လင်းချင်းဖန်ကို ဖိအားပေးခြင်း
Vol. 9 Ch. 108
ညအချိန်တွင် ခေါင်းလောင်းသံတစ်ခု ဆက်တိုက်မြည်ဟီးလာသောကြောင့် အနားယူနေကြသည့် ဓားကောင်းကင်၏ ကျင့်ကြံသူများကို အသင့်အနေအထား ဖြစ်သွားစေသည်။ မည်သူက တီးခတ်နေမှန်း မသိရသော်လည်း တစ်ယောက်ချင်းစီသည် နေကျောက်စိမ်းခေါင်းလောင်းမြည်လျှင် အရေးပေါ်ကိစ္စဖြစ်ကြောင်း နားလည်ထားကာ ဓားကောင်းကင်၏ တည်ရှိမှုကို ခြိမ်းခြောက်နိုင်သော အန္တရာယ်မျိုးဟု ဆိုလိုသည်။ ထို့အပြင် အရေးကြီးကိစ္စမရှိဘဲ ခေါင်းလောင်းတီးလျှင် ကြီးမားစွာ အပြစ်ပေးခံရမည် ဖြစ်သောကြောင့် မည်သူမှ မစနောက်ဝံ့ချေ။
သူတို့၏စိတ်ထဲတွင် ရှေးဟောင်းမျှော်စင်နှင့် အမှန်တကယ် စစ်ပွဲစပြီဟူ၍ တွေးမိလိုက်ကြပြီး အခြေအနေ အသေးစိတ်ကို မသိနိုင်သောကြောင့် ရင်ထိတ်နေကြ၏။ ခေါင်းလောင်းသံက ဓားပင်လယ်အတွင်း ပျံ့နှံ့သွားကာ ညအချိန်ဖြစ်သော်လည်း အိမ်များထံမှ အလင်းရောင်များ တစ်စတစ်စ ထွက်ပေါ်လာကြသည်။ ကျင့်ကြံသူများသည် ပြတင်းပေါက်များကို ဖွင့်ကာ ဓားကောင်းကင်ထံ စိတ်ရှုပ်စွာ မျှော်ကြည့်နေကြသည်။ ဓားပင်လယ်၌ လှုပ်ခတ်နေသကဲ့သို့ ဓားကောင်းကင်၏ ကျင့်ကြံသူများသည် ချပ်ဝတ်များဝတ်ဆင်၍ ဓားပျံကိုယ်စီဖြင့် နေကျောက်စိမ်းနန်းဆောင်၌ စုဝေးလာကြသည်။
"ဘယ်သူက ခေါင်းလောင်းတီးလိုက်တာလဲ"
ဦးလေးနှစ်နှင့် မုရုံလီသည် ကျင့်ကြံသူအုပ်စုတစ်ခုကို ဦးဆောင်၍ နန်းဆောင်ထိပ်ပိုင်းသို့ တက်လာခဲ့ကြသည်။ ညအမှောင် လရောင်အောက်တွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ရှိနေပြီး တိမ်များအထက်တွင် ရပ်နေသကဲ့သို့ အရှိန်အဝါမျိုး ထုတ်ဖော်ထား၏။
"ယွမ်ရှောင် ခေါင်းလောင်းတီးတာရဲ့ အကျိုးဆက်ကို မသိဘူးလား"
ဦးလေးနှစ်က ဒေါသတကြီး မေးလိုက်သကဲ့သို့ မုရုံလီကလည်း နှာခေါင်းရှုံ့လိုက်သည်။ ရဲကုရင်၏ သတင်းကြောင့် ဓားကောင်းကင်တစ်ခုလုံး အကျပ်ရိုက်နေသောအခါ ဤအကြီးအကဲနှစ်ယောက်သည်လည်း ဖိအားများစွာ ခံစားနေရ၏။ သူတို့၏အမြင်တွင် ခေါင်းဆောင်များ၏ အဆင့်မျိုး ရောက်လာသော ရဲကုရင်ကို ယွမ်ရှောင် ယှဥ်နိုင်မည် မဟုတ်ချေ။ ဓားကောင်းကင်၏ ခေါင်းဆောင်ငယ်ဖြစ်လျှင်ပင် နေကျောက်စိမ်းခေါင်းလောင်းကို အကြောင်းမဲ့တီးခတ်လျှင် ကျင့်ကြံဆင့် ဖျက်ဆီးခံရပြီး အဆင့်အတန်း ရုတ်သိမ်းခြင်းခံရပေလိမ့်မည်။ ထိုအချိန်တွင် နင်မျိုးနွယ်ဝင်များလည်း ရောက်ရှိလာကြပြီး သိချင်စိတ် ဖြစ်ပေါ်လာသော်လည်း နှုတ်ဆိတ်နေခဲ့ကြသည်။
"ခင်ဗျားတို့နှစ်ယောက် စိတ်ချစမ်းပါ။ ကျုပ်က ခေါင်းဆောင်ငယ်ဖြစ်လို့ ဒီအကြောင်း သိထားပါတယ်။ ခေါင်းဆောင်ရောက်လာရင် လူတိုင်းအတွက် အံ့သြစရာလေးတစ်ခု ပြမယ်"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ယုံကြည်ချက်ပြည့်ဝစွာ အာမခံလိုက်သောကြောင့် ဓားကောင်းကင်၏ ကျင့်ကြံသူများကို သိလိုစိတ် မြင့်မားလာစေ၏။
"ကောင်းပြီ။ မင်း ဘာလှည့်ကွက်တွေ လုပ်နေတာလဲ စောင့်ကြည့်ရသေးတာပေါ့"
"ရဲကုရင်ရဲ့ သတင်းကြောင့် ဒီကောင်က စိတ်လွတ်သွားပြီ ထင်တယ်"
မုရုံလီနှင့် ဦးလေးနှစ်က သူ၏စကားကို မယုံကြည်ခဲ့ကြပေ။ လင်းချန်သေဆုံးမှုက ဓားကောင်းကင်ကို အရှိုက်ထိစေခဲ့ပြီး ရဲကုရင်၏သတင်း ထွက်ပေါ်လာသောအခါ မျှော်လင့်ချက်ပျောက်ကုန်ပြီး ရှေးဟောင်းမျှော်စင်ကို တွန်းလှန်နိုင်မည်မဟုတ်ဟု လူတိုင်း ယူဆထားကြ၏။ နေကျောက်စိမ်းခေါင်းလောင်းသံကြောင့် ဓားကောင်းကင်၏ ကျင့်ကြံသူအားလုံး ရောက်ရှိလာကြပြီး လင်းလင်ပင် ရောက်နေသော်လည်း လင်းချင်းဖန်နှင့် ရှောင်ယုမှာ ပျောက်ကွယ်နေသည်။ အရေအတွက်သောင်းချီပြီး တစ်ယောက်ချင်းစီက အနိမ့်ဆုံး လအဆင့် ဓားဝိညာဥ် ပိုင်ဆိုင်ထားကာ တိုက်ပွဲဝင်ရန်အတွက် စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် မျက်လုံးများ တောက်လောင်နေသည်။
နောက်ဆုံးတွင် လူအုပ်ကြီး၏ အကြည့်အောက်တွင် လင်းမောင်နှံ ရောက်ရှိလာပြီး နေကျောက်စိမ်းနန်းဆောင်သို့ ဆင်းသက်လာကာ လင်းချင်းဖန်သည် ဝေဒနာတစ်ခု ခံစားနေရဟန်ဖြင့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေ၏။
"ဘယ်သူက ခေါင်းလောင်းတီးလိုက်တာလဲ"
ရှောင်ယုက ဒေါသဖြင့် စိတ်ပျက်စွာ မေးခွန်းထုတ်လိုက်သည်။
"ခေါင်းဆောင် ကျုပ် တီးလိုက်တာပါ"
"ဘာကြောင့်လဲ"
ယွမ်ရှောင် ရှေ့ထွက်လာသောအခါ လင်းချင်းဖန်သည် ကိုယ့်ကိုကိုယ်တည်ငြိမ်စေရန် အားတင်းထားလိုက်ပြီး သွေးကြောများ ဖောင်းကားနေသည့် လက်နှစ်ဖက်ကို ဝတ်ရုံအတွင်း ဝှက်ထားရသည်။
"ကျုပ်က ဓားကောင်းကင်အတွက် အလုပ်ကြီးတစ်ခု အောင်မြင်ခဲ့တယ်"
သူ၏စကားကြောင့် လင်းချင်းဖန် မျက်ခုံးပင့်လိုက်သကဲ့သို့ လူတိုင်း စပ်စုချင်လာကြသည်။ ထိုအချိန်တွင် သူက အမှောင်အတွင်းမှ အိတ်တစ်လုံး ဆွဲထွက်လာသဖြင့် လင်းချင်းဖန်ကို ရင်ထိတ်သွားစေခဲ့သည်။ သူက ရယ်မောရင်း အိတ်ကို ဖွင့်ချလိုက်သောအခါ ခေါင်းပြတ်ငါးလုံး လိမ့်ထွက်လာကာ တစ်လုံးသည် ခေါင်းဆောင်လင်း၏ ခြေထောက်နား ရောက်လာခဲ့၏။ မဟာအကြီးအကဲဆယ်ယောက်၏ ခေါင်းဆောင်၊ ရှောင်ချန်တန်း၏ လူငယ်ပြိုင်ဘက်ဖြစ်ခဲ့ဖူးသော ရှောင်ယွမ်၏ ခေါင်းပြတ်ကြောင့် လင်းချင်းဖန်နှင့် ရှောင်ယုမှာ မျက်လုံးပြူးကုန်သည်။ သွမ့်မူရောင်၊ စွန်းလင်ယု၊ ရန်ကော်နှင့် ချန်ရှောင်တို့၏ ခေါင်းပြတ်များကြောင့် လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကာ မျက်နှာအမူအရာများအရ ကြောက်လန့်ခြင်းကြီးစွာ သေဆုံးခဲ့ကြောင်း သိနိုင်သည်။
"ဟား ဟား ကျုပ်က မဟာအကြီးအကဲငါးယောက်ကို သတ်ခဲ့ပြီး သွမ့်မူအိမ်တော်တစ်ခုလုံးကို သွေးနဲ့ ဆေးခဲ့တယ်။ ဓားကောင်းကင်ရဲ့ ညီအစ်ကိုတို့ အံ့သြသွားကြတာလား။ ဒီခွေးအိုကြီးငါးကောင်က အလစ်တိုက်ခိုက်ချင်ပေမယ့် ကျုပ်က ဓားကောင်းကင်အတွက် လက်စားချေဖို့ လက်ဦးနိုင်ခဲ့တယ်။ မင်းတို့ ဘာမှမပြောကြတော့ဘူးလား။ ငါတို့ကို ရှေးဟောင်းမျှော်စင်က အမြဲတမ်း ဖိနှိပ်လာခဲ့တာကို လက်စားချေနိုင်ပြီ။ ပျော်လွန်းလို့ စကား မပြောနိုင်ကြတော့ဘူးလား"
ယွမ်ရှောင်၏ရယ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာသော်လည်း လူတိုင်း၏ စိတ်များ လေးလံနေကာ အကြီးအကဲများမှာ စိုးရိမ်တကြီး ဖြစ်နေကြသည်။
"ခေါင်းဆောင် ကျုပ်ရဲ့ဓားဝိညာဥ်ကို စမ်းသပ်ပြီး ခင်ဗျားက လူကြားထဲမှာ ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် အလွန်လေးစားမိပါတယ်။ ကျုပ်အတွက် ရှေးဟောင်းမျှော်စင်ကို ဆန့်ကျင်ပေးလို့ ခင်ဗျားရဲ့ ရည်မှန်းချက် ပြည့်ဝအောင် ကြိုးစားပေးခဲ့တယ်။ ရှေးဟောင်းမျှော်စင်ရဲ့ သေဒဏ်က ကာကွယ်ပေးခဲ့တဲ့ ခင်ဗျားက ဖခင်တစ်ယောက်လိုပါပဲ"
ယွမ်ရှောင်သည် လင်းချင်းဖန်အနား ကပ်သွားကာ ပြောလိုက်သော်လည်း တစ်ဖက်လူမှာ မျက်လုံးများ အရောင်မှိန်၍ တိတ်ဆိတ်နေခဲ့သည်။
"ဒီနေ့ ကျုပ်က လင်းချန်ကို မတော်တဆ သတ်ခဲ့မိတယ်။ ဒီအပြစ်ရှိစိတ်ကြောင့် ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ဘူး။ ဓားကောင်းကင်ရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် ဒီနေ့ည လှုပ်ရှားရမယ်ဆိုတာ နားလည်လိုက်တယ်။ ရဲကုရင်က သိပ်မကြာခင် အစွမ်းအထက်ဆုံး ဖြစ်လာမယ်လို့ ကြားတယ်"
သူက စိတ်ထဲတွင် လင်းချင်းဖန်ကို လှောင်ပြောင်နေသော်လည်း အပြင်ပန်းတွင် စိတ်အားတက်ကြွစွာဖြင့် ကြွေးကျော်နေသည်။ သေမျိုးတိုင်းပြည်တစ်ခု၏ ဘုရင် ဖြစ်ဖူးသောကြောင့် လူအများကို သိမ်းသွင်းရန် နည်းလမ်းပေါင်းစုံ ရှိနေသည်။ သူက ခေါင်းပြတ်ငါးလုံးကို ကောက်ယူကာ ဓားကောင်းကင်၏ ကျင့်ကြံသူများထံ မြှောက်ပြလိုက်ပြီး ကြုံးဝါးလိုက်သည်။
"ရှေးဟောင်းမျှော်စင် အစွမ်းထက်တာက မဟာအကြီးအကဲဆယ်ယောက် ရှိနေလို့ပဲ။ အခု ကျုပ်က ငါးယောက်ကို သတ်ပစ်လိုက်ပြီ။ အခုကစလို့ ဓားကောင်းကင်နဲ့ ရှေးဟောင်းမျှော်စင်က အင်အားချင်း တူညီသွားတဲ့အပြင် အစွမ်းထက်အကြီးအကဲတွေလည်း ရှိတယ်။ မင်းတို့အားလုံးကို မေးချင်တယ်၊ ဓားပင်လယ်ရဲ့ နံပတ်တစ် အင်အားစုက ဘာလဲ"
ယွမ်ရှောင်၏စကားမှာ ကျင့်ကြံသူများအကြား မီးမွှေးပေးလိုက်နိုင်ခဲ့ပြီး ရှေးဟောင်းမျှော်စင်၏ မောက်မာမှုကို မနှစ်သက်သောကြောင့် တီးတိုးစကားသံများ ထွက်ပေါ်လာကြ၏။
"အခုကစလို့ ဓားပင်လယ်မှာ ဓားကောင်းကင်ဆိုတဲ့ အင်အားတစ်ခုသာ ရှိရမယ်"
ထို့နောက် သူက ဓားကောင်းကင်၏ ထိပ်တန်းကျင့်ကြံသူများဘက် လှည့်ကာ ကြွေးကျော်လိုက်သဖြင့် အားလုံး တုန်လှုပ်သွားကြ၏။
"ခေါင်းဆောင် လူတိုင်း ဒီမှာ ရောက်နေပြီ။ တိုက်ပွဲအတွက် အမိန့်ပေးပါ။ ရှေးဟောင်းမျှော်စင်က သေချာပေါက် လက်စားချေလိမ့်မယ်။ စစ်ပွဲကို ရှောင်လွှဲမရနိုင်ဘူး။ ဒီငါးယောက်ကို ကျုပ်တို့က သတ်လိုက်တဲ့အတွက် ဘေးထွက်နေလို့လည်း မရဘူး"
ယွမ်ရှောင်၏ တောင်းဆိုချက်ကြောင့် အဘိုးကြီးများမှာ အောင့်သက်သက် ဖြစ်သွားကြ၏။ မဟာအကြီးအကဲငါးယောက်ကို သတ်ခဲ့သူမှာ ယွမ်ရှောင်သာဖြစ်ပြီး သူတို့နှင့် မသက်ဆိုင်သော်လည်း ဆွဲထည့်ခံလိုက်ရသည်။ ရဲကုရင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင် သူက ယှဥ်နိုင်မည် မဟုတ်သောကြောင့် ရှေးဟောင်းမျှော်စင်ကို ကျူးကျော်ကာ မျှော်စင်နှလုံးသား အမွေအနှစ်အား ဖျက်ဆီးရန် အကြံပေးလိုက်ပြန်သည်။
"ခေါင်းဆောင် ကျုပ်က ဒီညမှာ ခင်ဗျားရဲ့ ရည်မှန်းချက်အတွက် တိုက်ခိုက်ပေးမယ်။ ဓားသမားတွေက တိုက်ပွဲကို မကြောက်ဘူး။ ဒီညဟာ ဓားပင်လယ်ကို ဓားကောင်းကင် အုပ်ချုပ်နိုင်ဖို့ နောက်ဆုံးအခွင့်အရေးပဲ"
ထို့နောက် ယွမ်ရှောင်သည် ခေါင်းပြတ်ငါးလုံးကို နင်းချေကာ အသံကုန် အော်ဟစ်လိုက်သည်။ လင်းချင်းဖန်မှာ သူ့ကို တလှည့်၊ ခေါင်းပြတ်များကို တလှည့် စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်အောင် ဆွံ့အနေစဥ် အော်သံတစ်ခု ထွက်ပေါ်လာလေသည်။
"ခေါင်းဆောင် ရှေးဟောင်းမျှော်စင်ရဲ့ ကျင့်ကြံသူတစ်ထောင်ကျော်နဲ့ ရှောင်ချန်တန်းက ချီတက်လာနေပါပြီ”