ငါ့သွားလေးတွေ နာလိုက်တာကွ။ အစ်ကိုကြီး ဒီအဘိုးကြီးကို မြန်မြန် သတ်ပေးစမ်းပါ"
လနီက တိုက်တွန်းလိုက်သော အချိန်၌ ရှောင်ယွမ်မှာ ထွက်ပြေးရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။
"နောက်ဘဝကို ကောင်းကောင်းသွားပါ"
ယွမ်ရှောင်က လျင်မြန်သော ဓားချက်များဖြင့် ရန်သူ၏အသက်ကို အဆုံးသတ်ပေးလိုက်သောအခါ ဧည့်ခန်းတစ်ခုလုံး ထူးထူးခြားခြား တိတ်ဆိတ်သွားသည်။
"ယွမ်ရှောင် သေသွားတာ ဖြစ်ရမယ်"
သွမ့်မူလင်းက မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေစဥ် အခန်းတံခါးမှာ ဒုန်းခနဲပွင့်လာခဲ့ပြီး ခေါင်းပြတ်ငါးလုံးကို ခါး၌ ချိတ်ထားသော အဖြူရောင်သေမင်း ထွက်ပေါ်လာ၏။
"အဘိုး"
ဤမြင်ကွင်းကြောင့် သွမ့်မူမျိုးနွယ်ဝင်ရာချီက မိုးကြိုးပစ်ခံလိုက်ရသော သစ်ပင်များပမာ အကြောဆိုင်းသွားကာ သွမ့်မူလင်းနှင့် ရန်တင်းသည် မင်သက်နေသဖြင့် မလှုပ်ရှားနိုင်ကြပေ။
"ပြေး"
သွမ့်မူအိမ်တော်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားကာ ယွမ်ရှောင်၏ အကြည့်တစ်ချက်၌ အားလုံး ထွက်ပြေးကုန်သည်။
"ရွှစ်"
သူက ခြေတစ်လှမ်းတက်၍ လျင်မြန်သော ဓားချက်များဖြင့် ရန်သူများကို သတ်ပစ်လိုက်ပြီးနောက် ပိုင်ဆိုင်မှုများအား လုယူခဲ့၏။ သူက စိတ်ကျောက်တုံး၁၃သန်းကျော်၊ ဆေးလုံးများ၊ ချပ်ဝတ်များနှင့် သိုင်းပညာများစွာကို သိမ်းယူနိုင်ခဲ့သည်။ ရှေးဟောင်းမျှော်စင်၏ မဟာအကြီးအကဲငါးယောက်က အလွန်ချမ်းသာကြွယ်ဝသော်လည်း အလျင်စလို ထွက်လာရသောကြောင့် ပိုင်ဆိုင်မှုများမှာ သက်ဆိုင်ရာအိမ်တော်များတွင် ကျန်ရစ်ပေလိမ့်မည်။
"ဆရာ ကျုပ်က ဓားကောင်းကင်အတွက် နာမည် ရေးထိုးနိုင်ခဲ့ပြီ"
ထို့နောက် သူက ကျေနပ်စွာဖြင့် တံခါးချပ်ပေါ်တွင် အောက်ပါစာတန်းကို ရေးထွင်းကာ ရည်ရွယ်ချက်ရှိရှိဖြင့် အသံကုန်အော်ဟစ်ရင်း ဓားပျံစီးနင်းကာ ဓားကောင်းကင်ထံ ပြန်လာခဲ့လေသည်။
"ကျုပ် ယွမ်ရှောင်က ရှေးဟောင်းမျှော်စင်ကို တစ်ကိုယ်တော် အနိုင်ယူနိုင်တယ်။ မကျေနပ်တဲ့သူရှိရင် ဓားကောင်းကင်ကို လိုက်လာကြစမ်း။ ငါတို့ရဲ့ ဓားသမားတစ်သောင်းကျော်က စောင့်ဆိုင်းနေကြတယ်
ပုံ ဖေဖေကြီး ယွမ်ရှောင်”