← Chapters

သေကြေပျက်စီးခြင်း

Vol. 9 Ch. 110

သေကြေပျက်စီးခြင်း

Vol. 9 Ch. 110

"မင်းတို့က ငါ့ညီအစ်ကိုတွေကို သတ်ရဲတယ်လား"

ယွမ်ရှောင်က ဒေါသမျက်လုံးများဖြင့် အလောင်းများကို စိုက်ကြည့်ရင်း ဓားမြှောက်ကာ ရှေးဟောင်းမျှော်စင်ဘက်ထံ ကြုံးဝါးလိုက်သည်။

"ဘာမှမဟုတ်တဲ့ကောင်တွေကို သတ်တော့ရော ဘာဖြစ်လဲ။ ဒီနေ့ည မင်းတို့အားလုံးကို ချေမွမပစ်ရင် ဓားပင်လယ်မှာ ဘယ်သူ အုပ်ချုပ်နေလဲဆိုတာ မေ့ကုန်တော့မယ်"

ကျင့်ကြံသူတစ်ယောက်က ယွမ်ရှောင်ကို ဒေါသထွက်နေသောကြောင့် စကားကို မဆင်မခြင်​ ပြောလိုက်သောအခါ ဓားကောင်းကင်ဘက်ခြမ်းကို အသည်းဆတ်ဆတ်ခါ နာသွားစေသည်။

"ဓားသမားတွေက လွတ်လပ်တယ်။ ဘာကြောင့် မင်းတို့ကို ဦးညွှတ်ရမှာလဲ။ ဒီကောင်တွေစော်ကားတာကို ဘာကြောင့်​ ငြိမ်ခံနေမလဲ။ ဒီနေ့ ရှေးဟောင်းမျှော်စင်ကို ဖျက်ဆီးပြီး ကောင်းကင်ကို စိန်ခေါ်မယ်။ တိုက်ခိုက်ကြ"

ယွမ်ရှောင်က ရှေ့ဆုံးမှ ဦးဆောင်၍ ကျားရိုင်းတစ်ကောင်အလား ရန်သူများထံ ပြေးဝင်သွားခဲ့သည်။ မုရုံလီက တားမြစ်ရန် ကြိုးစားလိုက်သော်လည်း အခြေအနေမှာ ဗြောင်းဆန်လွန်းနေသဖြင့် ရပ်တန့်မသွားခဲ့ပေ။

"ယွမ်ရှောင် မင်း ဒါကို တမင်လုပ်တာမလား။ ဘာတွေကြံစည်နေတာလဲ။ လင်းချန်ရဲ့ ဓားစက်ကွင်းတွေကရော မင်းဆီကို ဘယ်လိုရောက်နေတာလဲ"

သူက ယွမ်ရှောင်ကို မေးခွန်းထုတ်လိုက်သောအခါ အေးစက်စက် အဖြေကိုသာ ရလိုက်သည်။

"ဘာကိစ္စ ကြံစည်ရမှာလဲ။ ကျုပ်က ခေါင်းဆောင်လင်းရဲ့ အမိန့်အတိုင်း တိုက်ခိုက်နေတာပဲ။ ဒီအမြုတေတွေကိုလည်း သူ ပေးခဲ့တာလေ။ ငါက လင်းချန်ကိုယ်စား ဒီဓားစက်ကွင်းတွေကို လက်ခံပြီး ရှေးဟောင်းမျှော်စင်ကို ဖျက်ဆီးပစ်မယ်"

ထိုစကားကြောင့် ယွမ်ရှောင်သည် လင်းချင်းဖန်နှင့် နင်ရန်၏ တရားမဝင်သားဟူသော အတွေးများ လူတိုင်း စဥ်းစားမိလိုက်ကြသည်။ လင်းချန်က ခေါင်းဆောင်လင်း၏သား ဖြစ်သော်လည်း ရှေးဟောင်းမျှော်စင်မှ ရှောင်ယု၏သားလည်း ဖြစ်နေသောကြောင့် ဓားကောင်းကင်ကို လုံးဝ သစ္စာမရှိနိုင်ချေ။ ထို့အပြင် ချူရန်နှင့် ရှောင်ရှင်းကဲ့သို့ ပါရမီရှင်များကိုလည်း သူက သတ်ခဲ့သောကြောင့် လင်းချင်းဖန်၏ လှည့်ကွက်ဖြစ်ကြောင်း အထင်လွဲကုန်သည်။ ထို့ကြောင့် ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးခြင်းမှာ အချိန်ဆွဲရန်အတွက် ဟန်ပြသက်သက်ဖြစ်သည်ဟု အထင်မှားသွားသော ဓားကောင်းကင်၏ ကျင့်ကြံသူများမှာ ဒေါသကို ထိန်းချုပ်မထားတော့ချေ။

"တိုက်ခိုက်ကြ"

"ဓားကောင်းကင်ရဲ့ အစွမ်းကို ပြလိုက်စမ်း။ ငါတို့က ဆယ်ဆလောက် အရေအတွက်သာတယ်။ ဘာကြောင့် ကြောက်နေရမှာလဲ"

"ဒီကောင်တွေကို သတ်ပြီးရင် ရဲကုရင်ကိုပါ ဆွဲထုတ်ပြီး ရှင်းပစ်ကြစမ်း"

"ဓားပင်လယ်မှာ ဓားကောင်းကင်တစ်ခုတည်းသာ တည်ရှိရမယ်"

ဤကြွေးကျော်သံများကြောင့် ယွမ်ရှောင်က အလွန်ကျေနပ်သွားကာ စိတ်ထဲ၌ ဟားတိုက်ရယ်မောနေခဲ့၏။ ထိုအချိန်တွင် ရန်သူသုံးရာကျော်က ဓားမြှောင်ကိုယ်စီနှင့် ပစ်ခတ်လာသောအခါ လူအုပ်အကြား ပြေးဝင်သွားပြီး လင်းလင်ထံ ချဥ်းကပ်လိုက်သည်။ သူမသည် အမြဲတမ်း ရင်းနှီးဖော်ရွေနေခဲ့သော အင်အားစုနှစ်ခု ရုတ်တရက် တိုက်ခိုက်နေသဖြင့် မင်သက်ကာ နေရာ၌ မလှုပ်မယှက်ရှိနေသည်။

"လင်းလင် အချစ်လေး မြန်မြန်ပြေး"

ယွမ်ရှောင်သည် ဟန်ဆောင်၍ အသံကုန် အော်ဟစ်လိုက်သော အကြောင်းအရင်းကို သူမက နားမလည်နိုင်ဖြစ်နေစဥ် ဖြည်းဖြည်းချင်း နီးကပ်လာခဲ့သည်။

"ပြေး"

သူ၏နောက်တွင် ဓားမြှောင်များ အတန်းလိုက်ပါလာသောကြောင့် တစ်ချက်ရှောင်လိုက်ရုံဖြင့် လင်းလင်၏ရင်ဝထံ ထိမှန်သွားခဲ့သည်။ သွေးများ ပန်းထွက်လာကာ သူမသည် မြေပြင်တွင် လဲကျသွား၍ မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။ သူမက တုန်ရီသော လက်အစုံဖြင့် ယွမ်ရှောင်ကို ဖမ်းဆွဲရန် ကြိုးစားကာ မေးခွန်းထုတ်လိုက်သည်။

"ဘာကြောင့်လဲ"

"လင်းမျိုးနွယ်က ငါ့ကို မကောင်းကြံတဲ့အပြင် မင်းကလည်း စကားများလွန်းတယ်"

နောက်ဆုံးမြင်လိုက်ရသည်မှာ အဖြူရောင်သေမင်း၏ အေးစက်စက်အကြည့်ဖြစ်နေပြီး ယွမ်ရှောင်သည် သူမ၏လည်ပင်းကို ဆတ်ခနဲ လှည့်ချိုးကာ မျက်လုံးအပြူးသားနှင့် အသက်ကုန်သွားစေသည်။

"ရှေးဟောင်းမျှော်စင် ခွေးကောင်တွေ မင်းတို့က ငါ့ချစ်သူကို သတ်လိုက်တယ်ပေါ့။ ဒီရန်ကြွေးကို လက်စားချေမယ်ကွ"

သူက မျက်တောင်တစ်ခတ်အတွင်း ဝမ်းနည်းကြေကွဲနေသည့် မျက်နှာမျိုး ပြောင်းလဲသွားကာ အော်ဟစ်လိုက်သဖြင့် ဓားကောင်းကင်၏ ကျင့်ကြံသူများ ရင်ထိတ်ကုန်သည်။ ယွမ်ရှောင်သည် လင်းလင်၏အလောင်းကို ပွေ့ချီရင်း မြင်ကွင်းအတွင်း ရောက်လာသောအခါ သူတို့က မျက်နှာပျက်သွားကြသည်။

"ခေါင်းဆောင်လင်းရဲ့ သမီးကို ရှေးဟောင်းမျှော်စင်က သတ်လိုက်ပြီ"

"မောက်မာတဲ့ ခွေးကောင်တွေ လွန်လွန်းသွားပြီ"

မူလတွင် အချို့သော ကျင့်ကြံသူများက ဓားထုတ်ရန် တွန့်ဆုတ်နေကြသော်လည်း လင်းလင်၏အဖြစ်ဆိုးကြောင့် ဒေါသအကြီးအကျယ် ပေါက်ကွဲကုန်၏။

"ဘာရပ်ကြည့်နေကြတာလဲ တိုက်ခိုက်ကြ"

လူတိုင်းက ဓားဆွဲထုတ်ကာ ရှေးဟောင်းမျှော်စင်ဘက်သို့ တရကြမ်းချီတက်သွား၍ လျင်မြန်စွာ တိုက်ခိုက်လိုက်ကြသည်။ တစ်ဖက်မှာ အရည်အချင်း သာလွန်သော်လည်း အရေအတွက်ကွာလွန်းသဖြင့် ဖရိုဖရဲတိုက်ပွဲအကြား၌ ပြိုင်ဘက်ကင်းများ မဟုတ်ခဲ့ပေ။ နေရာတိုင်းတွင် ဓားရောင်များလက်နေပြီး အစွမ်းအထက်ဆုံး ကျင့်ကြံသူများပင် နောက်ကျောမှ ထိုးလာသည့် ဓားကြောင့် အသတ်ခံလိုက်ရနိုင်၏။

"ဒီည ငါတို့က ဓားပင်လယ်ရဲ့ ရှေးဟောင်းမျှော်စင်ကို ရှင်းပစ်မယ်။ မနက်ဖြန်ကျရင် ဓားကောင်းကင်တစ်ခုတည်း ရှိစေရမယ်"

ယွမ်ရှောင်က ရှေ့ဆုံးမှ ဦးဆောင်ကာ ရန်သူလူအုပ်အတွင်း ဓားဖြင့် ကြမ်းတမ်းစွာ တိုက်ခိုက်နေသည်။ အော်သံဟစ်သံများနှင့် ဓားခုတ်သံများအကြားတွင် သူ၏လုပ်ရပ်က အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

"လစ်ဖို့ အချိန်တန်ပြီ"

အပြင်ဘက်၌ ဆူညံလွန်းနေသဖြင့် ခေါင်းဆောင်နှစ်ယောက် အချိန်မရွေး ထွက်ပေါ်လာနိုင်သောကြောင့် ကြယ်ပြာက သတိပေးလိုက်ခြင်း ဖြစ်သည်။ အချိန်တိုအတွင်း နှစ်ဖက်လုံး၌ အကျအဆုံးများပြားနေကာ ဓားပင်လယ်မှ စောင့်ကြည့်ရန် ရောက်လာသူများကို တုန်ရီသွားစေသည်။ နင်ရန်သည် တိုက်ပွဲမှ ဘေးထွက်နေကာ ကြောက်ရွံ့သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေသဖြင့် ယွမ်ရှောင်က အေးစက်စွာ သတိပေးလိုက်သည်။

"အခု ထွက်သွားစမ်း။ မဟုတ်ရင် ဘယ်သူ့မျက်နှာမှ ထောက်နေမှာ မဟုတ်ဘူး။ ခင်ဗျားကိုပါ သတ်ပစ်မယ်"

ဤစကားကြောင့် သူမက သွေးဆုတ်ဖြူရော်သွားကာ ညအမှောင်အတွင်း ချက်ချင်း ပြေးထွက်သွားခဲ့၏။ ယွမ်ရှောင်သည်လည်း ဓားပျံကို ကျင်လည်စွာစီးနင်းကာ တိုက်ပွဲနှင့်ဝေးရာသို့ အလျင်အမြန်ထွက်သွား၍ မှောင်ရိပ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ နောက်တွင် ကျန်ရစ်ခဲ့သည်မှာ သွေးလွှမ်းသော စစ်မြေပြင်ဖြစ်ကာ အချင်းချင်း အ​ငြှိုးတကြီးဖြင့် ခုတ်ထစ်သတ်ဖြတ်နေကြသည်။

"ရပ်စမ်း"

အချိန်မကြာခင်မှာပင် နေကျောက်စိမ်းနန်းဆောင်အတွင်းမှ ခေါင်းဆောင်နှစ်ယောက် ပြေးထွက်လာပြီး မြင်ကွင်းကြောင့် အသက်ရှူရပ်မတတ် တုန်လှုပ်သွားကြ၏။ နှစ်ဖက်လုံးတွင် အလောင်းချင်းထပ်နေသောကြောင့် လင်းချင်းဖန်မှာ ရင်ထိတ်သွားခဲ့ပြီး ရှောင်ချန်တန်းနှင့်အတူ တိုက်ပွဲအလယ်သို့ ခုန်ဝင်သွားခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ"

ခေါင်းဆောင်ရှောင်က အခြေအနေကို မေးလိုက်သောအခါ အပြာရောင်ဝတ် လူတစ်ယောက် ရှေ့ထွက်လာ၍ အကြောင်းစုံရှင်းပြလိုက်ရာ လင်းချင်းဖန်ကိုရော ရှောင်ယုကိုပါ မျက်နှာများ မည်းနက်သွားစေသည်။ ဓားကောင်းကင်ဘက်မှလည်း အဘိုးနင် ထွက်လာပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်၏။

"ရှေးဟောင်းမျှော်စင်က ယွမ်ရှောင်ကို ပစ်မှတ်ထားရင် ကျုပ်တို့ ဝင်မပါဘူး။ ဒါပေမယ့် သူတို့က လင်းလင်ကိုတောင် လုပ်ကြံသတ်ဖြတ်ခဲ့တယ်"

"ယွမ်ရှောင် ဘယ်မှာလဲ"

ဤသတင်းက လင်းမောင်နှံကို တောင့်တင်းသွားစေပြီး ခေါင်းဆောင်ရှောင်က တရားခံအစစ်အကြောင်း စုံစမ်းလိုက်သည်။ တစ်ဖက်လူမှာ အင်အားစုနှစ်ခုအကြား မွှေနှောက်၍ ပျောက်ကွယ်သွားချိန်တွင် လင်းမောင်နှံမှာ သမီးဖြစ်သူ၏ အလောင်းကို ထွေးပွေ့ရင်း ရင်ကွဲမတတ် နာကျင်နေကြ၏ ။ သူတို့က သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရသကဲ့သို့ လင်းလင်လည်း အသက်ပေးလိုက်ရပြန်သည်။ ဤအချိန်တွင် လူအုပ်ကြီးသည် အခြေအနေအမှန်ကို သဘောပေါက်သွားကာ ယွမ်ရှောင်၏ အကြံအစည်ဖြစ်ကြောင်း ထင်ရှားနေသည်။

"ခေါင်းဆောင် ဒီကောင်တွေက အရင်ဆုံးတိုက်ခိုက်ခဲ့ပြီး လင်းလင်ကိုတောင် သတ်ခဲ့တယ်။ ကျုပ်တို့ အသာစီးရနေတုန်း ဘာလုပ်သင့်သလဲ"

နင်ခေးက အမိန့်တောင်းခံလိုက်သော်လည်း ပါးစပ်ပိတ်ထားရန် ငေါက်ငမ်းခံလိုက်ရပြီး လင်းချင်းဖန်၏အကြည့်၌ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။

"ခေါင်းဆောင် ခင်ဗျားက ယွမ်ရှောင်ကို နှစ်ငါးထောင်နတ်ဆိုးအမြုတေနှစ်ခု လက်ဆောင်ပေးခဲ့ပြီး ကာကွယ်ပေးခဲ့တယ်။ သူက ခင်ဗျားရဲ့အမိန့်ကြောင့် တိုက်ခိုက်နေတာ မဟုတ်ဘူးလား"

နင်သားအဖသည် ယွမ်ရှောင်နှင့် လင်းချင်းဖန် ပူးပေါင်းကာ ကြံစည်ခဲ့ခြင်းဟူ၍ အထင်လွဲမှားနေခဲ့သည်။ လင်းချန်မှာ သေဆုံးသွားသော်လည်း အုတ်ဂူ တူးဖော်ခံခဲ့ရကြောင်း သေချာသွားသဖြင့် လင်းမောင်နှံသည် သွေးများအန်ထွက်လာသည်အထိ စိတ်ထိခိုက်သွားကြသည်။ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မသိသည့်အတွက် နင်ခေးနှင့် အဘိုးနင်မှာ အံ့သြမင်သက်နေကြသည်။ ထိုအချိန်တွင် ဘိုးဘေးခန်းမတွင် ဓားမင်းသားသုံးယောက်ကို သတ်ခဲ့သူမှာလည်း ယွမ်ရှောင်သာဖြစ်ကြောင်း လင်းချင်းဖန်က သဘောပေါက်ခဲ့သဖြင့် ၁ရာခိုင်နှုန်း မျှော်လင့်ချက် ပျက်စီးသွားသည်။ သူက တစ်ဖက်လူကို ဓားနှလုံးသားဆေးရည်ဖြင့် အဆိပ်ခတ်ရန် ကြံစည်ခဲ့သော်လည်း တန်ပြန် အကွက်ချခံလိုက်ရ၏။

"သတင်းပို့ပါတယ်။ ရှေးဟောင်းမျှော်စင်က ၃၉၁ယောက်သေပြီး ၁၈၁ယောက် ဒဏ်ရာပြင်းထန်ပါတယ်"

"သတင်းပို့ပါတယ်။ ဓားကောင်းကင်က ၂၅၃၅ယောက် အသတ်ခံရပြီး ၈၇၂ယောက် ဒဏ်ရာပြင်းထန်ပါတယ်"

ဆုံးရှုံးမှုကို သိလိုက်ရသောအခါ လင်းချင်းဖန်အနေဖြင့် စိတ်နှလုံး ကွဲကြေကာ သွေးများ တဝေါ့ဝေါ့ အန်ထွက်လာခဲ့လေသည်။

All Chapters